Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...


အဲဒီနေ့က မိုးမရွာဘူး...
မိုးရွာခဲ့တဲ့နေ့တွေ အများအပြားကြုံခဲ့ဖူးလို့လည်း မှတ်မှတ်ရရ ရှိမနေခဲ့တာ ဖြစ်နိုင်ပါတယ်...
ဒါပေမယ့် အဲဒီနေ့က မိုးမရွာဘူးဆိုတာတော့ ငါ မှတ်မိတယ်...

ငါ့စိတ်ကူးထဲမှာ တို့နှစ်ယောက် လက်တွဲလျှောက်ဖို့ မပါခဲ့ဖူးဘူး...
ခရီးကြမ်းကြမ်း ဘဝလမ်းကို နင်းကြဖို့လည်း မပါခဲ့ဖူးဘူး...
ငါ့အတွေးနုနုမှာ ယုယဖို့ဆိုတာလည်း မရှိခဲ့ဖူးဘူး...
စိတ်ကူးနဲ့ ငါရူးခဲ့ဖူးတာ သူ့အပြုံးချိုချိုတွေ...
ညညဆို အတွေးနဲ့ ဆွေးရတာလောက် ဘယ်အရာကိုမှ မမက်မောခဲ့ဖူးဘူး...
သူ့nick nameက ငါ့အတွက် အထိမ်းအမှတ်တစ်ခုဆိုတာလည်း အလိုလိုသိနေခဲ့တယ်...
သူ့အကြည့်နဲ့ဆုံရင်တော့ ငါရင်ခုန်ခဲ့ဖူးတယ်...
ငါ့နောက်ဘက်မကျတကျကနေ တိုးတိုးညည်းတတ်တဲ့ သူ့သီချင်းသံလေးတွေက ငါတို့ကို ပိုရင်းနှီးစေခဲ့ဖူးတယ်...
ပုဆိုးဆန့်ဆန့် အင်္ကျီသန့်သန့်နဲ့သူ့styleက ဘယ်အချိန်ကြည့်ကြည့် ငါ့ရဲ့ Mr. Rightပဲ...

အဲဒီနေ့က...မိုးမရွာဘူး...
ငါတန်ဖိုးထားတဲ့ ငါ့မွေးနေ့လေးက အထက်တန်းကျောင်းတွေရဲ့ စုံညီပွဲတော်နေ့...
မြင်နေ
ကျမဟုတ်တဲ့ အဖြူအစိမ်းကျောင်းသားကျောင်းသူတွေရဲ့ ရယ်သံတွေက ကြည်လင်နေခဲ့တယ်...
ဒါပေမယ့်... ငါမှတ်မိလိုက်တာက... အဲဒီနေ့ မိုးမရွာခဲ့ဘူး....

မိုးတွေ ဖွဲဖွဲကျတဲ့နေ့မှာ ကျောင်းတော်မှာလည်း ကျောင်းသားတွေတဖွဲဖွဲနဲ့ စိုပြေနေခဲ့တယ်...
အချစ်နဲ့အမုန်း လွန်ဆွဲပွဲမှာ ငါသူ့ကို ခပ်စူးစူးကြည့်နိုင်ခဲ့တယ်...
ငါတွယ်တာခဲ့တဲ့ ငါ့ဒိုင်ယာ
ရီလေးကို ငါမြေမြှုပ်ပြီးပြီလေ...
မပေးဖြစ်ပေမယ့် အမှတ်တရ ဝယ်သိမ်းထားခဲ့ဖူးတဲ့ မွေးနေ့လက်ဆောင်တွေလည်း ငါ စွန့်ပစ်ခဲ့ပြီးပြီလေ...
ငါရေးဆွဲခဲ့ဖူးတဲ့ သူ့ပုံတူလေးလည်း ငါဖျောက်ဖျက်ပစ်ခဲ့ပြီးပြီလေ...
ကျောင်းတော်ရဲ့ နောက်ဆုံးနှစ်မှာ ငါတို့ နှုတ်မဆက်ဘဲ လမ်းခွဲခဲ့ကြတယ်...
ငါ နင့်ရဲ့နံပါတ်စဉ်ထဲ ပါရလောက်အောင် ငါ့သံယောဇဉ်သက်တမ်းက မနည်းခဲ့ဘူးလေ...
ထားလိုက်ပါတော့... မတူတဲ့ မျဉ်းပြိုင်နှစ်ေ
ကြာင်း ခုကစ,လို့ ယှဉ်လျှောက်ကြတာပေါ့...

မင်းသတင်းတွေ ငါမစုံစမ်းပါဘဲ ငါကြားနေခဲ့ရတယ်...
ဆယ်စုနှစ်တစ်ခုဖြတ်အပြီးမှာ မင်းအိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းက ငြိမ်သက်နေတဲ့ငါ့ရင်ကိုတော့ လှိုင်းကြပ်ခွပ်လေး ထ,
စခဲ့ပါတယ်...

ငါ ပြုံးလိုက်တယ်... ပြီးတော့... ငါရယ်လိုက်တယ်... congratulation ပါ...
ငါ့ကိုယ်ငါထဲက ထွက်ပြီး ပြန်ကြည့်မိတယ်... ငါကော ဘာတွေ ပြောင်းလဲသွားလဲလို့ပေါ့...
ပြောင်းလဲတာတွေအများကြီးထဲက မပြောင်းလဲသေးတာက... ငါရင်မခုန်တတ်တော့တာ... ဆယ်စုနှစ်ကာလတစ်ခုနီးပါးပေါ့...
သေချာတာကတော့ ငါ ကဗျာတွေ ရေးဖို့... စာတိုစာစလေးတွေ ဖန်တီးဖို့တော့... ငါ ခံစားတတ်လာခဲ့ပါတယ်...
ငါ ကျေနပ်စွာထပ်ပြုံးမိတယ်... ငါ သင်ယူတတ်မြောက်ခဲ့တာလေးတွေအတွက်ပေါ့... ပြီးတော့ ကျေးဇူးလည်း တင်လိုက်ပါတယ်...

အချစ်က cappuccino တဲ့... "ခါးသက်သက်နဲ့ နူးညံ့ချိုသာမှုတွေ ရှိတယ်"ဆိုလား...
ခု ငါနားထောင်နေတဲ့ သီချင်းလေးက...
သို့ပေမယ့် ကော်ဖီမသောက်တတ်တဲ့ ငါ.... ကော်ဖီအကြောင်းဆို မခံစားတတ်ဘူး...
တွေးတော့တွေးကြည့်ဖြစ်မိတယ်... ငါကြုံဖူးတဲ့... အစစ်မဟုတ်တဲ့ အချစ်တစ်ခုကကောလို့.........



Created By: k2tmaung (24 July 2009 04:50PM)


ဆက်လက်ဖတ်ရှုရန်...

ငယ်စဉ်ခါကျောင်းသားဘ၀တုန်းက မှတ်မှတ်ရရ အပျော်ရဆုံးနေ့လေးတစ်နေ့နှင့် စိတ်ညစ်ညူးဖွယ်ရာ အကောင်းဆုံးနေ့လေးတစ်နေ့


အမှန်တော့ ဘဝတစ်လျှောက်မှာ stateကျောင်းသူဘဝက အပူအပင်အကင်းဆုံးနဲ့ အပျော်ရွှင်ရဆုံးအချိန်လေးတွေပါပဲ...
ဘယ်တော့မှ ပြန်မရတော့မယ့် အပူအပင်ကင်းတဲ့အချိန်လေးတွေကိုလည်းလွမ်းပါတယ်...

ငယ်စဉ်ခါကျောင်းသားဘ၀တုန်းက မှတ်မှတ်ရရ အပျော်ရဆုံးနေ့လေးတစ်နေ့ဆိုပေမယ့် ကျောင်းတက်ရတဲ့နေ့တိုင်း ပျော်ခဲ့ရတာပါပဲ...
လောလောဆယ်...အမှတ်အရဆုံးကတော့ ကျောင်းကနဲ့ ပထမဆုံးအကြိမ် ပဲခူးသွားခဲ့တဲ့နေ့လေးပဲ...
ကျောင်းမှာ နှစ်တိုင်း တစ်နှစ်တစ်ခါ အတန်းလိုက် ခရီးတိုထွက်လေ့ရှိတယ်...အများဆုံးသွားကြတာကတော့ ပြည်ပေါ့...
တစ်ခန်းလုံးနီးပါးသွားကြပေမယ့် k2တို့ညီအစ်မ ဘယ်တော့မှ မပါဘူး... မိဘတွေက လူကြီးမပါတော့ (ဆရာမနည်းနည်းပါပေမယ့်) စိတ်မချလို့ဘယ်တော့မှ မထည့်ဘူး...
ဘယ်ဆရာမက ပြောပေးပေး မထည့်ဘူးပဲ... :(
[အဲ... ရှင်းရလင်းရတာ မုန်းပါတယ်ဆိုမှ...တစ်ခု ရှင်းရဦးမယ်...မုန်းရတဲ့အကြောင်းရင်းက အဲဒီကစတယ်... :(
k2 နဲ့ k2 ညီမလေးက အမွှာမဟုတ်ပေမယ့် သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိ တစ်ကျောင်းထဲ တတ်ခဲ့ကြတာ...
အမွှာမဟုတ်ဘဲ တစ်တန်းတည်းဆိုလို့ k2တို့ ဘယ်နှစ်က စာမေးပွဲကျတာပါလိမ့်လို့ တွေးကြတော့မယ်မလား...:(
မဟုတ်ဘူး... '88 ကြောင့် ကျောင်းတွေ တစ်နှစ်နားလိုက်ရတော့ အတန်းတူသွားကြတာ...
ဒါကြောင့် ၁၀တန်းကို 2000မှာအောင်တဲ့ ကျောင်းသားဦးရေက အများဆုံးနဲ့ အချောအလှတွေ အများဆုံးနှစ်လို့ uniတိုင်းမှာ နာမည်ကြီးတယ်..:P (k2တို့ ပါတယ်လို့ မပြောဘူးနော်) ]
အဲ...ဆက်လိုက်ဦးမယ်... ၉တန်းနှစ်မှာ နောက်နှစ်၁၀တန်းဆိုတော့ မိဘတွေကလည်း သိပ်မချုပ်ချယ်ဘူး... ဆရာဆရာမတွေကလည်း ကျောင်းသားတွေကို လွှတ်ပေးထားတယ်...(အမှန်တော့ ၉တန်းကို အပျော်ဆုံးပဲ နေ့တိုင်းကိုပျော်တာ...:P ) ထူးထူးခြားခြား အဲဒီနှစ်က ခရီးတို၂ခါသွားဖြစ်တယ်... ပထမတစ်ခါ ပြည်သွားတုန်းက ညဘက်သွားတာမို့ မလိုက်ရဘူး... ဒုတိယတစ်ခေါက်ကျ မနက်အစောကြီးသွားမှာဆိုတော့... အဖေ့ကို ဒူးလေးထောက်ပြီး သနားစဖွယ် ပူဆာလိုက်တာ သွားရရော...:P ကျောင်းမှာလည်း တစ်ခါမှ မလိုက်ဖူးတဲ့ k2တို့ နာမည်ကို ကြီးရော... ဆရာဆရာမတိုင်း သူငယ်ချင်းတိုင်းကလည်း နေ့တိုင်းဒါပဲမေးပြီး ဟုတ်ရဲ့လားပေါ့... သွားတဲ့နေ့ကျ အဖေနဲ့အမေက ကားထွက်တဲ့အထိ စောင့်ပြီး ဟိုဟာမစားနဲ့နော်..ဒီဟာမလုပ်နဲ့နော်ပေါ့... သူငယ်ချင်းတွေနဲ့ သွားရတော့မှာဆိုတော့ ဝမ်းသာနေတာနဲ့..အင်း...အင်း...သာပြောလိုက်တာ.. ဘာတွေမှာလည်း မသိပါဘူး... တစ်ကားလုံး သီချင်းတွေ ပြိုင်တူဆိုလို့ နောက်ကြပြောင်ကြနဲ့ အရမ်းပျော်ဖို့ကောင်းတယ်... ဘယ်လောက်ဆိုးလဲဆိုတော့... ကားထွက်ဖို့ ကိုယ်တို့ အုပ်စုကိုပဲ စောင့်စောင့်နေရတယ်...ဟီး... (ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ကျောင်းနဲ့သွားခဲ့ရတဲ့ Tripလေး)

ဆက်လက်ဖတ်ရှုရန်...












ဆွေးနွေးချက်လေးက လေးနက်လို့ ရေးဖို့ တော်တော်အချိန်ယူစဉ်းစားနေမိတယ်... မြတ်နိုးရေ...
k2 ရဲ့ ခံယူချက်လို့ဆိုရမလား၊ k2 ကျင့်သုံးတယ်လို့ ဆိုရမလားပေါ့နော်... လူတစ်ယောက်က အမှားဖြစ်စေ၊ အပြစ်ဖြစ်စေ ကိုယ့်အပေါ်သော်လည်းကောင်း တစ်ခြားသူအပေါ်သော်လည်းကောင်း လုပ်မိရင် k2 သတိထားအမြဲစဉ်းစားတယ်... ငါဆိုရင်ရောလို့... ကိုယ်လည်း လုပ်မိလိမ့်မှာဖြစ်တဲ့ အမှား၊အပြစ်တစ်ခုဆိုရင်တော့ ဘယ်လောက်ကြီးတဲ့ အမှား or အပြစ်ဖြစ်ပါစေ... k2 ချက်ချင်း ခွင့်လွှတ်တတ်တယ်... အဲ ကိုယ်မလုပ်မှာသေချာရင်တော့ သေးသေးလေးပဲဖြစ်စေဦး လှည့်ကိုမကြည့်တတ်ဘူး... ဥပေက္ခာပြုထားလိုက်တယ်... မုန်းတာမဟုတ်ဘူးနော်... မုန်းတယ်ဆိုတာ ကိုယ့်ကို ပူလောင်စေလို့ မမုန်းတတ်အောင်တော့ လေ့ကျင့်နေပါတယ်... ဥပေက္ခာပြုတဲ့အတွက် အဲ့ဒီအပေါ် ခံစားချက်တွေ အနည်းငယ်တော့ပျောက်သွားတတ်ပါတယ်...


လူတွေက လူတစ်ယောက်အမှား or အပြစ်တစ်ခု လုပ်မိပြီဆို ဝိုင်းအပြစ်တင်တတ်ကြတယ်၊ ဝိုင်းကျဉ်တတ်ကြတယ်... သူဘာကြောင့်လုပ်ရသလဲဆိုတာကို တွေးဖို့တခါတလေမေ့နေတတ်ကြတယ်... ဥပမာ လူတစ်ယောက် ပစ္စည်းခိုးတယ်ဆိုကြပါစို့... လူတွေက သူခိုးဆိုပြီး ဝိုင်းရိုက်ဝိုင်းကန်ကြတယ်... ဖမ်းမိလို့ တောင်းပန်နေရင်တောင် ရိုက်နှက်နေကြသေးတယ်... စဉ်းစားကြည့်ပါ... သူဘာလို့ခိုးတာလဲဆိုတာ... ခိုးတယ်ဆိုမှတော့ အများစုက ဝမ်းရေးအဆင်မပြေဆင်းရဲကြလို့သာပေါ့... သမာအာဇီဝနဲ့ရှာပေါ့ဆိုပြီးတော့ အဆိုးမမြင်ပါနဲ့... ကိုယ့်ဝမ်းနာကိုယ်သာသိကြတာပါ... ခိုးတဲ့သူမှာ ခိုးလို့ အပြစ်ရှိပေမယ့် သူ့မှာသွေးထွက်သံယိုဖြစ်အောင် ရိုက်ဖို့ အပြစ်မရှိပါဘူး... ဒါပေမယ့် တစ်ချို့လူတွေက ကိုယ့်အသား ကိုယ့်အမျိုးမဟုတ်တိုင်း ဝိုင်းလုပ်တတ်ကြတယ်... k2 ကတော့ ခိုးတဲ့လူကို ကိုယ်ချင်းစာပေးလို့ရပေမယ့် ဝိုင်းရိုက်ကြတဲ့သူတွေကိုတော့ ကိုယ်ချင်းစာပေးလို့မရပါဘူး... ခိုးတာကို ဘာလို့လဲလို့တွေးပေးလို့ရပေမယ့် ဝိုင်းရိုက်တာကိုတော့ ဘာလို့လဲလို့ စဉ်းစားကြည့်လို့ကိုမရပါဘူး... ဒါ k2တို့ ရပ်ကွက်ထဲ(တိုက်ရှေ့)မှာ ဖြစ်ခဲ့တဲ့ မျက်မြင် ဖြစ်ရပ်လေးတစ်ခုပါ... လက်အုပ်ချီနေတာတောင် ကန်တဲ့လူတွေ၊ တုတ်နဲ့ရိုက်တဲ့လူတွေ... သူတို့ကို မေးကြည့်ချင်ပါတယ်... ဘာလို့လဲလို့။ နောက် ဥပမာတစ်ခု လူတွေက လူလူချင်းကို ကိုယ်ချင်းစာတတ်ကြတယ်ထား... တိရိစ္ဆာန်တွေကိုကျ ကိုယ်ချင်းစာဖို့မေ့နေတတ်ကြတယ်... k2 ကြုံဖူးတာလေး ပြောပါရစေ... k2တို့ တိုက်ရှေ့မှာ ခွေးလေခွေးလွင့်တွေအများကြီးရှိခဲ့ဖူးပါတယ်... k2 တို့ တိုက်ရှေ့မှာ k2တို့ကားကလွဲရင် ကျန်တဲ့ကားတွေက အကောင်းစားကြီးပါပဲ... ညစောင့်ငှားစရာ မလိုအောင်ကို စိတ်ချရတာပါ... အဲ...ဒီတော့ လူဆိုးသူခိုး တေလေဂျပိုးတွေက သူတို့ တိုက်ရှေ့ကဖြတ်တိုင်း ဝိုင်းဟောင်တတ်တဲ့ ခွေးတွေကို အဆိပ်ကျွေးသတ်ပစ်ကြတယ်... အုပ်စုနဲ့ ရိုက်သတ်ကြတယ်... အဲလို သတ်ကြတာနဲ့ စည်ပင်က ခွေးလေခွေးလွင့်ပပျောက်ရေးဆိုပြီး အဆိပ်ကျွေးတာနဲ့ ခုတော့ ခွေးတွေလည်းကုန် ကားတွေက ပစ္စည်းတွေလည်း ကုန်ပါရောလား... လူတွေက သူတို့ ပစ္ခည်းလေးတစ်ခု ခိုးရဖို့အရေး၊ တစ်ချို့က ငါ့ကို အကြောင်းမဲ့ ဟောင်ကြတယ်ဆိုပြီး အညှိုးထား မုန်းတီးလို့ အသက်တစ်ချောင်းကို မချိမဆန့်သေရအောင်ညှင်းဆဲသတ်ဖြတ်တတ်ကြတယ်... လူတိုင်းသေရမှာ ကြောက်ကြပါတယ်... သူများသတ်တာခံရရင် လူတွေက သနားတတ်ကြတယ်... ခွေးတစ်ကောင်ကို သတ်တာကျ သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို။ အဆိပ်ကျွေးသတ်တာ ဘယ်လောက်ခံစားရတယ်ထင်ပါသလဲ... ရင်ပူလို့ တွေ့တဲ့ ရေမြောင်းမှာ သွားလူးလှိမ့်ရင်း မချိမဆန့်ခံစားရပြီးမှ သေကြရတာ...

ဆက်လက်ဖတ်ရှုရန်...

ချက်ကျလက်ကျ တွေးမြင်ဝေဖန်ပေးတဲ့ မောင်လေး ကို ကိုကို ကို လေးစားပါတယ်... ဒါနဲ့ပတ်သက်ပြီး နည်းနည်းလောက်တော့ ပြောချင်ပါတယ်... ငါ့မောင် စကားတစ်ခွန်း ကြားဖူးမယ်ထင်ပါတယ်။ "မှန်တိုင်းလည်း မကောင်းဘူး"ဆိုတာလေ။ အစ်မ ငယ်ငယ်ကလည်း မျက်စိရှေ့အမြင်မတော် ဝင်ပါ၊ ဝင်ပြောတတ်လွန်းလို့ လူကြီးတွေ၊ ဆရာဆရာမတွေရဲ့ သတိပေးခြင်းကို ခဏခဏ ခံခဲ့ရဖူးတယ်။ ကိုယ်ကတော့ အမှန်တရားတစ်ခုကို မြတ်နိုးလို့ ပြောလိုက်တာပေမယ့် အခန့်မသင့်ရင် အဲဒီအကြောင်းအရာသေးသေးလေးက ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေကြားမှာ အပ်ကြောင်းတစ်ခုဖြစ်လာနိုင်တယ်။ လုပ်ငန်းခွင်ရောက်ရင်လည်း ဒီထက်မကတဲ့ အမှန်တရားတွေကို ချုပ်တီးထားရတာတွေ မကြာခင် လုပ်ငန်းခွင်ဝင်တော့မယ့် ငါ့မောင် ကိုယ်တိုင်ကြုံတွေ့ နားလည်လာပါလိမ့်မယ်။ ဒါကတော့ စိတ်ထဲရှိတာ သိပ်မထားတတ်တဲ့ အကျင့် (အကျင့်ဆိုးလား၊ အကျင့်ကောင်းလားတော့မသိဘူး) အတိုင်း ငါ့မောင်ကို လေးစားချစ်ခင်လို့ ပြောတာပါ။

အဲ...နောက်တစ်ခုကတော့ ငါ့မောင်ပြောတဲ့ blogကိစ္စ။ blogတစ်ခုကို ရှေ့လူတင်ပြီးသားလား မတင်ရသေးဘူးလား မသိဘဲ တင်မိတတ်ကြတာကတော့ အစ်မအနေနဲ့ အပြစ်တစ်ခုလို့ မမြင်မိပါဘူး။ ဘာလို့ဆိုတော့ နောက်ပိုင်းမှ memberဖြစ်လာကြတဲ့သူတွေ၊ အကြောင်းကြောင်းကြောင့် MOSနဲ့ ကင်းကွာနေကြတဲ့သူတွေက ရာချီရှိနေတဲ့ Postတွေကို တင်ပြီးသားလား၊ မတင်ရသေးဘူးလားဆိုတာကို ပြန်မကြည့်နိုင်ကြဘူးလေ။ ကိုယ်တွေက သိခဲ့ရင်လည်း သူဘာကြောင့်တင်သလဲဆိုတဲ့ သူ့စေတနာလေးကိုပဲ အလေးထားဖို့လိုမယ်ထင်ပါတယ်။ နောက်တစ်ခုက blogဆိုတာ အရေးကြီးတာမှန်ပါတယ်... "အကျိုးရှိစေမယ့်၊ ဗဟုသုတရစေမယ့်၊ မသိတာတွေကို သိအောင်၊ ကြုံဖူး၊ ကြားဖူးတဲ့ အဖြစ်အပျက်တွေ" ဆိုတဲ့အသုံးအနှုန်းလေးက နည်းနည်းတော့ "တာ"သွားတယ်လို့ အစ်မ မြင်တယ်။

ဆက်လက်ဖတ်ရှုရန်...

ဘာရယ်တော့ မဟုတ်ပါဘူး... discussion ဆိုလို့ ဝင်ပြောကြည့်တာပါ... သိပ်သိလို့တော့ မဟုတ်ဘူးနော်... ဝင်ရွှီးကြည့်တာ... ရွှီးတာမှားတယ် ထင်ရင်တော့လည်း အားလုံးကို sorryပါပေါ့နော်... ကြိုတင်ပြောထားပါရဲ့...ဟဲဟဲ...

အင်း...အချစ်ဆိုတာ...???
စိုင်းစိုင်း သီချင်းလေးလိုပေါ့..."အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတယ်"... အဲလို ထင်တာပဲ...ဟဲဟဲ...

အတည်ပြောရရင် ခက်တော့ ခက်သား... လောကမှာ တည်မြဲတာဆိုလို့ ဘာများရှိလို့ပါလဲ... အပြောင်းအလဲအများဆုံးက စိတ်ခံစားချက်တွေမို့ စိတ်ခံစားချက်တစ်ခုဖြစ်တဲ့ အချစ်ဆိုတာကကော ဘယ်လောက်တည်မြဲနိုင်မှာပါလဲ... အချစ်မှာ "လိုဘ"လေးတော့ အနည်းငယ်ရှိမှာပါပဲ... လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ အဲဒီလူဆီက အနည်းဆုံး တုန့်ပြန်မှုတစ်ခုတော့ တောင့်တမိကြမှာပဲလေ... အဲလိုဆို အချစ်က ရလိုမှုနဲ့ စ,မနေပေဘူးလားနော်...
အချစ်ဆိုတာ ရမ္မ္မက်မီးစာပါတဲ့ မီးတောက်တစ်ခုလိုပဲ... အရှိန်ကောင်းနေချိန်မှာတော့ မီးကတောက်နေဦးမှာပဲ... အချိန်ကြာလာတာနဲ့အမျှ မီးတောက်ရဲ့အရှိန်ကသေလာလေ အချစ်တွေကလည်း လျော့လာလေပဲ... နောက်ဆုံး မီးစာကုန်တာနဲ့ အချစ်ဆိုတာလည်း ပျောက်သွားမှာပဲ... ဒါကြောင့် လူတွေက ချစ်လိုက်ကြ...ကွဲလိုက်ကြ...ပြန်ချစ်ကြနဲ့... မဆုံးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်နေနိုင်ကြတယ်မလား... သို့ဆိုသော် အချစ်က မတည်မြဲသော အရာတွေထဲမှာ top 10 စာရင်းထဲ ပါမနေပေဘူးလားနော်... ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ်လည်း မယုံဘူး... ငါရော လူတစ်ယောက်ကို ဘယ်အချိန်ထိ ချစ်နိုင်မှာလဲလို့... မချစ်နိုင်တဲ့ တစ်နေ့ကျရင်ရော ဒါမှမဟုတ် ကိုယ့်ချစ်သူက ကိုယ့်ကိုမချစ်နိုင်တော့ရင်ရောလို့ အမြဲတွေးမိတယ်... (ကိုယ့်ကိုတောင်မယုံတာ တစ်ခြားလူဆိုရင်တော့ ဝေးစွ..ပေါ့...:P ) အဲ..ငယ်ရွယ်တဲ့အချိန်မှာ လမ်းခွဲရတာအကြောင်းမဟုတ်ပေမယ့် နှစ်ရှည်လများ လက်တွဲပြီးမှဆိုရင် ကိုယ့်မျိုးဆက်လေးတွေက မြေဇာပင်ဖြစ်ကြရဦးမယ်... ခက်တော့ခက်သားနော်... အချစ်ဆိုတာ မှန်းလို့မရတာ ခက်ပါတယ်... ဘယ်အချိန်ထိ ဘယ်ကာလအထိလို့ သတ်မှတ်လို့မှမရတာ... Foreverလို့တော့ လက်မခံသေးတာ အသေအချာပါပဲ...

ဆက်လက်ဖတ်ရှုရန်...

အင်း...ရောက်တုန်းရောက်ခိုက် နည်းနည်းတော့ ဝင်ဆွေးနွေးကြည့်မယ်နော်... အဲ အချစ်ပါရဂူမမတော့ မဟုတ်ဘူးနော်... ခုမှ အတန်းတက်မလို့ စုံစမ်းတုန်း... ဟဲဟဲ...

တစ်ဖက်သက်ချစ်ခဲ့ရသူကို ဘယ်လောက်အချိန်ကြာရင် မေ့မလဲဆိုတာ ကိုလင်းလက် ပြောသလို ယောက်ျားလေး၊ မိန်းကလေးနဲ့ မဆိုင်ဘူးလို့တော့ထင်ပါတယ်... လူတစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ခံစားချက်နဲ့ အခြေအနေပေါ် မူတည်မယ်လို့လည်းထင်ပါတယ်... အင်း... ကိုယ်ခံစားရသလိုလေး ပြောကြည့်မယ်နော်... သူများတွေနဲ့လည်း တူချင်မှတူမယ်ပေါ့နော်... ဥပမာ... ကိုယ်က လူတစ်ယောက်ကို ချစ်မိတယ်ဆိုပါစို့... အဲဒီလူကို ကိုယ်က လူလွတ်ထင်ပြီး စိတ်ဝင်စားမိပြီးကာမှ သူ့မှာ ချစ်သူရှိသွားတာ (သို့) ချစ်သူရှိနေတာကို သိသွားခဲ့ရင် ကိုယ်တော့ အဲဒီ လူတစ်ယောက်ကို လွယ်လွယ်နဲ့ မေ့ဖို့ခက်မယ်ထင်ပါတယ်... ဘာလို့ဆို သူ့ကိုချစ်မိကတည်းက လူလွတ်လို့ ထင်ခဲ့တာကိုး...အမှားမရှိခဲ့ဘူးလေ... နောက်တစ်ချက်က ကိုယ့်ခံစားချက်ကို တန်ဖိုးထားလို့... (ဒါကတော့ နည်းနည်းလေး ရှင်းပြရ ခက်မယ်ထင်ပါတယ်)... ပြီးတော့ သံယောဇဉ်ဆိုတာမျိုးကလည်း အလျော့အတင်းလေးနဲ့မှ ကောင်းမယ်ထင်ပါတယ်... တင်းလွန်းတော့လည်း အပြတ်အပြတ်နဲ့ ကိုယ်ပိုခံစားရမယ်ထင်ပါတယ်... အဲ...ဒီလိုမှမဟုတ်... ကိုယ်စိတ်ဝင်စားမိတဲ့သူက အိမ်ထောင်သည်...ပိုင်ရှင်ရှိပြီးသားဆိုရင်တော့ တွေဝေစရာ မေးခွန်းဟုတ်မယ် မထင်ပါဘူး... ဘယ်လိုအကြောင်းကြောင်းကြောင့်မှ မဖြစ်သင့်ဘူးထင်ပါတယ်... မေ့ပစ်ဖို့မလိုလောက်အောင်ကို သတိရဖို့ မလိုအပ်ဘူးလို့ထင်ပါတယ်... (အဲဒါကျတော့ နည်းနည်း ဘာသာရေးနဲ့ ဆက်နွယ်မယ်...အပြစ်ဖြစ်သွားပြီမို့လို့လေ...)

အင်း...ဒါက စိတ်ကူးယဉ်ပြီး ဆွေးနွေးကြည့်တာပါ... ဟဲဟဲ... လက်တွေ့မှာတော့ မသိသေးဘူး... မှားတာရှိရင် ဝန္တာမိပါ... အပျော်သက်သက် ဝင်ဆွေးနွေးတာပါ... :)



07 June 2009 MOSတွင် ဝင်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်...

မဆန့်မပြဲဖြစ်နေတဲ့ ခံစားချက်တစ်ချို့ ရင်ဘတ်ထဲထည့် သိမ်းမထားချင်တော့လို့ စာမျက်နှာပေါ် ရေးချခွင့်ပြုပါ... တစ်နေ့တာဖြစ်ပျက်မှုတွေကို လွယ်ကူစွာ မေ့တတ်နေခဲ့လို့ မရေးဖြစ်တာ ကြာခဲ့ပြီဖြစ်တဲ့ ဗလာဗလာ စာမျက်နှာ ပေါင်းများစွာနဲ့ ဒိုင်ယာရီစာအုပ်လေးကို အခါခါ ကိုင်ကြည့်ခဲ့မိတယ်... ရေးမယ်လို့ စဉ်းစားလိုက်တော့ တစ်နေ့တာခံစားချက်မဟုတ်တော့တဲ့ ရက်ရှည်ဝေဒနာတစ်ခုက စာတစ်မျက်နှာနဲ့ မဆန့်တော့ဘူးလေ... ************************************** 

အဖေ နောက်နောက်ပြီး ပြောတတ်တဲ့ စကားတစ်ခွန်းကို အမှတ်ရမိတယ်... "ငါ့သမီး မျက်နှာကျောလေး နည်းနည်းလျှော့လိုက်ရင် ပိုချောသွားမှာ"တဲ့... ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်... ဒါပေမယ့် လျှော့ဖို့ကြိုးစားရင်းနဲ့ ပိုပိုခက်ထန်လာတဲ့စိတ်တွေက မျက်နှာမှာ ပုံရိပ် လာထင်နေကြတယ် ထင်ပါတယ်... သူငယ်ချင်းတွေက "ငါနားလည်ပါတယ်"လို့ ပြောကြတဲ့အခါတိုင်း ငါခေါင်းကိုမော့ပြီး အစွမ်းကုန် အော်ရယ်ပစ်ချင်မိတယ်... မပြောကြပါနဲ့... မင်းတို့ နားမလည်တဲ့ မခံစားဖူးတဲ့ ဒဏ်ရာတွေ ငါ့မှာ ရင်ဘတ်တစ်ခုနဲ့ အပြည့်ရှိတယ်... ကိုယ်မခံစားဖူးတဲ့ ဝေဒနာတစ်ခုကို စကားတစ်ခွန်းနဲ့ နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့... မင်းတို့ကို ပြောပြတယ်ဆိုတာ အားပေးမှုကို တောင့်တခဲ့လို့တော့ မဟုတ်ဘူး... ရင်ထဲမှာ ပြည့်ကျပ်လေးလံနေတဲ့ ခံစားချက်တစ်ချို့ကို ရှင်းထုတ်ပစ်ရုံသက်သက်ပါ... မင်းတို့ရှေ့မှာ ပျော်ပျော်နေတတ်သော ပြုံးပြုံးရွှင်ရွှင်နေတတ်သော ငါ့ရဲ့နောက်ကြောင်းက မင်းတို့ ထင်သလို မလှပတဲ့အပြင် အကျည်းတန် ရုပ်ဆိုးလွန်းတယ်... အဲဒါတွေကို ငါ့စိတ်ထဲက ထုတ်နိုင်ဖို့ ငါပိုပြုံးမိသလား... ငါပိုပျော်နေမိသလား... သေချာတာက ငါကိုယ်တိုင် အကြောင်းမဲ့ ပျော်ပျော်နေတတ်သူမို့ ဖြစ်မယ်ထင်ပါတယ်... အမေပေးခဲ့တဲ့ နာမည်တစ်ခုနဲ့ လိုက်ဖက်အောင် ငါစိတ်ကောင်းကင်ကို ကြည်လင်နေဖို့ ငါကြိုးစားနေပါတယ်... ငါ့ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်နေစေဖို့ ငါကြိုးစားပါတယ်... ဒါပေမယ့် တခါတလေ ငါ ပြန်ရနေတာတွေက ဘာလို့နာကျည်းမှုတွေ ဖြစ်နေရတာလဲဆိုတာ ငါ မစဉ်းစားတတ်အောင်ပဲ... နာကျည်းရတာကို ငါမုန်းတယ်... မုန်းရတာကို ငါမုန်းတယ်... အဲဒီအမုန်းတွေ ရင်ထဲ ရောက်နေတာကို ငါမုန်းတယ်... ငါမမုန်းချင်ပါဘူး... ဒါဆို... ငါ အပျော်စစ်ကိုကော ရရှိခဲ့ဖူးသလား... အင်း...အသေအချာပေါ့... ငါရခဲ့ဖူးပါတယ်... လွန်လေပြီးသောအခါတုန်းကပေါ့... အဲဒီတုန်းက ငါပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းက ငါ့ကိုယ်ငါ နိမိတ်ဖတ်ခဲ့လေသလား... ပင်လယ်က လှိုင်းတွေငြိမ်သက်လွန်းရင် သဘာဝမဆန်သလို လူ့ဘဝကလည်း အပြောင်းအလဲမရှိရင် ဘဝမဆန်ဘူး... စိတ်ကူးယဉ်စကားတစ်ခွန်း လက်တွေ့မှာတော့ ရင်ဘတ်တစ်ခုကို ဓားနဲ့အကြိမ်ကြိမ် မွှန်းနေတာပါလား... 

ဆက်လက်ဖတ်ရှုရန်...













ကိုစိုးသီဟရဲ့ Topicလေးကို မြင်တော့ ငယ်ငယ်က အတွေးလေးတွေ ခေါင်းထဲပြန်ဝင်လာတယ်...
၇တန်း ကျောင်းသူအရွယ်လောက်တုန်းကပေါ့... အရမ်းကို သေကြည့်ချင်ခဲ့တာ...ဟီး... ဘာလို့ဆို... မိဘတွေက အရမ်းချုပ်ချယ်တယ်...ကိုယ့်ကိုမချစ်ဘူး...အဲလိုအတွေးမျိုးလေးတွေရှိသလို ကလေးအတွေးနဲ့ အပြောင်းအလဲသိပ်မရှိတဲ့ ရေသေလိုဘဝကြီးက ပျင်းဖို့ကောင်းတယ်လို့ ထင်ခဲ့ဖူးလို့လေ... ဥပမာ...အရမ်းချမ်းသာတဲ့ ဘဝမျိုးကို ရဖူးချင်သလို အရမ်းဆင်းရဲတဲ့ဘဝမျိုးကိုလည်း ခံစားကြည့်ချင်တဲ့သဘောမျိုးပေါ့... အဲဒီလို အတွေးမျိုးနဲ့ အရမ်းသေကြည့်ချင်ခဲ့ဖူးတယ်... ကိုယ်သေသွားရင် ဘယ်သူတွေ ဝမ်းနည်းမလဲ...ဘယ်သူတွေ ဘယ်လိုစိတ်မကောင်းဖြစ်မလဲဆိုတာ... အရမ်းသိချင်တာလေ...ဟီး... ခုထိလည်း တစ်ခါတစ်လေ စိတ်ရူးပေါက်ရင် သေကြည့်ချင်နေသေးတယ်...ဟီး... ဒါပေမယ့် သေဆုံးပြီးမှ ဘယ်သူတွေ ကိုယ့်အပေါ် ဘယ်လိုသဘောထားလဲဆိုတာကို သိတော့လည်း ဘာလုပ်လို့ရမှာလဲနော်... အဲဒီတော့ သိချင်ပေမယ့်လည်း လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်နေသေးတဲ့ ဒီစိတ်ကူးလေးကို နောက်ထပ်နှစ်၄၀လောက် သိမ်းထားလိုက်ပါဦးမယ်...ဟားဟား...

ခုချိန်မှာတော့ သေရမှာ နည်းနည်းတော့လန့်တယ်...သေလည်း မသေချင်သေးဘူး... ဘာမှပြင်ဆင်မှုမရှိသေးလို့လေ... သေရတော့မယ်ဆိုရင်လည်း ဗြုန်းစားကြီးမသေချင်ပါဘူး... ဝေဒနာတွေ ခံစားရချင်ခံစားနေရပါစေ... ပြင်ဆင်ဖို့ အချိန်တစ်ခုတော့ လိုချင်ပါတယ်... အင်း... သေတယ်ဆိုတာလည်း ခရီးဝေးတစ်ခု သွားရသလိုပါပဲ... အနည်းဆုံးတော့ ကိုယ့်လက်ထဲ Passportလေး တစ်ခုတော့ရှိနေဖို့ လိုမှာပေါ့နော်...:) ပြီးတော့ လိုအပ်တာတွေကို နီးတော့မှ အမြန်ဝယ်ထည့်သိုတာထက်စာရင် ကြိုတင်စဉ်းစားပြီး ဖြည်းဖြည်းနဲ့မှန်မှန်ထည့်သိုထားတော့ သွားရခါနီးမှာ သိပ်ပြီးပျာယာမခတ်တော့ဘူးပေါ့... အဲဒီခရီးက လူတိုင်းသွားကြရမှာပဲလေ... စိတ်လှုပ်ရှားစရာတော့အတော်ကောင်းတယ်... သွားရခါနီးမှာလည်း စိတ်တည်ငြိမ်ဖို့တော့ လိုမယ်ထင်ပါတယ်... စိတ်သိပ်လှုပ်ရှားတော့လည်း မလိုအပ်တဲ့ အမှားတွေ ပိုကြုံနိုင်တာပေါ့...:) သွားရဖို့ရက်နီးလာရင်လည်း ကိုယ်နဲ့ သံယောဇဉ်ရှိသူအားလုံးကို နှုတ်ဆက်ချင်ပါသေးတယ်... ဒါပေမယ့် ဘယ်သူမှ မသိအောင်တော့ တိတ်တိတ်လေး ထွက်သွားချင်ပါတယ်...... :)

ဆက်လက်ဖတ်ရှုရန်...


ငယ်ငယ်ကတည်းက ကိုယ့်ဘဝကို အမြဲမှတ်တမ်းတင်ခဲ့တယ်... အဲဒီမှတ်တမ်းလေးကို ဒိုင်ယာရီလို့ အများကခေါ်ကြတယ်... ကိုယ့်အတွက်တော့ "ဘဝဖြစ်စဉ်မှတ်တမ်း"ပေါ့... အဆိုးတွေလည်းရှိတယ် အကောင်းတွေလည်းရှိတယ်... ပျော်ရွှင်မှုတွေလည်းရှိတယ်. ဝမ်းနည်းမှုတွေလည်းရှိခဲ့တယ်...

တစ်နှစ်ကို မှတ်တမ်းတစ်အုပ်စီရှိခဲ့ဖူးပါတယ်...

ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ်စ,ကျောင်းရကတည်းက ကိုယ့်မှတ်တမ်းတွေ ပျောက်ဆုံးနေခဲ့တယ်... ဗလာဗလာဖြစ်နေတဲ့ ဆင်တူစာမျက်နှာတွေက သူတို့အတွက် မတူတဲ့ မှတ်တမ်းတွေရေးဖို့ ကိုယ့်ကိုစိန်ခေါ်နေကြတယ်...မျက်နှာလိုက်စွာ ကိုယ်ကလည်း စာမျက်နှာတစ်ချို့အတွက်သာ အကြောင်းအရာတွေကို မှတ်မိတော့တယ်... မရေးတာထက်စာရင် မှတ်မိသလောက်လေး ချရေးကြည့်တာက မှတ်တမ်းရေးခဲ့တဲ့ ကိုယ့်ရာဇဝင်ကို မရိုင်းစေဘူး ဖြစ်မယ်ထင်ပါရဲ့...
-------------------------------------------------
မိဘနဲ့ အတူရှိစဉ်အခါက ဘဝနဲ့ဆန္ဒ အထာ,မကျခဲ့ရင် အမေက စကားလေးတစ်ခွန်း အမြဲပြောပါတယ်... "ဒါ သားသမီးတွေရဲ့ဘဝမဟုတ်ဘူး...မိဘတွေရဲ့ဘဝ"တဲ့...
မိဘနဲ့ ကွာဝေးစဉ် ဘဝတိုက်ပွဲ ကိုယ်တစ်ပွေတည်း နွှဲရတော့ အမေက စကားလေးတစ်ခွန်း အမြဲပြောပြန်ပါတယ်... "ဘဝက ခုမှစ,တာ... အားတင်းထား"တဲ့...
-------------------------------------------------
28 Feb 2008
ဘဝသစ်တစ်ခုကို စ,ရတော့မယ်ဆိုတော့ ရင်ထဲမှာ ဘာတွေမှန်းမသိ ပြည့်ကျပ်နေခဲ့တယ်...
လက်ရာမြောက်တဲ့ အမေရဲ့ ကြက်သားအာလူးအစပ်ဟင်းက ပါးစပ်းထဲမှာပေါ့ရွှတ်ရွှတ်ဖြစ်နေခဲ့တယ်...
မျက်ရည်မကျအောင်ထိန်းထားပေမယ့် အဖေနဲ့အမေကို ကန်တော့ပြီးလို့ ခေါင်းပြန်အမော့မှာ အမေငိုနေခဲ့တယ်...
အဖေက သူ့မျက်ရည်တွေကို မျက်တောင်တွေ ပုတ်ခတ်ရင်းသိမ်းဖို့ကြိုးစားနေခဲ့တယ်...
သူတို့အတွက် နောက်ထပ်သမီးတစ်ယောက် ပထမဆုံးအကြိမ် နှစ်ရှည်လများခွဲရဦးမယ်လေ...
ပြီးခဲ့တဲ့အပတ်ကပဲ သမီးအငယ်က ခုလိုထိုင်ကန်တော့သွားခဲ့တာ... ခုတစ်ခါ သမီးကြီးအလှည့်...
သူတို့တွေ သမီးငယ်အတွက် လွမ်းဆွေးငိုကြွေးတတ်တာ ဒီနေ့နဲ့ဆို တစ်ပတ်တိတိရှိပြီ... နောက်ထပ် ဘယ်နှစ်ပတ်များ...
ကိုယ်ငိုမိတယ်...အိမ်နောက်ဖေးဘက် ပြေးဝင်ပြီး စားလက်စ ထမင်းကို အရသာမဲ့စွာ တစ်ပန်းကန်လုံးကုန်အောင် စားပစ်ခဲ့တယ်...
ဘယ်တော့မှ ပြန်ထပ်စားရမယ်မှန်း မသိတဲ့ အမေ့လက်ရာလေ...
ကိုယ့်တက်ကြွမှုတွေကို ခြေလှမ်းတန့်စေခဲ့တာက မနေ့ညနေမှ အဖေဝယ်ပေးတဲ့ ကိုယ့်အတွက် အသစ်စက်စက် Handsetလေး...
ဘာမှကို မလာတော့တဲ့ ကိုယ့် Handset အသစ်လေးကြောင့် ရင်ထဲ ရေခဲတောင်ပြိုကျသလို... ယိုင်နဲ့မှုက အေးစက်စက်နဲ့...
ဒါ "ငါ ရင်ဆိုင်ရမယ့် ငါ့ကံကြမ္မာရဲ့ အစ,လား..." ဆို့နစ်မှုက မိန်းကလေးတစ်ယောက်အတွက် မျက်ရည်တစ်စက်အဖြစ် ပြောင်းလဲသွားတယ်...
အဖေက ကားမောင်းနေရင်းနဲ့ သမီးရဲ့မျက်ရည်တစ်စက်အတွက် စကားတစ်ခွန်းဆိုခဲ့တယ် "သမီးက ဖေဖေ့သမီးပါ... အားလုံးအဆင်ပြေမှာ"တဲ့...
ဒီလိုနဲ့ပဲ စိတ်ခိုင်ပါတယ်ဆိုတဲ့ ကိုယ် အံကိုတင်းတင်းကျိတ်လို့ နောက်ထပ် အဆင်မပြေမှုများစွာနဲ့ သူတို့ရှေ့က ထွက်ခွာခဲ့တယ်...
ကိုယ့်မျက်ရည်အတွက် သူတို့မျက်ရည်တွေ သိမ်းပေးခဲ့ကြတယ်...
08 March 2008
ရုပ်ရှင်တွေထဲကလို လမ်းဘေးမှာ ငုတ်တုတ်ထိုင်ရင်း ဟမ်ဘာဂါတစ်လုံးစားလို့ Pepsi တစ်ခွက်ကိုင်ကာ အိမ်နဲ့ဖုန်းပြောတဲ့သူမျိုး တွေ့ဖူးကြပါသလား...
ရှက်တတ်ပါတယ်ဆိုတဲ့ ကိုယ် မြင်မြင်သမျှကို အံကျိတ်ကြည့်ရင်း အမေ အမြဲပြောဖူးခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိတယ် "နင် ဒီလို ကြီးကျယ်ပုံမျိုးနဲ့တော့ ဒုက္ခရောက်လိမ့်မယ်" တဲ့...
အမေက အကြားအမြင်ရ ပုဂ္ဂိုလ်တစ်ပါးအလား...
15 March 2008
အမေက လူကြုံနဲ့စာရေးပေးခဲ့တယ် "ငါ့သမီး နှစ်ယောက်လုံး ဘယ်သူ့အကူအညီမှ မယူဘဲ အဆင်ပြေသွားကြတာ အရမ်းဝမ်းသာတယ်"တဲ့
18 May 2008
အမေ operation လုပ်ပြီးပြီဆိုတာကို နောက်ဆုံးမှ သိခွင့်ရတာက အဖေအမေတွေရဲ့အချစ်ဆုံး သမီးနှစ်ယောက်...
စိတ်မပူရဘူးဆိုပေမယ့် လိုအပ်ချိန်မှာ မရှိပေးနိုင်ခဲ့လို့ ဝမ်းနည်းမဆုံးရှိခဲ့တယ်...
26 May 2008
ခြေလှမ်းတွေ မြေမထိဘဲ အိမ်ပြန်ခဲ့တယ် ထင်ပါတယ်...
သူတို့နိုင်ငံသားမဟုတ်ခဲ့တာ ငါ့အပြစ်လား... ငါ့အမှားလား...
29 May 2008
အမေ့ငိုသံက မျက်ရည်တွေကို တိတ်စေခဲ့တယ်...
အဖေအားပေးသံက သတ္တိတွေကို ဖြစ်စေခဲ့တယ်...
08 Jun 2008
အမေ့ဆုတောင်းတွေ ပြည့်ခဲ့တယ်..
တစ်ပတ်တိတိမှာ သေချာတဲ့အဖြေတစ်ခုရခဲ့တယ်...
ငါ ဒီကနေ နောက်ပြန်လှည့်ဖို့ မလိုအပ်တော့ဘူးဆိုတာ...
17 Jun 2008
ဘဝမှ ပထမဆုံးအကြိမ် သူစိမ်းမိန်းမတစ်ယောက်နဲ့ နပမ်းမသတ်ရုံတမယ် ပါးစပ်တိုက်ပွဲဝင်ခဲ့တယ်...
အဖေနဲ့အမေ့ကိုသာ မတ,မိလိုက်ရင် လူသတ်မှု ကျူးလွန်မိမယ်ထင်ပါတယ်...
ခုတော့ နောက်လှည့်ကြည့်လို့မှ ကိုယ့်အရိပ်ကလွဲလို့ ဘယ်သူမှ မရှိခဲ့...
မှောင်နဲ့မဲမဲဆို ကိုယ့်အရိပ်တောင် ကိုယ့်ဘေးနား အားမပေးတတ်တဲ့ အဖော်အဖြစ် ရှိမနေခဲ့ပါဘူး...
Aug 2008
ပတ်ဝန်းကျင်နဲ့ အံမဝင်နိုင်သေးတဲ့ ကိုယ် နေ့တိုင်း မျက်ရည်ကျ,တယ်ဆိုရင် ပိုတယ်ဆိုမလား...
မိဘရင်ခွင်ဆီ ပြန်ပြေးချင်တဲ့စိတ်ကို မိသားစုပြန်ဆုံနိုင်ဖို့ဆိုတဲ့စိတ်နဲ့ ထိန်းချုပ်နေရတယ်...
အမေနဲ့အဖေသာ သိရင် "ရင်ဖွင့်ကြိုဆိုနေမလား" "အားတင်းထားပါ သမီးရယ်"လို့ပြောမလား...
တကယ် နားနဲ့ကြားပြီး ရင်ဘတ်တစ်ခုနဲ့ခံစားလိုက်ရတာက "ငါ့သမီးတွေကို လွမ်းလိုက်တာ"တဲ့...
Oct 2008
ပြန်လာမယ်လို့ အသိပေးလိုက်တဲ့နေ့က အမေမေးခဲ့တယ် "ဘာစားချင်လဲ"တဲ့
20 Dec 2008
နံစော်နေတဲ့ ကိုယ့်စိတ်အညစ်အကြေးတွေနဲ့ပဲ မိဘတွေဆီ ပျံသန်းလာခဲ့တယ်...
ဘယ်တုန်းကမှ မမြင်ခဲ့ဘူးတဲ့ အဝါထိန်ထိန်တောက် Sport Shirt နဲ့အဖေက အပြုံးကို မျက်နှာပေါ်က မချနိုင်ဘဲ ရှိခဲ့တယ်...
အမေက လှမ်းလျှောက်လာတဲ့ သမီးနှစ်ယောက်ကို မျက်ရည်တွေနဲ့သိုင်းဖက်ရင်း စကားတစ်ခွန်းနဲ့ နှုတ်ဆက်လိုက်တယ် "မေမေ့သမီးတွေ..." တဲ့...
31 Dec 2008
2008ကို နှုတ်ဆက်ဖို့ အဖေကမေးတယ် "ဘယ်သွားချင်လဲ"တဲ့... အမေကမေးတယ် "ဘာစားချင်လဲ"တဲ့...
03 Jan 2009
နောက်နှစ် ငါ့ကိုမွေးဖွားပေးခဲ့တဲ့ ဒီနေ့မှာ ငါဒီလို မိဘတွေကို ကိုယ်တိုင်လာကန်တော့နိုင်ပါ့မလား...လို့ တွေးမိတော့...မျက်ရည်က သနားလို့တဲ့ မျက်ဝန်းမှာ လာခိုချော့ခဲ့တယ်...
04 Jan 2009
အဖေ့ရင်ခွင်မှာ ခိုနားလိုက်တဲ့ တစ်ခဏမှာ ဆုံးရှုံးနေတဲ့ "ခွန်အား"တွေ ရလိုက်သလို...အဖေ့ရဲ့အနမ်းတစ်ချက်ဟာ "သတ္တိ"တွေကို ဖြစ်စေခဲ့တယ်...
အမေ့ရင်ခွင်မှာ ခိုနားလိုက်တဲ့ တစ်ခဏမှာ ပျောက်ဆုံးနေတဲ့ "နူးညံ့မှု"တွေ ပြန်ရလိုက်သလို...အမေ့ရဲ့အနမ်းတစ်ချက်ဟာ "သည်းခံမှု"တွေ မွေးဖွားပေးခဲ့တယ်...
ဒီလိုနဲ့ မိဘတွေကို နောက်တစ်ကြိမ် ကျောခိုင်းခဲ့ရပြန်ပါတယ်...
10 May 2009
မနေ့က အဖေနဲ့အမေ Online တက်လာတုန်း မပြောဖြစ်ခဲ့တာလေး ဒီနေ့ပြောပြချင်ပါတယ်...
"သမီး အခု အားလုံးနဲ့ အဆင်ပြေအောင်နေတတ်နေပါပြီ... မဝေးတော့တဲ့ တစ်နေ့မှာ မိသားစုတွေ ပြန်ဆုံကြမယ်"လို့...

မှတ်ချက်-အမေများနေ့အတွက် အမှတ်တရ

Zawgyi

-------------------------------------------------
-------------------------------------------------

ဆက်လက်ဖတ်ရှုရန်...













ငယ်ငယ်က လက်ဝါးချင်း ရိုက်ပြီး ကစားခဲ့တာလေး....ဟေဟေး... သိချင်လည်း သိကြမှာပါ... ရတဲ့လူ လိုက်ဆိုလို့ရတယ်နော်...:P စိတ်ပါရင် ကိုယ်တိုင် ကစားလို့လည်းရတယ်နော...:) သူငယ်ချင်းတစ်ယောက်တော့ ကိုယ်နဲ့အတူ ကစားဖို့ လိုလိမ့်မယ်... ကစားနည်းလေးက... လက်ခုပ်တစ်ခါတီး...သူငယ်ချင်းနဲ့ ဘယ်လက်ချင်းတစ်ခါရိုက်... လက်ခုပ်တစ်ခါတီး... သူငယ်ချင်းနဲ့ညာလက်ချင်းတစ်ခါရိုက်... အဲဒီလိုနဲ့ စာသားလေးဆုံးတဲ့အထိ လက်ဝါးချင်း ရိုက်ပြီး ကစားရပါတယ်....

၁၆ တစ်လီ ၁၆...
၁၆ နှစ်လီ ပဲပြုတ်...
ပြုတ်တာက ပြောင်းဖူး...
ဖူးတာက ဘုရား...
ယားတာက ဝဲ...
ဝဲတာက စွန်...
စွန်တာက မျက်စိ...
စိတာက သွား...
သွားတာက ခြေထောက်...
ထာက်တာက မြေကြီး...
ကြီးတာက ကြီးတော်...
တ်ာတာက ဦးလေး...
လးတာက သစ်တုံး...
တုံးတာက နင်...
နင်တာက ထမင်း...
မင်းဆိုတာက ဘုရင်...
ယင်ဆိုတာက ယင်ကောင်...
ကာင်တာက ကောင်မလေး...
ငါ့ကို ချစ်ရင် စာပြန်ပေး...
ဟးဟေး.....
အားလုံး ပြုံးပျော်နိုင်ပါစေ.....
Created By: k2tmaung

ဆက်လက်ဖတ်ရှုရန်...











ကိုယ့်ကိုကိုယ် အကောင်းဆုံးလို့ ထင်တဲ့အချက် ငါးချက် နဲ့ အဆိုးဆုံးလို့ ထင်တဲ့ အချက်ငါးချက်


အာ... ကိုကိုတို့ကတော့...ခေါင်းလာစားပြီ...
ဒါပေမယ့်... အရည်ညှစ်ပြီး စကာနဲ့စစ်လိုက်ပါ့မယ်လေ...

ကောင်းတဲ့အချက်တွေကိုရေးပေးရမယ်ဆိုရင်တော့...
၁။ ပျော်ပျော်နေတတ်တယ်... (ဘယ်လောက်စိတ်ညစ်စရာနဲ့ ကြုံလို့တဟီးဟီးနဲ့ ငိုခဲ့ရငိုခဲ့ရ နောက်နာရီဝက်လောက်ကြာရင် အဲဒီစိတ်ညစ်စရာတွေက ဘယ်ချောင်ရောက်သွားမှန်းမသိဘဲ ဟီးဟီးဟားဟားရယ်မောနိုင်လို့ အဖေ့ရဲ့မျက်စိစပါးမွှေးစူးခြင်း အမြဲခံရသူပေါ့ ဟီးဟီး...)
၂။ အပြိုင်အဆိုင်နည်းတယ်... မနာလို သိပ်မဖြစ်တတ်ဘူး... (ဒါကြောင့်လည်း...နောက်ကလူတွေကျော်တက်ပြီး ကိုယ့်အပေါ်ကိုရောက်ကုန်ကြပြီ :P)
၃။ ကိုယ့်တာဝန် ကိုယ်ယူရဲတယ်...ကိုယ့်မှားရင်လည်း ဝန်ခံဖို့...တောင်းပန်ဖို့လည်း...ဝန်မလေးတတ်ဘူး... (ဒါကြောင့် ကိုယ့်ရဲ့နာဝင်ပီယံရှိသောစကားကို လူတိုင်း နေ့စဉ်နဲ့အမျှ ကြားရတတ်တယ် "sorry sorry ဟီးဟီး..." ဆိုတာကိုလေ)
၎။ လျှို့လျှို့ဝှက်ဝှက်နဲ့... လိမ်ညာတာမျိုး သိပ်မရှိတတ်ဘူး... (အဲဒါကြောင့်ပဲထင်တယ်... ကိုယ်စိတ်ဝင်စားတဲ့သူကိုတောင် မိဘတွေက အထူးစုံစမ်းစရာ မလိုဘဲ အလိုလိုသိသွားကြတာ....ဟားဟား... Westlifeအဖွဲ့က Nickyကိုပြောတာပါ... အထင်တွေ အရမ်းမကြီးလိုက်ကြပါနဲ့ဦး...ဟား...)
၅။ သူများကို ကူညီတတ်တယ်... (ကူညီတတ်လို့ဆိုပြီး bossက တူညီသော increment လေးများပေးရင်တော့...ဒန်တန်တန်...စိတ်ကူးယဉ်မိတာလေးပြောတာပါ...)

မကောင်းတဲ့အချက်တွေကိုရေးပေးရမယ်ဆိုရင်တော့... အဟမ်းအဟမ်း...ကိုယ့်အကြောင်းကိုယ်ဖော် မသူတော်လာပြီဗျိုး....:P)
၁။ လုပ်ချင်ပြီ၊ ဖြစ်ချင်ပြီဆို ဖြစ်သင့်တာ လုပ်သင့်တာ သိပ်မစဉ်းစားဘဲ စိတ်ထင်တာကို လုပ်တတ်တာ (ဒါကြောင့် ဘဝစာမျက်နှာမှာ မှင်နီတော်တော်များနေပြီ :( အမေကဆိုအမြဲပြောတယ် "နင်လုပ်ချင်၊ ဖြစ်ချင်ပြီဆို သိကြားမင်း ဆင်းတားရင်တောင် ရမယ့်ပုံမပေါ်ဘူး"တဲ့... အမေကတော့ သမီးကို အတော်ချစ်တယ်နော်... သိကြားမင်းတောင် ဆင်းတားခိုင်းဦးမတဲ့...ဟီးဟီး...)
၂။ အသုံးအဖြုန်းကြီးတယ်... အကောင်းကြိုက်လွန်းတယ်... (ဟား...ဒီတစ်ချက်နဲ့တင် အပျိုကြီးဖြစ်မှာ သေချာသွားပြီ...ဟီဟိ...)
၃။ stress တစ်ခုခုရှိလာရင် တစ်ခုခုကိုပေါက်ကွဲလိုက်ရမှ...နေသာထိုင်သာရှိတတ်တာ...(အဲဒါကြောင့် ကိုယ့်ပစ္စည်းလေးတွေလည်း ခဏခဏ "တစ်စစီကျိုးပဲ့နေကြတယ်"...ဟဲ...ခုတော့..နည်းနည်းလိမ္မာလာပါပြီ... ကိုယ့်ဝင်ငွေနဲ့ကိုယ်ဆိုတော့ ဖြုန်းအားသိပ်မကောင်းတော့ဘူးလေ... ဟား...)
၎။ စိတ်ဆတ်တယ်... စိတ်ထဲရှိတာကိုလည်း သိပ်အောင့်မထားတတ်ဘဲ ပြောတတ်လွန်းလို့... ဘယ်တော့ခေါင်းကွဲမလဲတော့ မသိဘူး...
၅။ ပေါ့ရွှတ်ရွှတ်နဲ့...ခေါင်းထဲဘာမှသိပ်မရှိတတ်ဘူး... (အမြဲ ခေါင်းထဲမှာ ဗလာဗလာပဲ... ဘယ်လောက် ဗလာလဲဆို... ဒီနေ့စာမေးပွဲ ဖြေပြီးလို့ နောက်တစ်ပတ် မေးခွန်းတွေလာပြန်မေးရင်... အဖြေမပြောနဲ့... အဲဒီမေးခွန်းတွေ မေးခဲ့လားလို့တောင် ပြန်မေးလိုက်မှာ... :P)


ဒီမေးခွန်း ၁၀ခုက ဖြေခဲ့ဖူးသမျှစာမေးပွဲတွေထက် ပိုခက်တယ်ဗျို့... ဒါတွေ ဖြေဖို့ ၂နာရီလောက် အချိန်ပေးလိုက်ရတယ်... မကောင်းတဲ့အချက်ကတော့ ခဏနဲ့ ဖြေပြီးသွားပါတယ်... ကောင်းတဲ့အချက်ကတော့ ခေါင်းတော်တော် ပူအောင် စဉ်းစားလိုက်ရတယ်...

ဟဲဟဲ...tagရဦးမှာဆိုတော့... နောက်လူတွေကို ဒုက္ခပေးလိုက်ဦးမယ်...
၁။ ကိုနိုင်ဇော်ထွန်း Malaysia (ကိုယ့်စာတွေကို အမြဲလိုလို ဖတ်ပေးတတ်သူ...မုန်းလို့ဟုတ်ဘူးနော်...ခင်လို့ပါ...:P)
၂။ မေ London-UK (မေရေ...အထင်တော့မလွဲလိုက်နဲ့ဦး...စာလွှာများရောက်မလာခဲ့ရင်... အဲ...မှားလို့... စာလွှာများရောက်လာခဲ့ရင်... ခင်လို့ပါနော်)
၃။ ကိုဖြိုး Singapore (အချွန်နဲ့မ,တယ်လို့တော့ ထင်နဲ့နော်... အဝိုင်းရော... အပြားရော...လေးထောင့်ရော...နဲ့မ,တာ......ခင်လို့... :၀) )

02 May 2009 ရွှေမြန်မာတွင် မောင်လေး ကိုကို Tag ခဲ့သည်ကို ရေးခဲ့ခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်...


"ဗုဒ္ဓဘာသာငါးမျိုး"ဆိုတဲ့ blogလေးတစ်ခုကို ဖတ်လိုက်ရပြီး စာရေးချင်စိတ် ပါက်သွားတာနဲ့ ကိုယ်သိတာလေးတစ်ချို့ကိုလည်း မျှပေးချင်စိတ် ဖြစ်လာတာမို့ ဒီစာလေး ရးလိုက်ရတာပါ...
ဒီ blogလေးမှာပါတဲ့ စာတစ်ချို့ကိုလည်း ကောက်နှုတ်ဖော်ပြလိုက်ပါတယ်...

"ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကို သိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြားလိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီ ဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ (မိရိုးဖလာ ဗုဒ္ဓဘာသာ)
(၂)။ လာဘ ဗုဒ္ဓဘာသာ (လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ)
(၃)။ ဘယ ဗုဒ္ဓဘာသာ (ဘေးကို ကြောက်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ)
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ (သဒ္ဓါတရားကို အရင်းခံတဲ့ ဗုဒ္ဓဘာသာ)
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ (သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာ) "

အသေးစိတ်ကိုတော့ မဖော်ပြတော့ပါဘူးနော်... blog ထဲက အညွှန်းအတိုင်းပဲ ကိုးကားဖို့ ပြန်ဖော်ပြလိုက်ပါတယ်နော်... (ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစ္စာလေးပါးတရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း)

ဆက်လက်ဖတ်ရှုရန်...








"ဘာရယ်မဟုတ် စိတ်ထဲမှတ်မှတ်ရရနဲ့ မတွေ့တာလည်းနှစ်နဲ့ချီပြီဖြစ်တဲ့ ဆရာတစ်ယောက်အကြောင်း သတိရ အောင့်မေ့စွာနဲ့ ရေးမိရေးရာရေးလိုက်တဲ့ သဘောပါ။
စာတွေရေးရတာကို ဘယ်အချိန်ကစပြီး ပျော်ခဲ့တာပါလိမ့်?...။ ခုလို internet မသုံးတတ်သေးခင်တုန်းက ကိုယ့်ဘာသာ ဝတ္ထုတွေ၊ ကဗျာတွေ ပေါက်တတ်ကရတွေပေါ့ လျှောက်ရေး၊ ညီမလေးနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ချို့ကို ဖတ်ချင်ချင်၊ မဖတ်ချင်ချင် အတင်းပေးဖတ်ခဲ့ဖူးတယ်။ အစတုန်းကတော့ အဖေအမေက ဟုတ်တာလည်းမဟုတ်ဘဲ စာရွက်ဖြုန်းတီးတယ်ဆိုပြီး မျက်စိစပါးမွှေးစူးခဲ့တာပေါ့။ နောက်တော့လည်း "အရူး"လို့ သတ်မှတ်ပြီး ဘာမှမပြောတော့ပါဘူး။ ကျောင်းတစ်ဖက်၊ တစ်ခြားသင်တန်းတွေတစ်ဖက် ကျောင်းပြီးတော့ အလုပ်ထဲ တန်းဝင်ခဲ့တာမို့ ကဗျာတွေကို နည်းနည်းပါးပါးရေးဖြစ်ခဲ့ဖူးပေမယ့် ဝတ္ထုတွေကတော့ အပြီးသတ်နိုင်ခဲ့တာတော်တော်ရှားပါတယ်။ မကောင်းတာတွေက များလွန်းလို့ ကိုယ့်ဘာသာစိတ်ပျက်ရတာလည်း တော်တော်များပါတယ်။ 


အင်း... ပြောရင်းနဲ့ လိုရင်း အံချော်နေပြန်ပါပြီနော်။ ပြောပြချင်တာက... ဒီလို စာတွေ (ဟုတ်တိပတ်တိလည်းမဟုတ်ဘဲနဲ့) ရေးချင်စိတ်ပေါက်အောင်၊ သူများရေးထားတဲ့စာတွေကို ခံစားဖတ်ရှုတတ်အောင် လမ်းညွှန်မှုပေးခဲ့တာကတော့ အထက်တန်းကျောင်းမှာ မြန်မာစာပြပေးခဲ့တဲ့ ဆရာ ဦးလှဝင်း ဖြစ်ပါတယ်။

ဆရာနဲ့ စဆုံခဲ့တာကတော့ ၅တန်းကျောင်းသူဘဝမှာပါ။ ဆရာက တပည့်တွေကို စာသိပ်တတ်စေချင်၊ တော်စေချင်သူမို့ သူ့အတန်းချိန်တိုင်း စာမေးလေ့ရှိသလို မရရင်လည်း ကြိမ်လုံးကြီးနဲ့ ရိုက်တတ်သူပါ။ အရိုက်ခံရမှာကြောက်တာရော၊ ရှက်တာရောကြောင့် ရပြီးသားစာကိုတောင် အထပ်ထပ်ဖတ်ခဲ့ရပါတယ်။ လူစေ့တက်စေ့မမေးနိုင်တော့ roll အလိုက် ဆရာက စာမေးတတ်တယ်။ အဲ... သူ့စိတ်ထဲ စာသိပ်မရဘူးလို့ ထင်တဲ့သူကိုတော့ တစ်ယောက်ချင်း မေးရောပဲ။ တစ်နေ့မှာ ကိုယ်ဈေးဦးပေါက်တယ်ဆိုပါတော့။ စာရပေမယ့် ဆရာ့ရှေ့ဆိုတော့ ကြောက်ကြောက်လန့်လန့် ထစ်ထစ်ငေါ့ငေါ့နဲ့ပေါ့။ ဆိုလို့ပြီးသည့်တိုင် ဆရာက ထိုင်ခွင့်မပေးသေးဘဲ ကြိမ်လုံးကြီး ကိုင်ပြီး ပြုံးကြည့်နေခဲ့တာ အကြာကြီးပါပဲ။ အဲ့ဒီမှာ ကလေးပီပီပဲ ဟီး..ဆိုပြီး ငိုချလိုက်တော့... ဆရာက ရယ်ရယ်မောမောနဲ့ "ဟ...ငါ့တပည့် တယ်သတ္တိကောင်းပါလား၊ ဆရာ ဘာမှမလုပ်ပါဘူး၊ ထိုင်...ထိုင်...ဆရာက စတာပါ" လို့ ဆိုပြီးထိုင်ခိုင်းခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ဆရာ တစ်ခါမှ ကိုယ့်ကို တစ်ယောက်တည်း စာမမေးတော့ပါဘူး။ ဆရာ စာမမေးတော့တာကို အခွင့်ကောင်းယူပြီး စာသေသေချာချာ မကျက်ခဲ့ဖူးတာတွေ ရှိခဲ့ဖူးတယ်။ ဟီး...စာမရတရမှာ roll အလိုက် စာဆိုရတော့ ဝါးဝါးချခဲ့တာ မှတ်မိသေးတယ်။ (ဆရာနဲ့ ပတ်သက်ပြီး နောက်ထပ်အမှတ်ရစရာတွေ ရှိခဲ့ပေမယ့် ရေးသားမဖော်ပြတော့ပါဘူး)

ဒီလိုနဲ့ ၇တန်းကျောင်းသူဘဝမှာ ဆရာနဲ့ ထပ်ဆုံကြပြန်ပါတယ်။ ဒီတစ်ခါတော့ အတန်းကြီးလာတဲ့ ကိုယ်တို့ကို ဆရာက ကြိမ်လုံးကြီးကိုင်တတ်ပေမယ့် ရိုက်လေ့မရှိတော့ပါဘူး။ အဲဒီ၇တန်းဆိုတဲ့ ကျောင်းသားကျောင်းသူဘဝမှာ "စာစီစာကုံး"ဆိုတာကို တွင်တွင်ကျယ်ကျယ် ရေးနေရပြီလေ။ ဆရာက ရေးပြီးတင်တဲ့ စာစီစာကုံးတွေကို အမှတ်ပေးလေ့ရှိတော့ သူ့ထက်ငါ ကောင်းအောင် ရောင်းတန်းစာစီစာကုံးစာအုပ်တွေထဲက အကောင်းတကာ့ အကောင်းဆုံး စာသားတွေကို ကူးရေးခဲ့ကြတာ tတစ်တန်းလုံးပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ဆရာက စာစီစာကုံးခေါင်းစဉ်တစ်ခုကို ချပေးပြီး တစ်ပတ်အချိန်ပေးလိုက်တယ်။ ခေါင်းစဉ်ကို ကျောက်သင်ပုန်းပေါ် ရေးလိုက်တာနဲ့ ကျောင်းသားကျောင်းသူ အားလုံးအော်ကုန်ကြပါတော့တယ်။ ခေါင်းစဉ်က အင်မတန်မှ ရိုးစင်းပါတယ်။ "လူ" ပါတဲ့... 


ဘယ်ရောင်းတန်းစာစီစာကုံးစာအုပ်မှာမှ ရှာမတွေ့နိုင်တဲ့ ခေါင်းစဉ်ပါ။ ကျောင်းသားကျောင်းသူတိုင်းရဲ့ နေ့တိုင်း topic က "စာစီစာကုံးရေးပြီးပြီလား" ဆိုတာပါပဲ။ ဘယ်ကဘယ်လို စရေးရမှန်းမသိလို့ အမေ့ဆီက အကြံဉာဏ်ကိုလည်းတောင်းခဲ့ရပါသေးတယ်။ ရှိရှိသမျှ "လူ"နဲ့ဆိုင်မယ့် စာအုပ်တွေ (ဘုရားစာအုပ်ပါမကျန်)ကို ဖတ်ပြီး စိတ်ကူးပေါက်သလို စာစီစာကုံးကို ရေးလိုက် ဖတ်လိုက် ပြင်လိုက်နဲ့ပေါ့။ စာအုပ်ထပ်ရမယ့်မနက် ကျောင်းသွားခါနီးမှ အချောပြန်ရေးနိုင်ခဲ့တာ။ စာအုပ်တွေထပ်ပြီးလို့ တစ်ပတ်အကြာ တစ်ခန်းလုံးမှာရှိတဲ့ ကျောင်းသားကျောင်းသူတိုင်း စာအုပ်တွေမှာ အမှတ်ကိုယ်စီနဲ့ ပြန်ရကြပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ နောက်ကျောင်းသူတစ်ယောက်ကတော့ စာအုပ်ပြန်မရခဲ့ပါဘူး။ ဘာလို့ဆို ကိုယ်တို့နှစ်ယောက်က ၁၆မှတ်နဲ့ အမှတ်အများဆုံးရကြလို့ ဆရာက တစ်ခြားသူသင်ရတဲ့ အတန်းကြီး၊ အတန်းတူတွေကို ပေးဖတ်ခိုင်းထားတာဖြစ်ကြာင်း နောက်မှ ပြောပြပါတယ်။ (အဲဒီ "လူ" ဆိုတဲ့ စာစီစာကုံးကို ဆရာသင်ရတဲ့ အတန်းကြီး အတန်းငယ်တိုင်းမှာ တစ်ချိန်တည်း ရေးခိုင်းခဲ့တာပါ)။ နောက်ပိုင်းမှာလည်း အလားတူ ရောင်းတန်းစာစီစာကုံးစာအုပ်တွေမှာ သိပ်မရှိနိုင်တဲ့ (သို့သော် ရောင်းတန်းစာစီစာကုံးစာအုပ်တွေကနေ ကိုးကားနိုင်တဲ့) စာစီစာကုံးမျိုးတွေရေးခိုင်းခဲ့ပါတယ်.။ တစ်ခါအမှတ်အများဆုံးရခဲ့ဖူးထားတော့ နောက်စာစီစာကုံးတွေမှာလည်း အမှတ်အများဆုံးမဟုတ်သည့်တိုင် ကိုယ့်အမှတ်ကိုတော့ ဆိုးဆိုးရွားရွားကြီးဖြစ်မသွားရအောင် ကြိုးစားပြီး ထိန်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆရာက တစ်ခြားဆရာတွေရှေ့မှာဖြစ်ဖြစ်၊ တစ်ခြားတပည့်တွေရှေ့မှာဖြစ်ဖြစ် ကိုယ့်ကို "ဒါ ကျွန်တော့်တပည့်" လို့ ဆရာ ဂုဏ်ယူစွာနဲ့ ပြောတတ်ခဲ့ဖူးပါတယ်။ ဆရာ အဲ့လို ဂုဏ်ယူစွာ ပြောတတ်လို့လည်း ကိုယ့်ကိုကိုယ် ပိုယုံကြည်မှုတွေ ရှိလာပြီး စာစီစာကုံးတွေကိုလည်း ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးလာနိုင်ပါတယ်။ မှတ်မှတ်ရရ ဂုဏ်ထူးပေးတဲ့ ၈တန်းစာမေးပွဲကြီးမှာ စာစီစာကုံးကို ၁၄မျက်နှာ လက်တန်းရေးပြီး မြန်မာစာ ဂုဏ်ထူးရခဲ့ဖူးသလို ၁၀တန်းမှာ အချိန်မမီလို့ စာစီစာကုံးရေးဖို့ မိနစ်၃၀ပဲ ရခဲ့တာကို စာမျက်နှာ ၈မျက်နှာကျော်ရအောင် လက်တန်းရေးနိုင်ခဲ့တာဟာ ဆရာ့ ကျေးဇူးပါ။ (ကြွားခြင်းမဟုတ်ရပါ Practice make Perfect - စာစီစာကုံး အမြဲရေးကျင့်ရှိခဲ့လို့လို့ ဆိုလိုပါတယ်) ဒီ့အပြင် တက္ကသိုလ်မှာ ကိုယ်တက်ခဲ့ရတဲ့ ဘာသာက တစ်ယောက်ချင်းစီ Term Paper တင်ခဲ့ရတော့ကလည်း ကိုယ်ရေးမယ့် လုပ်ငန်း၊အကြောင်းအရာတွေကို ကျောင်း library မှာ ရှာမတွေ့ခဲ့လို့ ကိုယ့်ဘာသာ တစ်ပွေတည်း ကျဲခဲ့နိုင်တာဟာလည်း ဆရာ့ကျေးဇူးကြောင့်ပါပဲ။

တကယ်တော့ ကိုယ်ဟာ စာစီစာကုံးရေးတဲ့ နေရာမှာ အရမ်းကို ညံ့ခဲ့သူပါ။ စာစီစာကုံးကို ဘယ်လိုရေးရတယ်၊ ဘာအကြောင်းအရာကို ဘယ်လိုအဆင်ပြေအောင်ရေးရတယ်ဆိုတာကို မသိတတ်အောင်ကို အသိဉာဏ်ထုံခဲ့သူပါ။ ၄တန်းကျောင်းသူဘဝတုန်းက မှတ်မှတ်ထင်ထင် ပထဆုံး ကျောင်းကိုယ်စားပြု စာစီစာကုံး ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ၃ယောက်ဝင်ပြိုင်တာ ကိုယ်တစ်ယောက်ပဲ ဆုမရခဲ့လို့ အမေ ပထမဆုံးအကြိမ် စာနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန်ဆူခဲ့တာ၊ လူတွေကြား ခေါင်းမဖော်ရဲအောင် ရှက်ခဲ့ရတာ ခုထိ အမှတ်ရနေဆဲပါ။ အဒီ့အချိန်ကစလို့ စာစီစာကုံးပြိုင်ပွဲတို့၊ တစ်ခြားပြိုင်ပွဲတို့မှာ (တစ်တန်းလုံးပြိုင်ခိုင်းတာမျိုးကလွဲရင်ပေါ့) ဝင်ပြိုင်တာမျိုးမရှိခဲ့တာ ကျောင်းပြီးတဲ့အထိပါပဲ။ ဒီနေ့အထိလည်း အရှုံးဆိုတာကို ပီပီပြင်ပြင်လက်ခံရဲတဲ့ သတ္တိမရှိသေးလို့ "ပြိုင်"ဆိုတဲ့အသံတောင် မကြားချင်ယောင်ဆောင်နေသူပါ။

ဆရာ့ကျေးဇူးကြောင့်သာ စာစီစာကုံးတွေရေးရတာကို ပျော်လာခဲ့တယ်။ စာစီစာကုံးကို ဘယ်လိုရေးရတယ်၊ ဘာကိုအဓိကထား ရေးရတယ်ဆိုတာကို သိနားလည်လာခဲ့သလို စာရေးနိုင်ဖို့ စာအရေးအသားတွေ လေ့လာရတာကိုလည်း သဘောကျလာခဲ့တယ်။ စာတွေဖတ်ရတာကိုလည်း မြတ်နိုးတတ်လာခဲ့တယ်။ အဲ့ဒီ ၇တန်းကျောင်းသူဘဝတုန်းက ရေးခဲ့တဲ့ စာစီစာကုံးစာအုပ်လေးကို ဆရာတောင်းလို့ စာမေးပွဲကြီးပြီးကတည်းက ပေးလိုက်ရတာကြောင့် "လူ" အကြောင်းကို ဘယ်လိုရေးခဲ့၊ ဘာတွေရေးခဲ့လည်းဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။ ဆရာကြောင့်သာ "ငါလုပ်နိုင်ပါတယ်"ဆိုတဲ့ ရုံကြည်မှုလေး ရှိလာခဲ့တာပါ။

ဆရာက ကိုယ့်ရဲ့ ထူးထူးခြားခြားနဲ့ ချစ်၊ကြောက်၊ရိုသေခဲ့ရတဲ့ ဆရာတစ်ဦးပါ။ အထက်ကျောင်းတွေမှာ ဆရာဆိုတာ အရမ်းရှားခဲ့သလို ဆရာ၊ဆရာမတွေထဲမှာလည်း ဆရာက အနွမ်းပါးဆုံးဆရာတစ်ယောက်ပါ။ ရတဲ့ကျောင်းဆရာလခနဲ့ ကန်စွန်းရွက်ကို ဆီမပါ ရေနဲ့ပြုတ် ဆားခတ်ပြီးစားခဲ့သူပါ။ ဟိုးအဝေးကြီးကနေ busစီးပြီး ကျောင်းလာ စာသင်ပေးခဲ့သူပါ။ ချို့တဲ့တဲ့ ဆရာ့ကိုမှ ရွေးပြီး ခါးပိုက်နှိုက်ခံရတာတောင် တပည့်တွေကို ရယ်ရယ်မောမောပြောပြပြီး ဘဝအကြောင်း ဥပမာပေး ရှင်းပြပေးခဲ့ဖူးသူပါ။ အမေဆုံးတာတောင် အပြုံးတစ်ချက်မပျက် စာသင်ပေးနိုင်ခဲ့တာလည်းဆရာပါပဲ။ အဲဒီတစ်ခါတုန်းက တစ်ခါဆိုတစ်ခါတည်းပါပဲ အမြဲပြုံးနေတတ်တဲ့ ဆရာ့ကိုမျက်ရည်စတွေနဲ့ တွေ့ခဲ့ဖူးတယ်။ တပည့်တွေကို ဆရာ့အကြောင်းရင်ဖွင့်ခဲ့ဖူးတယ်။ အားလုံး ငြိမ်သက်လို့ ဆရာ့အပေါ် ဂရုဏာသက်၊ နားလည်သွားခဲ့ကြတာ...။ ဆရာ ဆိုတာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့လူမျိုးပါလိမ့်နော်...။
အဲဒီအထက်တန်းကျောင်းအချိန်တုန်းက ကျောင်းသားကျောင်းသူအချင်းချင်း အော်တိုရေးခိုင်းကြ၊ ဆရာဆရာမတွေကိုလည်း အော်တိုရေးခိုင်းခဲ့ကြတာ ခေတ်တစ်ခေတ်ဖြစ်ခဲ့ပါသေးတယ်။ ကိုယ်ခင်တဲ့ သူငယ်ချင်းတွေကို နွေကျောင်းမပိတ်ခင် လက်ဆောင်တွေ အပြန်အလှန်ပေးကြ၊ ဆရာဆရာမတွေကို လက်ဆောင်(ဘောလ်ပန်၊ခဲတံ စသဖြင့်ပေါ့) လက်ဆောင်ပေးကြတာမျိုးတွေပေါ့။ ဆရာ့ကိုတော့ စာမေးပွဲ နောက်ဆုံးရက်မှာမှ ရှာတွေ့ခဲ့ပါတယ်။ ဆရာ့ကို ဘောလ်ပန်တွေလက်ဆောင်ပေးတော့ "ငါ့တပည့်..." အစချီပြီးဆုတွေပေးခဲ့တာ၊ ကိုယ်ပေးတဲ့ ဘောလ်ပန်တွေက သိပ်အဖိုးတန်တာ မဟုတ်ပေမယ့် ဆရာဝမ်းသာစွာနဲ့ ယူခဲ့တယ်။ အဲဒီနေ့... ဆရာ့ မျက်ဝန်းတွေထဲက ပီတိမျက်ရည်တွေကိုလည်း ကိုယ်မြင်ခဲ့ရတယ်။ အဲဒီအချိန်ကစလို့ ဆရာနဲ့ ကိုယ်တို့တွေ ဆရာတပည့် ပြန်တွေ့ဆုံမှုမျိုး မရှိခဲ့တာ ၁၀တန်းပြီးသွားခဲ့သည့်တိုင်အောင်ပါပဲ။

ဪ... ဒီလောက်အဆင်မပြေမှုတွေကြားက အပြုံးမပျက် အဝေးကြီးကနေ ဘာအကျိုးအမြတ်မှ မရှိတဲ့ ဒီကျောင်းဆရာဘဝကို ဆရာဘာကြောင့်များ မက်မောတွယ်တာနေတာပါလိမ့်...လို့ တွေးမိတော့ ဆရာ့ကိုအင်မတန်မှ လေးစားဂုဏ်ယူ နားလည်မိပါတယ်။ ခုဆို ဆရာ ပင်စင်ယူခဲ့တာလည်း ကြာပြီမို့ ဆရာ ဘာတွေများလုပ်နေမှာပါလိမ့်။ ဆရာနေတဲ့ နေရာကိုလည်းမသိ၊ ပြန်တွေ့ကျဖို့ဆိုတာကလည်း....
"အမှားအယွင်းတစ်စုံတစ်ရာ အဆင်မပြေမှုအရာအထောင်နဲ့ အရေးအသားမပြေပြစ်မှု အသိန်းအသောင်းရှိခဲ့သော် ကျွန်ုပ်ရဲ့သင်ယူမှတ်သား ဆည်းပူးလိုက်နာမူ ညံ့ဖျင်းခြင်းသာဖြစ်ပါကြောင်း"

Created By: k2tmaung (18 Apr 2009 Saturday 04:35AM)

ဆက်လက်ဖတ်ရှုရန်...


မျှော်လင့်ချက်တွေပေးပြီး 
သာယာမှုအတွေးတွေနဲ့ 
မင်းကိုဝေဒနာတွေ မပေးချင်ပါဘူး။ 
မင်းရဲ့ချစ်ခင်မှုတွေနဲ့ 
လူအထင်ကြီးအောင် 
ကိုယ့်ဖြူစင်မှုတွေကိုလည်း 
အရောင်မဆိုးချင်ပါဘူး။ 
ကိုယ်တကယ်မချစ်နိင်မှန်း သေချာရက်နဲ့ 
သံယောဇဉ်တွေ ရစ်ပတ်စေပြီး 
မင်းရဲ့အချိန်တွေကို ကိုယ့်အနားမှာ 
မနှစ်မြုပ်ထားစေချင်ပါဘူး။ 
ဒါကြောင့် ……… 
မင်းလည်း ဝေဒနာတွေမတိုးခင် 
ကိုယ့်ဖြူစင်မှုတွေလည်း အရောင်မပြောင်းခင် 
မင်းရဲ့အချိန်တွေလည်း မဆုံးရှုံးခင် 
ခဏတာ ခံစားရပေမယ့် 
နောင်ကြာရှည် 
မင်းအတွက် ကောင်းစေမယ့် 
ကိုယ့်ရဲ့စကားလုံးတွေကို 
တစ်နေ့တော့ 
မင်းနားလည်မှာပါ ကောင်လေးရာ…….။

Created By: k2tmaung (May 2006)

ဆက်လက်ဖတ်ရှုရန်...


မင်းလည်း လူတစ်ယောက် 
ကိုယ်လည်း လူတစ်ယောက်မို့ 
လူလူချင်း ခင်မင်မိကြတာ 
သိပ်တော့မဆန်းလှပါဘူး။ 
မင်းကလည်း ယောက်ျားလေးတစ်ယောက် 
ကိုယ်ကလည်း မိန်းကလေးတစ်ယောက်မို့ 
မင်း ကိုယ့်ကို စိတ်ဝင်စားမိတာ 
သိပ်တော့အပြစ် မရှိပါဘူး။ 
မင်းဘက်ကလည်း ချဉ်းကပ်ခွင့်ရှိသလို 
ကိုယ့်ဘက်ကလည်း ငြင်းပယ်ခွင့်ရှိတာမို့ 
မင်းကို ကိုယ်ရှောင်ဖယ်မိတာ သိပ်တော့မမှားပါဘူး။ 
မင်းဘက်က ဇာတ်လမ်းစ,နိုင်သလို 
ကိုယ့်ဘက်ကလည်း ဇာတ်လမ်းဆုံးအောင် 
'ကိုယ့်မှာ ချစ်သူရှိတယ်' လို့ မုသားသုံးနိုင်တာမို့ 
မင်း ကိုယ့်ကို စိတ်နာနေရင်လည်း 
ကိုယ် မတောင်းပန်ချင်ပါဘူး။

Created By: k2tmaung (May 2006)

ဆက်လက်ဖတ်ရှုရန်...

မြင်တွေ့နေရတဲ့ ကောင်းကင်ကြီးတစ်ခု  
ကြယ်တစ်ချို့နဲ့ လမင်းတစ်စင်းက 
တာက်ပနေစေပေမယ့် 
ငါ့ဘဝက မှောင်အတိမို့  
အားကျမိတယ်။  
မြင်တွေ့နေရတဲ့ ပင်လယ်ကြီးတစ်ခု  
လှိုင်းတစ်ချို့နဲ့ ကျောက်ဆောင်များက  
သာယာလှပနေစေပေမယ့်  
ငါ့ဘဝက အပျော်မဲ့မို့  
အားကျမိတယ်။  
မြင်တွေ့နေရတဲ့ လူတစ်စု  
ချမ်းသာပျော်ရွှင်ခြင်း နဲ့ ကြွယ်ဝမှုတွေက  
ခမ်းနားနေစေပေမယ့်  
ငါ့ဘဝက နုပ်ခြာခြာမို့  
အားကျမိတယ်။

Created By: k2tmaung (2006)

ဆက်လက်ဖတ်ရှုရန်...


Busဆို အပြေးအလွှား 
လမ်းဘေးဖုန်းသာ အသုံးများ 
ခပ်နုပ်နုပ်ဘဝနဲ့ မကွာခြားတာမို့ 
ရှင့်မိဘတွေက ငြူစူနေမလား ချစ်သူ။ 
နေရတာက မြို့စွန်နား 
ဇိမ်ခံပစ္စည်းဆိုတာ အသာထား 
အိမ်အပြင်အဆင်ကလည်း မခမ်းနားတာမို့ 
ရှင့်မိဘတွေက စဉ်းစားပေးပါ့မလား ချစ်သူ။ 
အဖေဆိုတာ လခစား 
အမေဆိုတာ အဖေ့အားထား 
ငွေဆိုတဲ့အရာက ရှားပါးတာမို့ 
ရှင့်မိဘတွေက ကြည်ဖြူပါ့မလား ချစ်သူ။ 
ဝတ်ရတာက အပေါစား 
စီးနေကျက ဖိနပ်အပါး 
ရွှေငွေဆိုတာ မကြွားထားတာမို့ 
ရှင့်မိဘတွေက သဘောတူပါ့မလား ချစ်သူ။ 
ရုပ်ရည်ဆိုတာ မသားနား 
ပညာဆိုတာ တတ်ရုံငြား 
လိုအပ်ချက်တွေက များပြားတာမို့ 
ရှင့်မိဘတွေက လက်ခံပါ့မလား ချစ်သူ။ 
နှလုံးသားချင်းက ညီမျှပေမယ့် 
ဘဝချင်းက ထပ်တူမကျ 
အဆင့်အတန်းဆိုတာ ကွာလွန်းလှတာမို့ 
ဒီမျှနဲ့သာ ကျေနပ်ပါ ချစ်သူ။ 
အချစ်ဆိုတာကို မေ့ထား 
အလွမ်းတွေကို အလေးမထားဘဲ 
အလုပ်ကိုသာ ကြိုးစားလိုက်ရင် 
စိတ်သက်သာရာ ရမှာပါ ချစ်သူ။ 
အချိန်တွေ ကြာညောင်း 
ကာလတွေ ရွေ့ပြောင်း 
အတိတ်တွေ အိုဟောင်းသွားရင် 
အားလုံးကို မေ့နိုင်သွားမှာပါ ချစ်သူ။

Created By: k2tmaung (2006)

ဆက်လက်ဖတ်ရှုရန်...







ရင်ထဲမှာ ပြည့်ကျပ်လို့
သောကတွေနဲ့ မောဟိုက်နေပေမယ့်
ဘဝကို အရှုံးမပေးဖို့
ကိုယ့်စိတ်ကို ဆုံးမထားတယ်။
ရင်ထဲမှာ ပူလောင်လို့
ဒုက္ခတွေနဲ့ ဆုတ်ယုတ်နေပေမယ့်
စိတ်ဓာတ်တွေ မြေခမသွားအောင်
ကိုယ့်စိတ်ကို ဖြေသိမ့်ထားတယ်။
ရင်ထဲမှာ စို့နစ်လို့
ပူဆွေးမှုတွေနဲ့ လူဖြစ်နေပေမယ့်
မာနကို ခဝါမချဖို့
ကိုယ့်စိတ်ကို မာကျောထားတယ်။
ရင်ထဲမှာ နာကျင်လို့
ဝမ်းနည်းမှုတွေနဲ့ လွမ်းဆွတ်နေပေမယ့်
နှလုံးသားကို အလေးမထားဖို့
ကိုယ့်စိတ်ကို သတိပေးထားတယ်။



Created By: k2tmaung (2006)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..