မင်္ဂလာပါရှင်~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေရှင်~~~

k2tmaung

ဘဝဆိုတာ... အမောတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...











လျှောက်ခဲ့တဲ့ လမ်းတွေပေါ်...
အမှားတွေနဲ့ မှောက်ကျ...
အနာဂတ်တွေ ခဏခဏပျောက်ရှပေမယ့်...
ငါဟာ အမြဲ မှန်ချင်ခဲ့သူသာ...

တကယ်တော့...
ငါ လုပ်ခဲ့သမျှ အမှားတွေ မဟုတ်ခဲ့...
အမှားတွေကသာ ငါ့ကို ခလုတ်တိုက်ခဲ့တာ...

ကဲ ပြော...
ငါ အပြစ်ဖြစ်လောက်တဲ့ အစစ်အမှန်တရား...
ငါ ဘာများ မှားယွင်းခဲ့သလဲ...
ဒါပေမယ့်
ငါ ထွင်းခဲ့တဲ့လမ်းက...
အမြဲ ကြမ်းတမ်းခဲ့တယ်...

ပေးခဲ့ရတဲ့ ချွေး...
နှင်းခဲ့ရတဲ့ ချစ်ခြင်း...
ခွာခဲ့ရတဲ့ မေတ္တာ...
တကယ်ဆို
ပေးဆပ်ရခြင်းတွေနဲ့သာ...
ငါ့ဘဝက ခြောက်ကပ်ခဲ့ရ...

ကဲ ပြော...
မှင်နီသားစရာ ငါ့စာမျက်နှာ...
မာတိကာမရှိတဲ့ စာတစ်အုပ်...
ဖတ်ဖို့ စိတ်ရှုပ်မှာ ငါဘာများ တတ်နိုင်မှာလဲ...
ဒါပေမယ့်
အသပ်ရပ်ဆုံး ရေးခဲ့တဲ့ ငါ့လက်ရေး...
မွေးရာပါတော့ မလှပခဲ့ရိုးအမှန်...

ငါ
ရိုးသားခဲ့တယ်...
ကြိုးစားခဲ့တယ်...
အရှေ့ကိုပဲ ဆက်လျှောက်ခဲ့တယ်...

တခါတလေတော့...
ငါ့ကိုယ်ငါ တိမ်မဖုံး...
အရိပ်မဆုံးဘဲ...
(အားလုံးနဲ့)ပြေလည်နိုင်ဖို့ ရုန်းကန်ရတာ...
ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်...
မှန်ကန်ဖို့ကို ရွေးချယ်ရင်း...
နင်းခဲ့ရတဲ့ ငါ့ဆန္ဒတွေ...
မမြင်ခဲ့လေသလား...
အမြင်မကြည်ခဲ့လေသလား...
အထပ်ထပ်နင်းတော့...
အစင်းရာတွေ ပိုထင်းခဲ့ရပေါ့...

နောက်ပြန်မလှည့်ပါဘူး...
တည့်တည့် နဲ့ မှန်မှန်...
ငါ တစ်ယာက်တည်း...
လမ်း ဆက်လျှောက်ချင်တယ်...

Created By: k2tmaung (23 January 2017 Monday 00:18PM)

ဆက်လက်ဖတ်ရှုရန်...














ငါ့နေမင်းက...
မြင်သာထင်သာ...
မစွမ်းရှာ..
သို့သော်
ရှိတဲ့အလင်းနဲ့...
ခင်းချပြချင်တဲ့...
လမင်းတစင်းတော့
ငါ့မှာ ရှိလေရဲ့...

ငါလင်းပြတဲ့အခါ ဝမ်းသာပါ...
ငါမှိန်ဖျော့တဲ့အခါ နားလည်ပါ...

ကိုယ်ပိုင်မဟုတ်တဲ့ အလင်း...
ရှင်းရှင်းတော့ ဘယ်အမြဲမြင်ရပါ့...
ငါ စွမ်းသမျှ စုဆောင်း...
တဖြောင်းဖြောင်း မောင်းတင်ခဲ့ရ...
ရောင်းရင်းတို့...
ငါ မထိန်လင်းနိုင်တဲ့အခါ...
မကြိမ်ဆဲဖို့ပဲ မျှော်လင့်တယ်...

ငါဟာ လမင်း...
နေတစ်စင်းလိုတော့...
ဘယ်လင်းနိုင်ပါ့မလဲ...

Created By: k2tmaung (22 January 2017 Sunday 22:50PM))

ဆက်လက်ဖတ်ရှုရန်...














မယုံကြည်ခြင်း နဲ့ အထင်သေးခြင်း
သံတူကြောင်းကွဲ
အဓိပ္ပါယ်တော့ လွဲပါတယ်

ဖြစ်ချင်ရာကို ဦးတည်ခဲ့ရင်
ဘယ်သူတွေ မျက်ရည်စီခဲ့မစီခဲ့
ဘယ်သူတွေ အမုန်းချည်ခဲ့မချည်ခဲ့
ဘယ်သူတွေ အပြုံးညီခဲ့မညီခဲ့
ရည်ရွယ်ရာကို သွေဖီရိုးမရှိခဲ့
ကိုယ်ဆိုတာ အဲ့လို တကိုယ်ကောင်းစိတ်နဲ့
အရည်ထူခဲ့တဲ့ လူ

သို့သော်
မှားမှန်းသိလို့ ဆုတ်ခဲ့တဲ့
ကိုယ်ကိုယ်တိုင်ရဲ့ ခြေလှမ်း
စိတ်မှန်းနဲ့တောင် မရုတ်ခဲ့
ကိုယ်ဆိုတာ အဲ့လို ကိုယ့်ကတိကိုယ်
ကလူမပြုခဲ့တဲ့ လူ

အချိန်တွေလည်း လွန်ခဲ့ပြီ
အမှားကိုကောက် မျက်ထောက်နဲ့ကြည့်သ၍တော့
အပြစ်တွေလည်း နစ်သထက်နစ်နေဦးမှာပါပဲ...

နွေတွေလည်း ဟောင်းခဲ့ပြီ
ကာယကံရှင်ထက်
ဘယ်သူ့ ဒဏ်ရာက
ပိုနက်နိုင်ဦးမှာလဲ

အနာဂတ်ထဲ ငါ့အမှားတွေ ထုတ်ဖို့
ငါ့ခြေလှမ်းတွေချုပ်
ငါ့လက်တွေကိုတုပ်
မျက်စိရှေ့ထား
နားတွေစွင့်ကား
ငါ နဲ့ ငါကို ခွဲခြားဖို့
လိုကို လိုအပ်ခဲ့လား
အဲ့ဒီလိုဆို...
မေတ္တာတရားအပေါ်
အတ္တ ပွါးတဲ့
စေတနာအမှားလို့
မှင်နီ ပြန်တားပေးပါရစေ

ငါ ကွေ့ထွက်ခဲ့တဲ့ လမ်းခွဲမှာ
ငါသာ သိတဲ့ အကွဲအပြဲ
သတိတွဲပေးဖို့ မလိုအောင်
ငါ အမြဲ အမှတ်ရနေပါတယ်

အခွင့်အရေးဆိုတာ မပေးသ၍
ယုံကြည်ဖို့ရာ ဝေးနေဦးမှာပါပဲ...
အပေးအယူဆိုတာ မကူသ၍
စိုးရိမ်ခြင်းဆိုတာ တာဆူနေဦးမှာပါပဲ...

အမာရွတ်အတွက်
နေရာလွတ်သာ အလိုအပ်ဆုံးပါ...

Created By: k2tmaung (09 January 2017 Monday 12:20PM)

ဆက်လက်ဖတ်ရှုရန်...














ကိုယ့်အတွက် မမြဲခဲ့တဲ့ ကြိုး
ရိုးမယ်ဖွဲ့လို့ အပြစ်မဆိုသာ
တင်းတင်းဆွဲခဲ့ဖူးတဲ့ ကြိုး
အညှိုးနဲ့ဖြတ်သလို ကျန်ခဲ့ရတဲ့ဒဏ်ရာ

မေးရက်တယ်... အစွန်းတစ်ဖက် မလွှတ်ရက်လေသလားတဲ့
ကိုယ့်နေရာက ထိလွယ်ရှလွယ်
သေချာပါတယ်
အဲ့ဒီအစွယ် ကိုယ့်ဘက်ကိုယ်လှည့်
တပါးသူတွေကို ငဲ့ဖို့
ကိုယ်ဟာ ရင့်ကျက်သူပါ

ကိုယ်ရဖူးတဲ့ အနာ
ဘယ်သူ့မှ မရှစေရာ
ကိုယ်ဟာ ဆင်ခြင်တတ်သူပါ

ကိုယ့်ဆန္ဒအတွက်
တပါးသူဘဝ မရောထွေးစေရာ
ကိုယ်ဟာ စာနာတတ်သူပါ

ကြိုး
တရစ်ချင်း အထပ်ထပ်ရစ်ခဲ့သမို့
တသက်လုံး အပျက်ပျက် ဖြတ်လို့ရပါ့
သွေးချင်းရဲလို့ တဖက်စွန်းမှာ
မလွှတ်တမ်း မြဲနေပါစေဦး
အဲ့ဒီကြိုးရဲ့တစ်ဖက် ဒီတစ်သက်
ဘယ်တော့မှ ငါသည် ပြန်မကမ်းစေရ...။

Created By: k2tmaung (07 January 2017 Saturday 06:22PM)

ဆက်လက်ဖတ်ရှုရန်...















ဖတ်ဖို့ရေးခဲ့တာမဟုတ်တဲ့ စာတစ်အုပ်
ရုတ်တရက် ဖတ်မိ ကျိန်စာသင့်၏

အဲ့ဒီမျက်လုံး အဲ့ဒီအပြုံးနဲ့ အဲ့ဒီစကားလုံး
စုန်းမတစ်ယောက်ရဲ့ အရှုံး အမုန်းသင့်စေ

နားထဲမှာ မျက်စိထဲမှာ ခေါင်းထဲမှာ
တဖျတ်ဖျတ် တလက်လက်
ပြုစားခံရတာဆို သူ့ကို အိပ်မက်ထဲမှာ မြင်ဖူးလေရဲ့

"အချစ်"
ရစ်မူး စွံ့အ
တစစ်စစ်နာမှ
အဆိပ်မှန်းသိ
ထိထားတဲ့ စာအုပ်ပေါ်က လက်
ဖျတ်ကနဲ အရုတ်မှာ
ဘဝထဲ ကမောက်ကမ မှောက်ကျ

မှင်တစ်စက်ချင်းက ရှိုက်ချက်ထိပြင်း
ချစ်ခြင်းတွေခင်းကျင်း အမုန်းတွေစစ်ခင်း
စူးခင်းလမ်းပေါ် မာနတွေချနင်း
ရင်ဘတ် နဲ့ရင်းပြီး ရေးတဲ့
နှလုံးသွေးနဲ့ မကင်းတဲ့ ဒဏ်ရာ

ထိမရ ပွေ့မရ နမ်းရှိုက်မရ
ဒိုင်ယာရီဆိုတာ
ခပ်လှမ်းလှမ်းကငေး ရင်ကိုနွေးစေမယ့်
ပြန်မလှန်သင့်တဲ့ ကျိန်စာ။

Created By: k2tmaung (16 September 2016 Friday 07:28PM)

ဆက်လက်ဖတ်ရှုရန်...













ငေးနေတိုင်းလည်း ဆွေးနေတာမဟုတ်သလို
တွေးနေတိုင်းလည်း အမေးတွေ အဖြေမရဘူး
အစေးကပ်တိုင်း အပေးအယူတည့်တာမဟုတ်သလို
ဖေးမတိုင်းလည်း အရေးပေးတာမဟုတ်ဘူး

ကံကြမ္မာဆိုတာ အထအနကောက်တတ်တဲ့
အချော့အမော့ကြိုက်တဲ့ အထာကျကျ ဇာတ်ဆရာ
လူအများစုက မင်းသားမင်းသမီးဖြစ်ချင်တဲ့
အချယ်အသမကင်းတဲ့ အရေခြုံ မယုံရတဲ့အလွှာ

တဝင်းဝင်းတောက်နေတဲ့ အဆီအောက်
တရှပ်ရှပ်ကျဲနေတဲ့ သဲတစ်ဖွဲ
အယောင်အဆောင်တွေနဲ့ ပါးပြောင်
ကိုယ်တိုင်က ဥတစ်လုံးမို့
ခဲတွေကိုလည်း မနှိုင်းသာ
ကိုယ်တိုင်က ဖက်တစ်ရွက်မို့
ဆူးတွေကိုလည်း မယှဉ်သာ

ဘဝဆိုတာ ရတာမလို လိုတာမရ
စလုံးရေစကတည်းက အကျပ်အတည်းနဲ့ စည်းချခံရ
နာကျည်းခြင်း နဲ့ နာကျင်ခြင်းကို ခွဲခြားနိုင်တဲ့အခါ
ထုံကျဉ်ခြင်းနဲ့ ကျင့်သားရလာတာလား
ခံနိုင်ရည်အားနဲ့ ဘဝကို ဖတ်ရှုတတ်လာတာလား
ဖြစ်ပျက်တိုင်းသာ စာတစ်အုပ်လို အတိုချုပ်ရရင်
ရသစုံနဲ့ ထုံမွှန်းမယ့် အစွန်းကင်းတဲ့ အရှုပ်တော်ပုံ...

ပြန်ဖျက်မရတဲ့ မှင်နီရာနဲ့ ခဲခြစ်ရာ
စာတစ်ရွက်လှန်ဖို့ နေရာလွတ်မကျန်
တစ်မျက်နှာပြည့်အောင် ဖြည့်ခဲ့တယ်...
ဝါးကူဖို့ခက်တဲ့ ရေနစ်သူ
အသစ်တစ်ဖန် ပြန်ရှင်သန်ဖို့
စုံးစုံးမြုပ်အောင် ငါ့ကိုယ်ငါ နှစ်ခဲ့တယ်

မလိမ်ခဲ့ဘူး...
မညာခဲ့ဘူး...
အနံ့အသက်ဆိုးကို အမွှေးအကြိုင်နဲ့မချိုးနှိမ်ခဲ့ဘူး
အကျည်းတန်ခြင်းအတွက် မျက်နှာဖုံးတစ်ခု မဖန်တီးခဲ့ဘူး
မာနတွေ အပိုင်းပိုင်းကျိုး
စိတ်ဓာတ်တွေ တစစချိုး
ဖိနှိပ်ခြင်းတွေ အမျိုးမျိုးတိုးတဲ့ စမ်းသပ်မှုတိုင်းမှာ
ငါ ပျိုးခဲ့တာက 'သတ္တိ' တစ်ခုတည်းရယ်...
အရှုံးတွေကြား အပြုံးမသုံးဘဲ အချိန်မဖြုန်းခဲ့သူမို့
ငါ့ကိုယ်ငါတော့ မဆုံးခဲ့ဘူးထင်ပါရဲ့
အမုန်းတွေကြား ချုံးချုံးမချဘဲ ရုန်းထွက်နိုင်ခဲ့သူမို့
ငါ့ကိုယ်ငါတော့ မရှုံးခဲ့ဘူးထင်ပါရဲ့

ငါ နဲ့ ငါသာ တိုက်ရတဲ့ ပွဲ
ငါ နဲ့ ငါသာ လွန်ဆွဲ
ငါ နဲ့ ငါသာ နွှဲရင်း
ငါ နဲ့ ငါသာ.......

စည်းတစ်ကြောင်းရဲ့ တစ်ဖက်တစ်ခြမ်း
ခြေတစ်လှမ်းရဲ့ ရာဇဝင်ကျမ်း...
ငါ့လမ်း ငါ မှန်းပြီးရင်တော့
ရိုးသားမှုတွေခင်း သိက္ခာတွေဆောင်ကျင်း
ငါနင်းမယ့် ငါ့သမိုင်းမှာ
နောက်ပြန်လှည့်ခြင်း အလျဉ်း ကင်းလေရဲ့...

Created By: k2tmaung (05 August 2016 Friday 11:52AM)

ဆက်လက်ဖတ်ရှုရန်...



















ဆုတောင်းတွေ ပြည့်စေလို
အို ကြွေပါလေတော့ ကြယ်လေးရယ်တဲ့...
ကောင်းကင်ကိုမော်
အသက်ရယ် ဆယ်ကျော်
အဖြူထည်အရွယ် ငယ်ငယ်ကပေါ့...

မမြင်ရတဲ့ ဆူးတစ်ချောင်း...
ဘဝတစ်ခုလုံး ဗြောင်းဆန်အောင်
အတိတ်မှာ အရိပ်တွေ စွေစောင်း
ဆယ်ကျော်သက်ကို အဲ့လောင်းရိပ်က
အမုန်းတရားဆီမှာ ရောင်းစားခဲ့တယ်...

အမှတ်မရှိတာလား...
အမှတ်တမဲ့လား...
သိပ်တော့ မသေချာဘူး...

ကမ်းနေတဲ့လက်က
ခြေချော်ကျတဲ့ လမ်းတစ်ဝက်မှာ
သွေးတိုးစမ်းတဲ့ အနာကျက်ဆေး
ခပ်ရေးရေး အနာဂတ်ကို တွယ်ဖက်
ရက်သတ္တပတ်တွေ အခါခါဖြတ်ပြီးမှ
အတ္တနဲ့ အပွန်းအပဲ့ခံ တွဲခဲ့တဲ့ အဲ့ဒီလက်
မငဲ့မကွက် ရိုက်ထည့်ခဲ့တာ
စိုက်ဝင်နေတဲ့ဆူးတစ်ချောင်း အဆုံး

ရောင်မပြန်တဲ့ မေတ္တာ နဲ့ စေတနာ
ခွင့်လွှတ်တတ်တဲ့ အကြင်နာ နဲ့ ဂရုဏာ
ကျေးဇူးတစ်ခွန်းနဲ့ မညီမျှခဲ့သလား
ဆော်ရီးတစ်ခွန်းနဲ့ မထိုက်တန်ခဲ့သလား

မမြင်ရတဲ့ ဆူးတစ်ချောင်း...
တစ်ဘဝလုံး နှုတ်မရအောင်
အနာဂတ်မှာ အရိပ်တွေ ခြေချုပ်
ဘဝနိဂုံးကို အဲ့ရက်စွဲတွေက
အကျဉ်းစံတံဆိပ် ခတ်နှိပ်ခဲ့တယ်

ဆုတောင်းတွေ ပြည့်စေလို
အို ကြွေပါလေတော့ ကြယ်လေးရယ်တဲ့...
ရက်စက်လိုက်တဲ့ ဆန္ဒ
မာနတွေ ခဝါကျ
ကိုယ်ချင်းစာ နာကျင်တတ်မှ
ခခယယ စကားလေးတစ်ခွန်း ဆိုပါရစေ
တောင်းပန်ပါတယ်...လို့

Created By: k2tmaung (31 August 2015 Monday 02:05PM)

ဆက်လက်ဖတ်ရှုရန်...





ဆက်လက်ဖတ်ရှုရန်...













ခဏကို တဘဝထင်ပြီး
ထိုးစိုက်ခဲ့တဲ့ ခပ်မိုက်မိုက်ဆေးရုပ်တွေ
ကိုယ့်ကိုယ်မှာ အဖြူစစ်စစ်တွေ ရှာမတွေ့မှ
ရူးချင်ယောင်ဆောင် သွေးမကြောင်ချင်ဘူး

ဘယ်လိုဖျက်ဖျက် မပျက်နိုင်တဲ့
အမှားတွေ ခိုးစားထားခဲ့တဲ့ ည
အတိတ်တွေ အရိပ်မထင်ဖို့
ပစ္စုပ္ပန်မှာ ဘယ်ဆေးနဲ့ သွေးတိတ်ရပါ့

ကန့်လန့်ကာရှေ့ အတိတ်မေ့ဖို့
ရိုးသားမှုတွေ ချိုးနှိမ်မထားချင်ဘူး
တခါတလေမှာ...
ပွင့်လင်းတယ်ဆိုတာ
ရင်ဖွင့်ထားရတဲ့ မြှားပစ်ကွင်းလို
လက်တည့်သူပစ်တိုင်း တဆစ်ဆစ် နာဆဲ

ကံကိုယုံ ဆူးပုံနင်းခဲ့တာ မှန်ပေမယ့်
ကိုယ့်အပြစ်ကိုယ်ပိုက် ငါ မိုက်ခဲ့တယ်လို့
ဝန်ခံခြင်းမဟုတ်တဲ့ တောင်းပန်ခြင်းနဲ့
ခေါင်းငုံ့မျက်နှာချ မာနတွေ မြေခဖို့
ဘယ်သူ့မှ ထိရှခဲ့တာ မရှိဘူးလေ

အမှား...
အပြစ်ကင်းသူအတွက် အပြစ်မကင်း ဖြစ်စေတဲ့ အား
ငါ့အတွက်တော့ တသက်တာ ခါးနေမယ့် ဓား
သူ့ခြေလှမ်းတွေကို တားမယ့် တံခါး

မတော်တဆမဟုတ်တဲ့ ဆင်ခြင်မဲ့နောင်တ
ကိုယ်တိုင်ရော
ကိုယ်ချစ်တဲ့သူကိုရော
ဆေးစွန်းစေတယ်........

Created By: k2tmaung (09 March 2015 Monday 12:45PM)



"တစ်ခါမှား ခွင့်လွှတ်ပေးလို့ရတယ်...
နှစ်ခါမှား နားလည်ပေးလို့ရတယ်...
အကြိမ်ကြိမ်မှားနေပြီဆိုရင်တော့ သိပ်အထင်သေးစရာကောင်းသွားပြီ..."

အမှားမကင်းတဲ့ ကိုယ့်ကိုယ်ကိုယ် ပြောပြောနေဖြစ်တဲ့စကား... လူတိုင်းအမှားမကင်းပါဘူး... အမှားတစ်ခုကို ထပ်ခါထပ်ခါ မကျူးလွန်ဖို့ပဲလိုပါတယ်...

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သူပီပီ အမှားတွေကို လွယ်လွယ်မေ့ပစ်တတ်ပေမယ့် အိပ်မက်ထဲ အကြိမ်ကြိမ် ခြောက်လှန့်နေပြီဆို သေချာတယ် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လို့ မရသေးတဲ့ နောင်တတွေ ဟိုးအတွင်းကျကျ တစ်နေရာမှာ သိမ်းဆည်းထားနေတုန်းပဲ...

အာ... ဘဝတထောက်မှာ တွေ့ခဲ့တဲ့ နာကျင်စေတဲ့သူတွေလား... မှတ်ထားလေ့မရှိပါဘူး... ကိုယ့်နောင်တနဲ့ကိုယ် ပူလောင်ကောင်းပူလောင်နေပါလိမ့်မယ်... ဒါပေမယ့် အဲ့ဒီအမှိုက်တွေ ရင်ထဲထည့် အမုန်းတွေနဲ့ မီးရှို့တတ်တဲ့ လူမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်တာပဲ... အဓိကက သူများအမှားထက် ကိုယ့်ညံ့ကိုယ်ခံရတာကိုပဲ သင်ခန်းစာယူဖို့ စဉ်းစားတယ်... :)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီblogလေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်ရာ ရေးထားခဲ့တာလေးတွေကို တစ်စုတစ်ဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တစ်ခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ကျမ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...
အကြောင်းအမျိုးမျိုးကြောင့် ကျမ blog ကို ရောက်ရှိခဲ့ပြီး စိတ်ကျေနပ်မှု တစ်စုံတစ်ရာ မပေးနိုင်ခဲ့သည်ရှိသော် ဝမ်းနည်းစွာနဲ့ပဲ "စိတ်မကောင်းပါဘူးရှင်"လို့ ပြောပါရစေ...

တကယ်လို့ ကျမကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ချိန်ခါ နာရီလေး...

မြန်မာစံတော်ချိန်
စင်္ကာပူစံတော်ချိန်

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောင် Link လေးတွေတော့ ထားခဲ့ပါနော်..)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ကျွန်ုပ်ဆီလည်လည်ရောက် သူငယ်ချင်းဘယ်နှစ်ယောက်


ရောက်ခဲ့ကြတယ်.. ဒီနေရာကကွယ်... :P

ရေးထားသမျှ... ခွဲခြားခွဲခြား...