Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေချည်း ရေးတာများနေလို့ ကျမ Blog လေးလည်း နွမ်းလျနေရောပေါ့...
ဒီတစ်ခါတော့ ဘဝမှာ ကျမ ကံကောင်းစွာ ရရှိခဲ့တဲ့ ကျမကို ချစ်ကြသော ကျမဆွေမျိုးသားချင်းအချို့အကြောင်း တစ်စေ့တစ်စောင်း ရေးတာပေါ့လေ...

တကယ်တော့ ကျမက ကံကောင်းမှုတွေနဲ့ မွေးဖွားလာသူလို့ ပြောလို့ရမယ်ထင်ပါတယ်...
ကျမဖခင်က သူ့မိသားစုမှာ အငယ်ဆုံး... မိသားစုရဲ့ အချစ်ခံသားတစ်ယောက်မို့ သမီးဦးဖြစ်တဲ့ ကျမကိုလည်း ကျမ ဖခင်ဘက်က အမျိုးအဆွေတွေက အလိုအလျောက်ချစ်ခင်ပြီးသား ဖြစ်နေတာပေါ့လေ... နောက်ပြီး ကျမ cousin အစ်မတွေနဲ့ အသက်ကွာတာကြောင့် ကျမမွေးဖွားချိန်မှာ သူတို့ ပိုပျော်ခဲ့ပါတယ်... အစ်မတွေကိုယ်တိုင်လည်း ခုချိန်ထိ တစ်ခါတစ်လေ ချစ်စနိုးနဲ့ ကျမတို့ကို"သမီး"လို့ ခေါ်ဝေါသုံးနှုန်းတတ်ပါသေးတယ်... ကျမအထက် cousin အစ်ကိုနဲ့လည်း ၄နှစ်ကျော်ကွာပြီး ကျမတို့ငယ်စဉ်က တစ်အိမ်တည်းအတူနေတဲ့အတွက် ကျမအစ်ကိုရဲ့ ချစ်ခင်မှုကိုလည်း တစ်ခြားသူတွေထက် ကျမ ပိုရရှိခဲ့ပါတယ်... :P

ကျမ မိခင်ဘက်ကို ကြည့်ရင်လည်း ကျမမိခင်က သမီးဦး... မောင်နှမ၆ယောက်မှာ ကျမမိခင်တစ်ဦးသာ အိမ်ထောင်ကျခဲ့သေးတဲ့အတွက် ကျမဟာ မြေးဦး၊ ဦးလေး၊အဒေါ်တွေရဲ့ ပထမဆုံးသော တူမလေး... ယနေ့အချိန်ထိလည်း အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ဦးလေးအကြီးဆုံးနဲ့အဒေါ်အငယ်ဆုံးတို့ ရှိကြပေမယ့် သားသမီးမရှိတာက တစ်ကြောင်း၊ လူပျိုကြီး၊ အပျိုကြီးတွေဖြစ်တဲ့ ဦးလေး၊ အဒေါ်တွေကြား ပီယဝါစာ ချစ်ခင်ဖွယ်သောစကားကို ကျမ ညီမလေး၊ မောင်လေးတွေထက် ပိုပြောတတ်တာက တစ်ကြောင်းမို့ ကျမက ဆွေမျိုးတွေအလယ် အချစ်ခံလူသားတစ်ယောက်အနေနဲ့ ရှိနေခဲ့တာပေါ့... :P

အထူးသဖြင့် ကျမ မိခင်ဘက်က ကျမကို အချစ်ပိုကြပါတယ်... ငယ်ငယ်ကတည်း ဖြစ်ချင်တာကို တဇွတ်ထိုးလုပ်တတ်တဲ့ ကျမရဲ့ ဆိုးပေပေ အကျင့်လေးကြောင့်လည်း ဦးလေး၊အဒေါ်တွေရဲ့ မျက်စိဒေါက်ထောက်ကြည့်ခြင်းကို ခံရသူဆိုလည်း မမှားဘူးပေါ့...:P ကျမ တစ်တန်း နှစ်တန်း ကျောင်းသူအရွယ်လောက်ကတည်းက နွေရာသီကျောင်းပိတ်ရက်တွေဆို မိဘတွေနဲ့ ခွဲပြီး အဖိုးအဖွား၊ ဦးလေးအကြီးဆုံးနဲ့ အဒေါ်နှစ်ယောက်ရှိတဲ့ ဖျာပုံမရောက်ခင် စည်ကားတဲ့ ရွာလေးတစ်ရွာကို အမြဲသွားလေ့ရှိပါတယ်... အကြီးဆုံးမို့လားတော့ မသိ... ကျမ အဖိုးအဖွားတွေကို သိပ်တော့မချွဲတတ်... ကိုယ့်ဘာသာနေတတ်ပြီး ရွာထဲ လျှောက်သွားနေတတ်တာ များပါတယ်... နေ့လည် ထမင်းစားချိန်ဆို ကျမ အဖိုး ဒါမှမဟုတ် ကျမ အဒေါ်အကြီးက အမြဲ ရှာပုံတော်ဖွင့်ရတတ်ပါတယ်... ညနေဘက် အိမ်ပြန်ရောက်ရင်တော့ ကလေးတစ်ယောက်တည်းရှိတာမို့ ကျမကို ဝိုင်းစ,တတ်ကြတာ မှတ်မိသေးတယ်... တစ်ခါတစ်လေလည်း သီချင်းအရမ်းကြိုက်သော၊ က,ခုန်ရတာကို နှစ်သက်သော ကျမ... အဖိုးအဖွား ဦးလေးအဒေါ်တွေ၊ တစ်ခြားဆွေမျိုးများနဲ့ ရင်းနှီးသော ဦးဦး၊ ဒေါ်ဒေါ်များရှေ့ မရှက်မကြောက် ဦးလေး၊အဒေါ်တွေ မြှောက်ပေးရင် က,ပြတတ်သေးတာ... အရွယ်လေးရလို့ ကျမ ရွာကို အလည်သွားဖြစ်တဲ့အခါ လူကြီးတွေက နောက်ပြီး... က,ပြပါဦးလို့ ပြောရင် ကျမ အလွန်ရှက်မိပါတယ်... အဲဒီအချိန်တုန်းက ကျမအကြိုက်ဆုံး အဆိုတော်က "ထူးအိမ်သင်" သီချင်းနာမည်က "ရွှေ" တဲ့... ကျမအရမ်းကြိုက်တဲ့ သီချင်း... ကျမဦးလေးအကြီးဆုံးက ကျမအတွက် အမြဲ ဖွင့်ပေးတတ်တယ်... သီချင်းမကြိုက်တဲ့ ကျမအဖိုးကလည်း ကျမအတွက် ဖွင့်ပေးတယ်ဆိုရင် ဘာမှမပြော... ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတတ်တယ်... သာမာန်အချိန်ဆိုရင်တော့ နားငြီးတယ်ဆိုပြီး အတင်းပိတ်ခိုင်းတတ်တာပါ... ကျမ ဦးလေး၊အဒေါ်တွေက ကျမကို ခုတုံးလုပ်ပြီး သီချင်းတွေ ဖွင့်ကြတာပေါ့လေ... ကျမ ကျောင်းတွေဖွင့်လို့ နယ်က ပြန်လာတိုင်း ဖြူဖြူသွယ်သွယ် ပုံစံရှိတဲ့ကျမ... အမြဲတမ်း ညိုညိုလုံးလုံးပုံစံနဲ့ ပြန်လာတတ်တယ်... ကျမ နွေကျောင်းပိတ်ပြီဆိုရင်လည်း အထုပ်အပိုးပြင်ပြီး အမျိုးတစ်ယောက်ယောက်နဲ့ နယ်ကို လိုက်သွားတော့တာပါပဲ... ကျမ မလာသေးရင်လည်း ဘယ်တော့လာမှာလည်းလို့ တစ်မေးတည်းမေးတတ်ကြသေးတာ... အဲလို အဖိုးအဖွား၊ အဒေါ်တွေနဲ့ အနေများတာကြောင့်လည်း ကျမကို ပိုချစ်ကြတာ ပါတာပေါ့လေ... :)

ရန်ကုန်မှာပဲနေတဲ့ ဦးလေးနှစ်ယောက်ကကျ သွက်လက်သော၊ လူလည်း သိပ်မကြောက်တတ်သော ငယ်ငယ်က ကျမ ပုံစံကြောင့် ကျမညီမလေး၊ မောင်လေးတွေထက် ကျမကို ပိုသဘောကျ,ကျတယ် ထင်ပါရဲ့... နောက်ပြီး တစိမ်းတွေအပေါ်သာ အနိုင်ယူ ဗိုလ်ကျတတ်ပေမယ့် ကျမမောင်နှမတွေအပေါ်တော့ အရမ်းအနစ်နာခံ၊ အလျှော့ပေးတတ်တာကြောင့်လည်း ဦးလေးတွေ၊အဒေါ်တွေကြား လိမ္မာသော တူမအဖြစ်လည်း နာမည်ကောင်း ပိုရလေရဲ့... :P ဤသို့ဤသို့သော အကြောင်းအရာများကြောင့် ဦးလေးအငယ်ဆုံးနဲ့ အဒေါ်အကြီးဆုံးကိုယ်တိုင်က ကျမကို အချစ်ဆုံးလို့ ဖွင့်ပြောခဲ့ဖူးပါ၏... :P... နောက်ပြီး အစိုးရိမ်လွန်တတ်တဲ့ ဦးလေးအလတ်ကကျ ငယ်ငယ်ကတည်းက လုပ်ချင်ရာကိုလုပ်တတ်သော ကျမကို အမြဲစိုးရိမ်ပူပန်တတ်တယ်... ညီမလေး၊ မောင်လေးတွေထက် ကျမကို ပိုလည်း ဂရုစိုက်တတ်တယ်... နောက်တစ်ချက်က ဦးလေးတွေ၊ အဒေါ်တွေကို ချွဲတတ်တာ... :P... ကျမ ဖခင်ကိုတောင် ကျမ ချွဲလေ့မရှိပေမယ့် ကျမဦးလေး၊ အဒေါ်တွေကိုတော့ ကျမရဲ့ ဗီဇအတိုင်း ရွှတ်နောက်နောက်နဲ့ ဟီးဟီးဟားဟားသွားလုပ်တတ်တာ... တစ်ခါတစ်လေ... ကျမ sg ကနေ စာရေးလိုက်ရင် စာဖတ်ကြပြီး ပွဲကျနေတတ်ကြပါသေးတယ်... ကျမစာရေးလိုက်မှန်းမသိတဲ့ ကျမမိခင်ကိုတောင် ဖုန်းဆက်ပြီးပြောပြ သဘောကျတတ်သေးတာ...အင်းပေါ့နော်... သူတို့လည်း ကျမတို့ကို လွမ်းမှာပေါ့...

အမြဲတမ်း ကျမဦးလေး၊အဒေါ်တွေ အိမ်ရောက်တာနဲ့ မုန့်ကြိုက်သောကျမ... ရေခဲသေတ္တာဖွင့်၊ ကြောင်အိမ်ဖွင့်ပြီး မုန့်တစ်ခုမဟုတ်တစ်ခု ရှာစားတတ်သော... ရှာမတွေ့ရင် "ဘာမှလည်း စားစရာမရှိဘူး" လို့ ပြောတတ်သော ကျမကြောင့် ကျမလာပြီဆိုတာနဲ့ ဘာမုန့်ရှိတယ်၊ ညာမုန့်ရှိတယ်လို့ ကြိုပြောတတ်ကြတာ... ကျမမပါဘဲ ကျမမိဘတွေပဲ သွားတဲ့အခါ မုန့်လက်ဆောင်ရတာမျိုး၊ မုန့်တွေအဝယ်များလို့ ပိုနေတာမျိုးရှိရင် "ကျမစားဖို့"ဆိုပြီး သတိတရ အမြဲပေးတတ်တာကြောင့် ကျမညီမလေး၊ မောင်လေးတွေကတောင် "သမီးတို့/သားတို့လည်း ကြိုက်တာပဲ"လို့ နှုတ်ခမ်းစူရတဲ့အထိ... "ကျမဖို့" ဆိုတာမျိုးက ခဏခဏ... ဘယ်မှာသွားစားစရာရှိလို့၊ ဘာသွားစားစရာရှိလို့ဆိုရင်လည်း... အဟဲ...ကျမပဲလေ... ပစ္စည်းတစ်ခုတည်း ဝယ်လာမိရင်လည်း တိုးတိုးတိတ်တိတ်နဲ့ ကျမကိုသာ ပေးတတ်တာ...:P

ချစ်ကြတယ်ဆိုပေမယ့် အလိုလိုက်တာမျိုးတော့ မဟုတ်ခဲ့... စည်းကမ်းကြီးသော ကျမဦးလေးတွေကြောင့် တစ်ခါတစ်လေတော့လည်း စိတ်ကျဉ်းကျပ်ရတာမျိုးတွေလည်း ရှိတာပေါ့လေ... အဟဲ... အဲဒီလို ချုပ်ချယ်မှုတွေထဲမှာ စကပ်အတိုဝတ်တာလည်း ပါရဲ့... အဟဲ... စကပ်တိုများ ဝတ်မသွားနဲ့... "ဟဲ့... စကပ်က တိုလှချည်လား... ခုထိ ထမီ မဝတ်တတ်သေးဘူးလား..."ဆိုတာမျိုး... နဲ့ မျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး ပြောတတ်တာ... ကျမတို့ညီအစ်မ စကပ်တိုဝတ်တဲ့နေ့ဆို ထိုင်မရဘဲ မိုးတိုးမတ်တပ်နဲ့ နေနေခဲ့ရဖူးတာ မှတ်မိပါသေးတယ်... တစ်ခါကတော့ ကျမအဖွား ရန်ကုန်လာတုန်း စကပ်အတိုဝတ်သွားတော့ ဦးလေးအငယ်က "အမေ... အမေ့မြေးတွေ ကြည့်ဦး... စကပ်တိုနန့်နန့်နဲ့... ဆုံးမဦးလေ..."တဲ့... ကျမအဖွားက ကျမတို့ ညီအစ်မကို တစ်ချက် ကြည့်ပြီး "လှသားပဲ..."ဆိုတော့ ကျမတို့မှာ ပွဲကျလိုက်ကြတာ... တဝါးဝါးပေါ့... အဲဒီနောက်ပိုင်းကစ,ပြီး ဦးလေးတွေကို ခေတ်နောက်ကျနေပြီ...တို့... အဲဒါကြောင့် လူပျိုကြီးဖြစ်တာ...တို့... နဲ့ နိုင်ကွက်ရသွားတာ... :P

အဲ...ပြီးတော့... ရှိသေးတယ်... ဦးလေးတွေက ကျမတို့ ပိုက်ဆံအိတ်၊ လွယ်အိတ်များချ,လိုက်တာနဲ့... မချ,လည်း လာဆွဲယူတာပါပဲ... အိတ်တစ်ခုလုံး မွှေနှောက်ရှာတတ်တာ... ဘာရှာတယ်လို့ ထင်ပါသလဲ... ဟီး... ရည်းစားစာပေါ့... စိတ်ရှည်လက်ရှည် နေရာစုံကို ရှာတတ်တာ... တစ်ခါတစ်လေ... စိတ်ပေါက်ပြီး မသိချင်ယောင်ဆောင်ကာ... ရည်းစားစာရှာတာမလား... ဒီခေတ်က စာပေးတဲ့ခေတ် မဟုတ်တော့ဘူး...လို့ သွားပြောရင် ဦးလေးတွေ ရယ်ကျဲကျဲနဲ့ ဆက်ရှာတတ်သေးတာ မှတ်မိသေးတယ်... ကျမ 2008 December မှာ ခဏပြန်သွားတုန်းကတောင် ကျမအိတ်ကို စစ်ကြတုန်း... ကျမတို့ကို ကလေးလို့ အမြဲမြင်နေကြတာလေ...

အစအနောက်သန်တဲ့ ဦးလေးအလတ်က တစ်ခါတစ်လေ မခံနိုင်အောင် စ,တတ်တာ... မနိုင်တဲ့အဆုံး ဘာမှမပြောတော့ဘဲ... ခြေသလုံးမွှေးသွားဆွဲနှုတ်ပစ်တတ်လို့ ထွက်ပြေးတတ်တာလည်း မှတ်မိနေတုန်း... ထမီ ဝတ်လေ့မရှိဘဲ စကပ်ဘောင်းဘီ ဝတ်တာများသော ကျမတို့ညီအစ်မကို "ပဲပဲ"လို့ ခေါ်တတ်တာ... မကျေနပ်လို့ သူတို့ကိုလည်း နာမည်ပြောင်ပြန်ပေးတတ်တာ... ကျမမျက်မှန်တပ်သွားတဲ့နေ့... "တောပုံ"ဆိုတာမျိုး "လမ်းဘေးကကောက်လာတာ"ဆိုတာမျိုး စ,တတ်တာ... ကျမတို့ စိတ်မဆိုး ဆိုးအောင် စ,တတ်သော ဦးလေး၊အဒေါ်များကို ကျမတို့ကလည်း တစ်ခွန်းမခံ... ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်... အဲလိုအဲလိုတွေကြောင့်လည်း မိသားစုကြား ခုထိ တစ်ခါတစ်လေလည်း ကလေးစိတ်မကုန်သေးသလို ဖြစ်နေသေးတာ...

ကျမ အဖေဘက်မှာဆိုရင်တော့ အထူးသဖြင့် ကျမအဖွားက ကျမကိုဆို အသည်းစွဲပေါ့... ဟီး... အချွဲကောင်းလို့ဖြစ်မယ်... :P ကျမအဖွားအိမ် သွားလည်ရင်လည်း အိမ်ရှေ့ဧည့်ခန်းမှာ ဖျာလေး၊ ခေါင်းအုံးလေးချပြီး ရုပ်ရှင်ကြည့်တာမျိုးနဲ့မတိုးနဲ့... ဟီး... အဲဒီနေရာ ကျမ အပိုင် ဖြစ်တာပဲ... ကျမမိဘတွေက တားရင်လည်း ကျမအဖွားက ရှေ့က ကာစီးကာစီးနဲ့ မလှဲချင်ဘူးဆိုတာမျိုး... ကျမကလည်း ပါးစပ်လေးနှမ်းဖြူးပြီး "လာအိပ်"လို့သာပြောတာ ကျမပဲ ဆက်အိပ်တတ်တာ...ဟီး... အဖွားအိမ်မှ မဟုတ်ပါဘူး... ကျမအဒေါ်အငယ်အိမ် ရောက်ရင်လည်း အဲ့လိုပါပဲ... ရင်းနှီးတဲ့ အဒေါ်နဲ့ အစ်မဝမ်းကွဲပဲရှိတဲ့အချိန် (ဦးလေးတို့၊ အစ်ကိုတို့မရှိရင်ပေါ့) တွေ့ရာ ဆိုဖာမှာ အိပ်တတ်တာ...ဟီး... ကျမမိခင်ကဆို "အရိုးမပါဘူး"လို့ ခဏခဏပြောတတ်တာ... တစ်ခါတစ်လေလည်း တကယ်ကို အိပ်ပျော်သွားတတ်တာ... ပြန်ခါနီးမှ အတင်းနှိုးပြီးခေါ်ရလို့ အိပ်ချင်မူးတူးနဲ့ ပြန်ပြန်သွားတာလည်း မရေမတွက်နိုင်အောင်... :P မုန့်သရေစာကြိုက်တတ်တာလည်း သူတို့ကသိတော့ အဟီး... အားလည်းမနာတတ်ဘဲ စားတာပဲ...:P ထိုထိုသော ဟန်ဆောင်ပန်ဆောင်သိပ်မနေတတ်သော ကျမ... အမျိုးအဆွေတွေကြား ကလေးဆိုးလို အဖွား၊အဒေါ်၊အစ်မတွေရဲ့ ချစ်ခင်ခြင်းကိုလည်း ရတတ်ပြန်ပါတယ်... ဆိုပြီးခဲ့တဲ့အတိုင်း နည်းနည်းဆိုးသော ကျမကို သူတို့နည်းနည်းတော့ အချစ်ပိုလေရဲ့... :P

စဉ်းစားကြည့်တော့ ကျမ မိဘတွေအပြင် ကျမကို ချစ်ကြသူတွေ အများကြီးပါလေ... ကျမ ကံကောင်းခဲ့ပါတယ်... ကျမ မိသားစုဝင်မဟုတ်တဲ့ ကျမကို သည်းခံချစ်ကြတဲ့ ကျမရဲ့သူငယ်ချင်းအချို့နဲ့ လုပ်ဖော်ကိုင်ဖက်အချို့လည်း ရှိပါသေးတယ်... ဘာပဲဖြစ်ဖြစ်... ဒီနေ့ဒီအချိန်မှာ ပျော်ရွှင်စရာတွေ နည်းပါးနေခဲ့တယ်ဆိုရင်တောင် တစ်ချိန်တုန်းက ကျမ ပျော်ရွှင်ခဲ့ရတာလေးတွေဟာ ကျမရဲ့ စိတ်စာမျက်နှာတွေပေါ် မှတ်တမ်းတစ်ခုအနေနဲ့ ရေးထိုးပြီးသားဖြစ်နေမှာပါ... ဖြစ်နိုင်ရင်တော့ အဲဒီပျော်ရွှင်မှုတွေကြား ကျမ တစ်ခါလောက်တော့ ပြန်ရောက်ရှိချင်သား... :)


Created By: k2tmaung (23 August 2009 Sunday 06:51PM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..