Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...



အိမ်... နေပူမိုးရွာ ကြံ့ကြံ့ခံနိုင်တဲ့ အမိုးလည်း ရှိရမယ်... လေပြင်းတွေ ဘယ်လောက် ကြမ်းပါစေ ပြိုလဲမသွားရအောင် အကာကလည်း ခိုင်မာရမယ်... အမိုးတစ်ခုတည်း ကောင်းရုံနဲ့လည်း အိမ်မဖြစ်သလို အကာကောင်းရုံနဲ့လည်း အိမ်မဖြစ်နိုင်ပါဘူး... အမိုးနဲ့ အကာ လက်တွဲညီညီ စီရရီရှိမှ အိမ်တစ်ဆောင် ဖြစ်နိုင်မယ် ထင်ပါတယ်... အဲ... အမိုးအကာရှိရုံတိုင်းကော အိမ်လို့ ခေါ်တွင်နိုင်ပါ့မလား... ကျမတော့ မထင်ဘူး... သူ့အခန်းနဲ့သူ... သူ့ကဏ္ဍနဲ့သူ... အဆင်ပြေပြေရှိမှလည်း အိမ်ဆိုတဲ့ နာမ်စားနဲ့ ပနံရမှာပေါ့နော်... :P နောက်ပြီး အိမ်တိုင်း အိမ်တိုင်းမှာ သူ့အပြင်အဆင်နဲ့သူ... အိမ်ရဲ့ အငွေ့အသက်တွေက ကွဲပြားစွာရှိကြပါတယ်... ကျမမှာလည်း ခန်းနားမှုတွေမရှိပေမယ့် ရိုးရှင်းမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အိမ်လေးတစ်အိမ်တော့ ရှိခဲ့လေရဲ့... ကျမ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကျမအိမ်လေး အကြောင်းပြောပြရရင်.... ဟိုးရှေးရှေး အဲ... ဟိုးမရှေးတရှေးတုန်းကပေါ့ကွယ်...:P

ဘဝမှာ အမောတွေများပေမယ့် ရယ်မောတတ်အောင် သင်ပေးခဲ့တဲ့သူနှစ်ဦး ရှိပါတယ်... သူတို့ကတော့ ကျမဆိုတော့ လူသားတစ်ဦးကို ဖြစ်တည်ပေးခဲ့တဲ့ ကျမမိဘနှစ်ပါးပါပဲ... ကျမ ပျော်ပျော်နေတတ်တာကို အပေါင်းအသင်းတော်တော်များများ... သူငယ်ချင်းတော်တော်များများက သဘောကျတတ်ကြတယ်... ကျမ ငယ်ငယ်ကတည်းကလည်း အရယ်အပြုံးများပါတယ်... ဒါပေမယ့် ပျော်ပျော်နေတတ်တာကတော့ ကျမမိဘနှစ်ပါးရဲ့ မျိုးရိုးဗီဇကြောင့်လို့ ထင်ပါတယ်... ကိုယ့်ဘဝကိုယ် စိတ်တိုင်းမကျခြင်းများစွာရှိခဲ့ပေမယ့် အကျေနပ်ဆုံးနဲ့ ဂုဏ်အယူဆုံးကတော့ ဒီအသိုက်အမြုံလေးမှာ မိသားစုဝင်ဖြစ်ခွင့်ရခြင်းနဲ့ စိတ်သဘောထားကောင်းမွန်ပြည့်ဝတဲ့ ပျော်ပျော်နေတတ်တဲ့ မိဘနှစ်ပါးရဲ့ သမီးတစ်ယောက် ဖြစ်ခွင့်ရခြင်းကိုပါ...:)

ကျမဖခင်က ကျမမိခင်ထက် အသက်နှစ်နှစ်ကြီးပေမယ့် သူငယ်ချင်းဘဝကနေ ချစ်သူဘဝ... ချစ်သူဘဝကနေ အိမ်ထောင်သည်ဘဝ ရောက်ခဲ့ကြလို့ စကားပြောရင် "နင်" "ငါ"လို့ ပြောတတ်ကြတယ်လေ... အဲ... ချစ်သူဘဝ၊ အိမ်ထောင်ရှင်ဘဝဖြစ်ခါစ သားသမီးတွေလည်း အရွယ်မရောက်ခင်တုန်းကတော့ ကျမမိခင်က ကျမဖခင်ကို "မောင်" လို့ ခေါ်တယ်... :P ကျမဖခင်က ကျမမိခင်ကို "မြ" "မြမြ" လို့ ခေါ်တယ်... ဟီး... သူတို့က လွမ်းမောဖွယ်ရာ တက္ကသိုလ်ကျောင်းတော်မဟာမှာ အတန်းတူ အခန်းတူ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာကိုး... မကြာမကြာဆိုသလိုလည်း သူတို့ ကျောင်းသားဘဝကို တမ်းတမ်းတတ ပြန်ပြောတတ်ကြလို့ ဪ... ငါလည်း တက္ကသိုလ်တက်ရရင် အတိ ပျော်ရွှင်ဖွယ်များ ဖြစ်လိမ့်မယ်ပေါ့... လက်တွေ့မှာတော့ ဆီ နဲ့ ရေလိုပဲ ကွာပါတယ်...:( တစ်ခါတစ်လေ လမ်းကြုံရင် သူတို့တက်ခဲ့တဲ့ စာသင်ခဲ့ရတဲ့ Practical လုပ်ခဲ့ရတဲ့အဆောင်တွေကို ကားနဲ့ လျှောက်ပြဖူးလို့ နေရာတွေမမှတ်မိပေမယ့် မြင်တွေ့ခဲ့ရဖူးပါတယ်... ကျမထင်တယ်လေ... ကျမမိဘတွေရဲ့စိတ်ထဲမှာ သူတို့ရဲ့အတိတ်က အချိန်လေးတွေကို လွမ်းလွမ်းဆွေးဆွေး ရှိနေကြဦးမယ်လို့... အဲ... သူတို့ဆုံတွေ့ခဲ့ကြတဲ့ အကြောင်းလေးတွေလည်း ပါကောင်းပါမှာပေါ့လေ... :P သူတို့ စတွေ့တွေ့ချင်းတုန်းကတော့ သူငယ်ချင်းအဖြစ်နဲ့ပေါ့နော်... ကျမမိခင် ပြောပြတာကတော့ သူတို့ အထူးပြုခဲ့တဲ့ဘာသာက Zoology ဆိုတော့ Group တွေနဲ့ Practical လုပ်ရတယ်ပေါ့... အဲဒီမှာ Group တွေ စဖွဲ့ရင်းနဲ့ သိကျွမ်းခဲ့ကြတာတဲ့... ကျမဖခင်က မနက်စောစောဆို ဂျူဒိုသွားသွားကစားပြီး ကျောင်းကို ဆံပင်ရေမခြောက်တခြောက်နဲ့ ရောက်ရောက်လာတတ်တယ်တဲ့... :P ကျမမိခင် ပြောပြတာလေးပါ... သူမ သတိစ,ထားမိခဲ့တာပေါ့လေ... ကျမဖခင်က သိပ်မပြောပြတော့ ကျမမိခင်ငယ်ငယ်က ဘယ်လိုပုံစံလဲဆိုတာ မသိခဲ့ရဘူးပေါ့လေ... ကျမဖခင် ပြောပြောပြတတ်တာကတော့ သူတို့တက္ကသိုလ်မှာ စာသင်ခဲ့ကြ၊ ခရီးတွေအတူ သွားခဲ့တဲ့အကြောင်း၊ သူ့သူငယ်ချင်းတွေအကြောင်းပဲ များပါတယ်... အင်းပေါ့နော်... မိဘဆိုတော့ သူတို့အကြောင်းတော့ ဘယ်ခရေစေ့တွင်းကျ ပြောပြမလဲ...:P (အဟဲ... မပြောပြလည်း... သူတို့တွေ ရေးခဲ့တဲ့ စာတွေ ပုံးလေးတစ်ပုံးနဲ့ သိမ်းထားလို့ ခိုးခိုးဖတ်တာ တော်တော်လေး သိနေပြီးသား... ဥပမာ-အခေါ်အဝေါ်လေးတွေပေါ့...ဟီး...) ကျမဖခင်ငယ်ငယ်က ကိုယ်ခန္ဒာသေးပေမယ့် သတ္တိကောင်းသော လူစွမ်းကောင်းလေးပေါ့...:P ဂျူဒိုကို ခါးပတ်အနက်ရထားပြီး ခဏခဏလည်း ရန်ပွဲတွေဖြစ်တတ်တာပေါ့... ကျမဖခင်တင်မဟုတ်ပါဘူး... သူ့သူငယ်ချင်းတွေ အားလုံးကလည်း ညီမှညီပါပဲ... တစ်ယောက်ကို မထိနဲ့... ထိတာနဲ့ မှားမှားမှန်မှန် သူငယ်ချင်းဘက်က ဆော်မှာပဲဆိုတာကြီးပဲလေ... ဟီး... ခုထိလည်း ညီအစ်ကိုရင်းတွေလို တွေ့လိုက်တာနဲ့ ဟေးဟားနဲ့ပေါ့... ကျမမိခင်နဲ့ တက္ကသိုလ်တက်လို့ ခင်ကြတာမဟုတ်တဲ့ ကျမဖခင်ရဲ့ သူငယ်ချင်းတွေတောင် ကျမမိခင်နဲ့ ငယ်ပေါင်းတွေလို တရင်းတနှီး နောက်နောက်ပြောင်ပြောင် ရှိကြတယ်... အဲလိုပေါ့လေ... အကြောင်းတိုက်ဆိုင်တိုင်း အခွင့်အခါကြုံတိုင်း (များသောအားဖြင့် မီးပျက်တဲ့ညတွေမှာ... :P ) မိသားစုတွေ ဝိုင်းဖွဲ့ပြီး သူတို့ငယ်ဘဝ၊ ကျမတို့ ငယ်ဘဝတွေကို တခုတ်တရ ပြောပြတတ်တယ်... ကျမတို့ကလည်း မရိုးနိုင်အောင် နားထောင်ပြီး တစ်ခါတစ်လေ စ,နောက်တတ်ကြသေးတယ်...

ကျမမိခင်ကတော့ အလျဉ်းသင့်တိုင်း သူတို့နှစ်ဦးရဲ့ ဇာတ်ကြောင်းလေးတွေကို ပြောပြတတ်ပေမယ့် ကျမဖခင်ကတော့ သိပ်မပြောပြတတ်ဘူး... အင်းလေ... ကျမမိခင်ကလည်း ကျမဖခင်ကို ပိုချစ်တာကိုး...ဟီး... ကျမမိခင်ဘက်က စီးပွားရေး ကောင်းကြတာလည်းပါသလို... ကျမအဖိုးရဲ့ အချစ်ဆုံးသမီးကြီး ဖြစ်တာလည်းပါတာမို့ သဘောမတူခဲ့ကြဘူးတဲ့လေ... ဒါပေမယ့် သိကြတဲ့အတိုင်း သားသမီးနဲ့ မိဘ လွန်ဆွဲပွဲမှာ သားသမီးတွေ နိုင်ကြတာက များတယ်မဟုတ်လား...:P ကျမအဖိုးက မင်္ဂလာဆောင်တဲ့နေ့ကျမှ ကျမဖခင်ကို သေချာမြင်ဖူးတာတဲ့... သဘောမတူခဲ့ဘူးဆိုတော့ ကြားဝင်ဖြန်ဖြေရေးတွေနဲ့ ပြီးခဲ့ရပုံရပါတယ်... နောက်ပြီး အဖိုးက နယ်မှာ နေတာလည်းပါတာပေါ့လေ... အဲ... စမြင်မြင်ခြင်းမှာပဲ အဖိုးက ကျမဖခင်ကို အကဲခတ်ပြီး ကျမမိခင်ကို "ဒီ... ကောင်လေး မဆိုးပါဘူး"လို့ ပြောသတဲ့...:P ကျမဖခင်က ရန်ပွဲတွေ ခဏခဏဖြစ်တတ်တာကလွဲလို့ ရိုးရိုးသားသားနဲ့ ချစ်ခင်ဖွယ်သော ရုပ်ရည်ချောမောမှုကို ပိုင်ဆိုင်တယ်လေ... ဟီး... (တကယ်ပြောတာ...:P ) စကားမစပ် ကျမက ကျမဖခင်နဲ့ တော်တော်တူတယ်လို့တော့ လူတွေကပြောကြတာပဲ... ဟိ... ဒါပေမယ့် ကျမဖခင်က ခဏခဏပြောတယ်... ငါ့သမီးဖြစ်ပြီး ငါ့ခြေဖျားတောင်မမီဘူးတဲ့... ဟင်း!!... :P အဲ... ကျမမိခင်က အကြီးဆုံးမို့ သိပ်စိတ်မကောက်တတ်ပေမယ့် ကျမဖခင်က အငယ်ဆုံးမို့လားမသိ စိတ်ခဏခဏ ကောက်တယ်တဲ့... တစ်ခါတစ်လေ ဘာကိုကောက်သွားမှန်းတောင် ကျမမိခင်က မသိလိုက်ဘူးတဲ့လေ... ဟီး... ဆိုင်တော့မဆိုင်ပါဘူးနော်... ကျမလည်း အကြီးဆုံးပေမယ့် ကျမမိဘကိုဆို ခဏခဏ (အနည်းဆုံး တစ်ပတ်ကို နှစ်ရက်လောက်) စိတ်ကောက်တာပဲ...:P ပြီးတော့ ကျမဖခင်က အရမ်းလည်း သဝန်တိုတတ်တာတဲ့...:P ခုထိလည်း နည်းနည်းတော့ တိုတုန်းပါပဲ... အဲ... သမီးတွေကိုလည်း တိုတာပဲ...ဟီး... ကျမမိခင်က ကျမဖခင်နဲ့ အိမ်ထောင်ကျတော့ ကျမဖခင်ရဲ့ မိသားစုနဲ့အတူ လိုက်နေရတာပေါ့... သားအငယ်ဆုံးရဲ့ ဇနီးမယားလည်းဖြစ်ပြန်... အကြောင်းအမျိုးမျိုးတွေကလည်း ရှိပြန်တာမို့ ကျမမိခင် အတော်လေး အနေအထိုင် ဆင်းရဲခဲ့ရရှာတယ်... အဲဒီအကြောင်းအကြောင်းတွေကြောင့် ထင်ပါတယ်... အရွယ်ရောက်လာတဲ့ ကျမတို့ကို အိမ်ထောင်ပြုမယ်ဆို သေချာစဉ်းစားနော်... မာမားကို ကြည့်နော်လို့ အမြဲဆုံးမတတ်တယ်... ခုတော့ နှစ်တွေလည်း ကြာလာ... ယှဉ်စရာ ချွေးမတွေလည်းရှိခဲ့တော့ ကျမမိခင် ဘယ်လောက်ကောင်းမှန်း သိကုန်ကြပါပြီ... အဲ... သူမကိုယ်တိုင် ကံကောင်းတဲ့ ချွေးမတစ်ယောက်မဖြစ်ခဲ့ပေမယ့် သေချာတာကတော့ သူမရဲ့ချွေးမကတော့ ကံကောင်းပါလိမ့်မယ်... အရင်က ကျမမောင်လေးရဲ့ ချစ်သူ (ခုတော့ ပြတ်သွားပါပြီ) ကောင်မလေးက မောင်လေးနဲ့ အဆင်မပြေတိုင်း အန်တီနဲ့ တွေ့ချင်တယ်ဆိုလည်း သွားတွေ့... အန်တီနဲ့ ဖုန်းပြောချင်တယ်ဆိုလည်း ဘယ်လောက်မအား အားအား... သူမ ပြောချင်တာတွေ နားထောင်ပေး... ဖြောင့်ဖျနှစ်သိမ့်ပေးတတ်တယ်... ကျမဖခင်လည်း ဒီလိုပါပဲ... ကိုယ်က သားရှင်ဆရာဝန်လောင်းရဲ့ မိခင်ဖခင် ဆိုပြီး နေရာယူတတ်ကြတာမျိုးမရှိကြပါဘူးလေ... တစ်ခါတစ်လေ သားသမီးတွေကတောင် "မာန်မာန"လေးထားဖို့ ပြန်သင်ပေးရတဲ့အထိ အားနာတတ်တာ... ကိုယ်ချင်းစာပေးတတ်လွန်းတတ်ကြတာ... အဲ... အဲဒီ ကျမမိဘတွေရဲ့ အားနာတတ်သော အကျင့်ဗီဇကိုတော့ ကျမညီမလေးက အပြည့်အဝ အမွေဆက်ခံထားလေရဲ့...:P

ကျမမိခင်က သားသမီးတွေရဲ့ လိုအပ်ချက် မှန်သမျှ ဖြည့်ဆည်းလုပ်ကိုင်ပေးတတ်ပေမယ့် ယုယကြင်နာတာမျိုး သိပ်ဖော်ပြလေ့မရှိပါဘူး... ကျမစိတ်ကောက်လို့ ထမင်းမစားတဲ့အခါတိုင်း ကျမမိခင်ရဲ့ မပြောင်းမလဲ ချော့တတ်တဲ့စကားလေးရှိပါတယ်... "ဟဲ့... ကောင်မလေး... ထ... ထ... ငါ့သမီးကြိုက်တဲ့ xxx ဟင်း ချက်ထားတယ်... ထသွားစား... သွား... အစာအိမ်ရောဂါဖြစ်မယ်... ထ... မထဘူးလား... ကလိထိုးလိုက်မယ်... အံမယ်... မယားချင်ယောင်ဆောင်နေတယ်... ထ..." ဟီး... အဲဒီလို အမြဲချော့တိုင်း ကျမ ရယ်ချင်စိတ်ကို အမြဲထိန်းချုပ်ထားရတယ်... စိတ်လည်း အရမ်းပြေချင်တယ်... ကျမမိခင်က သူမကိုယ်တိုင်လည်း စိတ်မကောက်တတ်သလို စိတ်ဆိုးတဲ့သူကိုလည်း မချော့တတ်ဘူးလေ... ကျမဖခင်ကတော့ အဟဲ... သူကိုယ်တိုင်လည်း စိတ်ကောက်တတ်လို့လားတော့ မသိဘူး... ချော့တတ်ပါ့... ဟီး... ကျမကြိုက်သောမုန့် (မုန့်ဆို ဘာလာလာပါ...ဟီး...) ဝယ်လာပြီး ဪ... ငါ့သမီးနေမကောင်းဘူးလား... မုန့်မစားရလို့လား... ဘာလားညာလားပေါ့... ဟီး... ဒါပေမယ့် အကြီးဆုံးဖြစ်တဲ့ ကျမကို သိပ်ချော့လေ့တော့ မရှိပါဘူး...:( ကျမ ညီမလေးကိုလည်း ပိုချစ်တယ်...:( ဒါပေမယ့် ကျမဖခင်က ကျမမိခင်ထက် ဂရုစိုက်တာကို ပိုပြတတ်တယ်... ဥပမာ- ကျမ ရန်ကုန်တုန်းက အလုပ်မှာ လကုန်ရက်တိုင်း overtime ဆင်းရတယ်... ကျမတို့ department တစ်ခုတည်းကပေါ့လေ... လူ(၇)ယောက် (၈)ယောက်လောက်ပေါ့... အပြန်ကို ရုံးက ပြန်ပို့ပေးပါတယ်... နောက်အကျဆုံးက (၁၀)ခွဲဆို အိမ်ပြန်ရောက်ပါတယ်... အဲလို နေ့မျိုးဆို ဘောလုံးပွဲ ဘယ်လောက်ကောင်းကောင်း ကျမဖခင် မထိုင်နိုင်ပါဘူး... ဝရံတာမှာ ထွက်ထွက်မျှော်တတ်ပြီး ကျမလည်း ပြန်မလာသေးဘူးလို့ ကျမမိခင်ကို ခဏခဏ ပြောတတ်ပါတယ်... ကျမမိခင်ကတော့ သားသမီးတွေကို ယုံသလို သိပ်လည်းစိတ်မပူတတ်ပါဘူး... အဲ... မိခင် နဲ့ ဖခင် ပြောင်းပြန်ဖြစ်နေတာလေး တစ်ခုလည်း ရှိပါသေးတယ်... ဟီး... ကျမတို့ ညီအစ်မ မြန်မာပြည်က မစွန့်ခွာမီအချိန်ထိ Shopping ထွက်ရင် မိဘတွေနဲ့ပဲ ထွက်လေ့ရှိပါတယ်... ကျမမိခင်က လမ်းလျှောက်ရတာ ညောင်းလာရင် အနီးအနားက ထိုင်ခုံလေးမှာ ထိုင်နေတတ်ပြီး ကျမဖခင်ကတော့ ဂျင်းဘောင်းဘီဝယ်တာကအစ မျက်မှန်ကြီး တစ်ကားကားတပ်ပြီး ဒါကတော့ မလိုက်ဘူး... ဒါကတော့ လိုက်တယ်နဲ့... တစ်ခါတစ်လေ ကျမတို့ထက်တောင် ဂျီးများတတ်ပါသေးတယ်...:P အမြဲတမ်း မညည်းမညူ သမီးတွေနဲ့ ဈေးဝယ်ထွက်တဲ့ ဖခင်မျိုး ဒီကမ္ဘာမှာ လက်ချိုးရေလို့ရမယ် ထင်ပါတယ်...:P

နောက်ပြီး ကျမမိဘ နှစ်ပါးလုံးမှာ တူညီတာတွေ အများကြီး ရှိပါတယ်... ဥပမာ ပျော်ပျော်နေတတ်တာ... အားနာတတ်တာ... သဘောကောင်းတာ... လက်ဖွာတာ... သားသမီးတွေ ပူဆာတာကို အပင်ပန်းခံ ဖြည့်ပေးတတ်တာ... ဟီး... တစ်ခါတစ်လေ ထမင်းမစားချင်ရင် ကျမဖခင်ကို ထမင်းအတင်းကြော်ခိုင်းတာမျိုးပေါ့ (ကျမဖခင် ကြော်တဲ့ ထမင်းကြော်လောက် စားကောင်းတာမရှိသလို ကျမမိခင် ချက်တဲ့ ဟင်းလောက်အရသာကောင်းတာမရှိ...:P ) အဟဲ... အဲဒါမျိုးတွေပေါ့... ကျမဖခင် နဲ့ မိခင်မှာ တူညီတာလေးတွေရှိကြတယ်...:P အဲ... သူတို့ သူငယ်ချင်းတွေကလည်း တွေ့ရင် ခဏခဏနောက်ကြတာ "အသွင်တူ အိမ်သူဖြစ်"တဲ့...:P ကျမမိဘတွေက များသောအားဖြင့် မိဘဆိုတဲ့ အနေအထားမျိုးထက် သူငယ်ချင်းလိုအနေအထားမျိုးနဲ့ ကျမတို့ကို ဆက်ဆံတာများပါတယ်... ဟဲ... တစ်ခါတစ်လေ သားအဖတွေ အိမ်ကျဉ်းကျဉ်းမှာ တစ်ဝုန်းဝုန်းနဲ့ ပြေးတမ်းလိုက်တမ်းတောင် ကစားတတ်ကြသေးတယ်... မောင်လေးကလည်း အစအနောက်သန်တယ်... ကျမဖခင်ကလည်း သူ စိတ်ကြည်ရင် အရမ်းစ,တာ... မသိတဲ့သူတွေကတော့ ကလေးငယ်တွေရှိလို့ စိန်ပြေးတမ်းစော့ကြတယ် ထင်တာပေါ့လေ... အမှန်က ဒီအရွယ်ကြီးတွေ စော့နေကြတာလေ... ဟီး... တစ်ခါတစ်လေလည်း တစ်လုံးတည်းသော Computer ကို လုပြီး Game ကစားတတ်ပါတယ်... အများဆုံး လုတာကတော့ ကျမနဲ့ပေါ့လေ...:P တစ်ခါတစ်လေ Folder လေးတွေ ရွှေ့လိုက်ရင် သူတို့မလုပ်တတ်တော့ဘူးလေ... ကျမဖခင်ကတော့ သူ့ဘာသာ လျှောက်ရှာတတ်သေးပေမယ့် ကျမမိခင်ကတော့ ဟယ်... ဟိုအရုပ်လေးတွေနဲ့ Game ကော... ဒီ အကောင်လေးတွေနဲ့ Game ရောနဲ့ မေးပါလေရော... တစ်ခါတစ်လေ ကျမတို့ မောင်နှမတွေ ညစ်ပြီး မပြောပြရင် Computer ရှေ့လေး ငုပ်တုတ်ထိုင်ရင်း ဟဲ့... လာလုပ်ပေးကြဦးလေ... လို့ ပြောရော... ဟီး... ကျမမိခင် စိတ်ဆိုးစပြုမှ တစ်ယောက်ယောက်က သွားထ,လုပ်ပေးပြီး "တုံးတက်စ်"လို့ အမေ့ကို စရောလေ (တုံး တာကို adjective လိုယူပြီး -est ထည့်ခေါ်တာပါ) ဟီး... အဲဒါနဲ့ ကျမမိခင်မှာ "တုံးတက်စ်... တုံးတက်စ်..."ဆိုပြီး တွင်သွားတော့တာပေါ့... အဲ... တစ်ခါတစ်လေ ကျမတို့ အူကြောင်ကြောင်ဖြစ်တာမျိုး... နားဝေးတာမျိုးနဲ့ ကြုံရင် ကျမမိခင်က ကျမတို့ကို "တုံးတက်စ်"လို့ ပြန်ခေါ်တတ်ပါတယ်... အဲဒီလိုအခါမျိုးဆို အရမ်းရယ်ရတဲ့ ပြက်လုံးတစ်ခုရသလို ကျမတို့မှာ ပွဲကျရတာပေါ့... အဟဲ... ကျမမိခင်က ကျမဖခင်ကို ပေးထားတဲ့ နာမည်လေးလည်း ရှိသေးတယ်... ဟီး... အိမ်မှာ တစ်ခုခုပျက်ရင်လေ ကျမဖခင်က ဘယ်တော့မှ ဆိုင်မပို့ဘူး... နေဦး ငါလုပ်ကြည့်ဦးမယ်ဆိုပြီး စမ်းတော့တာပဲ... အဲ... အများဆုံးပျက်တာကတော့ စားပွဲတင်နာရီတွေပေါ့... ဟီး... အဲဒါ ကျမမိခင်က ကျမဖခင်ကို နာမည်ပေးလိုက်တယ်... "ဖျက်ကန်းနစ်"လို့... ဟီး... အဲ... ကျမကိုလည်း နာမည်ပေးထားသေးတယ်... ဟီး... (လာမခေါ်နဲ့နော်... ခေါ်တဲ့သူ ရန်သူပဲ... အိမ်က ချစ်စနိုးပေးထားတာ...ဟီး...) ဘယ်သွားသွား ဘယ်လာလာ ဇိမ်နဲ့ ဖြည်းဖြည်းလုပ်တတ်တဲ့ အကျင့်ဆိုးကြောင့် အမြဲတမ်း ကျမကို စောင့်ရလေ့ရှိတယ်လေ... (ချိန်းတိုင်းလည်း နောက်ကျတာ များပါတယ်... ရုံးလည်း အမြဲနောက်ကျပါတယ်...:P ) အဲဒါ ကြာလို့တဲ့... "ကြာသည်"လို့ ပေးထားပါတယ်... ဟီးဟီး... ကျမအိမ်နာမည်ကို ပြောင်းပြန် ပြန်ခေါ်ရင်လည်း အဲဒီလို အသံထွက်ပါတယ်...ဟီး... အဲဒါ ကျမ့မိခင်က စခေါ်ရင်း တွင်သွားတာ ကျမဦးလေးတွေ၊ အဒေါ်တွေကပါ တစ်ခါတစ်လေ နောက်နောက်ပြီး ခေါ်ပါတယ်...:( (အမှန်က ရှိသေးတယ်... တစ်ခြားနာမည်တွေ... ပြောတော့ဘူး...ဟိ) ညီမလေးရဲ့ နာမည်တော့ ပြောတော့ပါဘူး... permit မရလို့...:P မောင်လေးကိုတော့ ကျမမိခင်က နာမည်ပေးထားတယ်... "ကိုညစ်လေး"တဲ့... ကစားရင် ညစ်တတ်လို့ (အမှန်က လူလည်ကြတာ...:P) သူသိထားတာရှိရင်လည်း တစ်ခါတစ်လေ လျှိုထားတတ်လို့တဲ့... game တွေဘာတွေ စော့လို့ သူ့အလှည့်ပြီးရင်လည်း "ခဏလေး... ခဏလေး... ပွဲကောင်းနေလို့...ပြီးတော့မှာ... ပြီးတော့မှာ..." နဲ့... နေသာဝင်သွားမယ်... သူ့"ခဏလေး"က မပြီးဘူး... အဲလိုနဲ့ ကိုရီးကားတွေ လွဲရပေါင်းလည်း များပေါ့... (TV Game စော့တာကိုး... ရုပ်ရှင် ဘယ်ကြည့်ရမလဲ) အဲ... ဘမျိုးဘိုးတူဆိုတော့... ဟီး... ကျမဖခင်ကို "ကိုညစ်ကြီး"တဲ့... ကျမ မောင်လေးကို "ကိုညစ်လေး"တဲ့... ဟီး... ကျမမိခင် နာမည်ပေးထားတာ...:P

အဲ... ပြီးတော့... ရုံးအလုပ်လုပ်ကြတာမဟုတ်တဲ့ ကျမရဲ့မိဘတွေဟာ သားသမီးတွေအတွက် အချိန်အပြည့်အဝလည်း ပေးနိုင်ကြပါတယ်... ကျမတို့ (၇)တန်း (၈)တန်းအထိ ကျောင်းအဆင်း ကျူရှင်အတက်ကို ကျောင်းရှေ့မှာ ကျမမိခင်ဖြစ်ဖြစ် ကျမဖခင်ဖြစ်ဖြစ် တစ်ခါတစ်လေ မိခင်ကိုရောဖခင်ရော လာစောင့်နေလေ့ရှိပါတယ်... များသောအားဖြင့် အပြင်အစားအစာ (ခေါက်ဆွဲသုပ်တို့ ဘာတို့...:P) သိပ်စားလေ့မရှိသော ကျမအတွက် မုန့်ဗူးနဲ့ လာစောင့်နေလေ့ရှိပါတယ်... သိကြတဲ့အတိုင်း အထက်တန်းကျောင်းသားကျောင်းသူတွေရဲ့ ဒုက္ခတစ်ခုဖြစ်သော လူနဲ့မမျှတဲ့ စာအုပ်တွေ ပခုံးတစ်ခြမ်းစောင်းအောင် သယ်ရတာမို့ ကျူရှင်မတတ်ရသော စာအုပ်တွေကိုလည်း ပြန်သယ်ပေးသွားတတ်ကြပါသေးတယ်... အရွယ်ရောက်လာတော့ ကျောင်းပို့ကျောင်းကြိုမဟုတ်တော့ဘဲ ရုံးပို့ရုံးကြိုပေါ့... နောက် ဘယ်သွားသွား ဘယ်လာလာ လိုက်ပို့တတ်ပြန်ပါတယ်... တစ်ခါတစ်ခါတော့လည်း အရွယ်ရောက်နေတဲ့ ကျမတို့ကို သူငယ်ချင်းအိမ်သွားတာကအစ လိုက်ပို့ပေးတတ်တာမို့ ရှက်ချင်ချင်... မိဘမို့ စိတ်ပူတာလည်း ပါသလို အဟဲ... စိတ်မချတာလည်း ပါတာပေါ့လေ... နောက်ပြီး ကျမမိသားစုရဲ့ စရိုက်လေးတစ်ခုလို့ ပြောရမယ့်အရာလေးတစ်ခု ရှိပါတယ်... အဲဒါကတော့ ဘယ်သူ ဘယ်ကပြန်လာပြန်လာ... အပြင်မှာ ဖြစ်ပျက်ခဲ့တာကို အိမ်သားတွေကို ပြန်ပြောပြတတ်ကြတာပါပဲ... အဲ... အဆိုးဆုံးကတော့ ကျမတို့ညီအစ်မပေါ့... ဘယ်သွားသွား ဘယ်လာလာ အမွှာပူးလို တစ်တွဲတွဲ (ရုံးတော့မတူဘူးပေါ့လေ...:P ) မို့ အကြောင်းအရာ တစ်ခုကို နှစ်ယောက်လုလုပြောရတယ်လေ... အဲ... တစ်ခါတစ်လေတော့ မခွဲမခွာ သွားလာတတ်သော လူကြီးစုံတွဲက အပြိုင်လုပြောတတ်တာပေါ့... ဟီး... ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေဆို မမြင်ဖူးရင်သာရှိမယ် နာမည်နဲ့ လူတွေ တွဲပြီး မသိရင်သာရှိမယ် အားလုံးကို ကျမမိဘတွေက သိကြသလို လူကြီးတွေရဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ နာမည်တွေကလည်း ကျမတို့နဲ့ ရင်းနှီးလို့ နေတယ်လေ... ပျော်ရွှင်စရာ အမြောက်အမြားနဲ့ အမှတ်တမဲ့ပေမယ့် စိတ်သန္တံမှာ မှတ်မှတ်ရရ ရှိနေတာလေးတွေပေါ့လေ...

ခုတော့... စကားတွေ ဖောင်ဖောင်ဖွဲ့ခဲ့တဲ့... စကားသံတွေနဲ့ ဆူညံခဲ့တဲ့ အိမ်လေးလည်း တိတ်ဆိတ်နေခဲ့တာ... ရယ်သံများနှင့် ပြေးလွှားသံများ ဆိတ်သုန်းခဲ့တာ တစ်နှစ်နဲ့ ခုနှစ်လနီးပါးများတောင် ရှိခဲ့ပြီပေါ့လေ... ခြောက်သွေ့တဲ့ အိမ်လေးထဲမှာ အဝေးက သမီးတွေကို တမ်းတလွမ်းနေမယ့် တစ်နေ့တစ်ခြား ဇရာဆိုတာကို မလွန်ဆန်နိုင်သော မိဘစုံတွဲလေးလည်း ကျိတ်ကျိတ်ဆွေးနေရရှာမှာပဲနော်... တစ်ပတ်မှာနှစ်ခါလောက် သမီးတွေ ရုံးပိတ်ချိန်လေး အနားယူ အိပ်ရေးဝနေမယ့် နေ့ခင်းဘက်လေးတွေမှာ internet ဆိုင်လေးရှေ့ ယောင်ချာချာနဲ့ တန်းစီ စောင့်စားနေရရှာတာလည်း သမီးတွေအသံ သမီးတွေ မျက်နှာ ကြားရဖို့၊ မြင်ရဖို့ သူတို့မှာ ပင်ပန်းတယ်လို့တောင် ယူဆမယ်မထင်... သမီးတွေဆီက ပျော်ရွှင်နေတာတဲ့ အသံလေးတွေ ကြားရရင် သူတို့မှာ ယောင်ရမ်းလို့တောင် အရယ်မရပ်နိုင်... သမီးတွေဆီက မပြေလည်တဲ့ အသံလေးတွေကြားရရင်တော့ "ငါ့သမီးလေးတွေလို့..." ရင်ထဲ... ဒါမှမဟုတ် နှစ်ယောက်တည်း တီးတိုးရွတ်လို့ အားပေးစကားနဲ့ ပြုံးပြနေတတ်ကြတာ... နှုတ်ဆက်ချိန်ရောက်တိုင်း မရိုးနိုင်စွာ တွေ့ရတဲ့ မျက်ရည်စတွေ ခိုနေတတ်တဲ့ မျက်ဝန်းအစုံနဲ့ ရယ်မောလက်ပြတတ်ကြတာ...

အိမ်... ကျမအတွက်တော့ အမိုးအကာရှိတိုင်း အိမ်လို့မမည်ပါ... တန်ဖိုးကြီး စည်းစိမ်တွေရှိတိုင်း အိမ်လို့ မမည်ပါ... စကားသံတွေ မရှိတဲ့ တိတ်ဆိတ်နေတဲ့အိမ်ဟာ အိမ်မမည်ပါ... ရယ်သံတွေ ခမ်းခြောက်နေတဲ့ အိမ်ဟာ အိမ်လို့ မမည်ပါ... မိဘတွေဟာ သားသမီးတွေအတွက် အမိုးအကာဆိုရင် သားသမီးတွေဟာ အိမ်တစ်အိမ်ရဲ့ လေပြေတိုးဝှေ့တိုင်း သံစဉ်တစ်ပုဒ်ထုတ်လုပ်တတ်တဲ့ ဆည်းလည်းသံတွေပါ...

အိမ်... ကျမဘဝ ၂၅နှစ်တိုင်တိုင် ပိုင်ဆိုင်ခဲ့သော အိမ်... နောက်ထပ် အချိန်ဘယ်လောက်ကြာမှ ကျမပြန်လည် ပိုင်ဆိုင်ခွင့်ရပါ့မလဲ... ဘယ်နှစ်နှစ်တိုင်အောင်ကော ကျမ ပိုင်ဆိုင်ခွင့်ရပါ့မလဲ... ခုချိန်မှာ ကျမ အိမ်တစ်အိမ်ကို ပြင်းပြင်းပြပြ ပိုင်ဆိုင်ချင်ပါတယ်... ကျမ အရင်တစ်ချိန်က ပိုင်ဆိုင်ခဲ့တဲ့ အိမ်လေးအတိုင်း ကျမ ပိုင်ဆိုင်ချင်လှပါပြီ... အဲဒီလို ပိုင်ဆိုင်နိုင်ဖို့ ကျမတို့ မိသားစုဝင်တွေရဲ့ ရင်တွင်းနာတွေ ဘယ်လောက်ကြာရှည်ခံစားရပါဦးမလဲနော်.......


Created By: k2tmaung (29 September 2009 Tuesday 06:30AM)

(01.10.2009 ဆို တစ်နှစ်နဲ့ ခုနှစ်လနီးပါးများတောင် ရှိခဲ့ပြီ)

ဆက်လက်ဖတ်ရှုရန်...



(ကြိုတင် ဝန်ခံပါ၏... စာအရမ်းရေးချင်ပြီး ဘာရေးရမှန်းမသိတာနဲ့ ရေးချင်ရာ ရေးထားတာပါ...:P )

အရောင်တွေနဲ့ ပတ်သက်ပြီး အမှတ်ရစရာလေးတစ်ခု ရှိခဲ့ဖူးပါတယ်... တစ်ခြားတော့ မဟုတ်ပါဘူး... :P Face Book မှာ မေးခွန်း(၁၀)ခု လုပ်ပြီး ကိုယ်နဲ့အရမ်းရင်းနှီးကျွမ်းဝင်သူများကို မေးကြည့်တာပါ... ဖြေပေးကြတဲ့သူတွေက ကျမညီမလေးရယ်... ကျမ cousin အစ်ကိုရယ်... ကျမချစ်သူငယ်ချင်း(၂)ယောက်ရယ်ပါ... ထူးထူးခြားခြား... တစ်ယောက်မှ မမှန်တာက ကျမရဲ့ အကြိုက်ဆုံးအရောင်ဆိုတာကိုပါ... အဲ... သူတို့အားလုံး အဖြေသာ မမှန်တာ အမှားကျ အကုန်တူလေရဲ့... :P ကျမရဲ့ favourite colour ကို "အနက်ရောင်" လို့ ရွေးပေးကြတယ်လေ... ကျမ ညီမလေးကတော့ အဆိုးဆုံးပေါ့... သူမက အဲဒါလေးတစ်ခုပဲ မှားတာကိုး... ပြောမဆုံးပေါင် တောသုံးတောင်ပေါ့...:P ပွစိ ပွစိနဲ့လေ...ဟီး... ကျမသူငယ်ချင်းတစ်ယောက်ကလည်း မနေနိုင်လို့ (အမှန်တော့ မကျေနပ်တာ...:D ) online မှာ လာအော်သွားလေရဲ့... ဟီး... အင်း... အမှန်က သူတို့အပြစ်ကြီးပဲတော့ မဟုတ်ဘူးပေါ့လေ... ကျမကိုယ်တိုင်ကလည်း "အနက်ရောင်"ကို အသုံးများခဲ့တာကိုး...:P

အမှန်က ကျမရဲ့ ငယ်ငယ်ကတည်းက မပြောင်းမလဲ အသဲစွဲ :P အရောင်လေးက "baby pink" လို့ ခေါ်တဲ့ "ပန်းနုရောင်"လေးပါ... ဘာလို့ကြိုက်လဲဆိုရင်တော့ မသိဘူးပဲ... ဟီး... ငယ်ငယ်က ကျမမိခင်က အဝတ်အစားဝယ်ပေးရင်ဖြစ်ဖြစ် အရောင်တစ်ရောင်ကိုရွေးခိုင်းခဲ့ရင် စွဲစွဲမြဲမြဲ ရွေးချယ်မိတတ်တာက "ပန်းရောင်"ဆိုတာပါပဲ... ကျမမိခင်က အမြဲချော့မော့ပြီး "သမီးမှာ ပန်းရောင်ကြီးပဲလေ ဒီအရောင်လေးလှတယ်... ဒါလေးက သမီးမှာမရှိသေးဘူးလေ"နဲ့ ပြောတတ်တာ ကျမ သတိရမိသလို၊ သတိလည်းထားမိခဲ့ပါတယ်... ဘာကြောင့်လဲတော့မသိ "ပန်းရောင်ဖျော့ဖျော့"လေးတွေကို အရမ်းသဘောကျမိတယ်... မှတ်မှတ်ရရ 2006 ကျမမွေးနေ့တုန်းက ကျမလုပ်ဖော်ကိုင်ဖက် အစ်မများက ကျမ နဲ့ နောက်ထပ်မွေးလတူ အစ်မတစ်ယောက်ကို မွေးနေ့လက်ဆောင် Giordana စပို့ရှပ်နဲ့ ပန်းပွင့်နုတ်နုတ်လေးတွေပါတဲ့ ထမီစလေး ဆင်တူဝယ်ပေးခဲ့ဖူးပါတယ်... အရောင်ပဲကွာခဲ့တာပါ... ကျမကို အဝါဖျော့ဖျော့လေးဝယ်ပေးပြီး မွေးလတူအစ်မကိုတော့ ပန်းရောင်လေးဝယ်ပေးခဲ့တယ်... ဟီး... ကျမကလည်း ဟန်ဆောင်ပန်ဆောင် အတော်နေတတ်ပုံရတယ်လေ... ကျမ အဲဒီ ပန်းရောင်လေးကို တကြည့်ကြည့်လုပ်နေတာ ရိပ်မိတဲ့ အစ်မတစ်ယောက်က "ငါ့ညီမလေးကြည့်ရတာ ပန်းရောင်လေးကြိုက်ပုံရတယ်"တဲ့... ဟီး... ကျမလည်း ရယ်နေလိုက်တယ်...:P ဟုတ်နေတာကိုး... မွေးလတူ အစ်မကတော့ "လဲမလား"လို့ မေးပေမယ့် ကျမ မလဲခဲ့ပါဘူး... ကိုယ့်အတွက် အမှတ်တရ ရည်စူးပေးတဲ့ လက်ဆောင်ကို ကျမ မလဲပါဘူးလေ... အဟဲ... ကျမ အကြိုက်ဆုံးအရောင်ဖြစ်ပေမယ့် အသုံးပြုခဲပါတယ်... ဝယ်ခဲပါတယ်... ဟီး... အဲဒါကြောင့်လည်း လူတော်တော်များများမသိကြတာ မဆန်းပါဘူးလေ...

ဒုတိယအကြိုက်ဆုံးအရောင်ကတော့ မေးစရာမလို "အနက်ရောင်"ကိုပေါ့...:P chinese ဖြစ်တဲ့အတွက် ငယ်ငယ်က အနက်ရောင် ဝတ်ဖို့ မိဘတွေက လုံးဝ ခွင့်မပြုဘူးလေ... နောက်တော့ ချိန်ခါ ရေစီးကြောင်းကလည်း ပြောင်းလာတာကတစ်ကြောင်း... အဟဲ... သားသမီးတွေ ကြီးလာရင် မိဘတွေ သိပ်ပြောမရတော့တာကတစ်ကြောင်းမို့ အတားအဆီးမရှိ "အနက်ရောင်"ကို သုံးစွဲခွင့်ရခဲ့ပါတယ်... အင်း... "အနက်ရောင်"ကို ကျမ တော်တော်လေးတော့ "crazy" ဖြစ်ပါတယ်... ကျမ အဝတ်အစား အသုံးအဆောင်တွေရဲ့ ၈၀% ဟာ "အနက်ရောင်"ပါပဲ... ဘာလို့ အဲဒီအရောင်ကိုကြိုက်ရတာလဲဆိုတော့ အပေအတေခံတယ်... တစ်ခြားအရောင်တွေလို စွန်းထင်းမလွယ်ဘူး... အကြမ်းခံတယ်... မာကျောတယ်လို့ ကျမ ယူဆလို့ပါ... နောက်ပြီး "မဟာဆန်တယ်"လို့လည်း ကျမ ထင်လို့ပါ... ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်တူကြမယ် မထင်ပါဘူးလေ...:P အထူးသဖြင့် အဝတ်အစားတွေဆို "အနက်ရောင်" ဝယ်ဖြစ်တာ များပါတယ်... "အနက်ရောင်"ကို ဝတ်ခြင်းဖြင့် ကျမရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖုံးကွယ်လို့ရတယ်လို့ စိတ်က ထင်မိပြန်ပါတယ်... တစ်ချို့တွေက ပြောကြတယ်... "အသားဖြူတဲ့သူက ဘာအရောင်ဝတ်ဝတ်လိုက်တယ်"တဲ့... လိုက်တာမှန်ပါတယ်... သို့ပေမယ့် တစ်ခါတစ်လေကျ အရောင်တောက်တောက်များနဲ့ အရောင်နုနုလွင်လွင်များက အသားဖြူသူတွေကို မလိုအပ်ပါပဲ ထင်ရှားနေစေတယ်လို့ ကျမ ယူဆမိပါတယ်... ကျမအတွက်တော့ အသားဖြူတာဟာ အဝတ်အစားရွေးချယ်ဖို့အတွက် အခက်အခဲတစ်မျိုးလို့ ထင်မိတယ်... မထင်ရှားချင်သော ကျမ ဘယ်တုန်းကမှ အဝတ်အစားကို အရောင်တောက်တောက် ရွေးချယ် ဝတ်ဆင်လေ့မရှိပါဘူး... မထင်ပေါ်ချင်တဲ့ ကျမ အရောင်နုနုလွင်လွင်တွေတောင် ရှားပါးစွာ ဝတ်ဆင်တတ်ပါတယ်... အများအားဖြင့် "အနက်ရောင်"ဘက် ဖောက်သော ခဲရောင်၊ အညိုရောင်၊ မည်းနယ်ပြာ... အဲဒီလို အရောင်မှိုင်းမှိုင်းတွေပဲ ဝတ်တာများပါတယ်... နေ့တိုင်း အပေါ်အင်္ကျီနက်ရင်နက် မနက်ရင် အောက်စကပ်က နက်နေတတ်ပါတယ်... တစ်ခါတစ်လေတော့လည်း အဲဒီလို ခပ်မှောင်မှောင်အရောင်တွေက စိတ်တွေကိုပါ အရောင်ဟပ်ပြီး အမှောင်ကျစေတယ်လို့လည်း ခံစားမိပြန်တယ်... သို့ပေမယ့် ကျမကတော့ သုံးစွဲဆဲ... သုံးစွဲမြဲ... သုံးစွဲလတံ္တပါပဲ...:P အဲ... "အနက်ရောင်" နဲ့ ပတ်သက်ပြီး crazy အဖြစ်ဆုံး အရာတစ်ခုရှိပါတယ်... အဲဒါကတော့ "လက်ပတ်နာရီ"ပါ... ဘာကြောင့်မှန်းတော့မသိဘူး... "အနက်ရောင်" ဒိုင်ခွက်နဲ့ "အနက်ရောင်"သားရည်လက်ပတ်ကြိုးပါတဲ့ နာရီအမျိုးအစားကို သေလုမျောပါး ကြိုက်ပါတယ်... ဟဲ...:P

နောက်ထပ် အကြိုက်ဆုံး အရောင်လေးကတော့ "အဖြူရောင်"ပါ... သန့်ရှင်းမှု၊ စင်ကြယ်မှုတွေကို ပေးတဲ့အရောင်မို့ အရမ်းလည်း နှစ်သက်ပါတယ်... အဝတ်အစားဖြစ်ဖြစ် အသုံးအဆောင်ဖြစ်ဖြစ် ကိုယ်နဲ့အတူ ရှိနေရင် သူ့ဆီက ဖြူစင်မှုတွေ၊ ကြည်လင်မှုတွေ ကျမဆီ ကူးစက်လာတယ်လို့ ခံစားမိလို့ပါ...:P အထူးသဖြင့် အဝတ်အစား အဖြူသန့်သန့်ဝတ်တဲ့နေ့တွေမှာ ကျမ စိတ်တွေကို အရမ်းကြည်လင် သန့်ရှင်းနေစေပါတယ်... အမှားကင်းတဲ့ လူတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေ အားကောင်းစေတယ်လို့ ယုံကြည်မိပြန်ပါတယ်... အဲ... ကိုယ်ခန္ဒာပြည့်ဖြိုးတဲ့အချိန်မှာ ကျမ အရှောင်ဆုံးအရောင်ကလည်း "အဖြူရောင်"ပါပဲ...:P

နောက် ကျမ ကြိုက်မိတဲ့ အရောင်လေးတစ်ရောင်ကတော့ "အဝါရောင်"လေးပါ... ဘာလို့ ကြိုက်လဲဆိုတော့... ဟီး... ကျမမိခင်ရဲ့ အကြိုက်ဆုံးအရောင်မို့ပါ...:P အဝါရောင်လွင်လွင်နုနုလေးတွေကို သဘောကျ ကြိုက်နှစ်သက်ပါတယ်... အဟဲ... စိတ်ကူးတစ်ခုကို တကယ်လက်တွေ့ဖော်ဆောင်ခွင့်ရှိရင်တော့ အဝါရောင်အဆင်းရှိသော နေကြာပန်းခင်းထဲ ခဏဖြစ်ဖြစ် ပြေးလွှားစော့ကစားချင်သား... (ငယ်ငယ်က နေကြာခင်းထဲ ရောက်ခဲ့ဖူးလို့ပါ...:P ) သစ်လွင်မှုနဲ့ နုပျိုခြင်း၊ ရှင်းလင်းခြင်းတွေ ဖြစ်စေတယ်လို့လည်း ခံစားမိပါတယ်...

နောက်တစ်ရောင်ကတော့ "အနီရောင်"ပါ... ရဲရင့်ခြင်းတွေ ပေးတဲ့အရောင်မို့ တော်တော်လေးတော့ ကြိုက်ပါတယ်... အဲ... အဝတ်အစားမှာဆိုရင်တော့ ကျမအရှောင်ဆုံးအရောင်ပါ... အသားဖြူတဲ့သူအတွက် အနီရောင်က တဆိတ် တောက်ပမှုလွန်ကဲတယ်လို့ ထင်မိလို့ပါ... သို့ဆိုသော်... အနီရောင် အဝတ်အစား လုံးဝ မဝတ်ဘူးလားဆိုတော့ ဝတ်ပါတယ်... အိမ်က ဝယ်ပေးတာ၊ လက်ဆောင်ရတာမျိုးကလွဲရင်တော့ တစ်ခါမှ ရွေးချယ် မဝယ်ဖူးသော အရောင်ပါ...ဟီး... အသုံးအဆောင် ပစ္စည်းတော်တော်များများမှာတော့" အနီရောင်"ကို ကြိုက်ပါတယ်... ဟီး... ခုလက်ရှိ ကျမရဲ့ handset လေးကလည်း အနီများသော အနက်ရောင်လေးပါ... ခုထိ handset ချိန်းဖို့ စဉ်းစားမိတိုင်း ကျမ handset လောက်လှတာ မတွေ့မိသေးဘူးလို့ပဲ မြင်မိပါတယ်...:P ကျမက စိတ်ပြင်းတဲ့သူလို့ (ရရစ်နဲ့ပြင်းတာပါ... ရပင်းနဲ့ပျင်းတာမဟုတ်ပါ...:P) ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တဲ့အတွက် အနီရောင်ဟာ ကျမနဲ့ လိုက်ဖက်တယ်လို့လည်း တစ်ခါတစ်လေ မြင်မိပါတယ်...

"အပြာရောင်"ကတော့ လူအများသတ်မှတ်ထားကျသလို တည်ငြိမ်ခြင်း၊ ရင့်ကျက်ခြင်းတွေ ပေးစွမ်းတယ်လို့ လက်ခံထားပါတယ်... အဝတ်အစားဆိုရင်တော့ ဂျင်းကလွဲပြီး ဝတ်လေ့ဝတ်ထ မရှိပါဘူး... အထင်ရှားဆုံး ကျမကြိုက်နှစ်သက်တဲ့ အပြာရောင်အဆင်းရှိသောအရာကတော့ မိုးကောင်းကင် နဲ့ ပင်လယ်ပြင်ပါပဲ... ကြည်လင်တဲ့ မိုးကောင်ကင်ပြာပြာ နဲ့ ပင်လယ်ပြင်က လူတွေရဲ့ စိတ်ကို အသန့်ရှင်းဆုံး ကြည်လင်မှုကို ပေးစွမ်းနိုင်တယ်လို့ ကျမ ယုံကြည်နေဆဲပါပဲ... စိတ်တွေ ညစ်ညူးတဲ့ အချိန်တိုင်း မိုးကောင်းကင်ပြာပြာကို မော့ကြည့်ရတာလောက် အေးချမ်းတည်ငြိမ်မှု ရတာမရှိသလို ပင်လယ်ပြာပြာနဲ့ ထိတွေ့ရတာလည်း ကြည်နူးစရာအကောင်းဆုံး နဲ့ လွတ်လပ်ပေါ့ပါးစရာ အကောင်းဆုံးလို့ မှတ်ယူထားဆဲပါပဲ... :)

အစိမ်းရောင်ကတော့ ဆယ်စုနှစ်တစ်ခုကျော်အောင် ဆင်မြန်းခဲ့ရလို့လားမသိ လုံးဝ လုံးဝကို ရွေးချယ်မဝတ်ချင်သော အရောင်ပါပဲ... ဟီး... သို့ပေမယ့် ပတ်ဝန်းကျင် စိမ်းလန်းမှုကိုတော့ အတော်လေး သဘောကျပါတယ်... ဖြစ်နိုင်ရင်တော့ မြို့ပြထက် တောတောင်သဘာဝ စိမ်းစိုလှပတဲ့ ကျေးလက်ပတ်ဝန်းကျင်မှာ အခြေချချင်မိတယ်... ဖြစ်နိုင်ရင် ပြောတာပါ... မဖြစ်ဖို့ကတော့ များတယ်...:P

အဟဲ... ဘာမှန်းမသိဘဲ အကြိုက်ဆုံး အရောင်တစ်ရောင်ရှိတယ်... ဟီး... တစ်ခါမှ မကြိုက်ခဲ့တဲ့ အရောင်ကို 2007 ကျမ မွေးနေ့မှာ City FM radio ကနေ စံဇာနည်ဘိုရဲ့ ကံအကောင်းဆုံးအရောင်က "ခရမ်းရောင်"လို့ ပြောကတည်းက ဘာမှန်းမသိ "ခရမ်းရောင်"တွေ မြင်တိုင်း သဘောကျလို့ နေတော့တယ်... ဟီး...

အဟဲ... ကျမ ကြိုက်သော အရောင်လေးတွေကတော့... ဒီလောက်ပါပဲ...:P အရောင် အရမ်းရင့်ရင့်မှိုင်းမှိုင်းလေးတွေနဲ့ နုနုလေးတွေကိုလည်း ဘယ်အရောင်ဖြစ်ဖြစ် ကြိုက်ပါတယ်... ဟီး... ဆိုခဲ့ပြီးတဲ့အတိုင်း အရောင်ရင့်တာတွေ ဝတ်တာများတော့ သူငယ်ချင်းတွေကတောင် "နင်က လူကြီးဆန်တယ်"လို့ မှတ်ချက်ပေးတာ ခံရဖူးပါတယ်...:P ဟုတ်တော့လည်း ဟုတ်ပါတယ်... အရောင်နုတွေဆိုတာ ငယ်ရွယ်သူတွေနဲ့ ပိုလိုက်ဖက်တယ်လို့ ကျမတော့ မြင်မိတယ်... အဟဲ... ခုတောင် အိုမင်းခြင်းဘက်ကို တစ်နေ့တစ်လှမ်း မှန်မှန် မြန်းနေတာမို့ တစ်ခါတစ်လေ စိတ်ကူးပေါက်ပြီး အရောင်နုနုလေးတွေကို ဝတ်ဆင်ကြည့်၊ သုံးစွဲကြည့်ဖြစ်တယ်... အချိန်က သိပ်မကျန်တော့ဘူးမဟုတ်လား...:P တော်ကြာ... ဒီထက်အသက်အရွယ်ကြီးမှ အရောင်နုနုလေးတွေ သုံးစွဲမိရင် ကိုယ့်အသက်အရွယ်နဲ့မှမလိုက် သုံးစွဲရကောင်းလားလို့ အပြောခံရမှာဆိုးတယ်လေ... ခုတောင် တော်တော်လေး နောက်ကျနေလို့ နောင်တများတောင် တစ်ခါတစ်လေ ရချင်ချင်...ဟီး... အမြင်အတိုင်းပြောရရင် အရောင်တွေကြောင့် စိတ်အခြေအနေတွေ ပြောင်းလဲတတ်သလို စိတ်အခြေအနေကြောင့်လည်း အရောင်တွေရဲ့ ဂုဏ်သတ္တိတွေ ပြောင်းလဲသွားကြတာလို့ ထင်မိပါတယ်... လူတိုင်း လူတိုင်းမှာ အရောင်တွေနဲ့ ပတ်သက်ပြီး ခံစားမှုတစ်ခုစီ ရှိကြမယ်လို့... ကျမထင်ပါတယ်... ကိုယ်တိုင် မဆန်းစစ်ကြလို့သာ မသိကြတာပါ... အရောင်တွေနဲ့ ဆက်စပ်ပြီး နက်ရှိုင်းသော ခံစားမှုလေးတွေ လူတိုင်းရင်မှာ ကိန်းဝပ်နေမှာလို့ ယုံကြည်ရင်းနဲ့ပဲ...:P


Created By: k2tmaung (27 September 2009 Sunday 07:52AM)

ဆက်လက်ဖတ်ရှုရန်...

သီချင်းတွေတင်တိုင်း "ကိုယ်တွေ့"လားလို့ အမေးခံရလို့ ဒီတစ်ခါတော့ တိုက်ဆိုင်မှုနည်းနည်းပါးပါးရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို ရွေးချင်ပါတယ်... :P
စာသားတွေ အားလုံးတော့ မဟုတ်ပေမယ့် အဲဒီအချိန် အဲဒီအခါတုန်းကတော့ ကျမအဖြစ်အပျက်တွေနဲ့ တော်တော်လေး တိုက်ဆိုင်ခဲ့လို့ အမြဲလိုလို ညည်းဖြစ်ခဲ့တဲ့ သီချင်းလေးပါ... ဟီးဟီး....
အဖြစ်အပျက်လေးဖြစ်ပွားပြီး မကြာခင်မှာပဲ ဒီသီချင်းလေးကို နားထောင်ဖြစ်ခဲ့လို့ မှတ်မှတ်ရရလည်း ရှိနေခဲ့တာပါ... တိုက်ဆိုင်မှုရှိခဲ့တာလည်း ဒီသီချင်းတစ်ပုဒ်ပဲ ရှိခဲ့ပါတယ်...:P
ကြာတော့ကြာပါပြီ... ဒါပေမယ့် သီချင်းလေး ကြားတိုင်းတော့ အဟဲ... သတိရသလိုလိုတော့ ရှိပါသေးတယ်... :P



NO ရဲ့ သီချင်းလေးကို ကြိုက်တယ်ဆိုရင်တော့ အောက်ဘက်မှာ Download ယူလို့ရအောင် Share ပေးထားပါတယ်နော်... မချစ်ရင်ကောင်းမယ် သီချင်းလေးက အလွမ်းရဲ့ည Album ထဲကပါ...

NO - မချစ်ရင်ကောင်းမယ်

သီချင်းလေးများနဲ့ ပျော်ရွှင်ကြပါစေ....

k2tmaung (27 September 2009 Sunday 12:33AM)

ဆက်လက်ဖတ်ရှုရန်...


ရင်ထဲမှာ ကျဉ်တင်တင်နဲ့... 
ပြင်မရတော့တဲ့ စင်တင်ပြဇာတ်တစ်ပုဒ်... 
ငါ ထုတ်ထုတ်ပြီးတော့ မညည်းချင်ပေမယ့်... 
စွန့်ထုတ်ဖို့ မျက်ရည်တွေ တာကျိုးလို့နေတယ်...  

ဘက်ဆိုတာ ညီမျှဖို့မလို... 
ချိန်ဆဖို့မလို... အသနားခံဖို့မလို... 
အားသာဖို့ကိုပဲ ငါ မျှော်လင့်တယ်...
ပြောခံရဖူးတဲ့ ချစ်စကား...  
ငါ အကြိမ်ကြိမ်ကြားရတာ နားခါးတယ်... 
ဟိုဒီချိန်ထိုး သူ့စိတ်တွေ မနိုးသေးတာ...  
ငါ့ကို ဝေဒနာတွေ တိုးစေတယ်... 
သေချာပေးပါ... ရေရာပေးပါ... 
ငါ အလေးပေးခဲ့တာတွေ... 
ငါ တွေးပေးခဲ့တာတွေအတွက်... 
နည်းနည်းလေးပဲ ငါ့ဘက်ကို စဉ်းစားပေးပါ... 
ငါ အပေါစားမဟုတ်ခဲ့ဘူး... 
တောသားလည်း မဟုတ်ခဲ့ဘူး... 
ကြုံသလို ခြေဆေးဖို့လည်း မဟုတ်ခဲ့ဘူးနော်...  

ငါက အားနွဲ့တဲ့ မိန်းမသား... 
ဒါပေမယ့် ပြတ်သားတယ်... 
တတ်ထားတဲ့ ပညာနဲ့... 
ငါ့ကိုယ်ငါ အလေးထားတယ်... 
အတွေးမမှားခဲ့ရင် ဆေးခါးလည်း...  
သောက်စရာလိုမယ်မထင်ပါဘူး... 
ထောက်ထားစရာရှိရင်လည်း... 
ငါ့ကို ခေါက်ထားခဲ့ပါ... 
ငါက ခြောက်ခြားတတ်သူတော့ မဟုတ်ခဲ့ဘူးလေ... 
အလွဲအမှားတွေနဲ့ ငါ ဝဲထဲလည်ခဲ့ဖူးလို့... 
အပျော့ဆွဲနဲ့ ငါ့ကို လာမတွဲပါနဲ့... 
ငါ့မှာ ကွဲစရာ အသဲ တစ်စုံတည်းရှိလို့... 
ငါ ကိုယ်တိုင်ပဲ ခွဲပါရစေ... 
ကိုယ့်အသားကိုယ် ဓားနဲ့မွှန်း... 
စွန်းထင်းခဲ့တဲ့ သွေး... 
ငါ့အတွက် မေ့ဆေးဖြစ်စေချင်တယ်... 

ငါအတွေးသမားမဟုတ်သလို... 
အဆွေးသမားလည်း မလုပ်ချင်ဘူး... 
တကယ်သာ နှလုံးသွေးစစ်ရင်... 
ငါ့လို ငါ့ကို ပြတ်သားစွာ ချစ်ဖို့ပဲ လိုတယ်...

Created By: k2tmaung (26 September 2009 Saturday 06:33AM) 
ဒီလိုပဲ ရောက်တတ်ရာရာ ခံစားရေးကြည့်ပါတယ်...

ဆက်လက်ဖတ်ရှုရန်...




















ခေါင်းစဉ်လေးမြင်ပြီး အားရဝမ်းသာ (သို့မဟုတ်) အံ့ဩထူးဆန်းမသွားကြပါနဲ့ဦးနော်... ဟီး... ကျမကို အင်မတန်မှ အချစ်ရေးဘက် စိတ်ဝင်စားစေချင်သော သူငယ်ချင်းမောင်နှမတွေ ရှိနေကြလို့လေ... :P ခု ရေးမယ့်အကြောင်းအရာကတော့ တော်တော်များများလည်း စိတ်ဝင်စားတစားရှိကြပြီး စနောက်တာလည်းတော်တော်ခံနေရတဲ့ ကျမရဲ့ ချစ်လှစွာသော ကျမညီမလေးအကြောင်းပါ...

လူတော်တော်များများက မေးဖူးကြပါတယ်... အမြင်ကတ်တာလည်း ခံရဖူးပါတယ်... ဘာလို့ ညီမလေးကို အဲ့လောက် "တို"တာလဲတဲ့... အမှန်အတိုင်းပြောရရင် "မသိပါဘူး"လို့ပဲ... :P သေချာတာကတော့ သက်ရှိအားလုံးထဲမှာ ကျမကိုယ်တိုင်ရယ်... ကျမ မိခင်ရယ်ကလွဲရင် ကျမ ညီမလေးကို အချစ်ဆုံးပါပဲ...:P

တစ်နေ့က ကျမညီမလေးကိုတောင် ပြောဖြစ်ခဲ့သေးတယ်... "နင့်အကြောင်း ငါစာရေးမလို့"ဆိုတော့ သူမက "ငါ့အကြောင်း ဘာရေးစရာ ထွေထွေထူးထူး ရှိလို့လဲ"တဲ့... ကျမ နှုတ်ဆိတ်သွားပြီး စဉ်းစားကြည့်တယ်... ဟုတ်တယ်... ထူးထူးခြားခြားကြီးတော့ မရှိပါဘူး... ဒါပေမယ့် ကျမအတွက်တော့ မရိုးသော အထပ်ထပ်ဖတ်ဖြစ်သော စာတစ်အုပ်လိုပဲ... ကျက်မှတ်ပြီးသားတာတွေကို လက်တွေ့ချရေးမိချင်ရုံသက်သက်ပါပဲ...

ညီမလေးနဲ့ ကျမက ညီအစ်မတွေဆိုပေမယ့် ရုပ်အဆင်းအင်္ဂါနည်းနည်းမှမဆင်သလို သဘောထားတွေ၊ ခံယူချက်တွေ၊ ကြိုက်နှစ်သက်မှုတွေကလည်း တော်တော်လေးကို (လုံးဝနီးပါးကို) ကွဲပြားဆန့်ကျင်ပါတယ်... ဥပမာ သူမက ဟင်းသီးဟင်းရွက်ဆို အရမ်းကြိုက်ပြီး အသီးအနှံတွေမကြိုက်တာများပေမယ့် ကျမက အသီးအနှံဆို ဘာလာလာ အကုန်စားတာကများပြီး ကျမစားသော ဟင်းသီးဟင်းရွက်ဆိုတာ လက်ချိုးရေရင်တောင် လက်တစ်ဖက်မပြည့်တာ... ကျမက အဝတ်အစားဆို Formal သို့မဟုတ် ရိုးရိုးရှင်းရှင်းတွေ ကြိုက်တာများပေမယ့် သူမက လူငယ်ဆန်တာတွေကို အကြိုက်တွေ့တတ်တာ... အဲဒီလိုမျိုးပေါ့... တော်တော်များများ ကွဲပြားတယ်... တစ်ခါတစ်လေလည်း သူမနဲ့အနေများတော့ သူမအကြိုက်တွေ၊ စရိုက်တွေ ကျမဆီကူးဆက်လာတာရှိသလို ကျမအကျင့်တွေ၊ အလေ့အထတွေ သူမဆီ ရောက်သွားတာမျိုးတွေလည်း ရှိတာပေါ့လေ... ဒါပေမယ့် အဲ့လို မတူညီတာ၊ ခြားနားတာတွေ အပုံအပင်ရှိနေတဲ့ကြားက ကျမတို့နှစ်ယောက် ယနေ့ထိတိုင် ညီညီညွတ်ညွတ်နေလို့ရခဲ့တာကိုက ထူးခြားမှုတစ်ခုဖြစ်မယ်ထင်ပါတယ်...

ကျမ တစ်နှစ်နဲ့ နှစ်လအရွယ်မှာ ညီမလေးကို မွေးတယ်... သူမ မွေးလာတော့ မိသားစုနဲ့အတူသိပ်မရှိဖြစ်တဲ့ ကျမဖခင်ကြောင့်ရယ်... ကျမမိခင်က ပုစုခရုကလေးနှစ်ယောက်ရယ် အိမ်အလုပ်တွေနဲ့ အနည်းအကျဉ်းသောစီးပွါးရေးလေးတွေကြောင့်ရယ်... ရယ်... တွေကြောင့် လူသိပ်မစိမ်းတတ်တဲ့ လူချစ်လူခင်လည်းများတဲ့ ကျမကို မိတ်ဆွေအပေါင်းအသင်းတစ်ချို့ ခေါ်ယူထိန်းပေးခြင်းခံရတယ်ဆိုပါတော့... အဲလို သူစိမ်းတွေကြား ကြီးပြင်းတာများလို့လားတော့မသိ ကျမငယ်ငယ်ကတည်းက လူသိပ်မကြောက်တတ်ဘူး... အဲ့ဒါ ကျမညီမလေးနဲ့ စကွာတာပဲ... အဲ... ကျမညီမလေးကို ဦးဆောင်ခဲ့ရတာကလည်း အဲဒီအချက်က အဓိကလို့ ကျမထင်ပါတယ်... ကျမ သူငယ်တန်းစ,တက်ပြီး သိပ်မကြာဘူး... 88 အရေးအခင်းကြောင့် ကျောင်းတွေပိတ်သွားပါလေရော... နောက်နှစ်ကျောင်းတွေ ပြန်ဖွင့်တော့ အသက်တစ်နှစ်ပဲ ကွာတဲ့ ကျမနဲ့ ကျမညီမလေးအတန်းတူသွားကြတယ်ပေါ့... သူမက မိဘနဲ့ပဲ အနေများတော့ လူစိမ်းဆို ကြောက်တတ်တယ်... လူစိမ်းတွေကြားဆို မနေရဲဘူး... မနေချင်ဘူး... ကျမမှတ်မိသေးတယ်... သူမကို ကျမတက်တဲ့ မူကြိုမှာ ထားခဲ့တော့ ငိုလိုက်တာ တစ်နေကုန်ပဲ... ဟီး... ကျမတုန်းကဆို... "သမီး ဒီဆရာမတွေနဲ့ နေခဲ့နော်"လို့ မိဘတွေထားခဲ့တုန်းက "အင်း'ဆိုပြီး လိုက်သွားတာ မိဘတွေကို တစ်ချက်ပြန်လှည့်မကြည့်လို့ မိဘတွေကတောင် စိတ်မကောင်းဖြစ်ရတယ်တဲ့... ဟီး... အဲ့လိုကွာခဲ့တယ်ဆိုပါတော့... နောက်မိဘတွေက "ညီမလေးကို ဂရုစိုက်နော်" ဘာနော်နဲ့ သင်တာများလို့လားတော့ မသိဘူး... စိတ်ထဲမှာ ငါ ဦးဆောင်မှ ဖြစ်မယ်လို့တွေးနေမိတာ ခုထိပဲ... သူမကလည်း အစ်မရှိတယ်... အားကိုးရှိတယ်လို့ တစ်ချိန်လုံးတွေးခဲ့တာလေ...:P ခုတော့ သူမက အရင်လိုတော့ လူမကြောက်တော့ပါဘူး... အရင်လိုလည်း သူများပေါ် မမှီခိုတတ်တော့ပါဘူး... ဒါပေမယ့် သူမက အငယ်မဟုတ်လား... သိတဲ့အတိုင်း ဆိုးနွဲ့ဗိုလ်ကျတတ်တာပေါ့... အဟဲ... ကျမလည်း တစ်ခါတစ်လေ သူမကို ဗိုလ်ကျတတ်ပါတယ်... ဟီး... (လာဖတ်မိလို့ ငါ့မကောင်းကြောင်းရေးတယ် ဖြစ်မှာဆိုးလို့... :P အမှန်တကယ်လည်း ကျမ ဗိုလ်ကျပါတယ်... ဟီး...) နောက်ပြီး ငယ်ငယ်ကတည်းနေ ၈တန်း ၉တန်းအထိ အတူတူအိပ်တာ (ရန်ကုန်မှာတုန်းကလည်း ကြောက်စရာအိပ်မက်မက်ရင်ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ပြီးရင်ဖြစ်ဖြစ် ခေါင်းအုံးပိုက်ပြီး ကျမ ကုတင်ပေါ် ရောက်ရောက်လာတယ်...:P )၊ ဘာဖြစ်ဖြစ် မိဘတွေကို အသိမပေးချင်တာမျိုးရှိရင်တောင် သူမကိုတော့ ပြောပြတတ်တာ၊ ခံစားချက်တွေ၊ ခံယူချက်တွေကို ခဏခဏဆွေးနွေးဖူးတာ... အဲဒါမျိုးတွေကြောင့်လည်း ပိုရင်းနှီးတာဖြစ်မယ်ထင်ပါတယ်... :P ပြီးတော့ အသက်ကတစ်နှစ်ကျော်ပဲကွာတဲ့အပြင် သွားအတူလာအတူ ကျောင်းတက်အတူဆိုတော့ သူငယ်ချင်းတွေလည်း ဖြစ်နေပြန်တယ်လေ...

ကျမညီမလေး ငယ်ငယ်က ဉာဏ်သိပ်မကောင်းဘူး... ဉာဏ်မကောင်းသူတို့ ထုံးစံအတိုင်း ဝီရိယတော့ အတော်ကောင်းတယ်... အဟဲ... အဲဒါနဲ့ ဆန့်ကျင်ဘက် ကျမက ဉာဏ်ကောင်းပြီး ဝီရိယနည်းတယ်... သူမက ကျမနဲ့အတူတူ စာသိပ်ကျက်ချင်တာ... နှစ်ယောက်ကျက်ရင် ပိုရတယ်တဲ့... ကျမကလည်း နှစ်ယောက်မကျက်တတ်ဘူး... (စာကျက်ရမှာ ပျင်းတာလည်း ပါ,တာပေါ့လေ...ဟီး...) အဲဒါ... တစ်ခါတစ်လေ သူမနဲ့ စာအတူ လိုက်လိုက်ကျက်ပေးရတာပေါ့... ကျမက စာထဲအာရုံရသွားရင် စာရတာ အရမ်းမြန်တယ်... (ပြီးမှသာ ရှမ်းတာ... မေ့လွယ်တာ...:P ) သူမက ကျမထက် နှစ်ဆလောက်အချိန်ယူမှ ကျမဆိုသလို သူမ လိုက်ဆိုနိုင်တာလေ... ကျမကလည်း စာရသွားပြီဆိုတာနဲ့ ဝရူးဝရူးနဲ့အော်တော့တာပေါ့... ကျမအော်သလို သူမ လိုက်မအော်နိုင်တော့ ဝမ်းနည်းပြီး ငိုရော... ဟီး... အဲဒါ နောက်ပိုင်းကျ... သူမနဲ့ စာကျက်ရင် စာမရချင်ယောင်ဆောင်ရတယ်... "အာ... ငါ့ဉာဏ်တွေ ထိုင်းလာပြီ... စာကလည်း မရဘူး..." ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့... ရှူးရှူးရှားရှားလေးလုပ်ပြရတယ်... အဲ... သူမက အားတွေဘာတွေ ပြန်ပေးပေါ့... ဟီး... အဲဒါ... သူမ စာရတဲ့အထိ အဲ့လို ညာညာရွှီးရတာ... ဟီး... ကြာတော့ စာကျက်ရတာ ပျင်းလာတာပေါ့နော့... :P နောက်ပြီး ကျမက ညသမား... စာလုပ်ရင် ည ၁၁နာရီ ၁၂နာရီ လူတွေ အိပ်ချိန်မှ စ,လုပ်တတ်ပြီး သူမက မနက်သမား... မနက် ၅နာရီဆို ထ,စာကျက်ပြီ... ကျမက အဲဒီအချိန်ကျမှ အိပ်ယာဝင်တာ (စာမေးပွဲရှိမှ စာကျက်တာပါ...:P) ကျမအိပ်ရင် သူမကို အမြဲ နှိုးရတယ်... အဲဒါ ခုထိပဲ... :P စာလုပ်တဲ့အချိန်လည်း ကွာတော့ စာအတူလုပ်တာ ရှားတော့ရှားပါတယ်... ပြီးတော့ သူမက အရမ်းစိတ်ပူတတ်တယ်... ကျမက သွေးအေးတယ်... (စာနဲ့ပတ်သက်ရင် ပြောတာပါ...:P ) ဆရာမက ဒါ...ဒါ...ပဲ ကျက်လို့ ရွေးပေးရင်တောင် သူမက စိတ်မချဘူး... စာမေးပွဲမှာ မပါရင် ဘယ်လိုလုပ်မလဲဆိုပြီး တစ်ခါတစ်လေ တစ်အုပ်လုံးလည်း ကျက်ချင်ကျက်တတ်တာ... (အဲဒါကြောင့်လည်း B.Act (Eco) the whole uni မှာ first ရခဲ့တာ...:P ) ကျမကတော့ ဒါ... ဒါ... ပဲ... ဟီး... ဘယ်တော့မှ ပိုမကျက်ဘူး... ပြီးတော့ စာမေးပွဲခန်းထဲ ဝင်ခါနီးဆို ကျမက စာရရ မရရ အေးဆေး... (ငယ်ငယ်ကပြောတာပါ... ခုတော့... ပြောင်းပြန်... စာအုပ်နဲ့ မျက်စိနဲ့ ခွာလိုက်ရင် စာမေ့သွားမှာဆိုးလို့... စာမေးပွဲခန်းထဲဝင်ခါနီးဆို... ခေါင်းက စာအုပ်ထဲ စိုက်နေရော...:P ) သူမက "ငါ စာတွေ မေ့ကုန်ပြီ... မရတော့ဘူး..."လို့ အမြဲ ပူပင်စွာ ရေရွတ်တတ်တယ်... လက်တွေလည်း အေးစက်ပြီးတော့ အရမ်းစိတ်လှုပ်ရှားတာ မြင်တွေ့ရတတ်တယ်... ကျမက အမြဲ သူမကို အားပေးရတယ်... မှတ်မှတ်ရရ ၇တန်းကျောင်းသူဘဝတုန်းက အဖျားတွေ တအားကြီးပြီး အတန်းတင်စာမေးပွဲ သွားဖြေတုန်းက တစ်ခါပဲ... သူမ မညည်းနိုင်ခဲ့တာ... အမြဲ ခုံနံပါတ်က ရှေ့ဆင့်နောက်ဆင့်ဆိုတော့ သူမ စာဖြေနေတာ မြင်ရတယ်လေ... အဲဒီတစ်ခါက သူမတော်တော်သွေးအေးအေးနဲ့ ဖြေတာတွေ့ဖူးတယ်... (စိတ်ဓာတ်ကျနေတာလည်း ပါတာပေါ့လေ...) ကျမမှာ ကိုယ်ဖြေထားတာ မှန်လားမှားလားမစစ်နိုင်ဘူး... စိတ်က သူမဆီပဲ ရောက်နေတာ... အချိန်ပြည့်ခေါင်းလောင်းထိုးတာနဲ့ နေရာက ထ,ပြီး သူမဘေးနားရောက်သွားတာ... (ဘေးကနေ စာသွားရွတ်ပြတာ...ဟီး...) နောက်ဆုံးနေ့လည်းဖြစ်... ကျက်စာလည်း ဖြစ်တော့ သူမ တော်တော်လေးကို ခြေကုန်လက်ပန်းကျနေတာလေ... ဆရာမက စာရွက်အတင်းလာသိမ်းတော့ ဆရာမလက်ကြီးအတင်းဆွဲပြီး မသိမ်းဖို့ ပြောလိုက်သေးတယ်...ဟီး... ခင်နေတဲ့ဆရာမဆိုတော့ နောက်ဆုံးမှတော့ သိမ်းပေးပါတယ်... ဒါပေမယ့် သူမက ရေးမပြီးဘူးလေ... "ငါတော့ Aခန်း မဝင်တော့ပါဘူး" လို့လည်း ပြောရော... ကျမက စ,ငိုရော... ဟီး... ပြန်တွေးကြည့်တော့ ရှက်စရာကြီး... အိမ်ရောက်တော့ ဘယ်လောက်ရေးဖို့ ကျန်ခဲ့တာလဲဆိုတော့ နှစ်ကြောင်းတဲ့... ဟီး... ကောင်းရော... ကျမမှာ မျက်နှာကြီးနီပြီး (ငိုထားတာကိုး) လမ်းတစ်လျှောက် ဟိုလူ ဒီလူတွေက ကွက်ကြည့် ကွက်ကြည့်နဲ့ စာမေးပွဲမဖြေနိုင်လို့ ပြန်လာတယ်လို့ လူတွေအထင်ခံရတာ ဆိုးရောပေါ့...:P ဒါပေမယ့် အဲဒီနှစ်က သူမ Aခန်းဝင်ခဲ့ပါတယ်... အဆင့်တော့ မကောင်းဘူးပေါ့... နောက်တော့ ၉တန်းလောက်ကထင်တယ်... သူငယ်ချင်းတစ်ယောက်က သူမကို ညည်းလို့ဆိုပြီး ပြောလိုက်တာ မှတ်ထားပြီး နောက်ဘယ်တော့မှ မညည်းတော့တာ ခုထိပဲ... သူ့စိတ်ထဲမှာသာ ပူနေတာ အပြင်မှာ အေးဆေးပဲ... အဲ... အဲဒီလိုလည်း သူက အမှတ်ကြီးတယ်...

ပြီးတော့ ငယ်ငယ်က အကြောင်းအရာ သေးသေးလေးကအစ သူမ မှတ်ထားတတ်တယ်... အဟဲ... အဲဒါ ကျမ ခဏခဏ ခံရတဲ့အချက်ပဲ... ကျမပြောသမျှ အသေးစိတ်မှတ်ထားပြီး ရန်ဖြစ်ရင် ပြန်ပြောတယ်... (ငယ်ငယ်လေးတုန်းကတော့ ရန်ဖြစ်ရင် လက်ပါတာပေါ့... မှတ်မိသလောက် အရွယ်မှာတော့ စကားများတာပဲ ရှိခဲ့ပါတယ်... ချရင်လည်း မနိုင်ဘူးလေ... ကျမပဲ ရှုံးတာ... ဟီး...) အဲ့လို ပြန်ပြောရင် ကျမ သိပ်စိတ်တိုတာ... ကျမက မကျေနပ်ရင် ချက်ချင်းရှင်းတာများတယ်... စိတ်ထဲ သိပ်မထည့်ထားတတ်ဘူး... (မှတ်ထားတာတွေတော့ ရှိတာပေါ့လေ... နည်းပါတယ်...) သူမ အဲ့လို ပြန်ပြောတိုင်း ကျမက မမှတ်မိဘူးလေ... ခံရရော... :P ပြီးတော့ ကတ်သီးကတ်သတ်လည်း သိပ်ပြောတာ... မနိုင်နိုင်ရအောင် ရှာကြံပြောတတ်တာလည်း နှစ်ယောက်မရှိဘူး... အဲဒါ ခုထိပဲ... ကျမ စိတ်တွေအရမ်းတိုပြီး တစ်ခုခုကို ဝုန်းတိုင်းကျဲလိုက်မှ နည်းနည်း ငြိမ်သွားတတ်တာ... အဲ့လိုပဲ သူငယ်ချင်းတွေကိုဆိုရင်လည်း မျက်နှာကြီးတည်ပြီး စိတ်ထဲ မှတ်ထားလိုက်ရော... ဘယ်တော့မှ ထုတ်မပြောဘူး... တစ်ခါတစ်လေ အားနာလို့ ပြန်မပြောတာကပါသေးတယ်... ကျမရှေ့မှာဆိုရင်တော့ သူမ မျက်နှာ တစ်ချက်ကြည့်တာနဲ့ ဘာဖြစ်သွားလဲ သိတာကိုး... ဟဲဟဲ... ကျမပဲ... ဘယ်ရမလဲ... "ညီမထိ ဓားကြည့်"ပေါ့... အဲဒီသူငယ်ချင်းကို အားမတမ်းပြောပစ်တာပေါ့... ဟဲ... ကျမက သူငယ်ချင်းတွေကြားမှ လူကသာ သေးတာ (သူငယ်ချင်းတွေ အကုန်လုံး အရပ်ရှည်ရှည်နဲ့ ထွားကြတာများတယ်...:P ) စိတ်က မသေးဘူးလေ... အားလည်းသိပ်နာတတ်တာ မဟုတ်တော့ ကျမဆိုရင် နည်းနည်းတော့ ရှိန်တယ်... အဟီး... ကျမသူငယ်ချင်းတစ်ယောက် ၆တန်းလောက်က ပြောဖူးတာလေး မှတ်မိသေးတယ်... "ညီမကို ပြောချင်ရင် အစ်မမျက်နှာ အရင်ကြည့်ပြီးမှ ပြော"တဲ့... အဲဒီတုန်းက ကျမက တစ်ဖက်မှာ အာလူးဖုတ်နေတာလေ... ဘာဖြစ်မှန်းမသိဘူး... ကိုယ့်ညီမ ကိုယ်ကြည့်မိမှ တစ်ခုခုပဲဆိုတာ သိပြီး "ဘာဖြစ်တာလဲ" အတင်းလိုက်မေးလို့ ကျမကို အရမ်းခင်တဲ့ အစ်မတစ်ယောက်လိုကို ကောင်းတဲ့ သူငယ်ချင်းကပြောခဲ့တာ... ကျန်တဲ့သူတွေကတော့ ဘာသံမှကို ထွက်မလာတော့တာ... အဟဲ... အဲလောက်ဆို... သိလောက်ရောပေါ့နော်... ကျမ ညီမလေးနဲ့ ပတ်သက်ရင် ကျမဘယ်လောက် အားမနာတမ်း ပြောတယ်ဆိုတာ...ဟီး... အဲလို သူစိမ်းတွေကိုသာ အားနာတာ ပြန်မပြောတာ အိမ်မှာကတော့ သူမက ဆရာပဲ... အိမ်ကလူတွေက "အိမ်ကျယ်"လို့ သူမကို နောက်နောက်ခေါ်ကြတယ်လေ... "အိမ်ကျယ်"နော် "အိန်ဂျယ်" မဟုတ်ဘူး...:P တစ်ခါတစ်လေ သူမကို သူများတွေ ဒီလိုလုပ်တယ်...ဟိုလိုလုပ်တယ်လို့ ဆရာသွားလုပ်ရင် သူမက "သူကသူပဲ ငါကငါပဲ ငါက သူကငါ မဟုတ်သလို ငါကလည်း သူမဟုတ်ဘူး" အဲ... ဒါမျိုး... စကားလုံးက မသေးဘူးနော်... အဲဒါမျိုးကလည်း သိပ်ပြောတတ်တာ... ရှိသေးတယ် အများကြီး... သူစိမ်းတွေနဲ့ မရင်းနှီးလို့၊ အားနာလို့သာ မပြောရင်နေမယ် ပြောလိုက်ရင်တော့ စကားလုံးတွေက စာရေးဆရာမ လုပ်စားလို့ရတယ်...:P ကျမက သူမကို အမြဲပြောတယ်... "နင် လိုင်းမှားတတ်တာ... ရှေ့နေလုပ်စားသင့်တယ်... နင်သာ ရှေ့နေဆို သေချာတယ်... နင့်အမှုသည် သေချာနိုင်မှာပဲ"လို့... ကတ်ဖိုးကတ်ဖဲ့နဲ့ မနိုင်နိုင်အောင် ပြောတတ်လို့လေ... တစ်ခါတစ်လေ သူမဆီက ကျမ ပညာယူရတယ်... ဟီး... ကျမက ပျော်ပျော်နေတတ်တာပဲရှိတယ်... သိပ်မနောက်တတ်ဘူး... သူမက တစ်ခါတစ်လေ အတည်ပေါက်နဲ့လည်း နောက်ကင်နောက်တတ်တာ... တစ်ခါတစ်လေ မိသားစုတွေစုံရင် သူမကို ဝိုင်းဝိုင်း စ,တတ်တာ... အဲဒီအခါကျ သူမဆီက စကားလုံးအသစ်အဆန်းတွေ ကြားရလို့လေ...ဟီး... တစ်ခါတစ်လေလည်း သူမကို ဝိုင်းဝိုင်းဟားရတယ်... တွေးလိုက်ရင် တလွဲတွေတွေးတတ်လွန်းလို့လေ... ဟီး... သူမ စိတ်ဆိုးစိတ်ကောက်ရင်တော့ အသံကြားရုံနဲ့ သိတယ်... ဘုတွေကြီး ပြောတာလေ... "ဟယ်... ဒါလေးက ချစ်စရာလေးနော်"လို့ မပြောနဲ့ "ဘယ်မှာလှလို့လဲ လမ်းဘေးက အပေါစားကြီးနဲ့ တူတယ်"ဆိုတာမျိုး... ဂွစာကတိုက်သေးတယ်... ဟီး... ခုနေ ချော့လိုက်လို့ စိတ်ပြေသွားပေမယ့် ခဏနေ ပြန်ကောက်ချင်လည်း ကောက်တာ...:P သူမ မခင်တဲ့သူတွေကတော့ ပြဿနာမဟုတ်ဘူးပေါ့လေ... သူမ ခင်တဲ့သူ ချစ်တဲ့သူဆို ခေါင်းစားဖို့သာ ပြင်ပေတော့ပဲ...ဟီး... အဲလို...အဲလို...

နောက်ရှိသေးတယ်... တက္ကသိုလ်တွေတက်ရတော့ သူမနဲ့ အခန်းမတူပေမယ့် ကျောင်းတူတယ်လေ... ဝေးလွန်းလှသော ကျမတို့ရဲ့ ရွာသာကြီးက ကျောင်းတော်ကို သူမက နည်းနည်းမှ မသွားချင်... ကျမကလား... ဟီး.. တက္ကသိုလ်ကျောင်းသူဆိုတဲ့ ဘဝကို ပီပီပြင်ပြင် ခံစားချင်တာလေ... ကျောင်းခေါ်ချိန်ကို မှန်လို့... တစ်ခါမှ အိမ်ကို စာမရောက်ဘူး...ဟီး... ဒါတောင် သူငယ်ချင်းရှိတာမဟုတ်ဘူး... တကိုယ်တော် ကျောင်းသူသွားသွားလုပ်တာ... (First Year တုန်းကပါ...) သူငယ်ချင်းလေး ရှားရှားပါးပါး နှစ်ယောက်လားရှိတာ...:P တက္ကသိုလ်တွေကလည်း သိတဲ့အတိုင်း တမျှော်တခေါ်မှာ ဖွင့်ထားတော့ ကျောင်းသားကျောင်းသူတွေ အတန်းမှန်အောင် ကျောင်းခေါ်ချိန်နဲ့ ခြောက်ထားကြတာလေ... ကျောင်းသားတွေက မလာတာတော့ မဟုတ်ပါဘူး... မနက် Ferry ပေါ်မှာဆိုအပြည့်... အတန်းမှာသာ လူမရှိတာ... အဲလို...အဲလို...:P တစ်ခါတစ်လေ ကျမ ကျူတိုရီရယ်မရှိ Roll Call ခေါ်တဲ့အတန်းမရှိတာတောင် သူမ Roll Call ရအောင် သူမ အတန်းသွားပြီး သူမ နာမည် ခေါ်ရင် လက်ညှိုးသွားသွားထောင်ပေးရသေးတယ်... သူမကတော့ အိမ်မှာ ဇိမ်နဲ့... ဟီး... ရယ်တော့ရယ်ရသား... သူမ သူငယ်ချင်းတွေက သက်တူရွယ်တူ ကျမကို "အစ်မ"တဲ့... တစ်ချို့များဆို ရိုရိုသေသေများတောင် ဆက်ဆံတတ်ကြသေးတယ်... ဟီး... သူမ သူငယ်ချင်းတွေနဲ့လည်း ခင်လို့ပေါ့... ပြီးတော့ တက္ကသိုလ်မဟုတ်လား... အထက်တန်းလိုတော့ ဒီလူ ဒီလူတွေကြီး ဘယ်ဟုတ်ပါ့မလဲ... အဲဒီတော့... ဘယ်ကောင်လေး ငါ့ညီမလာစ,လဲ... လာကြည့်လဲနဲ့... Bodyguard ကလည်း လုပ်ရသေးတယ်... မျက်နှာကြီး စူပုပ်ပြီးတော့... ဟားဟား... အထက်တန်းတုန်းကတော့ ယောက်ျားလေး မိန်းကလေးတွေက ဟိုလိုလို ဒီလိုလိုတွေက နည်းတယ်လေ... (ကျမတို့တုန်းကပြောတာပါ...ခုတော့ မသိဘူး...:P) ကျမ ညီမကြောင့် နှစ်ခါလား သုံးခါလား... ဟီး... ယောက်ျားလေးတွေနဲ့ စကားများဖူးတယ်... အဲဒီကောင်တွေကို ခုထိ ကြည့်လို့ကို မရဘူး...ဟီး... အော်... စကားများတယ်ဆိုတယ်ဆိုတာ... ခုန်နေရာ လုတာတို့ ဘာတို့ပါ... တစ်တန်းတည်းသားတွေ ရိုးရိုးသားသား စကားများကြတာပါ...ဟီး... ခုလည်း ဘာထူးတယ်... ဒီမှာ ညီမလေးကို ကြိုက်တဲ့ (မိဘတွေချင်းလည်း ရင်းနှီးတဲ့) ကောင်လေး တစ်ယောက်ရှိတယ်... ညီမလေးထက် တစ်နှစ်ကျော်တော့ ငယ်တယ်... ဒါပေမယ့် ကလေးအမူအရာမပျောက်သေးတဲ့ ကျမညီမနဲ့ဆိုရင်တော့ အဲဒီကောင်လေးက ကြီးတယ်ပဲထင်ရတယ်... ကျမတို့ ကိုယ်တိုင်လည်း တစ်ခါတစ်လေ ညီမလေးကို အငယ်ဆုံးလို့ပဲ တွေးမိတာ...:P အရင်က အဲဒီကောင်လေးနဲ့ ကျမ မောင်နှမအရင်းတွေလိုတော်တော်ခင်ပါတယ်... ဘယ်လောက်စစ ဘယ်လိုနောက်နောက် သိပ်စိတ်မဆိုးတတ်ဘဲ ကျမကလည်း ပြန်နောက်တတ်တာကိုး...:P ခုတော့ တစ်ခါတစ်လေ တော်တော် ကြည့်မရအောင် အမြင်ကတ်နေမိတယ်... :P တစ်ခါတစ်လေလည်း အကြောင်းပြချက်မရှိ စိတ်မပါရင် စကားမပြောဘူး... ဟီး... အဲဒါ ပြီးခဲ့တဲ့ March 2009 ညီမလေးမွေးနေ့က စတာပဲ... :P (အဲဒီကောင်လေးကိုယ်တိုင် ညီမလေးကို propose လုပ်ထားကြောင်း ကျမကို လူကြီးအရာထားပြီး ပြောခဲ့ဖူးပါတယ်... တော်တော်လည်း မျက်နှာပူပြီး lecture လည်း ကောင်းကောင်းရိုက်ခဲ့ဖူး၏... ဟီး... ကျမက အကြီးပဲလေနော်... ပြောသင့်တာပေါ့... ဟားဟား...) Pre Birthday လုပ်ပေးတုန်းက သူလက်ဆောင်ပေးတဲ့ အင်္ကျီကို ဝတ်ပေးပြီးပြီလေ... တကယ့် မွေးနေ့ကျ ကျမပေးတဲ့ အင်္ကျီဝတ်သင့်တာပေါ့ မဟုတ်ဘူးလား... အဲဒါ သူက သူပေးတာ မဝတ်လို့တဲ့ ညီမလေးကို စိတ်လုပ်ရော... အဲဒီမှာ ကျမနဲ့ ထိပ်တိုက်တွေ့ရော... ကျမကလည်း အကျင့်တစ်ခုရှိတယ်... ကျမ (သို့) ကျမမိသားစုဝင်ရဲ့ မွေးနေ့မှာ သူစိမ်းကပေးတာ မဝတ်ချင်တာ၊ မဝတ်စေချင်တာပဲ... ဘာလို့လဲတော့ မမေးနဲ့ပေါ့လေ... ကိုယ်ပိုင်ခံစားချက်နဲ့ ခံယူချက်ခြင်းက မတူနိုင်ဘူးလေ... အဲ... နောက်တစ်ခုက ကျမ စိတ်ထဲမှာ ကျမနဲ့လာပြိုင်တယ်လို့လည်း ခံစားရတာလည်း ပါတာပေါ့လေ...:P အဲဒီထဲကစပြီး ပိုကြည့်မရတော့တာ... ဟီး... အရင်ကလည်း သေးသေးလေးတွေတော့ရှိတာပေါ့လေ... သေးသေး သေးသေးလေးတွေ စုလာပြီး ကြာတော့ တော်တော်ကြီးသွားတာဖြစ်မယ်...:P အဓိကကတော့ သူတို့နဲ့ သွားရင် ငါ့ကို ငါ့ညီမက အရေးမလုပ်တော့ဘူးလို့တွေးမိသွားတာလည်းပါသလို ငါ့လောက်မကောင်းနိုင်ဘဲနဲ့ ငါနဲ့ လာလာပြိုင်တယ်လို့ မတွေးသင့်တာတွေ တွေးတွေးမိသွားတာလည်း ပါတာပေါ့လေ...ဟီး... အဲဒါနဲ့ အဲလိုအတွေးတွေ မစောင်းသွားရအောင် အိမ်ထဲက အိမ်ပြင်မထွက်တာ အတော်ကြာသွားပြီ... ဟီး... ကြာဆို... ၄၊ ၅လလောက်တောင် ရှိမလားပဲ...:P ကျမက ညီမလေးကို တစ်သက်လုံး ချုပ်ကိုင်ထားတာမျိုးတော့မရှိပါဘူး... ကိုယ်ကြိုက်တာ ကိုယ်ရွေးခွင့်ရှိပါတယ်... တစ်ခုပဲ ကျမ သူမအပေါ် ချစ်သလိုချစ်နိုင်ဖို့နဲ့၊ ကျမ သူမအပေါ် ကောင်းသလောက် နီးနီး (100% လို့တော့မပြောပါဘူး...မိဘတွေရဲ့ချစ်ခြင်းတွေနဲ့လည်း မနှိုင်းပါဘူး... အစ်မ တစ်ယောက်ရဲ့ ချစ်ခြင်းနဲ့သာ နှိုင်းယှဉ်တာပါ...) ကောင်းနိုင်ဖို့ပဲလိုပါတယ်... ကျမညီမလေးက အိမ်မှာ အလတ်ဆိုပေမယ့် အငယ်ဆုံးဖြစ်တဲ့ မောင်လေးကတောင် အစ်ကိုလိုဖြစ်နေတာ များပါတယ်... ပြီးတော့ သူမက ကျမတို့လိုမဟုတ်ဘူး... အမှားနည်းတယ်... အဲ... သူမရဲ့ အားနည်းချက်က အရမ်းတွေးတာ... တွေးလွန်းတော့ တွေဝေတဲ့ဘက်ရောက်တာများတယ်... ပြီးတော့ အရမ်းအားနာတတ်တယ်... (ကျမလည်း အရမ်းအားနာတတ်ပါတယ်... စိတ်ဆိုးစိတ်တိုရင်သာ အားနာတယ်ဆိုတာ မရှိတော့တာ...:P ) အားနာလွန်းတော့ ခံရတာ များတယ်... စိတ်လည်းပျော့တယ်... နူးညံ့တယ်... သူများနှစ်ခွန်း မပြောရဘူး... သနားသွားရော... အဲ... အဲဒီ အချက်တွေကြောင့်လည်း ကျမက အစ်မပီပီ ရှေ့က ကာစီးကာစီးလုပ်နေရတာလည်း ပါတယ်... နောက်ပြီး သူမ အပေါင်းအသင်းရ သိပ်ကံမကောင်းတတ်ဘူး... အမြဲ မိန်းမပီသသောသူများနဲ့သာ တွေ့ရတတ်တယ်... ဟီး... မိန်းမပီသတယ်ဆိုတာ... ပြိုင်တာဆိုင်တာ... မနာလိုဖြစ်တတ်တာ... ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး သူများကို သာသာနဲ့နာနာနှပ်တတ်တာ... အတင်းအဖျင်းများများပြောတာ... ဘယ်လိုနှိပ်ကွပ်ရမလဲပဲစောင့်ကြည့်တတ်တာ... ကျန်သေးတယ်... ဆက်ပြောရင် ဆုံးမှာမဟုတ်တော့လို့... (အဲ... မိန်းမပီသတယ်ဆိုလို့ ယောက်ျားလေးတွေမှာ မရှိဘူးလို့တော့ မငြင်းနဲ့... ရှိမှာပါပဲ... ကျမ ပတ်ဝန်းကျင်မှာ မိန်းမတွေနဲ့သာ ဆက်ဆံရတာ များလို့ မိန်းမပီသတယ်လို့ပြောတာ...:P) အဲ...အဲ့လို သူငယ်ချင်းပေါင်းများစွာရှိတဲ့အတွက်လည်း ကျမက ဘီလူးလိုဘာလိုလိုနဲ့ automatically ကိုယ်ရံတော်ဘဝရောက်သွားတာ...:P သူမမှာ ကျမ အားကျအတူယူရတာတွေ တော်တော်များများလည်း ရှိပါတယ်... တစ်ခါတစ်လေ စိတ်ပျော့တယ်ထင်ရပေမယ့် စိတ်ဓာတ်အရမ်း ကြံ့ခိုင်တယ်... နှစ်သိမ့်ပေးတတ်တယ်... ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တတ်တယ်... ဖြစ်အောင်လည်းလုပ်တယ်... အလိမ်အညာကင်းတယ်... အတွေးသမားမို့လို့လားတော့မသိ တစ်ခါတစ်လေ သူ့အတွေးအခေါ်တွေက လေးနက်တယ်... ရှေ့ဖြစ်နောက်ဖြစ်တွေကို ကျမထက် ပိုကြိုတွေးတတ်တယ်... ဟီး... နောက်ပြီး သူမက အတွေးသမား အကြောင်းအရာတစ်ခုကို ဒီလို...ဒီလို...ဆို ဘယ်တော့မှ လက်မခံဘူး... "ဘာလို့လဲ"ဆိုတာမျိုးက သိပ်မေးတတ်တယ်... "ဒီလိုလည်း ရတာပဲ... ဟိုလိုကဘာဖြစ်တယ်"နဲ့ အကွန့်ကလည်း အားကြီးတက်တတ်တယ်... တစ်ခါတစ်လေ ကျမသိထားတဲ့အကြောင်းအရာတွေတောင်မှ သူမ လုပ်တာနဲ့ လည်လည်ထွက်သွားလို့ မနည်း သေချာတာလေးတွေ ပြန်ပြန်ရှာဖမ်းထားရတယ်...:P သူမက အဲဒီလို... တစ်ခါတစ်လေတော့ သူမတွေးတာလေးတွေက သဘာဝကျပြီး အတွေးသစ်၊ အမြင်သစ်တွေကို ဖြစ်စေတတ်ပါတယ်... တစ်ခါတစ်လေတော့လည်း နီးရက်နဲ့ဝေးဆိုသလို တွေးလိုက်တာ ချော်ချော်ထွက်သွားလေရော...:P

အဲ နောက်ပြီး "အစ်မကြီး အမိရာ"ဆိုတဲ့စကား... သူများတွေတော့ မသိဘူး... ကျမအတွက်တော့ တော်တော်မှန်လေရဲ့... သူနဲ့သွားရင် ကလေးအမေကို ဖြစ်လို့... သူက ကျမထက်လည်း တော်တော်နုတယ် ခေါ်ရမယ်... တွေ့တဲ့သူက ၂၀မကျော်သေးဘူးလို့ ထင်ကြတယ်... ကျမစိတ်ထဲမှာလည်း အသက်ကွာသလို ခံစားရတယ်... အရင်တုန်းက လမ်းအတူလျှောက်ရင် လက်အတင်းလာချိတ်တတ်တယ်... (ခုတော့ လက်မချိတ်တာကြာပြီ ဒီရောက်ပြီးကတည်းက လူကြီးလုပ်မလို့တဲ့... လက်ချိတ်တဲ့အကျင့် ဖျောက်နေတယ်တဲ့...:P ) ရှိသမျှ ပစ္စည်း ကျမအိတ်ထဲ လာထိုးထည့်တတ်တယ်... phone တောင်မကိုင်ချင့် ကိုင်ချင်ကိုင်တာ... သူ့ပိုက်ဆံအိတ်ကအစ လာထည့်ထားတတ်တာ... ဈေးဝယ်ရင် သူမ ဝယ်တာ သူမ ရှင်းတာတောင်... ကျမက သူမ card ထုတ်ပြီးရှင်းပေးရလို့ မသိရင် ကျမက ရှင်းပေးတယ်ထင်ဦးမယ် (password မှန်သမျှလည်း ကျမက အကုန်သိတာကိုး...:P ကျမ password တွေတော့ သူမ မသိတာတွေရှိတယ်...:P) တစ်ခါတစ်လေ တကယ်ကို ကလေးအမေကျနေတာပဲ... ရေဗူးတို့ မုန့်တို့နဲ့ ဘာမှန်းကိုမသိ ရှုပ်ရှပ်ကို ခတ်နေတာပဲ... သူမကတော့ လက်ဗလာခြေဗလာနဲ့ အေးဆေး... တစ်ခါတစ်လေတော့ အမြင်ကတ်တာနဲ့ တမင် ကိုင်ခိုင်းလိုက်တယ်...ဟီး... သူမ ဒီကို လာတော့ သူမ အိတ်ကို အစအဆုံး ကျမ ထည့်ပေးရတာ... (သူမက ကျမထက် တစ်ပတ်စောပြီး ဒီကို ရောက်တယ်လေ...) အထဲမှာ ဘာပါလဲ... ဘာတွေ ဘယ်နေရာမှာ ထည့်ပေးလိုက်လဲ သူမ မသိဘူး... အဲဒါ ဖုန်းပြောရင်ဖြစ်ဖြစ်၊ Gtalk လာပြောရင်ဖြစ်ဖြစ် "ဟဲ့... ငါ့ ဟိုပစ္စည်းလေ... ဘယ်နားမှာထားလဲ... ဒီပစ္စည်းရော... ထည့်ပေးလိုက်လားနဲ့မေးရော... ခုလည်း ဘာပစ္စည်းမေးမေး "နေဦး... အစ်မမေးလိုက်ဦးမယ်... သူဘယ်နားသိမ်းထားလဲ မသိဘူး"လို့ ဖြေလိမ့်မယ်... အဲဒါ သူမ ပစ္စည်းသွားမေးရင်ကို ဖြေမှာ... စဉ်းစားကြည့်နော်... "အစ်မကြီး အမိရာ" လုံးဝမကောင်းပါ...:P ကလေးထိန်းရသလိုပဲ... ဟီး... ဒီစာရေးတာမြင်ရင်တော့ စိတ်ဆိုးတော့မယ်... ကျမ မကောင်းတာတွေ သူမ သည်းညည်းခံတာတွေလည်း ရှိပါတယ်... ဟဲ... ကျမက နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်ပါတယ်... ကျမ လိုချင်တာ၊ စားချင်တာ၊ ဖြစ်ချင်တာရှိရင် သူများအတွက် သိပ်မကြည့်ပေးတတ်ဘူး... အဲဒါမျိုးတွေဆို သူမက အမြဲအလျှော့ပေးတယ်... ဥပမာ... ပစ္စည်းတစ်ခု ဝယ်လာရင် ကျမကို အရင်ပေးရွေးတာမျိုး... တစ်ခုခုသွားစားရင် ကျမစားချင်တာ လိုက်စားတာမျိုးပေါ့... ကျမစိတ်ညစ်နေရင် လာအားပေးတတ်တာမျိုး... ကျမစိတ်ရှုပ်နေ၊ စိတ်ဓာတ်ကျနေရင် ကျမ မငိုခင် ကျမကို လာဖက်ပြီး သူမက အရင် ငိုတတ်တာမျိုးတွေပေါ့... :P ကျမက Physically အနွံတာခံလုပ်ပေးတာ သူမကကျ Mentally အနွံတာခံတတ်တာ... အဲဒီလို ပြောလို့ရမယ် ထင်တယ်...:P အဲ... လောလောလတ်လတ်ပဲ... ကျမ သူမ ငိုအောင် လုပ်ထားတယ်... ဟီး... ပြီးခဲ့တဲ့ တနင်္ဂနွေ (13.09.09) တုန်းကပေါ့... သူငယ်ချင်းကောင်လေးတစ်ယောက်ရဲ့ မွေးနေ့အလှူ ဘုန်းကြီးကျောင်းသွားစရာရှိတယ်... ကျမလည်း ဒီတစ်လော အလုပ်ကိစ္စကြောင့် တော်တော်လေးကို Pressure ရနေတာရယ်... စနေနေ့က အစ်မဝမ်းကွဲလာလို့ သွားကြိုရ၊ ကူညီရနဲ့ တအားပင်ပန်းထားပြီး အိပ်ရေးကလည်းမဝတာကြောင့် (မဝဆို ညက laptop အသေးလေးကို အစ်မကို ခဏငှားမှာမို့ စက်ထဲက File တွေပြောင်းရရွှေ့ရ ဖျက်ရနဲ့ နောက်ကျမှအိပ်ရတာကိုး... သူမက အိပ်နေပြီးတော့..) လူက တော်တော်လေး မဟန်တဲ့အချိန်... သိတဲ့အတိုင်း သူမက စိတ်ပူတတ်တယ်လေ... မနက် ၇နာရီလား မသိ... ထပြီး သွားဖို့ လောရော... (သူမ ဥပုသ်စောင့်မှာမို့ 12 နာရီ မထိုးခင် သွားချင်တာလည်း ပါတာပေါ့လေ... အဟဲ...ဘုရားတရားလည်း သူမက ကျမထက် ပိုလုပ်တယ်...:P) ဒါပေမယ့်လည်း ကျမက အေးတိအေးစက်သမား ပြီးတော့မှသာ လော ပြာနေတတ်တာ...:P (ချိန်းတိုင်းလည်း နောက်ကျတာများတယ်...:P ) နောက်ပြီး laptop ကိစ္စတစ်ချို့ကလည်းမပြီးသေး... (အမှန်တော့ မလုပ်လည်းရပါတယ်) အဲဒါနဲ့ သူမကို အော်လိုက်မိတယ်... သူမကလည်း ပြန်အော်ရော (အော်တယ်ဆိုတာ လူကြားအောင် အော်တာ မဟုတ်ဘူးနော်...ဟီး... ကောင်းကောင်းမပြောတာကို ပြောတာ...:P ) စိတ်ကတော်တော်တိုသွားပြီး ဘေးနားရှိတဲ့ လက်ဆောင်ထုပ်နဲ့ (အဲဒီအထုပ်ကို လှလှပပ ထုပ်နေရလို့ ကောင်းကောင်း မအိပ်ရတာလည်း ပါတယ်... :( ) "ကောက်ပေါက်လိုက်ရ"လို့ ပြောလည်းပြော လက်ကလည်း ရွယ်လိုက်မိတယ်... သူမကလည်း "ပေါက်ရဲပေါက်ကြည့်ပါလား"တဲ့ မခံဘူး... ပြန်ပြောတယ်... တကယ်တော့ ပေါက်မလားနော်... ဟီး... အဲဒါ ပြန်ခံပြောတာကို စိတ်တိုပြီး လက်ဆောင်ထုပ်ကိုပဲ ကြမ်းပြင်ပေါ် ကိုင်ပေါက်ပစ်လိုက်တယ်... သူမကိုတော့ ဘာမှမပြောပါဘူး... နောက် စိတ်ဆိုးပြီး သွားပြန်အိပ်လိုက်တာ တကယ်အိပ်ပျော်သွားရော... နိုးလာတော့ သူမက မရှိတော့ဘူး... သေချာတယ်... သူငယ်ချင်းနဲ့ အပြင်သွားပြီဆိုတာ သိလိုက်တယ်လေ... အဟီး... သူမက စိတ်တော့ ပြေလွယ်ပါတယ်... (ကျမစိတ်ပြေလွယ်တာဆိုလို့လည်း ကျမညီမပဲ ရှိပါတယ်... :P ) ညနေကျ ကြက်ဆီထမင်း ဝယ်လာတယ်... :P စကားတွေဘာတွေလည်း ကောင်းကောင်းပဲလာပြောတယ်... မနေ့ကမှ သူမ သူငယ်ချင်းရှေ့မှာ "အစ်မက ပစ္စည်းနဲ့ ကိုင်ပေါက်မယ်ဆိုလို့"ဆိုပြီးဝမ်းနည်းလို့ ငိုဖြစ်တဲ့အကြောင်း လာပြောတော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်...:P ကျမက နည်းနည်းတော့ စိတ်ကြီးတယ်... အလျှော့လည်း သိပ်မပေးတတ်ဘူး... မောင်လေးအငယ်ဆုံးနဲ့တောင် စကားများရင် ၆လလောက်ကြာအောင် စကားမပြောဘဲနေတတ်တယ်... ကျမ ဖခင်နဲ့ရောပဲ အခန့်မသင့်ရင် လနဲ့ချီ စကားမပြောတတ်ဘူး... တစ်ချို့သူငယ်ချင်းဆို ပြန်မခေါ်တာ ဒီနေ့အထိပဲ... (ကျမကို တော်တော်လေး ထိခိုက်အောင်လုပ်သူမျိုးပါ) ဒါပေမယ့် ကျမညီမလေးဆိုရင်တော့ နေ့မကူးဘူး... သူမ လာမချော့ရင်... အလျှော့မပေးရင်တောင် ကျမက စပြီး သွားစကားပြောတတ်ပါတယ်...

အဲ... ရှိသေးတယ်... ရှိသေးတယ်... ကျမကို သူမ ဗိုလ်ကျတာတွေ... ဟီး... ညီမလေးက အရမ်း ကပ်စီးနဲတယ်... သူမ လက်ဖွာဖွာသုံးတာဆိုလို့ အဝတ်အစားဝယ်တာပဲရှိတယ်... တစ်ခါတစ်လေ မုန့်စားဖို့ သူမကို အဖော်ညှိရင် "မစားဘူး..."ချည်းပဲ... ဘူးခံတာ... အဲ... သူမ မစားဘူး ဆိုလို့ ကိုယ့်ဘာသာ ဝယ်စားဖြစ်ရင်တော့ "ငါ့လည်း နည်းနည်း ကျွေး" အဲဒါ... သူလုပ်နေကျ...:P နောက်ပြီး ကျမကို အားကျပြီး ပြီးခဲ့တဲ့ Dec 2008 မြန်မာပြည်ပြန်တော့ နားဖောက်တယ်လေ... ပြီးတော့ ကျမ နားကပ်(Fancy)တွေ သူမ ချည်းပဲ ယူတပ်တာလေ... ကျမကလည်း အကျင့်တစ်ခုရှိတယ်... ပစ္စည်းတစ်ခုကို အတူသိပ်မသုံးတတ်တာ... (ဇီဇာကြောင်ခြင်းတစ်မျိုးပါ...:P) သူမ ယူတာတွေကလည်း ကျမပိုင်တာရဲ့ တစ်ဝက်နီးနီးပါပဲ... ကုန်ရော...ကုန်ရော... ဒါလည်း သူမချည်းပဲ အပြစ်ပြောလို့တော့ မရဘူးပေါ့လေ... တံငါနားနီး တံငါဆိုသလို ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပေါ့... သူမရှေ့သွားပြီး အားကျအောင် နည်းနည်းနောနောမှမဟုတ်တာ ဝယ်ပြ၊ တပ်ပြမိတာကိုး...:P အဟဲ... ကျမ ဗိုလ်ကျတာလည်း ရှိပါသေးတယ်... (သူမ ဗိုလ်ကျတာကြီးပဲ ရေးရင် ကောက်မှာဆိုးလို့...:P ) ကျမတို့ internet လိုင်းဝယ်တော့ Laptop အသေးတစ်လုံးကိုပါ installment သဘောမျိုးနဲ့ ထပ်ဝယ်ဖြစ်တယ်... အဟဲ... ကျမက internet အသုံးများတော့ Laptop အကြီးသုံးပြီး သူမကတော့ အသေးလေး သုံးရတာပေါ့... ငါက ဒါသုံးမယ်... နင်က ဒါသုံးလို့ သတ်မှတ်ထားတာမဟုတ်ပေမယ့် အဲလိုကြီးကို အလိုလို ဖြစ်သွားတာ...ဟီး... ဝယ်တာကတော့ တစ်ယောက်တစ်ဝက်ပေါ့... ကျမကတော့ နည်းနည်း ပိုထည့်ရတာပေါ့လေ...:P အခု Laptop အသေးလေးက ကျမ အစ်မဝမ်းကွဲကို ခဏငှားထားတော့ သူမသုံးစရာမရှိဖြစ်နေတာပေါ့...ဟီး... သူမကလည်း internet သိပ်သုံးသူမဟုတ်... တစ်ခါတစ်လေ online က စာသင်တာလေးဖွင့်ကြည့် dictionary လေးဖွင့်ကြည့်လောက်ပဲ လုပ်တာကိုး... သူ့ account ဆို ကျမ ပုံမှန်မစစ်ပေးတာကြာတော့ unread mail ဆိုတာ ရာနဲ့ချီ ရှိတာလေ...:P အိမ်က Gtalk or vzo လာခေါ်ရင်လည်း ကျမ account ကိုပဲ ခေါ်တာများပါတယ်... အဟဲ... ညီအစ်မဆိုတော့ အပြန်အလှန် ဗိုလ်ကျတာလေးတွေတော့ ရှိတာပေါ့လေ... အဟဲ... အငယ်တွေကတော့ ပိုဗိုလ်ကျတာပေါ့နော်... ဟီး...

ညီမလေးက အရမ်းစိတ်ပျော့သလို အားလည်းအရမ်းငယ်တတ်တယ်... ကျမ အဆင်မပြေရင် မြန်မာပြည်ပြန်မယ်ဆိုတော့ သူမချည်းပဲ ငိုတာ... ကျမ မျက်ရည်မကျလိုက်ရဘူးလေ... "ဟဲ့...ငါ ကျောင်းနဲ့ပြန်လာမှာပေါ့... ခဏပြန်သွားတာပဲဟာ..."လို့ ပြောလည်းမရ... ငိုချည်းနေတာ... ဒါတောင် အလုပ်ကိစ္စအဆင်မပြေတာ သူမ နောက်ဆုံးမှသိတာ... သူမသိရင် စိတ်မကောင်းဖြစ်မှာမှန်းသိလို့ ကျမ မျက်နှာတစ်ချက်မပျက်ခဲ့ဘူး... ပုံမှန်လိုပဲနေတာဆိုတော့ သူမ သတိတောင် မထားမိခဲ့ဘူး... ကျမညီမလေးအကြောင်း ကျမ ကောင်းကောင်းသိတာပေါ့...:P 2005 လောက်က ဖြစ်မယ်ထင်ပါတယ်... ကျမနဲ့ သူမ တရားစခန်းအတူသွားဝင်ကြဖူးတယ်... နောက် ၁၀ရက်စခန်းကို ကျမ အလုပ်က ခွင့်ရက်ရှည်မရတာနဲ့ ၆ရက်လား ၇ရက်လားပဲနေပြီး ပြန်လာတုန်းကလည်း အထုတ်တွေ သိမ်းထုပ်ရင်း ဘယ်ဟာက ဘယ်မှာနော်... ဘာကဘယ်မှာရှိတယ်နော်နဲ့ မှာနေတာ "အင်း...အင်း..." ကြီးပဲ လုပ်နေလို့ သေချာကြည့်တော့မှ ငိုနေရောလေ...:P ဒီကိုလာဖို့လုပ်တုန်းကလည်း ဒီလိုပဲ... သူမက ကျမလို လာချင်လို့လာခဲ့တာ မဟုတ်ဘူးလေ... သွားသင့်တယ်ထင်လို့ သွားခိုင်းလို့လာရတာ... နေ့တိုင်း ကျိတ်ကျိတ်ပြီး ငိုတာ... ကျမရှေ့မှာတော့ ဒီတိုင်း ငိုတာပေါ့လေ...:P သွားရတော့ မျက်နှာငယ်ငယ်လေးနဲ့... စိတ်အရမ်းမာပါတယ်ဆိုတဲ့ ကျမ ဖခင်တောင် "ငါ့သမီး သနားပါတယ်"လို့ နေ့တိုင်း ညည်းပြီး သတိရနေတာလေ... ကျမ မိခင်ကဆို နေ့တိုင်းငိုတာပေါ့... "ငါ့သမီးလေး သနားပါတယ်"ဆိုပြီးတော့...:P အဲဒါနဲ့ ကျမတောင် ကျမမိဘတွေကို ပြောလိုက်သေးတယ်... ကျမသာ အရင်ထွက်သွားဖြစ်ရင် ဒီလောက်စိတ်မကောင်းဖြစ်ကြမယ်မထင်ဘူးလို့... ဟီး... နောက်တစ်ပတ်ကြာတော့ ကျမလည်း သွားပြီဆိုတော့ ညီအစ်မ နှစ်ယောက်လည်း အဖော်ရှိသွားပြီမို့ အိမ်ကလည်း သိပ်စိတ်မပူတော့ဘူးလေ...:P ကျမ ဒီကို စရောက်ရောက်ချင်း သူမက interview တစ်ခုသွားနေရတော့ လာမကြိုနိုင်ဘူးလေ...ကျမ ရောက်တာနဲ့ အတွေ့ချင်ဆုံးက ကျမညီမလေးပါ... ကျမအတွက် ငှားထားတဲ့ အခန်းကို သူမ ရောက်လာတော့ ပြောင်းလဲသွားတဲ့ သူမမျက်နှာအနေအထားကို မြင်ရုံနဲ့ သူမ စိတ်တွေ အရင်လို ပျော့ညံ့ညံ့မဟုတ်ဘူးဆိုတာ ကျမမြင်လိုက်ရုံနဲ့တင် ခန့်မှန်းလို့ရခဲ့တယ်... အဲဒီငှားထားတဲ့အခန်းမှာလည်း မနေဖြစ်ခဲ့ပါဘူး... ကျမညီမလေးနေတဲ့ ဦးလေးရဲ့ သူငယ်ချင်း ဦးစိုးဝင်းက (စင်္ကာပူမှ တစ်စုတည်းသော ကျေးဇူးရှင်မိသားစု) အတင်း သူ့အိမ်ပြောင်းလာခိုင်းတာနဲ့ ခုချိန်ထိ ကျမတို့ ညီအစ်မ မခွဲမခွာ အတူရှိနေခဲ့ပါတယ်... အဟဲ... ကျမတောင် ကျမတို့ညီအစ်မတွေရဲ့အဖြစ်တောင် နောက်လိုက်သေးတယ်... တစ်ဘဝတုန်းက ငါတို့ စုံတွဲများဖြစ်ခဲ့ပြီး အတူနေရပါစေလို့များဆုတောင်းခဲ့သလားလို့...ဟီး... ဘဝတွေဆိုတာ မပြောနိုင်ဘူးလေ...:P

ကဲ...ဒီစာကို ဒီမှာပဲ ရပ်လိုက်ပါတော့မယ်...:P ရေးရင်းနဲ့ စာမျက်နှာလည်း တော်တော်ရှည်သွားပြီ... ဟီး... စာအရေးကောင်းတာ မနက်ဖြန် TomYam ခေါက်ဆွဲစားရတော့မယ်...:P စာရေးလို့ မပြီးခင်၊ Blog ပေါ်မတင်ခင် စီစစ်ရေးကို အရင်ဖြတ်ရသေးတယ်လေ... ဟီး... မဟုတ်ရင် စိတ်ဆိုးလို့ ဆုံးမှာမဟုတ်ဘူး...:P အဲဒါ ပေးအဖတ်ကောင်းတာ ငိုသွားလို့ LorMi ခေါက်ဆွဲပြုတ်ကျွေးပြီး ချော့လိုက်ရတယ်... ဟီးဟီး... မနက်ဖြန် သူမက TomYam ပြန်ကျွေးမှာတဲ့... ရုပ်ရှင်သွားကြည့်မလားတဲ့... ဟီး... ကပ်စီးနဲက...ဟားဟား... သူမအကြောင်း ရေးထားတာကို ဖတ်ရင်း ရယ်လိုက် ငိုလိုက်နဲ့လေ... ဟီး... စိတ်မကောင်းဖြစ်သွားပုံလည်းရတယ်...:P ပြီးတော့... ငိုချပါလေရော...ဟီး... ဒါတွေထပ်ရေးတာတော့ မပြတော့ပါဘူး... ထပ်ငိုနေဦးမယ်...ဟီး... ဒီမှာပဲ ဇာတ်သိမ်းပါ၏...:P

(မှတ်ချက်- ညီမလေးအကြောင်း ထပ်မေးလာသူ ရန်သူဟု သတ်မှတ်ပါမည်)


Created By: k2tmaung (26 September 2009 Saturday 12:43AM)

ဆက်လက်ဖတ်ရှုရန်...


လမ်း... 
ကြမ်းတမ်းမှန်း ငါ သိစွမ်းပေမယ့်...  
စမ်းတဝါးဝါးနဲ့တော့ ငါ မလှမ်းချင်ပါ...  

လမ်း...  
အကွေ့အကောက် ချောက်တွေများပေမယ့်...  
အကြောက်တရားနဲ့တော့ ငါ မလျှောက်ချင်ပါ... 

လမ်း... 
ခလုတ်ကန်သင်း ဆူးညှောင့်မကင်းပေမယ့်... 
မဟုတ်မမှန်နဲ့တော့ ငါ့ခြေလှမ်းတွေ မရှုပ်ချင်ပါ...  

လမ်း... 
ပန်းပါစေ... နွမ်းပါစေ... ကြမ်းပါစေ... 
ရိုးသားတဲ့စိတ်မှန်းနဲ့... 
ငါ့ခြေလှမ်းတွေ ဆက်လှမ်းချင်တယ်...  

ငါ့လမ်း ငါဖောက် ငါ့စိတ်ကြိုက်သာလျှောက်ခွင့်ရရင်... 
ထနောင်းပင်ရိပ် တိုးဝင် မအိပ်ရရင်နေပါစေ... 
စိမ်းလန်းတဲ့ ရဂုံ ငါ မခိုလုံရရင်နေပါစေ...  
ယိမ်းနွဲ့တတ်တဲ့ ပန်း ငါ မနမ်းရနေပါစေ...  
ခမ်းနားတယ်ဆိုတဲ့ စည်းစိမ်ဘုံ မဆုံရလည်း နေပါစေ... 
ငါဖြောင့်ဖြောင့်သွားနေတဲ့လမ်းကလေး...  
မတိမ်းစောင်းရင်တော်ပါပြီ...

Created By: k2tmaung (24 September 2009 Thursday 03:24AM)

ဆက်လက်ဖတ်ရှုရန်...


အလင်းတစ်ဖက်မှာ နေထိုင်သူ နှစ်ဦးနဲ့... 
အမှောင်ရွာထဲက ငါ တစ်ယောက်... 
ခြုံခိုတိုက်ခိုက် ငါမမိုက်မဲခဲ့ပေမယ့်... 
သူတို့ချင်းရဲ့ ဇာတ်သိမ်းဟာ... 
ငါ မစိမ်းကားခဲ့တာကြောင့်များလားလို့... 
သံသယစမ်းချောင်းမှာ... 
အကြောင်းသင့်တိုင်း ငါစီးဆင်းလို့နေတယ်...  

တံတိုင်းတစ်ခု ခြားနားမှုပြုထားခံရတာက... 
ငါနားမလည်သေးတဲ့ သူ နဲ့ ငါ... 
အနေအထားဆိုတာကို ငါ မေ့ခဲ့သလို... 
သူလည်း အလေးထားခဲ့ပုံ မရဘူး... 
တကယ်ဆို ငါက ပထမလူလား ဒုတိယလူလား... 
ငါ ကွဲကွဲပြားပြား မခွဲခြားတတ်ခဲ့... 
ဆက်ဆံရေးတွေ စီစစ်ဖို့ ငါ လစ်ဟာသွားခဲ့တာလည်း... 
ငါ ခေါင်းစားဖို့အတွက် အမှားတွေပဲလား...  

ငါ့ ကိုယ်ငါ အပြစ်မတင်ချင်ပါ... 
သူတို့နှစ်ဦးကိုလည်း အပြစ်မမြင်ချင်ပါ... 
အမုန်းတွေလည်း မပွါးချင်ပါ... 
အရှုံးတွေလည်း မထားချင်ပါ... 
အပြုံးတွေသာ ငါ မွေးဖွားချင်တာပါ...  

တကယ်တော့... 
ရုပ်သိမ်းခြင်းခံရတဲ့ နေရာ တစ်ခုအတွက်... 
ငါကိုယ်ငါ ဖြေသိမ့်မှားခဲ့ရုံပါ... 
ငါ မလုခဲ့ပါဘူး... 
ငါ မတောင်းခဲ့ပါဘူး... 
ငါ မဖြားယောင်းခဲ့ပါဘူး... 
ရိုးသားဖို့သာ ငါ ကြိုးစားခဲ့တာပါ...  

နေရာ တစ်ခုအတွက်...  
ငါ့အဖြစ်ကို အပြစ်မမြင်စေချင်ပါ... 
မျက်စောင်းဒါဏ်တွေကိုလည်း မတောင်းပန်ချင်ပါ... 
ရှောင်ရှားဖို့ရန်လည်း ငါ မထောင်လွှားခဲ့ဖူးပါ... 
ငါ ပန်ထားတဲ့ မာနတွေကိုလည်း ချမနင်းချင်ပါ...  

နေရာ...  
အသေအချာ ငါ့ကို လာစားတယ်... 
အပေးခံရလိုက် အနှင်ခံရလိုက်နဲ့... 
ငါ့တန်ဖိုးလည်း ဘယ်စံနဲ့ တိုင်းရပါ့... 
လက်ရှိ သူတို့ရော ငါရော သိတဲ့... 
အမည်ခံသူငယ်ချင်းဆိုတဲ့...  
ပတ်သက်ဆက်စပ်မှုရဲ့ နောက်ကွယ်... 
ဘယ်နေရာဝယ် ငါရောက်နေတာပါလိမ့်...

Created By: k2tmaung (24 September 2009 Thursday 2:57AM)

ဆက်လက်ဖတ်ရှုရန်...


ကုံကြ ဆုံကြ ငြင်းခုန်ကြနဲ့... 
အေးအေးလူလူ ပူပင်ခြင်းတွေ ကင်းခဲ့ကြတယ်... 
အားပေးအားယူ အတူတူမို့... 
စိတ်တွေချင်းပေါင်းဖက် သူငယ်ချင်းတွေ လုပ်ခဲ့ကြတယ်... 
နေရာတစ်ခု အကြောင်းပြုပြီး... 
ငါတို့အကြောင်းတွေလည်း ကောင်းကောင်း ဖလှယ်ခဲ့ကြတယ်...  
ငယ်ပေါင်းတွေလို ထုထောင်းမနာ... 
ရန်စ ပြန်ချဆိုတာမျိုးနဲ့ အပြန်အလှန် ရယ်ရွှမ်းသွေးခဲ့ကြတယ်...  

ရုတ်တရက်တွေများတဲ့ ငါ့အတွက်တော့...  
အမောတွေ မှုတ်ထုတ်ခွင့်ရခဲ့တဲ့...  
အရှုပ်တွေကြား မအားလပ်တဲ့ ငါ့အတွက်တော့... 
ရင်တွင်းနာတွေကို ဆုတ်ဖြဲခွင့်ရခဲ့တဲ့... 
နာကျင်မှုတွေနဲ့ ခါးသက်သက်ဖြစ်နေတဲ့ ငါ့အတွက်တော့... 
အမိုးကာင်းတစ်ခုနဲ့ အခါခါနားခိုခွင့်ရခဲ့တဲ့... 
ဒီနေရာလေး...  

လွမ်းမောမျက်ရည် တစ်စက်မက... 
ငါ ချွေချရင်း နှုတ်ဆက်မှုပြုခဲ့တယ်... 
မြတ်နိုးမှုလက်ကျန်တွေ အထုပ်ထုပ်လို့ စုသိမ်းရင်း... 
သူသူ ငါငါ ရေးထားသမျှ စာအစုစုတို့ကို... 
ငါ ထိမ်းသိမ်းထားတယ်... 
ငါ့ ရယ်သံတွေကျယ်ခဲ့တဲ့...  
ငါ့ သံယောဇဉ်တွေ တွယ်ခဲ့တဲ့... 
ခဏတာ ခိုလှုံဖူးခဲ့တဲ့ နေရာလေးက... 
ရင်းတွင်းတစ်နေရာမှ "ရွှေမြန်မာ"...

Created By: k2tmaung (23 September 2009 Wednesday 11:18PM)
မြန်မာစံတော်ချိန် ည ၉ နာရီ ၁၀ မိနစ်မှာ ဖျက်သိမ်းခဲ့သော MOS မှ ရွှေမြန်မာအတွက် အမှတ်တရ...

ဆက်လက်ဖတ်ရှုရန်...

ဒီတစ်ပတ် အရမ်းအရမ်းကို ကြိုက်နေတဲ့ သီချင်းလေးကတော့... စည်သူလွင်ရဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ဖြစ်တဲ့ "ဘယ်သူမှ"ဆိုတဲ့ သီချင်းလေးပါပဲ... အရမ်းကို ခံစားလို့ ကောင်းနေတယ်... ဟီး... Blog အတွက် စာရေးဖို့ စိတ်ကူးရင်း အဲဒီသီချင်းလေးကို ကြားရတာ တကယ်ကို ခံစားရစေတယ်... ဘာလို့လဲတော့ လာမမေးကြနဲ့နော်...ဟီး... မမေးခင်ကတည်းက ပြောချင်နေတာ...ဟာဟား... chorus အပုဒ်လေးက heart ထိစေတယ်လေ... :P 
"ဘယ်သူမှ ကိုယ့်နှလုံးသားထဲမှာ မရှိသေးဘူး~~~ ငါအယုံကြည်ဆုံး မင်းပဲလေ~~~ ဘယ်သူမှ ရင်ထဲက အချစ်တွေ မယူသေးဘူး~~~ ငါရဲရဲကြိမ်မယ်~~~"  
ဟီး... လူတိုင်း သဘောကျမယ်... ဟုတ်... ကောင်လေးကပဲ ကောင်မလေးကိုပြောပြော... ကောင်မလေးကပဲ ကောင်လေးကိုပြောပြော... ကြွေလောက်တယ်... ဟုတ်တယ်ဟုတ်... ဟားဟား...  

 

သီချင်းလေးများနဲ့ ပျော်ရွှင်ကြပါစေ...

k2tmaung (21 September 2009 Monday 6:40AM)

ဆက်လက်ဖတ်ရှုရန်...

ကျမ SG မှာ တွေ့ကြုံဆုံရဖူးတဲ့ အန်ကယ်လ်တွေ၊ အန်တီတွေအကြောင်း တစ်စေ့တစ်စောင်း ပြောပြချင်ပါရဲ့...

ကျမ ပထမဆုံးလုပ်တဲ့ ကုမ္ပဏီမှာ သန့်ရှင်းရေးလုပ်တဲ့ အန်တီက ကျမအထင် အသက်(၆၀)နီးနီး လောက်ရှိပါလိမ့်မယ်... အဲဒီ့ ကုမ္ပဏီက တော်တော်လေးကြီးပါတယ်... လေးထပ်တိုက် အဆောက်အဦးကြီး တစ်ခုလုံးကို သူမဘယ်လို သန့်ရှင်းရေးလုပ်ပါလိမ့်လို့ ကျမ အမြဲတွေးမိတယ်... တစ်ခါတစ်လေ သူမသန့်ရှင်းပြီးသား နေရာတွေ ပေပွနေရင် သူမတော်တော်လေး စိတ်ဆိုးမာန်ဆိုးရှိတတ်ပြီး ပွစိပွစိ ပြောတတ်ပါတယ်... နီးရာလူကိုလည်း ဒီလိုမလုပ်ဖို့၊ ဟိုလိုမလုပ်ဖို့ မာန်မဲတတ်ပါတယ်... အပြောခံရတဲ့သူတွေကတော့ သူတို့မဟုတ်ကြောင်း ကောင်းကောင်းမွန်မွန် ပြန်ပြောတဲ့သူရှိသလို တစ်ချို့ကလည်း မဲ့ကြ၊ ရွဲ့ကြနဲ့ပေါ့... အင်း... ကိုယ်ချင်းတော့ စာပေးလို့ရတာပေါ့နော်... ကိုယ်သာဆိုရင်လည်း စိတ်ဆိုးမိမှာပဲလေ... အသက်ကလည်း ငယ်တဲ့သူမဟုတ်တာရယ်၊ အလုပ်ကလည်း ပင်ပန်းတာရယ်ကြောင့် သူမလည်း စိတ်ဆိုးရှာမှာပေါ့လေ... ကျမကိုတွေ့ရင်တော့ စကားကောင်းကောင်းပြောတတ်သလို မြန်မာပြည်ကလာတဲ့သူမို့ စိတ်ဝင်တစားနဲ့ လာလာမေးတတ်ပါတယ်... chinese လို နည်းနည်းပါးပါးပြောတတ်တဲ့ ကျမက သူမနဲ့တော့ အဆင်ပြေပါတယ်... တစ်ခါတစ်လေ အပေါ်ထပ်နဲ့ အောက်ထပ်ကို တစ်ထစ်ချင်းဆီ တက်လိုက်ဆင်းလိုက်လုပ်နေတဲ့ သူမကို ကြည့်ပြီး သနားမိပါတယ်... မြန်မာပြည်မှာ ကျမလုပ်ခဲ့တဲ့ ကုမ္ပဏီက သန့်ရှင်းရေးလာလုပ်ပေးသူတွေကတော့ ကျမတို့ "အစ်မ"လို့ "ညီမ"လို့ ခေါ်ရတဲ့ အရွယ်တွေမို့ နှိုင်းယှဉ်စဉ်းစားကြည့်ရင်း စိတ်ထဲ မကောင်းလည်း ဖြစ်မိတယ်...

နောက် Food Court တွေမှာ စားပွဲထိုးလုပ်သူတော်တော်များများကလည်း အသက်ကြီးကြီးတွေ များပါတယ်... တစ်ချို့ဆို တုန်တုန်ရင်ရင်နဲ့ အလုပ်လုပ်နေကြရတယ်... တစ်ချို့ကတော့ ကျမတို့ အသက်အရွယ်နဲ့ အန်တီ၊ အန်ကယ်လ်ခေါ်ဖို့ အရွယ်ထက်တောင် အသက်အရွယ်ကြီးရင့်ကြပါသေးတယ်... ကျမ သူတို့အလုပ်လုပ်နေကြတာကိုကြည့်ရင်း အော်... တို့နိုင်ငံက အဘိုးအဘွားတွေထက် သူတို့ ကံဆိုးကြပါလားလို့ ခံစားစာနာမိပါတယ်... တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံမှာ လူဖြစ်ကြရပေမယ့် သူတို့ဘဝ မငြိမ်းချမ်းကြပါလားလို့လည်း တွေးမိပါတယ်... ဒါဟာလည်း တိုးတက်တဲ့ နိုင်ငံတွေရဲ့ အလုပ်ပြီးရင်းအလုပ် လုပ်နေကြတဲ့ လူငယ်လူရွယ်တွေများလာတာကြောင့် မိဘတွေကို ဂရုစိုက်ဖို့အချိန်မပေးနိုင်တာလား... တိုးတက်မှုတွေကြောင့် လူနေမှုစားဝတ်နေရေးတွေရဲ့ နောက်ဆက်တွဲတွေကြောင့်ပဲလား... မိဘမေတ္တာဆိုတာ စုံရေပဲရှိတယ်ဆိုတဲ့စကား မှန်များနေလို့လားနော်...

ကျမ ဒုတိယမြောက် ပြောင်းလုပ်တဲ့ ကုမ္ပဏီမှာလည်း သန့်ရှင်းလာလုပ်ပေးသူက အသက်ကြီးကြီးပါပဲ... ပိန်ပိန်ကပ်ကပ်နဲ့ လူလေးက သေးသေးကွေးကွေးပါ... သူမကို မြင်တော့ ကျမဖခင်ဘက်က အဖွားကို ပြေးမြင်မိပါတယ်... ကျမအဖွားလည်း သူမလို ပိန်ပိန်သေးသေး ပုလုကွေးပါပဲ... ငယ်ငယ်ကတည်းက ဈေးရောင်းဈေးဝယ် စီးပွားလုပ်ပြီး ဘဝကို ဖြတ်သန်းလာရသူမို့လားတော့ မသိဘူး... အလုပ်သိပ်လုပ်ချင်သူပါ... သို့ပေမယ့် အသက်အရွယ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ ဇရာကိုတော့ သူမ မကျော်နိုင်ရှာဘူးလေ... သားသမီးတွေ မြေးတွေက ဝိုင်းဝန်းနားချဖျောင်းဖျထားလို့ မနားချင်နားချင်နဲ့ နားနေရသူ... မတူကြတာက ကျမအဘွားက လုပ်စရာမလိုဘဲ အလုပ်လုပ်ချင်တာ... ကျမတို့ရုံးက အန်တီကတော့ လုပ်ဖို့လိုအပ်လို့ လုပ်နေရတာ... တစ်ပတ်ကို နှစ်ရက် အချိန်ပိုင်းလာလုပ်ပေးတဲ့ အန်တီက တစ်ခြားအိမ်တွေ၊ ရုံးတွေမှာလည်း လုပ်ရသေးတာမို့... ရုံးရောက်ရင် ခဏလေးတော့ ထိုင်နားတတ်ပြီးမှ အလုပ်စ,လုပ်ရှာပါတယ်... အဲ... မှတ်မှတ်ရရ ပြီးခဲ့တဲ့ ဩဂုတ်လက ကျမနဲ့ သူမနှစ်ယောက်တည်း ရုံးမှာ ရှိနေတဲ့ တစ်နေ့ကတော့ အပြင်ထွက် ထမင်းမစားတဲ့ ကျမကို ကြက်ဆီထမင်းဝယ်ကျွေးလို့... အားနာပါးနာ ဗိုက်ဆာဆာနဲ့ စားလိုက်ရပါသေးတယ်... ကျမ ဒီကုမ္ပဏီမှာ မလုပ်တော့တဲ့ တစ်နေ့ကျရင်တော့ တစ်ခုခုပြန်ကျွေးရဦးမယ်...လို့ ကျမတွေးထားမိပါတယ်...:P တကယ်က ပိန်ပိန်သေးသေး သူမပုံလေးကိုက မြင်ရတာ သနားစရာပါ... တစ်ခါတစ်လေ နောက်ဖေးဘက်မှာ ကော်ဖီတို့ဘာတို့ သောက်ထားပြီးသားခွက်တွေတွေ့ရင်၊ ရေနွေးအိုးတွေဘာတွေလည်း ကိုယ်ကတစ်ခါတစ်လေသုံးတတ်တော့... ကျမလည်း အချိန်ရခဲ့ရင်ပေါ့လေ... သူမကို သနားတာနဲ့ ဆေးပေးတတ်ပါတယ်... တစ်ခြားသူတော့မသိဘူး... ကျမအတွက်ကတော့ လူငယ်ဖြစ်တဲ့ ကိုယ့်ရဲ့စားသောက်ထားသမျှ အိုကြီးအိုမ အန်တီအရွယ်က ဆေးကြောပေးရတာ အားနာမိတယ်... ကျမ စားပွဲနဲ့ အခန်းကို သန့်ရှင်းရေး လာလုပ်ပေးရင်လည်း လုပ်စရာရှိတာ ဘေးချ... လုပ်လက်စ File တွေ save ပြီး အနောက်ဘက် ထွက်သွားလေ့ရှိပါတယ်... စိတ်ထဲ မသက်မသာဖြစ်မိလို့ပါ... ကျမတို့သာ အဲဒီအသက်အရွယ်အထိ အလုပ်လုပ်ခဲ့ရသည်ရှိသော်လို့ တွေးမိပြန်ရင်လည်း... ဟူး... မောလေစွ...

နောက်... အရင်က ကျမ အိမ်မပြောင်းခင်က ရုံးကိုလာရင် စီးနေကျ Bus ပေါ်ကို ကျမအဘွားထက်တောင် ပိုအသက်ကြီးမယ်ထင်ရတဲ့ အဘွားတစ်ယောက် ခရီးလမ်းတစ်ဝက်မှာရှိတဲ့ ရပ်ကွက်ဈေးလေးကနေ တက်လာတတ်ပါတယ်... အဲဒီဈေးလေးထဲကနေ အသီးအနှံတစ်ချို့ကို ဝယ်ပြီး ကျမဆင်းနေကျ Bus Stop မှာ ဆင်း... လမ်းဘေးလေးမှာ ဖြန့်ခင်းရောင်းချတတ်ပါတယ်... သူမ Bus ပေါ်ကို တက်လာပြီဆိုရင် တစ်ချို့သူတွေက သူမလက်နှစ်ဖက်နဲ့တောင် မနိုင်တဲ့ အထုပ်တွေအပိုးတွေကို ဝိုင်းသယ်ပေးကြသလို နေရာရလို့ ထိုင်နှင့်ပြီးသူတွေကလည်း သူမအတွက် နေရာပေးတတ်ကြပါတယ်... တစ်ခါတစ်လေ ဘယ်သူမှ သူမကို ဝိုင်းသယ်မ,ပေးတဲ့သူမရှိရင် Bus Driver ကြီးတွေကိုယ်တိုင် ကားပေါ်က ဆင်းပြီး ဝိုင်းသယ်ပေးတတ်ကြပါတယ်... ကျမနဲ့ ဆင်းမယ့်မှတ်တိုင်ချင်းတူတာမို့ Bus ပေါ်ကဆင်းတိုင်း သူမရဲ့အထုပ်အပိုးတွေကို သယ်ပေးမယ့်သူမရှိရင် ကျမ အမြဲလိုလို ဝိုင်းသယ်ပေးပါတယ်... သူမတော့မသိ ကျမအဖို့ကတော့ အထုပ်အပိုးတွေက တဆိတ် လေးလွန်းလှပါတယ်... ကျမစိတ်ထဲ ဪ... ငါ ဒါလေး တစ်ထုပ်နှစ်ထုပ် သယ်ရတာကို ဒီလောက် ချွေးဒီးဒီးကျ,နေရင် အထုပ်အများကြီးကို သူမဘယ်လို အင်အားနဲ့များ သယ်လာပါလိမ့်လို့တွေးရင်း ရင်ဘတ်ထဲ နာနာကျင်ကျင်နဲ့ ကြင်နာစိတ်များ ပွားများမိပါတော့တယ်... နောက်ပိုင်း ကျမလည်း အိမ်ပြောင်းသွားပြီမို့ သူမနဲ့ ကျမ စီးတဲ့ Bus ချင်းလည်းမတူတော့သလို သူမရဲ့ အထုပ်အပိုးတွေကိုလည်း သယ်မပေးဖြစ်တော့ပါ... ရုံးရဲ့ မျက်နှာချင်းဆိုင်လမ်းတစ်ဖက်မှာ ဈေးရောင်းနေတာမို့ တစ်ခါတစ်လေ သူမကို တွေ့တိုင်း သူမအထုပ်အပိုးတွေနဲ့ သွားလာနေတဲ့ပုံကိုပဲ ကျမမြင်နေမိပါတော့တယ်... ဘဝဆိုတာ ထင်သလောက် မလွယ်ကူလှပါလားနော်...

ခုနောက်ပိုင်း ကျမပြောင်းနေရတဲ့ အိမ်ကတော့ ရုံးသွားရင် under ground pass ကနေ ဖြတ်ပြီး Bus Interchange ကို သွားရလေ့ရှိပါတယ်... အဲဒီမှာလည်း ကျမအဘိုးအရွယ် အန်ကယ်လ်တစ်ယောက် ထီလက်မှတ်လေးတွေ ရောင်းလေ့ရှိပါတယ်... wheel chair ပေါ်မှာ ထိုင်နေရသလို လေဖြတ်ထားတာလား၊ ဘာလားတော့မသိ ဇက်တစ်ခြမ်းလိမ်နေပြီး လှုပ်ရှားရ မလွယ်ကူတာပါပဲ... မြန်မာပြည်မှာရှိတဲ့ ကျမ ဦးလေးကို လတိုင်း ထီလက်မှတ် သုံးစောင်ဝယ်ပေးနေကျ ကျမအဖို့ လဆန်းရက်ဆိုရင် ကျမ သူ့ဆီကနေ အမြဲဝယ်လေ့ရှိပါတယ်... တစ်စောင်ကိုသုံးကျပ် သုံးစောင်ကို ကိုးကျပ်ပေမယ့် ကျမ သုံးစောင်ကို တစ်ဆယ်နဲ့ အမြဲဝယ်လေ့ရှိပါတယ်... လတိုင်း ဝယ်ပါများတော့ သူ ကျမကို ကောင်းကောင်းသိနေပြီလေ... ကျမ သူ့အနားသွားရပ်လိုက်တာနဲ့ ကလေးတစ်ယောက်လို အင်မတန်မှ သနားစရာကြင်နာစဖွယ်ကောင်းတဲ့ ဖြူစင်တဲ့အပြုံးနဲ့ အားရပါးရပြုံးပြလေ့ရှိပါတယ်... လှုပ်ရှားမှုအရမ်းနှေးတဲ့ သူ့နားမှာ စောင့်ကြောင့်လေးထိုင်ပြီး ကြမ်းပြင်ပေါ်ချထားတတ်တဲ့ သူ့အိတ်ထဲက ထီလက်မှတ်တွေကို တစ်စောင်ချင်း တစ်၊ နှစ်၊ သုံး ဆိုပြီး ရေပြ ဝယ်ယူဖြစ်တာလည်း ခဏခဏပါပဲ... တစ်ခါတုန်းကတော့ ကျမကို သူ စကားပြောပါတယ်... အတော်လေးကို အားစိုက်နားထောင်မှ သူဘာကိုဆိုလိုချင်မှန်း သဘောပေါက်ပါတော့တယ်... သူပြောလိုက်တာက "တစ်စောင်ကို သုံးကျပ်ပါ"တဲ့... ကျမက သူ့ကို ပြုံးပြပြီး ကျမသိပါတယ်လို့ ပြန်ပြောရင်း သူ့ဆီက ထီလက်မှတ်တွေကိုဝယ်တော့ မျက်လုံးလေးတွေ ပိတ်ဆင်းသွားတဲ့အထိ ပြုံးပြရင်း ကျမကို ပြောလိုက်တဲ့ စကားလေးက "Thank You" ပါတဲ့... ကျမ ရင်ဘတ်ထဲ တိုးဝင်သွားတဲ့ ကြင်နာခြင်းရယ်... နာကျင်ခြင်းရယ်... ပြီးတော့ ဘယ်တော့မှ မေ့တော့မှာ မဟုတ်တဲ့ ဖြူစင်တဲ့အပြုံးရယ်... ဘဝဆိုတာတွ ဆက်ရှိဦးမှာမို့ အိုဇာတာမကောင်းတဲ့ ဘဝနဲ့ ဝေးပါစေလို့ပဲ ဆုတောင်းပေးနိုင်ပါတယ်လေ... (SG မှာ ရှိတဲ့ သူငယ်ချင်းတွေ Yishun MRT ကနေ North Point ကိုသွားတဲ့ under ground pass မှာ wheel chair တစ်လုံးနဲ့ ထီလက်မှတ်ရောင်းနေတဲ့ uncle တစ်ယောက်ကိုများတွေ့ရင် အားပေးလိုက်ကြပါဦးနော်...)

နောက်ထပ် မမေ့ဖြစ်တဲ့ အမှတ်တရလေးတစ်ခုရှိပါသေးတယ်... ကျမ ဒုတိယ အလုပ်လေးရပြီး သိပ်မကြာခင်မှာ ကျမတို့ ရုံးပေါ်သို့ ကျမဘကြီးအရွယ်ထက် နည်းနည်းလောက် ပိုကြီးမယ့်၊ ကြီးချင်မှလည်း ကြီးမယ့် ဦးလေးကြီးတစ်ယောက် တက်လာပါတယ်... ပုံမှန်အားဖြင့် ကျမအခန်းကို ရောက်ဖို့ admin စားပွဲကို အရင်ဖြတ်ရပါတယ်... အဲဒီနေ့က ဖြစ်ချင်တော့ admin က အနောက်ဘက်သွားတဲ့အချိန်... အပြင်ဘက်မှာ ရှိတဲ့ sales coordinator ရဲ့ စားပွဲကလည်း အဝင်ပေါက်ကို ကျောပေးထားတာမို့ သူမလည်း မသိလိုက်... ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း မရှိကြ... ကျမကလည်း စာရင်းတွေနဲ့ အလုပ်တွေရှုပ် ခေါင်းစားနေချိန်... အသံမကြား... ဘာမကြား... အခန်းထဲ လူတစ်ယောက် ဝင်လာတာ ဗြုန်းစားကြီး တွေ့လိုက်ရတာရယ်... သူ့ပုံစံကလည်း စုတ်စုတ်ပြတ်ပြတ်နဲ့ ညစ်ညစ်ပတ်ပတ်မို့ ကျမ အရမ်းလန့်သွားမိတယ်... သို့ပေမယ့် အလှန့်ခံရတိုင်း ကိုယ်လန့်သွားတာကို ထိန်းနိုင်စွမ်းရှိတဲ့ ကျမ သူ့ကို တည်တည်ငြိမ်ငြိမ် စကားပြောနိုင်ခဲ့ပါတယ်... ကျမတို့ စကားပြောသံကြားမှ အပြင်ဘက်က sales coordinator လည်း အပြေးတပိုင်းရောက်လာတယ်... သူကတော့ ကျမကိုပဲ တည့်တည့်ကြည့်ပြီး သူ့အကြောင်းကို အတိုချုံးပြောပြပါတယ်... ပြီးတော့ သူ့လက်နှစ်ဖက်ကို ကျမမြင်သာအောင် ပြပါတယ်... သူ့လက်ချောင်းတွေက တိုတိတုံးပြတ်နေပါတယ်... အဓိကကတော့ ပိုက်ဆံတောင်းတာပါ... အဓိကကတော့ ပိုက်ဆံတောင်းတာပါ... ကျမ မြန်မာပြည်မှာကတည်းက မသန်မစွမ်း ဒုက္ခသည်တွေကိုဆို လှူပါတယ်... သက်ကြီးရွယ်အိုတွေဆို လှူပါတယ်... လူအကောင်းအတိုင်း ရှိနေသူတွေ၊ အသက်အရွယ်ရ ကလေးတွေကိုတော့ ဘယ်တော့မှ လှူလေ့မရှိပါ... လုပ်ကိုင်စားသောက်နိုင်စွမ်းရှိပါရဲ့... အချောင်လိုချင်လို့ တောင်းတာမျိုးမို့ ကျမဘယ်တော့မှ မလှူပါဘူး... ကိုယ် လှူနေတဲ့ ပိုက်ဆံတွေကလည်း အလကားရခဲ့တာမှ မဟုတ်တာလေ... ဒီတော့ အဲဒီလို သူပြောပြပြီး မျက်ရည်ကျတဲ့အခါ... ကျမခေါင်းကို အလျင်အမြန်အလုပ်ပေးလိုက်တယ်... လိမ်ညာတာလား... တကယ်လားလို့... စက္ကန့်ဝက်လောက်အကြာမှာ ကျမအိတ်ထဲက ၁၀တန် နှစ်ရွက်ထင်ပါရဲ့ ကျမ ထုတ်ပေးလိုက်ပါတယ်... admin ရောက်လာပြီး သူ့ကို အတင်းနှင်ထုတ်ပါတယ်... သူကတော့ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းနဲ့... သူ နောက်ဘယ်တော့မှ မလာပါဘူးဆိုတဲ့အကြောင်း တစ်ဖွဖွပြောပြီး ပြန်သွားပါတယ်... admin က ကျမကို စိတ်ပျက်လက်ပျက်နဲ့ ပိုက်ဆံပေးလိုက်တဲ့အတွက် အပြစ်ပြောပါတယ်... ကျမကလည်း ကျမရဲ့ သဘောထားကို ပြောပြလိုက်တယ်... ဘယ်လိုပဲပြောပြော ကျမ မြင်လိုက်ရတာကိုပဲ ကျမ အတည်ယူပါတယ်... ထမင်းစားဖို့တောင် တူတွေ၊ ဇွန်းတွေ ကိုင်ဖို့ အခက်အခဲ အင်မတန်ရှိနိုင်တဲ့ သူ ဘယ်လိုအလုပ်အကိုင်မျိုးကို လုပ်ကိုင်နိုင်ပါ့မလဲ... မွေးရာပါ မဟုတ်ခဲ့ရင် ဒီလို အခြေအနေမျိုးနဲ့ ရှေ့ဆက်ဖို့ရန် စိတ်ဓာတ်အင်အား အတော်တည်ဆောက်ယူရမှာပါ... တစ်ခုတည်းကိုပဲ ကျမစဉ်းစားပြီး ကျမပိုက်ဆံထုတ်ပေးမိလိုက်တာပါ... ကျမစဉ်းစားလိုက်ပုံက "ငါဆိုရင်ကော..." ဆိုပြီးတော့ပါ... SG မှာ အစိုးရက ဒီလိုမသန်မစွမ်းရှိသူတွေ၊ အသက်အရွယ်ကြီးရင့်တဲ့သူတွေကို ထောက်ပံ့မှုပြုတယ်ဆိုလို့ ကျမ သူငယ်ချင်း ဒီနိုင်ငံမှာ နေထိုင်ခွင့်ရနေသူ တစ်ယောက်ကို မေးကြည့်ဖူးပါတယ်... ထောက်ပံ့တယ်ဆိုတာ လူတစ်ယောက် နေထိုင်စားသောက်စရိတ်အကုန်လုံးတော့ ဘယ်ပေးနိုင်မှာလဲတဲ့... တွေးကြည့်တော့လည်း ဟုတ်သည်လေ... မလိုအပ်တော့မှတော့ သူတို့လည်း အပင်ပန်းခံနေပါတော့မလားနော်... (မှတ်ချက်-SG မှာ ဒီအတိုင်းတော့ လက်ဝါးဖြန့် ပိုက်ဆံတောင်းတာမျိုးမမြင်ဖူးပါ... အဘိုးအို၊ အဘွားအိုများ Tissue ရောင်းခြင်း၊ ထီလက်မှတ်ရောင်းခြင်း... မျက်မမြင်များ သီချင်းဆို ဂစ်တာတီးခြင်း၊ Tissue ရောင်းခြင်းများကိုသာ တွေ့ဖူးပါသည်...)

မြန်မာပြည်မှာလည်း ဝမ်းရေးအဆင်မပြေလို့ အဘိုးအဘွားတွေ အလုပ်လုပ်နေကြရတာ ဒုနဲ့ဒေးပါ... သို့ပေမယ့် သာမာန်မိသားစု တစ်ခုမှာတော့ မိဘဆိုတဲ့ ရိုသေမှုလေးနဲ့ အိမ်ဦးခန်းမှာ ထားချင်သူတွေက များပါတယ်လေ... ဒီမှာကတော့ အသက်အရွယ်ရလာရင်ဖြစ်ဖြစ်၊ အချိန်မပေးနိုင်လို့ဖြစ်ဖြစ် လူအိုရုံကို ပို့ကြတာက များပါတယ်... ကျမညီမလေးရုံးက လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း သူမရဲ့အဘွားကို လူအိုရုံပို့ကြတော့ အဲဒီအဘွားက မသွားချင်ဘူးလို့ ငြင်းရှာတာပေမယ့် ပြုစုမယ့်သူ၊ ဂရုစိုက်မယ့်သူ မရှိဘူးဆိုပြီး အတင်းပို့ကြတယ်တဲ့... နောက်တော့ အဲဒီအဘွားလည်း လူအိုရုံမှာပဲ နေမကောင်းဖြစ်ပြီး ဆုံးသွားရှာသတဲ့လေ... ကျမတွေးကြည့်မိတယ်... ကျမတို့လို ငယ်ရွယ်သေးတဲ့... စိတ်သွားတိုင်း ကိုယ်ပါနိုင်သေးတဲ့... တက်ကြွတဲ့ အရွယ်တွေတောင် ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့ နေရာတစ်ခုမှာ အားတော့ငယ်တတ်ကြသေးတာပဲမဟုတ်လား... သူတို့လို အသက်အရွယ်ကြီးရင့်ပြီး အိုမင်းမစွမ်းရှိနေတဲ့ အဘိုး၊ အဘွားတွေမှာတော့ စိတ်အရင်းခံမှာကိုက အားငယ်စိတ်ရှိပြီးဖြစ်နေကြရုံမက သူစိမ်းတွေကြား နေရတဲ့အတွက် ပိုလို့တောင် သိမ်ငယ်နေကြရှာမှာပဲလို့... တကယ်ကို စုံရေပဲရှိပြီး ဆန်ရေမရှိဘူးလို့လည်း ကျမမြင်မိပါတယ်... ပြီးခဲ့တဲ့ August တုန်းက ကျမအဘိုး ဒီကိုလာပြီး ဆေးရုံလာတက်သွားပါသေးတယ်... နောက်တော့ cancer final stage မို့ ခဏပဲနေပြီး ပြန်သွားကြပါတယ်... ဒါကိုသိတဲ့ ကျမသူဌေးက အခြေအနေမေးပါတယ်... နောက် အသက်ဘယ်လောက်ရှိပြီလဲဆိုလို့ ၈၂နှစ်လို့ ပြောလိုက်တော့ နေပျော်ပါပြီ... သေပျော်ပါပြီတဲ့... သူ့အဘိုးတွေ အဘွားတွေလည်း ဒီလိုပဲတဲ့... သေသင့်တဲ့အချိန်မို့ သေကြတာပါတဲ့... အဲ... ကျမ တော်တော်လေး အံ့ဩသွားမိတယ်... စိတ်မကောင်းဖြစ်မှာဆိုးလို့ အားပေးတာဆိုရင်တော့ ကျမကို အားပေးပုံလေး အရာမထင်တဲ့အပြင် ဆေးခါးတစ်ခွက် မလိုအပ်ဘဲလာတိုက်တယ်လို့ပဲ ပြောချင်ပါတယ်... ပြီးတော့ သူတို့မှာ သံယောဇဉ်တွေ မေတ္တာတွေဆိုတာ မရှိကြဘူးလားလို့လည်း မြင်မိတယ်... ဘာသာရေးအမြင်အရဆိုရင်တော့ ဟုတ်တာပေါ့လေ... သေနှစ်စေ့လို့သေကြရတာပါပဲ... သို့ပေမယ့် ကျမတို့က ပုထုစဉ်လူသားတွေ... အရိယာတွေမှ မဟုတ်ကြတာပဲလေ... အဲဒီလိုပဲ ကျမညီမလေးရုံးက လုပ်ဖော်ကိုင်ဖက်တွေကလည်း သေသင့်တဲ့အရွယ်လို့ ပြောကြသတဲ့... သေသင့်တဲ့အရွယ်ဆိုတာမှန်ပေမယ့် ကိုယ်ချစ်ခင်တဲ့သူ၊ သံယောဇဉ်ရှိတဲ့ မည်သူကိုမဆို ခွဲခွါချင်ကြမယ်မထင်ပါဘူးလေ... မိသားစုဆိုတဲ့ သံယောဇဉ်နဲ့ စဉ်းစားကြည့်ရင် သေခွဲခွဲရတယ်ဆိုတာဟာ မီးတကာ့မီးထဲမှာ အပူလောင်ဆုံး ခံစားချက် မီးတစ်ခုဖြစ်မယ်ထင်ပါတယ်... အင်း... ကြီးပြင်းခဲ့ကြတဲ့ ယဉ်ကျေးမှု၊ ဓလေ့သဘာဝတွေ ကွဲပြားခြားနားလို့လည်း ဖြစ်ကောင်းဖြစ်မှာပေမယ့် ကျမကတော့ ကျမကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်ဓလေ့တွေအတိုင်းပဲ ခံစားနားလည်ကြည့်မိပါတယ်...

တစ်နေ့မှာ ကျမတို့လည်း အိုကြ၊ နာကြ၊ သေကြရဦးမှာပါ... အဲဒီလို နေ့မျိုးရောက်လာခဲ့ရင် သေချာတာကတော့ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းသွားချင်မှာပါပဲ... သူတို့သူတို့တွေရဲ့ ဘဝလေးတွေထဲ စိတ်ကူးနဲ့ ခဏဝင်ကြည့်ရုံနဲ့တင် ကျမ မောပန်းနာကျင်မိတယ်... လူအတော်များများက လူငယ်လူရွယ်တွေ အချိန်မတန်ဘဲ သေဆုံးသွားကြရင် နှမျောလွန်းတတ်ကြတယ်... လူကြီးသူမတွေ သေဆုံးကြရင်တော့ "ဪ... သေသင့်ပါပြီ"ဆိုတဲ့စကားလုံးနဲ့ ဖြေသိမ့်ကြတယ်... ဒါဟာ မတရားဘူးလို့တော့ ကျမထင်မိတယ်... အသက်ကြီးသူတွေက မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ ကမ္ဘာလောကအတွက် များစွာ အကျိုးပြုပေးပြီးခဲ့ကြတာလေ... အိုမင်းမစွမ်းရှိမှ "ရပြီ... အသုံးမလိုတော့ဘူး... သွားတော့"လို့ နှင်ထုတ်ခံရရင် ဒီလူတစ်ယောက် ရင်းနှီးမြှုပ်နှံခဲ့တာတွေအတွက် တန်ရာတန်ကြေးမရှိသလို ဖြစ်မနေဘူးလားနော်... ဘဝဆိုတာ ကြီးသည်... ငယ်သည်မဟူ... လူတိုင်းလူတိုင်း တန်ဖိုးထားသင့်ပါတယ်လေ...


Created By: k2tmaung (21 September 2009 Monday 1:30AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..