Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

လောဘတစ်ခုနဲ့...
တော်လှန်ခဲ့တယ်...
ချော်ကျမှ...
တော်ရာကို မတွေးမိတဲ့ ငါ...
ဒေါသက ပြန်စော်ကားတာ ခံလိုက်ရတယ်...

မျှော်ရမယ့်အစား...
ကွက်ကျော်သွားတဲ့ ငါ...
အစားခံလိုက်ရမှ...
ထိခိုက်ပြနေပြန်တယ်...

အလွမ်းတွေလည်း ကျွမ်းခဲ့ပြီးပြီ...
စွမ်းရည်တွေလည်း နွမ်းခဲ့ပြီးပြီ...
တိုက်ပွဲဆိုတာ...
နွှဲတိုင်းမှမနိုင်တာ...
စိတ်မခိုင်ခဲ့တဲ့ ငါ...
တစ်ခါ ခဲမှန်ရုံနဲ့...
အကြိမ်ကြိမ် လဲကျနေပြန်ပါပြီ...

ဓားသွားက တစ်ဆုံးပေမယ့်...
အမုန်းကိုတော့ စိန်မခေါ်တော့ပါဘူး...
အထိနာတဲ့ မိုး...
တစ်ညနဲ့ တစ်ရက် ရွာချအပြီး...
နေသာမလိုလိုနဲ့...
အတိတ်စိမ်းတွေ ပေးပြန်တယ်...
ပန်းတွေလည်း ညှိုးခဲ့ပြီးပြီ...
စကားအလှတွေနဲ့ သွေးထိုးမနေပါနဲ့တော့...
ငါ့အနာက ဆေးမတိုးတော့ဘူး...။


Created By: k2tmaung (11 December 2010 Saturday 06:09PM)

ဆက်လက်ဖတ်ရှုရန်...

မျှော်လင့်ချက်တွေ ကျကွဲပြီးကတည်းက...
အပြန်လမ်းဟာလည်း...
ပျော်ရွှင်ခြင်းတွေ ပျောက်ရှခဲ့တယ်...

နာကျင်ခြင်းတွေ စွန်းထင်းပြီးကတည်းက...
ရင်ခွင်နွမ်းဟာလည်း...
သာယာခြင်းတွေ မီးကျွမ်းခဲ့တယ်...

မင်း ငါ့ကို 'ပို'ကြိုက်တာ ဖြစ်ကောင်းဖြစ်မှာပါ...
ဒါပေမယ့်...
ငါ မင်းထက် ပိုမိုက်ခဲ့တယ်...။


Created By: k2tmaung (09 December 2010 Friday 02:33AM)

ဆက်လက်ဖတ်ရှုရန်...

မျှော်လင့်ချက်တွေ ထမ်းပိုး...
ရောင်နီသစ်တို့ ပျိုးလုပျိုးခင်...
လမ်းတစ်ဝက်မှာ မိုးပြိုခဲ့တော့...
ဒေဝါတာရိုး အပိုင်းပိုင်း ကျိုးပေါ့...

တာရိုးပျက်ထဲ ပေါလောမျော...
နှင်းဆီဆူးက တောမီးရှို့တယ်...
ဗျို့... ကမ္ဘာငယ် ခံနိုင်ရိုးလား...

တေး...ဆိုတာလား...
ဆဲ...ဆိုတာလား...
ခပ်ဝါးဝါးပါပဲ...
ဒါပေမယ့် နားတွေကတော့ သွေးထွက်တယ်...

တာရိုးပျက်ခိုက် နှင်းဆီ ဆူးမိုက်...
ဒီချုံကို ဘယ်ယုန်မြင်လို့ ထွင်ပါလိမ့်...
လက်မတင် အသက်မငင်ခင်...
တိတ်... တိတ်... တိတ်...
ကမ္ဘာငယ်လေး (ထပ်)မထိတ်လန့်ဖို့...
တံခါးလေးပိတ်လို့...
မီးမှိတ် နှုတ်ဆိတ်စို့...။


Created By: k2tmaung (06 December 2010 Friday 01:28PM)

ဆက်လက်ဖတ်ရှုရန်...



အဲ့ဒီနေ့က ၁၄ရက် နိုဝင်ဘာ ၂၀၀၉ စနေနေ့...
ကျမတို့ ချိန်းထားတာက ၉နာရီပေမယ့် ကျမအိမ်က အထွက် နောက်ကျခဲ့တယ်... ချိန်းထားတဲ့ နေရာကိုရောက်ဖို့ မီးပွိုင့်ကနေ အများနည်းတူ ကားလမ်းကူးလာခဲ့တယ်... လမ်းတစ်ဖက်ကနေ ပြုံးပြီးစောင့်ကြည့်နေတဲ့သူ့ပုံစံကို ဒီနေ့အထိ ကျမမျက်စိထဲမှာ မြင်ယောင်နေမိတုန်းပါပဲ... အဲ့ဒီနေ့က ရွှေတိဂုံဘုရားကို အတူသွားခဲ့ကြတယ်...



ဘုရားပေါ်က ဆင်းခါနီး သူ ရည်းစားစကားပြောပြီး အဖြေအတင်းတောင်းခဲ့တယ်... (ငရဲများကြီးမလားပဲ)... ပေးရတော့မယ့် အဖြေတစ်ခုအတွက် ကျမတွေဝေနေဆဲ သူ ရှာဖွေတွေ့သွားခဲ့တယ်... ကျမနှုတ်က ထုတ်ပြောခဲ့တာမဟုတ်ပေမယ့် သူ သိသွားခဲ့တယ်... ကျမကပဲ ဟန်ဆောင်မကောင်းခဲ့တာလား... သူကပဲ ကျမအမူအယာတွေကို ဖတ်တတ်လွန်းခဲ့တာလား...

အဲ့ဒီနေ့က ကျမသတိထားမိသလောက် သူ 'ရယ်'တာများတယ်... ကျမအတွက်တော့ ပြောစရာစကားတွေက အရမ်းကို ရှားပါးနေခဲ့တယ်... ပြီးတော့ ဘယ်လိုခံစားချက်မှန်းရယ်လို့ ပြောပြလို့မတတ်တဲ့ ခံစားမှုမျိုးကြီးနဲ့ပေါ့... အဲ့ဒီနေ့က.. အဖြစ်အပျက်တွေ သိပ်မြန်ဆန်လွန်းနေသလိုလို.. ဖြစ်လာတာတွေက အစီအစဉ်မကျသလိုလို.. အိပ်မက်ထဲ ဇဝေဇဝါနဲ့ လမ်းလျှောက်နေခဲ့ရသလိုလိုနဲ့ပေါ့... အခုထိ စွဲစွဲမြဲမြဲ မှတ်မိနေတာလေး တစ်ခုတော့ ရှိခဲ့တယ်... လိုင်းကားပေါ်က ဆင်းခါနီး သူ ကျမလက်ကို ဆုပ်ကိုင်ပြီး ရှေ့ကသွားတယ်... ဖြစ်ချင်တော့ ကျမဒေါက်ဖိနပ်ခွာက ကားကြမ်းခင်းနဲ့ငြိပြီး တုန့်ဆွဲခံလိုက်ရသလို လူက ဟန်ချက်ပျက်သွားခဲ့တယ်... တွဲထားတဲ့လက်တစ်စုံ ပိုတင်းကျပ်သွားခဲ့ပြီး ယိုင်လဲသွားမယ့် အခြေအနေတစ်ခုက လွတ်မြောက်ခဲ့တယ်... အဲ့ဒီအခိုက်အတန့်လေးမှာပဲ... အဲ့ဒီတဒင်္ဂလေးအတွင်းမှာပါပဲ... ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမယ်လို့ အမြဲတွေးတတ်ခဲ့တဲ့ ကျမ သူ့လက်ကို အားကိုးတကြီးနဲ့ အမြဲတွဲထားချင်မိခဲ့တယ်... အဲ့ဒီအချိန်ကစ,လို့ သူ့လက်ကို တွဲထားရတိုင်း ကျမမှာ တန်ခိုးရှိတဲ့အရာတစ်ခု လက်ထဲဆုပ်ကိုင်ထားရသလို ကြည်နူးခဲ့ရတယ်...

အပြန် ကန်ပေါင်ပေါ်က ဖြတ်လျှောက်တော့ ပူပြင်းလွန်းတဲ့နေရောင်အောက် သစ်ပင်တစ်ပင်ရဲ့အရိပ်မှာ ခဏရပ်စေပြီး ကျမပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လို့ အတင်းအကျပ် "အဖြေ"ပေးခိုင်းခဲ့တယ်... ရှက်တာရော၊ ကြောက်တာရော၊ ဘာမှန်းမသိတဲ့ခံစားချက်ပေါင်းစုံတွေနဲ့ ငိုချင်နေခဲ့တာတွေရော စုပြုံခံစားနေရတဲ့ကျမ "ကျမတို့ရဲ့နေ့လေး"ကို ခေါင်းငြိမ့်သက်သေပြုပေးခဲ့တယ်... အဲ့ဒီလိုနဲ့ ကျမတို့ရဲ့ နေ့ရက်တွေကို ရှင်သန်မွေးဖွားခဲ့ကြတယ်...

----------

သူက သာမာန်ကောင်လေးတစ်ယောက်ပါပဲ... ဒါပေမယ့် ခပ်ဆိုးဆိုး ခပ်ပေပေ ခပ်ရှုပ်ရှုပ်ကောင်လေးလည်း ဟုတ်နေပြန်တယ်... ဒါပေမယ့် သူ့မှာ ကျမ လေးစားရတဲ့ စိတ်ထားလေးတွေ၊ စိတ်ဓာတ်လေးတွေ၊ အတွေးအခေါ်အယူအဆလေးတွေ၊ ခံယူချက်လေးတွေ အများကြီး ရှိပါတယ်... ဥပမာပြောရရင် သူက ကိုယ်ချစ်တဲ့ခင်တဲ့သူကိုမှ ကြင်နာတတ်သူမဟုတ်ပါဘူး လူသားတိုင်းကို သက်ရှိတိုင်းကို ချစ်ခင်ကြင်နာတတ်သူ... တစ်ခြားသူရဲ့လှို့ဝှက်ချက်ကို ချစ်သူဖြစ်တဲ့ကျမ မေးရင်တောင် ပြောမပြတတ်သူ... ကွယ်ရာမှာ အတင်းအဖျင်း အပုပ်ချမပြောတတ်သူ မပြောလိုသူ... သူ မဖြေချင်တဲ့ မေးခွန်းမျိုးကိုမေးရင် "ကိုယ်မဖြေချင်ဘူး"လို့ အတည်အလင်းငြင်းပြီး လိမ်ညာမပြောတတ်သူ မပြောလိုသူ...

သူက လူဆိုးတစ်ယောက်ပါ ဒါပေမယ့် ကျမ 'စံ'ထားထားတဲ့ စိတ်ဓာတ်တစ်ချို့ သူ့မှာ ရှိတယ်... ကျမထင်ပါတယ်... ကျမရဲ့ သံယောဇဉ်တွေက အဲ့ဒီလေးစားမှုတွေကို အစပြုခဲ့တာပဲဖြစ်မယ်လို့...

ကျမတို့အတူရှိခဲ့ချိန်လေးက သိပ်ကို နည်းပါးခဲ့ပါတယ်... သူ အစပ်ကြိုက်မှန်းတော့သိတယ်... ဒါပေမယ့် ဘယ်လိုအစားအစာကို အကြိုက်ဆုံးလဲ ကျမမသိဘူး... အနက်ရောင်ကို ကြိုက်တယ်လို့ ပြောဖူးပေမယ့် သူ ဘယ်အရောင်တွေကို ထပ်ကြိုက်သေးလဲ ကျမမသိဘူး... သူ့နောက်ဆုံးရည်းစားနှစ်ယောက်နဲ့ သူ့ပထမဆုံးချစ်သူအကြောင်းသိပေမယ့် သူ ရည်းစားဘယ်နှစ်ယောက်ရှိခဲ့ဖူးလဲ ကျမမသိဘူး... သူ့အလုပ်အကိုင်အကြောင်း ကျမသိပေမယ့် သူ လစာဘယ်လောက်ရလဲ ကျမမသိဘူး မမေးခဲ့ဖူးဘူး... သူ ကျမထက် တစ်တန်းကြီးမှန်းသိပေမယ့် အထက်တန်းကျောင်းကို ဘယ်ကျောင်းကအောင်ခဲ့လဲ ကျမမသိဘူး... သူနဲ့ပတ်သက်ပြီး ကျမ မသိတာတွေ အများကြီးရှိနေသေးတယ်... သူ့အကြောင်း "က" ကနေ "အ" အထိ မသိဘဲနဲ့ ချစ်သူတွေ ဖြစ်သွားကြသလားလို့ မေးရင်...??? အင်း... ဟုတ်တယ်... ကျမ ရင်ခုန်မှုသက်သက်ကိုပဲ ဦးစားပေးခဲ့တာလို့ ဖြေမိလိမ့်မယ်... ဒါပေမယ့် သူ့စိတ်ဓာတ်ကို ကျမသိတယ်... သူ့ခံယူချက်ကို ကျမသိတယ်... သူ့ရည်ရွယ်ချက်တွေကို ကျမသိတယ်... သူ့ကို လေးစားတယ်... ရိုသေမှုပေးတယ်... လူဆိုးတစ်ယောက်လိုနေပေမယ့် တကယ်တော့ သူဟာ လူကောင်းတစ်ယောက် စိတ်ထားရိုးဖြောင့် တည်ကြည်သူတစ်ယောက်ဆိုတာ ကျမစိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်း ယုံကြည်တယ်...

အရပ်ရှည်တဲ့ သူက လမ်းလျှောက်ရင် ကိုင်းကိုင်း ကိုင်းကိုင်းနဲ့ လျှောက်တတ်တယ်... လမ်းသွားတိုင်း ရေဗူးတစ်ဗူးတော့ ဝယ်လေ့ရှိပြီး "ကိုယ်က ရေအရမ်းကြိုက်တယ်"လို့ ပြောတတ်တယ်... စကားပြောရင် ဆုံးမချင်ရင် လက်ညှိုးလေးတစ်ချောင်းထောင်ထောင်ပြီး သူ ပြောတတ်တယ်... အစားစားရင် အရမ်းမြန်တယ်... ကော်ဖီကြိုက်သလို ကျမ ကော်ဖီနဲ့ မတည့်တာကိုမေ့ပြီး ကော်ဖီသောက်မလားလို့ ခဏခဏမေးဖူးလို့ ကျမစိတ်ကောက်ဖူးတယ်... ကျမကို ဘေးမှာထားပြီး game ကို နှစ်နာရီကြာအောင် ကစားလို့ ကျမ သူ့ကို စိတ်အရမ်းဆိုးဖူးတယ်... ကျမ မွေးနေ့အတွက် မွေးနေ့လက်ဆောင်ဖိနပ်လေးကို သူတစ်ယောက်တည်း မိန်းကလေးတွေကြားမှာ သွားဝယ်ပေးခဲ့သလို လက်ဆောင်ပေးဖို့ စဉ်းစားတိုင်း ဖိနပ်ဝယ်ပေးမယ်လို့ပဲ ပြောတတ်တယ်... သူ့စကားနားမထောင်ရင်ဖြစ်ဖြစ် သူ့ကို against လုပ်ရင်ဖြစ်ဖြစ် ဟောက်လိုက်ရ၊ ငေါက်လိုက်ရမှ ကျေနပ်တတ်တယ်... သူ့ခံယူချက်နဲ့ပတ်သက်ရင် စိတ်မာသလောက် ခံစားချက်နဲ့ပတ်သက်ရင် ထိရှလွယ်တယ်...

ဒီလောက်ဆို ကျမ သူ့ကို ဘာလို့ ချစ်လဲဆိုတဲ့ အမေးနဲ့ ဘယ်လောက် ချစ်လဲဆိုတဲ့ အမေးအတွက် မေးခွန်းထုတ်ဖို့ မလိုအပ်တော့ဘူး ထင်ပါရဲ့...

တခါတလေတော့ သူက အရွဲ့တိုက်တတ်တယ်... စိတ်ကောက်တတ်တယ်... ကလေးဆိုးတစ်ယောက်လို ဂျစ်ကန်ကန်လုပ်တတ်တယ်...
တခါတလေ စိတ်ကြီးလွန်းတယ်... မာနကြီးလွန်းတယ်... ခေါင်းမာလွန်းတယ်...
တခါတလေ စကားပြောကြမ်းတတ်တယ်... ခက်ထန်တတ်တယ်... လူမုန်းအောင် အမြင်ကတ်အောင် ပြောတတ်တယ်...
တခါတလေတော့လည်း ကျမကို ချစ်တာမဟုတ်ဘဲ ကျမရဲ့နားလည်မှု၊ ဂရုစိုက်မှုတွေကို ချစ်တာလို့ ထင်မြင်မိတယ်...

ကျမ သူ့ကို နားလည်သလိုလိုရှိပေမယ့် တခါတလေတော့ နားမလည်ပြန်ပါဘူး...

------

ဒီနေ့ ၁၄ရက် နိုဝင်ဘာ ၂၀၁၀ တနင်္ဂနွေနေ့...
ကျမတို့နှစ်ယောက် မျိုးစေ့ချခဲ့တဲ့နေ့လေး တစ်နှစ်ပြည့်ခဲ့ပြီ...

ဒီနေ့လေးမရောက်ခင် တစ်လအလိုလောက်ကတည်းက ပြက္ခဒိန်လေး တကြည့်ကြည့်နဲ့ ကျမရဲ့အားလပ်ချိန်တွေကို ဒီတစ်နေ့ထဲမှာ စုထားခဲ့တယ်... စိတ်ကူးနဲ့ သူ့ကို ဘုရားသွားစေခဲ့တယ်... သူနဲ့ အကြာကြီး စကားတွေ ပြောနေလိုက်တယ်... အမှတ်တရအဖြစ် ဆင်တူပစ္စည်းလေးတစ်ခု ဝယ်ဖို့ အားထုတ်နေခဲ့တယ်... ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့.....

ကျမ မနက်မိုးလင်းကတည်းက သူ့ဆီက ဆက်သွယ်မှုတစ်ခုခုကို မျှော်နေခဲ့တယ်... ပြီးခဲ့တဲ့ နှစ်တုန်းက ဘုရားကို အတူသွားခဲ့ချိန်လောက်မှာ သူ ကြည့်ဖြစ်မှာ မဟုတ်မှန်းသိရက်နဲ့ gtalk ကနေ offline message ပို့လိုက်သေးတယ်... အိပ်ယာပေါ်မှာလှဲရင်း ဘယ်အချိန်များ ဆက်သွယ်လာမလဲလို့ပေါ့... ဆက်သွယ်ဖို့ မလွယ်ကူမှန်းသိနေပေမယ့် မျှော်လင့်နေခဲ့မိတယ်... ညနေစောင်းလာတော့ စိတ်လျှော့လိုက်ပါတယ်... သူ ဆက်သွယ်ဖို့ အဆင်မပြေသလို ကိုယ့်ဘက်ကလည်း ဆက်သွယ်လို့မရဘူးလေ... သက်ပြင်းလေး ခပ်တိုးတိုးချပြီး သူ့ကို gtalk ကနေ offline message နဲ့ "ဖုန်းလေးတောင် မပြောရဘူး"ရယ်လို့ ညည်းညူလိုက်သေးတယ်...

အိမ်နဲ့ဖုန်းပြောအပြီး ဖုန်းအချမှ miss call ၄ call တွေ့လိုက်တယ်... "သူ"များလားလို့ ဇဝေဇဝါနဲ့ ဝမ်းသာသလိုလို ဖြစ်သွားပေမယ့် phone call က သူ့ဖုန်းနံပါတ် မဟုတ်ဘူးလေ... ညနေစာ ကြာဇံပြုတ်ပြုတ်သောက်နေတုန်း အဲ့ဒီ ဖုန်းနံပါတ်နဲ့ပဲ phone call တွေ တရစပ် ဝင်လာတယ်... ကိုင်လိုက် ကျ,သွားလိုက်... ကိုင်လိုက် ကျ,သွားလိုက်ဆိုတော့ စိတ်ကတိုလာရော... တစ်ချက်မှာ စကားသံကြားလိုက်ရတယ်... မြန်မာစကားပြောတာမဟုတ်မှန်းသိလိုက်တော့ ဖုန်းမှားနေတယ်လို့ ပြောလိုက်သေးတယ်... နောက်တော့ call တော်တော်များများကို ကျမ မကိုင်တော့ဘူး... စိတ်ကူးပေါက်လို့ ကိုင်လိုက်ပြန်ရင်လည်း ဘာသံမှမကြားရဘဲ လိုင်းက ကျ,ကျသွားပြန်တယ်... နောက်တော့ ဖုန်းခေါ်သံတွေ ရပ်သွားတယ်...

စာကျက်ဖို့ စာကြည့်စားပွဲထိုင်နေတုန်း သူ့သူငယ်ချင်းဆီက message ဝင်လာတယ်... phone ကို message ပို့တာ ရလားဆိုပြီး... မရဘူးပေါ့... ဘာလို့လဲလို့ မေးတော့ အရင်နေ့တွေက သူ့ဖုန်းကို ကျမ ခေါ်ထားတာတွေ miss call ရကြောင်း၊ message တွေ သူ ရကြောင်း ပြောပြတယ်... ဒီနေ့ ထပ်ပြီး ကြိုးစားခေါ်ကြည့်ပါဆိုတော့ ကျမ ဝမ်းသာအားရနဲ့ တိုက်ရိုက် call နဲ့ ခေါ်လိုက်တယ်... တော်တော်ကြာကြာ ခေါ်နေပြီးမှ လိုင်းဝင်သွားတယ်... အစမှာတော့ မကြားတစ်ချက်ကြားတစ်ချက်နဲ့ ဝမ်းသာတာလေးတွေတောင် ပျောက်လုလုဖြစ်ကုန်တော့တယ်... နောက်တော့ သူနဲ့ သေသေချာချာ စကားပြောလိုက်ရတယ်... ကျမက "ဒီနေ့ ဖုန်းမပြောရဘူးလို့တောင် ထင်နေတာ"လို့ သူ့ကို ပြောပြတော့ "ညနေက ဖုန်းအကြာကြီး ခေါ်တာ k2 မကိုင်တာ"တဲ့... ကျမ ဝမ်းသာသွားသလို စိတ်ရှည်မပေးခဲ့တာအတွက် ဝမ်းနည်းမိသွားတယ်... "သိဘူးလေ နံပါတ်က မဟုတ်တော့ ဖုန်းမှားနေတယ်ထင်နေတာ" "ဟုတ်တယ်... ဒီမှာက ဖုန်းခေါ်ရခက်လို့ တစ်ဆင့်ခေါ်ခိုင်းရတာ... ကိုယ့်သူငယ်ချင်းကိုတောင် ပြောနေတာ... ဒီနေ့ တစ်နှစ်ပြည့်ပြီလို့... ငါ ဖုန်းခေါ်လိုက်ရင် ငါ့ရည်းစား အရမ်းပျော်သွားမှာလို့ ပြောနေတာ"တဲ့... ကျမ သူ့ဖုန်းကို လက်မခံလိုက်ရပေမယ့် ကျမ ပျော်သွားခဲ့တယ်... ဘာပဲဖြစ်ဖြစ် သူလည်း ကျမလိုပဲ ဒီနေ့လေးကို တန်ဖိုးထားတယ်လေ...

ဒီနေ့လေးကတော့ ဒီလိုဖုန်းပြောရုံလေးနဲ့ ပြီးသွားခဲ့တယ်... နောက်နှစ်နောက်နှစ်တွေမှာကော...??? ကျမ သူနဲ့အတူ "ကျမတို့နေ့လေး"ကို ပျော်ရွှင်စွာ နှစ်ပေါင်းများစွာတိုင်အောင် ဖြတ်သန်းခွင့်ရချင်ပါတယ်...


Created By: k2tmaung (15 November 2010 Sunday 4:56AM)

ဆက်လက်ဖတ်ရှုရန်...





















18 October 2010 Monday

မနက် ၈နာရီ သံပတ်ပေးထားပေမယ့် ညက အိပ်ရေးပျက်ထားတာကြောင့် မျက်လုံးတွေက ဖွင့်မရဘဲ ပြန်အိပ်ပျော်သွားခဲ့တယ်... ပြန်နိုးလာလို့ နာရီကြည့်လိုက်မိတော့ ၉နာရီ... "ဟိုက်... ထမှပဲ..." ဆိုပြီး မူးနောက်နောက်နဲ့ပဲ ရေချိုးခန်းထဲ တန်းဝင်ခဲ့တယ်... ခေါင်းလျှော်ရေမိုးချိုးပြီး ပြန်ထွက်လာတော့ ၉နာရီခွဲဖို့ ငါးမိနစ်အလို... "သွားပြီ... နောက်ကျပြန်ပြီ"ပေါ့... ဒါနဲ့ ကမန်းကတန်း အလှပြင်ပြီး လွယ်နေကျ အိတ်လေးလေးကြီးကိုထားပြီး တစောင်းအိတ်ပါးပါးပေါ့ပေါ့ကို ကောက်လွယ်... ဖုန်းကို ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး iPod Touch နဲ့ ear phone ကို တစောင်းအိတ်ထဲ အမြန်ထိုးသိပ်ထည့်... ခြေအိတ်ကို ကမန်းကတန်းဝတ်ရင်း ဘုရားကို စိတ်မှန်းနဲ့ ကန်တော့... အိမ်သော့သော့ဆွဲပြီး ထွက်လာ... လှေခါးမှာ ဖိနပ်ကြိုးချည်ပြီး "တစ်နေ့တစ်နေ့ ဒီဖိနပ်ကြိုးချည်ရတာ အလုပ်တစ်ခု"ရယ်လို့ စိတ်တိုမိတယ်... မခြောက်သေးတဲ့ ဆံပင်ကို လက်တစ်ဖက်နဲ့ ဆွဲဆွဲဖွရင်း သီချင်းနားထောင်ဖို့ iPod Touch ကို အိတ်ထဲက ဆွဲအထုတ်... အိတ်ထဲ တစ်ခုခုလိုနေတယ်လို့ ခံစားမိတော့ မေ့တတ်တဲ့ ဦးနှောက်ကို အပြေးအလွှား အလုပ်ပေးရတော့တာပေါ့... ဘာကျန်ခဲ့ပါလိမ့်... ဘာကျန်ခဲ့ပါလိမ့်...??? ခပ်လှမ်းလှမ်းရောက်မှ "ဟိုက်..." ပိုက်ဆံအိတ် ပါ,မလာမှန်း သတိရတော့တယ်... ပိုက်ဆံအိတ်က ပြန်မယူလို့မဖြစ်... MRT ကဒ်က အိတ်ထဲမှာလေ... ဒါ မပါ,ရင် မဖြစ်တော့ အိမ်ပေါ်ပြေးတက်... အိမ်ဝမှာ ဖိနပ်ကို အမြန်ချွတ်... အိမ်တံခါးမကြီးကို သော့တစ်ခါဖွင့် နောက် ကိုယ့်အခန်းတံခါးကို သော့တစ်ခါဖွင့် ဝင်... ပိုက်ဆံအိတ်ကို အမြန်ဆွဲယူရင်း မေ့တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အထပ်ထပ် ကျိန်ဆဲမိတယ်... အိမ်ပြင်ပြန်ရောက်တော့ ဖိနပ်ကြိုးက တစ်ခါ တပ်ရပြန်ရော... နာရီကြည့်လိုက်တော့ ၉နာရီ ၄၅မိနစ်... ဒီနေ့လည်း နောက်ကျပြန်ပြီလေ... MRT ကို အပြေးတစ်ပိုင်း လမ်းလျှောက်လာရင်း သီချင်းနားထောင်လိုက်သေးတယ်... လမ်းမှာ စာရက်ငှက်လေး တစ်ကောင်တည်း တွေ့တော့ မျက်စောင်းထိုးမိတယ်... "ဟွန်း... ကံမကောင်းအောင် တစ်ကောင်တည်း လာပြရလား"ပေါ့... မီးပွိုင့်နှစ်ခုကို အပြေးအလွှား ဖြတ်ပြီး MRT Station ရောက်တော့ ရထားက ခုပဲ ထွက်သွားပြန်တယ်... နောက်တစ်စီးက နောက် ၅မိနစ်မှ... "သေချင်တာပဲ..."လို့ စိတ်ထဲက ရေရွတ်ရင်း သက်ပြင်းချရင်း နာရီကြည့်လိုက်တော့ ၁၀နာရီထိုးဖို့ ၅မိနစ်အလို... "ဒီလိုမှန်းသိ ဖြည်းဖြည်းပဲ လမ်းလျှောက်ပါတယ်... မောလိုက်တာ... ရေလေးတောင် မသောက်လာရဘူး"လို့ တွေးရင်း သက်ပြင်းမောတွေ ခဏခဏ ချမိတယ်... စာရက်လေး နှစ်ကောင် ရှေ့က ပြန်သွားတာထပ်တွေ့ရတော့ တစ်ချက် ပြုံးလိုက်မိသေးတယ်...



အလျင်အမြန်လမ်းလျှောက်ထားရတဲ့ အရှိန်တွေကြောင့် အမောစို့နေတယ်လို့ပဲ ပြောရမလား... တော်တော်လေးကို မောဟိုက်နေတော့တယ်... ရုတ်တရက် ရင်ဘက်အလယ်ဘက်က စ,အောင့်လာပြီး အသက်ရှုကျပ်လာတယ်... ဖြစ်နေကျ အခြေအနေ တစ်ခုမို့ တစ်နေရာရာမှာ ထိုင်ချလိုက်ချင်ပေမယ့် ရထားက ကိုယ့်ရှေ့ကို ဆိုက်နေပြီလေ... ရင်ဘတ်ထဲကလိုလို ဗိုက်ထဲကလိုလိုနဲ့ အဆက်မပြတ် အောင့်နေရင်း လူက တော်တော်လေး မူးလာပြီ... ကိုယ့်အခြေအနေ ကိုယ်သိတော့ ထိုင်စရာလေး၊ မှီစရာလေးများရှိမလားရှာတော့ ရထားထဲမှာ လူက အပြည့်အကျပ်... ပုံမှန်ဆို ရထားပေါ် ဒီအတိုင်း ဘာမှမကိုင်ဘဲ မတ်တပ်ရပ်စီးနေကျပေမယ့် အခြေအနေမဟန်တာ ကိုယ့်ဘာသာပဲသိတော့ လက်ကိုင်ကွင်းတစ်ခုကို အပြေးလုကိုင်ရတယ်... ရင်ဘတ်အောင့်အသက်ရှုကျပ်ပြီး မူးလာတာအပြင် အန်ချင်စိတ်တွေပါ ဖြစ်လာတော့တယ်... ပါးစပ်ကို လက်တစ်ဖက်နဲ့ပိတ်ထားရင်းက တစ်ချက်တစ်ချက် ပျို့ပျို့တက်လာတာက တကယ်အန်တော့မယ့်အတိုင်း... ဘေးလူတွေ မြင်ရင် ငါ့တော့ တစ်မျိုးထင်တော့မှာပဲလို့ တွေးမိပြီး ရှက်လည်းရှက်ချင်... လူတွေ ပြည့်ကျပ်နေတော့ ကိုယ့်တစ်ယောက်ကိုမှ ရွေးပြီး ဘယ်သူမှ သတိပြုမိမှာ မဟုတ်ပါဘူးလေလို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သေးတယ်... ချွေးစေးတွေက အဆက်အပြတ်ထွက်လာပြီး လူက ဆက်ရပ်နေဖို့တောင် အားက မရှိချင်... လက်ကိုင်ကွင်းကို လက်နှစ်ဖက်လုံး အားပြုပြီး ခေါင်းကို လက်တွေပေါ် မှေးတင်ထားလိုက်တယ်... ရုတ်တရက် လူတွေ အားလုံး စိမ်းတိန်းတိန်းပြာတာတာတွေ ဖြစ်လာတယ်... "ဘုရား... ဘုရား... ငါ လဲကျသွားလို့ မဖြစ်ဘူး... ငါ လဲကျသွားလို့ မဖြစ်ဘူး..."လို့ အဆက်မပြတ် စိတ်ထဲက အော်ပြောရင်း ကိုယ့်ကိုယ်ကိုယ် သတိထားနေမိတယ်... မျက်လုံးစုံမှိတ်ပြီး လက်ကိုင်ကွင်းကိုင်ထားတဲ့ လက်တွေပေါ် ခေါင်းကို မှောက်ချထားလိုက်တယ်... စီးရမှာက ၄ဂိတ်ထဲ... ကိုယ့်ဝေဒနာနဲ့ ကိုယ်မို့ ဘယ်ရောက်လို့ရောက်မှန်းမသိ... ဒုတိယအကြိမ် မျက်စိဖွင့်ကြည့်တော့ အားလုံးက အမှောင်ထုထဲမှာ... ကိုယ့်ကိုယ်ကိုယ်တောင့်ထားဖို့ အားပေးရင် လဲကျသွားမှာကို ရှက်နေမိတယ်... "လဲလို့မဖြစ်ဘူး"လို့ စိတ်ကိုတင်းရင်း အတွေးထဲ အစ်မတစ်ယောက်ပြောဖူးတဲ့ စကားတစ်ခွန်းဝင်လာတယ်... "ငါ့ညီမ ခဏခဏမူးတတ်တော့ သကြားလုံးလေးဘာလေးဆောင်ထားလေ..."တဲ့... အိတ်ထဲ အမြဲ ဆောင်ထားလေ့ရှိတဲ့ Tic Tac Mints လေးကို သတိရသွားတယ်... လက်တစ်ဖက်နဲ့ အိတ်ထဲ စမ်းနှိုက်ရှာဖွေပြီး ခိုးကြောင်ခိုးဝှက် ပါးစပ်ထဲ ထည့်လိုက်တယ်... (ရထားပေါ်မှာ အစားမစားရဘူးလေ...) အဲ့ဒီ ချဉ်ပြုံးပြုံး လိမ္မော်သီးအရသာလေးကြောင့်ပဲလားတော့မသိ ဘေးပတ်ဝန်းကျင်ကို ခဏအကြာမှာ ပြန်မြင်လာရတယ်... နားစွင့်လိုက်တော့ ဆင်းရမယ့် မှတ်တိုင်တောင် ရောက်နေပြီလေ... ရထားအရပ်မှာ လူတွေနဲ့ တိုးထွက်ရင်း အံကြိတ်ပြီး လမ်းဆက်လျှောက်လာခဲ့တယ်... တစ်နေရာရာမှာ ပစ်လဲထိုင်ချလိုက်ချင်ပေမယ့် နောက်ကျနေတာက တစ်ကြောင်း လူတွေ သို့လောသို့လော ကြည့်မှာကို မခံနိုင်တာက တစ်ကြောင်းမို့ ဖြည်းဖြည်းနဲ့ အားတင်းဟန်လုပ်ပြီး ဆက်လျှောက်လာခဲ့တယ်... လူကောင်းတစ်ယောက်လို တည့်တည့်မတ်မတ် လျှောက်နေတာ မဟုတ်မှန်းသိပေမယ့် အားတင်းပြီး လျှောက်လာလိုက်တာ ကိုယ်ဦးတည်ရာကိုတော့ ရောက်သွားခဲ့တယ်...

မနက်စာ ငုံ့စားနေတဲ့ ရှောင်ချောင်ကို လှမ်းတွေ့လိုက်ရတယ်... သူ့ဘေးက ဆိုဖာမှာ ဝင်ထိုင်ရင်း လူက မှောက်သွားတယ်... "ရှောင်မဲ့... ရှောင်မဲ့... (ညီမလေး)" လို့ ခေါ်ရင်း "နေမကောင်းဘူးလား... ဘာဖြစ်လာတာလဲ..."လို့ ပူပူပင်ပင် မေးရှာတယ်... "အင်း... အရမ်းခေါင်းမူးနေတယ်"ဆိုတော့ ဘာဆိုလား သွားယူပေးမယ် သောက်လိုက်တဲ့... သေချာမကြားလိုက်ပေမယ့် ခေါင်းငြိမ့်လိုက်တော့ ရှောင်ချောင် အနားက ထ,သွားတယ်... "ရှောင်မဲ့... ရှောင်မဲ့..." ဆိုတဲ့ နစ်ကိုးလ်အသံကို ကြားပေမယ့် လှည့်ကြည့်ဖို့ အားမရှိ... ရှောင်ချောင် နဲ့ နစ်ကိုးလ် စားပွဲမှာ လာထိုင်ရင်း တစ်ယောက်တစ်ပေါက် မေးနေကြတယ်... နစ်ကိုးလ်က လက်ထောက်ပြီး ကိုယ့်ခေါင်းကိုယ် အားပြုထားတဲ့ လက်ဖျံကို လာကိုင်တယ်... ရုတ်တရက် သူလန့်သွားပုံရတယ်... "လက်တွေက အေးလှချည်လား"လို့ သူ အံ့ဩတကြီး ပြောတယ်... "ဆေးခန်းသွားပြမလား"တဲ့... ခေါင်းခါလိုက်တယ်... ဒီလောက်ကြီး ဆိုးဆိုးရွားရွားမဟုတ်ပေမယ့် ဒီလိုမျိုးမူးတတ်တာက ခဏခဏ ဖြစ်နေကျမို့ ဆေးခန်းလည်း သွားမပြချင်ပါဘူး... ရှောင်ချောင် ပေးတဲ့ ဖန်ခွက်ကို မော့သောက်လိုက်ပြီးမှ ကြည့်လိုက်တော့ ကော်ဖီနွေးနွေးတွေ... ခွက်ကို အသာပြန်ချရင်း သန့်စင်ခန်းသွားဦးမယ်ဆိုပြီး ဒရီးဒယိုင်နဲ့ ထွက်လာခဲ့တယ်... သန့်စင်ခန်းရဲ့ auto တံခါးအပွင့် မှန်မှာ မြင်ရတဲ့ ကိုယ့်ပုံက နဂိုဖြူတဲ့အသားအရည်ထက် သွေးတွေဆုတ်နေသလိုလို... သန့်စင်ခန်းမှာ ကြာလို့ ထင်ပါရဲ့... ရှောင်ချောင် လိုက်လာတယ်... လူက ခုနကလောက် မဟုတ်တော့ပေမယ့် အနည်းငယ်တော့ မူးနေသေးတယ်... သန့်စင်ခန်းက ပြန်လာတော့ ရေနွေးတစ်ခွက် သွားထည့်ပြီး ဆိုဖာမှာ ပြန်လာထိုင်လိုက်တယ်... ရှောချောင်က သူ ယူလာပေးတဲ့ ကော်ဖီတွေ သောက်ဖို့ ပြောတယ်... အားနာနာနဲ့ပဲ ကော်ဖီနဲ့ မတည့်တဲ့အကြောင်း ရှင်းပြလိုက်ရတယ်... ကော်ဖီမှမဟုတ်ပါဘူး... ကဖင်းပါတဲ့ အစားအစာတွေ စားမရတာမို့ ညက အိပ်ရာဝင်နောက်ကျတဲ့အပြင် coke တွေ သောက်ပြီး အိပ်ယာထဲ တော်တော်နဲ့ အိပ်မပျော်တာ သတိရမိသွားတယ်... နောက်တော့ တဖြည်းဖြည်းနဲ့ နည်းနည်းမူးတာကလွဲပြီး အခြေအနေ ပြန်ကောင်းလာခဲ့တယ်... ရှောင်ချောင်ချက်ပေးတဲ့ ဖက်ထုပ်ကြာဆံပြုတ်တွေ သောက်လိုက်ပြီးတော့ ပိုကောင်းသွားသလို ခံစားရတယ်...

အခြေအနေပြန်ကောင်းလာမှ ပြန်ပြုံးလာနိုင်တော့တယ်... သူတို့လည်း ကျမ အပြုံးတွေ မြင်မှ စိတ်သက်သာပုံ ရသွားကြတော့တယ်... ရှောင်ချောင်ကတော့ သူ့ကို လန့်အောင် လုပ်တယ်ဆိုပြီး မျက်စောင်းတထိုးထိုးနဲ့... နစ်ကိုးလ်ကတော့ "အခြေအနေကောင်းပြီလား... မူးလဲမသွားနဲ့နော်..."လို့ လာလာနောက်နေတယ်... နစ်ကိုးလ် ဖုန်းလှမ်းဆက်လိုက်လို့လားတော့မသိ ဖလောရန့်စ် ရောက်လာတယ်... "ငါသိတယ်... ငါသိတယ်... အိုက်ချင်ပင့်..."လို့ သူကလည်း လာနောက်ပြန်တယ်... အဲ့ဒါနဲ့ အဲ့လိုနဲ့ ကိုယ့်တာဝန်တွေ မပျက်ကွက်ချင်တာနဲ့ပဲ ညနေမှ အိမ်ပြန်နားဖြစ်တော့တယ်...

လူက အနားရသွားတော့ တောင်တောင်အီအီတွေ လျှောက်တွေးဖြစ်ပြန်တယ်... ငါသာ အခုနေ တစ်ခုခုဖြစ်သွားရင် ဒါမှမဟုတ် ငါချစ်တဲ့ အဝေးမှာရှိနေတဲ့သူတွေ တစ်ခုခုဖြစ်သွားရင်ဆိုပြီးတော့ပေါ့... :P လောကမှာ ကိုယ်ကစိတ်ရင်းအမှန်နဲ့ တကယ်ချစ်ခင်ရတဲ့သူ ကိုယ့်ကို စိတ်ရင်းအမှန်နဲ့ ချစ်ခင်ကြတဲ့သူတွေကို တန်ဖိုးထားတတ်ဖို့တော့ လိုမယ်ထင်ပါတယ်... ဘဝမှာ ကံကောင်းတာလေးတစ်ခုက ကျမအပေါ် စိတ်ရင်းမှန်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်းများစွာ ရရှိခဲ့တာကိုပါပဲ...

(ဒီစာစုနှင့်အတူ ကျမအပေါ် ခံစားနားလည်၊ ကြင်နာဂရုစိုက်တတ်တဲ့ ကျမမိဘ၊ ကျမချစ်သူ၊ ကျမမောင်နှမ၊ ကျမသူငယ်ချင်းမိတ်ဆွေတွေ အားလုံး တစ်ယောက်ချင်းစီရဲ့ ကောင်းကွက်လေးတွေကို သတိရမိသလို ကျေးဇူးလည်းတင်မိပါတယ်... နောက် "မူးတတ်ရင် သကြားလုံး ဆောင်ထားနော်"လို့ အမြဲ သတိတရ ပြောတတ်တဲ့ မစံပယ်ကို အထူးသတိရပြီး ကျေးဇူးတင်မိပါတယ်... :P နောက် ရှောင်ချောင်၊ နစ်ကိုးလ် နဲ့ ဖလောရန့်စ် ကိုလည်း ကျေးဇူးတင်ပါ၏...)


Created By: k2tmaung (20 October 2010 Wednesday 08:18PM)

ဆက်လက်ဖတ်ရှုရန်...





















မြန်မာပြည်ကို ပြန်သွားပါတယ်... ကြိုတင်စီစဉ်ထားခဲ့သလိုပါပဲ... မိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင် လျှောက်လည်ရ... ချစ်သူနဲ့ ပြန်တွေ့ရလို့ ဝမ်းသာရ... လျှောက်သွားကြပေါ့ကွယ်... အဲ... ဒီလိုနဲ့ နှစ်ပတ်ပြည့်တော့ SG ပြန်ရပြီပေါကွယ့်... မပြန်ချင်ဘဲ ပြန်ရတာဆိုတော့ လူက စိတ်နဲ့လူနဲ့ သိပ်မကပ်ချင်...

ကိုဖြိုးက လေဆိပ်ကို လိုက်ပို့တယ်... မေစုက ဖုန်းလှမ်းဆက်တယ်... ကားထွက်တော့ လမ်းထိပ်က အကွေ့လေးမှာ မေစုက လက်လေးတောင်ပြလို့... အမ်မယ်... မေစုက ပိန်သွားပါလား... ဟိုးအရင်တုန်းကလိုပဲ... ချစ်စရာကောင်းလိုက်တာလေ... ကားပေါ်ကနေ ဓာတ်ပုံလှမ်းရိုက်မလို့ပါပဲ... Phone Camera က သိပ်မကောင်းတော့ Zoom ဆွဲမရတာနဲ့ မရိုက်လိုက်ရဘူး... ဟင့်... ဪ... ရန်ကုန်ရောက်တုန်း မေစုတို့နဲ့တောင် မတွေ့လိုက်ရပါလား... ရန်ကုန်မှာ အားလုံးပြန်ဆုံဖို့က မလွယ်ဘူးလေ... ကိုယ်တောင် ပြန်လာရဖို့ မလွယ်တာ သူလည်း UK က ပြန်လာရဖို့ ဘယ်လွယ်ပါ့မလဲ...


အဲ့ဒါနဲ့ အဲ့လိုနဲ့ပေါ့လေ... ကားပေါ်မှာ စကားတွေ တပြောပြောနဲ့... လေဆိပ်ကို ထွက်လာကြတာပေါ့... သူငယ်ချင်းအသစ်တွေကို မမြင်ဖူးတဲ့ ကျွန်ုပ်မိခင်က ကိုဖြိုးကို "သားကကော မပြန်ဘူးလား" ဘာလားပေါ့... စပ်စုနေပြန်ရော... "ကိုဖြိုးက အလုပ်ကနေ ခွင့်နှစ်လတောင် ရလာတာလေ... မပြန်ရလို့ ပျော်နေတာ... မေစုလည်း ရောက်ပြီဆိုတော့ ပိုပျော်နေပြီပေါ့..." လို့ ကိုဖြိုးအစား ဝင်ဖြေရင်း ကိုယ့်ကျ နှစ်ပတ်ပဲ ပြန်လာလို့ရတဲ့အဖြစ်ကို ဝမ်းနည်းလိုက်မိတယ်...

လမ်းမှာလည်း ကားကျပ်တာနဲ့ ဘာနဲ့ဆိုတော့ လေဆိပ်ရောက်တော့ နောက်ကျနေပြီလေ... 9:00am ထွက်မယ့် Flight ကို 8:50am မှ Check In ကောင်တာ ရောက်တယ်... အမောတကောနဲ့ပေါ့... ပါ,သမျှ အထုပ်တွေ (ဘာတွေလဲတော့ မသိဘူး... တိုးလို့တွဲလောင်းတွေလည်း ပါရဲ့...:P) Check In ဝင်တော့... "ဟိုက်... SG က အခန်းသော့ အိမ်မှာ ကျန်ခဲ့ပြီ..." ဖခင်က စိတ်တွေတိုပြီး ထုံးစံအတိုင်း "အလုပ်လုပ်ရင် ဘယ်တော့မှ မသေချာဘူး..." ဘာဘူး ညာဘူးနဲ့ ဆူပါလေရော... မိခင်ကလည်း ထုံးစံအတိုင်း သမီး အဆူခံရပြီး မျက်နှာမကောင်းတော့ သူလည်း ဆူချင်ပေမယ့် မဆူရက်တော့... "ညည်းကလည်းအေ... ညည်းအဖေ စိတ်ဆိုးလည်း ဆိုးချင်စရာ... အမြဲ ပေါ့ရွှတ်ရွှတ်နဲ့..."လို့ ရယ်သံစွက်ပြီး ပြောပါတယ်... ထုံးစံအတိုင်း "ဟီး..."လို့ သွားဖြီးပြရတာပေါ့... ဟုတ်တော့လည်း ဟုတ်နေတာကိုး... နောက် ပါ,သမျှ အထုပ်တွေ အပ်ပြီးတော့မှ "အမ်... အင်္ကျီလက်ပြတ်ကြီးနဲ့ လေယာဉ်ပေါ်မှာ အေးတော့မှာပဲ..." ဆိုတော့ ကျွန်ုပ်ဖခင်က မျက်စောင်းလှည့်ထိုးပါတယ်... ကိုယ့်အမှားနဲ့ကိုယ်ဆိုတော့ ခပ်ကုတ်ကုတ်နဲ့ ဘာမှ ပြန်မပြောရဲဘူးလေ... နှုတ်ခမ်းအသာဆူလို့ ရှုံ့မဲ့မဲ့နဲ့ပေါ့... ဘယ်တတ်နိုင်မလဲ... အေးလည်း အေးတော့ပေါ့... မိခင်ကတော့ စိတ်ပူပြီး "ဟဲ့... ဖြစ်ရဲ့လား..." ပေါ့... "အင်း... အင်း..." လို့ ခေါင်းပဲ အသာငြိမ့်ပြရတော့တယ်... ဘာမှမှ လုပ်လို့ရတော့ဘဲ... Luggage က ခုလောက်ဆို လေယာဉ်ဆီ သယ်သွားနေလောက်ပြီလေ... "အဲ့... ခုမှ သတိရတယ်... လူက ခြေကျွတ်လက်ကျွတ် ဖြစ်နေပါလား မှတ်တယ်... လွယ်နေကျ Elle အိတ်လေးလေးကြီးက အိမ်မှာ ကျန်ခဲ့ပါလား... ဪ... ကျန်တော့လည်း ကျန်ပေါ့... ဟိုရောက်မှ နောက်တစ်လုံး... နောက်တစ်လုံး..." ဖခင်က ဘုကြည့်လှည့်ကြည့်တော့ ပြောင်စပ်စပ် သိပ်မလုပ်ရဲတော့ဘူးလေ... မျက်နှာပိုးသတ်ပြီး မိခင်နား ကပ်နေရတော့တာပေါ့...

Air Ticket တွေ ဘာတွေ ပြမယ်လည်းဆိုရော... "ဟိုက်... Passport က အိမ်မှာ ကျန်ခဲ့တဲ့ အိတ်ထဲမှာ..." ဖခင်က မျက်နှာကြီး မဲနေပြီလေ... လူကြားသူကြား ဒီအရွယ်ကြီး ရောက်နေလို့သာ ဖြစ်မယ်... ရိုက်တော့ တော်တော်ရိုက်ချင်နေလောက်မှာပဲ... "တွားပြီ~~~ မရှိမဲ့ရှိမဲ့ စုပြီး ပြန်လာတာ လေယာဉ်လက်မှတ် ထပ်ဝယ်ရရင်~~~ အီး~~~ ကုန်ပါပြီ~~~ ကုန်ပါပြီ~~~" အတွေးနဲ့တင် ချွေးတွေပြန်လာတယ်... ဖခင်ကတော့ သိတဲ့အတိုင်း မြန်မာပြည်ဆိုတော့ ကြံကြံဖန်ဖန်များရမလားပေါ့... ကြိုးပမ်းနေလေရဲ့... လေယာဉ်လက်မှတ် ထပ်ဝယ်ရရင် ပိုက်ဆံပိုကုန်လို့ ဗျစ်တောက်ဗျစ်တောက် အဆူခံရတော့မှာပဲလို့ တွေးပြီး စိတ်ညစ်လာတယ်... သေချာတယ်... ကိုယ့်ဘာသာ ဘယ်လိုမှ မဝယ်နိုင်ဘူးလေ... အမ်မယ်... ကြည့်လိုက်တော့ ဘေးမှာ ညီမလေးက စိတ်ပျက်လက်ပျက်နဲ့ ကျွန်ုပ်ကို မျက်စောင်းထိုးနေပါလား... ဟွန်း... အမြင်ကတ်လိုက်တာ... ပြန်လာတာချင်းတူတူ သူကျ မပြန်ရသေးဘူး... ငါက ပြန်ရတယ်... စိတ်ထဲ မျက်စောင်း အကြိမ်တစ်ရာလောက် ထိုးပစ်လိုက်တယ်... မိခင်ကတော့ ထုံးစံအတိုင်း ခေါင်းတခါခါ ဖြစ်နေပြီလေ... (မပြောချင်လို့လေ... အမှန်က စိတ်ပျက်နေလို့ ခေါင်းခါနေတာပေါ့... :P )

ဘယ်လိုမှ ကြံလို့ ဖန်လို့မရတော့ ဖခင်က စတင်ပြီး ရေနွေးအိုးတည်ပြီလေ... "အဲ့ဒါ ဘယ်လိုလုပ်မလဲ... ကျောင်းလည်း နောက်ကျပြီ..." အဆူခံရတော့ ဝမ်းနည်းလာပြီလေ... ငိုမဲ့မဲ့နဲ့ "အဲ့ဒါက ကိစ္စမရှိပါဘူး... ပြီးခဲ့တဲ့အခေါက်က အတန်းတွေ ကြိုတတ်ထားတော့ notes တွေ ရှိပါတယ်..." ဆင်ခြေက တက်လိုက်သေးတယ်... "အတန်းမတက်လို့ကော ရမှာလား... ပြဿနာက လာဦးမယ်..." "အဲ့ဒါလည်း ကိစ္စမရှိပါဘူး... သူငယ်ချင်းကောင်မလေးတစ်ယောက်ကို  Access Card ပေးထားတယ်... သူလုပ်ပေးပါလိမ့်မယ်..." ဖခင်က ခါးထောက်လာပြီ... "လေယာဉ်လက်မှတ်က ထပ်ဝယ်ရတော့မယ်..." အာ... ဒီပြဿနာက အကြီးဆုံး... ဘယ်လိုမှ ကျွန်ုပ် မတတ်နိုင်သောအရာ... "အီး..." နောက်ဆုံးလက်နက်လေ... ဟီး... ငိုပြီပေါ့... အဲ့ဒီမှာ ကောင်တာက အန်တီကြီးက သနားသွားတယ်ထင်ပါရဲ့... အသာ လက်တို့ပြီး Silk Air ကို ဖုန်းဆက်ပြီး Date ချိန်းလိုက်... တဲ့... "ဟင်... ရပါ့မလား အန်တီရဲ့... ခုပဲ ၉နာရီ ထိုးနေပြီလေ"... ရပါတယ်... ဘာညာသာရကာ... (မမှတ်မိတော့ဘူး) ဆိုပြီး ရှင်းပြတယ်... ဖုန်းဆက်ပြီး နောက်အပတ်မှ ပြန်ပေါ့တဲ့... "ဟာဟ~~ ငါ့လောက် ပျော်မယ့်သူ ရှိမှာမဟုတ်တော့ဘူး~~ မပြန်ချင်နေတာနဲ့ အတော်ပဲလေ~~" စိတ်င်္ထဲမှာ ပျော်နေပေမယ့် ငိုမဲ့မဲ့တော့ ဟန်ဆောင်ရသေးတယ်... ဖခင်က မျက်ထောက်နီကြီးနဲ့ ကြည့်နေတာကိုး... အတွေးထဲမှာတော့ မျက်နှာပျက်ပြီး နှုတ်ဆက်ကျန်ခဲ့တဲ့ တစ်စုံတစ်ယောက်ကို ပြေးမြင်ယောင်မိရင်း... ဟာဟ... ပျော်လိုက်လေခြင်း... "အဲ့... ငါ့ Luggage ကြီး ဘယ်လိုလုပ်မလဲ..." ဥစ္စာခြောက်ဆိုတော့ ဝမ်းသာနေတဲ့ကြားက ပစ္စည်းတွေကို လှမ်းပူလိုက်သေးတယ်... ဖခင်ကတော့ မျက်စောင်းထိုးပြီးရင်း ထိုးနေပြီလေ... မိခင်ကတော့ တစ်ပတ် ထပ်နေရဦးမှာဆိုတော့ ပျော်နေတာပေါ့... အဲ... အိမ်ပြန်ရောက်ရင် ဘယ်လို အပြင်ပြန်ထွက်ရပါ့... အမှားက လုပ်ထားတာဆိုတော့ ဖခင်က သိပ်ကြည်မှာ မဟုတ်ဘူး... သူကတော့ တော်တော်ဝမ်းသာသွားမှာပဲ... ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက် မဲ့လိုက်နဲ့ပေါ့... အင်း... အင်း... အင်း... စဉ်းစားခန်းဖွင့်ဦးမှ...?????

မျက်လုံးဖွင့်လိုက်တော့... ဪ... ဪ... ဘာတွေမှန်းမသိဘူးမှတ်ပါတယ်... အိပ်မက်ကိုး... ဟီးဟီး... အသံထွက်ပြီး ရယ်လိုက်မိတယ်... ငါ့နှယ်... တော်တော် SG မှာ နေချင်ရှာတာကိုး... အိပ်မက်ထဲမှာတောင် ပြန်မလာရလို့ ပျော်နေလိုက်တာများ... နာရီကြည့်လိုက်တော့ 5:25am... ဘေးမှာ ညီမလေးကတော့ အိပ်မောကျ,လို့... ဒီအချိန်ကြီးဆိုတော့ ပြောပြစရာလူကလည်း မရှိဘူးလေ... ဒါနဲ့ပဲ... စာတစ်ပုဒ်ဖြစ်သွားလေရဲ့... ဟီး......


Created By: k2tmaung (22 Aug 2010 Sunday 06:53AM)

ဆက်လက်ဖတ်ရှုရန်...

အတိတ်ဟောင်းတွေ ပြန်မတူးချင်ပါဘူး...
ဒါပေမယ့်...
တစ်ခါတစ်ခါ စိတ်မကောင်းဘူး...
ဟိုတုန်းက ကောင်းခဲ့တာလေးတွေ...
ခုတော့ ပြောင်းလဲသွားပြီမို့လေ...
အင်းပေါ့...
ဆောင်းကို ဖြတ်ခဲ့ပြီးပြီဆိုတော့...
တစ်နွေ ထပ်လောင်း...
ဝမ်းနည်းခြင်းတွေ ခိုအောင်းရမှာပေါ့...။

အရင်ချိန်တွေ ပြန်မတွေးချင်ပါဘူး...
ဒါပေမယ့်...
တစ်ခါတစ်ခါ စိတ်ပိန်တယ်...
ဟိုတုန်းက ချိုမြိန်ခဲ့တာလေးတွေ...
ခုတော့ တိမ်မြုပ်သွားခဲ့ပြီမို့လေ...
အင်းပေါ့...
ကြိမ်ကြိမ်ဖန်ဖန် လေထန်ပြီးပြီဆိုတော့...
ဒီနွေမှာ လေငြိမ်...
အတိတ်တွေ ခပ်မှိန်မှိန်ဖြစ်ရပြီပေါ့...။


Created By: k2tmaung (12 August 2010 Thursday 02:21AM)

ဆက်လက်ဖတ်ရှုရန်...

တိမ်တောက်ချိန်မှာ...
ငါ ကြယ်ကြွေတွေ ကောက်နေတယ်...
မှောက်လျက်လဲဖူးတဲ့ နေရာ...
နောက်တစ်ခေါက် ထပ်ရောက်တယ်...
တောက်... အမှတ်မရှိတဲ့ ငါ...
ငေါက်ငမ်းစရာ စကားလုံးတွေတောင် ပျောက်တယ်...။

အရင်က မြင်ခဲ့ရတဲ့ ပုံရိပ်...
ခုတော့ အတိတ်ဖြစ်ပြီပေါ့...
ချိတ်ပိတ်ထားခဲ့တဲ့နေရာ...
အိပ်မက်တွေ ဖိတ်ခံရတော့ ဒိတ်တပ်မိတယ်...
တိတ်... ကျမိတဲ့ မျက်ရည်...
ကျိတ်ဆုတောင်းဖို့ ဆန္ဒတွေ မီးမှိတ်သင့်ပြီ...။

အမောတကောပေမယ့်...
အကြောပေးဖို့တော့ ရက်ရောတယ်...
နှမြောတွန့်တိုခဲ့တဲ့ နေရာ...
လောကွတ်တွေနဲ့ ပုံအောလိုက်မိတယ်...
တော်... စိတ်တွေလွင့်တယ်...
အားလုံးနဲ့ ရောခံထားရတဲ့...
ဒီဇာတ်မျောမှာ...
ငါ နင်နဲ့ မပျော်တော့ဘူး...။


Created By: k2tmaung (08 August 2010 Sunday 05:11AM)

ဆက်လက်ဖတ်ရှုရန်...

စံပယ်တစ်ဆုပ်...
လက်ခုပ်ထဲ ထည့်ပြရုံနဲ့...
ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေကြတယ်...

ခရေကြွေကောက်...
ကြိုးသီဖောက်ရုံနဲ့...
ညှာတာထောက်ထား အကြွားပိုချင်ကြတယ်...

အစာဝ,လို့...
အသက်ရန်မရှာတဲ့ ကျား...
သက်သတ်လွတ်မစားတာ လူတိုင်းသိတယ်...

အလှအပနဲ့ ရုပ်ပြ...
စကားလှတွေနဲ့ တံတားထိုး...
ခပ်တိုးတိုးရယ်ပြတတ်ရုံနဲ့...
ရိုးသားတဲ့ ဖိုးသခွါး မဖြစ်နိုင်သေးဘူး...

ဟိုလိုလို ဒီလိုလိုနဲ့...
စိတ်ထား အပို အလိုရှိသူများ...
တို့နယ်နိမိတ်မှာ...
နယ်ခြား စည်းသားထားတယ်...

စိတ်ဓာတ်တွေ ညစ်ထေးနေရင် ဆေးခဲ့ပါ...
တန်ဆာတွေ များရင် ထားခဲ့ပါ...
တို့နယ်ပယ်က...
အညစ်အကြေးကင်းလို့...
ပလွှားမှုတွေ ရှင်းတယ်...
ဖြူစင်သူနဲ့…
ရိုးသားပွင့်လင်းသူများသာနေထိုင်တယ်...

မူယာတွဲလွဲ...
မာယာတွဲလောင်း...
အဟောင်းဆိုင်ထဲက...
ဟန်ဆောင် မာန်ထောင်...
သူတော်ယောင်တို့...
သတိ...
သင်တို့ မဟူရောင် မနော...
ဆေးကြောသန့်စင်ပြီးမှ...
စည်းကျော်ပါ...


Created By: k2tmaung (29 July 2010 Thursday 11:30PM)

ဆက်လက်ဖတ်ရှုရန်...

ဒီလို မှိုင်းပြပြ ညတစ်ညမှာပေါ့...
အရာရာကို ဘွာခတ်...
သံယောဇဉ်တွေကို သူ ကြက်ခြေခတ်ဖူးတယ်...

ဒီလို နှင်းမကျတဲ့ ညတစ်ညမှာပေါ့...
ငိုကြွေးခြင်းမဲ့ မျက်ရည်တစ်စက်နဲ့...
ခပ်ငိုင်ငိုင်ထိုင်ရင်း နေထွက်ခဲ့ဖူးတယ်...

ဒီလို နွမ်းလျလျတဲ့ ညတစ်ညမှာပေါ့...
ရင်ထဲမွန်းကျပ် ရင့်ကျက်ခြင်းတွေ စုံးစုံးမြုပ်လို့...
အေးစက်စက် ကဗျာတစ်ပုဒ်…
တစ်ကိုယ်တော် မျက်ရည်သုတ်ဖို့...
ငါ တိတ်တိတ်လေး မွေးထုတ်ခဲ့ဖူးတယ်...

ကံကြမ္မာရဲ့…
အလှည့်အပြောင်းလား..
အပြောင်းအလဲလား...
မပီဝိုးတဝါးပါပဲ...
ငါ ဖွက်ထားတဲ့...
မျက်ရည်တစ်စက်...
သူ ရှာဖွေတွေ့ရှိသွားတဲ့အခါ...
ဟန်ဆောင်မှုတွေကို ခွာလိုက်ကြတယ်...

ခပ်ရိုးရိုး အဆင်လေးပါပဲ...
ဘဝတွေက ခပ်ညှိုးညှိုးမို့...
ငါတို့တွေ ခပ်တိုးတိုးပဲ ချစ်ခဲ့ကြတယ်...
ဘယ်သူကိုမှ မယိုးစွတ်ပဲပေါ့...
ဒါပေမယ့် ရွေးခဲ့ကြတဲ့ လမ်းချိုးက...
ဝိုးတိုးဝါးတားတော့ မဟုတ်ခဲ့ပါဘူး...

မုန်တိုင်းတွေ စဲလို့...
ပွဲပြီးပြီထင်ခဲ့တာ...
လေနီကြမ်းတွေက...
နောက်ဆက်တွဲ အကဲစမ်းနေကြတုန်းပါပဲ...

အပြန်အလှန်တွေ...
တန်ပြန်ခြင်းတွေ သိပ်များလွန်းနေတဲ့...
ငါတို့ နှစ်ယောက်ကြား...
အားလုံးကို ဘုံထုတ်ရရင်...
"သစ္စာ"တစ်ခုပဲ အနှုတ်မပြစေချင်ဘူး...

အချစ်တစ်ခုအတွက်...
ဘဝကို တည်ဆောက်ချင်သူနဲ့...
ဘဝတစ်ခုအတွက်...
အချစ်ကို ဖန်တီးချင်သူ...
ဓားသွားပေါ် လမ်းများရတဲ့ သူ...
ခရောင်းတောထဲ ဝင်ရောနေရတဲ့ ငါ...
အခြေအနေချင်းက...
အဆိပ်ပြင်းသူတွေချည်းပါပဲ...

ဘာတွေပဲ ဖြစ်လာလာပါ...
နိဂုံးမှာတော့ အဆုံးသတ်လှချင်တယ်...
နိဒါန်းမှာကတည်းက ဇာတ်နာလာခဲ့တာ...
စာကိုယ်မှာလည်း အပျော်တွေ ချွေတာခဲ့ရတယ်...
ဘဝပြဇာတ်ထဲက ပြကွက်တစ်ခု...
တစ်ခန်းအရပ်မှာ...
အမှောင်ကျခဲ့ရတဲ့ ဒီလိုညမျိုး...
ငါ နောက်ထပ် ဖြတ်မတိုးချင်တော့ဘူး...


Created By: k2tmaung (29 July 2010 Thursday 04:45PM)

ဆက်လက်ဖတ်ရှုရန်...

















26 July 2010 မှာ ကျမ ရဲ့ k2tmaung Blog လေး တစ်နှစ်ပြည့်သွားပါပြီရှင်... တကယ်တမ်း Blog အတွက် စာစရေးဖြစ်တာကတော့ 27 July 2009 မှပါ... ကျမ Blog လေး ဖြစ်လာပုံကို ပြောပြရရင် နည်းနည်းတော့ အူကြောင်ကြောင်နိုင်မလားပါပဲ... :P ကျမနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ချို့က Blog လေးတစ်ခုလုပ်ပြီး စာရေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်... တစ်စိုက်မတ်မတ်လုပ်နိုင်မှာ မဟုတ်တဲ့အတွက်၊ နောက် သူတစ်ပါး အကျိုးဖြစ်ထွန်းစေတဲ့ စာမျိုးရေးသားနိုင်ဖို့ အသိပညာ၊ အတတ်ပညာ မကြွယ်ဝတဲ့အတွက် ကျမ အကြိမ်ကြိမ် ခေါင်းခါဖြစ်ခဲ့ပါတယ်... ဒီလိုအချိန် အရင်နှစ်တုန်းကတော့ Blog လောကနဲ့ Ning Site တော်တော်များများမှာ ကျမ ကျင်လည်ခဲ့ဖူးပါတယ်... အားလပ်တဲ့အချိန်တိုင်း Blog တစ်ခုခု သို့မဟုတ် Ning Site တစ်ခုခု သို့မဟုတ် Forward Mail က ရတဲ့ Blog Post တော်တော်များများကို အချိန်ပေးပြီး ဖတ်ခဲ့ဖူးပါတယ်... တစ်နေ့မှာ Blog တစ်ခုကို သွားလည်ပြီး စာသွားဖတ်ရင်း comment တစ်ခု ပေးဖြစ်ပါတယ်... အဲ့ဒီမှာ ဘယ်လိုကဘယ်လို Blog Name ကို သုံးမိသွားတယ်မသိ... သုံးဖြစ်သွားခဲ့ပါတယ်... (Blog ကို 2008 September ကတည်းက create လုပ်ခဲ့ပေမယ့် ကိုယ့်ဘာသာ create လုပ်ခဲ့ဖူးမှန်းတောင် မသိခဲ့ပါဘူး...) အဲ့တာနဲ့ အဲ့လိုနဲ့ပေါ့လေ... comment မှာ ပေါ်နေတဲ့ ကိုယ့် link ကနေတဆင့် ကိုယ့် Blog ကို ဝင်ကြည့်မိတော့ ဘာမှမရှိတာနဲ့ ငယ်ငယ်က ရေးခဲ့ဖူးတဲ့ ကဗျာတစ်ချို့ကို Blog ထဲ ဒီလိုပဲ ထည့်ဖြစ်လိုက်တယ်ဆိုပါစို့... ဘာမှလည်းမသိ ဘာမှလည်းမတတ်တော့ Blog မှာ ကဗျာတွေရှိနေတာကလွဲရင် ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ နေရာလေးတစ်ခုပေါ့လေ... 27 July 2009 မှာတော့ ခံစားချက်တစ်ခုကြောင့် ပထမဆုံးအကြိမ် ကျမ Blog အတွက် ကဗျာတစ်ပုဒ် ပြန်လည် စ,ရေးဖြစ်ခဲ့ပါတယ်... (စာတိုစာစလေးတွေကတော့ Blog မလုပ်ဖြစ်ခင်ကတည်းက နည်းနည်းပါးပါးရေးခဲ့ဖူးပါတယ်...) ဒီ Blog လေး ရှိနေခဲ့တာကိုလည်း ကျမကလွဲလို့ ဘယ်သူမှ မသိခဲ့ကြပါဘူး... 27 July 2009 မှာ ရေးဖြစ်ခဲ့လိုက်တဲ့ ကဗျာတစ်ပုဒ်ကို အရင်းပြုပြီး ကျမမှာ Blog တစ်ခုရှိကြောင်း သူငယ်ချင်းတစ်ချို့ စ,သိသွားကြတယ်ဆိုပါစို့... အဲ့ဒီအချိန်ကစ,လို့ ကျမ Blog အတွက် အပြင်အဆင်နဲ့ စာရေးတဲ့အလုပ်ကို ကျမ အချိန်ပေးဖြစ်ခဲ့ပါတယ်... ဒီလိုနဲ့ပဲ k2tmaung Blog စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်... :)

ဒီ Blog နဲ့ ပတ်သက်ပြီး Blog စာမျက်နှာပေါ်မှာ ကျမ သေသေချာချာ တစ်ခါမှ ကျေးဇူးတင်စကား မဆိုဖြစ်ခဲ့ပါဘူး... ကျေးဇူးတင်ထိုက်သူတွေကတော့ အများကြီးပေါ့လေ...
ပထမဆုံး ကျေးဇူးတင်ချင်တာကတော့ Print Media တစ်ခုမှ Journalist တစ်ယောက်ဖြစ်တဲ့ ကိုလင်းလက်ပါ... စာရေးခြင်းကို ကျမ ပြန်လည် စိတ်လည်လာအောင် ကျမရေးသမျှ တိုတိုထွာထွာတိုင်းကို ကောင်းကောင်းမကောင်းကောင်း ရှာကျန်ပြီး ချီးကျူးစကားပြောပေးခဲ့တာမို့လည်း စာပိုရေးချင်စိတ် ဖြစ်ခဲ့မိတာ ဝန်ခံပါတယ်... ဒီ Blog ရဲ့ နောက်ခံ Background နဲ့ တစ်ချို့ Layout တွေက ကိုလင်းလက် ဖန်တီးပေးခဲ့တာပါ... Background ကို သူရော ကိုယ်ရော စိတ်ကြိုက်ရှာတာတင် အချိန်တော်တော်လေး ကြာခဲ့သလို အဲ့ဒီညက ကျမ Blog ကို ပြင်ဆင်ပေးရလို့ အိပ်ရေးလည်း တော်တော်ပျက်ခဲ့ပါတယ်... ကျေးဇူးတင်ပါတယ် ကိုလင်းလက်... စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူ ပြင်ဆင်ပေးတဲ့အတွက်ရော ဘာရေးရေး "ကောင်းပါတယ်..."လို့ ပြောပေးခဲ့တဲ့အတွက်ရောပေါ့... :P
ဒုတိယအနေနဲ့ ကျေးဇူးတင်ထိုက်သူကတော့ "နိုင်ဇော်ထွန်းမှကြိုဆိုပါတယ်" ဆိုတဲ့ Blog ပိုင်ရှင် (အခုတော့ သူ့ Blog ကို ဖျက်လိုက်ပါပြီတဲ့...) သူရပါ... Blog နဲ့ ပတ်သက်ပြီး တော်တော်များများ သူရဆီက သင်ယူခဲ့ရပါတယ်... "k2 ရေ... template အဟောင်းကို save ပြီး ကလိသာ ကလိ... တတ်ရင်တတ် မတတ်ရင်ပျက်မှာပဲ..." လို့ အားပေးခဲ့ဖူးပါတယ်... :P ကျေးဇူးပါ သူရရေ... သင်ပေးခဲ့၊ လမ်းညွှန်ပေးခဲ့တာတွေအတွက်ရော... Blog ကို လာလာလည်ပြီး comment မချန်သွားတာပါလို့ အမြဲပြောတဲ့အတွက်ရော... k2 ရေ စာမရေးဘူးလား...လို့ အမြဲ မေးဖော်ရတဲ့အတွက်ရော (မေးတဲ့သူရှိမှ ပိုစာရေးဖြစ်လို့ပါ... :P) ကျေးဇူးပါ သယ်ရင်းရေ...
နောက် ကျေးဇူးတင်ထိုက်သူတစ်ဦးက ကိုမိုးစဲ ကိုချစ်ဖေ၏မှတ်တမ်းကြီး (http://kochitphay64.blogspot.com)ပါ... Blog ရေးစ,မှာ အားတစ်ခုဖြစ်စေခဲ့တဲ့ Cbox နဲ့ Post က comment တွေတိုင်းအတွက် ကျေးဇူးတင်ပါတယ်...
နောက်ထပ် ကျေးဇူးတင်ချင်တာကတော့ IT Blogger တွေပါ... ကျမ IT နဲ့ပတ်သက်လို့ အထူးသဖြင့် Template ထဲက ကွိစိကွစ code လေးတွေနဲ့ ပတ်သက်လို့ပေါ့လေ မသင်ကြားမလေ့လာခဲ့ဖူးပါဘူး... မအားလပ်တဲ့ ကျမ သူငယ်ချင်းတွေကို နားပူနားဆာလုပ်ရတာ အားနာလာတာနဲ့ ကိုယ့်ဘာသာ ကြိုးစားကြည့်မယ်ဟာဆိုပြီး ကြားရသမျှ IT Site တိုင်း ကျမ ရောက်ဖြစ်ခဲ့ပါတယ်... IT Blog Site တော်တော်များများမှာ သွားရောက် လေ့လာဖတ်ရှုတတ်ပြီး Post တွေဖတ်လိုက် ကိုယ်တိုင် Template တွေ ပြင်လိုက်နဲ့ ခုမြင်တွေ့ရသလို အပြင်အဆင်မျိုးနဲ့ (တစ်ချို့ကလည်းလှတယ်... တစ်ချို့ကလည်း ရှုပ်ရှက်ခတ်တယ်ပေါ့လေ... :P) k2tmaung Blog ရယ်လို့ ဖြစ်လာတာပါ... ကျမ အများဆုံး ရောက်ဖြစ်ခဲ့တဲ့ IT Blog Site တွေကတော့ Myanmar Bloggers Helpdesk (http://mmbloggershelpdesk.blogspot.com)မောင်ကျော်စွာငြိမ်း (http://www.kyawswarnyein.com)ညီနေမင်း (http://www.nyinaymin.com)သံလုံငယ် (http://thanlonnge.net) နဲ့ အခြားအခြားသော IT Site များစွာလည်းရှိပါသေးတယ်... ကျမရဲ့ မြင်ဆရာအားလုံးကို ကျေးဇူးအထူးတင်ပါတယ်...
ပြီးတော့ ကျမအစ်ကိုရင်းလို ခင်မင်ရတဲ့  အိမ်လွမ်းသူ (http://eainlwanthu.ning.com) ပိုင်ရှင် ကိုD'Leh ပါပဲ... "ညီမ Blog မှာ သုံးလို့ရတယ်"ဆိုပြီး သတိတရနဲ့ code တွေ ရှာရှာပေးတဲ့ အစ်ကို... "k2 ကဗျာအသစ်တင်ထားတယ်"ဆိုပြီး offline နဲ့ စာပို့ပို့ပြီး Blog မှာ စာလာဖတ်ဖို့ ပြောတိုင်း (သူ့ site မှာလည်း ကဗျာတွေ တင်တတ်တာမို့ပါ...) မညည်းမညူ လာလာဖတ်ပေးပြီး comment တွေနဲ့ ချီးကျူးစကား အမြဲပြောပေးတတ်ပါတယ်... ကျေးဇူးပါ အစ်ကိုတော်... အစ်ကို့ဆီကလည်း အများကြီး သင်ယူတတ်မြောက်ခဲ့ပါတယ်... :P
နောက်ဆုံးမှာတော့ ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်းမောင်နှမမိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်... သတိတရနဲ့ပဲ လာလည်လည်... လမ်းကြုံလို့ပဲ လာလည်လည်... အမှတ်မထင်ပဲ ရောက်လာလာ... အားလုံးကို ကျေးဇူးတင်ပါတယ်... comment ထားခဲ့သည်ဖြစ်စေ၊ မထားခဲ့သည်ဖြစ်စေ ကျမ Blog ကို လာရောက်လည်ပတ်တဲ့အတွက် ဝမ်းသာပျော်ရွှင်စွာနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်... အထူးသဖြင့် comment ထားခဲ့တာကို ပိုလိုလားတောင့်တတဲ့ ကျမအတွက် ချစ်သူငယ်ချင်းတို့ရဲ့ comment က ကျမအတွက် စားရေးနိုင်ဖို့ "အား"တစ်ခုပါ...
ဪ... ချွင်းချက်တွေအနေနဲ့ ကျမ ရောက်ရှိခဲ့တဲ့ Blog တိုင်းက Blogger တွေကိုလည်း ကျေးဇူးတင်ပါတယ်... တစ်ယောက်ဆီကနေ ရေးနည်းရေးဟန်၊ အတွေးအခေါ်အသိအမြင်တွေ တိုးပွါးစေခဲ့တဲ့အတွက် မြင်ဆရာတွေအဖြစ် ကျေးဇူးတင်ပါတယ်... ကျမ အလည်ရောက်ရှိဖူးပြီး လေးစားခင်မင်အားကျနှစ်သက်မိတဲ့ Blogger တွေကို ညာဘက်ဘေးမှာ List တွေနဲ့ Link လုပ်ထားပါတယ်... အမှန်တော့ ကျမလေးစားနှစ်သက်ရတဲ့ Blogger တွေ အများကြီး ကျန်ပါသေးတယ်... ဒီနောက်ပိုင်း စာဖတ်အားနည်းသွားသလို အရင်လို Blog တွေဘက် သိပ်မရောက်ဖြစ်တဲ့အတွက် Update မလုပ်ဖြစ်တာလည်း အများကြီးပါ... ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ရာ ပေးစွမ်းနိုင်သူတွေမို့ ကျေးဇူးတင်ပါတယ်လို့ပဲ ပြောပါရစေ...

ဘာလိုလိုနဲ့ပေါ့လေ တစ်နှစ်ဆိုတဲ့ ကာလကို ဖြတ်အပြီးမှာ နောက်ပြန်လှည့်ကြည့်မိတဲ့အခါ ကျမ သင်ယူတတ်မြောက်ခဲ့တာတွေ အများကြီးပါ... နောက် ကျမအတွက် online ပေါ်မှာ ခင်ခဲ့ရတယ်ဆိုပေမယ့် တကယ့်ငယ်ပေါင်းတွေလို ခင်မင်စရာကောင်းတဲ့၊ ရိုင်းပင်းကူညီတတ်တဲ့၊ ရိုးသားဖြူစင်တဲ့၊ စိတ်ညစ်စရာတွေရှိရင် အားပေးဖြေသိမ့်ပေးတတ်တဲ့၊ ပျော်စရာရှိရင် မျှဝေဝမ်းသာပေးတဲ့ သူငယ်ချင်းကောင်းများစွာ ကျမ ရရှိခဲ့တာကိုလည်း ကျေနပ်ပျော်ရွှင်မိပါတယ်... နာမည်တွေမတပ်တော့ပေမယ့် ဘယ်သူဘယ်ဝါတွေဆိုတာကို သိကြမှာပါ... ကျေးဇူးတကယ်တင်ပါတယ် သူငယ်ချင်းတို့ရေ...

ဟိုးအရင်ကတည်းက ပြောခဲ့ဖူးသလိုပါပဲ...
ဒီblogလေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်ရာ ရေးထားခဲ့တာလေးတွေကို တစ်စုတစ်ဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
စာဖတ်သူတွေအတွက် ဖတ်ကောင်းချင်မှ ဖတ်ကောင်းမှာပါ... စိတ်ဝင်စားဖို့လည်း ကောင်းချင်မှကောင်းမှာပါ... ဒါပေမယ့် ကျမ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

အမှားအယွင်း အထောင်အသောင်း အဆိုးအပြစ် အသိန်းအသန်းရှိခဲ့သော် ကျမ တစ်ယောက်တည်း၏ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်ရှင်...

အားလုံးကို ကျေးဇူးတင် ခင်မင်လျှက်ပါ...
k2tmaung


Created By: k2tmaung (26 July 2010 Monday 01:53PM)

ဆက်လက်ဖတ်ရှုရန်...

ဓူဝံ...
တစ်စင်းတည်းလင်း...
တစ်မင်းတည်းဝင်းလို့...
ဂုဏ်သတင်းတွေ...
ဆောင်ကျဉ်းနေတယ်...

ကြယ်ကြွေတွေကောက်...
ဆုတောင်းတွေနဲ့ အိမ်ဆောက်...
ခပ်ခြောက်ခြောက် ဘဝက...
ရေကြည်နောက်တဲ့ ရေတွင်းနက်နက်ပေါ့...

ဘယ်ကြယ်တစ်စင်းမှ...
ကြွေမဆင်းသေးတဲ့ ဒီရေတွင်းမှာ...
ဓူဝံ... မင်းကတော့...
ဟိုးတွင်းနက်ထိ ဝင်ပြုံး..
အဆုံးမသတ်နိုင်တဲ့ ပဲ့တင်သံတွေနဲ့...
ကာရံတွေကို နိုးစေတယ်...

ဓူဝံ...
တစ်စင်းတည်း ထွန်းလင်းရလို့...
မင်း အထီးကျန်တယ် ထင်မိမယ်...
ခပ်ကုပ်ကုပ် ကြယ်တစ်အုပ်နဲ့...
ပြိုးပြိုးပြပြ ကြယ်တွေကြား...
မင်းက ထင်ရှားလွန်းနေတာကိုး...
မငိုပါနဲ့ ဓူဝံ...
မင်းလည်း ကြယ်တစ်စင်း...
သူတို့လည်း ကြယ်တစ်စင်း...
အလင်းခြင်း မတူပေမယ့်...
ကမ္ဘာတစ်ခုစီမှာ မင်းတို့က နေမင်းပါ...

လူတွေအတွက်...
လင်းရောင်ခြည် ပေးနေရတဲ့ မင်း...
ရှေ့ဆောင်နေရတဲ့ မင်း...
ခေါင်းငုံ့ မျက်ရည်သုတ်မနေပါနဲ့...
အားတွေ ယုတ်လို့...
မင်း စိတ်ရှုပ်ရင်...
တစ်ချက်တော့ ငဲ့ကြည့်လိုက်ပါ...
ရေတွင်းနက်ထိတောင်...
မင်းအပြုံးက အမြဲ လင်းလက်နေပါတယ်..

ကြယ်ပဲလေ...
မှိတ်တုတ်မှိတ်တုတ် ဘဝမို့...
မှောင်ရတဲ့အခိုက် မင်း ငိုပြီးရင်...
လင်းရတဲ့အခိုက် မင်း အားသစ်တွေတင်းလိုက်ပါ...
ဓူဝံ...


Created By: k2tmaung (25 July 2010 Sunday 05:08PM)

ဆက်လက်ဖတ်ရှုရန်...

ချစ်ခင်သူတွေကြား အမုန်းတွေ လက်ညှိုးထောင်...
ဟန်ဆောင်ထားရတဲ့ အပြုံး...
ရှုံးထွက်ပွဲမှာ အလွဲတွေနဲ့ သရေကျ,နေတယ်...။

အပျော်တွေများလို့ ငိုရတာ ခဏနား...
အင်အားချိကုန် ဟင်းမစုံတဲ့ညတွေများမှ...
အစားနည်းခဲ့တဲ့ငါ မကြာမကြာ ဗိုက်ဆာနေပြန်တယ်...။

ညတုန်းကတော့ လသာပါရဲ့...
အာရုံမိုးသောက် တစ်ခေါက်ရောက်ဖို့ ကောင်းကင်ညိုတို့ မဲ့ပြရပြီဆို...
ဝစီကြမ်းတဲ့ ငှက်ဆိုး...
အမျိုးမျိုးအကဲစမ်းတော့ ငါ တိုးတိုးလည်းဆဲတတ်လာပြီ...။

ဟော... မိုးခြိမ်းသံကြားတယ်...
ထီးစုတ်တစ်ချောင်း တစ်ဖြောင်းဖြောင်းဖွင့်...
မပွင့်ခဲ့တာ တစ်နွေဟောင်းခဲ့မှန်း...
ငါ ခုမှ နောင်တရတယ်...
ရှိပါစေတော့...
အနည်းဆုံးတော့ ဒေဝါမိုးနဲ့ ရေချိုးပြီး...
မျက်ရည်မိုးနဲ့ တစ်ရေးနိုးခဲ့ရတာ သင်ခန်းစာပေါ့...။


Created By: k2tmaung (09 July 2010 Friday 03:01AM)

ဆက်လက်ဖတ်ရှုရန်...

အတိတ်ဆိုတာ အိပ်မက်ပဲ...
ပစ္စုပ္ပန်နဲ့ မဆက်စပ်သလို...
အနာဂတ်နဲ့လည်း မယှက်နွယ်ဘူး...
အိပ်မက်ဆိုတာ နိုးထပြီးရင်...
တိုးလျစွာ ပျောက်ကွယ်သွားတယ်...
ဘာပဲဖြစ်ဖြစ် လူတွေအားလုံး...
ပစ္ခုပ္ပန်မှာပဲ ရှင်သန်ကြတယ်...
အနာဂတ်အတွက် စိတ်ကူးတွေ ယဉ်ကြတယ်...
ငါလည်းလေ လောကီသားပေပဲမို့...
အတိတ်မှာ အိပ်မက်မက်ခဲ့ဖူးတယ်...

တစ်ချိန်က ငါ့ နားထဲ...
ပျားသကာလို ချိုခဲ့ဖူးတဲ့ စကားတစ်ခွန်း...
ဘာတဲ့...
တို့ နှစ်ယောက်ကြား secret တွေ မထားဘူးဆိုလား...
ခုတော့လည်း privacy ဆိုတဲ့ စကားလုံးနဲ့ စည်းခြား...
personal ဆိုတဲ့ အကြောင်းပြချက်နဲ့...
နယ်နိမိတ်တွေ မျဉ်းသားလို့ပါလား..
ငါ ဇွတ်တရွတ်ဆိုးတတ်တာ မွေးရာပါလို ဖြစ်နေပေမယ့်...
သတိပေးခံရလောက်အောင်တော့...
ငါ့ ဦးနှောက်က ခြမစားသေးပါဘူး...

ငါက စကားပြေတွေလှဖို့...
တစ်ခါတစ်ခါတော့ မုသားတွေထားတယ်...
ဒါပေမယ့်...
လူအများအကြား ငါသာ အမှန်တရားလို့တော့...
နားကြားပြင်းကတ်အောင် စကားမတတ်ခဲ့ဘူး...
ငါသဘောကျတဲ့ အလိမ်အညာကင်းတဲ့သူ...
အထိမ်အချန်လေးနဲ့ ခံစစ်တွေဆောက်တတ်မှန်း...
နောက်ကျမှ သိလိုက်ရတော့...
ငါ့အဖြူရောင်တွေ ငါကိုယ်တိုင် ဆေးဆိုးမိတဲ့အတွက်...
ခပ်ပြုံးပြုံးပဲ နောင်တရလိုက်တယ်...
မာနလေးတွေ မပွန်းပဲ့သရွေ့...
ငါ့ အိပ်မက်ထဲမှာ ငါ နစ်မွန်းကောင်းခဲ့လွန်းလို့ပေါ့...

နောက်ဆုံးတော့လည်း...
ငါသာ အသိုင်းအဝိုင်းကြားမှာ နားလည်မှုကင်းတဲ့...
သတင်းလွေလွေနဲ့ ဂျာရစ်တစ်ယောက်...
ဖြစ်မှန်းမသိ ဖြစ်လို့ပါလား...

တာလွန်နေမှ ငါ ထိုးကွင်းထ,မနေတော့ပါဘူး...
ပြဿနာ ဘယ်ကစ,လဲလည်း မီးခွက်ထွန်းမနေတော့ပါဘူး...
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်မှန်း...
ငါ တီတီတာတာ ရှင်းပြဖို့လည်း စိတ်မဝင်စားတော့ပါဘူး...

တစ်ခုပါပဲ...
ငါ့ဘဝနဲ့ရင်းပြီး ငါမိုက်မဲခဲ့ဖူးတယ်...
ပြစ်ချက်တွေ မစဲနိုင်အောင် မှားခဲ့ဖူးတယ်...
အဲ့ဒီဆူးတွေအားလုံးအတွက်လည်း...
ငါ တစ်ယောက်ပဲ "ဖက်"ဖြစ်ခဲ့ဖူးတယ်...
ငါ့လုပ်ရပ်တွေက ငါ့ဘဝအတွက်...
ဇာတ်ပို့ကောင်း ဖြစ်နေပေမယ့်...
အကယ်ဒမီ မရချင်နေ...
ဘယ်သူဇာတ်နာအောင်မှ ငါ ဗီလိန်မလုပ်ဘူး...
ငါ့ ဘာသာ၊ ငါ့ ပညာ၊ ငါ သိက္ခာ...
ငါ့ အရည်အချင်း နဲ့ ငါ့ အဆင့်အတန်း...
ပန်းဝင်လောက်အောင် တော်မနေပေမယ့်...
သူများချော်လဲအောင် ငါ ခြေထိုးမခံဘူး...
နောက်ကွယ်မှာ ငါသာ သက်ဆိုင်သူလို့...
မဏ္ဍပ်တိုင် တက်မပြဘူး...
မယုံချင်နေ ငါ ပုံပြောမကောင်းတာ...
ငါ့ကို ရင်းနှီးသူတွေ ယုံပေးလိမ့်မယ်...

မွန်းကျပ်မှုတွေကြားမှာ ခါးသီးမှုတွေများပေမယ့်...
ရှုမငြီးတဲ့ သင်ခန်းစာတွေအလယ်...
ခုတော့ မယောင်မလည်နဲ့ပေါ့...
ဒါပေမယ့် တစ်နေ့နေ့မှာ...
စာတမ်းတစ်စောင်တော့ ငါ ပြုစုလာနိုင်မှာပါ...

ဘဝဆိုတာ ဖောင်ဖျက်ထားတဲ့ တိုက်ပွဲပေမယ့်...
ကိုယ်တိုင် ဖန်တီးတဲ့ ကျိန်စာတွေထဲ...
ငါ့ကိုယ်ငါ ပစ်စလက်ခတ် အလံဖြူ မတပ်လိုက်ချင်ဘူး...
အတိတ်က အတိတ်ပါပဲ...
ပစ္စုပ္ပန် နဲ့ အနာဂတ်ကို နမိတ်မဖတ်တတ်မှန်း...
သတိမချပ်မိလိုက်တဲ့ ငါသာ အမှားပေါ့...

သွားပါလေ အိပ်မက်တွေရေ...
ခပ်ဝေးဝေးကို လွင့်သွားစမ်းပါ...
ငါ ခွင့်ပြုချက်မရဘဲ ဝင်လာခဲ့ပြီး...
ခပ်ရင့်ရင့်နဲ့ ငါ့ကို အမိန့်တွေ လာမပေးစမ်းပါနဲ့...
အိပ်မက်ဆိုတာ မက်တုန်းခဏသာ ချိုတာ...
ငါ ငိုရတာ များမှ အဲ့ဒီအထာတွေ သိလာရတယ်...

ငါ တက်ရတဲ့ ဘဝတောင်တွေ မက်စောက်တာများတော့...
ကြောက်ကြောက်နဲ့ ခိုဝင်နားလိုက်မိတာ...
ငါ့ ညတွေကို အတာစားတဲ့ တောနက်နက်ကြီး ဖြစ်နေပါပေါ့လား...
ညတာတွေ ရှည်ခဲ့လို့ နေ့ဘက်မှာ ငါ အိပ်ဆေးတွေ သောက်နေရတယ်...
ဆေးတန်ခိုးနဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့ ငါ့ကိုယ်ငါ...
နိုးအောင် ကြိုးစားပမ်းစား နှိုးနေရတယ်...
ဝါး... လောကကြီးရဲ့ မနက်ခင်း လင်းခြင်းနေပေမယ့်...
ငါ့မျက်လုံးတွေ မှေးစင်းဆဲ...
ကျေးငှက်လေးတွေ တေးဆိုနေပေမယ့်...
အိပ်ရေးမဝသေးတဲ့ ငါ... ကြားရတာ နားခါးတယ်...

ခံယူချက်တွေ ဖြောင့်စင်းနေတဲ့...
မျဉ်းပြိုင်နှစ်ကြောင်းပေါ်က...
လမ်းလျှောက်နေတဲ့ လူနှစ်ယောက်...
တစ်သက်တာ လက်တွဲဖို့ဆိုတာ...
အနာဂတ်ကို ဟားတိုက်နေသလိုပါပဲလား...

တံခါးတစ်ချပ်ကို ဆွဲဖွင့်ပြီးမှတော့...
ဆန္ဒတွေ မြိုသိပ် မာနရိုင်းတွေ ခေါင်းအုံးအိပ်ပြီး...
နောက်ထပ်အမှားတွေ ငါ့ဘဝထဲ ဖိတ်ခေါ်မိနေတယ်ဆိုလည်း...
ဘဝက နေပျော်ပျော် သေပျော်ပျော် ဖြစ်ဖို့ပဲ လိုတာပါ...။


Blog မှာ Post (၁၀၀) ပြည့်အမှတ်တရ...
personal ကဗျာတစ်ပုဒ်ကြောင့် Blog လေးတစ်ခုဖြစ်လာတာမို့ ရေးလက်စ ကဗျာကိုပဲ လက်စသတ်လိုက်တာပါ... :)
Created By: k2tmaung (20 June 2010 Sunday 06:21AM)


ဆက်လက်ဖတ်ရှုရန်...

ငါလား...
စာမျက်နှာ နှစ်ဆယ့်ခုနှစ် (၂၇) မျက်နှာပါတဲ့...
ခပ်နုပ်နုပ် ဝတ္ထုတိုတစ်အုပ်ပေါ့...
ရှေ့မာတိကာမှာ ကြိုက်တာရှာ...
မပါတဲ့ သင်ခန်းစာတွေ ရှားပါးမယ်ထင်ပါရဲ့...
ပြုံး၊ ရယ်၊ ငို၊ မုန်း၊ အရှုံးနဲ့ အဆုံး...
ရုန်းကန်ခြင်းတွေ ဗြောင်းဆန်ရင်းနဲ့ပေါ့...

ငါလား...
ပန်းခင်းထဲက လက်ရာမမြောက်လှတဲ့ လိပ်ပြာတစ်ကောင်ပေါ့...
ဆောင်ရန်ရှောင်ရန်များတဲ့ နှင်းဆီတွေကြားမှာ...
မကြာမကြာ ဆူးစူးရင်းနဲ့ပဲ...
မူးရစ်မေ့မြော တစ်ကျော့ပြန်တတ်သူပေါ့...

ငါလား...
တိမ်ဖြူဖြူအောက်က လှိုင်းခြောက်တဲ့ ပင်လယ်ပြာပေါ့...
နာကျင်ခြင်းနဲ့ ကြင်နာခြင်းရသ...
လှိုင်းတို့အလိုကျ ထိုးကွင်းထ,တတ်ပေမယ့်...
လပြည့်ညတိုင်း ရေမျက်နှာပြင်ထက်...
မှိုင်းတွဲ့တွဲ့နဲ့ လသာတတ်သူပေါ့...

ငါလား...
နွမ်းလျရင်းနဲ့ပဲ လမ်းလျှောက်များတဲ့...
သာမာန်လူသားတစ်ယောက်ပေါ့...
စမ်းတဝါးဝါး လှမ်းရတဲ့လမ်းမှာ...
ကြမ်းတမ်းစွာ ခြေထိုးခံသူများတယ်...
ဆန္ဒတွေလား သက်ပြင်းမောနဲ့မျှော...
အမောသက်သက်ကို နေပူခံထားတယ်...
ကံကြမ္မာက ထားရာနေ သတ်ရင်သေရတဲ့ဘဝမို့...
အနုအရွတွေ မခံစားတတ်တာ အပြစ်မှ မဟုတ်ဘဲ...

ငါလား...
"ရေ"တော့ "ရေ"ပေါ့...
သဲထဲသွန်ရင်တော့...
"မြေ"ပေါ်မတင် အရာမထင်တာ
အထူးအဆန်းမှ မဟုတ်ဘဲ..

ငါလား...
အဖြူသက်သက် ပိတ်ကားတစ်ချက် မဟုတ်ပေမယ့်...
စုတ်ချက်တိုင်းတော့ မရိုင်းခဲ့တာ အသေအချာပေါ့...

ငါလား...
ဆေးခါးသောက်တာများပေမယ့်...
ဘေးထွက်ဆိုးကျိုးတော့ မများလှပါဘူး...
တစ်ခါတစ်ခါ နှာခေါင်းသွေးလျှံတတ်တာက လွဲရင်ပေါ့...

ဘဝက...
"က"ကြီးရေ မ"က"ခင်...
"အ"မှာ အဆုံးသတ်တာများတော့...
လားရာတွေလည်း ပျောက်...
ညနက်နက်မှာ အတွေးတွေလည်း...
မှောက်လျက်လဲတာ ဝမ်းသာစရာမှ မဟုတ်ဘဲ...
ဝဲဘက်ရင်တစ်ခြမ်း သွေးသံရဲရဲပေမယ့်...
အထဲဘက်က နှလုံးသားဖြူစွတ်စွတ်ကို...
ငါအမြဲ ဦးညွတ်သူပါ...

ငါဟာ...
တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာအတွက်...
ဗလာသုည ဖြစ်နေဦးတော့...
အရှုံးသန့်တဲ့ ငါ့ ဘဝမှတ်တမ်း...
ရယ်သွမ်းဖွဲ့နွဲ့ တန်ဖိုးမဲ့စွာ မကြွင်းကျန်ချင်သူပါ...။


စိတ်လေလေနဲ့ ရေးပါတယ်... :P
Created By: k2tmaung (07 June 2010 Monday 10:05AM)


ဆက်လက်ဖတ်ရှုရန်...

မဟာသေနာပတိစာအုပ်လေးက ငယ်နာမည် 'မောင်ရစ်'လို့ ခေါ်တဲ့ မဟာဗန္ဓုလအကြောင်း ရေးသားထားသော စာအုပ်ဖြစ်ပါသည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော မြန်မာ့သမိုင်းရာဇဝင်ထဲက သူရဲကောင်းအကြောင်း အထူးအထွေ ပြောပြဖို့ လိုမယ်မထင်ပါဘူးနော်... ကျမကိုယ်တိုင်လည်း ရာဇဝင်ထဲက သူရဲကောင်းတွေကို သဘောကျနှစ်သက်မိသူမို့ မြန်မာ့သူရဲကောင်းတွေ အကြောင်းဖတ်ရတာ ဝါသနာပါလှပါတယ်... ငယ်ငယ်က မှတ်မိသေးတယ်... စာကျက်ပျင်းတဲ့ ကျမကို ကျမမိခင်က "စာလာဆို"ဆိုပြီး စာမေးတိုင်း သမိုင်းစာအုပ်ထိုးထိုးပေးတတ်တာ... သူရဲကောင်းတွေအကြောင်း ရေးထားတဲ့ သမိုင်းစာအုပ်တွေဟာ ကျမအတွက်တော့ ဝထ္တုပုံပြင်တွေ ဖတ်ရသလို အလွန်မှ သဘောကျမိခဲ့ပါတယ်... ဒါကြောင့်လည်း အချိန်အားရှိတဲ့အခါများမှာ မြန်မာသူရဲကောင်းတွေအကြောင်းဖတ်မိခဲ့ရင်း ဒီစာအုပ်လေးကို သဘောကျနှစ်သက်စွာ သူငယ်ချင်းမိတ်ဆွေတွေ ဖတ်ရအောင် ပြန်လည်မျှဝေလိုက်ပါတယ်ရှင်... :)

မဟာသေနာပတိ - ချစ်ဦးညို


စာပေများမှ တဒင်္ဂဖြစ်ဖြစ် ခံစားမှုတစ်ခုခုကို ပိုင်ဆိုင်နိုင်ကြပါစေ...

Created By: k2tmaung (07 June 2010 Monday 06:08AM)

ဆက်လက်ဖတ်ရှုရန်...

လရောင်အောက် ပြိုးပြောက်ပြောက်နဲ့...
တောက်ပဆဲ အကြောက်တရားမဲ့ ကြယ်စင်တစ်ချို့...
ခါးသက်သက် ကော်ဖီတစ်ခွက်နဲ့...
မြက်ခင်းကြမ်းကြမ်းထက် ငါ ငေးမော့လို့ ကြည့်မိတယ်...

ဒီညလည်း မျက်လုံးစုံပွင့်...
အလွမ်းတေးတွေဖွင့်ရင်း
အတွေးနယ်မှာ ဆွေးရောင်သန်းတဲ့...
စုတ်ချက်တို့ နှုတ်ခွန်းဆက်ကြဦးမှာပါလားကွယ်...

အတွေးတစ်စနဲ့ နယ်ချဲ့...
မဲ့တဲ့တဲ့ အလွမ်းတစ်ချက်က...
ရင်ဘတ်ပေါ် ဖြတ်အပြေး...
ငါ့သမုဒယပြခန်း ငါ့ဘဝအတွက် မှတ်တမ်းဝင်သွားတယ်...

အနေဝေးသူအတွက်...
အမှတ်တရအဆွေး ပူနွေးနွေးကို ထုပ်ပိုး...
အတွေးကို စစ်ကူတောင်း...
မဟောင်းသေးတဲ့ ကဗျာတစ်ပတ်နွမ်း...
အလွမ်းနဲ့ မိတ်ဆွေဖွဲ့နေထိုင်ကြောင်း...
သတိရခြင်းတွေကို ပေါင်းသင်...
ဒီရင်နဲ့ ပုံဖော် ငါ မျှော်သူ ချစ်သူ 'ကို'...
မြင်စေ သိစေဖို့ စိတ်ကူးနဲ့ ပို့လိုက်တယ်...

လမ်းမထက်က တစ်ဝက်တစ်ပြတ်ခြေရာတွေကို ရေတွက်ရင်း...
သူ့လက်ကိုတွဲ သူ့ခြေလှမ်းကျဲနဲ့ထပ်တူ...
သူသွားလိုရာအနှံ့ ခြေဆန့်ခဲ့ဖူးတာကို ကြည်နူး...
ရင်တွင်းစူးနဲ့ အရူးတစ်ပိုင်းပေါ့...

အသိမကြွယ်သေးတဲ့ငါ အားငယ်စရာတွေနဲ့ကြုံတိုင်း...
သူ့ရင်ခွင်ကျယ်ကျယ်အောက် ပျော်ဝင်ကွယ်ပျောက်...
ခြောက်ခြားစွာ ငါ လိုအပ်လို့ပေါ့...

အပျော်တစ်ချို့ ငါ တို့ထိကစားရချိန်တိုင်း...
သူ့အပြုံးချိုချိုတွေကို အတွေးနဲ့ ငေးမော...
အပြုံးတုနဲ့ဟန်ပြု အခါခါ ရင်မောမိပေါ့...

တစ်ခါတစ်လေမှာတော့...
လေပြေသော့သော့...
ငါ့နဖူး နဲ့ ပါးပြင်ထက် ပြေးစော့ကစားတတ်ချိန်...
သူ့အနမ်းဖွဖွ စုံမက်တမ်းတလို့...
သက်ပြင်းတွေမြေခ နွမ်းလျလျနဲ့ပေါ့...

ဟိုးနားတစ်တွဲ ဒီနားတစ်စုံ ကြုံတွေ့ရတိုင်း
ငါ့ပခုံးတစ်ဖက် သူ့ကိုယ်နားကပ်လို့...
ကျန်တစ်ဖက်ကို ကျစ်ကျစ်ဆုပ်ကိုင်...
ငါ့ရင်ခုန်သံတွေ ယိုင်ခဲ့ဖူးမှန်း...
နာကျင်ပင်ပန်း ဒီရင်မှာ လွမ်းလွန်းလို့ပေါ့...

အလွမ်းတွေ လွှမ်းမိုးခံရတဲ့ ငါ့အချိန်လေးတွေရယ်...
တွေ့ဆုံချိန်တွေ အကျဉ်းချခံရခိုက်...
ဘဝရဲ့ လိုအပ်ချက်တွေကြား စည်းတွေတားရင်း...
ရင်တွင်းမှာသာ နာကြားခွင့်ရှိတဲ့...
စာလွှာပါးပါး သူ ဖတ်ခွင့်ရစေချင်တယ်...

ငါ့နှလုံး ပထမဆုံး...
အတုံးအရုံးနဲ့ အရှုံးပေးလိုက်ရတဲ့...
ကြင်နာမှုတွေ တွဲလွဲခို သူ့မျက်ဝန်းညိုညိုနဲ့...
ဖေးကူယုယတတ်တဲ့ သူ့လက်ဖဝါးနုနု...
နူးညံ့စွာ မိန့်သီ သူ့ဆုံးမသံကြည်ကြည်...
အချိန်တိုင်းနဲ့ နေရာမလပ်...
မပျက်မကွက် ငါလွမ်းတယ်...


Created By: k2tmaung (31 May 2010 Monday 06:34AM)
ဘာရယ်မဟုတ် အလွမ်းကဗျာတွေ ဖတ်တာများသွားလို့ စိတ်ကူးပေါက်တာနဲ့ ရေးဖြစ်သွားတယ်... :P

ဆက်လက်ဖတ်ရှုရန်...

သူငယ်ချင်းမိတ်ဆွေတို့ရေ...

အောက်ဖော်ပြပါ စာစုလေး နှင့် ဓာတ်ပုံများကတော့ ကျမရဲ့ ယုံကြည်ရင်းနှီးရသော မိတ်ဆွေတစ်ယောက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာပြီး အခြေအနေကို ပြန်လည်ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်... "ရေအသက်တစ်မနက်"လို့ ဆိုရိုးရှိသလိုပါပဲ ရေဆိုတာ မရှိမဖြစ် အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို ဘဝပေါင်းများစွာရဲ့ မနက်ခင်း လင်းသစ်ဖို့ရန် ကျမတို့ အမိမြန်မာပြည်မှ ဒလမြို့သူမြို့သားများက သူငယ်ချင်းမိတ်ဆွေတို့ရဲ့ ကမ်းလင့်မယ့် လက်တစ်စုံကို မျှော်လင့်စောင့်စားလို့နေပါတယ်... သို့အတွက် နိုင်ငံအသီးသီးမှာ ရှိနေကြတဲ့ ကျမတို့ သူငယ်ချင်းမောင်နှမတွေ ကျမတို့ချစ်သော အမိမြန်မာနိုင်ငံမှ မြန်မာပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ကြဖို့ အခွင့်အရေးကြုံခိုက် ရေကုသိုလ်ယူနိုင်ကြဖို့ စေတနာဝန် ထမ်းပြီး နှိုးဆော်ခွင့်ပြုပါလားရှင်... :)

ကျမကတော့ စင်္ကာပူနိုင်ငံမှာ ရှိနေတဲ့အတွက် ရေကုသိုလ်ယူလိုသူ စင်္ကာပူမှ စေတနာရှင် သူငယ်ချင်းမောင်နှမတို့ ဆက်သွယ်လှူဒါန်းမှုကို ဝမ်းမြောက်စွာ ဂုဏ်ယူစွာနှင့် လက်ခံပေးသွားမှာ ဖြစ်ပါတယ်...

လူတိုင်း စားဝတ်နေရေးအတွက် ပင်ပန်းစွာ ကြိုးစားရှာဖွေနေကြရတာကို နားလည်ခံစား ကိုယ်ချင်းစာမိပါတယ်... သို့သော်ငြား သူငယ်ချင်းမိတ်ဆွေတို့ရဲ့ ချွေးတစ်စက်ဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ခဲ့ကြရတဲ့ မိတ်ဆွေတို့ ချစ်သော အမိမြေမှ မြန်မာပြည်သူပြည်သားများအတွက် ရေအသက် ဖြစ်နေခဲ့ပါလျှင် အဲ့ဒီချွေးတစ်စက်ရဲ့ တန်ဖိုးက အဖိုးအနဂ္ဂ ထိုက်တန်လို့နေမှာပါ.... ယနေ့ စင်္ကာပူပေါက်ဈေးငွေသည် မြန်မာငွေ ကျပ်၇၀၀ နဲ့ ညီမျှတယ်လို့ ဆိုကြပါစို့နော်... သူငယ်ချင်းမောင်နှမတို့ရဲ့ တစ်နေ့တာ သွားလာစားသောက်မှု (ဥပမာ ပြောခြင်းပါ) SGD$10 သည် မြန်မာငွေ ကျပ်၇,၀၀၀ နဲ့ ညီမျှလို့ နေပါတယ်... ကျမတို့ရဲ့ တစ်နေ့တာ သုံးစွဲမှုသည်ပင်လျှင် တစ်ပါးသူအတွက် ငံ့လင့်လို့နေတဲ့ ဝမ်းမြောက်ဖွယ်ရာ အကူအညီဖြစ်နေပါသဖြင့် သူငယ်ချင်းမောင်နှမတို့ရေ... ငွေကြေးတန်ဖိုး အနည်းအများထက် စေတနာရှေ့ထား တတ်အားသရွေ့ ပူးပေါင်းပါဝင်လှူဒါန်းနိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်း ရေအကျိုး(၁၀)ပါး ဆုမတောင်းဘဲ ယူကြပါစို့လားရှင်... :)


P.S. ကျမအား ယုံကြည်သော သူငယ်ချင်းမိတ်ဆွေများထံမှ Phone Contact, SMS, Email များ မျှော်လင့်မိပါကြောင်း နှင့် ဆက်သွယ်လာသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း...... :)


သူငယ်ချင်းများအားလုံးခင်ဗျာ..

ရန်ကုန်မြို့ တဘက်ကမ်းမှာရှိတဲ့ ဒလမြို့မှာ ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်. ကျေးရွာပေါင်း ခန့်မှန်း ၂၃ ရွာကျော်ရှိပါတယ်။ လက်ရှိမှာ ဒလမြို့ပေါ်ရပ်ကွက် အားလုံးနီးပါးဟာ သောက်သုံးရေအတွက် အခက်အခဲ ကြီးစွာ ရင်ဆိုင်နေရပါတယ်။

ဒလမြို့ဟာ ထူးထူးခြားခြား သောက်သုံးရေချို မထွက်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဘယ်နေရာမှာပဲတူးတူး ရေငန်ပဲထွက်တာက ဒလမြို့ကို ရန်ကုန်တိုင်းထဲက ထူးခြားတဲ့နေရာတစ်ခု ဖြစ်စေပါတယ်။ ယခင့်ယခင်နှစ်တွေက မိုးတွင်းမှာ တနိုင်တပိုင်စုဆောင်းထားတဲ့ရေနဲ့ စုပေါင်းရေကန်တွေမှာ သိုလှောင်ထားတဲ့ရေတွေကို သောက်ရေအဖြစ် တနွေလုံး သုံးစွဲနေကြဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အလွန်ပြင်းထန်သော နွေရာသီကြောင့် သောက်သုံးရေကန်များ ခြောက်ခမ်းပြီး ရေအတွက်အခက်အခဲ များစွာကြုံတွေ့နေရပါသည်။ ယနေ့အချိန်မှာ ဒလမြို့နေလူထုဟာ ပုဂ္ဂလိက အလှူရှင်တွေက လာရောက်လှူဒါန်းတဲ့ ရေများကိုပဲ သောက်ရေ၊ သုံးရေအဖြစ် မှီခိုနေရရှာပါတယ်။ လာရောက်လှူဒါန်းမှုများစွာ တွေ့ရသော်လည်း ရပ်ကွက် (၂၃)ခုရဲ့ သောက်သုံးရေ လိုအပ်ချက်ကို ပြည့်မှီအောင် မဝေငှနိုင်တာ တွေ့ရပါတယ်။ သုံးရေကိုတော့ ကြံ့ဖွံ့နဲ့ စည်ပင်ပူးပေါင်းပြီး ဝေငှပေးနေတာကို တွေ့ရပါတယ်။ သောက်သုံးရေအတွက်တော့ ရန်ကုန်မြို့နှင့် ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ တွံတေးစတဲ့ မြို့တွေနဲ့ အနီးပတ်ဝန်းကျင် အခြားရွာတွေက တတ်နိုင်သူတွေက လာလှူဒါန်းကြပါတယ်။ လှူဒါန်းသူအများစုက သောက်သုံးဖို့အဆင်ပြေတဲ့ ရေချိုကို ထော်လော်ဂျီပေါ်မှာ တိုင်ကီ (ပီပါ) တွေနဲ့ တင်ပြီးလှူကြတာများပါတယ်။ ရန်ကုန်ဘက်က စေတနာရှင်အချို့ကလည်း ၅ဂါလံဆန့် ရေပုံးများ ကားပေါ်တင်ပြီး လာလှူကြပါတယ်။

ရန်ကုန်နဲ့ မြစ်တစ်ခုသာခြားပေမယ့် ဒလမြို့ရဲ့အနေအထားဟာ ရန်ကုန်နဲ့ ဆီနဲ့ရေလိုကွာခြားပါတယ်။ နေ့စဉ် ပန်းဆိုးတန်းနဲ့ ရန်ကုန်ကမ်းနားမှာ အလုပ်သွားအလုပ်ပြန်ကြတဲ့ ဒလမြို့ခံတွေကို ကြည့်ရင် အကဲခတ်နိုင်မှာပါ။ လက်ရှိမှာတော့ ဒလမြို့ခံတွေဟာ သူတို့ကိုယ်သူတို့ ရေဘေးဒုက္ခသည်လို့ အမည်ခံထားကြရုံမက အလှူရှင်တွေလာလှူတဲ့ ရေလေးတစ်ပုံးစ နှစ်ပုံးစအတွက် အလုအယက်မျက်နှာငယ်လေးတွေနဲ့ တောင်းခံနေတာကို မြင်တွေ့ရတာ စိတ်မကောင်းစရာပါ။

ကျွန်တော်တို့ သွားပြီးလေ့လာခဲ့တဲ့ အနေအထားတွေကို သုံးသပ်ရရင် ဒလမြို့သူမြို့သားများအတွက် အဓိက အခက်အခဲကတော့ သောက်သုံးရေသန့်ရရှိရေးဖြစ်ပါတယ်။ မြင့်မားနေတဲ့ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းကူညီပေးနိုင်မှ ရေပြတ်တောက်မှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရောဂါဘယတွေကင်းဝေးစေမှာဖြစ်ပါသည်။ (ပဲခူးတိုင်းမှာရှိတဲ့ ကျေးရွာတွေမှာလည်း ရေပြတ်တောက်မှုကို ရင်ဆိုင်နေရပြီး နောက်ဆက်တွဲဖြစ်တဲ့ ဝမ်းရောဂါနဲ့ သေဆုံးသူတွေ နာမကျန်းဖြစ်သူတွေ အရမ်းများပြားနေပါပြီ။) ဒါကြောင့် အားလုံးသော သူငယ်ချင်းများနှင့် ညီအစ်ကိုမောင်နှမများအနေနဲ့ ဒလမြို့သားတွေရဲ့ သောက်သုံးရေပြဿနာကို တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းမှ ကူညီပေးကြပါလို့ စေတနာ့ဝန်ထမ်းပြီး မေတ္တာရပ်ခံလိုက်ပါတယ်။

ဒလမြို့ခံတွေအတွက် ကျွန်တော်တို့သူငယ်ချင်းတွေ စုပေါင်းပြီး လှူဖို့ စီစဉ်ထားတာလေးကိုလည်း တင်ပြလိုက်ပါတယ်။

ဒလနှင့် ၈မိုင်-၉ မိုင်နီးပါးခန့်ဝေးကွာသော ရန်ကုန်ပေါက်ကျေးရွာမှာ ရေချိုထွက်ပါတယ်။ ဒီရွာကရေကို လှူတဲ့အဖွဲ့တွေရှိသလို ဒီရေက သောက်သုံးဖို့ အဆင်ပြေတယ်လို့လည်း ရေဘေးဒုက္ခသည်များက ပြောကြပါတယ်။ ဒလ-တွံတေး ကားလမ်းပေါ်မှာရှိတဲ့ ရန်ကုန်ပေါက်ရွာက တတ်နိုင်သူများက ရေသွားလှူမယ့်ကားတွေကို ရေဖြည့်ပေးပါတယ်။ အခမဲ့ပါ။ သောက်သုံးရေအတွက် စနစ်တကျထုတ်လုပ်ထားတဲ့ ရေသန့်တွေကို ရန်ကုန်ကတဆင့် သယ်ယူဖို့စရိတ်စကနဲ့ ပြန်ဝေပေးနိုင်မယ့် အရေအတွက်ပမာဏနဲ့ နှိုင်းယှဉ်ရင် ဒီအနေအထားက သယ်ယူပို့ဆောင်စရိတ်ပိုသက်သာပြီး အရေအတွက်များပြားတဲ့ မြို့ခံတွေကို ထောက်ပံ့ပေးဖို့ အသင့်တော်ဆုံးလို့ ယူဆပါတယ်။

ကျွန်တော်တို့အဖွဲ့အနေနဲ့တော့ ဒိုင်နာလို (၃) တန်ဝန်းကျင်လောက် ကားပေါ်မှာ ဂါလံ (၄၀၀)ကနေ (၆၀၀) လောက်အထိ ဆံ့တဲ့ ရေတိုင်ကီကြီးတွေ တင်ပြီး ရန်ကုန်ပေါက်ကရေကို ဒလမှာ လှူဒါန်းပေးဖို့ပါ။ သူငယ်ချင်းတွေနဲ့ အခြား လှူဒါန်းလိုတဲ့ မိဘပြည်သူတွေအနေနဲ့ ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်လှူဒါန်းနိုင်သလို အကူအညီပေးမယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံသွားမှာဖြစ်ပါတယ်။



ရေခန်းခြောက်နေသည့် ရေကန်အတွင်းမှ သုံးရေခပ်ယူနေသည့် ကလေးငယ်တစ်ဦး



စေတနာရှင်များ လှူဒါန်းသည့် ရေချိုကို သယ်ယူရန်ပြင်နေသည့် ကလေးငယ်တစ်ဦး



အလုပ်သွားနေသည့် မိဘများအစား ရေတန်းစီစောင့်ဆိုင်းနေသည့် လူမမယ်ကလေးများ



သုံးရေအတွက် အလုအယက် တန်းစီ



ရေလာခပ်တဲ့ ကလေးငယ်တစ်ဦးရဲ့ ပုံပါ



ရေအလှူရှင်အလာကို လမ်းမထွက်မျှော်နေတဲ့ ပုံးကလေးတွေ



Please also check it out in မဇ္ဈိမသတင်းဌာန

ရေအကျိုး(၁၀)ပါး
(၀၁) လျင်မြန်ခြင်း၊
(၀၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၀၃) ကျော်ကြားလူသိများခြင်း၊
(၀၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊
(၀၅) အခြွေအရံများခြင်း၊
(၀၆) အသက်ရှည်ခြင်း၊
(၀၇) အဆင်းလှခြင်း၊
(၀၈) ချမ်းသာကြီးခြင်း၊
(၀၉) ခွန်အားဗလကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာကြီးမားခြင်း


Created By: k2tmaung (15 May 2010 Saturday 01:53PM)

ဆက်လက်ဖတ်ရှုရန်...






















ညနေက မိတ်ဆွေတစ်ယောက် မြန်မာပြည်က ဒလမြို့နယ်မှာ ဒီနှစ်နွေရာသီရဲ့ ပြင်းထန်လွန်းသော အပူချိန်ကြောင့် ရေအခက်အခဲနှင့် ကြုံတွေ့နေရတယ်တဲ့... တတ်နိုင်သလောက် ကူညီပေးပါဦးလို့ဆိုတာနဲ့ မရှိမဲ့ရှိမဲ့ မိတ်ဆွေလေးတွေကို email ပို့ message ပို့နဲ့ တကယ်လိုအပ်နေတဲ့ ရေပြဿနာအတွက် အလှူငွေကောက်ပေးဖို့ ကြိုးစားဖြစ်ပါတယ်... နောက်ပြီး ကျမမိခင် ပြောပြောနေတတ်တဲ့ "သူတစ်ပါးအလှူဖြစ်မြောက်အောင်၊ ကုသိုလ်ရအောင် တိုက်တွန်းနှိုးဆော်တာလည်း ကုသိုလ်တစ်မျိုးပဲ" ဆိုတဲ့ စကားလေး ကြားယောင်ပြီး ကိုယ့်ဘာသာ ပီတိတွေလည်း ဖြစ်နေလိုက်ပါသေးတယ်... :P

ရေကုသိုလ်နဲ့ ပတ်သက်ပြီး ကျမအသိဝိညာဉ်ထဲမှာ အမှတ်တရလေးတစ်ခုရှိနေခဲ့ပါတယ်... :) ငယ်ငယ်ကတည်းကပေါ့ ကိုယ်စားတဲ့ ပန်းကန်လေး ကိုယ်ဆေး၊ ကိုယ့်အဝတ်လေး ကိုယ်လျှော်ပြီး ကိုယ့်တာဝန်ကိုယ် ကျေလှချည်ရဲ့လို့ တွေးတတ်ခဲ့တယ်... မိဘကများ အိမ်အလုပ်လေး နည်းနည်းပိုခိုင်းမိရင် စိတ်လေးက ကောက်ချင်ချင်... ငယ်ငယ်တုန်းက ပြောတာပါ... ဟဲဟဲ... အဲ့တော့ မိဘတွေက တစ်ခုခု ခိုင်းချင်ပြီဆို "သမီးက လိမ္မာတယ်" တို့ "ကုသိုလ်ရတယ်" တို့နဲ့ ချိုချိုသာသာ ခိုင်းရတာပေါ့လေ... :P အဲ့ဒီလိုများ ချော့မော့ခိုင်းလို့ကတော့ နှုတ်ခမ်းစူသလိုလို စိတ်ဆိုးချင်သလိုလိုနဲ့ ဘာခိုင်းခိုင်း အကုန်လုပ်တာပါပဲ... ဟိ... အကြီးဆုံးဆိုတော့ မိဘတွေကလည်း ပိုခိုင်းတာပေါ့... :P အဲ... အဲ့လို ချော့မော့ခိုင်းတဲ့အထဲမှာ နေ့တိုင်းလိုလို လုပ်ပေးဖြစ်ပြီး ကုသိုလ်ရမှန်းမသိ ရနေတဲ့ အလှူတစ်ခု ရှိပါတယ်... အဲ့ဒါကတော့ ရေကုသိုလ်ပါ... အိမ်မှာ နေ့စဉ် ရေကို ကျိုချက်ပြီး သောက်သုံးကြပါတယ်... ရေနွေးအိုကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ်လောက်တည်ရပါတယ်... ပြီးရင် နောက်ထပ်အိုးကြီးတစ်လုံးနဲ့ အအေးခံ... အေးသွားပြီဆိုရင် သောက်ရေစတီးအိုးကြီးထဲ ရေစစ်နဲ့တစ်ခါပြောင်းထည့်... နောက် ရေသန့်ဗူးလေးတွေနဲ့ ပြန်ခွဲထည့်ပြီး ရေခဲသေတ္တာထဲထည့်... စသဖြင့်ပေါ့လေ... ကျမမိခင်ကတော့ "ရေအကျိုး (၁၀) ပါး ဆုမတောင်းဘဲ ပြည့်တယ်... နောက်ဘဝကျရင် ငါ့သမီးက ဒီထပ်ချောဦးမှာ... ဒီထပ်ဉာဏ်ကောင်းဦးမှာ..." နဲ့ အမြဲ ချော့မော့ ခိုင်းတတ်တာပေါ့... တစ်ခါတစ်လေများ ပျင်းကြောဆွဲပြီး မလုပ်ချင်လုပ်ချင်နဲ့ လုပ်ပေးမိရင် "ကုသိုလ်လုပ်တာ စိတ်ထားကောင်းကောင်းထားရတယ်နော်... ရမယ့်ဆုတွေ လျော့ကုန်မယ်"လို့ ပြောတတ်ခဲ့ဖူးတယ်... ကုသိုလ်ရမလားမရဘူးလား ဆိုပြီးတော့တော့ စိတ်ထဲသိပ်မရှိခဲ့ပါဘူး... မိဘက ချော့ခိုင်းလို့ မြှောက်ခိုင်းလို့ လုပ်ပေးမိတာကတော့ ခပ်များများပေါ့... ငယ်ငယ်တုန်းကတော့ ပိုချောမှာ... ပိုလှမှာဆိုပြီး လောဘဇောလေးကလည်း ပါတတ်သေးသကိုး... :P ကျမဖခင်ကတော့ ရေသန့်ဗူးတွေထဲ ဗူးဝထိ ရေဖြည့်တတ်တဲ့ ကျမကို အမြင်ကတ်နေကျပေါ့... ဗူးဝထိ ရေထည့်ထားတော့ ဗူးကို အလယ်က ညှစ်ကိုင်လိုက်ရင် ရေတွေက အပြင် လျှံကြသွားတယ်လေ... :P ကျမကလည်း အမှတ်မရှိပေါင်... ပြည့်ပြည့်ဝဝဖြစ်အောင် အမြဲ ပြည့်နေအောင် ထည့်ရမှာ ကျေနပ်တတ်တယ်... ဟီးဟီး...

အဲ... အဲ့ဒီရေကုသိုလ်အလှူလေးကို ဘယ်အချိန်မှစပြီး လှူပြီးတိုင်း ပီတိဖြစ်ရလဲဆိုတော့ မြန်မာ့အသံကနေ အရင်က ခဏခဏ ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေး တစ်ပုဒ်ကြောင့်ပါပဲ... လူတော်တော်များများလည်း သိကြမှာပါလေ... :P ဒီဇာတ်လမ်းလေးကြောင့်ပဲ ရေလှူပြီးတိုင်း စိတ်ထဲမှာ အမြဲ ကြည်လင်အေးချမ်းခဲ့ဖူးပါတယ်... ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်မှုတစ်စုံတစ်ရာနဲ့ ကြည်နူးမိတတ်ပါတယ်... :)

ဇာတ်လမ်းလေးကတော့ ဒီလိုပါတဲ့ကွယ်... :)

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်... ဦးဇင်းတစ်ပါး ဆွမ်းခံကြွသွားရင်း မိုးရွာလာတော့ ဇရပ်လေးတစ်ခုမှာ မိုးဝင်ခိုသတဲ့... အဲ့ဒီအချိန်မှာပဲ ခရီးသွားတစ်ယောက်က အဲ့ဒီ ဇရပ်မှာ မိုးဝင်ခိုပါသတဲ့... ဆွမ်းစားချိန် ရောက်သည့်တိုင် မိုးက မစဲတော့ ဦးဇင်းလည်း အဲ့ဒီဇရပ်မှာပဲ ဆွမ်းဘုန်းပေးရတော့သတဲ့... ခရီးသွားကလည်း သူပါလာတဲ့ ထမင်းထုပ်လေးကို ဦးဇင်းကို လှူလိုက်ပါသတဲ့ကွယ်... ခရီးသွားကပ်လိုက်တဲ့ ဆွမ်းကို ဘုန်းပေးတဲ့ ဦးဇင်းကလည်း ခရီးသွားကို တရားဟောပြချီးမြှင့်တာပေါ့ကွယ်... အဲ့ဒီဦးဇင်း ဟောတဲ့ တရားတွေထဲက တရားတစ်ပုဒ်မှာပေါ့ကွယ်... "တစ်ခါတုန်းက ရွာတစ်ရွာမှာ ဒကာမကြီးတစ်ယောက် ရှိပါသတဲ့... အဲ့ဒီ ဒကာမကြီးက ရွာဦးဘုန်းကြီးကျောင်းကို ဆွမ်းပို့လေ့ရှိသတဲ့... တစ်နေ့မှာတော့... ဟင်းတွေချက်ပြုတ်စီမံပြီး ဆွမ်းချိုင့်ကြီး ကိုယ်တိုင်ဆွဲလို့ ရွာဦးဘုန်းကြီးကျောင်းကို လာခဲ့ပါသတဲ့... လမ်းမှာ အများသုံး ရေတွင်းတစ်တွင်းကနေ ရေငင်နေတဲ့ ဒကာမကြီးနဲ့ အသက်မတမ်းမယိမ်း အမျိုးသမီးကြီးတစ်ယောက် သူ့အပေါင်းအဖော်တွေနဲ့ စကားပြောနေတာကို သတိပြုမိသွားပါသတဲ့... ဘုန်းကြီးကျောင်းကို ရောက်တော့ ကျောင်းထိုင်ဦးဇင်းကြီးကို ဆွမ်းကပ်... ဦးဇင်းလည်း ဆွမ်းစားပြီးတော့ ဒကာမကြီးကို "အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားဗလကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့ ဆွမ်းအကျိုး(၅)ပါး ပြည့်ပါစေ"လို့ ဆုပေးသတဲ့... ဒကာမကြီးလည်း ပျော်ရွှင်စွာနဲ့ "ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘုရား"လို့ လျှောက်တာပေါ့... အဲ့ဒီအချိန်မှာ လမ်းမှာ တွေ့ခဲ့တဲ့ အမျိုးသမီးကြီးက ကျောင်းတွင်း သောက်သုံးရေတွေ ဖြည့်ပြီးကြောင်း ဦးဇင်းကို လာလျှောက်သတဲ့... ဦးဇင်းက "သာဓု... သာဓု... သာဓု..." လို့ မိန့်ပြီး... "လျင်မြန်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ကျော်ကြားလူသိများခြင်း၊ ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊ အခြွေအရံများခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့ ရေအကျိုး(၁၀)ပါး ပြည့်ပါစေ"လို့ ဆုပေးသတဲ့... အဲ့ဒီအမျိုးသမီးကြီးလည်း ဝမ်းမြောက်စွာနဲ့ "ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘုရား"လို့ လျှောက်ပြီး ပြန်သွားသတဲ့... အဲ့ဒီအချိန်မှာ ဒကာမကြီးက ဦးဇင်းကို မကျေမနပ်နဲ့ "အရှင်ဘုရားက မတရားဘူး"လို့ ဆိုသတဲ့... ဦးဇင်းလည်း ကြောင်အအဖြစ်သွားခိုက် ဒကာမကြီးက ဒီလိုစကားဆက်လိုက်ပါသတဲ့... "အရှင်ဘုရားက ပင်ပင်ပန်းပန်းနဲ့ ဆွမ်းဟင်းချက်ပို့ပေးရတဲ့ တပည့်တော်မကိုကျတော့ ဆု(၅)ပါးပဲ ပေးပြီး အလကားရတဲ့ ရေကို လှူတဲ့ ဟိုအမျိုးသမီးကိုကျတော့ ဆု(၁၀)ပါးတောင် ပေးတယ်" အဲ့ဒီတော့မှ ကျောင်းထိုင်ဦးဇင်းလည်း သဘောပေါက်သွားပြီး ပြုံးမြမြ ဖြစ်သွားတော့သတဲ့... "ဒကာမကြီး ဆွမ်းချက်တော့ ရေမပါဘူးလား... ဒကာမကြီးရဲ့..." "ပါတာပေါ့ ဘုရား" "ဒါဆို ဒကာမကြီးလည်း ရေအကျိုး(၁၀)ပါးဆုကို ရပြီပေါ့"လို့ ဆိုမှ ဒကာမကြီးလည်း ကျေနပ်သွားတော့သတဲ့... ဒီတရားပုံပြင်လေးလည်းဆုံး မိုးလည်းတိတ်စပြုပြီမို့ မိုးခိုနေတဲ့ ဦးဇင်းလည်း ခရီးသွားကို နှုတ်ဆက်လို့ လိုရာခရီးကို ဆက်သွားပါတော့တယ်တဲ့ကွယ်....

ဇာတ်လမ်းလေးကို အစအဆုံးတော့ သေသေချာချာမမှတ်မိတော့ပါဘူး... ဆီလျော်သလို နည်းနည်းရွှီးလိုက်ပါတယ်... ဟဲဟဲ... အဲ့ဒီ ဇာတ်လမ်းလေးထဲက ဒကာမကြီး ပြောသွားတဲ့ "အလကားရတဲ့ ရေကို လှူတာ ဆု(၁၀)ပါးတောင် ပေးတယ်" ဆိုတဲ့ စကားလေးကိုတော့ မှတ်မိလို့ နေပါတယ်... :) အဲ့ဒီအချိန်ကစလို့ပေါ့... ကျမလည်း ဘယ်နေရာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရေကုသိုလ်ယူရတဲ့အခိုက် ဘယ်ကဘယ်လိုရတဲ့ ပီတိအဟုန်ကြောင့်မှန်းမသိ ကြည်နူးလို့ နေမိပါတယ်... နောက် အသက်ကလေးကလည်း ရလာလို့ထင်ပါ့... အလှူတစ်ခုလုပ်ပြီးတိုင်း ဘာဖြစ်ရပါလို၏... ညာဖြစ်ရပါလို၏ဆိုပြီး လောဘနဲ့ ဆုမတောင်းတတ်တော့တာလည်း ကြာခဲ့ပါပြီ... :) သို့ပေမယ့် ရေကုသိုလ်ယူပြီးတိုင်းတော့ ဆုတစ်ခုကို အမြဲတမ်း မပျက်မကွက် တောင်းလေ့ရှိပါတယ်...

"ဤကဲ့သို့ ရေလှူရခြင်းအကျိုးကျေးဇူးကြောင့် တပည့်တော်မ၏ စိတ်သည်လည်း ရေအစဉ်ကဲ့သို့ ကြည်လင်အေးမြရပါစေသား" ဆိုပြီးတော့ပေါ့... :P


စကားချပ်... ရန်ကုန်တဘက်ကမ်းက ဒလမှာ သောက်သုံးရေအခက်အခဲဖြစ်နေပါတယ်။ ရေလှူဖို့ရန် အခွင့်အရေးကြုံတဲ့အတွက် ပူးပေါင်းပါဝင် လှူဒါန်းကြဖို့ တိုင်တွန်းနှိုးဆော် ဖိတ်ခေါ်ပါတယ်။ ကျမအား ယုံကြည်သော သူငယ်ချင်းများထံမှ phone call, message, email များ မျှော်လင့်မိပါကြောင်း... :)


Created By: k2tmaung (15 May 2010 Saturday 01:56AM)

ဆက်လက်ဖတ်ရှုရန်...




















ဘာရယ်မဟုတ် ပျော်စေပျက်စေပါနော်... အိမ်လွမ်းသူ (http://eainlwanthu.ning.com)ဆိုတဲ့ site လေးမှာ Creator ကိုD'Leh နဲ့ခင်မင်ပြီး Admin အဖြစ် စေတနာ့တာဝန်ယူထားပေးမယ့် တကယ့်တကယ်တော့ ဘာမှ ဟုတ်တိပတ်တိမလုပ်ပေးဖြစ်ပါဘူး... ဒါပေမယ့် site လေးထဲမှာတော့ ကျမ ခြေရာတော်တော်များများ ရှိနေပါတယ်လေ... :P

အဲ့ဒီ site လေးက "ချစ်လေပြေ"ဆိုတဲ့ အစ်မတစ်ယောက်က အိမ်လွမ်းသူ site ရဲ့ Creator နဲ့ Admin တွေကို member တွေနဲ့ ပိုရင်းနှီးစေလိုတဲ့ ဆန္ဒနဲ့ ထင်ပါရဲ့... Interview ခန်းလေး လုပ်ပေးထားတာပါ... အဲ့ဒါလေးကိုပဲ အမှတ်တရနဲ့ ကျမအိမ်လေးထဲမှာ ပြန်လည် သိမ်းဆည်းထားတဲ့သဘောပါ... အိမ်လွမ်းသူမှ member တစ်ချို့ပေးခဲ့တဲ့ comment လေးတွေနဲ့အတူ ကျမရဲ့ Interview Post လေးကို မှတ်တမ်းတင်ထားလိုက်ပါတယ်... :)


----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

အိမ်လွမ်းသူ Admin k2tmaung ခေါ် ကေတူးနှင့် တွေ့ဆုံမေးမြန်းခြင်း......

အိမ်လွမ်းသူဆိုက်ဒ်မှ.. သူငယ်ချင်းအားလုံးကို.. ရှေ့ရက်က.. အိမ်လွမ်းသူကို မွေးဖွားပေးလိုက်တဲ့.. ဒီလေး (D`leh) နဲ့ တွေ့ဆုံမေးမြန်းပြီးလို့.. ဒီနေ့ ချစ်လေပြေ အင်တာဗျူးထားတာလေး ထပ်တင်ပြဖို့ စဉ်းစားမိလိုက်သူက.. အိမ်လွမ်းသူကို.. စိတ်ရောကိုယ်ပါ နစ်ပြီး စေတနာအပြည့်နဲ့ ကူညီပေးနေတဲ့ Admin ထဲ က K2maung ခေါ် ကေတူး ဖြစ်ပါတယ်ရှင့်..

ကေတူး အိမ်လေးထဲကို ၀င်လိုက်တာနဲ့.. အေးချမ်းမှုလေးပေးနိုင်သလို.. ရင်ထဲမှာ ကွဲကွာနေတဲ့.. ထူးအိမ်သင်သီချင်းထဲကလို အမေ့အိမ်လေးကို သွားသတိရမိပါရဲ့.. ကေတူးရဲ့ စေတနာလေးကတော့ ချစ်လေပြေကို မြင်တာနဲ့ "မရေ.. အအေးလား.. အပူလား.."တဲ့ .. ကိုဒီလေးလို.. ပြောခံရမှာစိုးလို့တဲ့လေ.. :P:::::P

ကဲ... သူငယ်ချင်းတို့ရေ အားလုံးကို ဖတ်စေချင်တဲ့ စေတနာလေးနဲ့ ဒီပို့စ်လေးကို ရေးသားတင်ပြအပ်ပါတယ်ရှင့်...


ကေတူးရေ မင်္ဂလာပါနော်.... ပထမဦးဆုံး.. ချစ်လေပြေ သိချင်တာလေးပေါ့.. ကေတူးအနေနဲ့ K2 ဆိုတဲ့နာမည်နဲ့ အိမ်လွမ်းသူဆိုက်ဒ်လေးထဲကို ဘယ်အချိန်မှာ ဘယ်လိုအကြောင်းတွေကြောင့် ၀င်ရောက်လာဖြစ်ခဲ့ပုံလေးကို အိမ်လွမ်းသူ သူငယ်ချင်းတွေ သိအောင် ဖြေပေးပါနော်...

ဟုတ်... အိမ်လွမ်းသူကို ဝင်လာဖြစ်ခဲ့တာကတော့ ကိုXman ကြောင့်ပါ... k2 က ကိုXman ရဲ့ ကိုယ်ပိုင်ဆိုဒ် အနာဂတ်အိပ်မက်မှာ အသင်းဝင်ဖြစ်နေခဲ့ပါတယ်... အဲ့ဒါ သူကနေ အိမ်လွမ်းသူကို invite လုပ်တာနဲ့ အိမ်လွမ်းသူထဲ ရောက်လာခဲ့တယ်ဆိုပါတော့... :)


နောက်ပိုင်း ဒီဆိုက်ဒ်မှာ.. အမျိုးသမီး Admin တစ်ယောက်အနေနဲ့ တာဝန်ယူလိုက်ရပုံလေးကိုလည်း သိချင်ပါတယ်...

ဟုတ်... Admin ဖြစ်သွားရတဲ့အကြောင်းအရင်းကတော့... k2 က သီချင်းတွေနဲ့ ပတ်သက်ပြီး အိမ်လွမ်းသူမှာ အရင်တုန်းက နည်းနည်း Active ဖြစ်တော့ ကိုD'Leh က မှတ်မှတ်ရရ ရှိနေခဲ့တယ်ထင်ပါတယ်... k2 ကိုယ်တိုင်ကလည်း သီချင်း အရမ်းကြိုက်တဲ့သူဆိုတော့ သီချင်းတောင်းလို့ရတဲ့ အိမ်လွမ်းသူဆိုဒ်ကို တစ်ခြားဆိုဒ်တွေထက် အရမ်းသဘောကျခဲ့ပါတယ်... k2 ထင်ပါတယ်... အိမ်လွမ်းသူမှာ Admin မဖြစ်ခဲ့ခင်အထိ သီချင်းအတောင်းဆုံးသူက k2 ဖြစ်ခဲ့မယ်လို့ပေါ့... :P (k2 တောင်းသမျှ သီချင်းတိုင်းကို ခက်ခဲမှုတွေရှိရင်တောင် ရအောင်ရှာပေးခဲ့တဲ့ k2 အစ်ကို ကိုD'Leh ကိုလည်း အရမ်းပဲ ကျေးဇူးတင်ပါတယ်...:P) နောက် k2 နဲ့ ကိုD'Leh က တစ်ယောက်နဲ့တစ်ယောက် ရေးထားတဲ့ ကဗျာလေးတွေ၊ စာလေးတွေကို အပြန်အလှန် အားပေးရင်းနဲ့လည်း တော်တော်လေး ရင်းနှီးခဲ့ကြပါတယ်... တစ်ခြား ဆိုဒ်တွေမှာလည်း တွေ့ဖြစ်ကြရင် အပြန်အလှန် နှုတ်ဆက်ပြောဆိုရင်းနဲ့ပေါ့... နောက် k2 Page မှာ တင်ထားတဲ့ iPod လေး တင်ပုံကအစပေါ့နော် Page က တစ်ချို့အပြင်အဆင်တွေကို မေးရင်း၊ သင်ယူရင်းနဲ့ မောင်နှမတွေလို တော်တော်လေး ခင်မင်လာခဲ့ကြတာပါ... ခင်လာတာ အချိန်အနည်းငယ်ကြာတော့ ကိုD'Leh က အိမ်လွမ်းသူမှာ Admin လုပ်ပေးဖို့ ပြောလာတာနဲ့ နောက် ကိုD'Leh ကို ခင်တာနဲ့ လုပ်ဖြစ်သွားတာပါ... k2 က ပြောပါတယ်... k2 ဘာမှ မလုပ်တတ်ဘူးဆိုတော့ ကိုD'Leh ပဲ အစအဆုံး ဟိုလိုလုပ်၊ ဒီလိုလုပ်နဲ့ သင်ပေးရင်း Admin ဖြစ်သွားတာပါ... :) အစကတော့ သီချင်းအပိုင်းပေါ့... နောက်ပိုင်းတော့ ကိုD'Leh နဲ့ ဆွေးနွေးတာ ဘာညာနဲ့ တစ်ခြားနေရာလေးတွေမှာလည်း Admin တာဝန်တွေ နည်းနည်းပါးပါး ယူလာဖြစ်ခဲ့တယ်ပေါ့နော်... ဘာပဲဖြစ်ဖြစ် အခုလို k2 သံယောဇဉ်ရှိတဲ့ အိမ်လွမ်းသူဆိုဒ်မှာ Admin နေရာပေးပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်ခွင့်ပေးခဲ့တဲ့အတွက်လည်း ကိုD'Leh ကို ကျေးဇူးတင်ပါတယ်...


အိမ်လွမ်းသူရဲ့ Admin တစ်ယောက်အနေနဲ့ဆိုတော့.. မန်ဘာသူငယ်ချင်းတွေအားလုံးကလည်း ကေတူးရဲ့ ကိုယ်ရေးရာဇာဝင်လေးကို စိတ်ဝင်စားနေကြပြီလေ... ရင်ဖွင့်ပေးပါနော်...

ဟုတ်... k2 nick name က k2tmaung ပါ... online က သူငယ်ချင်းတွေက ခေါ်ရခက်တဲ့ နာမည်ကို "t" ဖြုတ်ပြီး k2maung လို့ တော်တော်များ သိကြ၊ ခေါ်ကြပါတယ်... နောက် ခေါ်ရခက်တဲ့ ဒီနာမည်ကို သူငယ်ချင်းတစ်ယောက်က k2 လို့ ခေါ်ရင်းကနေ "k2" ဆိုပြီး ဖြစ်သွားတာပါ... :) k2 က ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပဲ ကြီးတဲ့ ရန်ကုန်သူပါ... :) အခုတော့ စင်္ကာပူကို ရောက်နေပါတယ်.... ရောက်တာ နှစ်နှစ်ကျော်ပါပြီ... အရင်ကတော့ အလုပ်နဲ့ပေါ့... အခု ကျောင်းပြန်တက်နေပါတယ်... မြန်မာပြည်မှာလည်း စီးပွါးရေးတက္ကသိုလ်က ဘွဲ့ရပြီး အခုလည်း Accounts နဲ့ပဲ ကျောင်းတက်နေပါတယ်... k2 ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို သူငယ်ချင်းတွေနဲ့လည်း နောက်နောက်ပြောင်ပြောင် နေတတ်လို့ ကိုယ့်ဘာသာ "နောက်နောက်ပြောင်ပြောင် k2tmaung"လို့ နာမည်ပြောင်ပေးထားပါတယ်... ဟီး...


နောက်တစ်ခု ကေတူးရဲ့ အိမ်လေးက အရမ်းလှတာပဲ.. တူနှစ်ကိုယ်တဲအိုပျက်မှာ နေရ နေရ ဆိုသလိုလေ.. နှစ်ကိုယ်တူများ.. တည်ဆောက်ထားကြပါသလားဟင်:P::P အိမ်လေး လှပဝေဆာလာအောင် ဘယ်လိုဆောက်ခဲ့တယ်ဆိုတာ.. ပြောပြပါလား...

ဟုတ်... လှတယ်ပြောလို့ ကျေးဇူးတင်ပါတယ်... ဟဲ... k2 ကိုယ်ပိုင် Blog ရဲ့ Background ကလွဲရင် ကျန်တာတွေက k2 ဘာသာ သူငယ်ချင်းတွေကို မေးရင်းမြန်းရင်းနဲ့ ကိုယ့်ဘာသာ စိတ်ကြိုက်လုပ်ဖြစ်ခဲ့တာပါ... (ကွန်ပြူတာနဲ့ ပတ်သက်လို့ ဖွင့်တာပိတ်တာကလွဲရင် ဘာတစ်ခုမှတော့ မတတ်ပါဘူး... အားလုံး သူငယ်ချင်းတွေနဲ့ ကိုD'Leh ဆီကနေ မေးမြန်းသင်ယူထားတာတွေကြီးပါပဲ...) k2 က တစ်ခုဆိုတစ်ခု နည်းနည်းအစွဲအလမ်းကြီးပြီး ဇီဇာလည်း နည်းနည်းကြောင်တော့ စိတ်ကြိုက်ရအောင် တစ်ခါပြင်ပြီးရင် နောက်ထပ် page တွေကို ထပ်ပြင်တာမျိုး မရှိပါဘူး... :P Function အသစ်သာ ထပ်ထည့်ချင်ထည့်မယ်... Background ကိုတော့ ပြင်လေ့ မရှိပါဘူး... သူကလည်း ဆိုဒ်တွေမှာ k2 ဘာလုပ်နေလဲဆိုတာ သိပ်ပြီး စွက်ဖက်လေ့ မရှိပါဘူး... :P


ကေတူးအနေနဲ့ပေါ့ ကိုယ်ပိုင်ဆိုက်ဒ် ထောင်တာလေး ရှိပါသလားဟင်.. စိတ်ကူးထားပုံလေး လည်းသိချင်ပါတယ်...

k2 မှာ ကိုယ်ပိုင်ဆိုဒ် မရှိပါဘူး... ဆိုဒ်ထောင်ဖို့ ခုထိလည်း စိတ်ကူးမရှိသေးပါဘူးရှင့်..


ကေတူးရဲ့ ပို့စ်တော်တော်များများ ချစ်လေပြေ ဖတ်မိသလောက်ပေါ့.. ရင်တွင်းဖြစ်တွေလို့ထင်ပါတယ်.. ခံစားချက်ပြင်းထန်လွန်းလို့လေ..

ဟုတ်... ရင်တွင်းဖြစ်လို့တော့ ပြောလို့ရပါတယ်... အများစုကတော့ ကိုယ်ပိုင်ခံစားမှုကို ဦးတည်ပြီး ရေးဖြစ်တာပါပဲ... k2 ငယ်ငယ်ကတည်းက ဒိုင်ယာရီရေးကျင့် ရှိပါတယ်... တစ်နှစ်ကိုတစ်အုပ် အမြဲရှိခဲ့ပါတယ်... ကိုယ်ပိုင်ခံစားချက်တွေကို မိဘနဲ့မောင်နှမက လွဲပြီး တစ်ခြားသူကို ရင်ဖွင့်လေ့မရှိဘဲ ဒိုင်ယာရီထဲ ချ,ရေးဖြစ်တတ်တာ များပါတယ်... ဒီကိုရောက်တော့မှ လုံးဝ မရေးဖြစ်တော့ပါဘူး... မိဝေးဘဝေးနဲ့ ညီအစ်မနှစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတော့ ကိုယ်ပိုင်အမြင်တစ်ချို့နဲ့ ခံစားချက်တစ်ချို့လည်း ရှိလာခဲ့ပါတယ်... ခံစားချက်ရှိတော့ စာရေးလို့ ပိုကောင်းခဲ့တာပါ... နောက် စာရေးတာလည်း ဝါသနာပါ,လို့ပါ... အဓိက စာတွေရေးဖြစ်လာတာကတော့ သူ့အားပေးမှုတွေ နဲ့ တိုက်တွန်းမှုတွေကြောင့်ပါပဲ... :P ခံစားချက်ပြင်းတာကတော့ တဒင်္ဂလောက်ပဲ ဖြစ်မယ်ထင်ပါတယ်... k2 က နည်းနည်း စိတ်မြန်တယ်... ဖြစ်နေတဲ့အချိန်မှာ စာချ,ရေးလိုက်တော့ serious ဖြစ်သလို ဖြစ်သွားတာမျိုးလို့ ထင်ပါတယ်... နောက် စာရေးဖို့ ပြည့်ဝတဲ့ ကိုယ်ပိုင်အတွေးအခေါ်မရှိတဲ့အတွက် သူများအကြောင်းအရာတွေထက် ကိုယ့်အကြောင်းကိုပဲ ရေးဖြစ်သွားတာပါ... :P


ကေတူးရဲ့ အချစ်ဇာတ်လမ်းလေးရှိရင်ပေါ့.. နည်းနည်းလောက်.. ရင်မဖွင့်ချင်ဘူးလားဟင်...

ဟုတ်... k2 ချစ်သူက မြန်မာပြည်ကို ချစ်တဲ့ မြန်မာပြည်မှာပဲ နေချင်ပြီး မြန်မာပြည်မှာပဲ နေတဲ့ မြန်မာတစ်ယောက်ပါ... :) ခုတော့ကိုယ့်လမ်းကိုယ်လျှောက်ရင်း အနေဝေးနေကြပါတယ်...


နောက်ကေတူးအနေနဲ့ပေါ့.. အချစ်ဆိုတဲ့ ဝေါဟာရကို.. ထင်မြင်ချက်လေး.. ပေးကြည့်ပေးပါလား..

ဟုတ်... k2 ကိုယ်ပိုင်အမြင်လေးတစ်ခုတော့ ရှိပါတယ်... တစ်ခြားလူတွေနဲ့တော့ တူချင်မှ တူမှာပေါ့လေ... 'လူတစ်ယောက်ကို ချစ်မိတယ်ဆိုရင် ကိုယ့်ကိုလည်း ပြန်ချစ်စေချင်တဲ့ဆန္ဒက ရှိမှာပဲပေါ့နော်...အဲဒါကို ရယူလိုခြင်းလို့ မြင်ပါတယ်... သူနဲ့အတူ နေချင်တာ၊ ကိုယ့်ဘေးနား သူ့ကိုရှိနေစေချင်တာကိုကျတော့ ပိုင်ဆိုင်လိုခြင်းလို့ မြင်ပါတယ်... သူ့ကိုချစ်မိပြီဆိုမှတော့ သူစိတ်ညစ်ရင် ကိုယ်ပါလိုက်စိတ်ညစ်မိမှာပဲလေ... သူပျော်ရင် ကိုယ်လည်းလိုက်ပျော်မိမှာပေါ့... အဲဒီ့ခံစားချက်တွေကိုတော့ ပေးဆပ်ခြင်းလို့ မြင်ပါတယ်... အဲ့ဒါကြောင့် အချစ်ဆိုတဲ့ ဝေါဟာရမှာ ရယူခြင်းရော၊ ပိုင်ဆိုင်ခြင်းရော၊ ပေးဆပ်ခြင်းရော ရှိနေမယ်လို့ ထင်တာပါပဲ...'
ဘာပဲဖြစ်ဖြစ်ပေါ့နော်..."လူတစ်ယောက်ကို ချစ်ဖို့ ခေါင်းစဉ်တွေအမျိုးမျိုးတပ်ဖို့ လိုမယ်မထင်ပါဘူး... အချစ်ဆိုတဲ့ ခံစားမှုလေးကိုပဲ တန်ဖိုးထားဖို့ လိုမယ်ထင်ပါတယ်..." အဟဲ... ထင်တာ ပြောတာပါ... သိပ်တော့ မသိဘူး... :P



အိမ်လွမ်းသူမှာ Admin တစ်ယောက်လုပ်နေရတဲ့အချိန်တွေမှာ.. ကေတူးရဲ့ ရင်ထဲက ဖြစ်တည်နေခဲ့တဲ့ စိတ်သဘောထားလေးနဲ့ မန်ဘာဝင်သူငယ်ချင်းတွေကို ဘာလိုအကျိုးပြုနေတယ်ဆိုတာ သူငယ်ချင်းအားလုံးကို... သိရအောင်ပြောပြပေးပါနော်...

ဟုတ်... အားလုံးကို ပျော်စေချင်ပါတယ်... အချိန်သိပ်မပေးနိုင်တော့ အိမ်လွမ်းသူမှာ Admin တစ်ယောက်အနေနဲ့ရော အသင်ဝင်တစ်ယောက်အနေနဲ့ရော k2 Active တော့ သိပ်မဖြစ်ပါဘူး... ဒါပေမယ့် အားလုံးကို ပျော်စေချင်သလို စုစုစည်းစည်းချစ်ချစ်ခင်ခင်နဲ့ သူငယ်ချင်းတွေ၊ အသင်းဝင်တွေ စည်းလုံးနေတာကိုတော့ အမြဲမြင်ချင်ပါတယ်... ဆိုဒ်ထဲမှာ Admin ဖြစ်နေပေမယ့် တာဝန်တော့ သိပ်မကျေလှပါဘူး... ဒါပေမယ့် ဆိုဒ်ထဲက အခြေအနေအလေးတွေကိုတော့ နေ့တိုင်းဝင်ဝင်ကြည့်ဖြစ်ပါတယ်... နောက် ကိုD'Leh က ဆိုဒ်အတွက် လာဆွေးနွေးလို့ အကြံပေးဖြစ်တာမျိုး... အမြင်လေးတွေ ပြောဖြစ်တာမျိုးပဲ ရှိပါတယ်... အဲ့လောက်ပါပဲ... အရမ်းကြီးတော့ ဆိုဒ်အတွက် မလုပ်ပေးဖြစ်ပါဘူး... ဆိုဒ်ကို ရောက်လာတဲ့ အသင်းဝင်အားလုံးကိုတော့ အိမ်လွမ်းသူမှာ ပျော်စေချင်တဲ့၊ အဆင်ပြေနေစေချင်တဲ့၊ ကျေနပ်မှုတစ်စုံတစ်ရာရှိနေစေချင်တဲ့ ဆန္ဒလေးကတော့ အမြဲရှိပါတယ်... ဘာပဲဖြစ်ဖြစ် ကိုD'Leh က စလို့ k2 တို့ Admin မောင်နှမတွေအားလုံးက ဆိုဒ်မှာရှိတဲ့ member တိုင်းကို ကျေနပ်မှုတစ်စုံတစ်ရာ အမြဲရှိနေစေချင်တဲ့ စေတနာတွေ ရှိကြပါတယ်... မေတ္တာလည်း ထားကြပါတယ်... စေတနာမေတ္တာဆိုတာ ရောင်ပြန်ဟပ်လိမ့်မယ်လို့တော့ k2 ယုံပါတယ်... ချို့ယွင်းချက်တွေ ရှိကြပေမယ့် Admin တိုင်းက ကိုယ့်အကျိုးတစ်စုံတစ်ရာအတွက်မဟုတ်ဘဲ အသင်းသူအသင်းသားတွေအတွက်ဆိုပြီး အချိန်အခက်ခဲ၊ လူ့အခက်အခဲတွေကြားက အကောင်းဆုံးနဲ့အဆင်ပြေဆုံးဆိုတာကို ပေးဖို့အတွက် အမြဲကြိုးစားနေကြတာပါ... အမြဲတမ်း လုပ်ပေးနေတာမျိုးမဟုတ်ရင်တောင်
လုပ်ပေးလိုက်တဲ့အခိုက်အတန့်မှာ အဲ့လို ရည်ရွယ်ချက်၊ ခံယူချက်တွေနဲ့လို့ k2 ကိုယ့်ကိုယ်ကိုယ် အာမခံနိုင်သလို ကျန်တဲ့ အိမ်လွမ်းသူက Admin မောင်နှမတိုင်းလည်း ဒီလိုပဲ ရှိကြတယ်လို့ k2 100% ယုံကြည်ပါတယ်... ရင်ဘက်နဲ့ကြည့်ရင်တော့ မြင်မှာပါ... မြင်ခဲ့ရင်လည်း k2 တို့ Admin တွေ ဆိုဒ်အတွက် ဘယ်လိုအကျိုးပြုမှုတွေ လုပ်ပေးကြတယ်ဆိုတာကို နားလည်နိုင်မယ်လို့ k2 ထင်ပါတယ်...



ကေတူးရဲ့ comment တော်တော်များများ ချစ်လေပြေ ဖတ်ရသလောက်ပေါ့.. ကေတူးက.. ပျော်ပျော်နေတတ်မှာပဲဆိုတာ ကောက်ချက်ချမိတယ်.. ဟုတ်တယ်ဟုတ်..

ဟုတ်... ပျော်ပျော်နေတတ်ပါတယ်... ပျော်ရွှင်မှုဆိုတာ ဘဝမှာ အဓိကအကျဆုံးနဲ့ အရေးပါဆုံးလို့ ခံယူထားလို့ပါ... :) မပျော်ရင်တော့ အိပ်နေတာ များပါတယ်... ဟဲဟဲ...


ခုလို ကလေးလူကြီး အင်တာနက်သုံးစွဲနေကြတဲ့ ခေတ်ကြီးမှာ အင်တာနက်.. အွန်လိုင်းခံစားချက်လေးတော့ ရှိမှာပေါ့နော်.. ရင်ထဲမှာရှိတာလေး.. ပြောပြပေးပါလား...

ဘယ်အရာမှာမဆို အားနည်းချက်၊ အားသာချက်လေးတွေတော့ ရှိမှာပေါ့နော်... တစ်ယောက်နဲ့တစ်ယောက် အယူအဆ၊ အမြင်လေးတွေမတူတော့ ပြောရမှာ နည်းနည်းတော့ခက်ပါတယ်... ကောင်း၏... ဆိုး၏... ဆိုတာကိုတော့ ကိုယ်ပိုင်အသိလေးနဲ့ ထိန်းကွပ်သင့်တယ်ထင်ပါတယ်...


စာအရေးအသားလေး ကောင်းတယ်နော်.. ကဗျာလေးတွေဆို.. ဖတ်ရသလောက် လေးလေးနက်နက်ရှိတယ်.. ၀ါသနာလည်းပါပုံရတယ်.. နောက်ပိုင်း.. ကဗျာတွေကြီးမဟုတ်ဘဲ ဘယ်လိုပို့စ်လေးတွေ.. ရေးဖို့စိတ်ကူးတွေရှိပါသလဲ..

ဟုတ်... အခုလို ချစ်ခင်လို့ အကောင်းမြင်ပေးပြီး ချီးမွမ်းစကားပြောပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်... :) ဒါပေမယ့် စာရေးတာနဲ့ ပတ်သက်လို့ k2 မှာ လေ့လာမှုတွေ အားနည်းသလို လိုအပ်ချက်တွေလည်း အမြောက်အများရှိနေသေးတယ်ဆိုတာ k2 စာဖတ်ဖူးကြတဲ့သူတိုင်း တွေ့နိုင်မှာပါ... နောက် k2 က ကဗျာရေးတာအပြင် စာနည်းနည်းပါးပါးလည်း ရေးပါတယ်... ဆိုဒ်တွေမှာ မတင်ဖြစ်တာပါ... စာရေးတာ ဝါသနာပါ,လို့ ရေးဖြစ်နေတဲ့ သဘောလောက်ပါပဲ... k2 ပြောခဲ့ဖူးသလိုပါပဲ... တစ်ခြားသူတွေကို ဖြန့်ဝေပေးဖို့ အသိပညာ၊ အတွေးအခေါ် လုံလောက်မှုမရှိသေးတဲ့အတွက် ကိုယ့်အကြောင်းအရာ၊ ကိုယ့်ခံစားချက်နဲ့ ကိုယ့်အမြင်တစ်ချို့ကိုပဲ ရေးသားဖို့ အားသန်သလို ကိုယ့်အကြောင်းတွေပဲ ရေးဖြစ်ပါတယ်... နောက် ကိုယ့်အကြောင်းအရာတွေဆိုတော့ လူအများသိအောင် ဆိုဒ်တွေမှာ မတင်ချင်တာ၊ မတင်ဖြစ်တာပါ...


ဒီအိမ်လွမ်းသူဆိုက်ဒ်ထဲမှာရှိတဲ့.. မန်ဘာတွေရယ် ဘ၀တူ Admin တွေအားလုံးကို ကေတူးအနေနဲ့ ဘာများဝေဖန် အကြံပြုချင်ပါသလဲ...

စည်းလုံးစေချင်ပါတယ်... member တွေကလည်း member အချင်းချင်းအပေါ်၊ Admin တွေအပေါ်... Admin တွေကလည်း Admin အချင်းချင်းအပေါ်၊ member တွေအပေါ်... နားလည်မှုနဲ့ လေးစားမှုတွေ အပြန်အလှန် ရှိနေစေချင်ပါတယ်... နောက် ယဉ်ကျေးစေချင်ပါတယ်... မြန်မာဆိုတာ နူးညံ့သိမ်မွေ့ပြီး ကူညီတတ်သော ရွှေများလို့ k2 မှတ်ယူထားပါတယ်... အဲ့ဒီ မှတ်ချက်လေးကို အမြဲခိုင်မာရှင်သန်နေစေချင်ပါတယ်...


အဲ.. ကေတူးရေ.. မေးခွန်းတွေများလို့ စိတ်ညစ်သွားပြီလား... နောက်ဆုံးတစ်ခုပဲ သိချင်တာလေး မေးတော့မယ်နော်.. ကေတူးရဲ့ အိမ်လေးမှာချိတ်ဆွဲထားတဲ့ ဓါတ်ပုံရှင်လေးကို သိခွင့်ပေးနိုင်မလားဟင်.. ဘယ်တော့.. သူငယ်ချင်းတွေကို.. ဘယ်နေရာမှာ ကျွေးမှာလဲ.. မဖြေလို့မရဘူးနော်... အိမ်လွမ်းသူငယ်ချင်းတွေက ဒါကို အသိချင်ဆုံးပဲ... :P::::P

ဟုတ်... သူက k2 ကို နားလည်ပြီး အမြဲအလျှော့ပေးတတ်တဲ့သူတစ်ယောက်ပါ... စိတ်ဓာတ်ပိုင်းဆိုင်ရာ နဲ့ သူ့ကိုယ်ပိုင်ခံယူချက်တွေမှာ k2 အထင်ကြီးရတဲ့ အချက်တွေ တော်တော်များများရှိပါတယ်... k2 ထက် ငါးလကျော်ပဲ ကြီးပေမယ့် k2 သူ့ကို အမြဲ လေးစားသလို k2 ကိုလည်း အလေးထားတဲ့သူလို့ပဲ ပြောရမယ်ထင်ပါတယ်... :P ခုလောလောဆယ်တော့ ကျွေးဖို့ အစီအစဉ်မရှိသေးပါဘူး... စဉ်းစားချင့်ချိန်ရတာတွေများသလို k2 ဖြစ်ချင်တာတွေလည်း ရှိနေသေးတော့ နောက်သုံးနှစ်ထိ စိတ်ရှည်ပေးပါလို့တော့ သူ့ကို ပြောထားပါတယ်... :P


ကေတူးလေးရေ.. ခုလို ချစ်လေပြေ သိချင်တာလေးတွေကို.. စိတ်ရှည်စွာနဲ့ ဖြေကြားပေးလို့.. အိမ်လွမ်းသူ သူငယ်ချင်းတွေကိုလည်း တင်ပြခွင့်ရပြီနော်.. ကျေှးဇူး အများကြီးတင်ပါတယ်.. ကေတူးလေးရေ..


သူငယ်ချင်းတို့ရေ.. နောက်ရက်တွေ ဘယ်သူကို အင်တာဗျူးလို့... ချစ်လေပြေ ထပ်တင်ပြပေးသွားအုံးမယ်ဆိုတာ.. စောင့်မျှော်ပေးကြပါနော်... အိမ်လွမ်းသူ သူငယ်ချင်းအားလုံး.. စိတ်နှလုံး အစဉ်ရွှင်ပြုံးနိုင်ကြပါစေလို့.. ချစ်လေပြေ တောင်းဆုပြုလိုက်ပါတယ်ရှင့်...


----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

7:35am မှာ ဧပြီ 30, 2010 ပေါ် D'Leh မှ ထင်မြင်ချက်
အင်း... ညီမတော်ကတော့ ဆိုဒ်အပိုင်းမှာ ကျွန်တော့်ကိုပဲ မမွှမ်းနဲ့လေ...း) အားလုံး သူတော်လို့ ဒီလောက်ထိ ရပ်နိုင်တာပေါ့နော်... update ကလည်း Admin ရော အသင်းသားတွေရော လုပ်နေတာတွေ့ရတာပဲ... ငါ့ညီမလည်း အားကျိုးမာန်တက် လုပ်တာတွေ့ရတာပဲ ညီမရေ... ဒီဆိုဒ် ဆက်ပြီးရပ်တည်လာတာ ငါ့ညီမ ကျေးဇူးအများကြီးပါတယ်နော်...း)

အချစ်ရေး အပိုင်းကိုပြောရင်တော့ တခုခုစားပွဲသောက်ပွဲလေး ကြုံချင်ပြီနော်... ဟဲ...ဟဲ... မြန်မြန်ဟေ့... မြန်မြန်လေး... :P


77:47am မှာ ဧပြီ 30, 2010 ပေါ် ကျင့်ပုတ်တယ် မှ ထင်မြင်ချက်
ဟင်းးးးးးးးးးးးးးးးးးးးးး
(၃)နှစ်ကြီးများတောင်မှ....
မော်ဒန်ခေတ်ရောက်နေပြီနော် အန်တီတူး..
နောက်ကျစေနဲ့ ....:D


7:58am မှာ ဧပြီ 30, 2010 ပေါ် khinmyantmon မှ ထင်မြင်ချက်
..အခုလို member တွေအတွက်.. အရေထားလေးစားပြီးလုပ်ပေးနေတဲ့... k2 လေးကိုလည်း အထူးကျေးဇူးတင်ပါတယ်နော်..
နောက်ပြီး.. အင်တာဗျူးပေးနေတဲ့ ချစ်လေးပြည်လေးပေါ့.. ကျေးဇူးတင်ပါတယ်..
ဒီလိုလေး မဗျူးပေးရင်.. ညီမတို့လည်း သိရမှာ မဟုတ်ဘူးလေနော်.
သူငယ်ချင်းက စဖိတ်လိုက်ကတည်းက အိမ်လွမ်းသူဆိုတဲ့ အမည်ကြားကတည်းက စိတ်ဝင်စားလို့.. အိမ်လွမ်းမှာ member ဝင်ဖြစ်သွားပြီး.. အိမ်လွမ်းတစ်ခုတည်းပဲ တစ်စိုက်မတ်မတ်ရပ်တည်ခဲ့တာပါ..
ဒါကြောင့် အိမ်လွမ်းနဲ့ပတ်သက်လာရင်.. Admin တွေအကြောင်းကိုလည်း အလေးထားစိတ်ဝင်စားသလိုပဲ.. member တွေကိုလည်း အလေးထားခင်မင်မိပါတယ်..
ဒါကြောင့် အိမ်လွမ်းနဲ့ပတ်သက်လာတဲ့ အကြောင်းရာတိုင်းကို စိတ်ဝင်စားလျှက်ပါ..
အိမ်လွမ်းလေး ဒီထက်မက အောင်မြင်မှုများစွာကို ရရှိခံစားနိုင်ပါစေလို့ .. ဆုတောင်းလျှက်ပါ..


9:43am မှာ ဧပြီ 30, 2010 ပေါ် O^nell*dea†h မှ ထင်မြင်ချက်
I ko lal byuu par own lo........................


10:24am မှာ ဧပြီ 30, 2010 ပေါ် lapyi မှ ထင်မြင်ချက်
arr lone kg par the khin byar


12:25pm မှာ ဧပြီ 30, 2010 ပေါ် ချစ်ကို မှ ထင်မြင်ချက်
သူများတွေပြောသလိုမျိုး ကျေးဇူးတင်ပါတယ်လို့ပြောဘူး ရိုးနေပီ ဟုတ်ဘူးလား တကယ်ကျေးဇူးတင်လား သူငယ်ချင်းတို့ ကျေးဇူးတင်ပါတယ် လို့ပြောမိရင်ကျေးဇူးပြန်ဆပ်တတ်ရတယ်နော် ချစ်ကို ဘာ့ကြောင့် နေ့မအိပ်ညမအိပ်စာတွေရေးနေတာလဲ သိလား လွန်ခဲ့တဲ့ 5 လလောက်က ချစ်ကိုရဲ့ ညီတွေညီမတွေအကိုတွေအမတွေရဲ့စာတွေကို ချစ်ကိုဖတ်နေခဲ့တယ်လေ သူတို့ရေးသားနည်းတွေကို ကိုယ့်ရဲ့ဖြတ်ထိုးဉာဏ်လေးသုံးပြီး ပြန်ရေးတော့ အဆင်ပြေတာပေါ့ ဆိုဒ်တခုမှာ လူလာများတာ ဘာကြောင့်လဲ အားလုံးအရေးအသားတွေကောင်းလို့ပေါ့ ညီမလေး ချစ်လေပြည်ကတော့ ပြောပါတယ် သူနဲ့ခင်တာ ရက်လောက်ပဲရှိပါသေးတယ် အိမ်လွမ်းမှာ ရှိတဲ့လူတွေက စာရေးတော်တယ်တဲ့ ချစ်ကိုက စာမတတ်တော့ နည်းနည်း ရှိန်သွားတယ်လေ ချစ်ကို ပိုစ့်ဆက်တင်ရဖို့ တွန့်သွားတယ် ပြန်စဉ်းစားတယ် ငါက သူတို့စာတွေ ဖတ်ထားပြီပဲ သူတို့ပေးတဲ့ ဗဟုသုတွေ ငါ့မှာ ရလာခဲ့တယ် ဒီကျေးဇူးတွေ တင်နေပြီလေ ဒီတော့ကျေးဇူးပြန်ဆပ်ရမှာပေါ့ ကျေးဇူးသိတတ်တော့ အိမ်လွမ်းလေးက ပိုပြီးဆိုပြေတာပေါ့နော် ပွဲတခုကြည့်ရသလိုပေါ့ အငြိမ့်လေးပါတယ် ဟာသလည်းပါတယ် ဗဟုသုတလည်းပါတယ် ရာဇ၀င်လည်းပါတော့ ငြိမ်းချမ်းတဲ့ အိမ်လွမ်းမှာ အလွမ်းတေးတွေဖွဲ့လို့ ကျေးဇူးလေးတွေပြန်ဆပ်ကြပါစို့နော် ဒါကြောင့်ချစ်ကိုပြောနေတာပါ ၀ါသနာပါလို့ ရေးနေတာမဟုတ်ဘူးဆိုတာ ဒါကြောင့် ချစ်ကို သူများပိုစ့် တခုဖတ်တိုင်း ကျေးဇူးတင်တယ်လို့မပြောဘဲ ကျေးဇူးဆပ်ပါရစေလို့ တောင်းပန်ချင်ပါတယ် အိမ်လွမ်းရယ်


3:00pm မှာ ဧပြီ 30, 2010 ပေါ် Ann မှ ထင်မြင်ချက်
k2 ပုံလေးလား...??? ချစ်စရာလေး
စိတ်ထား အေးအေးလေးရှိတယ်လို့ ထင်ပါတယ်..
အိမ်လွမ်းသူမှာ အမြဲနေသွားပါနော်....:)


3:25pm မှာ ဧပြီ 30, 2010 ပေါ် ပြတိုက်လေး မှ ထင်မြင်ချက်
ဒီပို့စ်ကို ဖတ်ပြီး အကြာကြီး ထိုင်ငေးနေမိတယ်
ကော်မန့်တွေ ကောက်ရေးလိုက် ...ပြန်ဖျက်လိုက်...
အောက်က ချစ်ကို ကော်မန့်ကြည့်ပြီး ပြန်ငိုင်နေမိတယ်
(လေးစားပါတယ် ချစ်ကို)
ဘာကြောင့်မှန်း မသိဘူး...ဒီတစ်ခါ ဇောချွေးတွေ ပြန်နေတယ်..
ကဲ.. မထူးတော့ဘူး...ရေးခဲ့ပြီ...
ဒီခလေးမ(ကေတူး)
နောင်တစ်ချိန်မှာ ဘာဖြစ်လာမယ်ဆိုတာ မသိပေမယ့်
စိတ်ထဲကတော့ အမှတ်တွေ ပေးရင်း တေးထားလိုက်ပြီ..။
လေးစားပါတယ် ဒေါ်ကေတူး....


5:42pm မှာ ဧပြီ 30, 2010 ပေါ် ဇွဲလေး မှ ထင်မြင်ချက်
ကျေးဇူးတင်ပါတယ်ဗျာ....သိခွင့်ရလို့...


6:29pm မှာ ဧပြီ 30, 2010 ပေါ် chan mya mon မှ ထင်မြင်ချက်
k2maung လို့ တွေ့တိုင်း ယောကျာ်းလေးလို့ ပဲထင်မိတယ်.. မိန်းကလေးမှန်းသိပေမယ့်လည်း အဲဒီနာမည်ကိုတွေ့ရင် ယောကျာ်းလေးလို့ ထင်မိပြန်ရော... k2maung အစား ကေတူးဆို ပိုကောင်းမယ်နော်..:)


7:32pm မှာ ဧပြီ 30, 2010 ပေါ် 507မဇ္ဈိမ မင်း မှ ထင်မြင်ချက်
mite tal
507 nall nal htet byuu mal.............nor....;p;p;p;pp;
chit chit nalt chat nay yinn...............အိမ်လွမ်းသူ....yalt ..a yay kyee kate sa paw lar yin................bal lo myarr.............manangement load par tha lal khin byar......?
.......;p;p;p;p;p


1:01am မှာ မေ 1, 2010 ပေါ် k2 မှ ထင်မြင်ချက်
@မမချစ်လေပြေ - မရေ... ကျေးဇူး များကြီးတင်ပါတယ်... :D ကော်ဖီတိုက်မယ်နော်... ပလပ်ပလပ်တော့ တတ်နိုင်ဘူးလေ... ဟီးဟီး...
@ကိုD'Leh - အစ်ကိုက ရှေ့ကားမို့ နောက်ကားက ကျော်မတက်ဘဲ စောင့်ထားတာ... တော်ကြာ ဟွန်းတီးပါများရင် အဖမ်းခံရမှာစိုးလို့... :P :P :P
@luchawlay - မော်ဒယ်ခေတ်မို့ မယူသေးဘဲ မယ်ဒေါ်လုပ်မလို့လေ... ဟီး...
@khinmyantmon - မမွန်ရေ... Active ဖြစ်တဲ့ member အဖြစ် မမွန်ကို k2 သတိထားမိနေပါတယ်... မမွန်တို့လို အမာခံ member တွေ ရှိနေတဲ့အတွက် အိမ်လွမ်းသူက ပိုစိုပြေနေတာပါ... :)
@O^nell*dea†h - ဟုတ် မလေပြေကို ပြောပေးမယ်နော်... :P မလေပြေမဗျူးခင် k2 က အရင်ဗျူးပါရစေ... ဒီကအစ်ကို့နာမည်လေးကို ဘယ်လိုရင်းရင်းနှီးနှီး ခေါ်ရပါမလဲရှင်... :P :P :P
@lapyi - ဟုတ်... အားလုံးကောင်းပါတယ် ဆိုတဲ့ စကားတစ်ခွန်းက အိမ်လွမ်းသူအတွက် အားဆေးပါပဲ... :)
@ကိုချစ်ကို - စာရေးကောင်းတဲ့ ကိုချစ်ကိုကလည်း အိမ်လွမ်းသူရဲ့ အမာခံ အဖွဲ့ဝင်တစ်ဦးပါပဲနော်... :)
@Ann - k2 ပုံ ဟုတ်ပါဘူး... k2 ပုံကို မြင်ရင် ဟင်? ဒါလား k2 လို့ ပြောချင်ပြောမှာ... :P စိတ်ထားကောင်းကောင်းတော့ ထားတတ်အောင် ကြိုးစားတာပါပဲ... :P
@ပြတိုက်လေး - လေးပဲစားနော်... ငါးစားရင် အရိုးစူးနေမှာစိုးလို့... :P
@ဇွဲလေး - k2 လည်း ကျေးဇူးတင်ပါတယ်... ပြောခွင့်ရလို့လေ... :D
@chan mya mon - ဟုတ်... တော်တော်များများက အစ်ကိုတို့ ညီတို့လာလာခေါ်ကြပါတယ်... အဲ့ဒီထဲမှာ k2 အစ်ကို ကိုD'Leh လည်း ပါတယ်... သိသိကြီးနဲ့ "ညီ" လို့ လာလာ ဘဝပြောင်းပေးတယ်လေ... :P
@507မဇ္ဈိမ မင်း - ဟီး... ကို507 က အိမ်လွမ်းသူနဲ့ ရန်တိုက်ပေးတယ်တော့... :P :P :P အိမ်လွမ်းသူမှာက ချစ်မယ့်သူတွေအများကြီးလေ... ချစ်ချစ်မှာက တစ်ယောက်ပဲ ရှိတာကို... ဟီးဟီး...

အားလုံးပဲ ကျန်းမာပျော်ရွှင်အဆင်ပြေကြပါစေ... :)
k2


2:33pm မှာ မေ 1, 2010 ပေါ် D'Leh မှ ထင်မြင်ချက်
ဟဟဟဟ..... အဖမ်းမခံရအောင် ကျွန်တော် ပြောထားတယ်နော်... နောက်ကားကို ကျေကျေနပ်နပ် ကျော်ခွင့် ပေးသဗျို့... ဒဏ်ကြေးဆိုလည်း ကျွန်တော် ဆောင်ပေးမယ်... ကျော်သာ ကျော်ဗျို့... အားပေးနေတယ်... :P


2:54pm မှာ မေ 1, 2010 ပေါ် ပြတိုက်လေး မှ ထင်မြင်ချက်
ဟူးးးးးးးးးးးးးးးးးးးးးးးရှိတဲ့သူများကြတော့လည်း အတင်းကို နေရာတွေ ပြေးခိုင်းနေပါလားနော်..
လူပျိုကြီး ဖြစ်ကိန်းကြုံနေတဲ့ သားသားကျတော့ ဘယ်သူမှ နေရာမပေးဘူး
ကားမောင်းလေးဘာလေး သင်ပေးကြပါအုံး...:P


9:44am မှာ မေ 2, 2010 ပေါ် k2 မှ ထင်မြင်ချက်
@ကိုD'Leh - တို့အစ်ကိုကိုပဲ လေးစားသမှုနဲ့ ဦးစားပေးပါတယ်... :P
@ပြတိုက်လေး - အမ်မယ်... သားသားက လူပျိုကြီး ဖြစ်ကိန်းကြုံနေသတဲ့... မယုံပေါင်... :P


9:58am မှာ မေ 2, 2010 ပေါ် D'Leh မှ ထင်မြင်ချက်
လူကြီးဆိုတာ ကလေးကို ညှာတာရသတဲ့ကွယ်... ဟဲ...ဟဲ.. ဘယ်ရမလဲ ... ညီမလေး... အားမနာနဲ့နော် ကျော်သာကျော်...နောက်ကားပါတယ်ဟေ့ ဆိုပြီး ကျော်နော်... နောက်ကားပါတယ်ဟေ့ဆိုတာနဲ့ ကျွန်တော်က မထသ လိုတော့ မလုပ်ဘူး... လမ်းဘေးကို ချရပ်ပေးမယ်... ဟီ...ဟီ... ကျော်သာ ကျော် ညီမလေးရေ....ဟဟဟ...

တို့အစ်ကိုက စိတ်ကောင်းတယ်လေ... ဟီ..ဟီ...


10:12am မှာ မေ 2, 2010 ပေါ် k2 မှ ထင်မြင်ချက်
@ကိုD'Leh - ဟဟဟ... မကျော်တက်ပါဘူးဆို... တို့အစ်ကို မင်္ဂလာဆောင်ရင် သတိုးသမီးအရန်လုပ်ဦးမှာ.... ဟဲဟဲဟဲ... ငှဲငှဲငှဲ... :P


12:57am မှာ မေ 4, 2010 ပေါ် ignore မှ ထင်မြင်ချက်
လာဖတ်သွားတယ်ဗျို့
comment အခုမှပေးနိုင်တဲ့အတွက် sorry ပါပဲ
မေးတဲ့လူ(မမချစ်လေပြေ)လည်း တော်တော်မေးတတ်တယ်
ဖြေတဲ့လူ(မမk2)လည်း ထောင့်စေ့အောင်ဖြေတယ်
data များရသွားပါတယ် :)


3:14am မှာ မေ 4, 2010 ပေါ် jewel မှ ထင်မြင်ချက်
အဟိ... jewel ရဲ့ မန့်လေး ပျက်သွားတော့လည်း ထပ်ဖတ်ရတာပေါ့.........၂ ခေါက် ရှိမှ မှတ်မိတယ်တဲ့ ။ စကားပုံတောင်ရှိပါ့။။။။။။


8:36pm မှာ မေ 5, 2010 ပေါ် k2 မှ ထင်မြင်ချက်
@ignore - ညီမလေးရေ... လာဖတ်သွားတဲ့အတွက် ကျေးဇူးပါကွယ်... :) :P
@jewel - နှစ်ခေါက်ကြီးများတောင် လာကြည့်သွားတဲ့အတွက် double ကျေးဇူးတင်ပါတယ်ကွယ်... :)


စာကြွင်း - စာလုံးပေါင်း သတ်ပုံနဲ့ နေရာအထားအသို အနည်းငယ်ပြင်ဆင်ထားပါသည်... မူရင်း Post က ဒီနေရာလေးမှာပါ

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..