Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...



အိမ်... နေပူမိုးရွာ ကြံ့ကြံ့ခံနိုင်တဲ့ အမိုးလည်း ရှိရမယ်... လေပြင်းတွေ ဘယ်လောက် ကြမ်းပါစေ ပြိုလဲမသွားရအောင် အကာကလည်း ခိုင်မာရမယ်... အမိုးတစ်ခုတည်း ကောင်းရုံနဲ့လည်း အိမ်မဖြစ်သလို အကာကောင်းရုံနဲ့လည်း အိမ်မဖြစ်နိုင်ပါဘူး... အမိုးနဲ့ အကာ လက်တွဲညီညီ စီရရီရှိမှ အိမ်တစ်ဆောင် ဖြစ်နိုင်မယ် ထင်ပါတယ်... အဲ... အမိုးအကာရှိရုံတိုင်းကော အိမ်လို့ ခေါ်တွင်နိုင်ပါ့မလား... ကျမတော့ မထင်ဘူး... သူ့အခန်းနဲ့သူ... သူ့ကဏ္ဍနဲ့သူ... အဆင်ပြေပြေရှိမှလည်း အိမ်ဆိုတဲ့ နာမ်စားနဲ့ ပနံရမှာပေါ့နော်... :P နောက်ပြီး အိမ်တိုင်း အိမ်တိုင်းမှာ သူ့အပြင်အဆင်နဲ့သူ... အိမ်ရဲ့ အငွေ့အသက်တွေက ကွဲပြားစွာရှိကြပါတယ်... ကျမမှာလည်း ခန်းနားမှုတွေမရှိပေမယ့် ရိုးရှင်းမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အိမ်လေးတစ်အိမ်တော့ ရှိခဲ့လေရဲ့... ကျမ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကျမအိမ်လေး အကြောင်းပြောပြရရင်.... ဟိုးရှေးရှေး အဲ... ဟိုးမရှေးတရှေးတုန်းကပေါ့ကွယ်...:P

ဘဝမှာ အမောတွေများပေမယ့် ရယ်မောတတ်အောင် သင်ပေးခဲ့တဲ့သူနှစ်ဦး ရှိပါတယ်... သူတို့ကတော့ ကျမဆိုတော့ လူသားတစ်ဦးကို ဖြစ်တည်ပေးခဲ့တဲ့ ကျမမိဘနှစ်ပါးပါပဲ... ကျမ ပျော်ပျော်နေတတ်တာကို အပေါင်းအသင်းတော်တော်များများ... သူငယ်ချင်းတော်တော်များများက သဘောကျတတ်ကြတယ်... ကျမ ငယ်ငယ်ကတည်းကလည်း အရယ်အပြုံးများပါတယ်... ဒါပေမယ့် ပျော်ပျော်နေတတ်တာကတော့ ကျမမိဘနှစ်ပါးရဲ့ မျိုးရိုးဗီဇကြောင့်လို့ ထင်ပါတယ်... ကိုယ့်ဘဝကိုယ် စိတ်တိုင်းမကျခြင်းများစွာရှိခဲ့ပေမယ့် အကျေနပ်ဆုံးနဲ့ ဂုဏ်အယူဆုံးကတော့ ဒီအသိုက်အမြုံလေးမှာ မိသားစုဝင်ဖြစ်ခွင့်ရခြင်းနဲ့ စိတ်သဘောထားကောင်းမွန်ပြည့်ဝတဲ့ ပျော်ပျော်နေတတ်တဲ့ မိဘနှစ်ပါးရဲ့ သမီးတစ်ယောက် ဖြစ်ခွင့်ရခြင်းကိုပါ...:)

ကျမဖခင်က ကျမမိခင်ထက် အသက်နှစ်နှစ်ကြီးပေမယ့် သူငယ်ချင်းဘဝကနေ ချစ်သူဘဝ... ချစ်သူဘဝကနေ အိမ်ထောင်သည်ဘဝ ရောက်ခဲ့ကြလို့ စကားပြောရင် "နင်" "ငါ"လို့ ပြောတတ်ကြတယ်လေ... အဲ... ချစ်သူဘဝ၊ အိမ်ထောင်ရှင်ဘဝဖြစ်ခါစ သားသမီးတွေလည်း အရွယ်မရောက်ခင်တုန်းကတော့ ကျမမိခင်က ကျမဖခင်ကို "မောင်" လို့ ခေါ်တယ်... :P ကျမဖခင်က ကျမမိခင်ကို "မြ" "မြမြ" လို့ ခေါ်တယ်... ဟီး... သူတို့က လွမ်းမောဖွယ်ရာ တက္ကသိုလ်ကျောင်းတော်မဟာမှာ အတန်းတူ အခန်းတူ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာကိုး... မကြာမကြာဆိုသလိုလည်း သူတို့ ကျောင်းသားဘဝကို တမ်းတမ်းတတ ပြန်ပြောတတ်ကြလို့ ဪ... ငါလည်း တက္ကသိုလ်တက်ရရင် အတိ ပျော်ရွှင်ဖွယ်များ ဖြစ်လိမ့်မယ်ပေါ့... လက်တွေ့မှာတော့ ဆီ နဲ့ ရေလိုပဲ ကွာပါတယ်...:( တစ်ခါတစ်လေ လမ်းကြုံရင် သူတို့တက်ခဲ့တဲ့ စာသင်ခဲ့ရတဲ့ Practical လုပ်ခဲ့ရတဲ့အဆောင်တွေကို ကားနဲ့ လျှောက်ပြဖူးလို့ နေရာတွေမမှတ်မိပေမယ့် မြင်တွေ့ခဲ့ရဖူးပါတယ်... ကျမထင်တယ်လေ... ကျမမိဘတွေရဲ့စိတ်ထဲမှာ သူတို့ရဲ့အတိတ်က အချိန်လေးတွေကို လွမ်းလွမ်းဆွေးဆွေး ရှိနေကြဦးမယ်လို့... အဲ... သူတို့ဆုံတွေ့ခဲ့ကြတဲ့ အကြောင်းလေးတွေလည်း ပါကောင်းပါမှာပေါ့လေ... :P သူတို့ စတွေ့တွေ့ချင်းတုန်းကတော့ သူငယ်ချင်းအဖြစ်နဲ့ပေါ့နော်... ကျမမိခင် ပြောပြတာကတော့ သူတို့ အထူးပြုခဲ့တဲ့ဘာသာက Zoology ဆိုတော့ Group တွေနဲ့ Practical လုပ်ရတယ်ပေါ့... အဲဒီမှာ Group တွေ စဖွဲ့ရင်းနဲ့ သိကျွမ်းခဲ့ကြတာတဲ့... ကျမဖခင်က မနက်စောစောဆို ဂျူဒိုသွားသွားကစားပြီး ကျောင်းကို ဆံပင်ရေမခြောက်တခြောက်နဲ့ ရောက်ရောက်လာတတ်တယ်တဲ့... :P ကျမမိခင် ပြောပြတာလေးပါ... သူမ သတိစ,ထားမိခဲ့တာပေါ့လေ... ကျမဖခင်က သိပ်မပြောပြတော့ ကျမမိခင်ငယ်ငယ်က ဘယ်လိုပုံစံလဲဆိုတာ မသိခဲ့ရဘူးပေါ့လေ... ကျမဖခင် ပြောပြောပြတတ်တာကတော့ သူတို့တက္ကသိုလ်မှာ စာသင်ခဲ့ကြ၊ ခရီးတွေအတူ သွားခဲ့တဲ့အကြောင်း၊ သူ့သူငယ်ချင်းတွေအကြောင်းပဲ များပါတယ်... အင်းပေါ့နော်... မိဘဆိုတော့ သူတို့အကြောင်းတော့ ဘယ်ခရေစေ့တွင်းကျ ပြောပြမလဲ...:P (အဟဲ... မပြောပြလည်း... သူတို့တွေ ရေးခဲ့တဲ့ စာတွေ ပုံးလေးတစ်ပုံးနဲ့ သိမ်းထားလို့ ခိုးခိုးဖတ်တာ တော်တော်လေး သိနေပြီးသား... ဥပမာ-အခေါ်အဝေါ်လေးတွေပေါ့...ဟီး...) ကျမဖခင်ငယ်ငယ်က ကိုယ်ခန္ဒာသေးပေမယ့် သတ္တိကောင်းသော လူစွမ်းကောင်းလေးပေါ့...:P ဂျူဒိုကို ခါးပတ်အနက်ရထားပြီး ခဏခဏလည်း ရန်ပွဲတွေဖြစ်တတ်တာပေါ့... ကျမဖခင်တင်မဟုတ်ပါဘူး... သူ့သူငယ်ချင်းတွေ အားလုံးကလည်း ညီမှညီပါပဲ... တစ်ယောက်ကို မထိနဲ့... ထိတာနဲ့ မှားမှားမှန်မှန် သူငယ်ချင်းဘက်က ဆော်မှာပဲဆိုတာကြီးပဲလေ... ဟီး... ခုထိလည်း ညီအစ်ကိုရင်းတွေလို တွေ့လိုက်တာနဲ့ ဟေးဟားနဲ့ပေါ့... ကျမမိခင်နဲ့ တက္ကသိုလ်တက်လို့ ခင်ကြတာမဟုတ်တဲ့ ကျမဖခင်ရဲ့ သူငယ်ချင်းတွေတောင် ကျမမိခင်နဲ့ ငယ်ပေါင်းတွေလို တရင်းတနှီး နောက်နောက်ပြောင်ပြောင် ရှိကြတယ်... အဲလိုပေါ့လေ... အကြောင်းတိုက်ဆိုင်တိုင်း အခွင့်အခါကြုံတိုင်း (များသောအားဖြင့် မီးပျက်တဲ့ညတွေမှာ... :P ) မိသားစုတွေ ဝိုင်းဖွဲ့ပြီး သူတို့ငယ်ဘဝ၊ ကျမတို့ ငယ်ဘဝတွေကို တခုတ်တရ ပြောပြတတ်တယ်... ကျမတို့ကလည်း မရိုးနိုင်အောင် နားထောင်ပြီး တစ်ခါတစ်လေ စ,နောက်တတ်ကြသေးတယ်...

ကျမမိခင်ကတော့ အလျဉ်းသင့်တိုင်း သူတို့နှစ်ဦးရဲ့ ဇာတ်ကြောင်းလေးတွေကို ပြောပြတတ်ပေမယ့် ကျမဖခင်ကတော့ သိပ်မပြောပြတတ်ဘူး... အင်းလေ... ကျမမိခင်ကလည်း ကျမဖခင်ကို ပိုချစ်တာကိုး...ဟီး... ကျမမိခင်ဘက်က စီးပွားရေး ကောင်းကြတာလည်းပါသလို... ကျမအဖိုးရဲ့ အချစ်ဆုံးသမီးကြီး ဖြစ်တာလည်းပါတာမို့ သဘောမတူခဲ့ကြဘူးတဲ့လေ... ဒါပေမယ့် သိကြတဲ့အတိုင်း သားသမီးနဲ့ မိဘ လွန်ဆွဲပွဲမှာ သားသမီးတွေ နိုင်ကြတာက များတယ်မဟုတ်လား...:P ကျမအဖိုးက မင်္ဂလာဆောင်တဲ့နေ့ကျမှ ကျမဖခင်ကို သေချာမြင်ဖူးတာတဲ့... သဘောမတူခဲ့ဘူးဆိုတော့ ကြားဝင်ဖြန်ဖြေရေးတွေနဲ့ ပြီးခဲ့ရပုံရပါတယ်... နောက်ပြီး အဖိုးက နယ်မှာ နေတာလည်းပါတာပေါ့လေ... အဲ... စမြင်မြင်ခြင်းမှာပဲ အဖိုးက ကျမဖခင်ကို အကဲခတ်ပြီး ကျမမိခင်ကို "ဒီ... ကောင်လေး မဆိုးပါဘူး"လို့ ပြောသတဲ့...:P ကျမဖခင်က ရန်ပွဲတွေ ခဏခဏဖြစ်တတ်တာကလွဲလို့ ရိုးရိုးသားသားနဲ့ ချစ်ခင်ဖွယ်သော ရုပ်ရည်ချောမောမှုကို ပိုင်ဆိုင်တယ်လေ... ဟီး... (တကယ်ပြောတာ...:P ) စကားမစပ် ကျမက ကျမဖခင်နဲ့ တော်တော်တူတယ်လို့တော့ လူတွေကပြောကြတာပဲ... ဟိ... ဒါပေမယ့် ကျမဖခင်က ခဏခဏပြောတယ်... ငါ့သမီးဖြစ်ပြီး ငါ့ခြေဖျားတောင်မမီဘူးတဲ့... ဟင်း!!... :P အဲ... ကျမမိခင်က အကြီးဆုံးမို့ သိပ်စိတ်မကောက်တတ်ပေမယ့် ကျမဖခင်က အငယ်ဆုံးမို့လားမသိ စိတ်ခဏခဏ ကောက်တယ်တဲ့... တစ်ခါတစ်လေ ဘာကိုကောက်သွားမှန်းတောင် ကျမမိခင်က မသိလိုက်ဘူးတဲ့လေ... ဟီး... ဆိုင်တော့မဆိုင်ပါဘူးနော်... ကျမလည်း အကြီးဆုံးပေမယ့် ကျမမိဘကိုဆို ခဏခဏ (အနည်းဆုံး တစ်ပတ်ကို နှစ်ရက်လောက်) စိတ်ကောက်တာပဲ...:P ပြီးတော့ ကျမဖခင်က အရမ်းလည်း သဝန်တိုတတ်တာတဲ့...:P ခုထိလည်း နည်းနည်းတော့ တိုတုန်းပါပဲ... အဲ... သမီးတွေကိုလည်း တိုတာပဲ...ဟီး... ကျမမိခင်က ကျမဖခင်နဲ့ အိမ်ထောင်ကျတော့ ကျမဖခင်ရဲ့ မိသားစုနဲ့အတူ လိုက်နေရတာပေါ့... သားအငယ်ဆုံးရဲ့ ဇနီးမယားလည်းဖြစ်ပြန်... အကြောင်းအမျိုးမျိုးတွေကလည်း ရှိပြန်တာမို့ ကျမမိခင် အတော်လေး အနေအထိုင် ဆင်းရဲခဲ့ရရှာတယ်... အဲဒီအကြောင်းအကြောင်းတွေကြောင့် ထင်ပါတယ်... အရွယ်ရောက်လာတဲ့ ကျမတို့ကို အိမ်ထောင်ပြုမယ်ဆို သေချာစဉ်းစားနော်... မာမားကို ကြည့်နော်လို့ အမြဲဆုံးမတတ်တယ်... ခုတော့ နှစ်တွေလည်း ကြာလာ... ယှဉ်စရာ ချွေးမတွေလည်းရှိခဲ့တော့ ကျမမိခင် ဘယ်လောက်ကောင်းမှန်း သိကုန်ကြပါပြီ... အဲ... သူမကိုယ်တိုင် ကံကောင်းတဲ့ ချွေးမတစ်ယောက်မဖြစ်ခဲ့ပေမယ့် သေချာတာကတော့ သူမရဲ့ချွေးမကတော့ ကံကောင်းပါလိမ့်မယ်... အရင်က ကျမမောင်လေးရဲ့ ချစ်သူ (ခုတော့ ပြတ်သွားပါပြီ) ကောင်မလေးက မောင်လေးနဲ့ အဆင်မပြေတိုင်း အန်တီနဲ့ တွေ့ချင်တယ်ဆိုလည်း သွားတွေ့... အန်တီနဲ့ ဖုန်းပြောချင်တယ်ဆိုလည်း ဘယ်လောက်မအား အားအား... သူမ ပြောချင်တာတွေ နားထောင်ပေး... ဖြောင့်ဖျနှစ်သိမ့်ပေးတတ်တယ်... ကျမဖခင်လည်း ဒီလိုပါပဲ... ကိုယ်က သားရှင်ဆရာဝန်လောင်းရဲ့ မိခင်ဖခင် ဆိုပြီး နေရာယူတတ်ကြတာမျိုးမရှိကြပါဘူးလေ... တစ်ခါတစ်လေ သားသမီးတွေကတောင် "မာန်မာန"လေးထားဖို့ ပြန်သင်ပေးရတဲ့အထိ အားနာတတ်တာ... ကိုယ်ချင်းစာပေးတတ်လွန်းတတ်ကြတာ... အဲ... အဲဒီ ကျမမိဘတွေရဲ့ အားနာတတ်သော အကျင့်ဗီဇကိုတော့ ကျမညီမလေးက အပြည့်အဝ အမွေဆက်ခံထားလေရဲ့...:P

ကျမမိခင်က သားသမီးတွေရဲ့ လိုအပ်ချက် မှန်သမျှ ဖြည့်ဆည်းလုပ်ကိုင်ပေးတတ်ပေမယ့် ယုယကြင်နာတာမျိုး သိပ်ဖော်ပြလေ့မရှိပါဘူး... ကျမစိတ်ကောက်လို့ ထမင်းမစားတဲ့အခါတိုင်း ကျမမိခင်ရဲ့ မပြောင်းမလဲ ချော့တတ်တဲ့စကားလေးရှိပါတယ်... "ဟဲ့... ကောင်မလေး... ထ... ထ... ငါ့သမီးကြိုက်တဲ့ xxx ဟင်း ချက်ထားတယ်... ထသွားစား... သွား... အစာအိမ်ရောဂါဖြစ်မယ်... ထ... မထဘူးလား... ကလိထိုးလိုက်မယ်... အံမယ်... မယားချင်ယောင်ဆောင်နေတယ်... ထ..." ဟီး... အဲဒီလို အမြဲချော့တိုင်း ကျမ ရယ်ချင်စိတ်ကို အမြဲထိန်းချုပ်ထားရတယ်... စိတ်လည်း အရမ်းပြေချင်တယ်... ကျမမိခင်က သူမကိုယ်တိုင်လည်း စိတ်မကောက်တတ်သလို စိတ်ဆိုးတဲ့သူကိုလည်း မချော့တတ်ဘူးလေ... ကျမဖခင်ကတော့ အဟဲ... သူကိုယ်တိုင်လည်း စိတ်ကောက်တတ်လို့လားတော့ မသိဘူး... ချော့တတ်ပါ့... ဟီး... ကျမကြိုက်သောမုန့် (မုန့်ဆို ဘာလာလာပါ...ဟီး...) ဝယ်လာပြီး ဪ... ငါ့သမီးနေမကောင်းဘူးလား... မုန့်မစားရလို့လား... ဘာလားညာလားပေါ့... ဟီး... ဒါပေမယ့် အကြီးဆုံးဖြစ်တဲ့ ကျမကို သိပ်ချော့လေ့တော့ မရှိပါဘူး...:( ကျမ ညီမလေးကိုလည်း ပိုချစ်တယ်...:( ဒါပေမယ့် ကျမဖခင်က ကျမမိခင်ထက် ဂရုစိုက်တာကို ပိုပြတတ်တယ်... ဥပမာ- ကျမ ရန်ကုန်တုန်းက အလုပ်မှာ လကုန်ရက်တိုင်း overtime ဆင်းရတယ်... ကျမတို့ department တစ်ခုတည်းကပေါ့လေ... လူ(၇)ယောက် (၈)ယောက်လောက်ပေါ့... အပြန်ကို ရုံးက ပြန်ပို့ပေးပါတယ်... နောက်အကျဆုံးက (၁၀)ခွဲဆို အိမ်ပြန်ရောက်ပါတယ်... အဲလို နေ့မျိုးဆို ဘောလုံးပွဲ ဘယ်လောက်ကောင်းကောင်း ကျမဖခင် မထိုင်နိုင်ပါဘူး... ဝရံတာမှာ ထွက်ထွက်မျှော်တတ်ပြီး ကျမလည်း ပြန်မလာသေးဘူးလို့ ကျမမိခင်ကို ခဏခဏ ပြောတတ်ပါတယ်... ကျမမိခင်ကတော့ သားသမီးတွေကို ယုံသလို သိပ်လည်းစိတ်မပူတတ်ပါဘူး... အဲ... မိခင် နဲ့ ဖခင် ပြောင်းပြန်ဖြစ်နေတာလေး တစ်ခုလည်း ရှိပါသေးတယ်... ဟီး... ကျမတို့ ညီအစ်မ မြန်မာပြည်က မစွန့်ခွာမီအချိန်ထိ Shopping ထွက်ရင် မိဘတွေနဲ့ပဲ ထွက်လေ့ရှိပါတယ်... ကျမမိခင်က လမ်းလျှောက်ရတာ ညောင်းလာရင် အနီးအနားက ထိုင်ခုံလေးမှာ ထိုင်နေတတ်ပြီး ကျမဖခင်ကတော့ ဂျင်းဘောင်းဘီဝယ်တာကအစ မျက်မှန်ကြီး တစ်ကားကားတပ်ပြီး ဒါကတော့ မလိုက်ဘူး... ဒါကတော့ လိုက်တယ်နဲ့... တစ်ခါတစ်လေ ကျမတို့ထက်တောင် ဂျီးများတတ်ပါသေးတယ်...:P အမြဲတမ်း မညည်းမညူ သမီးတွေနဲ့ ဈေးဝယ်ထွက်တဲ့ ဖခင်မျိုး ဒီကမ္ဘာမှာ လက်ချိုးရေလို့ရမယ် ထင်ပါတယ်...:P

နောက်ပြီး ကျမမိဘ နှစ်ပါးလုံးမှာ တူညီတာတွေ အများကြီး ရှိပါတယ်... ဥပမာ ပျော်ပျော်နေတတ်တာ... အားနာတတ်တာ... သဘောကောင်းတာ... လက်ဖွာတာ... သားသမီးတွေ ပူဆာတာကို အပင်ပန်းခံ ဖြည့်ပေးတတ်တာ... ဟီး... တစ်ခါတစ်လေ ထမင်းမစားချင်ရင် ကျမဖခင်ကို ထမင်းအတင်းကြော်ခိုင်းတာမျိုးပေါ့ (ကျမဖခင် ကြော်တဲ့ ထမင်းကြော်လောက် စားကောင်းတာမရှိသလို ကျမမိခင် ချက်တဲ့ ဟင်းလောက်အရသာကောင်းတာမရှိ...:P ) အဟဲ... အဲဒါမျိုးတွေပေါ့... ကျမဖခင် နဲ့ မိခင်မှာ တူညီတာလေးတွေရှိကြတယ်...:P အဲ... သူတို့ သူငယ်ချင်းတွေကလည်း တွေ့ရင် ခဏခဏနောက်ကြတာ "အသွင်တူ အိမ်သူဖြစ်"တဲ့...:P ကျမမိဘတွေက များသောအားဖြင့် မိဘဆိုတဲ့ အနေအထားမျိုးထက် သူငယ်ချင်းလိုအနေအထားမျိုးနဲ့ ကျမတို့ကို ဆက်ဆံတာများပါတယ်... ဟဲ... တစ်ခါတစ်လေ သားအဖတွေ အိမ်ကျဉ်းကျဉ်းမှာ တစ်ဝုန်းဝုန်းနဲ့ ပြေးတမ်းလိုက်တမ်းတောင် ကစားတတ်ကြသေးတယ်... မောင်လေးကလည်း အစအနောက်သန်တယ်... ကျမဖခင်ကလည်း သူ စိတ်ကြည်ရင် အရမ်းစ,တာ... မသိတဲ့သူတွေကတော့ ကလေးငယ်တွေရှိလို့ စိန်ပြေးတမ်းစော့ကြတယ် ထင်တာပေါ့လေ... အမှန်က ဒီအရွယ်ကြီးတွေ စော့နေကြတာလေ... ဟီး... တစ်ခါတစ်လေလည်း တစ်လုံးတည်းသော Computer ကို လုပြီး Game ကစားတတ်ပါတယ်... အများဆုံး လုတာကတော့ ကျမနဲ့ပေါ့လေ...:P တစ်ခါတစ်လေ Folder လေးတွေ ရွှေ့လိုက်ရင် သူတို့မလုပ်တတ်တော့ဘူးလေ... ကျမဖခင်ကတော့ သူ့ဘာသာ လျှောက်ရှာတတ်သေးပေမယ့် ကျမမိခင်ကတော့ ဟယ်... ဟိုအရုပ်လေးတွေနဲ့ Game ကော... ဒီ အကောင်လေးတွေနဲ့ Game ရောနဲ့ မေးပါလေရော... တစ်ခါတစ်လေ ကျမတို့ မောင်နှမတွေ ညစ်ပြီး မပြောပြရင် Computer ရှေ့လေး ငုပ်တုတ်ထိုင်ရင်း ဟဲ့... လာလုပ်ပေးကြဦးလေ... လို့ ပြောရော... ဟီး... ကျမမိခင် စိတ်ဆိုးစပြုမှ တစ်ယောက်ယောက်က သွားထ,လုပ်ပေးပြီး "တုံးတက်စ်"လို့ အမေ့ကို စရောလေ (တုံး တာကို adjective လိုယူပြီး -est ထည့်ခေါ်တာပါ) ဟီး... အဲဒါနဲ့ ကျမမိခင်မှာ "တုံးတက်စ်... တုံးတက်စ်..."ဆိုပြီး တွင်သွားတော့တာပေါ့... အဲ... တစ်ခါတစ်လေ ကျမတို့ အူကြောင်ကြောင်ဖြစ်တာမျိုး... နားဝေးတာမျိုးနဲ့ ကြုံရင် ကျမမိခင်က ကျမတို့ကို "တုံးတက်စ်"လို့ ပြန်ခေါ်တတ်ပါတယ်... အဲဒီလိုအခါမျိုးဆို အရမ်းရယ်ရတဲ့ ပြက်လုံးတစ်ခုရသလို ကျမတို့မှာ ပွဲကျရတာပေါ့... အဟဲ... ကျမမိခင်က ကျမဖခင်ကို ပေးထားတဲ့ နာမည်လေးလည်း ရှိသေးတယ်... ဟီး... အိမ်မှာ တစ်ခုခုပျက်ရင်လေ ကျမဖခင်က ဘယ်တော့မှ ဆိုင်မပို့ဘူး... နေဦး ငါလုပ်ကြည့်ဦးမယ်ဆိုပြီး စမ်းတော့တာပဲ... အဲ... အများဆုံးပျက်တာကတော့ စားပွဲတင်နာရီတွေပေါ့... ဟီး... အဲဒါ ကျမမိခင်က ကျမဖခင်ကို နာမည်ပေးလိုက်တယ်... "ဖျက်ကန်းနစ်"လို့... ဟီး... အဲ... ကျမကိုလည်း နာမည်ပေးထားသေးတယ်... ဟီး... (လာမခေါ်နဲ့နော်... ခေါ်တဲ့သူ ရန်သူပဲ... အိမ်က ချစ်စနိုးပေးထားတာ...ဟီး...) ဘယ်သွားသွား ဘယ်လာလာ ဇိမ်နဲ့ ဖြည်းဖြည်းလုပ်တတ်တဲ့ အကျင့်ဆိုးကြောင့် အမြဲတမ်း ကျမကို စောင့်ရလေ့ရှိတယ်လေ... (ချိန်းတိုင်းလည်း နောက်ကျတာ များပါတယ်... ရုံးလည်း အမြဲနောက်ကျပါတယ်...:P ) အဲဒါ ကြာလို့တဲ့... "ကြာသည်"လို့ ပေးထားပါတယ်... ဟီးဟီး... ကျမအိမ်နာမည်ကို ပြောင်းပြန် ပြန်ခေါ်ရင်လည်း အဲဒီလို အသံထွက်ပါတယ်...ဟီး... အဲဒါ ကျမ့မိခင်က စခေါ်ရင်း တွင်သွားတာ ကျမဦးလေးတွေ၊ အဒေါ်တွေကပါ တစ်ခါတစ်လေ နောက်နောက်ပြီး ခေါ်ပါတယ်...:( (အမှန်က ရှိသေးတယ်... တစ်ခြားနာမည်တွေ... ပြောတော့ဘူး...ဟိ) ညီမလေးရဲ့ နာမည်တော့ ပြောတော့ပါဘူး... permit မရလို့...:P မောင်လေးကိုတော့ ကျမမိခင်က နာမည်ပေးထားတယ်... "ကိုညစ်လေး"တဲ့... ကစားရင် ညစ်တတ်လို့ (အမှန်က လူလည်ကြတာ...:P) သူသိထားတာရှိရင်လည်း တစ်ခါတစ်လေ လျှိုထားတတ်လို့တဲ့... game တွေဘာတွေ စော့လို့ သူ့အလှည့်ပြီးရင်လည်း "ခဏလေး... ခဏလေး... ပွဲကောင်းနေလို့...ပြီးတော့မှာ... ပြီးတော့မှာ..." နဲ့... နေသာဝင်သွားမယ်... သူ့"ခဏလေး"က မပြီးဘူး... အဲလိုနဲ့ ကိုရီးကားတွေ လွဲရပေါင်းလည်း များပေါ့... (TV Game စော့တာကိုး... ရုပ်ရှင် ဘယ်ကြည့်ရမလဲ) အဲ... ဘမျိုးဘိုးတူဆိုတော့... ဟီး... ကျမဖခင်ကို "ကိုညစ်ကြီး"တဲ့... ကျမ မောင်လေးကို "ကိုညစ်လေး"တဲ့... ဟီး... ကျမမိခင် နာမည်ပေးထားတာ...:P

အဲ... ပြီးတော့... ရုံးအလုပ်လုပ်ကြတာမဟုတ်တဲ့ ကျမရဲ့မိဘတွေဟာ သားသမီးတွေအတွက် အချိန်အပြည့်အဝလည်း ပေးနိုင်ကြပါတယ်... ကျမတို့ (၇)တန်း (၈)တန်းအထိ ကျောင်းအဆင်း ကျူရှင်အတက်ကို ကျောင်းရှေ့မှာ ကျမမိခင်ဖြစ်ဖြစ် ကျမဖခင်ဖြစ်ဖြစ် တစ်ခါတစ်လေ မိခင်ကိုရောဖခင်ရော လာစောင့်နေလေ့ရှိပါတယ်... များသောအားဖြင့် အပြင်အစားအစာ (ခေါက်ဆွဲသုပ်တို့ ဘာတို့...:P) သိပ်စားလေ့မရှိသော ကျမအတွက် မုန့်ဗူးနဲ့ လာစောင့်နေလေ့ရှိပါတယ်... သိကြတဲ့အတိုင်း အထက်တန်းကျောင်းသားကျောင်းသူတွေရဲ့ ဒုက္ခတစ်ခုဖြစ်သော လူနဲ့မမျှတဲ့ စာအုပ်တွေ ပခုံးတစ်ခြမ်းစောင်းအောင် သယ်ရတာမို့ ကျူရှင်မတတ်ရသော စာအုပ်တွေကိုလည်း ပြန်သယ်ပေးသွားတတ်ကြပါသေးတယ်... အရွယ်ရောက်လာတော့ ကျောင်းပို့ကျောင်းကြိုမဟုတ်တော့ဘဲ ရုံးပို့ရုံးကြိုပေါ့... နောက် ဘယ်သွားသွား ဘယ်လာလာ လိုက်ပို့တတ်ပြန်ပါတယ်... တစ်ခါတစ်ခါတော့လည်း အရွယ်ရောက်နေတဲ့ ကျမတို့ကို သူငယ်ချင်းအိမ်သွားတာကအစ လိုက်ပို့ပေးတတ်တာမို့ ရှက်ချင်ချင်... မိဘမို့ စိတ်ပူတာလည်း ပါသလို အဟဲ... စိတ်မချတာလည်း ပါတာပေါ့လေ... နောက်ပြီး ကျမမိသားစုရဲ့ စရိုက်လေးတစ်ခုလို့ ပြောရမယ့်အရာလေးတစ်ခု ရှိပါတယ်... အဲဒါကတော့ ဘယ်သူ ဘယ်ကပြန်လာပြန်လာ... အပြင်မှာ ဖြစ်ပျက်ခဲ့တာကို အိမ်သားတွေကို ပြန်ပြောပြတတ်ကြတာပါပဲ... အဲ... အဆိုးဆုံးကတော့ ကျမတို့ညီအစ်မပေါ့... ဘယ်သွားသွား ဘယ်လာလာ အမွှာပူးလို တစ်တွဲတွဲ (ရုံးတော့မတူဘူးပေါ့လေ...:P ) မို့ အကြောင်းအရာ တစ်ခုကို နှစ်ယောက်လုလုပြောရတယ်လေ... အဲ... တစ်ခါတစ်လေတော့ မခွဲမခွာ သွားလာတတ်သော လူကြီးစုံတွဲက အပြိုင်လုပြောတတ်တာပေါ့... ဟီး... ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေဆို မမြင်ဖူးရင်သာရှိမယ် နာမည်နဲ့ လူတွေ တွဲပြီး မသိရင်သာရှိမယ် အားလုံးကို ကျမမိဘတွေက သိကြသလို လူကြီးတွေရဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ နာမည်တွေကလည်း ကျမတို့နဲ့ ရင်းနှီးလို့ နေတယ်လေ... ပျော်ရွှင်စရာ အမြောက်အမြားနဲ့ အမှတ်တမဲ့ပေမယ့် စိတ်သန္တံမှာ မှတ်မှတ်ရရ ရှိနေတာလေးတွေပေါ့လေ...

ခုတော့... စကားတွေ ဖောင်ဖောင်ဖွဲ့ခဲ့တဲ့... စကားသံတွေနဲ့ ဆူညံခဲ့တဲ့ အိမ်လေးလည်း တိတ်ဆိတ်နေခဲ့တာ... ရယ်သံများနှင့် ပြေးလွှားသံများ ဆိတ်သုန်းခဲ့တာ တစ်နှစ်နဲ့ ခုနှစ်လနီးပါးများတောင် ရှိခဲ့ပြီပေါ့လေ... ခြောက်သွေ့တဲ့ အိမ်လေးထဲမှာ အဝေးက သမီးတွေကို တမ်းတလွမ်းနေမယ့် တစ်နေ့တစ်ခြား ဇရာဆိုတာကို မလွန်ဆန်နိုင်သော မိဘစုံတွဲလေးလည်း ကျိတ်ကျိတ်ဆွေးနေရရှာမှာပဲနော်... တစ်ပတ်မှာနှစ်ခါလောက် သမီးတွေ ရုံးပိတ်ချိန်လေး အနားယူ အိပ်ရေးဝနေမယ့် နေ့ခင်းဘက်လေးတွေမှာ internet ဆိုင်လေးရှေ့ ယောင်ချာချာနဲ့ တန်းစီ စောင့်စားနေရရှာတာလည်း သမီးတွေအသံ သမီးတွေ မျက်နှာ ကြားရဖို့၊ မြင်ရဖို့ သူတို့မှာ ပင်ပန်းတယ်လို့တောင် ယူဆမယ်မထင်... သမီးတွေဆီက ပျော်ရွှင်နေတာတဲ့ အသံလေးတွေ ကြားရရင် သူတို့မှာ ယောင်ရမ်းလို့တောင် အရယ်မရပ်နိုင်... သမီးတွေဆီက မပြေလည်တဲ့ အသံလေးတွေကြားရရင်တော့ "ငါ့သမီးလေးတွေလို့..." ရင်ထဲ... ဒါမှမဟုတ် နှစ်ယောက်တည်း တီးတိုးရွတ်လို့ အားပေးစကားနဲ့ ပြုံးပြနေတတ်ကြတာ... နှုတ်ဆက်ချိန်ရောက်တိုင်း မရိုးနိုင်စွာ တွေ့ရတဲ့ မျက်ရည်စတွေ ခိုနေတတ်တဲ့ မျက်ဝန်းအစုံနဲ့ ရယ်မောလက်ပြတတ်ကြတာ...

အိမ်... ကျမအတွက်တော့ အမိုးအကာရှိတိုင်း အိမ်လို့မမည်ပါ... တန်ဖိုးကြီး စည်းစိမ်တွေရှိတိုင်း အိမ်လို့ မမည်ပါ... စကားသံတွေ မရှိတဲ့ တိတ်ဆိတ်နေတဲ့အိမ်ဟာ အိမ်မမည်ပါ... ရယ်သံတွေ ခမ်းခြောက်နေတဲ့ အိမ်ဟာ အိမ်လို့ မမည်ပါ... မိဘတွေဟာ သားသမီးတွေအတွက် အမိုးအကာဆိုရင် သားသမီးတွေဟာ အိမ်တစ်အိမ်ရဲ့ လေပြေတိုးဝှေ့တိုင်း သံစဉ်တစ်ပုဒ်ထုတ်လုပ်တတ်တဲ့ ဆည်းလည်းသံတွေပါ...

အိမ်... ကျမဘဝ ၂၅နှစ်တိုင်တိုင် ပိုင်ဆိုင်ခဲ့သော အိမ်... နောက်ထပ် အချိန်ဘယ်လောက်ကြာမှ ကျမပြန်လည် ပိုင်ဆိုင်ခွင့်ရပါ့မလဲ... ဘယ်နှစ်နှစ်တိုင်အောင်ကော ကျမ ပိုင်ဆိုင်ခွင့်ရပါ့မလဲ... ခုချိန်မှာ ကျမ အိမ်တစ်အိမ်ကို ပြင်းပြင်းပြပြ ပိုင်ဆိုင်ချင်ပါတယ်... ကျမ အရင်တစ်ချိန်က ပိုင်ဆိုင်ခဲ့တဲ့ အိမ်လေးအတိုင်း ကျမ ပိုင်ဆိုင်ချင်လှပါပြီ... အဲဒီလို ပိုင်ဆိုင်နိုင်ဖို့ ကျမတို့ မိသားစုဝင်တွေရဲ့ ရင်တွင်းနာတွေ ဘယ်လောက်ကြာရှည်ခံစားရပါဦးမလဲနော်.......


Created By: k2tmaung (29 September 2009 Tuesday 06:30AM)

(01.10.2009 ဆို တစ်နှစ်နဲ့ ခုနှစ်လနီးပါးများတောင် ရှိခဲ့ပြီ)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..