Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...




















ခုတလော... အလုပ်ကိစ္စ္စရော... လူမှုရေးကိစ္စတွေရော စိတ်ရှုပ်စရာတွေများတော့ တွေးမိတွေးရာတွေးပြီး ရေးမိရေးရာ ချရေးမိပါတယ်... သာမာန်အားဖြင့် စိတ်ရှုပ်မခံတတ်တဲ့၊ မခံနိုင်တဲ့ ကျမအဖို့ စိတ်ညစ်စရာကောင်းတဲ့ နေ့ဆိုတာ နည်းနည်းတော့ ရှားပါတယ်... ခံစားစရာရှိရင်လည်း ပြင်းပြင်းထန်ထန် ခံစားတတ်ပြီး လူပါ လဲလဲကျ,သွားတတ်ဖူးလို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုအခြေအနေ ဖြစ်မသွားရအောင် ထိန်းထားတာလည်း ပါမှာပေါ့လေ... ဒီတစ်လောကတော့ လူတွေကို တော်တော်လေး စိတ်ပျက်မိနေပါတယ်... ဟိုသီချင်းလေးလိုပေါ့ "လူတွေကခက်တယ်~~~" သီချင်းစာသားက ကျမ ခံစားချက်တွေနဲ့ မဆိုင်ပေမယ့် အဲဒါလေးကိုပဲ ခဏခဏ အော်ညည်းဖြစ်နေတယ်... လူတွေက တော်တော်ခက်ပါတယ်...:)

ကျမကိုယ်ကျမ အမြဲ မေးခွန်းထုတ်ပြီး အတည်ပြုချက် ရယူထားသလို... အတည်ပြုထားတဲ့ ခံယူချက်လေးတစ်ခု မယိုင်လဲရအောင်လည်း ကြိုးစား(နေ)တာ ရှိပါတယ်... အဲဒါလေးက "လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကျမက လေးစားမှုကို အခြေခံပါတယ်..." အစ်ကိုတစ်ယောက်က ပြောဖူးပါတယ်... လူတွေနဲ့ ဆက်ဆံဖို့ နားလည်မှုနဲ့ သဘောထားကြီးမှုကလည်း လိုအပ်ပါတယ်တဲ့... ဟုတ်ပါတယ်... မှန်ပါတယ်... ဒါပေမယ့် လူတစ်ယောက်ကို မြင်စ ခင်စ ပေါင်းသင်းဆက်ဆံခါစမှာ လေးစားမှုနဲ့ အရင်စတင် ဆက်ဆံသင့်တယ်လို့ ကျမတော့ မြင်မိပါတယ်... လူတစ်ယောက်အကြောင်းကို နားမလည်သေးခင် လူတစ်ဖက်သားအပေါ် လေးစားမှုနဲ့ စတင်ဆက်ဆံဖို့နဲ့ တစ်ဖက်လူဘက်ကလည်း လေးစားစွာ ပြန်လည်ဆက်ဆံဖို့ လိုမယ်ထင်ပါတယ်... ဒါမှလည်း နှစ်ဦးနှစ်ဖက် ရေရှည်ဆက်ဆံရေးက ပိုခိုင်မြဲမယ်လို့ ထင်မိပါတယ်... ဒါဆို လေးစားမှုဆိုတာကကော ဘယ်လိုသတ်မှတ်မှာပါလဲ....:P


လူတွေက အဆင့်အတန်းဆိုတာကို ဘယ်လို သတ်မှတ်ကြပါလိမ့်... ကျမအတွက်တော့ လူတစ်ယောက် ရုပ်ရည်ချောမောခြင်း၊ ဥစ္စာဓန ပေါကြွယ်ဝခြင်း၊ ပညာမြင့်မြင့်မားမား တတ်မြောက်ထားခြင်းဟာ အဆင့်အတန်းတစ်ခုကို မညွှန်းဆိုနိုင်ပါဘူး... အဆင့်အတန်းဆိုတာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းပေါ် အမှီအခိုကင်းပါတယ်... ပညာတတ်ခြင်းမတတ်ခြင်းနဲ့လည်း လွတ်ကင်းပါတယ်... လူတစ်ယောက်ရဲ့ ပြုမူပြောဆို ဆက်ဆံပုံ၊ အနေအထိုင်အသွားအလာ စသဖြင့် ထိုသူရဲ့ အခြေခံကျကျ ပြုမူဆောင်ရွက်မှုတွေကသာလျှင် အဲဒီလူရဲ့ တန်ဖိုး၊ စိတ်ဓာတ်အဆင့်အတန်းကို ဖော်ဆောင်နေပါတယ်လို့ ကျမ သတ်မှတ်ထားပါတယ်... နောက်ပြီး ယုတ်ရင်းကြမ်းတမ်းတဲ့ စကားကိုဆိုတတ်သူကိုကော အဆင့်နိမ့်တယ်လို့ သတ်မှတ်မလား... ပြင်ပလက္ခဏာအရတော့ အဆင့်တစ်ခုထိတော့ ကျ,သွားမှာ အမှန်ပါပဲ... စကားပုံလေးတစ်ခု ရှိပါတယ်လေ... "အမိယုတ်သော် နှုတ်ကြမ်း၏... အဖယုတ်သော် ကိုယ်ကြမ်း၏"တဲ့... ဒါပေမယ့်... အဲဒီလို ကြမ်းတမ်းတဲ့ စကားတွေမသုံးဘဲ လှပပေမယ့် အဆိပ်ဖြစ်စေတဲ့ စကားလုံးတွေသုံးပြီး လူတစ်ယောက်ရဲ့ နာမည်ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်နေကြသူတွေ ဒီကမ္ဘာပေါ်မှာ ဒုနဲ့ဒေးပါလေ... ဒါကြောင့် တစ်ချို့လူကြီးသူမတွေက ပြောဖူးကြပါတယ်... ပညာများများတတ်လေ ကောက်ကျစ်လေ... ဉာဏ်နီဉာဏ်နက်များကြလေတဲ့... ဟုတ်သလိုလိုတော့ရှိတယ်နော်... ပညာတွေ သင်လာရတော့ စဉ်းစားတွေးခေါ်မှုပိုင်းမှာ အားကောင်းလာကောင်း လာနိုင်ပါတယ်... ဒါပေမယ့် အဓိကကျတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သတ်မှတ်နိုင်ဖို့ အဲဒီလူရဲ့ ပင်ကိုယ်စိတ်ဓာတ်ပေါ် အများကြီး မူတည်တယ်လို့ ကျမထင်ပါတယ်... ပြီးတော့ ပေါက်ဖွားဖြစ်တည်ခဲ့ရတဲ့ မိသားစုအသိုင်းအဝိုင်း၊ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် စတာတွေကလည်း လူတစ်ယောက် လူဆိုးလူကောင်းဖြစ်ဖို့ အကြောင်းတရားတွေလို့ပဲ ကျမမြင်မိပါတယ်... ဒါတွေကကော ပြင်ယူလို့ မရနိုင်ဘူးတဲ့လား... ကျမတော့ မထင်ပါဘူး... လူဆိုတာ ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တာပါတဲ့... ကြိုးစားပြင်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်... နောက်ပြီး ကိုယ်ကိုယ်တိုင် လူတွေထဲက လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့ဆိုရင်... လူအများရဲ့ လေးစားမှုကို ခံယူနိုင်ဖို့ဆိုရင်... ကိုယ်တိုင်ကလည်း လူတွေကို လေးစားနိုင်ရမယ်၊ လေးစားတတ်ရမယ်... တန်ဖိုးရှိအောင်လည်း နေတတ်ရမယ်လို့ ကျမ ယုံကြည်ထားပါတယ်... ဒါဆို လေးစားမှုဆိုတာသည် လူတစ်ယောက်ရဲ့ တန်ဖိုး၊ အဆင့်အတန်းပေါ် အမှီပြုရာကျတယ်လို့ကော မထင်မိပေဘူးလား... လူတစ်ယောက်ကို လေးစားနိုင်ဖို့ဆိုတာ အဲဒီလူရဲ့ တန်ဖိုးပေါ်လည်း အများကြီး မူတည်တယ်လို့ ကျမ ခံယူပါတယ်... ကိုယ့်တန်ဖိုးတောင် ကိုယ်ဘယ်လိုသတ်မှတ်ရမှန်းမသိတဲ့ လူတစ်ယောက်... လူ့တန်ဖိုးဆိုတာကိုလည်း နားမလည်တဲ့ လူတစ်ယောက်ကို ကိုယ်က လေးလေးစားစားဆက်ဆံမိရင် လေးစားမှုဆိုတာပါ တန်ဖိုးမဲ့သွားမယ်လို့ ကျမတွေးထင်မိပါတယ်... ရှုပ်သွားမလားတော့ မသိဘူးနော်... အဲ... အဲလို တန်ဖိုးနားမလည်သူတွေကို ကိုယ်ကလည်း လေးစားစရာမလိုပါဘူး... တန်ဖိုးထားစရာမဟုတ်ပါဘူးဆိုပြီး မလေးမစား ဆက်ဆံမိရင်ရော... ကိုယ့်တန်ဖိုးကိုယ် ဘယ်လို သတ်မှတ်ကြမှာပါလိမ့်... ရှင်းသလိုလိုနဲ့ ပိုရှုပ်သွားစေပြီ ထင်ပါရဲ့...:P ကျမ အတွက်တော့ တန်ဖိုးဆိုတာ ကိုယ့်အပြုအမူတွေကနေ အမှတ်ပေးတဲ့ စာမေးပွဲတစ်ခုပါ...:)

ကျမ အမြဲလိုလို တွေးမိနေတာလေးတစ်ခု ပြောပြချင်ပါသေးတယ်... ကျမ ဒီမှာ ဒုတိယမြောက်အလုပ်ဝင်စအချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကျမနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးရဲ့ အကြောင်းလေးပါ... နှစ်ဦးလုံးက China ကပါပဲ... တစ်ယောက်က ရှန်ဟိုင်းက... တစ်ယောက်က စူးကျိုးကပါ... ရှန်ဟိုင်းကတစ်ယောက်က သွက်လက်တယ်... ဒါပေမယ့် ဉာဏ်သိပ်မသွက်ဘူး... စူးကျိုးကတစ်ယောက်က ဉာဏ်ကောင်းတယ်... စိတ်တိုရင် အပေါက်ဆိုးတယ်... စိတ်မရှည်တတ်ဘူး... လူတစ်ယောက်မှာ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက်တွေ ရှိနေတာဟာလည်း သဘာဝပါပဲ... ကိုယ်ကောင်းတဲ့အရာတိုင်း သူများမကောင်းလို့ သူ့ကို ညံ့တယ်လို့တော့ မဆိုနိုင်ပါဘူးလေ... အဲ... အဲဒီလိုနဲ့ တစ်ယောက်အားနည်းချက်ကို တစ်ယောက် ညှိမယူနိုင်တဲ့ သူတို့နှစ်ယောက် လေးစားမှုဆိုတာကိုလည်း အစကတည်းက အခြေမခံခဲ့တော့ ဆက်ဆံရေးမှာ သူတစ်ပြန် ကိုယ်တစ်ပြန်ပေါ့လေ... သူဌေးနဲ့ ရင်းနှီးတဲ့ စူးကျိုးသူက ရှန်ဟိုင်းသူအပေါ် မကျေနပ်တာတွေပြော... Sales Manager နဲ့ ရင်းနှီးတဲ့ ရှန်ဟိုင်းသူကလည်း စူးကျိုးသူနဲ့ မတည့်တာတွေပြော... ကြာတော့ သူဌေးက ရှန်ဟိုင်းသူကို ကြည့်မရသလို Manager ကလည်း စူးကျိုးသူကို အမြင်တွေကပ်... နောက်ဆုံး ၆လပြည့်တာတောင် သူဌေးဆီက Confirmation Letter လို့ ခေါ်တဲ့ အလုပ်အကိုင်ရာထူး၊ ခံစားခွင့်တွေနဲ့ ပတ်သက်တဲ့ အတည်ပြုချက်မရတဲ့ ရှန်ဟိုင်းသူက အလုပ်ထွက်သွားပါတယ်... ကျမအမြင်တော့ ရှန်ဟိုင်းသူအလုပ်ထွက်ရခြင်း အကြောင်းရင်းမှာ စူးကျိုးသူရဲ့ စကားပြောမဆင်ခြင်မှုတွေ အများကြီးပါတယ်လို့ ယူဆမိပါတယ်... (ကျမကိုယ်တိုင်လည်း မြင်တွေ့နေခဲ့ရလို့ပါ) တကယ်လို့ ရှန်ဟိုင်းသူက အလုပ်မရှိရင် သူ့စားဝတ်နေရေးအတွက် အခက်အခဲရှိသူ တစ်ယောက်ဖြစ်ခဲ့ရင်... စူးကျိုးသူက လူတစ်ဖက်သား နစ်နာအောင် လုပ်ရာမကျပေဘူးလားနော်... သူဌေးနဲ့ ရှန်ဟိုင်းသူရဲ့ ရင်းနှီးမှုတွေကို စကားလုံးတွေနဲ့ တိုက်စားပစ်တာနဲ့ မတူပေဘူးလား... ဒီလိုပဲ Manager က စူးကျိုးသူကို ကြည့်မရဖြစ်ခြင်းဟာလည်း ရှန်ဟိုင်းသူရဲ့ စကားအသွားအလာပေါ် အများကြီး မူတည်တာမို့ လူနှစ်ဦး ချစ်ခင်မှုကို ပျက်ပြားအောင် လုပ်ရာကျ,တယ်လို့ ကျမမြင်မိပါတယ်... လူဆိုတာကတော့ ကိုယ်နဲ့ နီးစပ်ခင်မင်သူအပေါ် အကောင်းမြင် နားလည်ပေးတတ်ကြတာ သဘာဝပါပဲ... ဒါကြောင့် သူဌေး နဲ့ Manager က သူတို့နဲ့ အလျဉ်းသင့်တဲ့သူတွေရဲ့စကား ကြားပါများတော့ အမြင်တွေ အားလုံးမဟုတ်တောင် တစ်စိတ်တစ်ပိုင်းတော့ ပြောင်းလဲသွားကြတာ သိပ်တော့ မဆန်းဘူးပေါ့လေ... "စကားတစ်ခွန်းကြောင့် လူတစ်ယောက်ဘဝ ပျက်စီးစေတယ်" ဆိုတဲ့စကားလေးကို ကျမ ဘယ်က ကြားဖူးမှန်း မမှတ်မိတော့ပေမယ့် အဲဒီစကားလေးနဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးရဲ့ ဇာတ်လမ်းလေးကို အကြောင်းသင့်တိုင်း ကျမ တွေးမိပါတယ်... အဲဒီလိုပဲ လူတစ်ယောက်အပေါ် ကိုယ်မကျေနပ်တဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အဲဒီလူနဲ့ ပတ်သက်ဆက်နွယ်သူကို မပြောမိဖို့လည်း ကျမ သင်ခန်းစာယူ ကြိုးစားမိပါတယ်... လူပဲလေ အမှားမကင်းပါဘူး... အတိတ်မှာလည်း အမှားရှိခဲ့မယ်... ပစ္စုပ္ပန်မှာလည်း အမှားလုပ်မှာပါပဲ... အနာဂါတ်မှာလည်း အမှားလုပ်ဖြစ်ဦးမှာပါပဲ... ကိုယ်ချင်းစာကြည့်ရင် နားလည်မှုတွေလည်း မွေးဖွားပေးနိုင်မှာပါလို့ ကျမ တွေးမြင်မိပါတယ်... လူတိုင်း ကိုယ့်အမှားကို လက်ညှိုးထိုးခံရဖူးကြမှာပါ... ကျမ ကိုယ်တိုင်လည်း ကျမ သိပ်ချစ်တဲ့ ကျမ မိဘတွေရဲ့ အမှားထောက်ခြင်းကို နှစ်နဲ့ချီကြာ ခံရဖူးတော့ ကိုယ်ချင်းစာပေးလို့ ရနိုင်ပါတယ်... အခြေအနေဆိုတာခြင်း ထပ်တူမကျနိုင်လို့ နားလည်ပေးနိုင်မှုဆိုတာလည်း ကွဲလွဲကောင်း ကွဲလွဲနိုင်တာပေါ့လေ...

နောက်တစ်ခုက "ဝေဖန်မှု"... ကျမ အမြင်မှာတော့ ဝေဖန်မှုဆိုတာ အောင်မြင်မှုကို လိုလားသူတိုင်းအတွက် လိုအပ်တဲ့ အခြေခံ အုပ်မြစ်တစ်ချပ်ပါ... ဒါပေမယ့် အပြုသဘောမျိုးကို ကျော်လွန်သွားရင် ဝေဖန်မှုကနေ ကဲ့ရဲ့မှုဖြစ်သွားမယ်လို့ ထင်ပါတယ်... ဝေဖန်မှုမှာ အသိဉာဏ်ကိုသုံးတဲ့ သုံးသပ်ချက်တွေ ပါပေမယ့် ကဲ့ရဲ့မှုမှာတော့ မနာလိုမှုတွေ ပါ,နေတယ်လို့ ထင်ပါတယ်... ဒါဆို လူတွေ ဘာကြောင့် ကဲ့ရဲ့မှုတွေကိုများ ပြုကြတာပါလိမ့်... သူတစ်ပါး ပျော်ရွှင်မှု၊ အဆင်ပြေနေမှုတွေကို ဘာအတွက် မနာလိုဖြစ်နေတာပါလိမ့်... ကိုယ့်မှာ မရှိတဲအရာ၊ ကိုယ့်မှာ မပြည့်သေးတဲ့အရာကို တောင့်တနိုင်ပါတယ်... မျှော်မှန်းပိုင်ခွင့်ရှိပါတယ်... အဲဒီလိုတောင့်တမျှော်လင့်နေခြင်းအတွက် စိတ်ကူးတွေ ရှင်သန်ခွင့်ရှိပါတယ်... ဒါပေမယ့် မပြည့်တဲ့အိုး ဘောင်ဘင်ခတ်သလို ကဲ့ရဲ့မှုပြုကြတာကတော့ မပြည့်ဝတဲ့ စိတ်ထားကို ကိုယ့်ဘာသာ ဖွင့်ဟပြတာ၊ မဖြောင့်မတ်တဲ့ နှလုံးသားကို ကိုယ့်ဘာသာ အရောင်ဆိုးနေကြတာလို့ ကျမ မြင်မိပါတယ်... ကျရှုံးတာ၊ ရှုံးနိမ့်တာကို ရဲရင့်စွာ လက်ခံနိုင်ခြင်းက ရိုးသားမှုကို အရောင်တင်တာပါ... ကိုယ့်စိတ်နှလုံးရဲ့ အမှောင်ထုကို အလင်းဆောင်တဲ့ အောင်မြင်ခြင်းတစ်မျိုးပါ... အောင်နိုင်ခြင်း၊ အနိုင်ရခြင်းကို မာန်ကင်းစွာ လက်ခံယူနိုင်ခြင်းဟာလည်း နောက်ထပ် အောင်မြင်မှုတွေကို လက်ကမ်းကြိုဆိုခြင်းပါ... ကိုယ် မနိုင်လိုက်ရတဲ့၊ ကိုယ်မပိုင်လိုက်ရတဲ့ အရာတစ်ခုအတွက် ဝန်တိုမစ္ဆိယစိတ်တွေနဲ့ ကဲ့ရဲ့ခြင်းဟာ ကိုယ့်စိတ်ကိုယ် အကျဉ်းချခြင်း၊ အမှန်တရားတစ်ခုကို ထပ်ဆင့်ကျရှုံးခြင်း၊ ကိုယ့်ရိုးသားမှုတွေကို ကိုယ်တိုင် ဈေးချရောင်းနေခြင်းလို့ပဲ ကျမတော့ မြင်မိပါတယ်...

နောက်ထပ် ဆိုးတာတစ်ခုက နောက်ကွယ်မှာ မကောင်းမြင်ရှုထောင့်က ကြည့်ပြီး အတင်းအဖျင်းပြောတာ... တစ်ချို့လူတွေက ရည်ရွယ်ချက်ပါပါနဲ့ ချောက်တွန်းလိုတဲ့ ဆန္ဒနဲ့ ပြောကြတဲ့ သူတွေရှိသလို... တစ်ချို့တစ်ချို့ကလည်း နစ်နာစေလိုတဲ့ ရည်ရွယ်ချက်ကြီးကြီး မဟုတ်ရင်တောင် တစ်ခြားလူတွေရဲ့ ချစ်ခင်လေးစားမှုကို ပျက်ပြားစေလိုတဲ့ ဆန္ဒဆိုးတစ်စုံတစ်ရာတော့ ပါမှာပါပဲ... တကယ်တော့ အမှန်တရားဆိုတာ လူမြင်ကွင်းမှာပဲ ထွန်းလင်းပါတယ်... အမှောင်ထဲမှာ နေသာ,ရိုးထုံးစံ မရှိပါဘူး... နောက်ကွယ်ကနေ ကိုယ်ဦးတည်တဲ့သူ မကြားရမှပြောတယ်.. ဖြေရှင်းချင်တယ်... ကိုယ်ရှင်းတာကိုလည်း လူသိမခံချင်တယ်... ဆိုကတည်းကိုက သေချာပါတယ်... သူလက်ခံထားတဲ့ အမှန်တရားကို သူကိုယ်တိုင် မဆုပ်ကိုင်ပြနိုင်သေးလို့... သူ့လုပ်ရပ် သူ့စိတ်ထားအတွက် သူ့ကိုယ်သူ အာမ,မခံနိုင်သေးလို့... လို့ပဲ ကျမတော့ ယူဆမိပါတယ်... ကိုယ့်အတွက် အကျိုးတစ်စုံတစ်ရာ မဖြစ်ထွန်းတဲ့အပြင် သူတစ်ပါး ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိခဲ့သည်ဖြစ်စေ... မရှိခဲ့သည်ဖြစ်စေ... ကိုယ်ပြောတော့မယ့် စကားတစ်ခွန်းအတွက် ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုအပ်ပါတယ်... လူဆိုတာ အမှားမကင်းပါဘူး... အပြစ်လုပ်မိတိုင်းလည်း လူဆိုးမဟုတ်ပါဘူး... အမှားကင်းသူတိုင်းလည်း လူတော် မဖြစ်နိုင်ပါဘူး... ကိုယ်ပြောမယ့်စကားတစ်ခွန်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် တန်ဖိုးဖြတ်မယ်ဆိုတာလေး ချိန်ဆနိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျမတော့ တွေးမိပါတယ်...

နိဒါန်းပိုင်းမှာ ပြောခဲ့သလိုပါပဲ... ဒီစာစုက ကျမ အလုပ်အကိုင်နဲ့ လက်တလော ကြုံတွေ့နေရတဲ့ တစ်ချို့တစ်ချို့သော သူတွေပေးတဲ့ စိတ်အနှောက်အယှက်တစ်ချို့အပေါ် ကျမ မြင်မိတွေးမိတာလေးတွေကို ချရေးမိတာပါ... ကျမလည်း လူထဲက လူပဲမို့ အမှားတော့ မကင်းပါဘူး... ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းဖို့ ကြိုးစားနေတယ်ဆိုပေမယ့် ထိုးနှက်တာတွေများလာရင်တော့... ကျမလည်း လူပဲလေ... လဲကျ,တတ်ပါတယ်... ဒါပေမယ့် ကျမကိုယ်ကျမ ယုံကြည်ထားတာ တစ်ခုတော့ရှိပါတယ်... ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ကျမ အလဲမထိုးပါဘူး... ခြေထိုးမခံပါဘူး... ကျမကို နစ်နာအောင် လုပ်ရင်တော့ ကျမလည်း သူတို့လို လူတွေထဲက လူတစ်ယောက်ပဲမို့...... နာကျင်တတ်ပါတယ်... နာကြည်းတတ်ပါတယ်... အလုပ်နဲ့ပတ်သက်သူတွေကတော့ ဒီ Blog ကို လာဖတ်မှာလည်း မဟုတ်သလို ဖတ်လည်းဖတ်တတ်မှာ မဟုတ်လို့ သူတို့နဲ့ ပတ်သက်တာတွေတော့ မရေးတော့ပါဘူး... ဒါပေမယ့် သိစေလိုတဲ့ လူတစ်ချို့ကိုတော့ ဖတ်မိစေချင်ပါတယ်... ဒီ Blog ကို လုပ်ဖြစ်ရခြင်း ရည်ရွယ်ချက်ကလည်း ကျမအတွေး ကျမအမြင် ကျမအာရုံတွေကို စုစည်းဖို့ နေရာတစ်ခု သတ်မှတ်ထားရုံသက်သက်ပါ... များသောအားဖြင့် ကျမခံစားမှုကို ဦးတည်ပြီး စာရေးတတ်ပေမယ့် တစ်ခါတစ်ခါမှာလည်း အကြောင်းအရာအလျဉ်းသင့်လို့ စာရေးဖို့အတွက် ဦးတည်ပြီး ခံစားမိတာတွေလည်း ရှိပါတယ်... ရေရှည်လည်း ဖြစ်ချင်ဖြစ်မယ်... သို့မဟုတ် ခဏတာ ခံစားမိတာလည်း ဖြစ်ချင်ဖြစ်မယ်... ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပေါ်ခဲ့တဲ့ ခံစားမှုတိုင်းကို ကျမ တန်ဖိုးထားခဲ့ပါတယ်... အဲဒီ ခံစားမှုတွေကလည်း တစ်စုံတစ်ဦးကို ဘယ်တုန်းကမှ နာကျင်စေဖို့၊ ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး... ကျမ တစ်ယောက်တည်းရဲ့ ခံစားမှုအတွေးအမြင်သက်သက်မို့ ထိခိုက်နစ်နာခဲ့တဲ့သူ ရှိခဲ့ရင်တောင် ကျမ စိတ်မကောင်းဖြစ်မိပါတယ်... သို့သော် ရည်ရွယ်ချက်တစ်စုံတစ်ရာ မပါခဲ့တဲ့အတွက် ကျမကိုယ်ကျမလည်း လိပ်ပြာသန့်တဲ့အတွက် တောင်းပန်မှာ မဟုတ်ပါဘူး...

ကျမရဲ့နေရာလေးကို တံခါးမရှိ ဓားမရှိဝင်လို့ရတယ်ဆိုပေမယ့် ကျမ ချစ်ခင်ရင်းနှီးသူများနဲ့ ကျမလေးစားအားကျတဲ့ မိတ်ဆွေသူငယ်ချင်း Blog ရေးသူတစ်ချို့ကိုသာ ကျမ link ကို ပေးခြင်း၊ ချန်ခြင်းဖြင့် ဖိတ်ကြားခဲ့ဖူးပါတယ်... ကိုယ့်ကိုယ်ကိုယ်မလေးစားတတ်သူ တန်ဖိုးမထားတတ်သူတွေကိုတော့ ကျမ ကြိုဆိုမှာမဟုတ်ပါဘူး... အိမ်ရှင် မကြိုဆိုတဲ့နေရာတစ်ခုမှာလည်း ကိုယ်ချန်ခဲ့တဲ့ခြေရာတွေ တန်ဖိုးမမဲ့စေဖို့ သတိပြုမိစေချင်ပါတယ်...

ကျမ ဖတ်ခဲ့ဖူးပေမယ့် ဘယ်သူရေးမှန်းမသိခဲ့တဲ့ အောက်မှာ ဖော်ပြထားတဲ့ စာသားလေးတွေကတော့ လက်တလော ကျမ ခံစားချက်တွေအတွက် အကောင်းဆုံးဆေးတစ်ဖုံပါ...


တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး...
ကိုယ်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ...


အားလုံးသော လူသတ္တဝါအပေါင်း (ကျမကို ချစ်ခင်သူရော မုန်းတီးသူများအပါအဝင်) ကျန်းမာပျော်ရွှင်အဆင်ပြေကြပါစေ...

Created By: k2tmaung (19 October 2009 Monday 08:17AM)


ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..