Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ဒီ k2tmaung ဆိုတဲ့ နာမည်လေး ဖြစ်ပေါ်လာပုံလေးက ဒီလိုပါ... ခပ်တုံးတုံးကျမ (အရင်က တုံးတာပါ... ခု မတုံးပါ...:P ) internet ဆိုတာကို ဘယ်လို သုံးရမလဲ မသိခဲ့ပါဘူး... ကျမ အရမ်းခင်ရတဲ့ ငယ်သူငယ်ချင်းတစ်ယောက် သူ့ခင်ပွန်းရှိရာ USA ကို အပြီးအပိုင်လိုက်သွားတော့ သူနဲ့ ဆက်သွယ်နိုင်အောင်ဆိုပြီး Google Account စ,ဖွင့်ရင်း ဒီနာမည်ကို သုံးဖြစ်သွားတာပါ... တကယ်တော့ ဒီနာမည်က ကျမညီမလေးရဲ့ nick name ကို တိုက်ရိုက် ကူးယူထားတာပါ...ဟီး... သူနဲ့က မြန်မာနာမည်ချင်းကလည်း ဆင်တော့ တုလို့ရသွားတာပေါ့လေ... ဘာနာမည်နဲ့ account ဖွင့်ရမလဲ စဉ်းစားမရတာနဲ့ သူ့အတိုင်း နာမည်ပေးခဲ့တာပါ... ဘယ်လိုပဲဖြစ်ဖြစ် k2tmaung ဆိုရင် သူငယ်ချင်းအသစ်ရော... အဟောင်းရော ကျမမှန်း သိကြပါတယ်... အဲ... သတိထားမိတာလေး တစ်ခုက k2tmaung ကို "t" ဖြုတ်ပြီး k2maung လို့ ခေါ်ဝေါ်သုံးနှုန်းတတ်ကြတာလေးပါ...:P ဘာလို့လဲတော့ သိဘူး... ဟီး... ဒါပေမယ့် သဘောကျပါတယ်...:)

နာမည်ရင်းကရှည်တာရယ်... နာမည်တူလည်း အတော်ရှားတာရယ်... ရေးချင်တာတွေ ရေးနေတဲ့သူဖြစ်တာရယ်ကြောင့်... နာမည်ရင်းတော့ ပြောတော့ပါဘူး... သေချာတာကတော့ နာမည်ထဲမှာ "မောင်"ပါ,ပါတယ်... တစ်ချို့သူငယ်ချင်းတွေကတော့ နောက်ပြီး "မောင်"လို့ခေါ်တတ်ကြပါတယ်... ဆန္ဒရှိလို့ ခေါ်ချင်တယ်ဆိုလည်း စိတ်မဆိုးပါဘူး...:P... Nick Name တွေကတော့ အများကြီးပဲ... နာမည်ရင်းကိုတောင် မျိုးစုံခေါ်ကြတာတွေလည်း ရှိပါတယ်... ရှေ့ဆုံးစာလုံးကိုပဲ "မ"တပ်ခေါ်သူခေါ်... ရှေ့ဆုံးနှစ်လုံးတည်းကို ခေါ်သူခေါ်... အလည်နှစ်လုံးကို ခေါ်သူခေါ်... ရှေ့သုံးလုံးကို ခေါ်သူခေါ်... နာမည်အပြည့်အစုံကို သဘောတကျနဲ့ ခေါ်သူခေါ်နဲ့... မျိုးစုံ ကြုံသလို ခေါ်တတ်ကြပါတယ်... အဲ... ဘယ်သူမှ မခေါ်သေးတဲ့ နာမည်တစ်လုံးတော့ ကျန်သေးရဲ့...:P ကျမ ချစ်သူရှိလာတော့မှပဲ သူ့ကို ခေါ်ခိုင်းလိုက်တော့မယ်...ဟီး...

ခု ဒီမှာတော့ "christine"လို့ပဲ သိကြပါတယ်... (ဒါပဲ ခေါ်တာအဆင်ပြေကြလို့လေ... သူတို့ မခေါ်တတ်တာနဲ့ ကျမ chinese နာမည်လေးရဲ့ အဓိပ္ပာယ်လေး ပြောင်းကုန်လို့) အဲ... christine ဆိုတဲ့ နာမည်လေးက ဒီလို စ,ဖြစ်လာတာပါ... speaking သင်တန်းတစ်ခု သွားတက်တုန်းက နာမည်ရင်းလည်း မပြောချင်၊ ကျမကို မွေးပြီးပြီးချင်းမှာပဲ ကျမမိခင်ပေးခဲ့တဲ့ (အိမ်နာမည်လည်း ဖြစ်တဲ့) နာမည်ရင်းရဲ့အလယ် နှစ်လုံးကိုလည်း မပြောချင်တာကြောင့် တစ်ယောက်ချင်းစီ နှုတ်ဆက်ကြရချိန်မှာ စိတ်ကူးထဲရှိရာ ပြောလိုက်တာပါ...:P ဒါပေမယ့် ကျမ အဲဒီနာမည်လေးကို အရမ်းသဘောကျခဲ့တာပါ... နာမည်ခေါ်လိုက်တာနဲ့တင် အသံထွက်ကလေးက ကြည်လင်လွတ်လပ်ပေါ့ပါးမှုကို ခံစားရစေတယ်လို့ ထင်မိလို့ပါ... ဒါကတော့ ကျမ တစ်ယောက်တည်းရဲ့ ကိုယ်ပိုင်ခံစားမှုသက်သက်ပါ... နောက်ပိုင်းမှာ ကျမ English နာမည်လေးနဲ့ ပတ်သက်ပြီး ရှာဖွေလေ့လာကြည့်မိပါတယ်... christine ဆိုတာ "Christian's Faith"လို့ အဓိပ္ပာယ်ရပါသတဲ့... နောက်ထပ်ရှာကြည့်မိတာလေးတစ်ခုက "From Christiana, the Latin feminine form of CHRISTIAN. This was the name of an early, possibly legendary, saint who was tormented by her pagan father. It was also borne by a 17th-century Swedish queen and patron the arts who gave up her crown in order to become a Roman Catholic" တဲ့... ကျမ ညီမလေး သူ့ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ရတာလေးကတော့... christine ဆိုတာ "အသက်ငယ်ငယ် အသားညိုညို သွယ်သွယ်လျလျ ပုံစံရှိသော မိန်းကလေး"လို့ ဆိုပါတယ်... christian မဟုတ်သော အသားမညိုသော ကျမအတွက် christine ဆိုတဲ့ နာမည်လေးက ကျမနဲ့ မလိုက်ဖက်ပေမယ့် ကျမကို ကိုယ်စားပြုခဲ့တာ ကာလတစ်ခုထိ ရှိခဲ့ပြီမို့ ကျမနဲ့ ချင်ခင်ရင်းနှီးလို့နေပါပြီ... အဲဒါကြောင့် ကျမ oversea မှာ ရှိနေသရွေ့ ဒီနာမည်လေးကိုပဲ သုံးဖြစ်နေဦးမှာပါ...

နောက်တစ်ခု ရှိပါသေးတယ်... uni တုန်းက သူငယ်ချင်းအချို့ နောက်ခေါ်တာ... "ပန်းသီး" တဲ့... ကျမ အသားအရေက အရမ်း fair ဖြစ်တာကြောင့် နေပူထဲသွားရင်ဖြစ်ဖြစ် အရမ်းရယ်လိုက်ရင်ဖြစ်ဖြစ် ကျမမျက်နှာ အရမ်းနီသွားတတ်လို့ပါ... "ပန်းသီးတွေမြင်ရင် နင့်ကို သတိရနေမယ်"လို့ ကျမ သူငယ်ချင်းတွေ နောက်ပြီး ပြောကြလို့ ကျမ စိတ်ဆိုးခဲ့ပါသေးတယ်... ကျမ အဲဒီလို အသားနီလွယ်တာကို မုန်းပါတယ်... ရှက်လည်းနီတယ်... နေပူလည်း နီလွယ်တယ်... အရမ်းရယ်လိုက်ရင်လည်း နီလွယ်တာကို မုန်းတယ်လို့ ပြောတော့ ကျမသူငယ်ချင်းတွေက "ဘယ်သူနဲ့မှ မတူတဲ့ ငါတို့ သူငယ်ချင်းရဲ့ unique ဖြစ်တာလေးကို ငါတို့က အမှတ်တရ ရှိနေတာပါ"တဲ့... ကျမ သူတို့ပြောခဲ့တဲ့ စကားလေးကို ခုထိ မှတ်မိနေပါသေးတယ်... သူတို့ပြောတော့လည်း ဟုတ်သလိုလို... သို့ပေသိ... အဲ့ဒီ nick name ခေါ်တာကိုတော့ ကျမ မကြိုက်ဘူးရှင့်... အဲ... နည်းနည်း... personal ခံစားချက်လေး တစ်ခု ရှိနေတာလည်းပါတာပေါ့လေ... :P

online သူငယ်ချင်းတွေကတော့ ကျမကို k2 လို့ ခေါ်ကြပါတယ်... ကျမကိုယ်တိုင်လည်း အဲဒီလို ခေါ်တာလေးကို သဘောကျပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်သလို ခေါ်နိုင်ပါတယ်.. လှရင်ပြီးတယ်...ဟိ... ကျမကို ချစ်ခင်လို့ ကျမကို ပေးတဲ့ nick name တွေကို ကျမတန်ဖိုးထားပါတယ်... :D


Created By: k2tmaung (24 August 2009 Monday 12:44AM)

ဆက်လက်ဖတ်ရှုရန်...

စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေချည်း ရေးတာများနေလို့ ကျမ Blog လေးလည်း နွမ်းလျနေရောပေါ့...
ဒီတစ်ခါတော့ ဘဝမှာ ကျမ ကံကောင်းစွာ ရရှိခဲ့တဲ့ ကျမကို ချစ်ကြသော ကျမဆွေမျိုးသားချင်းအချို့အကြောင်း တစ်စေ့တစ်စောင်း ရေးတာပေါ့လေ...

တကယ်တော့ ကျမက ကံကောင်းမှုတွေနဲ့ မွေးဖွားလာသူလို့ ပြောလို့ရမယ်ထင်ပါတယ်...
ကျမဖခင်က သူ့မိသားစုမှာ အငယ်ဆုံး... မိသားစုရဲ့ အချစ်ခံသားတစ်ယောက်မို့ သမီးဦးဖြစ်တဲ့ ကျမကိုလည်း ကျမ ဖခင်ဘက်က အမျိုးအဆွေတွေက အလိုအလျောက်ချစ်ခင်ပြီးသား ဖြစ်နေတာပေါ့လေ... နောက်ပြီး ကျမ cousin အစ်မတွေနဲ့ အသက်ကွာတာကြောင့် ကျမမွေးဖွားချိန်မှာ သူတို့ ပိုပျော်ခဲ့ပါတယ်... အစ်မတွေကိုယ်တိုင်လည်း ခုချိန်ထိ တစ်ခါတစ်လေ ချစ်စနိုးနဲ့ ကျမတို့ကို"သမီး"လို့ ခေါ်ဝေါသုံးနှုန်းတတ်ပါသေးတယ်... ကျမအထက် cousin အစ်ကိုနဲ့လည်း ၄နှစ်ကျော်ကွာပြီး ကျမတို့ငယ်စဉ်က တစ်အိမ်တည်းအတူနေတဲ့အတွက် ကျမအစ်ကိုရဲ့ ချစ်ခင်မှုကိုလည်း တစ်ခြားသူတွေထက် ကျမ ပိုရရှိခဲ့ပါတယ်... :P

ကျမ မိခင်ဘက်ကို ကြည့်ရင်လည်း ကျမမိခင်က သမီးဦး... မောင်နှမ၆ယောက်မှာ ကျမမိခင်တစ်ဦးသာ အိမ်ထောင်ကျခဲ့သေးတဲ့အတွက် ကျမဟာ မြေးဦး၊ ဦးလေး၊အဒေါ်တွေရဲ့ ပထမဆုံးသော တူမလေး... ယနေ့အချိန်ထိလည်း အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ဦးလေးအကြီးဆုံးနဲ့အဒေါ်အငယ်ဆုံးတို့ ရှိကြပေမယ့် သားသမီးမရှိတာက တစ်ကြောင်း၊ လူပျိုကြီး၊ အပျိုကြီးတွေဖြစ်တဲ့ ဦးလေး၊ အဒေါ်တွေကြား ပီယဝါစာ ချစ်ခင်ဖွယ်သောစကားကို ကျမ ညီမလေး၊ မောင်လေးတွေထက် ပိုပြောတတ်တာက တစ်ကြောင်းမို့ ကျမက ဆွေမျိုးတွေအလယ် အချစ်ခံလူသားတစ်ယောက်အနေနဲ့ ရှိနေခဲ့တာပေါ့... :P

အထူးသဖြင့် ကျမ မိခင်ဘက်က ကျမကို အချစ်ပိုကြပါတယ်... ငယ်ငယ်ကတည်း ဖြစ်ချင်တာကို တဇွတ်ထိုးလုပ်တတ်တဲ့ ကျမရဲ့ ဆိုးပေပေ အကျင့်လေးကြောင့်လည်း ဦးလေး၊အဒေါ်တွေရဲ့ မျက်စိဒေါက်ထောက်ကြည့်ခြင်းကို ခံရသူဆိုလည်း မမှားဘူးပေါ့...:P ကျမ တစ်တန်း နှစ်တန်း ကျောင်းသူအရွယ်လောက်ကတည်းက နွေရာသီကျောင်းပိတ်ရက်တွေဆို မိဘတွေနဲ့ ခွဲပြီး အဖိုးအဖွား၊ ဦးလေးအကြီးဆုံးနဲ့ အဒေါ်နှစ်ယောက်ရှိတဲ့ ဖျာပုံမရောက်ခင် စည်ကားတဲ့ ရွာလေးတစ်ရွာကို အမြဲသွားလေ့ရှိပါတယ်... အကြီးဆုံးမို့လားတော့ မသိ... ကျမ အဖိုးအဖွားတွေကို သိပ်တော့မချွဲတတ်... ကိုယ့်ဘာသာနေတတ်ပြီး ရွာထဲ လျှောက်သွားနေတတ်တာ များပါတယ်... နေ့လည် ထမင်းစားချိန်ဆို ကျမ အဖိုး ဒါမှမဟုတ် ကျမ အဒေါ်အကြီးက အမြဲ ရှာပုံတော်ဖွင့်ရတတ်ပါတယ်... ညနေဘက် အိမ်ပြန်ရောက်ရင်တော့ ကလေးတစ်ယောက်တည်းရှိတာမို့ ကျမကို ဝိုင်းစ,တတ်ကြတာ မှတ်မိသေးတယ်... တစ်ခါတစ်လေလည်း သီချင်းအရမ်းကြိုက်သော၊ က,ခုန်ရတာကို နှစ်သက်သော ကျမ... အဖိုးအဖွား ဦးလေးအဒေါ်တွေ၊ တစ်ခြားဆွေမျိုးများနဲ့ ရင်းနှီးသော ဦးဦး၊ ဒေါ်ဒေါ်များရှေ့ မရှက်မကြောက် ဦးလေး၊အဒေါ်တွေ မြှောက်ပေးရင် က,ပြတတ်သေးတာ... အရွယ်လေးရလို့ ကျမ ရွာကို အလည်သွားဖြစ်တဲ့အခါ လူကြီးတွေက နောက်ပြီး... က,ပြပါဦးလို့ ပြောရင် ကျမ အလွန်ရှက်မိပါတယ်... အဲဒီအချိန်တုန်းက ကျမအကြိုက်ဆုံး အဆိုတော်က "ထူးအိမ်သင်" သီချင်းနာမည်က "ရွှေ" တဲ့... ကျမအရမ်းကြိုက်တဲ့ သီချင်း... ကျမဦးလေးအကြီးဆုံးက ကျမအတွက် အမြဲ ဖွင့်ပေးတတ်တယ်... သီချင်းမကြိုက်တဲ့ ကျမအဖိုးကလည်း ကျမအတွက် ဖွင့်ပေးတယ်ဆိုရင် ဘာမှမပြော... ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတတ်တယ်... သာမာန်အချိန်ဆိုရင်တော့ နားငြီးတယ်ဆိုပြီး အတင်းပိတ်ခိုင်းတတ်တာပါ... ကျမ ဦးလေး၊အဒေါ်တွေက ကျမကို ခုတုံးလုပ်ပြီး သီချင်းတွေ ဖွင့်ကြတာပေါ့လေ... ကျမ ကျောင်းတွေဖွင့်လို့ နယ်က ပြန်လာတိုင်း ဖြူဖြူသွယ်သွယ် ပုံစံရှိတဲ့ကျမ... အမြဲတမ်း ညိုညိုလုံးလုံးပုံစံနဲ့ ပြန်လာတတ်တယ်... ကျမ နွေကျောင်းပိတ်ပြီဆိုရင်လည်း အထုပ်အပိုးပြင်ပြီး အမျိုးတစ်ယောက်ယောက်နဲ့ နယ်ကို လိုက်သွားတော့တာပါပဲ... ကျမ မလာသေးရင်လည်း ဘယ်တော့လာမှာလည်းလို့ တစ်မေးတည်းမေးတတ်ကြသေးတာ... အဲလို အဖိုးအဖွား၊ အဒေါ်တွေနဲ့ အနေများတာကြောင့်လည်း ကျမကို ပိုချစ်ကြတာ ပါတာပေါ့လေ... :)

ရန်ကုန်မှာပဲနေတဲ့ ဦးလေးနှစ်ယောက်ကကျ သွက်လက်သော၊ လူလည်း သိပ်မကြောက်တတ်သော ငယ်ငယ်က ကျမ ပုံစံကြောင့် ကျမညီမလေး၊ မောင်လေးတွေထက် ကျမကို ပိုသဘောကျ,ကျတယ် ထင်ပါရဲ့... နောက်ပြီး တစိမ်းတွေအပေါ်သာ အနိုင်ယူ ဗိုလ်ကျတတ်ပေမယ့် ကျမမောင်နှမတွေအပေါ်တော့ အရမ်းအနစ်နာခံ၊ အလျှော့ပေးတတ်တာကြောင့်လည်း ဦးလေးတွေ၊အဒေါ်တွေကြား လိမ္မာသော တူမအဖြစ်လည်း နာမည်ကောင်း ပိုရလေရဲ့... :P ဤသို့ဤသို့သော အကြောင်းအရာများကြောင့် ဦးလေးအငယ်ဆုံးနဲ့ အဒေါ်အကြီးဆုံးကိုယ်တိုင်က ကျမကို အချစ်ဆုံးလို့ ဖွင့်ပြောခဲ့ဖူးပါ၏... :P... နောက်ပြီး အစိုးရိမ်လွန်တတ်တဲ့ ဦးလေးအလတ်ကကျ ငယ်ငယ်ကတည်းက လုပ်ချင်ရာကိုလုပ်တတ်သော ကျမကို အမြဲစိုးရိမ်ပူပန်တတ်တယ်... ညီမလေး၊ မောင်လေးတွေထက် ကျမကို ပိုလည်း ဂရုစိုက်တတ်တယ်... နောက်တစ်ချက်က ဦးလေးတွေ၊ အဒေါ်တွေကို ချွဲတတ်တာ... :P... ကျမ ဖခင်ကိုတောင် ကျမ ချွဲလေ့မရှိပေမယ့် ကျမဦးလေး၊ အဒေါ်တွေကိုတော့ ကျမရဲ့ ဗီဇအတိုင်း ရွှတ်နောက်နောက်နဲ့ ဟီးဟီးဟားဟားသွားလုပ်တတ်တာ... တစ်ခါတစ်လေ... ကျမ sg ကနေ စာရေးလိုက်ရင် စာဖတ်ကြပြီး ပွဲကျနေတတ်ကြပါသေးတယ်... ကျမစာရေးလိုက်မှန်းမသိတဲ့ ကျမမိခင်ကိုတောင် ဖုန်းဆက်ပြီးပြောပြ သဘောကျတတ်သေးတာ...အင်းပေါ့နော်... သူတို့လည်း ကျမတို့ကို လွမ်းမှာပေါ့...

အမြဲတမ်း ကျမဦးလေး၊အဒေါ်တွေ အိမ်ရောက်တာနဲ့ မုန့်ကြိုက်သောကျမ... ရေခဲသေတ္တာဖွင့်၊ ကြောင်အိမ်ဖွင့်ပြီး မုန့်တစ်ခုမဟုတ်တစ်ခု ရှာစားတတ်သော... ရှာမတွေ့ရင် "ဘာမှလည်း စားစရာမရှိဘူး" လို့ ပြောတတ်သော ကျမကြောင့် ကျမလာပြီဆိုတာနဲ့ ဘာမုန့်ရှိတယ်၊ ညာမုန့်ရှိတယ်လို့ ကြိုပြောတတ်ကြတာ... ကျမမပါဘဲ ကျမမိဘတွေပဲ သွားတဲ့အခါ မုန့်လက်ဆောင်ရတာမျိုး၊ မုန့်တွေအဝယ်များလို့ ပိုနေတာမျိုးရှိရင် "ကျမစားဖို့"ဆိုပြီး သတိတရ အမြဲပေးတတ်တာကြောင့် ကျမညီမလေး၊ မောင်လေးတွေကတောင် "သမီးတို့/သားတို့လည်း ကြိုက်တာပဲ"လို့ နှုတ်ခမ်းစူရတဲ့အထိ... "ကျမဖို့" ဆိုတာမျိုးက ခဏခဏ... ဘယ်မှာသွားစားစရာရှိလို့၊ ဘာသွားစားစရာရှိလို့ဆိုရင်လည်း... အဟဲ...ကျမပဲလေ... ပစ္စည်းတစ်ခုတည်း ဝယ်လာမိရင်လည်း တိုးတိုးတိတ်တိတ်နဲ့ ကျမကိုသာ ပေးတတ်တာ...:P

ချစ်ကြတယ်ဆိုပေမယ့် အလိုလိုက်တာမျိုးတော့ မဟုတ်ခဲ့... စည်းကမ်းကြီးသော ကျမဦးလေးတွေကြောင့် တစ်ခါတစ်လေတော့လည်း စိတ်ကျဉ်းကျပ်ရတာမျိုးတွေလည်း ရှိတာပေါ့လေ... အဟဲ... အဲဒီလို ချုပ်ချယ်မှုတွေထဲမှာ စကပ်အတိုဝတ်တာလည်း ပါရဲ့... အဟဲ... စကပ်တိုများ ဝတ်မသွားနဲ့... "ဟဲ့... စကပ်က တိုလှချည်လား... ခုထိ ထမီ မဝတ်တတ်သေးဘူးလား..."ဆိုတာမျိုး... နဲ့ မျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး ပြောတတ်တာ... ကျမတို့ညီအစ်မ စကပ်တိုဝတ်တဲ့နေ့ဆို ထိုင်မရဘဲ မိုးတိုးမတ်တပ်နဲ့ နေနေခဲ့ရဖူးတာ မှတ်မိပါသေးတယ်... တစ်ခါကတော့ ကျမအဖွား ရန်ကုန်လာတုန်း စကပ်အတိုဝတ်သွားတော့ ဦးလေးအငယ်က "အမေ... အမေ့မြေးတွေ ကြည့်ဦး... စကပ်တိုနန့်နန့်နဲ့... ဆုံးမဦးလေ..."တဲ့... ကျမအဖွားက ကျမတို့ ညီအစ်မကို တစ်ချက် ကြည့်ပြီး "လှသားပဲ..."ဆိုတော့ ကျမတို့မှာ ပွဲကျလိုက်ကြတာ... တဝါးဝါးပေါ့... အဲဒီနောက်ပိုင်းကစ,ပြီး ဦးလေးတွေကို ခေတ်နောက်ကျနေပြီ...တို့... အဲဒါကြောင့် လူပျိုကြီးဖြစ်တာ...တို့... နဲ့ နိုင်ကွက်ရသွားတာ... :P

အဲ...ပြီးတော့... ရှိသေးတယ်... ဦးလေးတွေက ကျမတို့ ပိုက်ဆံအိတ်၊ လွယ်အိတ်များချ,လိုက်တာနဲ့... မချ,လည်း လာဆွဲယူတာပါပဲ... အိတ်တစ်ခုလုံး မွှေနှောက်ရှာတတ်တာ... ဘာရှာတယ်လို့ ထင်ပါသလဲ... ဟီး... ရည်းစားစာပေါ့... စိတ်ရှည်လက်ရှည် နေရာစုံကို ရှာတတ်တာ... တစ်ခါတစ်လေ... စိတ်ပေါက်ပြီး မသိချင်ယောင်ဆောင်ကာ... ရည်းစားစာရှာတာမလား... ဒီခေတ်က စာပေးတဲ့ခေတ် မဟုတ်တော့ဘူး...လို့ သွားပြောရင် ဦးလေးတွေ ရယ်ကျဲကျဲနဲ့ ဆက်ရှာတတ်သေးတာ မှတ်မိသေးတယ်... ကျမ 2008 December မှာ ခဏပြန်သွားတုန်းကတောင် ကျမအိတ်ကို စစ်ကြတုန်း... ကျမတို့ကို ကလေးလို့ အမြဲမြင်နေကြတာလေ...

အစအနောက်သန်တဲ့ ဦးလေးအလတ်က တစ်ခါတစ်လေ မခံနိုင်အောင် စ,တတ်တာ... မနိုင်တဲ့အဆုံး ဘာမှမပြောတော့ဘဲ... ခြေသလုံးမွှေးသွားဆွဲနှုတ်ပစ်တတ်လို့ ထွက်ပြေးတတ်တာလည်း မှတ်မိနေတုန်း... ထမီ ဝတ်လေ့မရှိဘဲ စကပ်ဘောင်းဘီ ဝတ်တာများသော ကျမတို့ညီအစ်မကို "ပဲပဲ"လို့ ခေါ်တတ်တာ... မကျေနပ်လို့ သူတို့ကိုလည်း နာမည်ပြောင်ပြန်ပေးတတ်တာ... ကျမမျက်မှန်တပ်သွားတဲ့နေ့... "တောပုံ"ဆိုတာမျိုး "လမ်းဘေးကကောက်လာတာ"ဆိုတာမျိုး စ,တတ်တာ... ကျမတို့ စိတ်မဆိုး ဆိုးအောင် စ,တတ်သော ဦးလေး၊အဒေါ်များကို ကျမတို့ကလည်း တစ်ခွန်းမခံ... ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်... အဲလိုအဲလိုတွေကြောင့်လည်း မိသားစုကြား ခုထိ တစ်ခါတစ်လေလည်း ကလေးစိတ်မကုန်သေးသလို ဖြစ်နေသေးတာ...

ကျမ အဖေဘက်မှာဆိုရင်တော့ အထူးသဖြင့် ကျမအဖွားက ကျမကိုဆို အသည်းစွဲပေါ့... ဟီး... အချွဲကောင်းလို့ဖြစ်မယ်... :P ကျမအဖွားအိမ် သွားလည်ရင်လည်း အိမ်ရှေ့ဧည့်ခန်းမှာ ဖျာလေး၊ ခေါင်းအုံးလေးချပြီး ရုပ်ရှင်ကြည့်တာမျိုးနဲ့မတိုးနဲ့... ဟီး... အဲဒီနေရာ ကျမ အပိုင် ဖြစ်တာပဲ... ကျမမိဘတွေက တားရင်လည်း ကျမအဖွားက ရှေ့က ကာစီးကာစီးနဲ့ မလှဲချင်ဘူးဆိုတာမျိုး... ကျမကလည်း ပါးစပ်လေးနှမ်းဖြူးပြီး "လာအိပ်"လို့သာပြောတာ ကျမပဲ ဆက်အိပ်တတ်တာ...ဟီး... အဖွားအိမ်မှ မဟုတ်ပါဘူး... ကျမအဒေါ်အငယ်အိမ် ရောက်ရင်လည်း အဲ့လိုပါပဲ... ရင်းနှီးတဲ့ အဒေါ်နဲ့ အစ်မဝမ်းကွဲပဲရှိတဲ့အချိန် (ဦးလေးတို့၊ အစ်ကိုတို့မရှိရင်ပေါ့) တွေ့ရာ ဆိုဖာမှာ အိပ်တတ်တာ...ဟီး... ကျမမိခင်ကဆို "အရိုးမပါဘူး"လို့ ခဏခဏပြောတတ်တာ... တစ်ခါတစ်လေလည်း တကယ်ကို အိပ်ပျော်သွားတတ်တာ... ပြန်ခါနီးမှ အတင်းနှိုးပြီးခေါ်ရလို့ အိပ်ချင်မူးတူးနဲ့ ပြန်ပြန်သွားတာလည်း မရေမတွက်နိုင်အောင်... :P မုန့်သရေစာကြိုက်တတ်တာလည်း သူတို့ကသိတော့ အဟီး... အားလည်းမနာတတ်ဘဲ စားတာပဲ...:P ထိုထိုသော ဟန်ဆောင်ပန်ဆောင်သိပ်မနေတတ်သော ကျမ... အမျိုးအဆွေတွေကြား ကလေးဆိုးလို အဖွား၊အဒေါ်၊အစ်မတွေရဲ့ ချစ်ခင်ခြင်းကိုလည်း ရတတ်ပြန်ပါတယ်... ဆိုပြီးခဲ့တဲ့အတိုင်း နည်းနည်းဆိုးသော ကျမကို သူတို့နည်းနည်းတော့ အချစ်ပိုလေရဲ့... :P

စဉ်းစားကြည့်တော့ ကျမ မိဘတွေအပြင် ကျမကို ချစ်ကြသူတွေ အများကြီးပါလေ... ကျမ ကံကောင်းခဲ့ပါတယ်... ကျမ မိသားစုဝင်မဟုတ်တဲ့ ကျမကို သည်းခံချစ်ကြတဲ့ ကျမရဲ့သူငယ်ချင်းအချို့နဲ့ လုပ်ဖော်ကိုင်ဖက်အချို့လည်း ရှိပါသေးတယ်... ဘာပဲဖြစ်ဖြစ်... ဒီနေ့ဒီအချိန်မှာ ပျော်ရွှင်စရာတွေ နည်းပါးနေခဲ့တယ်ဆိုရင်တောင် တစ်ချိန်တုန်းက ကျမ ပျော်ရွှင်ခဲ့ရတာလေးတွေဟာ ကျမရဲ့ စိတ်စာမျက်နှာတွေပေါ် မှတ်တမ်းတစ်ခုအနေနဲ့ ရေးထိုးပြီးသားဖြစ်နေမှာပါ... ဖြစ်နိုင်ရင်တော့ အဲဒီပျော်ရွှင်မှုတွေကြား ကျမ တစ်ခါလောက်တော့ ပြန်ရောက်ရှိချင်သား... :)


Created By: k2tmaung (23 August 2009 Sunday 06:51PM)

ဆက်လက်ဖတ်ရှုရန်...


ပေါ့ပျက်ပျက်နဲ့ ငါ နားထောင်...
ခပ်မှောင်မှောင် ညနေခင်းမှာ...
ဟက်ဟက်ပက်ပက်နဲ့ ရယ်မော...
အတောမသတ်နိုင်အောင် ငါ ငို...
အဖြစ်အပျက်မှန်သမျှကို ပက်ပက်စက်စက် ခံစား
ရက်ရက်စက်စက်လုပ်တတ်တဲ့ လောကကို...
ငါ တောင်းပန်ဖို့တော့မလို...

လေးလံတဲ့ ခြေလှမ်းနဲ့ မြေပေါ်ကိုလှမ်း...
ကြမ်းတမ်းတဲ့ စိတ်ကို အနိုင်ယူ...
သူမတူအောင် ငါ သက်ပြင်းတွေချ...
နိုးထနေတဲ့ ငါ့စိတ်တွေကြောင့်...
အိပ်ပျက်ညတွေ တန်းစီ...
ငါ့ ခန္ဓာ သည်လည်း လုံးပါးပါး...
ခြားထားတဲ့ စည်းတစ်ခုက...
ပျော်ရွှင်မှုနဲ့ ငါ...
ကြာတော့လည်း ဒီပေါ့ပျက်ပျက်ထဲမှာ...
ကျင့်သားရလို့ ငါ ယဉ်ပါး...

ကံကောင်းတယ်လို့ လူတွေ မြင်...
ငါ့ရင်မှာ ကျဉ်တင်တင်နဲ့...
တကယ်ကို နေမထိထိုင်မသာ...
အထင်နဲ့ အမြင်တွေ ကွဲလွဲ...
ခုနှစ်နှစ်တာဆိုတာ နည်းတယ်ထင်လား...
ကြားဖူးတဲ့ ပုံပြင်တွေ...
အစုံအစုံ ငါ့မှာ ရှိရဲ့..
ကြုံရင်တော့ ငါ ပုံအော...
မီးရှို့လို့ ရေစုံမြောပစ်ချင်တယ်...

တစ်နှစ်ချင်းစီက ဒါဏ်ရာတစ်ခုချင်းဆီကို ဘုံထုတ်...
ငါ တနုပ်နုပ်နဲ့ စိတ်ရှုပ်ခဲ့ရတာမှန်သမျှကို ဆုတ်ဖြဲ...
အပြဲအကွဲနဲ့ အလဲအကွဲလည်း ငါ ခံစားရတာများတော့...
ကျဲတောက်တောက် ပျော်ရွှင်မှုတွေကြား...
ငါဟာလည်း ပေါ့ပျက်ပျက်ပါပဲလား...
ကာရံမဲ့တဲ့ ငါ့ကဗျာတွေလို...
တာရာမဲ့တဲ့ အာကာပြင်လို...
သောကတွေပဲ ရှာကြံပေးတတ်တဲ့ ကံကြမ္မာနတ်ဆိုးလို...
လောက အထာမညက်သေးတဲ့ ငါကလည်း...
ပေါ့ပျက်ပျက် ပြီး ပေါ့ပျက်ပျက်...

ခါးသက်သက် ကော်ဖီတစ်ခွက်ရယ်...
ငါ့အိပ်မက်တွေရယ်...
တလက်လက်နဲ့ ပြိုးပြက်နေကြတဲ့...
ကြယ်စင်လေးတွေရယ်...
ဓားထက်ထက်နဲ့ ပိုင်းခြမ်းခံလိုက်ရချိန်...
ငါ ခံစားလိုက်ရတယ်...
အရာအားလုံးဟာ ပေါ့ပျက်ပျက်...

Created By: k2tmaung (21 August 2009 Friday 04:08PM)
မှတ်ချက် - ခုလောလောဆယ်မှာ အရမ်းသဘောကျနေတဲ့ "ပေါ့ပျက်ပျက်" ဆိုတဲ့ စကားလုံးလေးကို 'တည်'ပြီး ကဗျာရေးကြည့်တာပါ... :) ကဗျာကလည်း ဆားလိုနေလို့ ပေါ့ပျက်ပျက်တော့ ဖြစ်နေလေရဲ့... :P

ဆက်လက်ဖတ်ရှုရန်...

ဆက်ရန်မရှိတဲ့ ဇာတ်...
ငါ အထပ်ထပ်မက်တယ်...
အထပ်ထပ်ရေးတယ်...
အမှတ်မရှိတဲ့ငါ...
ရှိုက်သံတွေနဲ့ အသက်ရှုခက်နေတယ်......

နေမကောင်းပေမယ့်...
အိမ်ထဲမှာ ခိုအောင်း...
စိတ်ထောင်းလို့ကိုယ်ကြေ...
ငါတောင်းဆုတွေခြွေတယ်...
ဆောင်းရယ်... အရမ်းလွမ်းတယ်...

ရှိထားတဲ့ အတွေ့အကြုံ...
နောက်တစ်ပြန် ထိတွေ့... ဒီနေ့...
ငါ အသက်ငွေ့ငွေ့ပဲကျန်တယ်...
မငိုမိဖို့ ကြိုးစားရင်း...
ဒီရက်
အပိုင်းအခြားရဲ့ ဒိုင်ယာရီဟောင်း
ငါ ပြန်
စောင်းငဲ့ကြည့်တယ်...

နေလည်းမကောင်းဘူး...
စိတ်လည်းမကောင်းဘူး...
ဘာဆိုဘာမှ မကောင်းတဲ့နေရာမှာ...
အဖေလည်း မရှိဘူး...
အမေလည်း မရှိဘူး..
သူတို့ သူတို့တွေလည်း မသိဘူး...
ခုဆို ငါ့မှာ ဘာမှမရှိတော့ဘူး...
မရှိခြင်းတွေကြား ငါ့စိတ်ကလေး ခဏနားတော့...
အသိတရား တစ်ခု ဖြစ်ထွန်းတယ်...
ဟာလာနဲ့ ဟင်းလင်း...
စိတ်ကွင်းပြင်ကျယ်မှာ...
ဘာဆိုဘာမှ မရှိတော့ဘူး...
မသိတော့ဘူး...

ဒီတစ်ခါရိုက်ချက်က တကယ်ပြင်းတယ်...
တစ်ချက်တည်းနဲ့ ငါရင်းခဲ့သမျှ စုန်းစုန်းမြုပ်စေတယ်...
အတုံးအရုံးကျရှုံးနေပေမယ့်...
ငါရုံးတော့မထွက်မိခဲ့ဘူး...
ရင်ဘက်ကို တည့်တည့်ထိခဲ့တာကိုး...

ငါ အရှုံးလည်း မပေးချင်ဘူး...
အဆုံးနဲ့လည်း လှည့်မပြန်ချင်ဘူး...
သုံးထားရတဲ့ ငါ့ အမောတွေအတွက်...
ငါ့အပြုံးမှာ အားထပ်ထည့်ဖို့ ...
ကံကြမ္မာရယ် ဒီတစ်ခါ မလှည့်စားနဲ့တော့ဟယ်...



Created By: k2tmaung (18 August 2009 Tuesday 11:23PM)

ဆက်လက်ဖတ်ရှုရန်...


မိုး...

ငယ်ငယ်က လွတ်လပ်ပေါ့ပါး...
ငါစော့ကစားဖို့...
နင့်ရင်ခွင်အောက်...
ငါ အခေါက်ခေါက် တိုးဝင်ခဲ့ဖူးတယ်...

မိုး...
တကယ်တော့ နင့်ကို ငါမုန်းတယ်...
အရှုံးမရှိဘဲ နင် မျက်ရည်တွေ ရွာသွန်းတိုင်း...
ငါ့မျက်ဝန်းတွေပိတ် တိတ်ဆိတ်စွာ...
အိမ်ထဲအောင်းနေခဲ့ရလို့...

မိုး...
တစ်ခါတစ်လေတော့ နင့်ကို ငါ သနားတယ်...
နင်မနားတမ်းငိုတိုင်း ဒါ ကျိန်စာလားလို့...
ငါ အကြိမ်ကြိမ်တွေးရင်း...
ကိုယ်ချင်းစာမိခဲ့လို့...

မိုး...
မကြာမကြာလည်း ငါ နင့်ကို မနာလိုဝန်တိုမိတယ်...
နင့်မှာ လိုအပ်သလို ဝမ်းနည်းတဲ့အချိန်တိုင်း...
သည်းသည်းမည်းမည်း ရင်ဖွင့်ခွင့်ရှိနေလို့...

မိုး...
နာကျင်တဲ့ရင်နဲ့ အကြင်နာကင်းတဲ့...
ဒီတစ်မိုးအောက် ငါလွတ်မြောက်ချင်တယ်...
အလွမ်းပိုတွေနဲ့ ငါ မနွမ်းခင်...
ငါ့ရင်မှာ မျက်ရည်တွေ တွဲလွဲခို...
ငါငိုလိုလို့...
နင့်ရင်ခွင်အောက်...
တစ်ခေါက်လောက်တော့ ဝင်ခွင့်ပြုကွယ်...

Created By: k2tmaung (16 August 2009 Sunday 5:57PM)

ဆက်လက်ဖတ်ရှုရန်...

"ဘဝမှာ အပြောဖြစ်ဆုံးနဲ့အပြောအများဆုံး စကား နှစ်ခွန်းရှိပါတယ်... ၁. ကျေးဇူးတင်ပါတယ် (နှုတ်ကထုတ်ပြောခြင်းဖြင့် ကိုယ့်စိတ်ကို အမြဲသန့်ရှင်းနေပါစေ) ၂. Sorry (မှားတာကိုဝန်ခံရဲတဲ့ သတ္တိ အမြဲရှိနေပါစေ)" အဲ့ဒါလေးက ကျမကိုယ်တိုင် ဖန်တီးကိုးကွယ်တဲ့ ဆောင်ပုဒ်လေးတစ်ခုပါပဲ...

ဒီနေ့ ကျေးဇူးတင်ထိုက်သူတစ်ယောက်တွေ့ခဲ့တယ်... ဒါပေမယ့် ဖွင့်ပြောဖို့အခွင့် မရလိုက်ဘူး... ဒါကြောင့် ဒီစာလေးနဲ့ပဲ မှတ်တမ်းတင်ထားလိုက်ပါတယ်...

သူမနာမည်က Kelly... အရပ်ပုပု လူကောင်သေးသေးနဲ့ အားနာတတ်သော အပြုံးကို ပိုင်ဆိုင်ပါတယ်... အင်မတန် နူးညံ့ညင်သာသော အသံနဲ့ ကြားရသူကို နားလှစေတယ်... ဖြူဆွတ်သောအသားအရည်ကို ပိုင်ဆိုင်တဲ့ Malaysian နိုင်ငံသူ Chinese အမျိုးသမီးတစ်ယောက်... ကျမအသက်ထက် ၁၀စုနှစ်ကျော်ကျော်ကြီးပြီး... ကျမကို သူမထက်အသက်အများကြီးငယ်သော ညီမငယ်အဖြစ် ဆက်ဆံတတ်တယ်...

ကျမက သူမနေရာကို အစားထိုးဝင်ရောက်လုပ်ကိုင်ရသူ... အတိအကျပြောရရင် ဒီအလုပ်ကို 11 June 2008 မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်... သူမက ကျမအထင် ကျမအလုပ်ဝင်တဲ့အချိန်ထက် နှစ်လလောက်စောပြီး အလုပ်ထွက်သွားတာပါ... သူမအလုပ်မထွက်ခင် ကျမအလုပ်မဝင်မီ ဒီနိုင်ငံသူ အမျိုးသမီးတစ်ယောက်ကို သူမရဲ့အလုပ်အားလုံးကို စာရင်းအတိအကျနဲ့ Hand Over လုပ်ခဲ့ပါတယ်... သို့ပေမယ့် ထိုအမျိုးသမီးက probation အစမ်းကာလမှာပဲ one day notice နဲ့အလုပ်ထွက်သွားခဲ့တယ်... ကံကောင်းချင်တော့ ကျမလက်ရှိအလုပ်ကထွက်ထားဆဲ အလုပ်နောက်တစ်ခုကို နှစ်ပတ်အတွင်း အပူအပြင်းရှာနေတဲ့အချိန်... တစ်ပတ်တိတိပြည့်တဲ့နေ့မှာ ဒီအလုပ် interview ကို ရခဲ့ပါတယ်... ကံဆိုးချင်တော့ ကျမအရမ်းမျှော်လင့်ထားတဲ့ company ကြီး တစ်ခုက အလုပ်ကို စွန့်လွှတ်ရမယ်ဆိုတာ ကြိုမသိခဲ့ရဘူး... ကျမအရမ်းလိုချင်တဲ့ အဲ့ဒီအလုပ်ကလေးသာ နှစ်ရက်လောက်စောပြီး ကျမကိုအလုပ်ခန့်ကြောင်း သိခဲ့ရရင် သို့မဟုတ် ကျမမှာသာ အလုပ်ရှာဖို့အချိန်ပိုသာရှိခဲ့ရင် ကျမ ဒီအလုပ်ကို လက်ခံမိမှာမဟုတ်ပါဘူး... သူမအပါအဝင် လက်ရှိလုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမဆုံဖို့ရန်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး... ကျမ interview သွားခဲ့တဲ့နေ့က 7 June 2008 စနေနေ့... interview ပြီးပြီးချင်း အလုပ်တန်းခန့်လို့ ကျမ မပြန်ဖြစ်ဘဲ သူမနဲ့ကျမ အလုပ်အကြောင်းအနည်းငယ် ပြောဖြစ်ကြတယ်... ကျမအတွက် Spass ဆိုတဲ့ ဒီနိုင်ငံမှာ နေထိုင်ခွင့်တစ်ခုကိုလည်း သူမကိုယ်တိုင် လျှောက်ပေးခဲ့တယ်... ပြီးတော့ ဒီနိုင်ငံမှာ ပထမဆုံး ကျမရဲ့ nick name တစ်ခုဖြစ်တဲ့ christine ဆိုတဲ့နာမည်ကို စသုံးဖြစ်ခဲ့တဲ့နေ့လည်းဖြစ်တယ်... သို့ပေမယ့် ကာလအတော်ကြာတဲ့အထိ သူမတစ်ယောက်သာ ကျမရဲ့ chinese name ကို တွင်တွင် ခေါ်ဝေါ်ခဲ့တယ်... Company ကြီး တစ်ခုမှာ အလုပ်ရသွားတဲ့၊ အဲ့ဒီအလုပ်မှာလည်း အလုပ်ဝင်စမို့ အလုပ်အရမ်းရှုပ်နေတဲ့ သူမက ဒီဘက်က ကျမတို့ Company မှာလည်း Part Time အဖြစ် တစ်ပတ်ခြားတစ်ခါ ကျမတို့ နေ့တစ်ဝက် အလုပ်ဆင်းတိုင်း အလုပ်လာတက်တတ်တယ်... နှစ်ပတ်မှာ တစ်ရက်... တစ်လမှာ နှစ်ခါသာ ဆုံကြတဲ့ သူမနဲ့ ကျမ ရင်းနှီးမှုက တံတိုင်းတစ်ခု ခံနေခဲ့တယ်... ကျမ စကားနည်းတာလည်း ပါကောင်းပါမှာပေါ့လေ... အလုပ်စဝင်ဝင်ခြင်းမှာပဲ Hand Over မရှိတာရယ်... construction နဲ့ ပတ်သက်ပြီး လုံးဝ အတွေ့အကြုံ မရှိတာရယ်ကြောင့် ကျမ အရမ်းစိတ်ညစ်သွားတယ်... ပိုဆိုးတာက company ရဲ့ Software ထဲမှာမဟုတ်တဲ့ တစ်ခြား Data File တွေ မရှိတာပဲ... သက်တမ်းတစ်ခုထိရှိနေတဲ့ company တစ်ခုမှာ Data Transaction မရှိဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ... မရှိခဲ့ရင် နောက်လူအတွက် အလုပ်ဘယ်လိုမှ မတွင်နိုင်ဘူး... ကျမလိုချင်တဲ့ စာရင်းဇယားတွေ ချရေး၊ မသိနားမလည်တာတွေများသော အလုပ်အကြောင်းတွေလည်း မေးတန်မေး၊ ကိုယ့်ဘာသာလေ့လာနိုင်သလောက်လေ့လာ၊ သူမကို မေးရမှာတွေ ချမှတ်နဲ့ သူမနဲ့တွေ့ရမယ့် Saturday တိုင်းကို ကြားထဲက နေ့ရက်တွေကို ခုန်ကူးပြီး ရောက်ချင်မိတယ်... တွေ့ဖြစ်ကျတော့လည်း သူမအလုပ်တွေကိုသာ အပြီးဖြတ် လုပ်နေတတ်တာမို့ ကျမမေးတာတွေ သူမ အသေးစိတ်မဖြေနိုင်ပြန်... Data File တွေက IT သမားကြောင့် အကုန် lost ဖြစ်သွားတယ်ဆိုတာရယ်... ကျမရှေ့မှာ အလုပ်ဝင်သွားတဲ့ အမျိုးသမီးကြောင့် Data တွေဘယ်ရောက်သွားလဲ မသိဘူးဆိုတဲ့ အဖြေစကားကြောင့် ကျမ သူမကို တော်တော်လေးစိတ်ကွက်မိတယ်... တစ်ချို့တွေက ကိုယ်လုပ်ထားတဲ့၊ တတ်ထားတဲ့ ပညာကို လျှိုထားတတ်ကြတယ်လေ... ကျမကတော့ ကိုယ့်စိတ်နဲ့ကိုယ်နှိုင်းပြီး ကာလအတော်ကြာတဲ့အထိ သူမကို စိတ်အစာမကြေခဲ့ပါဘူး... ကျမ ရန်ကုန်မှာတုန်းက ကျမအလုပ်ထွက်တော့ ကျမရဲ့ဂျူနီယာ သို့ပေမယ့် ကျမထက်အသက်နှစ်နှစ်လောက်ကြီးသော အစ်မကို အလုပ်ထွက်စာမတင်ခင် တိတ်တိတ်လေး တစ်လတိတိ ကျမတတ်သမျှ၊ ကျမကိုယ်တိုင်ရှာဖွေဖန်တီးထားသမျှ ပညာအားလုံးပေးခဲ့တာပါ... ကိုယ်ထွက်မှတော့ ကိုယ့်ပညာ လျှိုစရာဘာရှိတော့မလဲ... ဆက်ရှိနေဦးမယ်ဆိုရင်တော့ လျှိုသင့်လျှိုထားရမှာပဲလေ... အဲ့လို မခြွင်းမချန် သင်ပေးခဲ့တဲ့ ကျမစေတနာကြောင့် လူပေါင်းများစွာရဲ့ အပြစ်တင်စကားကို ကျမ ခေါင်းမော့ရင်ကော့ပြီး အောင်မြင်ခဲ့ဖူးတယ်... နောက်ပြီး ကျမအလုပ်နဲ့ ပတ်သက်သမျှ File တွေကိုလည်း ကိုယ်ပိုင် Password နဲ့ ပိတ်ထားတတ်တယ်... ညစ်တာတော့ မဟုတ်ပေမယ့် ဒါ ကိုယ့်ပညာတွေလေ... IT သမားတွေမဟုတ်တဲ့အတွတ် Password ဖော်ရအောင်လည်း ဘယ်သူမှ ကြိုးစားမှာမဟုတ်ဘူးလေ... အဲ့လို ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်းပြီး တော်တော်လေးအမြင်မကြည်ခဲ့ပါဘူး... ဒါပေမယ့် ကျမ သူမဆီက ပညာတွေ အမြောက်အမြား သင်ယူတတ်မြောက်ခဲ့ပါသေးတယ်... HR ပိုင်းဆိုင်ရာတွေ Bank နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ... စသဖြင့် ကျမမေးသမျှ စိတ်အားထက်သန်စွာ ပြောပြလို့ ကျမနားလည်ခဲ့ရတဲ့အတွက် ကျမ သူမကို ဆရာတစ်ယောက်အဖြစ် ကျေးဇူးတော့ အမြဲတင်ခဲ့ပါတယ်... ကျမနဲ့ သူမ ပိုရင်းနှီးသွားစေတဲ့ အချက်ကတော့ ကျမစေတနာ ရောင်ပြန်ဟပ်ခဲ့တယ်လို့ပဲ ထင်ပါတယ်... 2008 Financial Year အတွက် နှစ်ချုပ်ရှင်းတမ်း စာရင်းဇယားတွေ စာရင်းပိတ် report ထုတ်တဲ့အချိန် ကျမရော သူမပါ အရမ်းပင်ပန်းခဲ့ပါတယ်... အထူးသဖြင့် Full Time အလုပ် တစ်ခုနဲ့ Part Time အလုပ် နှစ်ခုလုပ်နေသော သူမကို ကျမ ကိုယ်ချင်းစာပါတယ်... နောက်တစ်ခုက 2008 Financial Report မို့ အဓိက သူမ စာရင်းပိတ်ရတာပါ... ကျမက 2008 June မှ အလုပ်ထဲ ဝင်ခဲ့တာမို့ ရှေ့ပိုင်းအကြောင်းအရာတွေ ကျမ မသိ၊ နားမလည်ပါ... ဖြစ်ချင်တော့ ကျမ မရှိခိုက် Report လုပ်ဖို့ သူမ စာရင်းပိတ်လိုက်တာကို ကျမ တကယ်မသိလိုက်ခဲ့ဘူး... Data Transaction တွေကို 2008 နဲ့ပဲ ကျမ ဆက်သွင်းလိုက်တဲ့အတွက် Accounting Firm က ထုတ်ပေးလိုက်တဲ့ Stat Account က ကျမရဲ့ Software က ထွက်တဲ့ Report နဲ့ အကွာကြီးကွာနေတော့တယ်... ကျမကိုမပြောဘဲ သူပိတ်ခဲ့တဲ့အတွက် သူမ အမှားဖြစ်ပေမယ့် ကျမ ကွာဟမှုတွေ ရဲ့ 90%လောက်ကို OTဆင်းပေးပြီး အစအဆုံး ရှာပေးခဲ့တယ်... ကျမအတွက် ပညာတစ်ခုရသလို၊ အလုပ်များတဲ့ သူမကို ကိုယ်ချင်းစာတာလည်း ပါတာပေါ့လေ... နောက်တစ်ချက်က ကျမကိုယ်တိုင် နေ့စဉ် ကိုင်တွယ်နေရတဲ့ စာရင်းဇယားတွေမို့ သူမထက် ကျမရှာရတာက ပိုအဆင်ပြေတယ်လေ... ဒါကြောင့် အပင်ပန်းခံ ညစာတောင်မစား ညဥ့်နက်တဲ့အထိ ရုံးမှာ စာရင်းစာရွက်ပုံကြား ခေါင်းနှစ်ပြီး လုပ်ပေးခဲ့တယ်... ကျမ မှတ်မိတယ်... အဲဒီနေ့က စနေနေ့... နောက်ဆုံး Bus မီဖို့ မနည်းကြိုးစားပြန်ခဲ့ရတယ်... နောက်ရုံးဖွင့်ရက် တနင်္လာနေ့ ကျမ Time Card ရိုက်တော့ တနင်္ဂနွေနေ့မှာ သူမ OT ဆင်းမယ်မှန်းသိထားတဲ့ ကျမ သူမ Time Card ကို ယူကြည့်မိတယ်... နေ့တစ်ဝက်နဲ့ ပြန်သွားမှန်းတွေ့လိုက်ရတော့ ကျမ ပြုံးလိုက်မိတယ်... နောက်နှစ်ပတ်အကြာ သူမ ရုံးလာတော့ ပျော်ရွှင်စွာနဲ့ ကျမကို ကျေးဇူးတင်စကားလာပြောခဲ့တယ်... Target Date အမီ သူဌေးကို သူမ Report အပ်နိုင်ခဲ့တဲ့အတွက် မျက်နှာရခဲ့တာက သူမလေ... ကျမလုပ်ပေးတာ ဘယ်သူသိသိ မသိသိ... ကျမသိတယ်... ဘုရားသိတယ်... ပြီးတော့ သူမသိတယ်လေ... နောက်တစ်ခု... ကျမကို သူမ နှုတ်က ထုတ်ပြီး ကျေးဇူးတင်ခဲ့တဲ့အတွက် သူမကို ပိုလေးစားချစ်ခင်မိသွားတယ်... အဲ့ဒီအချိန်ကစပြီး သူမနဲ့ ကျမ ဆက်ဆံရေးက ပိုနွေးထွေးခဲ့တယ်... ပိုစည်းလုံးခဲ့တယ်... ကျမတို့ နှစ်ယောက်တည်းရှိတဲ့အချိန်တွေဆို သူမရဲ့ အတွေ့အကြုံတွေ၊ ကျမရှေ့အနာဂါတ်အတွက် ဖြစ်သင့်တာတွေ၊ တစ်ခြားတစ်ခြားသော personal အကြောင်းတွေကို သူမက ဒိုင်ခံပြောပြီး ကျမက တပည့်တစ်ယောက်လို၊ ညီမတစ်ယောက်လို၊ တစ်ခါတစ်လေလည်း ကလေးတစ်ယောက်လို နားထောင်ခဲ့ရတယ်... တွေ့တိုင်း Permanent Resistant (PR) လို့ခေါ်တဲ့ ဒီနိုင်ငံမှာ နေထိုင်ခွင့်လျှောက်ဖို့၊ ဒီထက်ကောင်းတဲ့အလုပ်တစ်ခုမှာ ပညာရှာဖို့ စသဖြင့် ကျမကောင်းကျိုးအတွက် ပြောတတ်တယ်... နောက်ထက် ကျမ လေးစားရခြင်းတစ်ခုက သူမရဲ့ အလုပ်အပေါ် စေ့စပ်တိကျမှု... ကျမလောက် အလုပ်ကို သပ်သပ်ရပ်ရပ်နဲ့ Detail မလုပ်တတ်ပေမယ့် သူမ အရမ်းစေ့စပ်သေချာပါတယ်... Detail လုပ်နိုင်လွန်းတဲ့ကျမကိုလည်း သူမက အမြဲချီးကျူးတတ်ပြန်တယ်... တစ်ခါတစ်လေ အပင်ပန်းခံ Detail မလုပ်ဖို့ ပြောပေမယ့် ကျမက ပြုံးပြီးသာ အသာနားထောင်ပေးခြင်းဖြင့် သူမ စကားတွေကို ငြင်းပယ်တတ်ခဲ့တယ်... ဒါပေမယ့် သူမကတော့ ဖြစ်သင့်ဖြစ်ထိုက်တာကို မမောမပန်း ဆက်ပြောတတ်ပြန်ပါတယ်...

ဒီနေ့ Medical Leave နဲ့ ခွင့်နှစ်ရက်ဆက်တိုက်ယူပြီး နေ့တစ်ဝက် (စနေမို့) ရုံးပြန်စတက်တယ်... မနေ့က အလုပ်ကိစ္စအတွက် ကျမ Mobile ကို ခေါ်ပြီးမေးမြန်းတုန်းက ကျန်းမာရေးအခြေအနေကို ပြောပြထားမိလို့ပဲလား... တမင် အလုပ်များတဲ့အချိန် ခွင့်နှစ်ရက် ဆက်တိုက်ယူလိုက်တယ်လို့ထင်ကြလို့ပဲလားတော့မသိ... အားလုံးက ဖာသိဖာသာရယ်... နေပေါ့... ကျမ တကယ်နေမကောင်းတာမို့ သိပ်တော့ ဂရုမစိုက်ပါ... ရှင်းပြဖို့လည်း စိတ်မပါပါ... ခုထိတောင် လူက မောပြီး နေလို့ကောင်းသေးတာမဟုတ်... ကျမစားပွဲ ကျမလာထိုင်ပြီး စားပွဲပေါ်က မြောက်မြားစွာသော စာရွက်စာတမ်းတွေကိုကြည့်ရင်း သက်ပြင်းခပ်ဖွဖွချကာ လုပ်စရာရှိတာဆက်လုပ်နေလိုက်ပါတယ်... သူမ ရောက်လာတော့ အနွေးထည်နဲ့ ကျမကို တအံ့တဩ မေးပါရောလား... ကျမလည်း ကျမ ဖြစ်တာတွေကို အကုန်ပြောလိုက်ရော မျက်လုံးပြူးပြီး ဂရုစိုက်ဖို့၊ ဘာဖို့တို့ မှာတော့တာပဲ... နောက်တော့ သူမလည်း လုပ်စရာရှိတာလုပ်၊ နေသိပ်မကောင်းသေးတဲ့ ကျမလည်း နှစ်ရက်စာ အလုပ်အကြွေးတွေကိုကြည့်ပြီး တော်တော် စိတ်လေသွားတယ်... လုပ်ချင်စိတ်လည်း သိပ်မရှိတာရယ်၊ ခေါင်းလည်းမူးနေသေးတာမို့ အလုပ်ကို အာရုံမစိုက်ချင်တာရယ်ကြောင့် ဖြေးဖြေးနှေးနှေးနဲ့ အရေးကြီးတာလေးတွေ ရွေးလုပ်ပြီး သက်သာသလိုသာ နေလိုက်ပါတယ်... တစ်နာရီ ရုံးဆင်းတော့ ကျမရယ်၊ ရုံးက ကျမနဲ့အရင်းနှီးဆုံး Admin အစ်မရယ် (ကျမထက် ၇နှစ်လောက်ကြီးလို့ အစ်မသာ သုံးစွဲရတာ သူမကိုယ်တိုင် ကျမနဲ့သက်တူရွယ်တူလို သက်မှတ်ပြီး ဆက်ဆံတတ်သလို ကျမလည်း တစ်ခါတစ်လေ စိတ်အလိုမကျရင် အသက်အရွယ်တွေမေ့ပြီး ဘုပြောလိုပြော၊ ငြင်းလိုငြင်းနဲ့ပေါ့)၊ နောက်သူမရယ် နေ့လည်စာ အတူသွားစားဖို့ ပြင်ကြတယ်... သွားခါနီး ကျမနားကပ်ပြီး သူမက တိုးသက်ညင်သာသောအသံဖြင့် အစွမ်းကုန်ပြုံးပြပြီး "take it easy" လို့ ခပ်တိုးတိုးပြောပါတယ်... အစပထမ တိုးလျလွန်းတဲ့သူ့အသံကြောင့် ကျမ နားမလည်စွာ "ဟင်"လို့ မျက်ခုံးပင့်ကြည့်မိတော့ သူမက နောက်တစ်ကြိမ် "whatever... take it easy" လို့ ထပ်ပြောပါတယ်... ဘာအတွက်ကြောင့်၊ ဘာကိုရည်ရွယ်လို့ပြောလည်း ကျမ မသိပေမယ့် အမည်ဖော်မရတဲ့ ခံစားမှုတစ်မျိုးနဲ့ သူမကို ပြုံးပြမိတယ်... ဘာအတွက်ပဲဖြစ်ဖြစ် ကျမကို ဂရုတစိုက်ရှိပေးတဲ့ ကျမ စီနီယာကို ကျေးဇူးတင်မိသွားပေမယ့် ကျမဖွင့်တော့ မပြောဖြစ်ခဲ့ပါဘူး... ထုံးစံအတိုင်း စားနေကျဆိုင်မှာ (သူတို့အားလုံး သဘောတူ လက်ခံထားတာက christine က အဲဒီဆိုင်မှာ စားရတာ သဘောကျ နှစ်သက်ပါတယ်တဲ့... ကျမကတော့ တစ်ခါမှ အဲ့လို မပြောမိဘူးထင်ပါတယ်... သို့ပေမယ့် ကျမအကျင့်အတိုင်း ပြုံးလို့သာနေလိုက်ပြီး ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါခဲ့ပါဘူး) သူမတို့ နှစ်ယောက်က ခေါက်ဆွဲ... ကျမက ထမင်းနဲ့ဟင်း... မှာစားဖြစ်ကြတယ်... စားနေကျဆိုင်မို့ ကျမတို့ကို ရင်းနှီးပြီး အမြဲလည်း နောက်ပြောင်တတ်ကြတယ်... ကျမလာရင်လည်း curry နဲ့ ကြက်ဥပေါင်း သို့မဟုတ် curry နဲ့ တို့ဟူး စားနေကျမို့ အမြဲ စနောက်တတ်ကြပါသေးတယ်... ဒီနေ့ကတော့ နေလည်းသိပ်မကောင်းတာမို့ အချိုဟင်းတွေသာမှာစားဖြစ်သလို သောက်နေကျ grass power လို့ခေါ်တဲ့ အအေးလည်း မှာမသောက်ဖြစ်တော့ပါဘူး... အစ်မနှစ်ယောက် အလုအယက် ပြောနေကြတာတွေကိုသာ တစ်လုံးမှ ဝင်မပြောဘဲ ကိုယ့်ထမင်းကိုယ်စား... ပါလာတဲ့ကိုယ့်ရေကိုယ်ထုတ်သောက် လုပ်နေလိုက်ပါတယ်... ထမင်းစားတာနည်းနည်းများသွားလို့လားမသိ လူက ပိုနေလို့မကောင်းတော့... သို့ပေမယ့် စကားပြောကောင်းနေတဲ့သူမတို့ နှစ်ယောက်ကို နှုတ်ဆက်ပြီးပြန်ရမှာလည်း မကောင်းတတ်တာမို့ နားသာထောင်နေရတာ ဘာတွေပြောနေကြမှန်းမသိ... အိပ်မငိုက်ကျသွားအောင်တောင် မနည်းဂရုစိုက်နေရတယ်... စကားဝင်မပြောတဲ့ကျမကို သူမကတော့ နေမကောင်းလို့ ငြိမ်နေတယ်မှတ်ပြီး chinese လို "သနားပါတယ်"တဲ့... ကလေးလို ကျမကို အမြဲမြင်ပြီး ဆုံးမတတ်တဲ့သူမက ခုတစ်ခါလည်း ကလေးလိုမြင်ပြီး "သနားပါတယ်"လို့ ပြောတာ ကျမသိပါတယ်... အပြန်လမ်းခွဲကျတော့ သူမတို့နှစ်ယောက်က စားသောက်ဆိုင်ရှေ့က Bus Stop ကို ဦးတည်ပြီး ကျမက တစ်ဖက်ကားလမ်းက သူတို့ Bus Stop နဲ့ မျက်စောင်းထိုးမှာရှိတဲ့ Bus Stop ကို ခြေဦးလှည့်ရပါတယ်... လုပ်နေကျအတိုင်း နားကြပ်လေးထုတ် phone နဲ့ ချိတ်ပြီး သီချင်းနားထောင်... အတွေးတွေက ပြောင်းဆန်လို့... Bus စောင့်ရင်း တစ်ဖက်ကားလမ်းကို လှမ်းကြည့်မိတော့ သူမတစ်ယောက်တည်း... message ပို့နေလား၊ ဘာလားတော့မသိ phone ကို သည်းကြီးမည်းကြီးကြည့်နေတာကို တွေ့လိုက်ရတယ်... နောက်တော့ Busလည်း လာပြီမို့ အိမ်ပြန်ဖို့ကိုပဲ အာရုံရတော့တယ်... Bus ပေါ်ထိုင်ရင်း မျက်လုံးမှိတ်ပြီး အသာမှေးနေတုန်း message ဝင်လာလို့ ကြည့်လိုက်တော့ သူမဆီမှ...

တစ်ခါတစ်လေ... လောကမှာ အထင်နဲ့အမြင်ဆိုတာတွေက ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေတတ်ကြပြန်တယ်... ကျမ မထင်မှတ်ထားတဲ့သူက မထင်မှတ်ထားတဲ့အချိန်မှာ ကောင်းနေတတ်ပါလားလို့ ကျမအတွေးဝင်မိသလို... အရင်က ကျမ သူမအပေါ်ထားခဲ့ဖူးတဲ့ သံသယအမဲစက်လေးတွေလည်း ကျမမှုတ်ထုတ်လိုက်တဲ့ သက်ပြင်းလေတိုးတိုးလေးနဲ့အတူ အဝေးကို လွင့်ထွက်သွားပါတယ်... ကျမ တကယ် ခံစားလိုက်ရတာက မိတ်ဆွေဆိုတဲ့ ဝေါဟာရလေးရဲ့ အဓိပ္ပါယ်ပါ... ကျမ နေ့စဉ်နဲ့အမျှ စေတနာထားလုပ်ပေးနေတဲ့၊ နီးကပ်စွာရှိနေကြတဲ့သူတွေဆီက နေကောင်းပြီလား... သက်သာရဲ့လားဆိုတဲ့ လွယ်ကူရိုးဆင်းပြီး အပန်းမကြီးတဲ့ စကားတစ်ခွန်းတောင် မကြားရ... ပြောတဲ့သူရှိပေမယ့် ဟန်လုပ်အပြောနဲ့ အပေါ်ယံကြောတွေ... စိတ်ထဲပါလို့မဟုတ်... လူ့စိတ်ဆိုတာမှန်းရတော့ ခက်သားလို့ ကျမ အပြုံးလျော့လျော့နဲ့ တွေးမိတယ်... ပြီးတော့... ပထမဆုံးအကြိမ် သူစိမ်းတစ်ယောက်ဆီက မျှော်လင့်မထားတဲ့ ဂရုစိုက်မှုတစ်ခုက ကျမရင်ကို အပ်စိုက်ခဲ့တယ်... ကျမ အတော်ကြာတဲ့အထိ တစ်ကိုယ်တည်း ပြုံးမိရင်း... ပြူတင်းပေါက်ကိုကျော်ပြီး မမြင်သော အကြည့်နဲ့ သူမကို တွေးမြင်လို့ ကျေးဇူးတင်စကား အထပ်ထပ်ဆိုလိုက်မိပါတယ်... မလိုအပ်ပေမယ့် ပေးတဲ့သူရှိရင်တော့ ကျမ ရင်ဘက်တစ်ခုနဲ့ ခံစားတတ်ပါတယ်...

ကျေးဇူးတင်ပါတယ်... Kelly... တကယ် ကျေးဇူးတင်ပါတယ်...


Created By: k2tmaung (16 August 2009 Sunday 5:09PM)

ဆက်လက်ဖတ်ရှုရန်...

အချစ်စစ်လို့တော့ ငါ နာမည်မတပ်ဘူး...
ဆယ်ကျော်သက်မို့ ငါ ရူးခဲ့ဖူးလို့...
သေချာတာက နင့်လောက် ဘယ်သူ့ကိုမှ မစွဲလန်းဘူး...

ညမှောင်မှောင်ကို ငါ မကြိုက်ဘူး...
နာကျင်မှုကို ငါပိုက်လို့ မျက်ရည်ခိုးခိုးကျခဲ့ရဖူးလို့...
သေချာတာက နင့်အတွက်ကလွဲလို့ ဘယ်ယောက်ျားအတွက်မှ မငိုခဲ့ဖူးဘူး...

လူတစ်ယောက်ကို ငါ ကြာကြာ မသာယာတတ်ဘူး...
သုံးနှစ်တာဆိုတဲ့ ကာလတစ်ခုနဲ့ ငါ အပီအပြင် ခံစားဖူးလို့...
သေချာတာက နင်မဟုတ်တဲ့ သူအတွက် ငါ့အချိန်တွေ မဖြုန်းခဲ့ဘူး...

လူတိုင်းကို နင်နဲ့ယှဉ်
စကာတင် ငါ ရွေး...
အားလုံးမှာ တွေးစရာ အပြစ်အနာအဆာတွေနဲ့...

ငါ အပြစ်မမြင် စံတင်ခဲ့တဲ့နင်...
ထင်တစ်လုံးနဲ့ ငါအလွဲကြီးလွဲ...
နင်တွဲခဲ့တာတွေ ငါမမှုပေမယ့်...
ယောက်ျားဆန်တဲ့ နင့်ပေတေတေသရုပ်...
စုတ်သပ်လို့ ငါ အော်ရယ်မိတယ်...
နင်တို့ အလဲအကွဲ ခံစားတဲ့အချစ်ဆိုတာ ဒါလားလို့...

ငါ မိုက်မဲလို့ အထင်ကြီးခဲ့တဲ့နင်...
နင့်ပညာဂုဏ်နဲ့ ပနံမရလိုက်တဲ့ သတင်း...
ငါ့ကိုယ်ငါကြားအောင် အတင်းပြောဖြစ်တယ်...

ငါ နစ်မြောခဲ့တဲ့ သုံးနှစ်တာနဲ့ အပေါင်းအပါကာလတစ်ချို့...
အခါခါ ဟားတိုက်ရယ်လို့ ငါ နှမြောလိုက်လေခြင်း...
ထိုက်တန်တဲ့ စကားလုံးနဲ့ ငါ့ကိုယ်ငါလည်း ဆဲရေးဆိုချင်မိ...
အဖတ်ဆယ်မရအောင်လည်း နင့်ကို ငါ အထင်သေးတယ်...
ငါ အလေးထားခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အကျင့်သီလ...
တည်ကြည်မှုနဲ့ ရိုးဖြောင့်ခြင်းတွေ ငါ ဆက်ရှာဖို့ တာသွားခဲ့ပြီ...

ငါက ဆက်ဆံရေးမှာ လေးစားမှုကို အခြေခံတယ်...
စံအဖြစ် ရိုးသားမှုကို အလေးပေးတယ်...
ခပ်ဝေးဝေးချန်ထားတတ်တာက အထိအတွေ့ခံစားမှုတွေ...

အချစ်ဆိုတဲ့ ဝေါဟာရနဲ့ မထင်ပေါ်ချင်တဲ့ငါက...
နင်ထင်သလို မစွံတာတော့ မဟုတ်ခဲ့ဘူး...
စစ်ထုတ်ကြည့်ရင် နင်အပါအဝင် ငါ ခါခဲ့တာတွေ ဒုနဲ့ဒေး...
အတွေးချို့တဲ့တဲ့နဲ့ လူတစ်ယောက်ကို အထင်တော့မသေးနဲ့...
အမြင်တစ်ချို့နဲ့ ငါ တိတ်တိတ်နေချင်လို့သာ...

နင့်ကိုမှ ငါ ရွေးခဲ့လို့ နင် ဘဝင်လေဟပ် မြောက်တက်မနေနဲ့...
ပတ်သက်ခြင်းမရှိခဲ့တဲ့နင်နဲ့ငါ ဖြူစင်မှုတွေနဲ့ ငါ အရှုံးမရှိဘူး...
ပြုံးပြုံးနဲ့သာ နင့်မင်္ဂလာပွဲ နွှဲလိုက်စမ်းပါ...
ငါ တမ်းတလို့ မလွမ်းလောက်ပါဘူး...

ငါတစ်ကိုယ်တည်း ဘဝလမ်းကိုလှမ်း...
လွမ်းစိတ်မကုန် ငါရစ်ထုံလို့ နင် ကြုံသလို မမြင်နဲ့...
ငါ အဆင်အခြင်မဲ့ အချစ်ဆိုတာကို မခံစားချင်လို့သာ...
တားမြစ်ထားတဲ့ နယ်မြေ ငါ ဝင်ဖို့မကြိုးစား...
အနားသတ်တွေ မညီ ငါ ထီမထင်တဲ့ ဘာသာခြားချစ်ခြင်းဆိုတဲ့မြေ ...

ငါ့မှာ လျှောက်ဖို့လမ်းလည်းရှိတယ်...
ရှိတဲ့လမ်းအတွက်လည်း ငါ ပုံအောတယ်...
ပုံအောထားတဲ့ ငါ့အနာဂါတ်မှာ ငါရယ်... ငါ့မိဘရယ်ပဲရှိချင်တယ်...

Created By: k2tmaung (15 August 2009 Saturday 11:19PM)
(အတိတ်က တစ်ဦးတည်းသော ကာလရှည်ကြာ ရင်ခုန်ခဲ့ဖူးသူတစ်ယောက်အတွက်... စိတ်ကူးသက်သက် ပုံဖော်ကြည့်တယ်)

ဆက်လက်ဖတ်ရှုရန်...

ကျမ မိဘတွေနဲ့ ခွဲရတာ တစ်နှစ်ခွဲကျော်ရှိပါပြီ... သို့ပေမယ့် ခုချိန်လောက် တစ်ခါမှ မလွမ်းဖူးဘူး... လူမှုရေး၊ စီးပွါးရေးတွေနဲ့ ရှုပ်နေရလို့လားတော့မသိ... သတိရပေမယ့် အားငယ်လွမ်းဆွတ်နေတာမျိုးတော့မဟုတ်ခဲ့... သားသမီးတွေ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် မိဘနဲ့ တွေ့ရင်တော့ ပီဘိ ကလေးငယ်တွေပါပဲလေ...

11/12 August 2009
မနက်အိပ်ယာထ,ကတည်းက လည်ချောင်းနာနေတာရယ်၊ ကိုယ်ပူချင်နေတာရယ်ကြောင့် ငါတော့ ဖျားတော့မလားမသိလို့ တွေးမိသွားပေမယ့် လုပ်ချင်တာကို ဦးစားပေးတတ်တဲ့ ညာဉ်ဆိုးအတိုင်း အင်္ကျီတွေကို စိမ်ပြေနပြေ လျှော်လိုက်သေးတယ်... အင်္ကျီနဲ့ ထမီအတူ ရောမလျှော်တတ်သော ကျမတို့မိသားစုရဲ့အကျင့်အတိုင်း၊ စင်္ကာပူရေက ဆေးကျွတ်လွန်းတာလည်း ပါတာပေါ့လေ... ကျမအဝတ်လေးတွေကို သေချာထိုင်လျှော်ရင်း ဖျားရင်တော့ ဒုက္ခလို့တော့ တွေးမိသား... ပြီးတော့ တစ်နေ့ ခေါင်းမလျှော်ရမနေနိုင်တာမို့ ခေါင်းကလည်းလျှော်လိုက်သေး... ကျမမိခင်သာသိရင် ကိုယ့်ကိုယ်ကိုယ်မှ ဂရုမစိုက်ဘဲ နည်းတောင်နည်းသေးလို့ ရယ်ပြီးများပြောမလား... အဲလို ကျမတစ်ခုခုကို အဆင်အခြင်မဲ့လုပ်ပြီးလို့သွားညည်းတိုင်း ကျမမိခင်က ဒေါသမပါသော၊ တစ်ခါတစ်လေလည်း ဂရုဏာဒေါမနဿဖြစ်စွာ "နည်းတောင်နည်းသေး"လို့ "မသနားဘူး"လို့ အမြဲပြောတတ်တယ်... ဒါပေမယ့် ပါးစပ်ကသာ ပြောတာပါ... ပြီးရင် ကလေးလေးတစ်ယောက်လို အသေးစိတ်ကအစ လိုက်လုပ်ပေးတတ်သူပါ... ကျမက သူများတွေထက်ပဲ ပိုပျော့သလား... မိခင်က ဂရုစိုက်လွန်းလို့လားတော့မသိ... အဖျားလေးနည်းနည်းရှိရုံနဲ့ ခေါင်းမထောင်နိုင်အောင် အိပ်ယာထဲခွေလဲနေတတ်တာ... ကျမမိခင်က အစားအသောက် အင်မတန်မှ ချေးများသော ကျမအတွက် မကြိုက်မချင်း တစ်မျိုးပြီးတစ်မျိုးလုပ်၊ မစားဘူးလို့ ပေကတ်ကတ်လုပ်တတ်တဲ့ကျမကို စိတ်ရှည်လက်ရှည် ချော့မော့ကျွေးတတ်သေးတယ်... တစ်ခါတစ်လေ ကျမဖခင်က စိတ်မရှည်တော့ဘဲ ဘာမှမစားလို့ကတော့ ပြန်ကိုထောင်လာမှာမဟုတ်ဘူး၊ ဘာဘူးနဲ့ကြိမ်းရတဲ့အထိ ကျမကလည်း ခေါင်းမာသူပါ... ကော်ဖီဆိုလည်း မတည့်လို့... ဆန်ပြုတ်ကလည်း မကြိုက်လို့... ကွေကာအုပ်ကလည်း ငယ်ငယ်က တစ်ခါ အရမ်းအဖျားကြီးတုန်းက ရက်ဆက်သောက်လိုက်ရလို့လားတော့မသိ နေမကောင်းတဲ့အချိန်လာတိုက်ရင် ဘယ်လိုမှ အနံ့မခံနိုင်ပါ... အဲလို အဲလို အကြောင်းပြချက်ပေါင်းများစွာနဲ့ ချေးများတတ်သော ကျမကို ကျမမိခင်က လွဲလို့ ဘယ်သူမှ စိတ်မရှည်... မိခင်မလို့ ဂျီကျလို့ရလို့လည်း ဂျီကျတာလည်း ပါတာပေါ့လေ... အဲလောက် ဂရုစိုက်တဲ့သူရှိနေခဲ့တော့... တစ်ခြားဘယ်သူ ဂရုစိုက်စိုက် မစိုက်စိုက် ကျမတစ်ခါမှ ယောင်လို့တောင် အတွေးထဲမရောက်ခဲ့ဖူးပါ...

ခုတော့ အနွေးထည်လေးဝတ်... မျက်မှန်အင်မတန်မှ တပ်ခဲသော ကျမ မျက်မှန်လေးတပ်၊ အလှပြင်ဖို့ စိတ်မပါတာမို့ ဖြစ်သလို (ခေါင်းကတော့ လျှော်လိုက်သေး) ရုံးလာတာတောင် ဘယ်သူမှ မေးဖော်မရ... ကိုယ်နေမကောင်းတာကို ထုတ်ပြောပြီး ညည်းမနေချင်တာမို့ ကောင်းချင်ယောင်ဆောင်ပြီး လုပ်စရာရှိတာ လုပ်နေရပေမယ့် နှေးကွေးလွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်တော့ဘယ်လိုမှ အားမရပါ... remote control ပျက်နေလို့ temperature အတိုးအလျှော့လုပ်မရသော ကျမတို့အခန်းထဲက air con ကလည်း အရင်နေ့တွေကလို အေးရုံအေးမနေဘဲ ဆောင်းတွင်းများရောက်သွားလားထင်ရအောင် ခိုက်ခိုက်တုန်အောင် ချမ်းမိရဲ့... နေ့လည် ထမင်းစားချိန် စားချင်စိတ်မရှိတာနဲ့ အသင့်ရှိနေတဲ့ ခေါက်ဆွဲပြုတ်ဗူးကိုပဲ အလွယ်တကူ ရေနွေးရောပြီး စားလိုက်တော့ အရင်နေ့တွေကလို ချွေးပြန်ရအောင် စပ်မနေဘဲ ပါးစပ်ထဲ ဆားဘယ်နှစ်ပိဿာလိုမှန်းမသိ ပေါ့ရွှတ်လို့နေခဲ့တယ်... ဒါနဲ့ ခပ်မြန်မြန်ပဲ လက်စသတ်ပြီး ရေနွေးပူပူလေး တစ်ခွက်ဆွဲ ကိုယ့်အလုပ်စားပွဲ ကိုယ်ပြန်ထိုင်လိုက်တော့ တော်တော်ကိုယ်ပူနေပြီမှန်း သတိထားလိုက်မိတယ်... ရေနွေးကလည်း ပူပူကြီးကို မော့လိုက်တာ လျှာကျက်သွားတာမို့ ခဏချထားလိုက်တာ သတိရလို့ ပြန်ကြည့်လိုက်တော့ ရေကျက်အေးဖြစ်နေရော... မနက်ကတော့ ဆေးသောက်မလို့ ကျမမိခင်ထည့်ပေးလိုက်တဲ့ ဆေးအမျိုးအစား တော်တော်များသော သို့ပေမယ့် ကျမတစ်ခုမှမသိသော ဆေးသေတ္တာလေးကို ဖွင့်တော့ ကြည့်လိုက်သေး... အိမ်မှာတုန်းကတော့ ဘာဖြစ်ဖြစ် ကျမမိခင် လက်ထဲလာထည့်ပေးတဲ့ဆေးကို ကောက်မော့လိုက်တာပဲ... ဘာဆေးလဲ ညာဆေးလဲ တစ်ခါမှ မမေးခဲ့... ကျမမိခင်ကတော့ ပြောသား... ဘာဆေးတိုက်လဲ နည်းနည်းပါးပါးကြည့်ထားဦးတဲ့... ခုကျမှ ဒုက္ခနဲ့ လှလှနဲ့တွေ့ပြီး ဘာဆေးသောက်ရမှန်းမသိ... နေမကောင်းတဲ့နေ့ကျမှ သူဌေးကလည်း အပြင်မသွား... သူအပြင်သွားရင် ခဏဖြစ်ဖြစ်တော့ မှောက်အိပ်လိုက်ချင်သေးတာ... နေမကောင်းပါဘူးဆိုမှ ရစ်ကြပုံကလည်း မျိုးစုံ... ထိုင်ငိုချင်လောက်အောင် လူက တော်တော်ကို အခြေအနေဆိုးနေပေမယ့် ဟန်ဆောင်နေရတာလည်း မုန်းဖို့ကောင်းလိုက်ပါဘိ... မနက်ဖြန် ခွင့်ယူမယ်ပြောလိုက်ရင် နောက်ထပ်နောက်ထပ် အလုပ်တွေက လာဦးမယ်... မတတ်နိုင်ဘူး... မသိချင်ယောင်ဆောင်... ရှိတဲ့အလုပ်အကုန်အပြီးဖြတ်... နှစ်ရက်လောက်ခွင့်ယူရမယ် မှန်းတော့ အာလာလား... အလုပ်ဆိုတာ တောင်ပုံယာပုံ... အရေးထဲ လူကနှေးကွေးကွေးဆိုတော့ အလုပ်ကလည်းမတွင်ပြန်... ဟူး...တော်ပြီကွာ... ကျန်တာ နောက်ကိစ္စနောက်မှ ကြည့်ရှင်းတာပေါ့လို့ စိတ်ဒုံးဒုံးချလိုက်တော့ နာရီလက်တံက ၁၀နာရီ ကို ပြနေပြီ... နေကောင်းတဲ့အချိန်ဆို အဲလောက်ကြာမှာ မဟုတ်ဘူးလို့ တွေးမိတော့ လူကတော်တော်မောဟိုက်နေပြီ... မြန်မြန်လှဲချလိုက်ချင်ပါပြီဆိုမှ... Bus က မလာ... စောင့်လိုက်ရတာ တစ်ရေးတောင်ရနိုင်တယ်... တော်ပါသေးရဲ့... Bus ပေါ်မှာ ထိုင်စရာနေရာလေးရလိုက်လို့... ပင်ပန်းတာရယ် နေမကောင်းတာရယ်ကြောင့် သတိလွတ်ပြီး အိပ်ပျော်သွားတာ ဆင်းရမယ့် ဂိတ်ဆုံးကို ရောက်ရောပဲ... ဗိုက်ထဲမှာလည်း စစ်ပွဲက အပြင်းအထန်... တတ်နိုင်ဘူး... ကိုယ့်ခြေထောက်တောင် ကိုယ်အနိုင်နိုင်သယ်နေရတာ... သူ့ကို ငဲ့မနေနိုင်... လမ်းလျှောက်ရင်းက ငိုချင်စိတ်တွေကို အသိတရားတွေနဲ့ ထိန်းချုပ်... အိမ်ပြန်ရောက်ဖို့ကိုပဲ အားတင်းရင်း...ခြေထောက်တွေကို အလုပ်ပေးလိုက်တယ်... အခန်းထဲရောက်တာနဲ့ ခြေလက်တောင်မဆေးနိုင် ကုတင်ပေါ် ထိုးအိပ်ဖြစ်တယ်... လူတစ်ကိုယ်လုံးကလည်း ခိုးသားငါးရာ ဝိုင်းရိုက်ထားသလား ထင်ရအောင် နာကျင်နေတယ်... ဖြစ်သေးပါဘူးဆိုပြီး ခြေလက်ဆေး မျက်နှာထ,သစ်... အခန်းထဲပြန်ဝင်လာတော့ ဖုန်းပြောနေတဲ့ ညီမလေးက ဖုန်းလေးချပြီး ဘယ်လိုလဲတဲ့... အားယူပြောတာတောင် အသံက မထွက်တစ်ဝက် ထွက်တစ်ဝက်... ဘယ်လိုလုပ် အသံကပါ ဝင်သွားတယ်မသိ... ဒါနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကျမအစာအိမ်လေးအတွက်... အစာလေးတစ်ခုခုတော့ ဗိုက်ထဲထည့်ဦးမှ... တော်ကြာ... ဗိုက်ကအောင့်ရင် တစ်ရောဂါကနေ နောက်တစ်ရောဂါ ဖြစ်ဦးမယ်ဆိုပြီး အတွေးရောက်လို့... ဘာစားရင်ကောင်းမလဲ ရှာလိုက်တော့ အမုန်းဆုံးသော ကွေကာအုပ်ပဲ မျက်စိထဲမြင်တယ်... ကော်ဖီ နဲ့ milo သောက်လို့ကတော့ ဒီညအိပ်ရမှာမဟုတ်... ပိုသာဆိုးမို့... သက်ပြင်းလေး ဖြေးဖြေးချ... ရေနွေးဓာတ်ဗူးလေး ပလပ်ထိုး... လက်က laptop ကို လှမ်းဖွင့်... ရေနွေးဆူတာ စောင့်ရဖို့ တစ်ခုခုလုပ်နေမှ ဖြစ်မှာကိုး... ရေနွေးဆူတော့ ကွေကာအုပ်လေးဖျော် အသက်အောင့်ပြီး ဇွတ်မျိုချနေရင်း စိတ်ထဲမှာတော့ ကျမမိခင်ကို ပြင်းပြင်းထန်ထန် သတိရမိရဲ့... အိမ်မှာဆိုရင်တော့...လို့တွေးမိတော့ မျက်ရည်က ဝဲချင်ချင်... မြန်မြန်လက်စသပ်ပြီး မရှိရှိတဲ့ အနွေးထည်လေး ကောက်ဆွဲဝတ်ပြီး အိပ်ယာထဲ ထိုးဝင်အိပ်လိုက်တာ... နောက်နေ့ မနက်နိုးနေကျအချိန်မှ နိုးတော့တယ်... မနေ့ညကလောက် အခြေအနေမဆိုးပေမယ့် ခေါင်းကထောင်မရအောင် ကိုက်နေတာ... နိုးနိုးချင်း... သူဌေးကို ရုံးမလာဘူးဆိုတာ message လှမ်းပို့ပေမယ့် ဘာ reply မှ ပြန်မလာ... အိပ်ယာ မထ,သေးတာ ဖြစ်မှာလို့ တွေးမိပေမယ့် ကိုယ်ကလည်း နိုးတဲ့အချိန်လေး ပို့မှ ဖြစ်မှာကိုး... တော်ကြာ အိပ်ပျော်သွားပြီး ဘယ်အချိန်မှ ပြန်နိုးမလဲမှ မသိတာလေ... ၉နာရီကျော်မှ သူဌေးဆီက ok ဆိုတဲ့ message တစ်ခုပြန်ရတယ်... ဒါနဲ့ ပြန်ဆက်အိပ်လိုက်တာ ၁၁နာရီထိုးတဲ့အထိပဲ... ဖြစ်သေးပါဘူး... ဆေးခန်းတော့ သွားဦးမှ... ဆရာဝန်ထောက်ခံချက်မပါရင် MC က ယူမရတော့... အင်း... မထချင်ထချင်နဲ့ ကုန်းရုံးထ... အိမ်နောက်ဘက် ရေချိုးခန်းဆီသွားတော့ မလေးရှားဘက်မှာ အနေများတဲ့ အိမ်ရှင်ရဲ့အမေက "ဒီနေ့ ရုံးမသွားဘူးလား"တဲ့... "ဖျားနေလို့"လို့ ပြန်ဖြေတော့ "အော်...ထင်တော့ထင်သား... ချောင်းဆိုးသံတွေ ကြားနေရလို့"တဲ့... အဲ...ကျမချောင်းဆိုးသံက တော်တော်များ ကျယ်သွားသလားလို့ ရှက်တော့ရှက်မိသေး... တတ်နိုင်ဘူးလေ... နေမှကောင်းဘဲဟာကို... မျက်နှာသစ်၊ သွားမြန်မြန်တိုက်ပြီး တွေ့ရာ ဂျင်းဘောင်းဘီတစ်ထည်၊ အင်္ကျီတစ်ထည်ဆွဲဝတ်... ကိုယ့်နဖူးကိုယ်စမ်းကြည့်တော့ အေးနေပေမယ့် အပြင်ထွက်မှာမို့ အနွေးထည်လေးတော့ သတိတရ ကောက်ဆွဲပြီး ဝတ်လိုက်သေးတယ်... နီးနိနားနားဆေးခန်းမှာ ပြလို့ရပေမယ့် မြန်မာဆေးခန်းမှာပဲ ပြချင်တာမို့ အပင်ပန်းခံပြီး MRT စီးသွားရသေးတယ်... MRT ပေါ်ရောက်တော့ ကိုယ်ကနေမကောင်းသူမို့ သူများတွေ အနှောက်အရှက်ဖြစ်မှာဆိုးပြီး စေတနာဗရပွနဲ့ မထိုင်ဘဲ မတ်တပ်ပဲရပ်နေလိုက်တယ်... သွားရတဲ့ ခရီးကလည်း မနီးတော့ လမ်းတစ်ဝက်မှာတင် အခြေကမခိုင်ချင်တော့... ချောင်းဆိုးချင်တာလည်း အောင့်ထားရတာ တစ်ဒုက္ခ... MRT ပေါ်က ဆင်းမှပဲ အားရပါးရ ချောင်းဆိုးဖြစ်တော့ ကိုယ့်အဖြစ်ကိုယ်တွေးပြီး ရယ်ချင်မိသေးတယ်... ပြီးတော့ ရန်ကုန်မှာသာဆို ဒီလောက် ဒုက္ခခံပြီး ဆေးခန်းလာပြရမှာ မဟုတ်ဘူးလို့ အတွေးရောက်တော့ သက်ပြင်းဖွဖွချမိတယ်... ဟုတ်တယ်လေ... ကားလေးနဲ့ စွတ်ကနဲ... အပင်ပန်းခံ မတ်တပ်ရပ်စရာမလို... ချောင်းဆိုးချင်တာလည်း အောင့်ထားစရာမလို... ဟင်း... တတ်နိုင်ဘူးလေ... ဒါ ငါ့ဘဝကိုး... ဆေးခန်းရောက်တော့ ဆရာဝန်က ၁၂နာရီကနေ ၂နာရီထိ ထမင်းစားချိန်ဆိုလို့ နာရိလေးကြည့်မိတယ်... အော်...ငါလာတာ ထမင်းစားချိန် တည့်တည့်ကြီးကိုး... သက်ပြင်းလေး သာသာချပြီး city hall က accounting firm တစ်ခု မှာပဲ အလုပ်လုပ်နေတဲ့ ညီမလေးကို ဖုန်းဆက်ခေါ် ထမင်းသွားစားရတယ်... ဘာမှစားချင်စိတ်မရှိပေမယ့် တစ်ခုခုစားမှ ဖြစ်မှာမို့ အာသီးတော်တော်ရောင်မှန်းသိပေမယ့် အလွယ်တကူ ခံတွင်းတွေ့နိုင်မယ်ထင်တဲ့ Tom Yam ခေါက်ဆွဲမှာစားလိုက်သေးတယ်... ကျမမိခင်သာသိရင် ဆူလိုက်မယ့်ဖြစ်ခြင်း... စားကောင်းမလားလို့ ဝယ်သာစားလိုက်ပါတယ်... အရည်လေးခပ်သောက် ခေါက်ဆွဲလေး လေးငါးဇွန်းခပ်စား... အသားလေးတွေ ရွေးစားပြီး ပန်းကန်ကို ဘေးတွန်းလိုက်တော့ အရည်သိပ်မရှိတော့တဲ့ပန်းကန်ထဲမှာ ခေါက်ဆွဲတွေက အရာမယွင်းသေး... ၁နာရီထိ ထိုင်စကားပြောပြီးမှ ညီမလေးလည်း ပြန်အလုပ်ဝင်ရမှာမို့ ဆေးခန်းဘက်ပြန်လာထိုင်စောင့်... ကောင်တာက အစ်မက ဆရာဝန် မလာသေးပေမယ့် ဘာဖြစ်တာလဲ ကြိုမေးတော့ ဖြေရတာ ကိုယ့်အသံကိုယ်အားမရ... တော်တော်အားယူပြောရတာတောင် အသံက သိပ်မထွက်... ဒီအသံနဲ့ သီချင်းဆိုလိုက်ရရင်လို့လည်း ပြောင်ချော်ချော်တွေးလိုက်မိသေး... တွေ့ရာစာအုပ်တစ်အုပ်ကို ဆွဲယူ ဖတ်နေရင်း တစ်ယောက်တည်း ငေါင်စင်းစင်းထိုင်ကာ ကျမမိခင်ကိုလည်း သတိရနေမိသေးတယ်... ကျမမိခင်သာ ဘေးနား ရှိရင်တော့ အင်္ကျီလက်ပြတ် အမြဲဝတ်တတ်တဲ့ မိခင်လက်မောင်းကို တင်းတင်းဖတ်ပြီးမှီနေမိမှာ... သို့မဟုတ် မိခင်ရဲ့ ဗိုက်ပူပူလေးပေါ် ခေါင်းနဲ့ထောက်ပြီး မှီထားမိမှာလို့... ကံကောင်းချင်တော့ ဆရာဝန်က ၁နာရီခွဲမှာ ပြန်လာတာမို့ သိပ်မစောင့်လိုက်ရ... မြန်မာဆရာဝန်မတစ်ယောက်မို့ ပြောရဆိုရတာတော့ အဆင်ပြေသား... နေမကောင်းတဲ့အချိန် ကိုယ်ခံစားရတာကို မြန်မာလိုပဲ ပြောချင်မိတယ်လေ... ကိုယ်ကကိုယ့်နဖူးကိုယ်စမ်းပြီး အဖျားမရှိဘူးလို့ထင်ပေမယ့် အဖျားကရှိနေသေးတယ်... အိမ်ကချာတူးလန် အလကား လက်ဆောင်ရထားတဲ့ အဖျားတိုင်းစက်က ကိုယ်တွေပူခြစ်နေတာတောင် 36.5'C ကနေမတက်လို့ စိတ်ထဲကျိတ်ပြီး မေတ္တာပို့မိလိုက်သေးတယ်... ဒါနဲ့ pressure တိုင်းမယ်ဆိုတော့ အဲ...ငါတော့ ခေါင်းဒီလောက်ကိုက်တာ သွေးများတိုးနေမလားလို့ တွေးနေဆဲ pressure တော်တော်ကျနေတယ်ဆိုလို့ အံ့ဩပြီး သံယောင်လိုက်မိလိုက်တယ်... နေမကောင်းလို့ ဆေးခန်းသွားပြတိုင်း pressure သိပ်မကျတတ်တာမို့ ခုတစ်ခေါက်ကတော့ တော်တော်အံ့ဩမိတယ်... အော်... ဒီလောက် pressure ကျတာတောင် သွားလာနိုင်သေးတာ ငါတော်တော်ဟုတ်နေပါလားလို့လဲ ကိုယ့်ဘာသာကျိတ်ချီးကျူးလိုက်သေး... အပြန် ဆေးခန်းကပေးလိုက်တဲ့ mask ကြီးတပ်ပြီး ပြန်လာတော့ လူတွေ ကြည့်နေမလားလို့ တွေးပြီး ရှက်မိသား... အင်းလေ... ကျမသာ H1N1 ဆိုရင် တစ်ခြားလူတွေ ရောဂါကူးကုန်ရင် မခက်လားလို့ တွေးပြီး ရှက်စိတ်လေး ဖျောက်ထားလိုက်ပါတယ်... အပြန်လည်း လူတွေနဲ့ ရောမထိုင်ချင်တာမို့ မတ်တပ်ပဲ ရပ်နေဖြစ်တယ်...ကံကောင်းချင်တော့ တံခါးဝဘက်မှာ မှီစရာနေရာလေးရတော့ မှေးနေဖို့ အဆင်တော့ နည်းနည်း ချောသွားတာပေါ့လေ... အတွေးတွေကတော့ ဗြောင်းဆန်နေတာပါပဲ... မနေ့ကလို အရမ်းနေမကောင်းလို့ အားငယ်နေတာမျိုး မဟုတ်ပေမယ့် ကျမအပေါ် ဂရုစိုက်လွန်းတဲ့ ကျမမိဘတွေနား နေမကောင်းချိန်လေးတော့ ရှိနေချင်သေးတာ... ဖျားတော့ ဖျားခဲပေမယ့် ခေါင်းမူးခေါင်းကိုက် နေမကောင်းတာလောက်ကတော့ အမြဲဖြစ်နေကျမို့ အထူးအဆန်း မဟုတ်ပေမယ့် ခုလို တကယ်ဖျားတော့ အိမ်ကိုပြင်းပြင်းထန်ထန် လွမ်းမိတယ်... ကျမဆင်းရမယ့် မှတ်တိုင်ရောက်တော့ mask လေးကို အသာဖြုတ်... (mask ကြီးတကားကားနဲ့ ကိုယ့်ရပ်ကွက်ထဲသွားလာရမှာ ရှက်တာနဲ့)... ဆေးသောက်ဖို့ ဗိုက်ထဲတစ်ခုခုထည့်မှဖြစ်မှာမို့ လျှောက်ကြည့်တော့ ဘာစားဖို့မှစိတ်မပါ... ဒါနဲ့ ကြက်ဥမကျက်တကျက်လုပ်သောက်ရ မဆိုးဘူးလို့ အတွေးရောက်တော့ ကြက်ဥတစ်ကဒ်ဝယ်... လိမ္မော်သီးနည်းနည်း... ပန်းသီးနည်းနည်းဝယ်ပြီး...အိမ်ပြန်... လုပ်စရာလည်းမရှိတာနဲ့ laptopလေးဖွင့် ရေနွေးအိုးလေးတည်... ဆေးကသောက်ရဦးမှာဆိုတော့ အစာအရင်ဝင်မှဖြစ်မှာဆိုပြီး စားစရာတွေကို တစ်ခုပြီးတစ်ခုကိုင်ကြည့်... နောက်ဆုံး တစ်နေ့က ဝယ်ထားတဲ့ စပျစ်သီးလေးကို အာရုံရောက်တာနဲ့ စားလိုက်တာ အမြစ်ပြတ်ရော... ရေနွေးလေးဆူတော့ သေးသေးကွေးကွေးကြက်ဥလေးနှစ်လုံးပြုတ်သောက်လိုက်တယ်... ဆေးသောက် ဗိုက်မှောက်ပြီး အိပ်လိုက်တော့ တော်တော် သက်သာသလိုတော့ရှိသား... ဒါတောင် ညနေ ဆေးသောက်တော့ အန်ချင်သလိုလိုနဲ့ သိပ်အဆင်မပြေချင်သေး... အိမ်မှာဆိုရင်တော့ စားဖို့သောက်ဖို့ ဆေးသောက်ဖို့ ဘာမှပူစရာမလို... အင်းလေ... တူဘူးပေါ့... ခုက ကိုယ့်ဘဝကိုယ် စ,နေရတာကိုး... အိမ်ရှင်ရဲ့ အမေကတော့ ဂရုတစိုက်နဲ့ မေးဖော်ရသား... စားဖို့တစ်ခုခုလုပ်ပေးမယ်ဆိုပေမယ့် ကိုယ့်အတွက်နဲ့ ဘယ်သူကိုမှ အလုပ်မပိုစေချင်... "အိမ်နဲ့ဝေးနေတော့ အားငယ်မှာပေါ့"လို့ ပြောတော့မှ ငိုချင်ရဲ့လက်တို့သလိုဖြစ်တော့တယ်... သူကတော့ စေတနာဆိုးနဲ့ပြောတာမှမဟုတ်ဘဲလေ... ဘယ်လောက် စိတ်မာတယ်ပြောပြော... အားမငယ်ဘူးပြောပြော... နေထိုင်မကောင်းဖြစ်ချိန်မှာတော့ အိမ်ကို လွမ်းတာကလွမ်းတာပဲလေ...

ဘယ်လိုပဲဖြစ်ဖြစ် "မိဘလောက်ကောင်းနိုင်တဲ့သူမျိုးမရှိနိုင်ဘူး"လို့ အမြဲပြောတဲ့ ကျမမိခင်ရဲ့စကားသံလေးကတော့ နားထဲမှာ တဝဲလည်လည်... အားငယ်တာမျိုးမဟုတ်ရင်တောင် လွမ်းတာလောက်တော့ ရှိနေသေးလို့ မျက်ရည်တော့ဝဲမိတယ်... လွမ်းလိုက်တာလို့လည်း... ဆွေးဆွေးမြေ့မြေ့နဲ့ စိတ်ထဲမှာ ညည်းတွားမိတယ်... အင်း... ခဏပါလေ... ခဏပါ... အချိန်တန်တော့လည်း ပုံမှန်အချိန်ဇယားတွေကြား ပြန်လည် လည်ပတ်ရဦးမှာပါ...


Created By: k2tmaung (14 August 2009 Friday 3:13AM)

ဆက်လက်ဖတ်ရှုရန်...


သတိပေးစကား ပြောကြားတယ်ဆိုချင်ဆို... 
သိထားဖို့ ပြောပြတယ်လို့ ထင်ချင်ထင်... 
အတိအလင်း တစ်ခုတော့ ငါ ကြေငြာမှု ပြုချင်တယ်...  

ဘယ်သူ့ကိုမှ မျှော်လင့်ချက် မပေးတတ်ပေမယ့်... 
ငါ ပျော်ရွှင်ဖို့အတွက်တော့ နည်းနည်း လှည့်စားတတ်တယ်... 
ဒါလည်း အပြစ်တစ်ခုလို့ ငါခေါ်ခွင့် မပြုဘူး... 
လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ဖျော်ဖြေခွင့်ဆိုတာရှိကြလို့လေ... 
ငါ့မှာလည်း အမောတွေပေါများစွာရှိတော့... 
တော်ရာမှာ ပျော်သလို နေတတ်ဖို့ ငါ ကြိုးစားရသေးသကိုး... 
ဒါပေမယ့် မတော်ရသေးတဲ့ ငါ့ချစ်သူတွေထဲက ချစ်သူတစ်ယောက်... 
ငါဟာ ပျော်တော်ဆက်တစ်ယောက်တော့ မဟုတ်ဘူးနော်...  

ငါက ကျဉ်းကျပ်တဲ့ လူနေမှုမှာ ကြီးပြင်းခဲ့တော့... 
စီးပွါးဖြစ်မဟုတ်တဲ့ ခပ်တင်းတင်းနာကျင်မှုတွေကို... 
စာအဖြစ် ရှင်းထုတ်တတ်တယ်... 
လုပ်ဇာတ်မဟုတ်တဲ့ အကြောင်းအရာတွေ ရေးဖို့အတွက်လည်း... 
လိုအပ်ရင် ငါ့နှလုံးကို ထုတ်သုံးတတ်တယ်... 
ကဗျာတွေ အသစ်ဖြစ်ဖို့အတွက်လည်း... 
ငါ ခဏခဏတော့ ချစ်ကြည့်ဖူးတယ်... 
ငါ စိတ်ကူးနဲ့မက်ခဲ့ဖူးတဲ့ အချစ်ဇာတ်အိမ်ထဲမှာ... 
လက်တွဲဖို့ဆိုတာ ပေမမီတဲ့ ထိပ်ဖျားဆီက ငှက်သစ်ခါး... 
အနမ်းဆိုတာ ပေါ့ပျက်ပျက် ကော်ဖီတစ်ခွက်... 
ငါ့နှုတ်က ထွက်မယ့် တန်ဖိုးမရှိတဲ့ စကားတွေက ရေရောထားတဲ့ မောဖင်းများလို... 
ယုံစားဖို့ ငါ မပြောခဲ့သလို... 
ကြုံရင် ကြွားတတ်တဲ့ အထဲလည်း ငါ မပါဘူး...  

ယုံချင်ယုံ မယုံချင် စိတ်ကုန်လောက်အောင် ငါ့ကို ချစ်ကြည့်လို့ရတယ်... 
ငါ့ဘက်က တုံ့ပြန်မှုကတော့ ကြာလာလေ သွေးအေးလေ... 
ငါက အသားလွတ်တော့ အရူးမလုပ်တတ်ပေမယ့်... 
ရစ်မူးလာတဲ့ လိပ်ပြာတွေကိုတော့... 
ငါ ပျော်မြူးစွာ လှောင်ထားတတ်တယ်... 
နူးညံ့တယ်လို့ ထင်ရတဲ့ ငါ့စိတ်အခြေမှာ... 
ခပ်ပါးပါး ရက်စက်မှုတွေ အနည်ထိုင်နေကြတယ်... 
အပြုံးမီးပုံ ခိုလှုံချင်ရင်တော့... 
ရင်တစ်ခုလုံး အပ်စိုက်ကြည့်ဖို့ ငါ စမ်းသပ်မိလိမ့်မယ်...  

အစွဲအလန်းကြီးတဲ့ငါက အမေ့အပျောက်လည်း... 
စက္ကန့်မခြား ငါစည်းတားတတ်တယ်... 
မချစ်တတ်တဲ့ငါက အသည်းကွဲကြည့်ဖို့ကိုလည်း... 
ဆာလောင်စွာ တည်ထောင်ထားချင်သေးတာ... 
တစ်ခါတစ်လေတော့လည်း အရိုင်းလေးတွေဆီက မှိုင်းမိခဲ့တာတွေရှိသလို... 
လက်ရည်တူတွေဆီကလည်း ပညာယူခဲ့ရဖူးတာလည်းရှိတယ်... 
ကိုယ့်ထက်သာတဲ့သူတွေကိုလည်း ကြာကြာဆည်းပူး... 
ငါ အရူးအလုပ်မခံရခင် ဆုတ်ပြေးရတာတွေလည်း ရှိရဲ့... 
ဘာပဲဖြစ်ဖြစ် ငါ ဟာ အချစ်ရေကြောမှာ မျှောလိုက်ရင်း... 
ရေနစ်သူကို စုန်းစုန်းမြုပ်အောင်လုပ်နေသူတော့ မဟုတ်ဘူး... 
ကုန်ကြမ်းရှာဖို့အတွက် ထုံထိုင်းတဲ့စိတ်တစ်ခုနဲ့ ဆုံသလို ကြုံရင် ကဗျာရေးတယ်...  

ငါက ပြုစားခြင်းအတတ်ကို မသင်ခဲ့ဘူး... 
မြှူစားတဲ့ ဗေဒကိုလည်း ငါ စိတ်မဝင်စားဘူး... 
လှည့်စားတဲ့ ဘာသာရပ်ကိုလည်း ငါ မကိုးကားဘူး... 
ကျူစားရအောင်လည်း ငါ့စိတ်အဆင့်အတန်း မနိမ့်ပါးခဲ့ဘူး... 
ကျီစားတတ်တဲ့ ခပ်ပေါ့ပေါ့ စိတ်အစဉ်တစ်ခုတော့ ရှိရဲ့... 
ကျီစားသန်ရန်များဆိုတဲ့အတိုင်း... 
ငါနဲ့ ငါလည်း မကြာမကြာ ရန်ဖြစ်တတ်သေးတယ်...  

နာမည်အစွန်းအထင်းမရှိတဲ့ငါ့မှာ... 
ပွန်းပဲ့ခဲ့ဖူးတဲ့ ရင်းတွင်းနာလေးတစ်ခုတော့ရှိခဲ့တယ်... 
နာတာရှည်ရောဂါကို ကြာရှည်စွာ မွေးမြုထားခဲ့ရလို့လားမသိ... 
ငါ တွေးတော့ ပူတတ်တယ်... 
တူတာချင်းစု ကိုယ်စားပြုတဲ့အချစ်က... 
ညှာတာမှု ကင်း၊ အနံ့အဆင်း ပြောင်းလဲလွယ်မှန်း... 
ငါ ခပ်ဟောင်းဟောင်း စာအုပ်ပုံထဲက ရှာဖတ်ခဲ့တယ်... 
ငါ မချစ်တတ်ချင်ဘူး... 
အချစ်မရှိချင်ဘူး... 
အချစ်ဆိုတာကို ငါ မယုံဘူး... 
အရူးအမူးဖြစ်ချင်တာတစ်ခုတော့ရှိရဲ့... 
စူးတစ်ချောင်းချင်းစီ ငါ ကိုယ်တိုင်စိုက်... 
ကိုယ်ပိုင်ကြိုက်သလို ဖန်တီးနိုင်တဲ့ စာရေးကောင်းသူ တစ်ယောက်... 
လက်ကလေးတွေ သပ်သပ်ရပ်ရပ် လမ်းလျှောက်တတ်ဖို့... 
ငါ ခုတော့ လက်ရေးလှတွေ မြောက်များစွာ ရေးကျင့်နေရတယ်...  

ငါက ခင်မင်တတ်တယ်... 
ဖော်ရွေတတ်တယ်... 
ဒါပေမယ့် သွေးအေးလွယ်တယ်... 
ခင်မင်မှုတစ်ခု အရင်းပြုပြီး သတိတစ်ခုတော့ ပေးချင်ရဲ့... 
ထိလွယ် ရှလွယ် ကြေကွဲလွယ် သူများ အနားမကပ်ရ... လို့...

Created By: k2tmaung (12 August 2009 Wednesday 04:13PM)

ဆက်လက်ဖတ်ရှုရန်...


အချစ်က ပြေးတမ်းလိုက်တမ်းမှာ ဝါသနာထုံတယ်...  
ငါ ဆုံဖို့ကြောက်နေလည်း သူကတော့ ငါ့ဆီ လမ်းကြုံဝင်လှည့်တယ်...  
ငါက ပြေးဖို့ရန် ဝန်လေးတယ်...  
လိုက်ဖို့ရန်လည်း အလွန်ဝေးတယ်...  
ငါ နုံတာမဟုတ်ပေမယ့်...  
လုံအောင် ထိန်းရမှာက ငါ့ဝတ္တရား...  

မုတ်သုန် ဘယ်မှာရှိလဲ...  
ငါမသိလည်း သူကတော့ ငါ့ကို ဦးတည်တယ်...  
ဝတ်မှုန်ဘယ်လိုစုလဲ ငါမသိဘဲ...  
ပန်းလေးနား သွားနားတော့ ငါ့ကို လှောင်ပြောင်တယ်...  
ဇယ်ခုံ ဘယ်လိုကစားလဲ...  
ငါမသိဘဲ ဇယ်ကစားပွဲထဲ ဝင်နွှဲတော့ အရှုံးနဲ့သာ ကြုံရတယ်...  
ဆန်းတော့မဆန်းတဲ့ လောကဒါဏ်အကြောင်း...  
ါ ကောင်းကောင်းတော့ သိနေပါပြီ...  
ပေးမယ် ဟန်ပြင် မပေးချင်ဘဲ ပြန်ပြန်ယူသွားတတ်တယ်...  
မယူချင်မှန်း သူသိစွမ်းလည်း အတင်းဇွတ်ပေးတတ်ပြန်တယ်...  

ကလေးရှက်တော့ ငိုတတ်ပေမယ့်...  
ကလေးမမည် ငါ့အသက်သည် ရယ်ဖို့ရန်လည်း...  
မရင့်ကျက်သေးတယ်...  

ည့်တည့်ကြည့်...  
မှန်မှန်သွား...  
ဖြောင့်ဖြောင့်တွေး...  
မတွေဝေတတ်တဲ့ ငါ့စိတ်အစဉ်...  
ကြည်လင်နေဖို့ ငါ အမြဲ မျှော်လင့်တယ်...  

မိုးကြိုးတွေ အကြိမ်ကြိမ် ချိမ်း...  
ရည်ရွယ်ချက်တွေ တိမ်းတိမ်းသွားတဲ့ အကြိမ်ပေါင်းလည်း မနည်းတယ်...  
လှိုင်းတံပိုးတွေ အခါခါ လွှမ်း...  
မာနတွေ နွမ်းနွမ်းသွားတဲ့ အခါပေါင်းလည်း မနည်းတယ်...  
ရာသီတွေ အချီချီ ပြောင်း...  
အသိတရားတွေ စောင်းစောင်းသွားတဲ့ အချီပေါင်းလည်း မနည်းတယ်...  

မသိခြင်းတစ်ဝက် သိခြင်းတစ်ဝက်...  
ငါ အထပ်ထပ်ဖတ်တယ်...  
ဒါလည်း ငါ နားမလည်ဆဲပါပဲ...  
ရှိခြင်းတစ်ဝက် မရှိခြင်းတစ်ဝက်နဲ့...  
ငါ အထပ်ထပ်မက်တယ်...  
ဒါလည်း ငါ ဝေဝါးဆဲပါပဲ...  
နားမလည်တဲ့ ဗေဒတစ်ခုမှာ...  
ငါ အရူးလုပ်ခြင်းတော့ မခံပါရစေနဲ့...  
ဝေဝါးတဲ့ ဘာသာရပ်တစ်ခုမှာ...  
ငါ အစမ်းသပ်ခံတော့ မဖြစ်ပါရစေနဲ့...  

ငါက လုမယူတတ်ဘူး...  
ခိုးမယူတတ်ဘူး...  
မဝှက်တတ်ဘူး...  
အပြိုင်အဆိုင်ဆိုတာလည်း ငါစိတ်မဝင်စားဘူး... 
လိုချင်တာကို လိုအပ်တဲ့အချိန်မှာ မရခဲ့ရင်လည်း...  
ငါ နောက်ထပ် မတောင့်တဘူး... 
ငါက... အဆိပ်တော့ ပြင်းတယ်...  
ဒါပေမယ့် အကြောင်းမဲ့တော့ အဆိပ်မသင့်စေတတ်ပါဘူး... 
လိုအပ်ရင် ထုတ်သုံးတတ်ပေမယ့်...  
သုံးတဲ့အချိန်မှာ...  
ငါကိုယ်တိုင်လည်း အဆိပ်သင့်ပြီး ဖြစ်တတ်တယ်...  

နိဂုံး 
အချစ်ဆိုတာ.....  
ပြုစားတယ်...  
လှည့်ဖျားတယ်...  
ကျီစားတယ်...  
ပြောင်းလဲလွယ်တယ်... 
နောက်... ခါးသက်တယ်...  
ချဲ့ကားပြီး ခံစားခဲ့ရင်တော့...  
မာနလေးက သနားစရာကောင်းတယ်...

Created By: k2tmaung (06 August 2009 Friday 01:58AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..