Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...




















ဖိနပ်လေးက ရွှေရောင်လေး... ကျမ ကြိုက်တဲ့ ဖိနပ်ပုံမျိုးလေး မဟုတ်ပေမယ့် သူပေးတဲ့ ပထမဆုံး မွေးနေ့လက်ဆောင်လေးလေ...
"ဖိနပ်လေးက သေးနေတာလား... ကြိုက်ကောကြိုက်ရဲ့လား..."
ကျမစီးထားတဲ့ သုံးလက်မခွဲဒေါက်မြင့်ဖိနပ်ကြီးကို ချွတ်ပြီး လက်မဝက်လောက်ပဲမြင့်တဲ့ ရွှေရောင်ဖိနပ်လေးကို စီးကြည့်လိုက်တယ်... နည်းနည်းလေး မဆိုသလောက်လေး သေးနေတယ်...
"တော်လားဟင်... အဲ့ဒီဖိနပ်လေးကလေ တစ်ရံပဲ ရှိတော့တာ... မတော်ရင် သွားလဲလို့ရတယ် သိလား... ဆိုင်ကို မနည်းတောင်းတောင်းပန်ပန်နဲ့ ပြောခဲ့တာ... ကျနော့ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးချင်လို့ပါလို့... မတော်ရင် ပြန်လာလဲပါရစေလို့... ဟွန်း... ခင်ဗျားလေးကြောင့်နော်... မိန်းမအုပ်ထဲသွားပြီး ယောက်ျားလေးတစ်ယောက်တည်း ပထမဆုံးအကြိမ် ဖိနပ်သွားဝယ်လာခဲ့တာ... ဟွန်း..."
ကျမ ပြုံးမိသွားတယ်... မတော်ဘူးလို့ ပြောလိုက်ရင် ကောင်းမလား... ဖိနပ်လေးကို စီးပြီး ဟိုဘက်ဒီဘက် ဘယ်ပြန်ညာပြန်ကြည့်ရင်း...
ရှိပါစေတော့... တစ်ရံတည်းပဲ ကျန်တော့တဲ့ ဖိနပ်... ပြန်လဲလိုက်ရင် သူရွေးပေးတာမဟုတ်ဘဲ ငါ ကြိုက်တာ ရွေးတယ်ဖြစ်သွားမှာပေါ့... ပြီးတော့ ပျော်ရွှင်နေတဲ့သူမျက်နှာ...
ကျမ သူ့ကို အပြုံးရွှင်ဆုံး ရယ်ပြလိုက်တယ်...

"တော်လိုက်တာ... ကွက်တိပဲ... ကြိုက်တယ် သိလား..."
"တကယ်လား... ဝမ်းသာလိုက်တာ... ကိုယ်က မတော်မှာ စိုးနေတာ... တကယ်လည်း ကြိုက်တယ်နော်..."
"အင်း... ကြိုက်တယ်..."
"ဒါဆို ဒီနေ့ဒီဖိနပ်လေး စီးနော်..."
အမ်... ခက်ပြီ...
"ဟွန်း... ဝတ်စုံက အမည်းရောင်ကြီးနဲ့ လိုက်လည်းမလိုက်ဘဲနဲ့... ပြီးတော့ ရည်းစားပေးထားတဲ့ ပထမဆုံး မွေးနေ့လက်ဆောင်လေး... မစီးရက်ပါဘူး..."
သူ မျက်နှာတော့ နည်းနည်းညိုသွားတယ်...
"ကိုယ်က စီးစေချင်လို့ တကူးတက သွားဝယ်လာတဲ့ဟာ... ပြီးတော့ k2 ခြေလှမ်းတိုင်းကို ကိုယ်က ဆူးမထိခလုပ်မငြိစေချင်တာ..."
ကျမ စိတ်အိုက်သွားတယ်... သူက စီးစေချင်တာမှန်ပေမယ့် ဖိနပ်လေးက နည်းနည်းလေး သေးနေတာရယ်... ပြန်လဲရင် ဒီဖိနပ်နဲ့ တစ်ပုံစံတည်း ပြန်မရမှာကိုလည်း စိုးတယ်...
ကျမ သူ့လက်မောင်းကို သိုင်းဖက်လိုက်ရင်း...
"နောက်တော့ စီးမယ်လေ... ခုတော့ စီးရမှာ နှမြောတယ်... သိမ်းထားဦးမယ်နော်... နော်..."
ကျမကို မျက်စောင်းလှမ်းရွယ်ရင်း...
"အင်းပါ... သဘောပါ..."
ကျမ သူ့လက်မောင်းကို တင်းတင်းဖက်တွယ်လိုက်ရင်း...
"စီးမှာပေါ့... ခုတော့ စီးရမှာ နှမြောလို့ပါ..."
ကျမ ဖိနပ်ဗူးလေးထဲ ဖိနပ်ကို ပြန်ထည့်ရင်း သူ့ကို မျက်လုံးတွေ မှိတ်သွားတဲ့အထိ ရယ်ပြလိုက်တယ်...
(ဒါ သူမသိခဲ့တဲ့ လျှို့ဝှက်ချက်လေး တစ်ခုပေါ့...)

မနေ့ညက သူနဲ့ online မှာ စကားများခဲ့သေးတယ်... စိတ်က စိုးတုန်း... သူ့သူငယ်ချင်းက မကြာခင် ပြန်တော့မှာဆိုတော့ သူ လိုချင်တဲ့ လက်ဆောင်က ဒီနေ့မှ ဝယ်မထည့်ပေးရင် အဆင်မပြေတော့...
ဟွန်း... ဘာဝယ်ပေးရမှန်းလဲ ခုထိ စဉ်းစားမရ... ပထမဆုံး ကျမတို့ရဲ့ ချစ်သူများနေ့အတွက် စိတ်စိုးရင်းကနေ ဘာလက်ဆောင်ဝယ်ပေးရကောင်းမလဲ တွေးနေမိတယ်...
ရှပ်အင်္ကျီ ဝယ်ပေးရင် ကောင်းမလား... သူက ရှပ်အင်္ကျီတွေနဲ့ လိုက်တယ်...
အင်း... Thumb Drive (Memory Stick) ဝယ်ပေးရင် ကောင်းမလား... သူက အလုပ်ပြီးရင်း အလုပ်ဆိုတော့...
တောင်နဲ့မြောက်မှာရှိတဲ့ ဆိုင်နှစ်ဆိုင်ကြား... ရှေ့ကို ငါးလှမ်းလောက် လျှောက်လိုက်... နောက်ကို ငါးလှမ်းလောက် ပြန်လှည့်လျှောက်လိုက်နဲ့... ဝေခွဲမရဖြစ်နေခဲ့တယ်...
--- သူက သူ့အလုပ်ကို အမြဲပထမ ဦးစားပေးဆိုတော့ Thumb Drive က ပို အသုံးဝင်မှာပဲ---
ပြီးတော့ ဓားလေးလို အပိတ်အဖွင့်လုပ်လို့ရတဲ့ ကျမ Thumb Drive လေးကို "ဒါမျိုး ဒီမှာ မရှိဘူးနော်"လို့ ဆိုပြီး သူ အရမ်းသဘောကျ,ခဲ့တာလည်း မြင်ယောင်မိပြန်တယ်...
စိတ်ဆုံးဖြတ်လိုက်ပြီး Thumb Drive လေးရှိနိုင်မယ့် နေရာကို အရောက်သွားခဲ့တယ်... ဟော... သိပ်မရှာလိုက်ရပါဘူး... ကျမ လိုချင်နေခဲ့တဲ့ Thumb Drive လေး...
အွန်... $99.90... ဈေးကြီးလိုက်တာ...
ကျောင်းတက်နေတဲ့ ကျမအတွက်... Part-Time အလုပ်လည်း မရှိသေးတဲ့ ကျမအတွက် အစစအရာရာက ဈေးကြီးနေတယ် ထင်ပါရဲ့...
8GB ပဲ ဝယ်ရင် ကောင်းမလား... နည်းနည်း ဈေးသက်သာတယ်ဆိုပေမယ့် 16GB ကတော့ ပိုတန်တယ်...
8GB နဲ့ 16GB ကို တစ်ဖက်စီကိုင်ရင်း ဟိုဟာယူရကောင်းနိုးနိုး... ဒီဟာယူရကောင်းနိုးနိုး...
နောက်ဆုံးတော့ သက်ပြင်းတစ်ခုကို မှုတ်ထုတ်လိုက်ရင်း... ငါနဲ့ တစ်ပုံစံတည်းဖြစ်အောင် 16GB ပဲ ယူမယ်ဟာ... ညစာ ဥပုသ်စောင့်လိုက်ရင်တော့ အဆင်ပြေမှာပါလေ...
ကျမ တစ်ချက်ပြုံးလိုက်ရင်း 8GB လေးကို တန်းမှာ ပြန်ချိတ်လိုက်ရင်း အောင်မြင်စွာ ကျောခိုင်း ထွက်ခွာလာခဲ့တော့တယ်...
(ဒါလည်း သူမသိခဲ့တဲ့ လျှို့ဝှက်ချက်လေး တစ်ခုပေါ့...)

သူ့မွေးနေ့ ရောက်တော့မယ်...
လူကြုံကလည်းရှိတော့...
ကျမ ဝမ်းသာအားရ Formal Suit တွေ ရောင်းတဲ့ G2000 ဆိုင်ကို သွားခဲ့တယ်... သူ့အတွက် ရှပ်အင်္ကျီလေး ဝယ်ပေးဖို့အတွက်ပေါ့...
2nd Item ဝယ်ရင် 50%ဆိုပါလား...
ဒါလေးတွေကတော့ နည်းနည်းဈေးပေါတယ်... တစ်ထည် $30 ကျော်ဆိုတော့ မဆိုးဘူးပေါ့...
ဒါပေမယ့် ကိုယ်တိုင်ကလည်း အကောင်းကြိုက်တတ်တဲ့သူဆိုတော့......
ဒါလေးက အဖြူပေါ်မှာ ပန်းခရမ်းရောင်အဆင်းလေးတွေ... သဘောအကျဆုံးပဲ... ဟိုက် $69 ဆိုပါလား... ဈေးကလည်း ကြီးလိုက်တာ...
နှစ်ထည်ဝယ်ရင် ဒုတိယတစ်ထည်က 50% ဆိုတော့..... ဆိုတော့...
ဒါလေးကတော့ အဖြူပေါ်မှာ အဖြူဆင်းလေးတွေနဲ့... အွန်... $59 ကြီးများတောင်...
ငါ့နှယ်... ငါ့အတွက် ဘာမဆို ဈေးကြီးနေပါရောလား... အရင်ကဆိုရင် တန်တယ်ဟ... ဆိုပြီး ဝယ်လိုက်မယ့်အမျိုး... ခုကျမှ ဆင်းရဲနေလိုက်တာ...
နှစ်ထည် ဝယ်ရင် ကောင်းမလား... တစ်ထည်ပဲ ဝယ်ရင် ကောင်းမလား... #$@!^#^*@&*
နှစ်ထည်လုံးပဲ ဝယ်မယ်ကွာ...
အမ်... Size တွေကလည်း အမျိုးမျိုးပဲ... ငါ သိတာက သူက Large Size ဝတ်တာ... ဒီမှာက Large တောင် အမျိုးမျိုး...
ကောင်တာက ကောင်လေးနဲ့ကောင်မလေးကို သွားမေးရင်း ဘယ် Size ယူရကောင်းနိုးနိုးနဲ့ပေါ့...
နောက်ဆုံးတော့ စိတ်မှန်းနဲ့ ရွေးခဲ့လိုက်တယ်... (ရွေးခဲ့တဲ့ Size တော်တယ်ဆိုတဲ့အခါ အတိုင်းမသိ ဝမ်းသာခဲ့ရတယ်...)
အင်း... နှစ်ထည်ဖိုးဆိုတော့... ကျောင်းအတန်းချိန်တွေ ဖျက်ပြီး အလုပ်လုပ်ပြန်လုပ်ရင် နောက်လ ငါ့ စာမေးပွဲကြေး အကြွေးလေး ပြန်ဆပ်နိုင်ကောင်းပါရဲ့...
(ဒါလည်း သူမသိခဲ့တဲ့ လျှို့ဝှက်ချက်လေး တစ်ခုပေါ့...)

"ဟယ်လို... Star Hub က... ဘာကိစ္စရှိလို့ပါလဲ...
ဟုတ်ကဲ့... အဲ့ဒီ ဖုန်းနံပါတ်ကို ခေါ်ခဲ့ပါတယ်..."
ဟင်... စိတ်ထဲမှာတော့ အသံအကျယ်ကြီးပေါ့... ဘယ်လောက်မှလည်း မပြောလိုက်ရဘဲနဲ့ $200 ကျော်ကျ,တယ်...
ဘုရား... ဘုရား...
"ဟုတ်ပါတယ်... နိုင်ငံ ကုဒ်မရှိတော့ တိုက်ရိုက်ပဲ ခေါ်လို့ရလို့ပါ... တစ်ခြားဈေးသက်သာမယ့် နည်းလမ်းများ မရှိဘူးလား..."
စိတ်ထဲ လေးသွားလိုက်တာ... နင်သွားလိုက်တာ... ရေတစ်ဖန်ခွက်လုံး သောက်တာတောင် အမောမပြေပါလားနော်...

သူ စိတ်စိုးသွားပြီ... မတတ်နိုင်ဘူးလေ... ငါကလည်း ငါပဲ... စိတ်စိုးနိုင်မှန်း စိတ်မကောင်းဖြစ်နိုင်မှန်းသိရက်နဲ့ ပြောမိတာကိုး...
ဖုန်းခက ဈေးကြီးပါတယ်ဆိုမှ...
ဘယ်တတ်နိုင်မလဲလေ... သူ့ထက် အရေးကြီးတာ ဘာမှမှ မရှိတာ... ညစာလေး ဥပုသ်စောင့်... အတန်းလေးဖြတ်ပြီး အလုပ်လုပ်... စာမေးပွဲနီးရင် ခွင့်ရက်နည်းယူ... ဒါပဲ ရှိတာပေါ့လေ...
ဖုန်းပြောနေရင်းနဲ့တော့ ဖုန်းဖိုးတွေ စိတ်တွက်နဲ့ တွက်နေခဲ့တာကိုတော့ သူ မသိပါဘူးလေ...
တစ်လအတွင်း စုစုပေါင်း ဖုန်းဖိုး $600 ကျော်...
(ဒါလည်း သူမသိခဲ့တဲ့ လျှို့ဝှက်ချက်လေး တစ်ခုပေါ့...)


ဆက်ရန်... To be continued... :)))))


Created By: k2tmaung (13 February 2011 Sunday 05:01AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..