Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...


ရင်ထဲမှာ ကျဉ်တင်တင်နဲ့... 
ပြင်မရတော့တဲ့ စင်တင်ပြဇာတ်တစ်ပုဒ်... 
ငါ ထုတ်ထုတ်ပြီးတော့ မညည်းချင်ပေမယ့်... 
စွန့်ထုတ်ဖို့ မျက်ရည်တွေ တာကျိုးလို့နေတယ်...  

ဘက်ဆိုတာ ညီမျှဖို့မလို... 
ချိန်ဆဖို့မလို... အသနားခံဖို့မလို... 
အားသာဖို့ကိုပဲ ငါ မျှော်လင့်တယ်...
ပြောခံရဖူးတဲ့ ချစ်စကား...  
ငါ အကြိမ်ကြိမ်ကြားရတာ နားခါးတယ်... 
ဟိုဒီချိန်ထိုး သူ့စိတ်တွေ မနိုးသေးတာ...  
ငါ့ကို ဝေဒနာတွေ တိုးစေတယ်... 
သေချာပေးပါ... ရေရာပေးပါ... 
ငါ အလေးပေးခဲ့တာတွေ... 
ငါ တွေးပေးခဲ့တာတွေအတွက်... 
နည်းနည်းလေးပဲ ငါ့ဘက်ကို စဉ်းစားပေးပါ... 
ငါ အပေါစားမဟုတ်ခဲ့ဘူး... 
တောသားလည်း မဟုတ်ခဲ့ဘူး... 
ကြုံသလို ခြေဆေးဖို့လည်း မဟုတ်ခဲ့ဘူးနော်...  

ငါက အားနွဲ့တဲ့ မိန်းမသား... 
ဒါပေမယ့် ပြတ်သားတယ်... 
တတ်ထားတဲ့ ပညာနဲ့... 
ငါ့ကိုယ်ငါ အလေးထားတယ်... 
အတွေးမမှားခဲ့ရင် ဆေးခါးလည်း...  
သောက်စရာလိုမယ်မထင်ပါဘူး... 
ထောက်ထားစရာရှိရင်လည်း... 
ငါ့ကို ခေါက်ထားခဲ့ပါ... 
ငါက ခြောက်ခြားတတ်သူတော့ မဟုတ်ခဲ့ဘူးလေ... 
အလွဲအမှားတွေနဲ့ ငါ ဝဲထဲလည်ခဲ့ဖူးလို့... 
အပျော့ဆွဲနဲ့ ငါ့ကို လာမတွဲပါနဲ့... 
ငါ့မှာ ကွဲစရာ အသဲ တစ်စုံတည်းရှိလို့... 
ငါ ကိုယ်တိုင်ပဲ ခွဲပါရစေ... 
ကိုယ့်အသားကိုယ် ဓားနဲ့မွှန်း... 
စွန်းထင်းခဲ့တဲ့ သွေး... 
ငါ့အတွက် မေ့ဆေးဖြစ်စေချင်တယ်... 

ငါအတွေးသမားမဟုတ်သလို... 
အဆွေးသမားလည်း မလုပ်ချင်ဘူး... 
တကယ်သာ နှလုံးသွေးစစ်ရင်... 
ငါ့လို ငါ့ကို ပြတ်သားစွာ ချစ်ဖို့ပဲ လိုတယ်...

Created By: k2tmaung (26 September 2009 Saturday 06:33AM) 
ဒီလိုပဲ ရောက်တတ်ရာရာ ခံစားရေးကြည့်ပါတယ်...

ဆက်လက်ဖတ်ရှုရန်...




















ခေါင်းစဉ်လေးမြင်ပြီး အားရဝမ်းသာ (သို့မဟုတ်) အံ့ဩထူးဆန်းမသွားကြပါနဲ့ဦးနော်... ဟီး... ကျမကို အင်မတန်မှ အချစ်ရေးဘက် စိတ်ဝင်စားစေချင်သော သူငယ်ချင်းမောင်နှမတွေ ရှိနေကြလို့လေ... :P ခု ရေးမယ့်အကြောင်းအရာကတော့ တော်တော်များများလည်း စိတ်ဝင်စားတစားရှိကြပြီး စနောက်တာလည်းတော်တော်ခံနေရတဲ့ ကျမရဲ့ ချစ်လှစွာသော ကျမညီမလေးအကြောင်းပါ...

လူတော်တော်များများက မေးဖူးကြပါတယ်... အမြင်ကတ်တာလည်း ခံရဖူးပါတယ်... ဘာလို့ ညီမလေးကို အဲ့လောက် "တို"တာလဲတဲ့... အမှန်အတိုင်းပြောရရင် "မသိပါဘူး"လို့ပဲ... :P သေချာတာကတော့ သက်ရှိအားလုံးထဲမှာ ကျမကိုယ်တိုင်ရယ်... ကျမ မိခင်ရယ်ကလွဲရင် ကျမ ညီမလေးကို အချစ်ဆုံးပါပဲ...:P

တစ်နေ့က ကျမညီမလေးကိုတောင် ပြောဖြစ်ခဲ့သေးတယ်... "နင့်အကြောင်း ငါစာရေးမလို့"ဆိုတော့ သူမက "ငါ့အကြောင်း ဘာရေးစရာ ထွေထွေထူးထူး ရှိလို့လဲ"တဲ့... ကျမ နှုတ်ဆိတ်သွားပြီး စဉ်းစားကြည့်တယ်... ဟုတ်တယ်... ထူးထူးခြားခြားကြီးတော့ မရှိပါဘူး... ဒါပေမယ့် ကျမအတွက်တော့ မရိုးသော အထပ်ထပ်ဖတ်ဖြစ်သော စာတစ်အုပ်လိုပဲ... ကျက်မှတ်ပြီးသားတာတွေကို လက်တွေ့ချရေးမိချင်ရုံသက်သက်ပါပဲ...

ညီမလေးနဲ့ ကျမက ညီအစ်မတွေဆိုပေမယ့် ရုပ်အဆင်းအင်္ဂါနည်းနည်းမှမဆင်သလို သဘောထားတွေ၊ ခံယူချက်တွေ၊ ကြိုက်နှစ်သက်မှုတွေကလည်း တော်တော်လေးကို (လုံးဝနီးပါးကို) ကွဲပြားဆန့်ကျင်ပါတယ်... ဥပမာ သူမက ဟင်းသီးဟင်းရွက်ဆို အရမ်းကြိုက်ပြီး အသီးအနှံတွေမကြိုက်တာများပေမယ့် ကျမက အသီးအနှံဆို ဘာလာလာ အကုန်စားတာကများပြီး ကျမစားသော ဟင်းသီးဟင်းရွက်ဆိုတာ လက်ချိုးရေရင်တောင် လက်တစ်ဖက်မပြည့်တာ... ကျမက အဝတ်အစားဆို Formal သို့မဟုတ် ရိုးရိုးရှင်းရှင်းတွေ ကြိုက်တာများပေမယ့် သူမက လူငယ်ဆန်တာတွေကို အကြိုက်တွေ့တတ်တာ... အဲဒီလိုမျိုးပေါ့... တော်တော်များများ ကွဲပြားတယ်... တစ်ခါတစ်လေလည်း သူမနဲ့အနေများတော့ သူမအကြိုက်တွေ၊ စရိုက်တွေ ကျမဆီကူးဆက်လာတာရှိသလို ကျမအကျင့်တွေ၊ အလေ့အထတွေ သူမဆီ ရောက်သွားတာမျိုးတွေလည်း ရှိတာပေါ့လေ... ဒါပေမယ့် အဲ့လို မတူညီတာ၊ ခြားနားတာတွေ အပုံအပင်ရှိနေတဲ့ကြားက ကျမတို့နှစ်ယောက် ယနေ့ထိတိုင် ညီညီညွတ်ညွတ်နေလို့ရခဲ့တာကိုက ထူးခြားမှုတစ်ခုဖြစ်မယ်ထင်ပါတယ်...

ကျမ တစ်နှစ်နဲ့ နှစ်လအရွယ်မှာ ညီမလေးကို မွေးတယ်... သူမ မွေးလာတော့ မိသားစုနဲ့အတူသိပ်မရှိဖြစ်တဲ့ ကျမဖခင်ကြောင့်ရယ်... ကျမမိခင်က ပုစုခရုကလေးနှစ်ယောက်ရယ် အိမ်အလုပ်တွေနဲ့ အနည်းအကျဉ်းသောစီးပွါးရေးလေးတွေကြောင့်ရယ်... ရယ်... တွေကြောင့် လူသိပ်မစိမ်းတတ်တဲ့ လူချစ်လူခင်လည်းများတဲ့ ကျမကို မိတ်ဆွေအပေါင်းအသင်းတစ်ချို့ ခေါ်ယူထိန်းပေးခြင်းခံရတယ်ဆိုပါတော့... အဲလို သူစိမ်းတွေကြား ကြီးပြင်းတာများလို့လားတော့မသိ ကျမငယ်ငယ်ကတည်းက လူသိပ်မကြောက်တတ်ဘူး... အဲ့ဒါ ကျမညီမလေးနဲ့ စကွာတာပဲ... အဲ... ကျမညီမလေးကို ဦးဆောင်ခဲ့ရတာကလည်း အဲဒီအချက်က အဓိကလို့ ကျမထင်ပါတယ်... ကျမ သူငယ်တန်းစ,တက်ပြီး သိပ်မကြာဘူး... 88 အရေးအခင်းကြောင့် ကျောင်းတွေပိတ်သွားပါလေရော... နောက်နှစ်ကျောင်းတွေ ပြန်ဖွင့်တော့ အသက်တစ်နှစ်ပဲ ကွာတဲ့ ကျမနဲ့ ကျမညီမလေးအတန်းတူသွားကြတယ်ပေါ့... သူမက မိဘနဲ့ပဲ အနေများတော့ လူစိမ်းဆို ကြောက်တတ်တယ်... လူစိမ်းတွေကြားဆို မနေရဲဘူး... မနေချင်ဘူး... ကျမမှတ်မိသေးတယ်... သူမကို ကျမတက်တဲ့ မူကြိုမှာ ထားခဲ့တော့ ငိုလိုက်တာ တစ်နေကုန်ပဲ... ဟီး... ကျမတုန်းကဆို... "သမီး ဒီဆရာမတွေနဲ့ နေခဲ့နော်"လို့ မိဘတွေထားခဲ့တုန်းက "အင်း'ဆိုပြီး လိုက်သွားတာ မိဘတွေကို တစ်ချက်ပြန်လှည့်မကြည့်လို့ မိဘတွေကတောင် စိတ်မကောင်းဖြစ်ရတယ်တဲ့... ဟီး... အဲ့လိုကွာခဲ့တယ်ဆိုပါတော့... နောက်မိဘတွေက "ညီမလေးကို ဂရုစိုက်နော်" ဘာနော်နဲ့ သင်တာများလို့လားတော့ မသိဘူး... စိတ်ထဲမှာ ငါ ဦးဆောင်မှ ဖြစ်မယ်လို့တွေးနေမိတာ ခုထိပဲ... သူမကလည်း အစ်မရှိတယ်... အားကိုးရှိတယ်လို့ တစ်ချိန်လုံးတွေးခဲ့တာလေ...:P ခုတော့ သူမက အရင်လိုတော့ လူမကြောက်တော့ပါဘူး... အရင်လိုလည်း သူများပေါ် မမှီခိုတတ်တော့ပါဘူး... ဒါပေမယ့် သူမက အငယ်မဟုတ်လား... သိတဲ့အတိုင်း ဆိုးနွဲ့ဗိုလ်ကျတတ်တာပေါ့... အဟဲ... ကျမလည်း တစ်ခါတစ်လေ သူမကို ဗိုလ်ကျတတ်ပါတယ်... ဟီး... (လာဖတ်မိလို့ ငါ့မကောင်းကြောင်းရေးတယ် ဖြစ်မှာဆိုးလို့... :P အမှန်တကယ်လည်း ကျမ ဗိုလ်ကျပါတယ်... ဟီး...) နောက်ပြီး ငယ်ငယ်ကတည်းနေ ၈တန်း ၉တန်းအထိ အတူတူအိပ်တာ (ရန်ကုန်မှာတုန်းကလည်း ကြောက်စရာအိပ်မက်မက်ရင်ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ပြီးရင်ဖြစ်ဖြစ် ခေါင်းအုံးပိုက်ပြီး ကျမ ကုတင်ပေါ် ရောက်ရောက်လာတယ်...:P )၊ ဘာဖြစ်ဖြစ် မိဘတွေကို အသိမပေးချင်တာမျိုးရှိရင်တောင် သူမကိုတော့ ပြောပြတတ်တာ၊ ခံစားချက်တွေ၊ ခံယူချက်တွေကို ခဏခဏဆွေးနွေးဖူးတာ... အဲဒါမျိုးတွေကြောင့်လည်း ပိုရင်းနှီးတာဖြစ်မယ်ထင်ပါတယ်... :P ပြီးတော့ အသက်ကတစ်နှစ်ကျော်ပဲကွာတဲ့အပြင် သွားအတူလာအတူ ကျောင်းတက်အတူဆိုတော့ သူငယ်ချင်းတွေလည်း ဖြစ်နေပြန်တယ်လေ...

ကျမညီမလေး ငယ်ငယ်က ဉာဏ်သိပ်မကောင်းဘူး... ဉာဏ်မကောင်းသူတို့ ထုံးစံအတိုင်း ဝီရိယတော့ အတော်ကောင်းတယ်... အဟဲ... အဲဒါနဲ့ ဆန့်ကျင်ဘက် ကျမက ဉာဏ်ကောင်းပြီး ဝီရိယနည်းတယ်... သူမက ကျမနဲ့အတူတူ စာသိပ်ကျက်ချင်တာ... နှစ်ယောက်ကျက်ရင် ပိုရတယ်တဲ့... ကျမကလည်း နှစ်ယောက်မကျက်တတ်ဘူး... (စာကျက်ရမှာ ပျင်းတာလည်း ပါ,တာပေါ့လေ...ဟီး...) အဲဒါ... တစ်ခါတစ်လေ သူမနဲ့ စာအတူ လိုက်လိုက်ကျက်ပေးရတာပေါ့... ကျမက စာထဲအာရုံရသွားရင် စာရတာ အရမ်းမြန်တယ်... (ပြီးမှသာ ရှမ်းတာ... မေ့လွယ်တာ...:P ) သူမက ကျမထက် နှစ်ဆလောက်အချိန်ယူမှ ကျမဆိုသလို သူမ လိုက်ဆိုနိုင်တာလေ... ကျမကလည်း စာရသွားပြီဆိုတာနဲ့ ဝရူးဝရူးနဲ့အော်တော့တာပေါ့... ကျမအော်သလို သူမ လိုက်မအော်နိုင်တော့ ဝမ်းနည်းပြီး ငိုရော... ဟီး... အဲဒါ နောက်ပိုင်းကျ... သူမနဲ့ စာကျက်ရင် စာမရချင်ယောင်ဆောင်ရတယ်... "အာ... ငါ့ဉာဏ်တွေ ထိုင်းလာပြီ... စာကလည်း မရဘူး..." ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့... ရှူးရှူးရှားရှားလေးလုပ်ပြရတယ်... အဲ... သူမက အားတွေဘာတွေ ပြန်ပေးပေါ့... ဟီး... အဲဒါ... သူမ စာရတဲ့အထိ အဲ့လို ညာညာရွှီးရတာ... ဟီး... ကြာတော့ စာကျက်ရတာ ပျင်းလာတာပေါ့နော့... :P နောက်ပြီး ကျမက ညသမား... စာလုပ်ရင် ည ၁၁နာရီ ၁၂နာရီ လူတွေ အိပ်ချိန်မှ စ,လုပ်တတ်ပြီး သူမက မနက်သမား... မနက် ၅နာရီဆို ထ,စာကျက်ပြီ... ကျမက အဲဒီအချိန်ကျမှ အိပ်ယာဝင်တာ (စာမေးပွဲရှိမှ စာကျက်တာပါ...:P) ကျမအိပ်ရင် သူမကို အမြဲ နှိုးရတယ်... အဲဒါ ခုထိပဲ... :P စာလုပ်တဲ့အချိန်လည်း ကွာတော့ စာအတူလုပ်တာ ရှားတော့ရှားပါတယ်... ပြီးတော့ သူမက အရမ်းစိတ်ပူတတ်တယ်... ကျမက သွေးအေးတယ်... (စာနဲ့ပတ်သက်ရင် ပြောတာပါ...:P ) ဆရာမက ဒါ...ဒါ...ပဲ ကျက်လို့ ရွေးပေးရင်တောင် သူမက စိတ်မချဘူး... စာမေးပွဲမှာ မပါရင် ဘယ်လိုလုပ်မလဲဆိုပြီး တစ်ခါတစ်လေ တစ်အုပ်လုံးလည်း ကျက်ချင်ကျက်တတ်တာ... (အဲဒါကြောင့်လည်း B.Act (Eco) the whole uni မှာ first ရခဲ့တာ...:P ) ကျမကတော့ ဒါ... ဒါ... ပဲ... ဟီး... ဘယ်တော့မှ ပိုမကျက်ဘူး... ပြီးတော့ စာမေးပွဲခန်းထဲ ဝင်ခါနီးဆို ကျမက စာရရ မရရ အေးဆေး... (ငယ်ငယ်ကပြောတာပါ... ခုတော့... ပြောင်းပြန်... စာအုပ်နဲ့ မျက်စိနဲ့ ခွာလိုက်ရင် စာမေ့သွားမှာဆိုးလို့... စာမေးပွဲခန်းထဲဝင်ခါနီးဆို... ခေါင်းက စာအုပ်ထဲ စိုက်နေရော...:P ) သူမက "ငါ စာတွေ မေ့ကုန်ပြီ... မရတော့ဘူး..."လို့ အမြဲ ပူပင်စွာ ရေရွတ်တတ်တယ်... လက်တွေလည်း အေးစက်ပြီးတော့ အရမ်းစိတ်လှုပ်ရှားတာ မြင်တွေ့ရတတ်တယ်... ကျမက အမြဲ သူမကို အားပေးရတယ်... မှတ်မှတ်ရရ ၇တန်းကျောင်းသူဘဝတုန်းက အဖျားတွေ တအားကြီးပြီး အတန်းတင်စာမေးပွဲ သွားဖြေတုန်းက တစ်ခါပဲ... သူမ မညည်းနိုင်ခဲ့တာ... အမြဲ ခုံနံပါတ်က ရှေ့ဆင့်နောက်ဆင့်ဆိုတော့ သူမ စာဖြေနေတာ မြင်ရတယ်လေ... အဲဒီတစ်ခါက သူမတော်တော်သွေးအေးအေးနဲ့ ဖြေတာတွေ့ဖူးတယ်... (စိတ်ဓာတ်ကျနေတာလည်း ပါတာပေါ့လေ...) ကျမမှာ ကိုယ်ဖြေထားတာ မှန်လားမှားလားမစစ်နိုင်ဘူး... စိတ်က သူမဆီပဲ ရောက်နေတာ... အချိန်ပြည့်ခေါင်းလောင်းထိုးတာနဲ့ နေရာက ထ,ပြီး သူမဘေးနားရောက်သွားတာ... (ဘေးကနေ စာသွားရွတ်ပြတာ...ဟီး...) နောက်ဆုံးနေ့လည်းဖြစ်... ကျက်စာလည်း ဖြစ်တော့ သူမ တော်တော်လေးကို ခြေကုန်လက်ပန်းကျနေတာလေ... ဆရာမက စာရွက်အတင်းလာသိမ်းတော့ ဆရာမလက်ကြီးအတင်းဆွဲပြီး မသိမ်းဖို့ ပြောလိုက်သေးတယ်...ဟီး... ခင်နေတဲ့ဆရာမဆိုတော့ နောက်ဆုံးမှတော့ သိမ်းပေးပါတယ်... ဒါပေမယ့် သူမက ရေးမပြီးဘူးလေ... "ငါတော့ Aခန်း မဝင်တော့ပါဘူး" လို့လည်း ပြောရော... ကျမက စ,ငိုရော... ဟီး... ပြန်တွေးကြည့်တော့ ရှက်စရာကြီး... အိမ်ရောက်တော့ ဘယ်လောက်ရေးဖို့ ကျန်ခဲ့တာလဲဆိုတော့ နှစ်ကြောင်းတဲ့... ဟီး... ကောင်းရော... ကျမမှာ မျက်နှာကြီးနီပြီး (ငိုထားတာကိုး) လမ်းတစ်လျှောက် ဟိုလူ ဒီလူတွေက ကွက်ကြည့် ကွက်ကြည့်နဲ့ စာမေးပွဲမဖြေနိုင်လို့ ပြန်လာတယ်လို့ လူတွေအထင်ခံရတာ ဆိုးရောပေါ့...:P ဒါပေမယ့် အဲဒီနှစ်က သူမ Aခန်းဝင်ခဲ့ပါတယ်... အဆင့်တော့ မကောင်းဘူးပေါ့... နောက်တော့ ၉တန်းလောက်ကထင်တယ်... သူငယ်ချင်းတစ်ယောက်က သူမကို ညည်းလို့ဆိုပြီး ပြောလိုက်တာ မှတ်ထားပြီး နောက်ဘယ်တော့မှ မညည်းတော့တာ ခုထိပဲ... သူ့စိတ်ထဲမှာသာ ပူနေတာ အပြင်မှာ အေးဆေးပဲ... အဲ... အဲဒီလိုလည်း သူက အမှတ်ကြီးတယ်...

ပြီးတော့ ငယ်ငယ်က အကြောင်းအရာ သေးသေးလေးကအစ သူမ မှတ်ထားတတ်တယ်... အဟဲ... အဲဒါ ကျမ ခဏခဏ ခံရတဲ့အချက်ပဲ... ကျမပြောသမျှ အသေးစိတ်မှတ်ထားပြီး ရန်ဖြစ်ရင် ပြန်ပြောတယ်... (ငယ်ငယ်လေးတုန်းကတော့ ရန်ဖြစ်ရင် လက်ပါတာပေါ့... မှတ်မိသလောက် အရွယ်မှာတော့ စကားများတာပဲ ရှိခဲ့ပါတယ်... ချရင်လည်း မနိုင်ဘူးလေ... ကျမပဲ ရှုံးတာ... ဟီး...) အဲ့လို ပြန်ပြောရင် ကျမ သိပ်စိတ်တိုတာ... ကျမက မကျေနပ်ရင် ချက်ချင်းရှင်းတာများတယ်... စိတ်ထဲ သိပ်မထည့်ထားတတ်ဘူး... (မှတ်ထားတာတွေတော့ ရှိတာပေါ့လေ... နည်းပါတယ်...) သူမ အဲ့လို ပြန်ပြောတိုင်း ကျမက မမှတ်မိဘူးလေ... ခံရရော... :P ပြီးတော့ ကတ်သီးကတ်သတ်လည်း သိပ်ပြောတာ... မနိုင်နိုင်ရအောင် ရှာကြံပြောတတ်တာလည်း နှစ်ယောက်မရှိဘူး... အဲဒါ ခုထိပဲ... ကျမ စိတ်တွေအရမ်းတိုပြီး တစ်ခုခုကို ဝုန်းတိုင်းကျဲလိုက်မှ နည်းနည်း ငြိမ်သွားတတ်တာ... အဲ့လိုပဲ သူငယ်ချင်းတွေကိုဆိုရင်လည်း မျက်နှာကြီးတည်ပြီး စိတ်ထဲ မှတ်ထားလိုက်ရော... ဘယ်တော့မှ ထုတ်မပြောဘူး... တစ်ခါတစ်လေ အားနာလို့ ပြန်မပြောတာကပါသေးတယ်... ကျမရှေ့မှာဆိုရင်တော့ သူမ မျက်နှာ တစ်ချက်ကြည့်တာနဲ့ ဘာဖြစ်သွားလဲ သိတာကိုး... ဟဲဟဲ... ကျမပဲ... ဘယ်ရမလဲ... "ညီမထိ ဓားကြည့်"ပေါ့... အဲဒီသူငယ်ချင်းကို အားမတမ်းပြောပစ်တာပေါ့... ဟဲ... ကျမက သူငယ်ချင်းတွေကြားမှ လူကသာ သေးတာ (သူငယ်ချင်းတွေ အကုန်လုံး အရပ်ရှည်ရှည်နဲ့ ထွားကြတာများတယ်...:P ) စိတ်က မသေးဘူးလေ... အားလည်းသိပ်နာတတ်တာ မဟုတ်တော့ ကျမဆိုရင် နည်းနည်းတော့ ရှိန်တယ်... အဟီး... ကျမသူငယ်ချင်းတစ်ယောက် ၆တန်းလောက်က ပြောဖူးတာလေး မှတ်မိသေးတယ်... "ညီမကို ပြောချင်ရင် အစ်မမျက်နှာ အရင်ကြည့်ပြီးမှ ပြော"တဲ့... အဲဒီတုန်းက ကျမက တစ်ဖက်မှာ အာလူးဖုတ်နေတာလေ... ဘာဖြစ်မှန်းမသိဘူး... ကိုယ့်ညီမ ကိုယ်ကြည့်မိမှ တစ်ခုခုပဲဆိုတာ သိပြီး "ဘာဖြစ်တာလဲ" အတင်းလိုက်မေးလို့ ကျမကို အရမ်းခင်တဲ့ အစ်မတစ်ယောက်လိုကို ကောင်းတဲ့ သူငယ်ချင်းကပြောခဲ့တာ... ကျန်တဲ့သူတွေကတော့ ဘာသံမှကို ထွက်မလာတော့တာ... အဟဲ... အဲလောက်ဆို... သိလောက်ရောပေါ့နော်... ကျမ ညီမလေးနဲ့ ပတ်သက်ရင် ကျမဘယ်လောက် အားမနာတမ်း ပြောတယ်ဆိုတာ...ဟီး... အဲလို သူစိမ်းတွေကိုသာ အားနာတာ ပြန်မပြောတာ အိမ်မှာကတော့ သူမက ဆရာပဲ... အိမ်ကလူတွေက "အိမ်ကျယ်"လို့ သူမကို နောက်နောက်ခေါ်ကြတယ်လေ... "အိမ်ကျယ်"နော် "အိန်ဂျယ်" မဟုတ်ဘူး...:P တစ်ခါတစ်လေ သူမကို သူများတွေ ဒီလိုလုပ်တယ်...ဟိုလိုလုပ်တယ်လို့ ဆရာသွားလုပ်ရင် သူမက "သူကသူပဲ ငါကငါပဲ ငါက သူကငါ မဟုတ်သလို ငါကလည်း သူမဟုတ်ဘူး" အဲ... ဒါမျိုး... စကားလုံးက မသေးဘူးနော်... အဲဒါမျိုးကလည်း သိပ်ပြောတတ်တာ... ရှိသေးတယ် အများကြီး... သူစိမ်းတွေနဲ့ မရင်းနှီးလို့၊ အားနာလို့သာ မပြောရင်နေမယ် ပြောလိုက်ရင်တော့ စကားလုံးတွေက စာရေးဆရာမ လုပ်စားလို့ရတယ်...:P ကျမက သူမကို အမြဲပြောတယ်... "နင် လိုင်းမှားတတ်တာ... ရှေ့နေလုပ်စားသင့်တယ်... နင်သာ ရှေ့နေဆို သေချာတယ်... နင့်အမှုသည် သေချာနိုင်မှာပဲ"လို့... ကတ်ဖိုးကတ်ဖဲ့နဲ့ မနိုင်နိုင်အောင် ပြောတတ်လို့လေ... တစ်ခါတစ်လေ သူမဆီက ကျမ ပညာယူရတယ်... ဟီး... ကျမက ပျော်ပျော်နေတတ်တာပဲရှိတယ်... သိပ်မနောက်တတ်ဘူး... သူမက တစ်ခါတစ်လေ အတည်ပေါက်နဲ့လည်း နောက်ကင်နောက်တတ်တာ... တစ်ခါတစ်လေ မိသားစုတွေစုံရင် သူမကို ဝိုင်းဝိုင်း စ,တတ်တာ... အဲဒီအခါကျ သူမဆီက စကားလုံးအသစ်အဆန်းတွေ ကြားရလို့လေ...ဟီး... တစ်ခါတစ်လေလည်း သူမကို ဝိုင်းဝိုင်းဟားရတယ်... တွေးလိုက်ရင် တလွဲတွေတွေးတတ်လွန်းလို့လေ... ဟီး... သူမ စိတ်ဆိုးစိတ်ကောက်ရင်တော့ အသံကြားရုံနဲ့ သိတယ်... ဘုတွေကြီး ပြောတာလေ... "ဟယ်... ဒါလေးက ချစ်စရာလေးနော်"လို့ မပြောနဲ့ "ဘယ်မှာလှလို့လဲ လမ်းဘေးက အပေါစားကြီးနဲ့ တူတယ်"ဆိုတာမျိုး... ဂွစာကတိုက်သေးတယ်... ဟီး... ခုနေ ချော့လိုက်လို့ စိတ်ပြေသွားပေမယ့် ခဏနေ ပြန်ကောက်ချင်လည်း ကောက်တာ...:P သူမ မခင်တဲ့သူတွေကတော့ ပြဿနာမဟုတ်ဘူးပေါ့လေ... သူမ ခင်တဲ့သူ ချစ်တဲ့သူဆို ခေါင်းစားဖို့သာ ပြင်ပေတော့ပဲ...ဟီး... အဲလို...အဲလို...

နောက်ရှိသေးတယ်... တက္ကသိုလ်တွေတက်ရတော့ သူမနဲ့ အခန်းမတူပေမယ့် ကျောင်းတူတယ်လေ... ဝေးလွန်းလှသော ကျမတို့ရဲ့ ရွာသာကြီးက ကျောင်းတော်ကို သူမက နည်းနည်းမှ မသွားချင်... ကျမကလား... ဟီး.. တက္ကသိုလ်ကျောင်းသူဆိုတဲ့ ဘဝကို ပီပီပြင်ပြင် ခံစားချင်တာလေ... ကျောင်းခေါ်ချိန်ကို မှန်လို့... တစ်ခါမှ အိမ်ကို စာမရောက်ဘူး...ဟီး... ဒါတောင် သူငယ်ချင်းရှိတာမဟုတ်ဘူး... တကိုယ်တော် ကျောင်းသူသွားသွားလုပ်တာ... (First Year တုန်းကပါ...) သူငယ်ချင်းလေး ရှားရှားပါးပါး နှစ်ယောက်လားရှိတာ...:P တက္ကသိုလ်တွေကလည်း သိတဲ့အတိုင်း တမျှော်တခေါ်မှာ ဖွင့်ထားတော့ ကျောင်းသားကျောင်းသူတွေ အတန်းမှန်အောင် ကျောင်းခေါ်ချိန်နဲ့ ခြောက်ထားကြတာလေ... ကျောင်းသားတွေက မလာတာတော့ မဟုတ်ပါဘူး... မနက် Ferry ပေါ်မှာဆိုအပြည့်... အတန်းမှာသာ လူမရှိတာ... အဲလို...အဲလို...:P တစ်ခါတစ်လေ ကျမ ကျူတိုရီရယ်မရှိ Roll Call ခေါ်တဲ့အတန်းမရှိတာတောင် သူမ Roll Call ရအောင် သူမ အတန်းသွားပြီး သူမ နာမည် ခေါ်ရင် လက်ညှိုးသွားသွားထောင်ပေးရသေးတယ်... သူမကတော့ အိမ်မှာ ဇိမ်နဲ့... ဟီး... ရယ်တော့ရယ်ရသား... သူမ သူငယ်ချင်းတွေက သက်တူရွယ်တူ ကျမကို "အစ်မ"တဲ့... တစ်ချို့များဆို ရိုရိုသေသေများတောင် ဆက်ဆံတတ်ကြသေးတယ်... ဟီး... သူမ သူငယ်ချင်းတွေနဲ့လည်း ခင်လို့ပေါ့... ပြီးတော့ တက္ကသိုလ်မဟုတ်လား... အထက်တန်းလိုတော့ ဒီလူ ဒီလူတွေကြီး ဘယ်ဟုတ်ပါ့မလဲ... အဲဒီတော့... ဘယ်ကောင်လေး ငါ့ညီမလာစ,လဲ... လာကြည့်လဲနဲ့... Bodyguard ကလည်း လုပ်ရသေးတယ်... မျက်နှာကြီး စူပုပ်ပြီးတော့... ဟားဟား... အထက်တန်းတုန်းကတော့ ယောက်ျားလေး မိန်းကလေးတွေက ဟိုလိုလို ဒီလိုလိုတွေက နည်းတယ်လေ... (ကျမတို့တုန်းကပြောတာပါ...ခုတော့ မသိဘူး...:P) ကျမ ညီမကြောင့် နှစ်ခါလား သုံးခါလား... ဟီး... ယောက်ျားလေးတွေနဲ့ စကားများဖူးတယ်... အဲဒီကောင်တွေကို ခုထိ ကြည့်လို့ကို မရဘူး...ဟီး... အော်... စကားများတယ်ဆိုတယ်ဆိုတာ... ခုန်နေရာ လုတာတို့ ဘာတို့ပါ... တစ်တန်းတည်းသားတွေ ရိုးရိုးသားသား စကားများကြတာပါ...ဟီး... ခုလည်း ဘာထူးတယ်... ဒီမှာ ညီမလေးကို ကြိုက်တဲ့ (မိဘတွေချင်းလည်း ရင်းနှီးတဲ့) ကောင်လေး တစ်ယောက်ရှိတယ်... ညီမလေးထက် တစ်နှစ်ကျော်တော့ ငယ်တယ်... ဒါပေမယ့် ကလေးအမူအရာမပျောက်သေးတဲ့ ကျမညီမနဲ့ဆိုရင်တော့ အဲဒီကောင်လေးက ကြီးတယ်ပဲထင်ရတယ်... ကျမတို့ ကိုယ်တိုင်လည်း တစ်ခါတစ်လေ ညီမလေးကို အငယ်ဆုံးလို့ပဲ တွေးမိတာ...:P အရင်က အဲဒီကောင်လေးနဲ့ ကျမ မောင်နှမအရင်းတွေလိုတော်တော်ခင်ပါတယ်... ဘယ်လောက်စစ ဘယ်လိုနောက်နောက် သိပ်စိတ်မဆိုးတတ်ဘဲ ကျမကလည်း ပြန်နောက်တတ်တာကိုး...:P ခုတော့ တစ်ခါတစ်လေ တော်တော် ကြည့်မရအောင် အမြင်ကတ်နေမိတယ်... :P တစ်ခါတစ်လေလည်း အကြောင်းပြချက်မရှိ စိတ်မပါရင် စကားမပြောဘူး... ဟီး... အဲဒါ ပြီးခဲ့တဲ့ March 2009 ညီမလေးမွေးနေ့က စတာပဲ... :P (အဲဒီကောင်လေးကိုယ်တိုင် ညီမလေးကို propose လုပ်ထားကြောင်း ကျမကို လူကြီးအရာထားပြီး ပြောခဲ့ဖူးပါတယ်... တော်တော်လည်း မျက်နှာပူပြီး lecture လည်း ကောင်းကောင်းရိုက်ခဲ့ဖူး၏... ဟီး... ကျမက အကြီးပဲလေနော်... ပြောသင့်တာပေါ့... ဟားဟား...) Pre Birthday လုပ်ပေးတုန်းက သူလက်ဆောင်ပေးတဲ့ အင်္ကျီကို ဝတ်ပေးပြီးပြီလေ... တကယ့် မွေးနေ့ကျ ကျမပေးတဲ့ အင်္ကျီဝတ်သင့်တာပေါ့ မဟုတ်ဘူးလား... အဲဒါ သူက သူပေးတာ မဝတ်လို့တဲ့ ညီမလေးကို စိတ်လုပ်ရော... အဲဒီမှာ ကျမနဲ့ ထိပ်တိုက်တွေ့ရော... ကျမကလည်း အကျင့်တစ်ခုရှိတယ်... ကျမ (သို့) ကျမမိသားစုဝင်ရဲ့ မွေးနေ့မှာ သူစိမ်းကပေးတာ မဝတ်ချင်တာ၊ မဝတ်စေချင်တာပဲ... ဘာလို့လဲတော့ မမေးနဲ့ပေါ့လေ... ကိုယ်ပိုင်ခံစားချက်နဲ့ ခံယူချက်ခြင်းက မတူနိုင်ဘူးလေ... အဲ... နောက်တစ်ခုက ကျမ စိတ်ထဲမှာ ကျမနဲ့လာပြိုင်တယ်လို့လည်း ခံစားရတာလည်း ပါတာပေါ့လေ...:P အဲဒီထဲကစပြီး ပိုကြည့်မရတော့တာ... ဟီး... အရင်ကလည်း သေးသေးလေးတွေတော့ရှိတာပေါ့လေ... သေးသေး သေးသေးလေးတွေ စုလာပြီး ကြာတော့ တော်တော်ကြီးသွားတာဖြစ်မယ်...:P အဓိကကတော့ သူတို့နဲ့ သွားရင် ငါ့ကို ငါ့ညီမက အရေးမလုပ်တော့ဘူးလို့တွေးမိသွားတာလည်းပါသလို ငါ့လောက်မကောင်းနိုင်ဘဲနဲ့ ငါနဲ့ လာလာပြိုင်တယ်လို့ မတွေးသင့်တာတွေ တွေးတွေးမိသွားတာလည်း ပါတာပေါ့လေ...ဟီး... အဲဒါနဲ့ အဲလိုအတွေးတွေ မစောင်းသွားရအောင် အိမ်ထဲက အိမ်ပြင်မထွက်တာ အတော်ကြာသွားပြီ... ဟီး... ကြာဆို... ၄၊ ၅လလောက်တောင် ရှိမလားပဲ...:P ကျမက ညီမလေးကို တစ်သက်လုံး ချုပ်ကိုင်ထားတာမျိုးတော့မရှိပါဘူး... ကိုယ်ကြိုက်တာ ကိုယ်ရွေးခွင့်ရှိပါတယ်... တစ်ခုပဲ ကျမ သူမအပေါ် ချစ်သလိုချစ်နိုင်ဖို့နဲ့၊ ကျမ သူမအပေါ် ကောင်းသလောက် နီးနီး (100% လို့တော့မပြောပါဘူး...မိဘတွေရဲ့ချစ်ခြင်းတွေနဲ့လည်း မနှိုင်းပါဘူး... အစ်မ တစ်ယောက်ရဲ့ ချစ်ခြင်းနဲ့သာ နှိုင်းယှဉ်တာပါ...) ကောင်းနိုင်ဖို့ပဲလိုပါတယ်... ကျမညီမလေးက အိမ်မှာ အလတ်ဆိုပေမယ့် အငယ်ဆုံးဖြစ်တဲ့ မောင်လေးကတောင် အစ်ကိုလိုဖြစ်နေတာ များပါတယ်... ပြီးတော့ သူမက ကျမတို့လိုမဟုတ်ဘူး... အမှားနည်းတယ်... အဲ... သူမရဲ့ အားနည်းချက်က အရမ်းတွေးတာ... တွေးလွန်းတော့ တွေဝေတဲ့ဘက်ရောက်တာများတယ်... ပြီးတော့ အရမ်းအားနာတတ်တယ်... (ကျမလည်း အရမ်းအားနာတတ်ပါတယ်... စိတ်ဆိုးစိတ်တိုရင်သာ အားနာတယ်ဆိုတာ မရှိတော့တာ...:P ) အားနာလွန်းတော့ ခံရတာ များတယ်... စိတ်လည်းပျော့တယ်... နူးညံ့တယ်... သူများနှစ်ခွန်း မပြောရဘူး... သနားသွားရော... အဲ... အဲဒီ အချက်တွေကြောင့်လည်း ကျမက အစ်မပီပီ ရှေ့က ကာစီးကာစီးလုပ်နေရတာလည်း ပါတယ်... နောက်ပြီး သူမ အပေါင်းအသင်းရ သိပ်ကံမကောင်းတတ်ဘူး... အမြဲ မိန်းမပီသသောသူများနဲ့သာ တွေ့ရတတ်တယ်... ဟီး... မိန်းမပီသတယ်ဆိုတာ... ပြိုင်တာဆိုင်တာ... မနာလိုဖြစ်တတ်တာ... ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး သူများကို သာသာနဲ့နာနာနှပ်တတ်တာ... အတင်းအဖျင်းများများပြောတာ... ဘယ်လိုနှိပ်ကွပ်ရမလဲပဲစောင့်ကြည့်တတ်တာ... ကျန်သေးတယ်... ဆက်ပြောရင် ဆုံးမှာမဟုတ်တော့လို့... (အဲ... မိန်းမပီသတယ်ဆိုလို့ ယောက်ျားလေးတွေမှာ မရှိဘူးလို့တော့ မငြင်းနဲ့... ရှိမှာပါပဲ... ကျမ ပတ်ဝန်းကျင်မှာ မိန်းမတွေနဲ့သာ ဆက်ဆံရတာ များလို့ မိန်းမပီသတယ်လို့ပြောတာ...:P) အဲ...အဲ့လို သူငယ်ချင်းပေါင်းများစွာရှိတဲ့အတွက်လည်း ကျမက ဘီလူးလိုဘာလိုလိုနဲ့ automatically ကိုယ်ရံတော်ဘဝရောက်သွားတာ...:P သူမမှာ ကျမ အားကျအတူယူရတာတွေ တော်တော်များများလည်း ရှိပါတယ်... တစ်ခါတစ်လေ စိတ်ပျော့တယ်ထင်ရပေမယ့် စိတ်ဓာတ်အရမ်း ကြံ့ခိုင်တယ်... နှစ်သိမ့်ပေးတတ်တယ်... ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တတ်တယ်... ဖြစ်အောင်လည်းလုပ်တယ်... အလိမ်အညာကင်းတယ်... အတွေးသမားမို့လို့လားတော့မသိ တစ်ခါတစ်လေ သူ့အတွေးအခေါ်တွေက လေးနက်တယ်... ရှေ့ဖြစ်နောက်ဖြစ်တွေကို ကျမထက် ပိုကြိုတွေးတတ်တယ်... ဟီး... နောက်ပြီး သူမက အတွေးသမား အကြောင်းအရာတစ်ခုကို ဒီလို...ဒီလို...ဆို ဘယ်တော့မှ လက်မခံဘူး... "ဘာလို့လဲ"ဆိုတာမျိုးက သိပ်မေးတတ်တယ်... "ဒီလိုလည်း ရတာပဲ... ဟိုလိုကဘာဖြစ်တယ်"နဲ့ အကွန့်ကလည်း အားကြီးတက်တတ်တယ်... တစ်ခါတစ်လေ ကျမသိထားတဲ့အကြောင်းအရာတွေတောင်မှ သူမ လုပ်တာနဲ့ လည်လည်ထွက်သွားလို့ မနည်း သေချာတာလေးတွေ ပြန်ပြန်ရှာဖမ်းထားရတယ်...:P သူမက အဲဒီလို... တစ်ခါတစ်လေတော့ သူမတွေးတာလေးတွေက သဘာဝကျပြီး အတွေးသစ်၊ အမြင်သစ်တွေကို ဖြစ်စေတတ်ပါတယ်... တစ်ခါတစ်လေတော့လည်း နီးရက်နဲ့ဝေးဆိုသလို တွေးလိုက်တာ ချော်ချော်ထွက်သွားလေရော...:P

အဲ နောက်ပြီး "အစ်မကြီး အမိရာ"ဆိုတဲ့စကား... သူများတွေတော့ မသိဘူး... ကျမအတွက်တော့ တော်တော်မှန်လေရဲ့... သူနဲ့သွားရင် ကလေးအမေကို ဖြစ်လို့... သူက ကျမထက်လည်း တော်တော်နုတယ် ခေါ်ရမယ်... တွေ့တဲ့သူက ၂၀မကျော်သေးဘူးလို့ ထင်ကြတယ်... ကျမစိတ်ထဲမှာလည်း အသက်ကွာသလို ခံစားရတယ်... အရင်တုန်းက လမ်းအတူလျှောက်ရင် လက်အတင်းလာချိတ်တတ်တယ်... (ခုတော့ လက်မချိတ်တာကြာပြီ ဒီရောက်ပြီးကတည်းက လူကြီးလုပ်မလို့တဲ့... လက်ချိတ်တဲ့အကျင့် ဖျောက်နေတယ်တဲ့...:P ) ရှိသမျှ ပစ္စည်း ကျမအိတ်ထဲ လာထိုးထည့်တတ်တယ်... phone တောင်မကိုင်ချင့် ကိုင်ချင်ကိုင်တာ... သူ့ပိုက်ဆံအိတ်ကအစ လာထည့်ထားတတ်တာ... ဈေးဝယ်ရင် သူမ ဝယ်တာ သူမ ရှင်းတာတောင်... ကျမက သူမ card ထုတ်ပြီးရှင်းပေးရလို့ မသိရင် ကျမက ရှင်းပေးတယ်ထင်ဦးမယ် (password မှန်သမျှလည်း ကျမက အကုန်သိတာကိုး...:P ကျမ password တွေတော့ သူမ မသိတာတွေရှိတယ်...:P) တစ်ခါတစ်လေ တကယ်ကို ကလေးအမေကျနေတာပဲ... ရေဗူးတို့ မုန့်တို့နဲ့ ဘာမှန်းကိုမသိ ရှုပ်ရှပ်ကို ခတ်နေတာပဲ... သူမကတော့ လက်ဗလာခြေဗလာနဲ့ အေးဆေး... တစ်ခါတစ်လေတော့ အမြင်ကတ်တာနဲ့ တမင် ကိုင်ခိုင်းလိုက်တယ်...ဟီး... သူမ ဒီကို လာတော့ သူမ အိတ်ကို အစအဆုံး ကျမ ထည့်ပေးရတာ... (သူမက ကျမထက် တစ်ပတ်စောပြီး ဒီကို ရောက်တယ်လေ...) အထဲမှာ ဘာပါလဲ... ဘာတွေ ဘယ်နေရာမှာ ထည့်ပေးလိုက်လဲ သူမ မသိဘူး... အဲဒါ ဖုန်းပြောရင်ဖြစ်ဖြစ်၊ Gtalk လာပြောရင်ဖြစ်ဖြစ် "ဟဲ့... ငါ့ ဟိုပစ္စည်းလေ... ဘယ်နားမှာထားလဲ... ဒီပစ္စည်းရော... ထည့်ပေးလိုက်လားနဲ့မေးရော... ခုလည်း ဘာပစ္စည်းမေးမေး "နေဦး... အစ်မမေးလိုက်ဦးမယ်... သူဘယ်နားသိမ်းထားလဲ မသိဘူး"လို့ ဖြေလိမ့်မယ်... အဲဒါ သူမ ပစ္စည်းသွားမေးရင်ကို ဖြေမှာ... စဉ်းစားကြည့်နော်... "အစ်မကြီး အမိရာ" လုံးဝမကောင်းပါ...:P ကလေးထိန်းရသလိုပဲ... ဟီး... ဒီစာရေးတာမြင်ရင်တော့ စိတ်ဆိုးတော့မယ်... ကျမ မကောင်းတာတွေ သူမ သည်းညည်းခံတာတွေလည်း ရှိပါတယ်... ဟဲ... ကျမက နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်ပါတယ်... ကျမ လိုချင်တာ၊ စားချင်တာ၊ ဖြစ်ချင်တာရှိရင် သူများအတွက် သိပ်မကြည့်ပေးတတ်ဘူး... အဲဒါမျိုးတွေဆို သူမက အမြဲအလျှော့ပေးတယ်... ဥပမာ... ပစ္စည်းတစ်ခု ဝယ်လာရင် ကျမကို အရင်ပေးရွေးတာမျိုး... တစ်ခုခုသွားစားရင် ကျမစားချင်တာ လိုက်စားတာမျိုးပေါ့... ကျမစိတ်ညစ်နေရင် လာအားပေးတတ်တာမျိုး... ကျမစိတ်ရှုပ်နေ၊ စိတ်ဓာတ်ကျနေရင် ကျမ မငိုခင် ကျမကို လာဖက်ပြီး သူမက အရင် ငိုတတ်တာမျိုးတွေပေါ့... :P ကျမက Physically အနွံတာခံလုပ်ပေးတာ သူမကကျ Mentally အနွံတာခံတတ်တာ... အဲဒီလို ပြောလို့ရမယ် ထင်တယ်...:P အဲ... လောလောလတ်လတ်ပဲ... ကျမ သူမ ငိုအောင် လုပ်ထားတယ်... ဟီး... ပြီးခဲ့တဲ့ တနင်္ဂနွေ (13.09.09) တုန်းကပေါ့... သူငယ်ချင်းကောင်လေးတစ်ယောက်ရဲ့ မွေးနေ့အလှူ ဘုန်းကြီးကျောင်းသွားစရာရှိတယ်... ကျမလည်း ဒီတစ်လော အလုပ်ကိစ္စကြောင့် တော်တော်လေးကို Pressure ရနေတာရယ်... စနေနေ့က အစ်မဝမ်းကွဲလာလို့ သွားကြိုရ၊ ကူညီရနဲ့ တအားပင်ပန်းထားပြီး အိပ်ရေးကလည်းမဝတာကြောင့် (မဝဆို ညက laptop အသေးလေးကို အစ်မကို ခဏငှားမှာမို့ စက်ထဲက File တွေပြောင်းရရွှေ့ရ ဖျက်ရနဲ့ နောက်ကျမှအိပ်ရတာကိုး... သူမက အိပ်နေပြီးတော့..) လူက တော်တော်လေး မဟန်တဲ့အချိန်... သိတဲ့အတိုင်း သူမက စိတ်ပူတတ်တယ်လေ... မနက် ၇နာရီလား မသိ... ထပြီး သွားဖို့ လောရော... (သူမ ဥပုသ်စောင့်မှာမို့ 12 နာရီ မထိုးခင် သွားချင်တာလည်း ပါတာပေါ့လေ... အဟဲ...ဘုရားတရားလည်း သူမက ကျမထက် ပိုလုပ်တယ်...:P) ဒါပေမယ့်လည်း ကျမက အေးတိအေးစက်သမား ပြီးတော့မှသာ လော ပြာနေတတ်တာ...:P (ချိန်းတိုင်းလည်း နောက်ကျတာများတယ်...:P ) နောက်ပြီး laptop ကိစ္စတစ်ချို့ကလည်းမပြီးသေး... (အမှန်တော့ မလုပ်လည်းရပါတယ်) အဲဒါနဲ့ သူမကို အော်လိုက်မိတယ်... သူမကလည်း ပြန်အော်ရော (အော်တယ်ဆိုတာ လူကြားအောင် အော်တာ မဟုတ်ဘူးနော်...ဟီး... ကောင်းကောင်းမပြောတာကို ပြောတာ...:P ) စိတ်ကတော်တော်တိုသွားပြီး ဘေးနားရှိတဲ့ လက်ဆောင်ထုပ်နဲ့ (အဲဒီအထုပ်ကို လှလှပပ ထုပ်နေရလို့ ကောင်းကောင်း မအိပ်ရတာလည်း ပါတယ်... :( ) "ကောက်ပေါက်လိုက်ရ"လို့ ပြောလည်းပြော လက်ကလည်း ရွယ်လိုက်မိတယ်... သူမကလည်း "ပေါက်ရဲပေါက်ကြည့်ပါလား"တဲ့ မခံဘူး... ပြန်ပြောတယ်... တကယ်တော့ ပေါက်မလားနော်... ဟီး... အဲဒါ ပြန်ခံပြောတာကို စိတ်တိုပြီး လက်ဆောင်ထုပ်ကိုပဲ ကြမ်းပြင်ပေါ် ကိုင်ပေါက်ပစ်လိုက်တယ်... သူမကိုတော့ ဘာမှမပြောပါဘူး... နောက် စိတ်ဆိုးပြီး သွားပြန်အိပ်လိုက်တာ တကယ်အိပ်ပျော်သွားရော... နိုးလာတော့ သူမက မရှိတော့ဘူး... သေချာတယ်... သူငယ်ချင်းနဲ့ အပြင်သွားပြီဆိုတာ သိလိုက်တယ်လေ... အဟီး... သူမက စိတ်တော့ ပြေလွယ်ပါတယ်... (ကျမစိတ်ပြေလွယ်တာဆိုလို့လည်း ကျမညီမပဲ ရှိပါတယ်... :P ) ညနေကျ ကြက်ဆီထမင်း ဝယ်လာတယ်... :P စကားတွေဘာတွေလည်း ကောင်းကောင်းပဲလာပြောတယ်... မနေ့ကမှ သူမ သူငယ်ချင်းရှေ့မှာ "အစ်မက ပစ္စည်းနဲ့ ကိုင်ပေါက်မယ်ဆိုလို့"ဆိုပြီးဝမ်းနည်းလို့ ငိုဖြစ်တဲ့အကြောင်း လာပြောတော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်...:P ကျမက နည်းနည်းတော့ စိတ်ကြီးတယ်... အလျှော့လည်း သိပ်မပေးတတ်ဘူး... မောင်လေးအငယ်ဆုံးနဲ့တောင် စကားများရင် ၆လလောက်ကြာအောင် စကားမပြောဘဲနေတတ်တယ်... ကျမ ဖခင်နဲ့ရောပဲ အခန့်မသင့်ရင် လနဲ့ချီ စကားမပြောတတ်ဘူး... တစ်ချို့သူငယ်ချင်းဆို ပြန်မခေါ်တာ ဒီနေ့အထိပဲ... (ကျမကို တော်တော်လေး ထိခိုက်အောင်လုပ်သူမျိုးပါ) ဒါပေမယ့် ကျမညီမလေးဆိုရင်တော့ နေ့မကူးဘူး... သူမ လာမချော့ရင်... အလျှော့မပေးရင်တောင် ကျမက စပြီး သွားစကားပြောတတ်ပါတယ်...

အဲ... ရှိသေးတယ်... ရှိသေးတယ်... ကျမကို သူမ ဗိုလ်ကျတာတွေ... ဟီး... ညီမလေးက အရမ်း ကပ်စီးနဲတယ်... သူမ လက်ဖွာဖွာသုံးတာဆိုလို့ အဝတ်အစားဝယ်တာပဲရှိတယ်... တစ်ခါတစ်လေ မုန့်စားဖို့ သူမကို အဖော်ညှိရင် "မစားဘူး..."ချည်းပဲ... ဘူးခံတာ... အဲ... သူမ မစားဘူး ဆိုလို့ ကိုယ့်ဘာသာ ဝယ်စားဖြစ်ရင်တော့ "ငါ့လည်း နည်းနည်း ကျွေး" အဲဒါ... သူလုပ်နေကျ...:P နောက်ပြီး ကျမကို အားကျပြီး ပြီးခဲ့တဲ့ Dec 2008 မြန်မာပြည်ပြန်တော့ နားဖောက်တယ်လေ... ပြီးတော့ ကျမ နားကပ်(Fancy)တွေ သူမ ချည်းပဲ ယူတပ်တာလေ... ကျမကလည်း အကျင့်တစ်ခုရှိတယ်... ပစ္စည်းတစ်ခုကို အတူသိပ်မသုံးတတ်တာ... (ဇီဇာကြောင်ခြင်းတစ်မျိုးပါ...:P) သူမ ယူတာတွေကလည်း ကျမပိုင်တာရဲ့ တစ်ဝက်နီးနီးပါပဲ... ကုန်ရော...ကုန်ရော... ဒါလည်း သူမချည်းပဲ အပြစ်ပြောလို့တော့ မရဘူးပေါ့လေ... တံငါနားနီး တံငါဆိုသလို ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပေါ့... သူမရှေ့သွားပြီး အားကျအောင် နည်းနည်းနောနောမှမဟုတ်တာ ဝယ်ပြ၊ တပ်ပြမိတာကိုး...:P အဟဲ... ကျမ ဗိုလ်ကျတာလည်း ရှိပါသေးတယ်... (သူမ ဗိုလ်ကျတာကြီးပဲ ရေးရင် ကောက်မှာဆိုးလို့...:P ) ကျမတို့ internet လိုင်းဝယ်တော့ Laptop အသေးတစ်လုံးကိုပါ installment သဘောမျိုးနဲ့ ထပ်ဝယ်ဖြစ်တယ်... အဟဲ... ကျမက internet အသုံးများတော့ Laptop အကြီးသုံးပြီး သူမကတော့ အသေးလေး သုံးရတာပေါ့... ငါက ဒါသုံးမယ်... နင်က ဒါသုံးလို့ သတ်မှတ်ထားတာမဟုတ်ပေမယ့် အဲလိုကြီးကို အလိုလို ဖြစ်သွားတာ...ဟီး... ဝယ်တာကတော့ တစ်ယောက်တစ်ဝက်ပေါ့... ကျမကတော့ နည်းနည်း ပိုထည့်ရတာပေါ့လေ...:P အခု Laptop အသေးလေးက ကျမ အစ်မဝမ်းကွဲကို ခဏငှားထားတော့ သူမသုံးစရာမရှိဖြစ်နေတာပေါ့...ဟီး... သူမကလည်း internet သိပ်သုံးသူမဟုတ်... တစ်ခါတစ်လေ online က စာသင်တာလေးဖွင့်ကြည့် dictionary လေးဖွင့်ကြည့်လောက်ပဲ လုပ်တာကိုး... သူ့ account ဆို ကျမ ပုံမှန်မစစ်ပေးတာကြာတော့ unread mail ဆိုတာ ရာနဲ့ချီ ရှိတာလေ...:P အိမ်က Gtalk or vzo လာခေါ်ရင်လည်း ကျမ account ကိုပဲ ခေါ်တာများပါတယ်... အဟဲ... ညီအစ်မဆိုတော့ အပြန်အလှန် ဗိုလ်ကျတာလေးတွေတော့ ရှိတာပေါ့လေ... အဟဲ... အငယ်တွေကတော့ ပိုဗိုလ်ကျတာပေါ့နော်... ဟီး...

ညီမလေးက အရမ်းစိတ်ပျော့သလို အားလည်းအရမ်းငယ်တတ်တယ်... ကျမ အဆင်မပြေရင် မြန်မာပြည်ပြန်မယ်ဆိုတော့ သူမချည်းပဲ ငိုတာ... ကျမ မျက်ရည်မကျလိုက်ရဘူးလေ... "ဟဲ့...ငါ ကျောင်းနဲ့ပြန်လာမှာပေါ့... ခဏပြန်သွားတာပဲဟာ..."လို့ ပြောလည်းမရ... ငိုချည်းနေတာ... ဒါတောင် အလုပ်ကိစ္စအဆင်မပြေတာ သူမ နောက်ဆုံးမှသိတာ... သူမသိရင် စိတ်မကောင်းဖြစ်မှာမှန်းသိလို့ ကျမ မျက်နှာတစ်ချက်မပျက်ခဲ့ဘူး... ပုံမှန်လိုပဲနေတာဆိုတော့ သူမ သတိတောင် မထားမိခဲ့ဘူး... ကျမညီမလေးအကြောင်း ကျမ ကောင်းကောင်းသိတာပေါ့...:P 2005 လောက်က ဖြစ်မယ်ထင်ပါတယ်... ကျမနဲ့ သူမ တရားစခန်းအတူသွားဝင်ကြဖူးတယ်... နောက် ၁၀ရက်စခန်းကို ကျမ အလုပ်က ခွင့်ရက်ရှည်မရတာနဲ့ ၆ရက်လား ၇ရက်လားပဲနေပြီး ပြန်လာတုန်းကလည်း အထုတ်တွေ သိမ်းထုပ်ရင်း ဘယ်ဟာက ဘယ်မှာနော်... ဘာကဘယ်မှာရှိတယ်နော်နဲ့ မှာနေတာ "အင်း...အင်း..." ကြီးပဲ လုပ်နေလို့ သေချာကြည့်တော့မှ ငိုနေရောလေ...:P ဒီကိုလာဖို့လုပ်တုန်းကလည်း ဒီလိုပဲ... သူမက ကျမလို လာချင်လို့လာခဲ့တာ မဟုတ်ဘူးလေ... သွားသင့်တယ်ထင်လို့ သွားခိုင်းလို့လာရတာ... နေ့တိုင်း ကျိတ်ကျိတ်ပြီး ငိုတာ... ကျမရှေ့မှာတော့ ဒီတိုင်း ငိုတာပေါ့လေ...:P သွားရတော့ မျက်နှာငယ်ငယ်လေးနဲ့... စိတ်အရမ်းမာပါတယ်ဆိုတဲ့ ကျမ ဖခင်တောင် "ငါ့သမီး သနားပါတယ်"လို့ နေ့တိုင်း ညည်းပြီး သတိရနေတာလေ... ကျမ မိခင်ကဆို နေ့တိုင်းငိုတာပေါ့... "ငါ့သမီးလေး သနားပါတယ်"ဆိုပြီးတော့...:P အဲဒါနဲ့ ကျမတောင် ကျမမိဘတွေကို ပြောလိုက်သေးတယ်... ကျမသာ အရင်ထွက်သွားဖြစ်ရင် ဒီလောက်စိတ်မကောင်းဖြစ်ကြမယ်မထင်ဘူးလို့... ဟီး... နောက်တစ်ပတ်ကြာတော့ ကျမလည်း သွားပြီဆိုတော့ ညီအစ်မ နှစ်ယောက်လည်း အဖော်ရှိသွားပြီမို့ အိမ်ကလည်း သိပ်စိတ်မပူတော့ဘူးလေ...:P ကျမ ဒီကို စရောက်ရောက်ချင်း သူမက interview တစ်ခုသွားနေရတော့ လာမကြိုနိုင်ဘူးလေ...ကျမ ရောက်တာနဲ့ အတွေ့ချင်ဆုံးက ကျမညီမလေးပါ... ကျမအတွက် ငှားထားတဲ့ အခန်းကို သူမ ရောက်လာတော့ ပြောင်းလဲသွားတဲ့ သူမမျက်နှာအနေအထားကို မြင်ရုံနဲ့ သူမ စိတ်တွေ အရင်လို ပျော့ညံ့ညံ့မဟုတ်ဘူးဆိုတာ ကျမမြင်လိုက်ရုံနဲ့တင် ခန့်မှန်းလို့ရခဲ့တယ်... အဲဒီငှားထားတဲ့အခန်းမှာလည်း မနေဖြစ်ခဲ့ပါဘူး... ကျမညီမလေးနေတဲ့ ဦးလေးရဲ့ သူငယ်ချင်း ဦးစိုးဝင်းက (စင်္ကာပူမှ တစ်စုတည်းသော ကျေးဇူးရှင်မိသားစု) အတင်း သူ့အိမ်ပြောင်းလာခိုင်းတာနဲ့ ခုချိန်ထိ ကျမတို့ ညီအစ်မ မခွဲမခွာ အတူရှိနေခဲ့ပါတယ်... အဟဲ... ကျမတောင် ကျမတို့ညီအစ်မတွေရဲ့အဖြစ်တောင် နောက်လိုက်သေးတယ်... တစ်ဘဝတုန်းက ငါတို့ စုံတွဲများဖြစ်ခဲ့ပြီး အတူနေရပါစေလို့များဆုတောင်းခဲ့သလားလို့...ဟီး... ဘဝတွေဆိုတာ မပြောနိုင်ဘူးလေ...:P

ကဲ...ဒီစာကို ဒီမှာပဲ ရပ်လိုက်ပါတော့မယ်...:P ရေးရင်းနဲ့ စာမျက်နှာလည်း တော်တော်ရှည်သွားပြီ... ဟီး... စာအရေးကောင်းတာ မနက်ဖြန် TomYam ခေါက်ဆွဲစားရတော့မယ်...:P စာရေးလို့ မပြီးခင်၊ Blog ပေါ်မတင်ခင် စီစစ်ရေးကို အရင်ဖြတ်ရသေးတယ်လေ... ဟီး... မဟုတ်ရင် စိတ်ဆိုးလို့ ဆုံးမှာမဟုတ်ဘူး...:P အဲဒါ ပေးအဖတ်ကောင်းတာ ငိုသွားလို့ LorMi ခေါက်ဆွဲပြုတ်ကျွေးပြီး ချော့လိုက်ရတယ်... ဟီးဟီး... မနက်ဖြန် သူမက TomYam ပြန်ကျွေးမှာတဲ့... ရုပ်ရှင်သွားကြည့်မလားတဲ့... ဟီး... ကပ်စီးနဲက...ဟားဟား... သူမအကြောင်း ရေးထားတာကို ဖတ်ရင်း ရယ်လိုက် ငိုလိုက်နဲ့လေ... ဟီး... စိတ်မကောင်းဖြစ်သွားပုံလည်းရတယ်...:P ပြီးတော့... ငိုချပါလေရော...ဟီး... ဒါတွေထပ်ရေးတာတော့ မပြတော့ပါဘူး... ထပ်ငိုနေဦးမယ်...ဟီး... ဒီမှာပဲ ဇာတ်သိမ်းပါ၏...:P

(မှတ်ချက်- ညီမလေးအကြောင်း ထပ်မေးလာသူ ရန်သူဟု သတ်မှတ်ပါမည်)


Created By: k2tmaung (26 September 2009 Saturday 12:43AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..