Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ကျမကို မွေးတော့ သားဦးယောက်ျားလေးလိုချင်တဲ့ ကျမမိခင် အနည်းငယ်တော့ စိတ်ပျက်မိမှာပါ... ဒါပေမယ့် သမီးဦးလေ... အသွေးအသားကဖြစ်ခဲ့တဲ့ သမီးတစ်ယောက်မို့ ချစ်မှာပါ... မွေးပြီးပြီးချင်း "နာမည်ပြောင်"ပေးကြမှာကို သဘောမကျတဲ့ ကျမမိခင်က ကျမအတွက် နာမည်လေးတစ်ခု နေ့မကူးခင် အပြေးအလွား စဉ်းစားပေးခဲ့တယ်... တနင်္လာသမီးမို့ "ငုဝါ"လို့ နာမည်ပေးဖို့ စဉ်းစားခဲ့ပေမယ့်... တစ်နှစ်တစ်ခါ ပွင့်တဲ့ပန်းချင်းတူတူမှာ ပိတောက်လောက် အရေးပေးခြင်းမခံရတဲ့အတွက် "ငါ့သမီး"ဆိုတဲ့ အတ္တလေးယှက်လို့ နာမည်လေးကအစ အရာရာအကောင်းပဲ ဖြစ်စေချင်ခဲ့တာဟာ ဘယ်လိုဖြစ်လာမယ်မသိတဲ့ မွေးစသားသမီးအပေါ်ထားတဲ့ မိဘမေတ္တာထင်ပါရဲ့...

အရွယ်လေးရောက်လာတော့ ကျမဖခင်က "သားအကြီး"သာရှိရင် ခုလောက်ဆို အားကိုးရပြီလို့ ဘယ်လိုအတွေးမျိုးမှန်းမသိတတ်ပေမယ့် မကြာခဏ ရေရွတ်ခဲ့ဖူးတယ်... သမီးဖြစ်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဝမ်းမနည်းပေမယ့် အဲ့ဒီအချိန်အဲ့ဒီအခါတုန်းက "သားယောက်ျားလေးတစ်ယောက်လို မိဘတွေ အားကိုးရလောက်တဲ့သူ ဖြစ်ရပါစေလို၏..." လို့ ကလေးအတွေးနဲ့ ခဏခဏ ဆုတောင်းခဲ့ဖူးပါတယ်... မိခင်ရှေ့မှာထက် ဖခင်ရှေ့မှာ "ကြောက်စိတ်"ဆိုတာကို သက်ပြင်းတစ်ချက်နဲ့ ရင်ဘက်ထဲ ထိုးကျိတ်ထည့်လို့ အရာရာမှာ "ငါလုပ်နိုင်တယ်" ဆိုတာမျိုးကို ပြချင်ခဲ့မိတယ်... ကိုယ့်ကိုယ်ကိုယ် မိန်းမတစ်ယောက်ပေမယ့် ယောက်ျားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးတွေနဲ့ ရှင်သန်နေချင်ခဲ့ဖူးတယ်... ဘာပဲဖြစ်ဖြစ် ကျမက သမီးမိန်းကလေးတစ်ယောက်မို့ သားယောက်ျားလေးတစ်ယောက်လို နေရာတိုင်းမှာ မဖြစ်နိုင်မှန်း ကြီးပြင်းဖြတ်သန်းခဲ့ရတဲ့အချိန်တွေက ပြောပြသွားခဲ့တယ်... ဘာပဲဖြစ်ဖြစ် သူကမွေးပြီး ကျွေးမွေးလူလားမြောက်စေခဲ့တဲ့ သမီးတစ်ယောက်မို့ ကျမဖခင်က ကျမကို ချစ်မှာပါပဲလေ...


ငယ်ငယ်က မောင်လေးညီမလေးတွေအပေါ် အမြဲညှာတာအလျှော့ပေးတတ်ပေမယ့် တစ်ခါတစ်လေ ရန်ဖြစ်ကြ စကားများတတ်ကြတိုင်း မိဘတွေ မောင်နှမတွေဘက်က ရပ်တည်ခဲ့ရင် မိဘနဲ့ မောင်နှမတွေကို ဘယ်လောက်ပဲချစ်ချစ် မုန်းတီးခြင်းတစ်ဖက် နာကြည်းခြင်းတစ်ဖက်နဲ့ မနာလိုစိတ်တွေ ရင်ထဲမှာ ကိန်းဝပ်နေခဲ့ဖူးတယ်... ဂရုစိုက်မှုဆိုတာကို မိဘတွေ မောင်ငယ်ညီမငယ်တွေကိုပေးနေတာထက် ပိုလိုချင်တတ်ပေမယ့် အရေးမစိုက် မကြိုက်တတ်သလို အမှုမဲ့နဲ့ နေပြတတ်ခဲ့သလို အရွဲ့တိုက်ခြင်းကို ဝါသနာ ထုံခဲ့ဖူးတယ်... တစ်ခါတစ်လေ အစွန်းရောက်အောင် မိုက်မဲမှုတွေ ပြုတတ်သူမို့လည်း မိဘဆွေမျိုးတွေကြား သတင်းက ခပ်မွှေးမွှေးရယ်... အပြင်ပန်းကကြည့်ရင် သံမဏိစား ကြီးပြင်းသူလို့ ထင်ရတတ်ပေမယ့် တစ်ချက်လေး ယိုင်လဲလိုက်တာနဲ့ "စိတ်အစဉ် တဲ" ပြိုလဲကျတတ်သူမို့ မိဘတွေအတွက် စိုးရိမ်မှုတွေ တိုးစေခဲ့ဖူးတယ်... မိဘတွေကို သောကပေးလို့ စိတ်မိုက်ကို အားဆေးကျွေး ကိုယ့်ကိုယ်ကိုယ်ပဲ ဦးစားပေးတတ်ခဲ့တယ်... :P

တဖြည်းဖြည်းနဲ့ လောကအလယ်ကိုတိုး ဘဝကိုအမျိုးမျိုးစမ်းသပ်ခံရတော့ ငယ်ငယ်က အကြောင်းအရာတွေက ကလေးဆန်ဆန် တလွဲဆံပင်ကောင်းခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် ပြက်လုံးထုတ်မိတယ်... လူတွေဟာ ကိုယ်ရရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ကြမှန်း သိလိုက်ရချိန် ကံကောင်းထောက်မစွာ ကျမ အချိန်မီပြင်ဆင်ခွင့်ရခဲ့ပါတယ်... လူဆိုတာ အတ္တမှမကင်းကြပဲလေ... ကိုယ့်ကိုချစ်ခင်သူတိုင်း ထပ်တူတန်ပြန်မှုတွေမပေးနိုင်သလို ကိုယ်ကချစ်ခင်ရသူဆီကလည်း အပြန်အလှန်ဆိုတာ ညီမျှခြင်းကျချင်မှကျမှာပါလေ... ကိုယ့်ဘာသာ သီအိုရီတစ်ခုထုတ်ဖြစ်တယ်... "ချစ်ခြင်းမေတ္တာဆိုတဲ့ ခံစားချက်တွေဟာ လိုချင်တိုင်းမရသလို ရတိုင်းလည်း လိုချင်တာ ဖြစ်ချင်မှဖြစ်တာပါ..." ဒါကြောင့် မျှော်လင့်ခြင်းကင်းကင်းနဲ့ လေယူရာအတိုင်း ရွက်လွှင့်လိုက်တယ်... အေးချမ်းတဲ့စမ်းချောင်းတစ်ခု ရင်ထဲ စီးဆင်းခဲ့တယ်... မိဘတိုင်းက သားသမီးတွေအပေါ် ထပ်တူ ချစ်ခင်မှုမျိုးပေးနိုင်ချင်မှ ပေးနိုင်မှာပါ... တစ်ဦးတစ်ယောက်အပေါ် အလေးသာ,ချင်လည်း သာနေမှာပါ... ဒီလိုပါပဲ... ကိုယ်တိုင်လည်း အမိနဲ့အဖမှာ အမိပေါ်ကို သံယောဇဉ်ပိုချင်ပိုနိုင်သလို အဖပေါ်မှာလည်း ပိုများကောင်းများနေနိုင်တာပဲလေ... အရေးကြီးတာက မေတ္တာတွေအပြန်အလှန်စီးဆင်းနိုင်ဖို့ပါ... တိုင်းတာခြင်းနဲ့ အချိန်ကုန် ယုံမှားခြင်းတွေ သံသယပွါးနေရင် သန့်ရှင်းတဲ့ မေတ္တာတွေဟာ အဆိပ်ခတ်ခံရသလို ဖြစ်နေမယ်ထင်ပါတယ်...

အခုချိန်မှာတော့ ကျမမိဘတွေ ကျမတို့မောင်နှမကြား ဘယ်သူ့ကို ပိုချစ်လဲ ကျမ မနှိုင်းယှဉ်တော့ပါဘူး... ကျမကို ဘယ်လိုချစ်လဲဆိုတာပဲ တွေးကြည့်မိပါတယ်... ကျမကိုမမွေးခင် အပြေးပြိုင်ပွဲတစ်ခုအတွက် လပေါင်းများစွာ အချိန်ယူ လေ့ကျင့်ခဲ့ပြီးမှ ပြိုင်ပွဲမရောက်ခင် တစ်ရက် ကျမကို မွေးဖွားခဲ့လို့ ကျမဖခင် ပြိုင်ပွဲကို ရက်ရက်ရောရောစွန့်လွှတ်ခဲ့ဖူးတာ... ငယ်ငယ်က ကျမ လေဆန်နာရှိလို့ မိဘနှစ်ပါးလုံး တစ်ညလုံး အိပ်ရေးပျက်ခံ ပခုံးပေါ်ထမ်းခဲ့ရတာ... မိဘနှစ်ပါးစကားများပြီး ကျမမိခင်အထုတ်သိမ်းလို့ မိဘအိမ်ပြန်ဖို့ကြိုးစားတိုင်း ကျမဖခင်က ကျမကိုချီပိုးလို့ တစ်ခြားအိမ်မှာ သွားဝှက်တတ်တာ... မနက်မိုးလင်းချိန် သမီးနှစ်ယောက်ကို ကုန်းပိုးလို့ လှေကားကျဉ်းကျဉ်းကနေ သားအဖသုံးယောက် ပျော်ရွှင်စွာ ဆင်းလာခဲ့ဖူးတာ... အရာရာကို စမ်းသပ်ချင်တဲ့ ကျမ ငယ်ငယ်က ရေချိုးခန်းတံခါးကို အထဲက ဂျက်ချပြီး ပြန်မဖွင့်တတ်လို့ အော်ငိုနေခဲ့တာကို ကျမဖခင်က ရေချိုးခန်းအပြင်ကနေ စိတ်ရှည်လက်ရှည် ချော့မော့ပြီး တံခါးကို ကိုယ့်ဘာသာပြန်ဖွင့်တတ်အောင် လမ်းညွှန်ခဲ့ဖူးတာ... ရေချိုးပြီးတိုင်း မိခင်ကဖြစ်စေ၊ ဖခင်ကဖြစ်စေ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းပေးတတ်တာ... စသဖြင့် ကလေးငယ်ဘဝမှာ သူတို့ ချစ်ခင်ယုယခဲ့တာတွေကို အမှတ်ရနေမိတယ်... အရွယ်ရောက်လာပြန်တော့လည်း ချော့လိုက်၊ ခြောက်လိုက်၊ ရိုက်လိုက်နဲ့ ဆုံးမခဲ့ဖူးတာတွေ... မခံချင်အောင် ပြောတာ... နာအောင်ပြောတတ်တာ... စတာတွေကလည်း မုန်းလို့ရယ်မှ မဟုတ်ဘဲဆိုတာ ခုချိန်မှာ တွေးတတ်ခဲ့ပြီ... လိုချင်တာတွေ ဖြည့်ဆည်းပေးနိုင်တာမျိုး ရှိခဲ့သလို၊ မဖြည့်ဆည်းပေးနိုင်ခဲ့တာတွေလည်း ဒုနဲ့ဒေးပေမယ့် အပြစ်မမြင်တော့ပါဘူး... ကိုယ်တိုင် ဒီအသက်အရွယ်ထိ "မိဘကို ဘာများဖြည့်ဆည်းပေးနိုင်သေးလို့လဲ..."လို့ ကိုယ့်ကိုယ်ကိုယ် ချိန်ထိုးစဉ်းစားရင်း နားလည်ခွင့်လွှတ်တတ်ခဲ့ပြီ... မိဘတွေရဲ့ အပြစ်တွေ အမှားတွေကိုလည်း ပြန်မထောက်ချင်တော့ပါဘူး... ဘာလို့ဆို ကိုယ်တိုင် အမှားတွေ အပြစ်တွေ အထောင်အသောင်းရှိနေတာတောင် သူတို့ မငြိုမငြင် အပြစ်မတင်ဘဲ နားလည်ပေးခဲ့ကြတာပဲလေ...

"ဘယ်အရာမဆို ကိုယ်တိုင်တန်ဖိုးထားမှ လူတွေကလည်း တန်ဖိုးရှိမှန်းသိကြမှာပါ... ကိုယ်တိုင်မှ တန်ဖိုးမထားရင် တစ်ခြားလူတွေကလည်း တန်ဖိုးထားကြလိမ့်မှာမဟုတ်ပါဘူး" ကျမရဲ့ ကိုယ်ပိုင်ဆောင်ပုဒ်လေးတစ်ခုပါပဲ... လူတိုင်းဟာ perfect မဖြစ်နိုင်တာမို့ မိဘတွေမှာလည်း အမှားတွေရှိကောင်းရှိမှာပါ... သူတို့အမှားတွေအတွက် ကျမ လိုက်မတွက်တော့ပါဘူး... ငယ်ငယ်က လမ်းမလျှောက်တတ်ခဲ့တာကို အချိန်ယူ မညူစူဘဲ လမ်းလျှောက်တတ်အောင် ထိန်းမတ်သင်ကြားပေးခဲ့တဲ့ ကျေးဇူးတစ်ခုနဲ့တင် ဆပ်မကုန်ပါဘူး... ငှက်လေးတွေက အပျံသင်မပေးရပါဘဲ... သူတို့ဘာသာ ပျံသန်းနိုင်ကြတယ်... ငါးလေးတွေက ရေကူးသင်မပေးရပါဘဲ သူတို့ဘာသာ ရေကူးတတ်ကြတယ်... သမင်ပေါက်လေးတွေက လမ်းလျှောက်ဖို့ သင်မပေးရပါဘဲ သူတို့ဘာသာ လမ်းလျှောက်တတ်ကြတယ်... သို့ပေမယ့် ကျမတို့လူသားတွေကတော့ သတ္တဝါတွေထဲမှာ ဉာဏ်ရည်အမြင့်မားဆုံးလို့သာဆိုတယ်... ဘာလို့ ကိုယ့်ဘာသာ လမ်းမလျှောက်တတ်ကြတာပါလိမ့်... စကားမပြောတတ်ကြတာပါလိမ့်နော်... သင်မပေးဘဲ တတ်ခဲ့တဲ့အရာတွေ ရှားပါးပါရဲ့နဲ့ "ငါ့ခြေထောက်ပေါ် ငါရပ်နိုင်ပြီ..."လို့ ဘာလို့များ မကြာခဏ စိတ်ကြီးဝင်ချင်ကြတာပါလိမ့်... ဒီနေ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေနိုင်ပါတယ်ဆိုတဲ့ ဒီခြေထောက်တစ်စုံဟာ မိဘတွေ သင်ကြားပေးခဲ့တာပါဆိုတာလေးတွေးမိရင်.. ကျမအတွက်တော့ အရင်က မိဘတွေအပေါ်ရှိခဲ့ဖူးတဲ့ အမုန်းတရားနဲ့ နားကြည်းမှုတွေ လွင့်ပြယ်သွားကြတယ်... "သားသမီးမကောင်း မိဘခေါင်း"လို့ ဆိုရိုးရှိခဲ့ပေမယ့် "မိဘတွေရဲ့အမှားဟာ သားသမီးတွေအတွက် ထောက်ပြစရာ အပြစ်တစ်ခု"လည်း ဖြစ်နေတတ်ပါသေးတယ်... ကိုယ်တိုင်လည်း မှားခဲ့ဖူးလို့ မိဘခေါင်းပေါ် အပြစ်ရောက်ခဲ့ဖူးသလို... သူတို့အမှားဟာ ကိုယ့်အတွက်လည်း လောင်းရိပ်တစ်ခု ဖြစ်နေခဲ့ဖူးတယ်... ဘဲစားဘဲကျေပဲပေါ့... ကိုယ်တိုင်တောင် အမှားမှမကင်းဘဲ... ဘာကြောင့်များ မိဘတွေကျ မမှားရဘူးလို့ ဘောင်ခတ်ချင်မိတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်... ကိုယ့်အမှားကိုယ်သိလို့ ပြင်ဆင်တတ်ချိန်မှာ မိဘတွေကိုလည်း အမှားမြင်ခွင့်၊ အမှားပြင်ခွင့်အတွက် အချိန်ပေးသင့်ပါတယ်... နားလည်ပေးသင့်ပါတယ်... ခွင့်လွှတ်ပေးသင့်ပါတယ်လေ... ကိုယ်တိုင်တောင် ကိုယ့်အမှားအတွက် ဘယ်နှစ်ခါများဝန်ချတောင်းပန်ဖူးလို့ မိဘတွေဆီက တောင်းပန်သံကို ကြားချင်နေမိတာလဲလို့ ကျမ မကြာခဏ ရေရွတ်မိတယ်... ကိုယ်မရခဲ့တာတွေကိုချည်း မတွေးတော့ပါဘူးလေ... သူတို့ပေးခဲ့တာလေးတွေကိုပဲ ရေးတေးတေး မှတ်မိသမျှ ပြန်တွေးကြည့်လိုက်တယ်... အနည်းဆုံးတော့ ငယ်စဉ်ဘဝတုန်းက သူတို့ရဲ့အိပ်ချိန် စားချိန်တွေကို ဖဲ့ပေးခဲ့ကြရတာပါပဲ မဟုတ်လား... ကိုယ်တိုင်တောင် ကိုယ့်အချိန်တွေထဲက မိဘအတွက် သီးသီးသန့်သန့်လေးဆိုပြီးတော့များ ဘယ်နှစ်ကြိမ်ပေးခဲ့ဖူးလို့ပါလဲ... ဒီအချိန်မှာ ကိုယ်တိုင်ရှာဖွေနိုင်ပြီလို့... ကိုယ့်အားကိုယ်ကိုးနိုင်ပြီလို့... မကြာခဏဆိုသလို ကျမ အစွယ်လေးက ထုတ်ပြတတ်ချင်မိတယ်... သို့ပေမယ့် ဒီလိုဘဝမျိုးရနိုင်တာဟာ တစ်ချိန်က အထောက်အပံ့မရှိဘဲ မဖြစ်နိုင်ပါဘူးလေ... သစ်ပင်တစ်ပင်ကောင်းဖို့ အရင်းအမြစ်ကောင်းတွေတော့လိုတာပဲ မဟုတ်လား... ရေကောင်းရမယ်... မြေကောင်းရမယ်... ဥတုကောင်းရမယ်... စသဖြင့်ပေါ့... တစ်ချိန်က ထမင်းမဝခဲ့ရင်... ပညာသင်ဖို့အခြေအနေတွေမပေးခဲ့ရင်... ဒီနေ့ဒီလိုအခြေအနေမျိုး ရှိနေနိုင်၊ ဖြစ်နေနိုင်ပါ့မလား... ကိုယ်ရ,ထားတာနဲ့ တစ်ခြားသူတွေရ,နေကြတာတွေကို မယှဉ်ဘဲ... ကိုယ်ရခဲ့တာလေး မိဘတွေပေးခဲ့တာလေးကို နည်းတယ်များတယ် သဘောမထားဘဲ မြင်ကြည့်လိုက်ကြရင် မိဘနဲ့သားသမီးကြား မာနတွေ စစ်ခင်းစရာအကြောင်း မရှိတော့ဘူးလို့ ထင်ပါတယ်... လူဆိုတာ မရောင့်ရဲနိုင်တဲ့ အမျိုးမို့ ကိုယ်ရ,ထားတာထက်ကို ပိုလိုချင်နေတတ်ကြတာ သဘာဝပါပဲလေ... ကိုယ်က လိုချင်နေတယ်ဆိုရင် ကိုယ်ပေးခဲ့တာတွေကိုလည်း ပြန်စဉ်းစားကြည့်ရမှာပေါ့... "ကျမကော မိဘတွေကို ဘာတွေများပေးခဲ့ပြီးပြီလဲ...?"လို့ပေါ့...

တစ်ခါတုန်းကပေါ့... တရားခွေလှည့်ရောင်းတဲ့ ကားပေါ်ကနေ အမှတ်မထင် နာလိုက်ရတဲ့ တရားတစ်ပိုင်းတစ်စလေးကို ခုထိ မှတ်မိနေသေးတယ်... တော်တော်တော့ကြာပါပြီ... အသိတရားတစ်ခု လင်းစေခဲ့တာ ဆယ်စုနှစ်တစ်ခုတော့ ကျော်ခဲ့ပြီပေါ့... ဖြူးဆရာတော်လို့တော့ ထင်တာပဲ... မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ အလှူလာလုပ်တဲ့ ဒကာတစ်ယောက်ကို ဘုန်းဘုန်းက မင်းမွေးနေ့မှာ မင်းအမေကိုကော ကန်တော့ပြီးပြီလားလို့ မေးတော့ ဒကာက "တပည့်တော်အမေနဲ့ တပည့်တော် စိတ်စိုးပြီး စကားမပြောဘူး ဘုရား"တဲ့... ဘုန်းဘုန်းက "မင်းမွေးနေ့မှာ ဘုန်းကြီးကျောင်းလာလှူရမှာမဟုတ်ဘူး မင်းအမေကို စိတ်ချမ်းသာအောင် ထားရမှာ"တဲ့... "မွေးနေ့ဆိုတာ မင်းကို မွေးတဲ့နေ့... မင်းကို မွေးခဲ့တာ မင်းအမေ"တဲ့... နောက် "မိဘကို ကျေးဇူးဆပ်ဖို့ ပြောနေကြတဲ့သူတွေ အမေထမီ ဘယ်နှစ်ခါလျှော်ပေးဖူးလဲ"လို့ မေးတာလေးကို ခုထိ သတိရမိနေတုန်းပါပဲ... ဟောသွားတာတွေတော့ အများကြီးပေါ့လေ... အဲ့ဒီထဲကမှ နည်းနည်းနဲ့ အကျဉ်းချုံးကိုပဲ မှတ်မိပါတော့တယ်... ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် မိဘဟာ မိဘပါပဲလေ...

ခုချိန်မှာ ကျမ အစိုးရိမ်ဆုံးနဲ့ အကြောက်ဆုံးအချိန်တစ်ချိန်ရှိပါတယ်... ကျမ ဘာမှလုပ်မပေးလိုက်ရဘဲ မိဘတွေ ခွဲသွားမှာကို အရမ်းစိုးရိမ်မိတယ်... "ဥစ္စာအမွေမပေးနိုင်လို့ ပညာအမွေကို ပေးနိုင်တုန်း ရအောင်ယူပါ"လို့ အမြဲတဖွဖွ ပြောတတ်တဲ့... "သားသမီးတွေအဆင်ပြေနေရင် မိဘတွေ သေရတာ အသေဖြောင့်ပါတယ်"လို့ မကြာခဏ ပြောတတ်တဲ့... ကျရှုံးတဲ့အချိန်တိုင်း "ဘဝဆိုတာ အမြဲတမ်း ဒီလိုတော့ မနေပါဘူး"လို့ အားပေးတတ်တဲ့... "ကြိုးစားနော်... ငါ့သမီးတွေကို ယုံတယ်..." လို့ အမြဲ သတိပေးသလိုပြောပေးတတ်တဲ့... ကျမ မိဘတွေဟာ ဘဝမှာ အခက်အခဲပေါင်းများစွာကြားက ကိုယ်လွတ်ရုန်းပြီး ဘဝကူးမသွားစေနိုင်တဲ့ ကျမအတွက် တစ်ခုတည်းသော ကြိုးတစ်ချောင်းပါ... ဒီဘဝအတွက် အကြီးမားဆုံးသော ဘုရားပေးတဲ့ ကံကောင်းခြင်းဆုလာဘ်တစ်ခုပါ... ရှုံးနိမ့်ခြင်းတွေကြုံရတိုင်း ဖြေသိမ့်မှုရစေခဲ့တဲ့ နားခိုရာပါ... ဘာပဲဖြစ်နေဖြစ်နေ... မိဘဟာ မိဘပါပဲ... ဘယ်အရာမဆို ကျမနဲ့ထပ်တူ ဝမ်းနည်းဝမ်းသာ မျက်ရည်ကျပေးခဲ့တဲ့ မိဘတွေနဲ့ အမြန်ဆုံး ပြန်ဆုံလို့ ကိုယ်ကတစ်ပြန် ပေးဆပ်နိုင်ခွင့် ရချင်ပါသေးတယ်...။

ကျမ ဘဝရဲ့ မှင်နီစာမျက်နှာပေါင်းများစွာကို မငြိုမငြင် လက်ခံသိမ်းဆည်းပေးတတ်တဲ့ 10 Mar 2010 မှာ အသက် (၅၅) ပြည့်သွားသော ကျမဖခင် နဲ့ 04 April 2010 မှာ ကျရောက်တဲ့ ကျမမိခင်ရဲ့ အသက် (၅၃) မြောက်မွေးနေ့အတွက် အရင်ကလို မွေးနေ့အမှတ်တရ လက်ဆောင်ကို ကိုယ်တိုင်ကိုယ်ကျ မိဘတွေ ဝမ်းသာမျက်ရည်ဝဲအောင် မပေးနိုင်တဲ့အတွက်... အမှတ်တရ ရင်တွင်းစကားများအဖြစ်နဲ့ပဲ မှတ်တမ်းတင်လိုက်ပါတယ်...။


Created By: k2tmaung (05 April 2010 Monday 04:25AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..