Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ငယ်ငယ်က ငါ့ပါးပြင်ထက်...
ရိုးသားခြင်းတွေ...
ပါးကွက် ကွက်လို့...
သနားခါး ဂုဏ်ရောင်နဲ့...
ငါ့ပါးမို့မို့မက ငါ့ဘဝက...
ပြောင်လက်ခဲ့ဖူးတယ်...

မျက်နှာထက်က အလျော့အတင်း...
အလိမ်အညာကင်းကင်းနဲ့...
ရိုးဆင်းမှုကို ခင်းကျင်းပြတတ်တယ်...
အခြယ်အသကင်းတဲ့ ငါ့မျက်ဝန်းတွေက
စွန်းထင်းခြင်းအလျင်းမရှိ...
အကြည့်စူးစူးတွေနဲ့ ရှင်းသန့်နေခဲ့ဖူးတယ်...
အရောင်တင်လေ့မရှိတဲ့ ငါ့နှုတ်ခမ်းတစ်စုံ...
မုသားပုံတွေ ကြုံလို့တောင်...
ဟန်ဆောင် မပြောတတ်ခဲ့...

အရွယ်လေးလည်း ရပြီ...
ပညာရည်လေးလည်း ဝပြီ...
ဘဝဇာတ်ခုံပေါ်လည်း တက်က,ရပြီမို့...
ငါ့မျက်နှာမှာ...
ရောင်စုံ မိတ်ကပ်တို့ ခြယ်သဖြစ်ခဲ့ပြီ...

မျက်ဝန်းတို့ကို ဆေးဆိုး...
ငါ့ရိုးသားခြင်းတွေလည်း သွေးတိုးစမ်းခံရတယ်...
နှုတ်ခမ်းနှစ်လွှာလည်း အရောင်တွေပြောင်းလို့...
အယောင်အဆောင်ကင်းတဲ့...
ငါ့စကားလုံးတွေလည်း ရောင်းစားခံခဲ့ရတယ်...

အကြောင်းကြောင်းတွေရှိလို့...
အကျိုးတွေလည်း ပြောင်းလဲ...
ငါအကောင်းဘက်က...
ဖျောင်းဖျောင်းဖျဖျနဲ့ တွေးဖြစ်တယ်...
သနပ်ခါးနဲ့ တစ်မျိုး...
မရိုးအောင် အပြစ်ကင်းကင်းနဲ့လှသလို...
မိတ်ကပ်အကူနဲ့...
ရူပကာလည်း...
ရင့်ကျက်ခြင်းတွေကို သရုပ်ဆောင်ပါတယ်...

တစ်ခါတစ်လေမှာ...
ဖြူစင်ခြင်းတွေနဲ့ အဖြူရောင်ဟာ...
ရိုးဖြောင့်ခြင်းတွေကို ဂုဏ်ထူးဆောင်သလို...
မိုးအစဲ နေအခမှာ တွေ့မြင်ရတဲ့...
သန့်တန့်ရောင်တွေဟာလည်း...
ဘဝတစ်ခုရဲ့ ရင့်ကျက်ခြင်းတွေကို ဖော်ဆောင်ပါတယ်...

သနပ်ခါးရနံ့လည်းပျယ်...
မိတ်ကပ်အလှလည်းကြွယ်လို့...
ရိုးသားခြင်းအဖြူရောင်တွေအစား...
သက်တန့်ရောင် အတုအပတွေ များလို့..
စိတ်ပျက်အားငယ် နွမ်းနယ်လို့ မနေချင်...
အချိန်တန် အိမ်ပြန်ရောက်ရင်...
မျက်နှာပြင်ထက် မိတ်ကပ်ဖျက်လို့...
သနားခါးရေကျဲ ငါခြယ်နိုင်ပါသေးတယ်...

လူတွေရှေ့မှောက် အရောက်သွားရတဲ့...
ဘဝဇာတ်ပွဲအလယ်က မင်းသမီးတစ်ယောက်မို့...
မလွှဲမရှောင်သာ မိတ်ကပ်တွေ အခါခါလိမ်း...
ငါ ယိမ်းနွဲ့လို့ က,နေရပေမယ့်...
တန်ဖိုးတွေ ဘယ်လောက်ကောင်းကောင်း...
မိတ်ကပ်တိုင်းမှာလည်း အဆိုးနဲ့အကောင်းတွေရှိစမြဲမို့...
ငါ့အသားအရည်တို့လည်း ဟောင်းနွမ်းတတ်ပါတယ်...
နှုန်းထားတွေ မများပြားသလို ဆေးခါးအသွင်နဲ့...
ငါ့စိတ်နှလုံးတို့ အရွယ်တင်စေဖို့...
သနပ်ခါးရေကျဲ မိတ်ကပ်မူကွဲကို...
ငါ လိုကို လိုအပ်နေပါသေးတယ်...


Created By: k2tmaung (30 October 2009 Friday 10:05PM)

ဆက်လက်ဖတ်ရှုရန်...



လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ကျော်လောက်တုန်းက စတော်ဘယ်ရီလမ်းထက်ကခြေရာငယ်လေးများ Blog လေးကို သွားလည်ရင်း ဟိုကြည့်ဒီကြည့်နဲ့ပေါ့... အဲဒီမှာ Music ဆိုတာလေးတွေ့တာနဲ့ ကိုယ်တိုင်ကလည်း သီချင်းတွေ နားထောင်ရတာ ဝါသနာပါသူပီပီ သွားစပ်စုဖြစ်တယ်ပေါ့ကွယ်... အဲဒါနဲ့ BoA သီချင်းလေးတွေ တင်ထားတာတွေ့တော့ အဲ... သီချင်းအသစ်လေးတွေပါလားပေါ့ဆိုပြီး နားထောင်ကြည့်ဖြစ်တာပေါ့... BoA ကို ကျမက တော်တော်လေးသဘောကျတာရယ်... သူ့သီချင်းလေးနဲ့ MTV လေးကလည်း ကြည့်ကောင်းတာရယ်ကြောင့် နေ့တိုင်းလိုလို နားထောင်ဖြစ်သွားတယ်ဆိုပါတော့... နားထောင်ရင်းနဲ့ ငယ်ငယ်က ကျမအကြောင်းလေးတွေကိုလည်း ဆက်စပ်ပြီး တွေးဖြစ်သွားတယ်ပေါ့လေ... စာကလည်း မရေးတာကြာတော့ (အပျင်းရောဂါ စွဲကပ်နေလို့...ဟီး...) ရေးချင်စိတ်ဖြစ်သွားတာနဲ့ ချရေးဖြစ်လိုက်တာပါ...:P

ဟဲဟဲ... ကျမ ငယ်ငယ်ကပေါ့... က,ခုန်ရခြင်းကို အလွန်ဝါသနာပါခဲ့ပါတယ်... ဘယ်အချိန် ဘာသီချင်းပဲဖွင့်ဖွင့် ဘာအကပဲဖြစ်ဖြစ် က,တော့တာပဲ...:P ကျမ မှတ်မိပါသေးတယ်... သူငယ်တန်းလောက်က ဖြစ်မယ်ထင်ပါတယ်... ဖျာပုံဘက်နားက ရွာလေးတစ်ရွာမှာ စီးပွါးရေးအခြေစိုက်ရှိတဲ့ ကျမအဖိုးအဖွားတွေဆီ ကျမတို့ တစ်မိသားစုလုံး အလည်သွားဖြစ်ကြပါတယ်... အဲဒီနောက်ပိုင်း ကျမတစ်ယောက်တည်း နွေကျောင်းပိတ်ဆို အဖိုးအဖွားတွေရှိရာ သွားလည်ဖြစ်ခဲ့ပါတယ်... အဲဒီမှာပေါ့... နွေကျောင်းပိတ်မို့ တက္ကသိုလ်တွေပိတ်လို့ ပြန်ရောက်နေကြတဲ့ ကျမဦးလေးအဒေါ်တွေလည်းရှိတော့ သူတို့က စ,စရာ နောက်စရာ ကလေးတစ်ယောက်ရောက်နေတော့ မပျင်းရတော့ဘူးလေ... မနက်အိပ်ယာနိုးလို့ မနက်စာစားပြီးတာနဲ့ ကျမဦးလေးတွေ အဒေါ်တွေက သီချင်းဖွင့်ပေးတော့တာပဲ... အဟီး... ကျမကလည်း နှစ်ခါမြှောက်ပေးစရာမလိုအောင် အိမ်ရှေ့မှာ က,တော့တာပဲ...ဟီး... ကျမတို့အဖိုးအဖွားအိမ်က ကုန်းတစ်ဝက် ရေတစ်ဝက်ပါ... ရွာက သင်္ဘောဆိုက်ကပ်တဲ့ ဆိပ်ကမ်းဗောတံတားနဲ့ သုံးအိမ်လောက်ပဲကွာတာရယ်... အထည်ရောင်းတဲ့ အပေါင်ဆိုင်ရှိတဲ့ ဈေးဆိုင်အိမ်ဖြစ်တာရယ်ကြောင့် မနက်မိုးလင်းတာနဲ့ အိမ်ရှေ့ရော အိမ်နောက်ရော(အိမ်နောက်ဖေးကနေ တစ်ခြားရွာတွေက လှေတွေနဲ့ လာတဲ့သူတွေရှိလို့ပါ) တံခါးတွေ ဟင်းလင်းဖွင့်ထားတတ်ပါတယ်... စားသောက်ကုန်ရောင်းတဲ့ ဈေးဆိုင်အိမ် မဟုတ်တာကြောင့် မနက်ဆို ဈေးဝယ်သားများများစားစား မရှိတတ်ပေမယ့် အိမ်ရှေ့လူသွားလမ်းမှာတော့ လူစည်ကားနေတတ်ပါတယ်... နဂိုကတည်းကမှ မြို့သူဖြူဖြူလေးတစ်ယောက်ရောက်လို့ နာမည်ကြီးနေရတဲ့အထဲ အဟီး... ကွေးနေအောင်က,တော့ ဘာပြောကောင်းမလဲ...:P အိမ်ရှေ့မှာဆိုလည်း ကလေးပရိသတ်ကအပြည့်ပေါ့... ဟီး... ငယ်ငယ်တုန်းကတော့ ကလေးဆိုတော့ ရှက်ရကောင်းမှန်းလည်းမသိဘူးလေ... နည်းနည်းအရွယ်ရလာလို့ ရွာကို သွားလည်ရင် "မြို့သူလေး မက,တော့ဘူးလား" မေးတော့ တော်တော်ရှက်မိပါတယ်... ဟီး... ရှက်တော့လည်း ရှက်ပါဘူး... ကလေးပဲ... ရိုးသားဖြူစင်စွာ သူတို့စိတ်ထဲရှိတာကို ဟန်ဆောင်ခြင်းကင်းစွာ လုပ်ပိုင်ခွင့်ရှိတာပဲလေ... ဟုတ်ဘူးလား...:P

နောက်ပြီး အိမ်မှာဆိုရင်လည်း တော်တော်လေးကြီးတဲ့အထိ သီချင်းဖွင့်ပြီး မောင်နှမတွေ ဆူညံစွာ က,ကြတာပါပဲ... ဟီး... ကိုယ်ကအကြီးဆုံးဆိုတော့ ကိုယ်လုပ်သမျှ မောင်လေး၊ ညီမလေးတွေက လိုက်လုပ်ကြတာပေါ့...ဟီး... အဲလို ခဏခဏ က,နေကြတာ မြင်ရင် ကျမဖခင်က ကျမကို မေးဖူးတယ်... စင်ပေါ်တက်က,မလားတဲ့... အဟဲ... ကျမပဲ... တစ်ခါမှ ခေါင်းမခါပေါင်... ဒါပေမယ့် တန်ဆောင်မုန်းပွဲတော်တွေသာ အကြိမ်ကြိမ်ပြီးသွားတယ်... ကျမဖခင်က တစ်ခါမှ ပေးမက,ပါဘူး...:P (အရင်တုန်းက တန်ဆောင်တိုင်တွေဆို ရပ်ကွက်တိုင်းလိုလိုမှာ မဏ္ဍပ်တွေ ရှိကြတာကိုး) အဟဲ... ငယ်ငယ်ကတည်းက ပေးမက,တဲ့ ကျမဖခင်က အသက်အရွယ်ရလာတော့ ပိုဆိုးပေါ့... သင်္ကြန်ရောက်တိုင်း စတုဒီသာကျွေးပြီး ရေပတ်မဏ္ဍပ်ရော ဖျော်ဖြေရေးမဏ္ဍပ်ပါလုပ်တတ်တဲ့ ကျမဖခင်ရဲ့ အမကြီးဆုံးက သူ့သမီးတွေကို စင်ပေါ်တက်က,စေသလို တူမတွေကိုလည်း မြှောက်ပေးတတ်ပါတယ်... သကြန်ရောက်တိုင်း သူများပျော်လို့ လိုက်သာပျော်ရတယ်... မဏ္ဍပ်မှာ ရေပိုက်ကြီးတွေကိုင်ပြီး ရေပတ်ရတာ ပျင်းစရာတော့ကောင်းသားလို့ ညည်းမိတဲ့ ကျမတို့ကို ကျမမိခင်က ညီမဝမ်းကွဲ အစ်မဝမ်းကွဲတွေနဲ့ စင်ပေါ်တက် သွားက,ပေါ့လို့ မြှောက်ပေးတတ်ပေမယ့် ကျမဖခင်က အဲဒီအကြောင်းနဲ့ပတ်သက်လို့ စကားတောင် အစမခံပါ...:P (အဟဲ... ငယ်ငယ်ကအကြောင်းပြောတာပါ... ခုကြီးလာတော့ ကလေးတွေနဲ့ရောပြီး မက,ချင်ပါဘူး... ဟီး... ရေပက်ခံထွက်ဖို့ပဲ တာဆူတော့တယ်... တစ်ရက်ဖြစ်ဖြစ် ရေပက်ခံမထွက်ရရင် အိမ်မှာပဲ လှိမ့်ပိန့်ကောက်နေတတ်တာ...:P )

မှတ်မှတ်ရရ ငါးတန်းကျောင်းသူဘဝတုန်းက ကျောင်းကပွဲမှာ ပါဝင်ခဲ့ဖူးပါတယ်... ငါးတန်းကျောင်းသူတွေထဲကနေ မိန်းကလေး (၁၂)ယောက်ရွေးပြီး "ပန်းကမ္ဘာမျှော်စင်"သီချင်းနဲ့ က,ကြတာပါ... ပထမတစ်ခါ လူရွေးတုန်းက ကျမမပါ,ပါဘူး... နောက် အဖွဲ့တည်းက တစ်ယောက်ထွက်သွားတာရယ်... နှစ်ယောက်တစ်တွဲက,ရတာမို့ အဖွဲ့ထဲက တစ်ယောက်က ကျမလိုပဲ ပိန်ပိန်ရှည်ရှည် ဂလန်ဂလားပုံစံခြင်းဆင်တော့ ကျမကို ဆရာမတွေက ရွေးဖြစ်သွားတယ်ဆိုပါတော့... အဲ... ရှင်းရဦးမယ်...:P ကျမ ငယ်ငယ်ကတော့ တော်တော်လေး အရပ်ရှည်ပါတယ်... အတန်းထဲမှာ ကျမထက် ရှည်တာဆိုလို့ တစ်ယောက်နှစ်ယောက်ပဲ ရှိပါတယ်... ကြီးလာမှသာ အရပ်ကဆက်မရှည်တော့ဘဲ သူငယ်ချင်းတွေက ကျော်တက်သွားကြတာပါ...:P ကျမ အစ်ကိုဝမ်းကွဲ၊ အစ်မဝမ်းကွဲတွေကလည်း ကျမငယ်ငယ်က အရပ်ရှည်တာမို့ Model လုပ်မလားဆိုပြီး... အမြဲနောက်တတ်ပါတယ်... ဟီး... အရမ်းအနောက်သန်တဲ့ ကျမဦးလေးတွေ၊ အဒေါ်တွေကလည်း ငယ်ငယ်က အရပ်ရှည်တဲ့ ကျမကို Model ဗျိုင်းလို့ နောက်ပြီး ခေါ်ကြတယ်... Model ဆိုတာ အရပ်ရှည်ရှည် လည်ပင်းရှည်ရှည်နဲ့မို့လေ...:P (အဲဒီနာမည် လာမခေါ်နဲ့နော်... စိတ်ဆိုးပြီး လိုက်ထိုးမှာ...ဟီး...) အဲ... အဲဒါနဲ့... လူရွေးခံရတော့ ပျော်မြူးနေတာပေါ့... ဒါပေမယ့် ဘာလုပ်လုပ် မိဘခွင့်ပြုချက်ကို ယူနေကျဆိုတော့ ခေါင်းကလည်း မငြိမ့်ရဲဘူးလေ... အဲဒါနဲ့ ဦးလေးအိမ်ကို ဖုန်းဆက်ရပါတယ်... အဲဒီတုန်းက ကျမတို့အိမ်မှာ ဖုန်းမရှိသေးလို့လေ... ဦးလေးကတော့ အေးအေးဆေးဆေးပါပဲ... က,ချင်ကဆိုတော့ ဆရာမကို က,မယ်လို့ ပြောလိုက်တာပေါ့... နောက် အိမ်းလည်းရောက်ရော ကျမဖခင်က လုံးဝပေးမက,ပါ...:( နောက်နေ့ စနေနေ့မနက် အဖွဲ့ထဲမှာပါတဲ့ ကျမအချစ်ဆုံး သူငယ်ချင်းက ကျမကို လာခေါ်ပါတယ်... ကျမတို့က အပေါ်ထပ်ဆိုတော့ သူမက အောက်မှာ စောင့်နေရတာပေါ့... ကျမဖခင်က မက,ရဘူးဆို မက,ရဘူးပဲတဲ့... ကျမလည်း ငိုမဲ့မဲ့နဲ့ပေါ့... ငိုတောင်ငိုဖြစ်တယ်ထင်ပါတယ်... ဟီး... နောက် မက,တော့ဘူးလို့ သူငယ်ချင်းကို ဆင်းပြောရတယ်... ကျမမိခင်က ကျမကို သနားလို့ထင်ပါရဲ့ ကျမဖခင်ကို ဝိုင်းပြောပေးပါသေးတယ်... နောက် ဈေးသွားမယ်ဆိုပြီး ကျမကို ခေါ်... အကလေ့ကျင့်နေတဲ့ ကျမဆရာမအိမ်ကို လိုက်ပို့ပေးပါတယ်... ဆရာမကိုလည်း အကျိုးအကြောင်းရှင်းပြပေါ့... :P သူတို့က လေ့ကျင့်ပြီးကြတာ တစ်ပတ်လောက်တောင် ရှိပြီထင်ပါတယ်... အစပထမတော့ အိုးနင်းခွက်နင်းနဲ့ပေါ့... အဲဒီတုန်းက ကက်ဆက်ကလည်း ဘာဖြစ်လို့လဲ မသိပါဘူး... သီချင်းဖွင့်မရတာနဲ့ ဒီအတိုင်း အက,တိုက်ရတာ တော်တော်ကြာတဲ့အထိပါပဲ... သီချင်းမကြားဖူးလို့ သီချင်းအဆိုကောင်းတဲ့ ကျမမိခင်က "မေမြို့ သို့မဟုတ် ပြင်ဦးလွင်~~~" အစရှိတဲ့ သီချင်းကို အခေါက်ခေါက်အခါခါ ဆိုပြပြီး ကျမကို သီချင်းသင်ပေးပါသေးတယ်... ကျမဖခင်ကတော့ သိပ်မကြည်ဘူးပေါ့လေ...:P ကျောင်းပိတ်ရက်တွေဆို ဆရာမအိမ်မှာ တစ်နေကုန်သွားအက,တိုက်... ကျောင်းဖွင့်တဲ့ရက်ဆို... အတန်းမရှိတဲ့အချိန်တို့ မုန့်စားချိန်တို့ဆို ကျောင်းခန်းမမှာ သွားအက,တိုက်ကြတာပေါ့... အက,သင်ပေးတဲ့ ဆရာမနာမည်က ဒေါ်မော်မော်တင်တဲ့... ကျမနာမည်ကို နောက်ဆုံးက "မောင်" ဖြုတ်ပြီး ခေါ်တတ်ပါတယ်... ကျမကိုလည်း တော်တော်လေးချစ်ပါတယ်... မှတ်မိပါသေးတယ်... အဲဒီတုန်းက ကျမဝတ်ရတဲ့ အင်္ကျီနဲ့ ကိုင်ရတဲ့ ပဝါလေးက အနီရောင်လေး... နှစ်ချိန်ကျောင်းမို့ ကျောင်းက,ပွဲမှာ နှစ်ခါက,ရပါတယ်... အဲဒီအချိန်တုန်းက ကျမတို့ ကျောင်းက မူလတန်းကျောင်းနဲ့ မပေါင်းသေးတော့ ငါးတန်းကျောင်းသူတွေက ကျောင်းမှာ အငယ်ဆုံးပေါ့လေ... အဟဲ... ကျမတို့အဖွဲ့က အဲဒီကျောင်းကပွဲမှာ တော်တော်လေး နာမည်ကြီးသွားပါသေးတယ်... အဲ...ပြောရဦးမယ်... ကျမတို့က အစီအစဉ် နံပါတ်(၃)မှာ က,ရပါတယ်... နှစ်ချိန်ကျောင်းမှာ ပထမအချိန်က အတန်းကြီးတွေလေ... နောက်တစ်ချိန်က ကျမတို့ အငယ်တန်းတွေ... ဖြစ်ချင်တော့ ကျမတို့ အငယ်တန်းတွေ လာကြည့်တဲ့အလှည့်မှာ ရယ်လည်းရယ်စရာကောင်းသလို ရှက်လည်းရှက်စရာကောင်းခဲ့တဲ့ အဖြစ်အပျက်လေး ရှိခဲ့ပါသေးတယ်... သီချင်းစဖွင့်ဖွင့်ခြင်းမှာ အဖွဲ့ဝင် ၁၂ယောက်လုံးက ဒူးထောက်ထိုင်နေကြပြီး ကျမနဲ့ ကျမနဲ့တွဲရတဲ့ တစ်ယောက်က ပဝါလေးတွေ စမြှောက်ပြီး က,ရတယ်လေ... ကက်ဆက်က ဘာဖြစ်တယ် မသိပါဘူး... ထိုင်ရာက အထမှာ ရပ်သွားပါလေရော... ကုန်းကွကွနဲ့ ထိုင်ရမလို ထရမလိုနဲ့ အောက်က ကျောင်းသားတွေကလည်း ရယ်ရောလေ... နှစ်ခါလား သုံးခါလားမသိပေါင်... အူကြောင်ကြောင်နဲ့ ထိုင်လိုက်ထလိုက်နဲ့ပေါ့... ဘာပဲဖြစ်ဖြစ် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် စင်ပေါ်တက်က,ခဲ့ဖူးတဲ့ အမှတ်တရ အချိန်လေးတွေကိုတော့ အခွင့်သင့်တိုင်း မှတ်မိနေဆဲပါပဲ... (နောက်နှစ်တွေမှာ ကျောင်းကပွဲ မရှိတော့ဘူးလေ...)

အဲ... နောက်ထပ် အမှတ်တရရှိသေးပါတယ်... ကျမတို့၅တန်းနှစ်တုန်းကပါပဲ... State ကျောင်းတွေကနေ ဂျပန်ကို ကျောင်းသားကျောင်းသူတွေ လွှတ်တာရှိတယ်လေ... ကျမတို့က '88 မှာ နှစ်အောက်ထားတော့ လူရွေးတဲ့စာရင်းမှာ နှစ်အောက်တဲ့ ကျမတို့က Automatic မပါဘူးလေ...:P ဒါပေမယ့် ကျမနဲ့အတန်းတူတဲ့ ကျမညီမလေးကတော့ ငါးတန်းကျောင်းသူကျောင်းသားတွေ ကိုယ်စားပြု ရွေးတဲ့အထဲမှာပါ,ပါတယ်... အဲဒီမှာ သူမကို မြန်မာအက သင်ပေးရတယ်လေ... သူမကလည်း က,တာကိုတော်တော်လေး ဝါသနာပါတယ်ဆိုတော့ စိတ်တွေကို ရှည်ရောပဲ... သင်ပေးရတာ...:P ကျောင်းအုပ်ဆရာမကြီးကလည်း ညီမလေးကို တော်တော်သဘောကျပါတယ်... နောက်ဆုံး ကျောင်းကိုယ်စားပြု စကာတင်နှစ်ယောက်ကိုယှဉ်ရွေးတဲ့အထိ ပြိုင်ရပါတယ်... ဒါပေမယ့် တကယ်ရွေးတော့ စကာတင်နှစ်ယောက်လုံးကို မရွေးခံရဘဲ တစ်ခါမှ ပြိုင်ပွဲထဲမပါဖူးတဲ့ တစ်ယောက်ကို မြို့နယ်ပြိုင်ပွဲမှာ သွားပြိုင်ခိုင်းလိုက်ပါတယ်... အဟဲ... မလွတ်မကင်းတွေ ပါလို့ ပြောတော့ဘူး... ဒီနားမှာပဲ ရပ်ထားလိုက်တော့မယ်... ဟဲဟဲ...:P အဲဒီတုန်းကလည်း တော်တော်ရယ်ရပါတယ်... အိမ်မှာ သူမကို အက,သင်ပေး... သူငယ်ချင်းတွေနဲ့ဆုံရင် လူရှေ့မှာ မက,ရဲမှာဆိုးလို့ သူမကို က,ခိုင်း... အဆင်မပြေရင် ကိုယ်ကပါ ဝင်ဝင်က,ရသေးတာ...ဟီး... အမှတ်တရပါပဲ...

နောက်... က,ရတာကို တော်တော်မုန်းသွားတဲ့ အကြောင်းရှိပါသေးတယ်... (၇)တန်းနှစ်မှာပေါ့... ပန်းပွါးအဖွဲ့ဆိုပြီး လူရွေးတယ်လေ... တစ်ကျောင်းလုံးမှာ ရှိတဲ့ (၇)တန်းကျောင်းသူတွေထဲကမှ အရပ်အရမ်းပုတဲ့ ကျောင်းသူတွေရယ်... မျက်မှန်ထူထူတပ်တဲ့ ကျောင်းသူတွေရယ်... နောက် ဆေးစာအရ ကျန်းမာရေးအရ က,လို့မဖြစ်ဘူးဆိုတာ ပြနိုင်တဲ့ ကျောင်းသူတွေရယ်ကလွဲရင် ကျန်တဲ့ ကျောင်းသူတွေကို မက,မနေရ က,ကြရပါတယ်... နောက် အဲဒီထဲကမှ တစ်လလောက် လေ့ကျင့်ပေးပြီးမှ အယောက်(၄၀) ပြန်ရွေးတာပါ... ကျမတို့ A ခန်းက အများဆုံးပေါ့ ၁၀ယောက်လောက် ရှိမယ်ထင်ပါတယ်... ပြီးတော့ (၇)တန်းနှစ်မှာ ထမီက ဝတ်နေရပြီလေ... ထမီနဲ့ ဗမာအင်္ကျီနဲ့ စဉ်းစားကြည့်ပေါ့နော်... ဒုက္ခနဲ့လှလှနဲ့ တွေ့ရောပဲ... နောက်ပိုင်း လူရွေးပြီးသွားတော့ အပြင်ဝတ် ခါးရှည်တဲ့ အင်္ကျီအပိုတစ်ထည် ထည့်ထည့်လာရတာပေါ့... အဲဒီတုန်းက ကျမတို့ ပန်းပွါးအဖွဲ့က လှေသဘင်ပွဲအတွက် အဓိက အက,တိုက်ရတာပါ... ကြားထဲ ဘာပွဲညာပွဲဆိုလည်း ပါလေရာငပိချက်က လုပ်ရပါသေးတယ်... နောက်ပြီး အဲဒီနှစ်မှာပဲ ကျောင်းသားအားကစားပွဲတော်လားမသိ ရန်ကုန်မှာ လုပ်လို့ ကဗျာလွတ်ဆိုပြီး ကျောင်းသူတော်တော်များများ အက,တိုက်ရပါသေးတယ်... ကျမတို့ A ခန်းမှာဆို မျက်မှန်ထူထူတတ်တဲ့သူရယ်... အရပ်ပုတဲ့သူတွေရယ်ပဲ ကျန်ပါတယ်... ဒါပေမယ့် ကဗျာလွတ်အဖွဲ့က ကျောင်းသူတွေက တော်ပါသေးတယ်... အဲဒီပွဲပြီးရင် ပြီးရောလေ... ကျမတို့က မပြီးနိုင်မစီးနိုင်... ၇တန်း ၈တန်း ၉တန်း... ဒါတောင် တစ်ခါတုန်းက နွေရာသီကျောင်းပိတ်ရက်ကြီး လာခေါ်ပါသေးတယ်... ငါပဲ... မသွားပေါင်... ဟီး... ကျောင်းလည်းဖွင့်ရော... မသွားတဲ့သူက လက်ချိုးရေလို့ရလို့ နာမည်ကြီးနဲ့ တပ်ပြီး ဆူခံရလေရော... (အဖွဲ့ထဲကသူတွေကလည်း ဆရာမကိုဆို တုန်နေအောင် ကြောက်ကြတာကိုး...) အဲ... မှတ်မိပါသေးတယ်... ဘာတဲ့... ဆရာမက... "ဓာတ်ပုံမှန်ပေါင်သွင်းပြီး စံပြကျောင်းသူဆိုပြီး ချိတ်ထားမယ်"တဲ့... အဟဲ... ကျမတို့ညီအစ်မကို ဆူတာ... k2tmaung ပဲ... "ဟုတ်ကဲ့... ဓာတ်ပုံရိုက်ပြီးရင် လာပေးပါ့မယ်"လို့ အကွန့်တက်လိုက်သေး...:P ဆရာမက စိတ်ဆိုးပုံတော့ မရပါဘူး... (စိတ်ကောင်းဝင်နေလို့...မဟုတ်ရင်လား...လား...:P ) ပြုံးပြုံး ပြုံးပြုံးနဲ့ ဆူလိုက်တာတော့ နားတွေကို ငြီးရောပဲ...:P တကယ်တော့ အက,တိုက်ရတာ မလွယ်ပါဘူး... စာသင်ချိန်လည်းပျက်ပါတယ်... ကျောင်းဆင်းမှ လေ့ကျင့်ရင်လည်း ကျူရှင်ချိန် ပျက်ပါတယ်... နောက်ပြီး ကွင်းတွေထဲမှာ သွားလေ့ကျင့်ရရင် နေပူထဲမှာဆိုတော့ အရမ်းလည်း ပင်ပန်းပါတယ်... တစ်ခါတစ်လေ မိုးရွာထဲမှာ... နောက်ပြီး ပွဲတစ်ခုသွားရမယ်ဆို ရက်ဆက်လေ့ကျင့်ရတာ... အသားတွေဆို မည်းလို့ပေါ့... ဒါတောင် ကျမတို့ကျောင်းက ခြံနဲ့ဝန်းနဲ့မဟုတ်လို့ ကျောင်းထဲလေ့ကျင့်ရတာမို့ တော်တော့တယ်... တကယ်ပွဲကြီးရင် အားကစားကွင်းတွေထဲ နေ့တိုင်းကို သွားလေ့ကျင့်ရတာပါ... မနက်ဆိုလည်း မိုးမလင်းသေးဘူး... ထ,ရရော... မုန်းပါ့... အဲ... ပြောရဦးမယ်... ကျမတို့အခန်းထဲက အတန်းဖော်တွေအကြောင်း...:P ကျမတို့ အတန်းဖော်တွေအားလုံးကလည်း အရမ်းကို ညီပါတယ်... စာသင်နေတုန်း လေ့ကျင့်ဖို့ဆိုပြီး လာခေါ်ရင်... ကျမတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးပြဖြစ်တယ်ဆိုရင် သဘောပေါက်ပြီ... အက,သွားမတိုက်ဘဲ စာဆက်သင်ကြရော... ဆရာမက နဂိုကမှ ဒေါသက ကြီးကြီးလေ... ကျမတို့ မသွားကြတော့... မလာမချင်းကို လူလွှတ်ခေါ်ရော... ကျမတို့ကလည်း အုပ်စုတောင့်တယ်လေ... လူတိုင်းကိုတော့ လိုက်မရိုက်နိုင်ဘူးမဟုတ်လား... မသွားဘူးပေါ့... ဟီး... ဆရာမရှေ့ရောက်ရင်တော့ နားပူပြီသာမှတ်... အဲ... ဆရာမ အမြဲပြောနေကျ စကားရှိပါတယ်... "နင်တို့ A ခန်းက ကျောင်းသူတွေကို ဝေါနဲ့ လာပင့်ရမှာလား"တဲ့... ကျမတို့ကလည်း တိုင်ပင်ထားသလားထင်ရပါတယ်... အသံတိတ်နဲ့ ဘေးကသူငယ်ချင်းကို "ပေါင်ချိန်စီးတဲ့ဝေါ"လို့ ပြောတတ်ကြပါတယ်... ဟီး... နောက်ပြီး အတန်းလိုက်လူစီရင် ရှေ့ဆုံးညာဘက်ဒေါင့်... ဒါမှမဟုတ် အလယ်ဒုတိယလိုင်းမှာ အမြဲရှိတတ်တဲ့ ကျမ နေ့တိုင်းလိုလို ဆူခံထိပါတယ်... မမောမပန်း ကျမနာမည်အရှည်ကို အပြည့်အစုံ ခေါ်ပြီး "ဘယ်လိုက,နေတာလဲ" ဘာလဲ ညာလဲနဲ့ ဆူတတ်ပါတယ်... ပထမတုန်းကတော့ ရှက်တာပေါ့... ကိုယ့်နာမည်ခေါ်ဆူလိုက်တာနဲ့ မျက်နှာကြီးနီပြီး စိတ်လည်းဆိုးမိပါတယ်... နောက်တော့လား... ကိုယ့်ကိုပြောတယ်လို့ကိုမထင်ပါ... ဘေးကသူငယ်ချင်းတွေကလည်း ရိုးနေတော့ အားလည်းမပေး မသိချင်ယောင်ဆောင်နေကြတာလေ...:P အဟဲ... အဲဒီအကျိုးဆက်တွေကြောင့် ၉တန်းမှာ ဆရာမ ကျမတို့ အတန်းကို စာလည်း သင်ရော စာမေးတိုင်း ကျမနာမည်ပါ,ပါလေရော... ပန်းပွါးအဖွဲ့မှာ ကျမတို့ ညီအစ်မနှစ်ယောက်လုံးပါပေမယ့် ဆရာမက ကျမကို ပိုချစ်ပုံရပါတယ်... အမြဲ နာမည်ခေါ်ပြီး စာမေးရောပဲ... ဟီး...

မှတ်မိပါသေးတယ်... တစ်ခါကပေါ့... ဆရာမအချိန်မဟုတ်ဘဲ တစ်ခြားဆရာမ မဝင်နိုင်လို့ ဗြုန်းတိုင်းကြီး အစားထိုးဝင်လာပြီး စာမေးပါလေရော... ကံကဆိုးချင်တော့ ကျမက စာမကျက်ထားဘူးလေ... ဇောချွေးတွေပျံရောပေါ့... ထုံးစံအတိုင်း ပန်းပွါးအဖွဲ့က ကျောင်းသူတွေနာမည်တွေကို တန်းစီ ရွတ်ခေါ်ပြီး စာမေးပါလေရော... မပါမဖြစ် ကိုယ့်အလှည့်ရောက်လာမှာသိတော့ ကျမလည်း အသဲအသန် ကုန်းရုံးပြီး စာကျက်ရတော့တာပေါ့... ကံလေးကကောင်းတော့ နောက်ဆုံးအပိုဒ် ကျက်နေတုန်းမှာ ဆရာမကလည်း မမေ့မလျော့ ကျမနာမည်ကို ခေါ်ပါလေရော... ဘေးကရော... ရှေ့ရော နောက်ရောက သူငယ်ချင်းတွေလည်း ကျမ စာမကျက်ရသေမှန်းသိထားကြတော့ လန့်သွားကြပြီး ဟဲ့... စာရပြီလားလို့ ဝိုင်းမေးကြတာပေါ့... ကျမလည်း ခေါင်းခါပြလိုက်တော့ အားလုံးပါးစပ်အဟောင်းသားနဲ့ပေါ့... အဟဲ... ကျမပဲ... မကြားချင်ယောင်ဆောင်ပြီး နောက်ဆုံးအပိုဒ်ရဲ့ စာနှစ်ကြောင်းသုံးကြောင်းလောက်ကို ဉာဏ်အားကိုးပြီး ခေါင်းထဲ အတင်းရိုက်သွင်းရတာပေါ့... ဖြစ်ချင်တော့ အဲဒီနေ့က ဆရာမဘေးမှာ ကျောင်းသားတွေကြီးပဲ... ငါတော့ စာမရဘူးဆိုရင် သွားပြီလို့လည်း တွေးမိသွားပေမယ့် မှင်သေသေနဲ့ နောက်တစ်ကြိမ်အခေါ်မှာ ဆရာမရှေ့ သွားထိုင်လိုက်တာပေါ့... ဆရာမက "ဆို"ဆိုတာနဲ့ ကရားရေလွှတ်သလို ဝရူးဝရူးနဲ့ဆိုတာပေါ့... ဟီး... နဂိုကတည်းက ကျမက စကားပြောမြန်သူလေ... တစ်တန်းလုံးကလည်း စာကျက်သံ၊ စကားပြောသံတွေနဲ့ ဆူနေတာလည်းပါတော့... ကျမ ဘယ်နားကစာကို ဘယ်လိုဆိုသွားလဲ ဆရာမလည်း မျက်စိလည်သွားတယ်... ဟီး... စာအုပ်ကြီးကိုင်ပြီး ဘယ်နားရောက်သွားပြီလဲ ရှာနေတော့တာပေါ့... စိတ်ထဲက ရယ်ချင်ပက်ကျိနဲ့ပဲ နောက်ကကျားလိုက်သလို ဆိုလိုက်တာ နောက်ဆုံးအပိုဒ်ကို ရောက်ရောပဲ... နောက်ဆုံးအပိုဒ်မှာမှ နောက်ဆုံး နှစ်ကြောင်းသုံးကြောင်းကိုပဲ သေချာကျက်ထားတော့... မရတာတွေ ကျော်ချပြီး @$^*%# ဖြစ်ပါသည် ဆိုပြီး ဆုံးလိုက်တာပေါ့... ဟီး... ပြီးတော့ ခပ်တည်တည်နဲ့ ထိုင်နေလိုက်တယ်လေ... ဆရာမက ပြီးပြီလားတဲ့... ပြီးသွားပြီလို့ ပြောလိုက်တော့ ဘာတွေဆိုသွားမှန်းတောင် မသိဘူးတဲ့... နောက်တစ်ခေါက်ပြန်ဆိုတဲ့... ကွိုင်ရောပဲလေ... ဒီတစ်ခါ နည်းနည်းလေးနှေးဆိုလိုက်ပြီး ထုံးစံအတိုင်း နောက်ပိုင်းရောက်လေ ပိုမြန်မြန်ဆိုလေပေါ့... ပြီးခါနီးကျ ပထမတစ်ခါအတိုင်း $%#@&*ဖြစ်ပါသည်ပေါ့...:P ဆရာမကလည်း နှစ်ကြိမ်မြောက်ဆိုတော့ အားလည်းနာလာပုံ ရပါတယ်... ကျမကလည်း မှင်သေသေနဲ့ ထိုင်နေတော့ ယုံရခက်ခက်ပေါ့... အဲဒါနဲ့ ဘေးနားက ကောင်လေးတွေကို လှည့်မေးလိုက်ပါသေးတယ်... "သူဆိုသွားတာ နားလည်လား"တဲ့... ကောင်လေးတွေကလည်း ကျမနဲ့ မျက်နှာကြော တော်တော်တည့်ကြတာဆိုတော့... အားလုံးကလည်း ရယ်ကျဲကျဲနဲ့ "ဟီး... နားမလည်ဘူး"လို့ ဖြေကြရောလေ... နောက်ပြီး ကျမ ဘေးနားက မိန်းကလေးလိုခပ်နွဲ့နွဲ့ယောက်ျားလေး သူငယ်ချင်းကလည်း အချွန်နဲ့မ,ပါတယ်... သူကလည်း ကျမ စာစ,ဆိုကတည်းက ဘေးနားကပ်ထိုင်ပြီး စာအုပ်ကြီးကြည့်နေတာလေ... သူကလည်း "ဟုတ်တယ်... ဘာဆိုသွားမှန်းမသိဘူး"တဲ့... စိတ်ထဲကနေ ကျိတ်ကြိမ်ဆဲမိပေမယ့် ဆရာမရှေ့ဆိုတော့ မျက်စောင်းကြီးပဲ လှိမ့်ပိန့်ထိုးရတာပေါ့... နောက်တော့ သွားသွားသွား...ဆိုပြီး ပြန်လွှတ်လိုက်ရောလေ... စိတ်ထဲမှာတော့ "ငါကွ"ပေါ့... ဟီး... အဲဒါက ကျမ ဆရာမကို မလှိမ့်တပတ်နဲ့ နိုင်လိုက်တာ... အမြဲတမ်း ဆရာမကကြီး ကိုယ့်ကျောင်းကရော သူများကျောင်းကရော ကျောင်းသူတွေရှေ့မှာ အဟောက်ခံနေရတာကိုး... (ကန်တော့... ကန်တော့... ဟီး...) နောက်ကြုံမှပဲ ကျောင်းက ကျမအကြောင်းဆက်ပါတော့မယ်...:P အဲဒါနဲ့ အဲဒီလိုနဲ့ပေါ့... က,ရမှာကို တော်တော် စိတ်ပျက်သွားတယ်ဆိုပါတော့... ဟီး...

အဟဲ... ဘာလိုလိုနဲ့ BoA သီချင်းလေးနားထောင်ပြီး အတွေးလှိုင်းတွေ တော်တော်ဖြန့်ကျက်သွားတယ်... အမှန်တော့ Dancing က ကျမတော်တော်လေးကြီးတဲ့အထိ ကျမရဲ့ အိပ်မက်တစ်ခုဖြစ်ခဲ့ဖူးပါတယ်... အဆိုတော်တစ်ယောက်ထက် Dancer တစ်ယောက် ပိုဖြစ်ချင်ခဲ့ဖူးပါတယ်... စကားများများပြောရင်တောင် အသံဝင်သွားတတ်တဲ့ ကျမရဲ့ ကောင်းမွန်လှသော ဘဝပေးအသံလေးကြောင့် အဆိုတော်လုပ်ဖို့ စိတ်ကူးသိပ်မယဉ်ခဲ့ဖူးပါဘူး... (ယဉ်တော့ နည်းနည်းယဉ်လိုက်သေးတယ်... ဟီး... စိတ်ကူးပဲ အလကားရတော့ ယဉ်တာပေါ့... နော့... နောက် ကြုံမှပဲ ကျမရဲ့ ပေါက်ပေါက်ရှာရှာ စိတ်ကူးတွေအကြောင်း ရေးပါဦးမယ်... ဟီး...) သီချင်းသာ သိပ်မဆိုဖြစ်တာ... သီချင်းတွေ နားထောင်ရတာတော့ တော်တော်ဝါသနာပါ,ပါတယ်... မိဘရဲ့ ဗီဇကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်... ကျမမိခင်ငယ်ငယ်က ပတ္တလားတီးသင်ခဲ့ဖူးသလို သီချင်းကြီးတွေဘာတွေလည်း သင်ခဲ့ဖူးတယ်လို့ ပြောဖူးပါတယ်... ကျမတို့ ငယ်ငယ်တုန်းကလည်း ပတ္တလားတီးပြဖူးပါတယ်... နောက်တော့ မအားမလပ်တဲ့ သားသမီးအရေးဘာအရေးတွေကြောင့် မတီးတတ်တော့ဘူးလို့ ပြောပါတယ်... ပြီးတော့ ကျမမိခင်က သီချင်းလည်း အသံနေအသံထားမှန်မှန်နဲ့ ဆိုတတ်ပါသေးတယ်... ကျမဖခင်ကလား... သီချင်းဆိုလိုက်ရင် အသံတုံး(Tone) တစ်ဖြောင့်တည်းမို့ သူသီချင်းဆိုတိုင်း ဝိုင်းဝိုင်းနောက်တတ်ကြပါတယ်... အဲဒီလိုနောက်ရင်တော့ "အမ်မာ... ငယ်ငယ်က ဒီလိုအသံနဲ့ သီချင်းဆိုသိပ်လို့ အိပ်ခဲ့ရတာကိုများ"လို့ ပြန်ပြောတတ်ပါတယ်... ဟီး... ဪ... မေ့လို့... ကျမအသံအကြောင်း ပြောရရင်... ဟီး... မိုက်ကိုင်ပြီးဆိုတာတောင် ဘေးက မိုက်မပါဘဲ ဆိုတဲ့သူလောက် အသံက မထွက်တာမို့ တော်တော်အသံမှုန်တယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ချင်ပါတယ်...:P အဆိုတော်သံမဟုတ်လို့ အဆိုတော်ဖြစ်ချင်လှချည်ရဲ့လို့ ဝါသနာ မပြင်းခဲ့ပေမယ့် သီချင်းတော့ တော်တော်နားထောင်ဖြစ်ပါတယ်...:P စိတ်ကြိုက်တူရိယာတစ်မျိုး ရွေးဆိုရင်တော့ Drum ကို အရမ်းသဘောကျပါတယ်... ခဏခဏလည်း စိတ်တွေ ပေါက်ကွဲတတ်လွန်းလို့ အားရပါးရ Drum တီးလိုက်ရရင် တော်တော်အရသာရှိမှာပဲလို့ ရူးကြောင်ကြောင်အတွေးလည်း ရှိခဲ့ဖူးပါတယ်... ဟီး... သူများတီးတာ နားထောင်ရရင်တော့ ဂစ်တာသံနဲ့ ဗုံသံကို တော်တော်လေးနှစ်သက်မိပါတယ်... ကိုယ်တိုင် ဘာတီးတတ်လဲဆိုရင်တော့ စည်းချက်မှန်အောင် လက်ခုပ်တောင် သိပ်မှန်အောင် မတီးတတ်ပါ... ဟီး... အင်း... အနုပညာနဲ့ပတ်သက်တဲ့ တစ်ခြားခံစားချက်တွေကတော့ (တစ်ခုမှ အကောင်းမပါ) တော်တော်များရှိပါတယ်...:P ရေးရင်နဲ့ အရှိန်လွန်မှာဆိုးလို့ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်လေ...:P နောက်ကြုံမှပဲ ပြောပြ အဲ ရေးပါတော့မယ်...:)

BoA သီချင်းလေးကို ကြိုက်တယ်ဆိုရင်တော့ အောက်ဘက်မှာ Download ယူလို့ရအောင် Share ပေးထားပါတယ်နော်... Energetic သီချင်းလေးက BoA ရဲ့ နောက်ဆုံးထွက်ထားတဲ့ Deluxe (English) Album ထဲကပါ...


BoA - Energetic (MP3)
BoA - Energetic (MP4)

Created By: k2tmaung (30 October 2009 Friday 03:21AM)

ဆက်လက်ဖတ်ရှုရန်...

ဗုဒ္ဓရဲ့ ဇာတ်တော်ကြီး ဆယ်ဘွဲ့ထဲက ဘူရိဒတ်ဇာတ်တော်အကြောင်းပါ... ဘူရိဒတ်ဇာတ်တော်ကို ကျမငယ်ငယ်က ကြားဖူးနားဝ မရှိခဲ့ပါဘူး... ဒီစာအုပ်လေးကို ဖတ်ပြီးတော့မှ ဒူရိဒတ်ဇာတ်တော်အကြောင်း သိခဲ့ရတာမို့ ကျမအတွက်တော့ ရှားပါးပြီး တန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ်ပါပဲ...

စာမရီသို့ထူးထူးခြားခြား - ချစ်ဦးညို


စာပေများမှ တဒင်္ဂဖြစ်ဖြစ် ခံစားမှုတစ်ခုခုကို ပိုင်ဆိုင်နိုင်ကြပါစေ...

Created By: k2tmaung (30 October 2009 Friday 02:11AM)

ဆက်လက်ဖတ်ရှုရန်...

မရေမရာ မသေချာတဲ့...
ဒီလောကအလယ်...
ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့...
ငါလျှောက်လှမ်းတယ်...
ဘယ်လှမ်း ညာလှမ်း စည်းချက်တွေရမ်းရင်း...
တစ်လမ်းလမ်းတော့ ငါ ရောက်မှာပါပဲ...

လမ်းတစ်ဝက်မှာ ချောက်တွေလည်း ရှိနိုင်တယ်...
အစာငတ်နေတဲ့ တောရဲတွေလည်း ရှိနိုင်တယ်...
လူပြတ်တဲ့ လမ်းလွှဲများစွာရဲ့ ဆုံမှတ်တွေလည်း ရှိနိုင်တယ်...
အချိန်ဆိုတာ ရပ်တန့်မနေလို့...
ခမ်းနားမှုတွေနဲ့ ကင်းကွာတဲ့ ငါ...
လမ်းကြမ်းလည်း ဆက်တော့ လှမ်းရမှာပါပဲ...

အကြောက်တရားရှိမှ...
ခြောက်ခြားခံရသလို...
ထောက်ထားစရာရှိမှ...
ညှာတာမှုတွေလည်း ပေါက်ဖွားတတ်တဲ့...
သဘာဝကျတဲ့ ဒီသဘောတရားတွေထဲ...
ငါလည်း အကြောင်းအကျိုးဆိုတဲ့...
ရင်ခွင်ဟောင်းတစ်စုံ ပိုက်လို့...
ခေါင်းလောင်းသံတွေကြား...
ရိုးသားစွာ ဘဝကို ဆက်ကျောင်းတယ်...

ဘကုန်း နဲ့ ဝလုံး...
ငါတို့ကို အမျိုးမျိုး အသုံးချတယ်...
ရုံးကန်ခြင်းတွေကြားမှာ...
ခပ်တုံးတုံး ငါ...
ဆုံးမစကားတွေ ပြောတတ်လာပြီ...
ဝေဖန်မှုတွေကြား...
တွေဝေခြင်းတွေနဲ့ နှစ်ပါးသွားရင်း...
ရေမရောတဲ့ ကိုယ်ပိုင်ခံယူချက်တစ်ချို့ ဖန်တီးတတ်လာပြီ...
ပြစ်တင်ကဲ့ရဲ့ စွတ်စွဲမှုတွေ အထပ်ထပ်နဲ့မို့...
ဘယ်စစ်ကို ဘယ်ဗျူဟာစကားလုံး သုံးရမလဲ...
ညစ်တစ်တစ် ဉာဏ်လက်တစ်ဆစ်ကနေလည်း...
အရည်ထုတ်တတ်လာပြီ...

စိတ်ထောင်းကိုယ်ကြေ...
ငါ အပေအတေမို့...
တစ်ခါတစ်လေတော့လည်း...
ဝါးတားတားအိပ်မက်အရေး...
အသေအချာတွေးချင်ပါတယ်...
ရွေးစရာ အတွေးတောင်မရှိ...
သံသရာကြွေး မပါရအောင်...
ဆောင်ထားရတဲ့ မာနတွေက...
လူကြားကောင်းအောင် အတိုးတွေဖြစ်ဖြစ်သွားတယ်...
အကြောင်းမလှပေမယ့်...
ငါ့စိတ် ငါဖျောင်းဖျလျှက်...
တောင်းတခဲ့တဲ့ အချိန်တွေ မနှောင်းခင်...
ယခင်က ကာလလေး...
ပြန်ရလို ပြန်ရငြား...
တစ်ခါတစ်လေတော့ တမ်းတမိတယ်...

အတိတ်ကို အရောင်ဆိုး...
ပစ္စုပ္ပန်တွေကို လှုပ်နိုး...
အနာဂတ်တွေ တုတ်မိုးခံရရင်လည်း...
ဆုတ်စရာ ခံတပ် အားမကိုးလောက်လို့...
ငါ ကြိုးစားပြီး ရဲရဲရင်ဆိုင် တိုက်ပွဲဝင်ရဦးမယ်...

ကဗျာတွေမချို...
ရောင်နီသစ်ကို မကြို...
တိမ်မိုးတွေညိုလို့...
ကြယ်တွေလည်း တသောသောငို...
အပိုမရှိဘဲ အလိုတွေများတဲ့...
ဒီတိုထွာထွာ ဘဝတွေထဲ...
အားသစ်တွေနဲ့ပဲ ငါ အိုမင်းချင်တယ်...


Created By: k2tmaung (21 October 2009 Wednesday 05:52AM)

ဆက်လက်ဖတ်ရှုရန်...




















ခုတလော... အလုပ်ကိစ္စ္စရော... လူမှုရေးကိစ္စတွေရော စိတ်ရှုပ်စရာတွေများတော့ တွေးမိတွေးရာတွေးပြီး ရေးမိရေးရာ ချရေးမိပါတယ်... သာမာန်အားဖြင့် စိတ်ရှုပ်မခံတတ်တဲ့၊ မခံနိုင်တဲ့ ကျမအဖို့ စိတ်ညစ်စရာကောင်းတဲ့ နေ့ဆိုတာ နည်းနည်းတော့ ရှားပါတယ်... ခံစားစရာရှိရင်လည်း ပြင်းပြင်းထန်ထန် ခံစားတတ်ပြီး လူပါ လဲလဲကျ,သွားတတ်ဖူးလို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုအခြေအနေ ဖြစ်မသွားရအောင် ထိန်းထားတာလည်း ပါမှာပေါ့လေ... ဒီတစ်လောကတော့ လူတွေကို တော်တော်လေး စိတ်ပျက်မိနေပါတယ်... ဟိုသီချင်းလေးလိုပေါ့ "လူတွေကခက်တယ်~~~" သီချင်းစာသားက ကျမ ခံစားချက်တွေနဲ့ မဆိုင်ပေမယ့် အဲဒါလေးကိုပဲ ခဏခဏ အော်ညည်းဖြစ်နေတယ်... လူတွေက တော်တော်ခက်ပါတယ်...:)

ကျမကိုယ်ကျမ အမြဲ မေးခွန်းထုတ်ပြီး အတည်ပြုချက် ရယူထားသလို... အတည်ပြုထားတဲ့ ခံယူချက်လေးတစ်ခု မယိုင်လဲရအောင်လည်း ကြိုးစား(နေ)တာ ရှိပါတယ်... အဲဒါလေးက "လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကျမက လေးစားမှုကို အခြေခံပါတယ်..." အစ်ကိုတစ်ယောက်က ပြောဖူးပါတယ်... လူတွေနဲ့ ဆက်ဆံဖို့ နားလည်မှုနဲ့ သဘောထားကြီးမှုကလည်း လိုအပ်ပါတယ်တဲ့... ဟုတ်ပါတယ်... မှန်ပါတယ်... ဒါပေမယ့် လူတစ်ယောက်ကို မြင်စ ခင်စ ပေါင်းသင်းဆက်ဆံခါစမှာ လေးစားမှုနဲ့ အရင်စတင် ဆက်ဆံသင့်တယ်လို့ ကျမတော့ မြင်မိပါတယ်... လူတစ်ယောက်အကြောင်းကို နားမလည်သေးခင် လူတစ်ဖက်သားအပေါ် လေးစားမှုနဲ့ စတင်ဆက်ဆံဖို့နဲ့ တစ်ဖက်လူဘက်ကလည်း လေးစားစွာ ပြန်လည်ဆက်ဆံဖို့ လိုမယ်ထင်ပါတယ်... ဒါမှလည်း နှစ်ဦးနှစ်ဖက် ရေရှည်ဆက်ဆံရေးက ပိုခိုင်မြဲမယ်လို့ ထင်မိပါတယ်... ဒါဆို လေးစားမှုဆိုတာကကော ဘယ်လိုသတ်မှတ်မှာပါလဲ....:P


လူတွေက အဆင့်အတန်းဆိုတာကို ဘယ်လို သတ်မှတ်ကြပါလိမ့်... ကျမအတွက်တော့ လူတစ်ယောက် ရုပ်ရည်ချောမောခြင်း၊ ဥစ္စာဓန ပေါကြွယ်ဝခြင်း၊ ပညာမြင့်မြင့်မားမား တတ်မြောက်ထားခြင်းဟာ အဆင့်အတန်းတစ်ခုကို မညွှန်းဆိုနိုင်ပါဘူး... အဆင့်အတန်းဆိုတာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းပေါ် အမှီအခိုကင်းပါတယ်... ပညာတတ်ခြင်းမတတ်ခြင်းနဲ့လည်း လွတ်ကင်းပါတယ်... လူတစ်ယောက်ရဲ့ ပြုမူပြောဆို ဆက်ဆံပုံ၊ အနေအထိုင်အသွားအလာ စသဖြင့် ထိုသူရဲ့ အခြေခံကျကျ ပြုမူဆောင်ရွက်မှုတွေကသာလျှင် အဲဒီလူရဲ့ တန်ဖိုး၊ စိတ်ဓာတ်အဆင့်အတန်းကို ဖော်ဆောင်နေပါတယ်လို့ ကျမ သတ်မှတ်ထားပါတယ်... နောက်ပြီး ယုတ်ရင်းကြမ်းတမ်းတဲ့ စကားကိုဆိုတတ်သူကိုကော အဆင့်နိမ့်တယ်လို့ သတ်မှတ်မလား... ပြင်ပလက္ခဏာအရတော့ အဆင့်တစ်ခုထိတော့ ကျ,သွားမှာ အမှန်ပါပဲ... စကားပုံလေးတစ်ခု ရှိပါတယ်လေ... "အမိယုတ်သော် နှုတ်ကြမ်း၏... အဖယုတ်သော် ကိုယ်ကြမ်း၏"တဲ့... ဒါပေမယ့်... အဲဒီလို ကြမ်းတမ်းတဲ့ စကားတွေမသုံးဘဲ လှပပေမယ့် အဆိပ်ဖြစ်စေတဲ့ စကားလုံးတွေသုံးပြီး လူတစ်ယောက်ရဲ့ နာမည်ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်နေကြသူတွေ ဒီကမ္ဘာပေါ်မှာ ဒုနဲ့ဒေးပါလေ... ဒါကြောင့် တစ်ချို့လူကြီးသူမတွေက ပြောဖူးကြပါတယ်... ပညာများများတတ်လေ ကောက်ကျစ်လေ... ဉာဏ်နီဉာဏ်နက်များကြလေတဲ့... ဟုတ်သလိုလိုတော့ရှိတယ်နော်... ပညာတွေ သင်လာရတော့ စဉ်းစားတွေးခေါ်မှုပိုင်းမှာ အားကောင်းလာကောင်း လာနိုင်ပါတယ်... ဒါပေမယ့် အဓိကကျတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သတ်မှတ်နိုင်ဖို့ အဲဒီလူရဲ့ ပင်ကိုယ်စိတ်ဓာတ်ပေါ် အများကြီး မူတည်တယ်လို့ ကျမထင်ပါတယ်... ပြီးတော့ ပေါက်ဖွားဖြစ်တည်ခဲ့ရတဲ့ မိသားစုအသိုင်းအဝိုင်း၊ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် စတာတွေကလည်း လူတစ်ယောက် လူဆိုးလူကောင်းဖြစ်ဖို့ အကြောင်းတရားတွေလို့ပဲ ကျမမြင်မိပါတယ်... ဒါတွေကကော ပြင်ယူလို့ မရနိုင်ဘူးတဲ့လား... ကျမတော့ မထင်ပါဘူး... လူဆိုတာ ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တာပါတဲ့... ကြိုးစားပြင်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်... နောက်ပြီး ကိုယ်ကိုယ်တိုင် လူတွေထဲက လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့ဆိုရင်... လူအများရဲ့ လေးစားမှုကို ခံယူနိုင်ဖို့ဆိုရင်... ကိုယ်တိုင်ကလည်း လူတွေကို လေးစားနိုင်ရမယ်၊ လေးစားတတ်ရမယ်... တန်ဖိုးရှိအောင်လည်း နေတတ်ရမယ်လို့ ကျမ ယုံကြည်ထားပါတယ်... ဒါဆို လေးစားမှုဆိုတာသည် လူတစ်ယောက်ရဲ့ တန်ဖိုး၊ အဆင့်အတန်းပေါ် အမှီပြုရာကျတယ်လို့ကော မထင်မိပေဘူးလား... လူတစ်ယောက်ကို လေးစားနိုင်ဖို့ဆိုတာ အဲဒီလူရဲ့ တန်ဖိုးပေါ်လည်း အများကြီး မူတည်တယ်လို့ ကျမ ခံယူပါတယ်... ကိုယ့်တန်ဖိုးတောင် ကိုယ်ဘယ်လိုသတ်မှတ်ရမှန်းမသိတဲ့ လူတစ်ယောက်... လူ့တန်ဖိုးဆိုတာကိုလည်း နားမလည်တဲ့ လူတစ်ယောက်ကို ကိုယ်က လေးလေးစားစားဆက်ဆံမိရင် လေးစားမှုဆိုတာပါ တန်ဖိုးမဲ့သွားမယ်လို့ ကျမတွေးထင်မိပါတယ်... ရှုပ်သွားမလားတော့ မသိဘူးနော်... အဲ... အဲလို တန်ဖိုးနားမလည်သူတွေကို ကိုယ်ကလည်း လေးစားစရာမလိုပါဘူး... တန်ဖိုးထားစရာမဟုတ်ပါဘူးဆိုပြီး မလေးမစား ဆက်ဆံမိရင်ရော... ကိုယ့်တန်ဖိုးကိုယ် ဘယ်လို သတ်မှတ်ကြမှာပါလိမ့်... ရှင်းသလိုလိုနဲ့ ပိုရှုပ်သွားစေပြီ ထင်ပါရဲ့...:P ကျမ အတွက်တော့ တန်ဖိုးဆိုတာ ကိုယ့်အပြုအမူတွေကနေ အမှတ်ပေးတဲ့ စာမေးပွဲတစ်ခုပါ...:)

ကျမ အမြဲလိုလို တွေးမိနေတာလေးတစ်ခု ပြောပြချင်ပါသေးတယ်... ကျမ ဒီမှာ ဒုတိယမြောက်အလုပ်ဝင်စအချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကျမနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးရဲ့ အကြောင်းလေးပါ... နှစ်ဦးလုံးက China ကပါပဲ... တစ်ယောက်က ရှန်ဟိုင်းက... တစ်ယောက်က စူးကျိုးကပါ... ရှန်ဟိုင်းကတစ်ယောက်က သွက်လက်တယ်... ဒါပေမယ့် ဉာဏ်သိပ်မသွက်ဘူး... စူးကျိုးကတစ်ယောက်က ဉာဏ်ကောင်းတယ်... စိတ်တိုရင် အပေါက်ဆိုးတယ်... စိတ်မရှည်တတ်ဘူး... လူတစ်ယောက်မှာ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက်တွေ ရှိနေတာဟာလည်း သဘာဝပါပဲ... ကိုယ်ကောင်းတဲ့အရာတိုင်း သူများမကောင်းလို့ သူ့ကို ညံ့တယ်လို့တော့ မဆိုနိုင်ပါဘူးလေ... အဲ... အဲဒီလိုနဲ့ တစ်ယောက်အားနည်းချက်ကို တစ်ယောက် ညှိမယူနိုင်တဲ့ သူတို့နှစ်ယောက် လေးစားမှုဆိုတာကိုလည်း အစကတည်းက အခြေမခံခဲ့တော့ ဆက်ဆံရေးမှာ သူတစ်ပြန် ကိုယ်တစ်ပြန်ပေါ့လေ... သူဌေးနဲ့ ရင်းနှီးတဲ့ စူးကျိုးသူက ရှန်ဟိုင်းသူအပေါ် မကျေနပ်တာတွေပြော... Sales Manager နဲ့ ရင်းနှီးတဲ့ ရှန်ဟိုင်းသူကလည်း စူးကျိုးသူနဲ့ မတည့်တာတွေပြော... ကြာတော့ သူဌေးက ရှန်ဟိုင်းသူကို ကြည့်မရသလို Manager ကလည်း စူးကျိုးသူကို အမြင်တွေကပ်... နောက်ဆုံး ၆လပြည့်တာတောင် သူဌေးဆီက Confirmation Letter လို့ ခေါ်တဲ့ အလုပ်အကိုင်ရာထူး၊ ခံစားခွင့်တွေနဲ့ ပတ်သက်တဲ့ အတည်ပြုချက်မရတဲ့ ရှန်ဟိုင်းသူက အလုပ်ထွက်သွားပါတယ်... ကျမအမြင်တော့ ရှန်ဟိုင်းသူအလုပ်ထွက်ရခြင်း အကြောင်းရင်းမှာ စူးကျိုးသူရဲ့ စကားပြောမဆင်ခြင်မှုတွေ အများကြီးပါတယ်လို့ ယူဆမိပါတယ်... (ကျမကိုယ်တိုင်လည်း မြင်တွေ့နေခဲ့ရလို့ပါ) တကယ်လို့ ရှန်ဟိုင်းသူက အလုပ်မရှိရင် သူ့စားဝတ်နေရေးအတွက် အခက်အခဲရှိသူ တစ်ယောက်ဖြစ်ခဲ့ရင်... စူးကျိုးသူက လူတစ်ဖက်သား နစ်နာအောင် လုပ်ရာမကျပေဘူးလားနော်... သူဌေးနဲ့ ရှန်ဟိုင်းသူရဲ့ ရင်းနှီးမှုတွေကို စကားလုံးတွေနဲ့ တိုက်စားပစ်တာနဲ့ မတူပေဘူးလား... ဒီလိုပဲ Manager က စူးကျိုးသူကို ကြည့်မရဖြစ်ခြင်းဟာလည်း ရှန်ဟိုင်းသူရဲ့ စကားအသွားအလာပေါ် အများကြီး မူတည်တာမို့ လူနှစ်ဦး ချစ်ခင်မှုကို ပျက်ပြားအောင် လုပ်ရာကျ,တယ်လို့ ကျမမြင်မိပါတယ်... လူဆိုတာကတော့ ကိုယ်နဲ့ နီးစပ်ခင်မင်သူအပေါ် အကောင်းမြင် နားလည်ပေးတတ်ကြတာ သဘာဝပါပဲ... ဒါကြောင့် သူဌေး နဲ့ Manager က သူတို့နဲ့ အလျဉ်းသင့်တဲ့သူတွေရဲ့စကား ကြားပါများတော့ အမြင်တွေ အားလုံးမဟုတ်တောင် တစ်စိတ်တစ်ပိုင်းတော့ ပြောင်းလဲသွားကြတာ သိပ်တော့ မဆန်းဘူးပေါ့လေ... "စကားတစ်ခွန်းကြောင့် လူတစ်ယောက်ဘဝ ပျက်စီးစေတယ်" ဆိုတဲ့စကားလေးကို ကျမ ဘယ်က ကြားဖူးမှန်း မမှတ်မိတော့ပေမယ့် အဲဒီစကားလေးနဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးရဲ့ ဇာတ်လမ်းလေးကို အကြောင်းသင့်တိုင်း ကျမ တွေးမိပါတယ်... အဲဒီလိုပဲ လူတစ်ယောက်အပေါ် ကိုယ်မကျေနပ်တဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အဲဒီလူနဲ့ ပတ်သက်ဆက်နွယ်သူကို မပြောမိဖို့လည်း ကျမ သင်ခန်းစာယူ ကြိုးစားမိပါတယ်... လူပဲလေ အမှားမကင်းပါဘူး... အတိတ်မှာလည်း အမှားရှိခဲ့မယ်... ပစ္စုပ္ပန်မှာလည်း အမှားလုပ်မှာပါပဲ... အနာဂါတ်မှာလည်း အမှားလုပ်ဖြစ်ဦးမှာပါပဲ... ကိုယ်ချင်းစာကြည့်ရင် နားလည်မှုတွေလည်း မွေးဖွားပေးနိုင်မှာပါလို့ ကျမ တွေးမြင်မိပါတယ်... လူတိုင်း ကိုယ့်အမှားကို လက်ညှိုးထိုးခံရဖူးကြမှာပါ... ကျမ ကိုယ်တိုင်လည်း ကျမ သိပ်ချစ်တဲ့ ကျမ မိဘတွေရဲ့ အမှားထောက်ခြင်းကို နှစ်နဲ့ချီကြာ ခံရဖူးတော့ ကိုယ်ချင်းစာပေးလို့ ရနိုင်ပါတယ်... အခြေအနေဆိုတာခြင်း ထပ်တူမကျနိုင်လို့ နားလည်ပေးနိုင်မှုဆိုတာလည်း ကွဲလွဲကောင်း ကွဲလွဲနိုင်တာပေါ့လေ...

နောက်တစ်ခုက "ဝေဖန်မှု"... ကျမ အမြင်မှာတော့ ဝေဖန်မှုဆိုတာ အောင်မြင်မှုကို လိုလားသူတိုင်းအတွက် လိုအပ်တဲ့ အခြေခံ အုပ်မြစ်တစ်ချပ်ပါ... ဒါပေမယ့် အပြုသဘောမျိုးကို ကျော်လွန်သွားရင် ဝေဖန်မှုကနေ ကဲ့ရဲ့မှုဖြစ်သွားမယ်လို့ ထင်ပါတယ်... ဝေဖန်မှုမှာ အသိဉာဏ်ကိုသုံးတဲ့ သုံးသပ်ချက်တွေ ပါပေမယ့် ကဲ့ရဲ့မှုမှာတော့ မနာလိုမှုတွေ ပါ,နေတယ်လို့ ထင်ပါတယ်... ဒါဆို လူတွေ ဘာကြောင့် ကဲ့ရဲ့မှုတွေကိုများ ပြုကြတာပါလိမ့်... သူတစ်ပါး ပျော်ရွှင်မှု၊ အဆင်ပြေနေမှုတွေကို ဘာအတွက် မနာလိုဖြစ်နေတာပါလိမ့်... ကိုယ့်မှာ မရှိတဲအရာ၊ ကိုယ့်မှာ မပြည့်သေးတဲ့အရာကို တောင့်တနိုင်ပါတယ်... မျှော်မှန်းပိုင်ခွင့်ရှိပါတယ်... အဲဒီလိုတောင့်တမျှော်လင့်နေခြင်းအတွက် စိတ်ကူးတွေ ရှင်သန်ခွင့်ရှိပါတယ်... ဒါပေမယ့် မပြည့်တဲ့အိုး ဘောင်ဘင်ခတ်သလို ကဲ့ရဲ့မှုပြုကြတာကတော့ မပြည့်ဝတဲ့ စိတ်ထားကို ကိုယ့်ဘာသာ ဖွင့်ဟပြတာ၊ မဖြောင့်မတ်တဲ့ နှလုံးသားကို ကိုယ့်ဘာသာ အရောင်ဆိုးနေကြတာလို့ ကျမ မြင်မိပါတယ်... ကျရှုံးတာ၊ ရှုံးနိမ့်တာကို ရဲရင့်စွာ လက်ခံနိုင်ခြင်းက ရိုးသားမှုကို အရောင်တင်တာပါ... ကိုယ့်စိတ်နှလုံးရဲ့ အမှောင်ထုကို အလင်းဆောင်တဲ့ အောင်မြင်ခြင်းတစ်မျိုးပါ... အောင်နိုင်ခြင်း၊ အနိုင်ရခြင်းကို မာန်ကင်းစွာ လက်ခံယူနိုင်ခြင်းဟာလည်း နောက်ထပ် အောင်မြင်မှုတွေကို လက်ကမ်းကြိုဆိုခြင်းပါ... ကိုယ် မနိုင်လိုက်ရတဲ့၊ ကိုယ်မပိုင်လိုက်ရတဲ့ အရာတစ်ခုအတွက် ဝန်တိုမစ္ဆိယစိတ်တွေနဲ့ ကဲ့ရဲ့ခြင်းဟာ ကိုယ့်စိတ်ကိုယ် အကျဉ်းချခြင်း၊ အမှန်တရားတစ်ခုကို ထပ်ဆင့်ကျရှုံးခြင်း၊ ကိုယ့်ရိုးသားမှုတွေကို ကိုယ်တိုင် ဈေးချရောင်းနေခြင်းလို့ပဲ ကျမတော့ မြင်မိပါတယ်...

နောက်ထပ် ဆိုးတာတစ်ခုက နောက်ကွယ်မှာ မကောင်းမြင်ရှုထောင့်က ကြည့်ပြီး အတင်းအဖျင်းပြောတာ... တစ်ချို့လူတွေက ရည်ရွယ်ချက်ပါပါနဲ့ ချောက်တွန်းလိုတဲ့ ဆန္ဒနဲ့ ပြောကြတဲ့ သူတွေရှိသလို... တစ်ချို့တစ်ချို့ကလည်း နစ်နာစေလိုတဲ့ ရည်ရွယ်ချက်ကြီးကြီး မဟုတ်ရင်တောင် တစ်ခြားလူတွေရဲ့ ချစ်ခင်လေးစားမှုကို ပျက်ပြားစေလိုတဲ့ ဆန္ဒဆိုးတစ်စုံတစ်ရာတော့ ပါမှာပါပဲ... တကယ်တော့ အမှန်တရားဆိုတာ လူမြင်ကွင်းမှာပဲ ထွန်းလင်းပါတယ်... အမှောင်ထဲမှာ နေသာ,ရိုးထုံးစံ မရှိပါဘူး... နောက်ကွယ်ကနေ ကိုယ်ဦးတည်တဲ့သူ မကြားရမှပြောတယ်.. ဖြေရှင်းချင်တယ်... ကိုယ်ရှင်းတာကိုလည်း လူသိမခံချင်တယ်... ဆိုကတည်းကိုက သေချာပါတယ်... သူလက်ခံထားတဲ့ အမှန်တရားကို သူကိုယ်တိုင် မဆုပ်ကိုင်ပြနိုင်သေးလို့... သူ့လုပ်ရပ် သူ့စိတ်ထားအတွက် သူ့ကိုယ်သူ အာမ,မခံနိုင်သေးလို့... လို့ပဲ ကျမတော့ ယူဆမိပါတယ်... ကိုယ့်အတွက် အကျိုးတစ်စုံတစ်ရာ မဖြစ်ထွန်းတဲ့အပြင် သူတစ်ပါး ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိခဲ့သည်ဖြစ်စေ... မရှိခဲ့သည်ဖြစ်စေ... ကိုယ်ပြောတော့မယ့် စကားတစ်ခွန်းအတွက် ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုအပ်ပါတယ်... လူဆိုတာ အမှားမကင်းပါဘူး... အပြစ်လုပ်မိတိုင်းလည်း လူဆိုးမဟုတ်ပါဘူး... အမှားကင်းသူတိုင်းလည်း လူတော် မဖြစ်နိုင်ပါဘူး... ကိုယ်ပြောမယ့်စကားတစ်ခွန်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် တန်ဖိုးဖြတ်မယ်ဆိုတာလေး ချိန်ဆနိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျမတော့ တွေးမိပါတယ်...

နိဒါန်းပိုင်းမှာ ပြောခဲ့သလိုပါပဲ... ဒီစာစုက ကျမ အလုပ်အကိုင်နဲ့ လက်တလော ကြုံတွေ့နေရတဲ့ တစ်ချို့တစ်ချို့သော သူတွေပေးတဲ့ စိတ်အနှောက်အယှက်တစ်ချို့အပေါ် ကျမ မြင်မိတွေးမိတာလေးတွေကို ချရေးမိတာပါ... ကျမလည်း လူထဲက လူပဲမို့ အမှားတော့ မကင်းပါဘူး... ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းဖို့ ကြိုးစားနေတယ်ဆိုပေမယ့် ထိုးနှက်တာတွေများလာရင်တော့... ကျမလည်း လူပဲလေ... လဲကျ,တတ်ပါတယ်... ဒါပေမယ့် ကျမကိုယ်ကျမ ယုံကြည်ထားတာ တစ်ခုတော့ရှိပါတယ်... ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ကျမ အလဲမထိုးပါဘူး... ခြေထိုးမခံပါဘူး... ကျမကို နစ်နာအောင် လုပ်ရင်တော့ ကျမလည်း သူတို့လို လူတွေထဲက လူတစ်ယောက်ပဲမို့...... နာကျင်တတ်ပါတယ်... နာကြည်းတတ်ပါတယ်... အလုပ်နဲ့ပတ်သက်သူတွေကတော့ ဒီ Blog ကို လာဖတ်မှာလည်း မဟုတ်သလို ဖတ်လည်းဖတ်တတ်မှာ မဟုတ်လို့ သူတို့နဲ့ ပတ်သက်တာတွေတော့ မရေးတော့ပါဘူး... ဒါပေမယ့် သိစေလိုတဲ့ လူတစ်ချို့ကိုတော့ ဖတ်မိစေချင်ပါတယ်... ဒီ Blog ကို လုပ်ဖြစ်ရခြင်း ရည်ရွယ်ချက်ကလည်း ကျမအတွေး ကျမအမြင် ကျမအာရုံတွေကို စုစည်းဖို့ နေရာတစ်ခု သတ်မှတ်ထားရုံသက်သက်ပါ... များသောအားဖြင့် ကျမခံစားမှုကို ဦးတည်ပြီး စာရေးတတ်ပေမယ့် တစ်ခါတစ်ခါမှာလည်း အကြောင်းအရာအလျဉ်းသင့်လို့ စာရေးဖို့အတွက် ဦးတည်ပြီး ခံစားမိတာတွေလည်း ရှိပါတယ်... ရေရှည်လည်း ဖြစ်ချင်ဖြစ်မယ်... သို့မဟုတ် ခဏတာ ခံစားမိတာလည်း ဖြစ်ချင်ဖြစ်မယ်... ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပေါ်ခဲ့တဲ့ ခံစားမှုတိုင်းကို ကျမ တန်ဖိုးထားခဲ့ပါတယ်... အဲဒီ ခံစားမှုတွေကလည်း တစ်စုံတစ်ဦးကို ဘယ်တုန်းကမှ နာကျင်စေဖို့၊ ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး... ကျမ တစ်ယောက်တည်းရဲ့ ခံစားမှုအတွေးအမြင်သက်သက်မို့ ထိခိုက်နစ်နာခဲ့တဲ့သူ ရှိခဲ့ရင်တောင် ကျမ စိတ်မကောင်းဖြစ်မိပါတယ်... သို့သော် ရည်ရွယ်ချက်တစ်စုံတစ်ရာ မပါခဲ့တဲ့အတွက် ကျမကိုယ်ကျမလည်း လိပ်ပြာသန့်တဲ့အတွက် တောင်းပန်မှာ မဟုတ်ပါဘူး...

ကျမရဲ့နေရာလေးကို တံခါးမရှိ ဓားမရှိဝင်လို့ရတယ်ဆိုပေမယ့် ကျမ ချစ်ခင်ရင်းနှီးသူများနဲ့ ကျမလေးစားအားကျတဲ့ မိတ်ဆွေသူငယ်ချင်း Blog ရေးသူတစ်ချို့ကိုသာ ကျမ link ကို ပေးခြင်း၊ ချန်ခြင်းဖြင့် ဖိတ်ကြားခဲ့ဖူးပါတယ်... ကိုယ့်ကိုယ်ကိုယ်မလေးစားတတ်သူ တန်ဖိုးမထားတတ်သူတွေကိုတော့ ကျမ ကြိုဆိုမှာမဟုတ်ပါဘူး... အိမ်ရှင် မကြိုဆိုတဲ့နေရာတစ်ခုမှာလည်း ကိုယ်ချန်ခဲ့တဲ့ခြေရာတွေ တန်ဖိုးမမဲ့စေဖို့ သတိပြုမိစေချင်ပါတယ်...

ကျမ ဖတ်ခဲ့ဖူးပေမယ့် ဘယ်သူရေးမှန်းမသိခဲ့တဲ့ အောက်မှာ ဖော်ပြထားတဲ့ စာသားလေးတွေကတော့ လက်တလော ကျမ ခံစားချက်တွေအတွက် အကောင်းဆုံးဆေးတစ်ဖုံပါ...


တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး...
ကိုယ်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ...


အားလုံးသော လူသတ္တဝါအပေါင်း (ကျမကို ချစ်ခင်သူရော မုန်းတီးသူများအပါအဝင်) ကျန်းမာပျော်ရွှင်အဆင်ပြေကြပါစေ...

Created By: k2tmaung (19 October 2009 Monday 08:17AM)


ဆက်လက်ဖတ်ရှုရန်...

ကျမ အရမ်းသဘောကျမိတဲ့ ဆရာချစ်ဦးညိုရဲ့ စာအုပ်လေးတွေထဲက ကျမ အကြိုက်ဆုံး စာအုပ်တစ်အုပ်ပါ... ဒီစာအုပ်လေးက ကျမတို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ညီတော် အာနန္ဒမင်းသားအကြောင်းလေးပါ... ဒီစာအုပ်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျမမောင်လေး သူ့သူငယ်ချင်းတစ်ယောက်ဆီက ငှားလာလို့ ဖတ်ဖြစ်ခဲ့တာပါ... ဖတ်ပြီးတဲ့နောက် အရမ်းသဘောကျမိတဲ့အတွက် ရွှေဘုံသာလမ်းက စာအုပ်ဆိုင်တွေမှာ ခြေချင်းထပ်ပြီး ကာလအတော်အတန်ကြာမှ ရှာဖွေဝယ်ယူနိုင်ခဲ့တဲ့ ကျမအတွက် အမှတ်တရစာအုပ်လေးတစ်အုပ်ပါ... ဒီလိုပါပဲ ဒီစာအုပ်လေးကို ကျမ online စာကြည့်တိုက်တွေမှာ မကြာခဏ ရှာဖွေကြည့်ရှုမိပေမယ့် မတွေ့ခဲ့ဖူးပါဘူး... လွန်ခဲ့တဲ့ တစ်ပတ်က ဝိညာဉ်သစ် မြန်မာ online စာကြည့်တိုက် မှာ ရှာတွေ့ခဲ့လို့ ဝမ်းသာအားရ download လုပ်ပြီး ကျမ Page ပေါ် တင်ခဲ့ခြင်းဖြစ်ပါတယ်...

ကျမ ဘယ်အတွက်ကြောင့် ဒီစာအုပ်လေးကို သဘောကျရသလဲဆိုရင်ဖြင့်... မာန်မာနကင်းသော... ရိုးရှင်းသော... နူးညံ့သိမ်မွေ့သော ညီတော်အာနန္ဒရဲ့ စိတ်နှလုံး... ဘုရားရှင်တော်မြတ်ပေါ်ထားသော အရှင်အာနန္ဒရဲ့ ရိုကျိုးနာခံမှတ်သားတတ်မှုတွေ၊ အကြွင်းမဲ့ယုံကြည်လေးစားမှုတွေကို လေးစားနှစ်သက်မိလို့ပါ... အဲဒီလို ဖတ်ရှုခွင့်ရတဲ့အတွက် ကျမမောင်လေး နဲ့ စာအုပ်ငှားပေးခဲ့တဲ့ မောင်လေးရဲ့သူငယ်ချင်းလေးကို ကျေးဇူးတင်နေဆဲပါ... နောက်ပြီး မြန်မာပြည်နဲ့ဝေးကွာနေသော ကျမတို့အဖို့ online မှ အခမဲ့ စာအုပ်တွေ ဖတ်ရှုနိုင်အောင် idea ကောင်းကောင်းနဲ့ မျှဝေပေးနေကြတဲ့ online စာကြည့်တိုက်တွေ၊ မြန်မာ စာအုပ် Site တွေကို တော်တော်လေး သဘောကျမိပါတယ်... ကျေးဇူးလည်းတင်ပါတယ်... အထူးသဖြင့် ကျမ အရမ်းတောင့်တမိတဲ့ ဒီစာအုပ်လေးကို တင်ပေးတဲ့ မည်သူမည်ဝါမှန်းမသိပေမယ့် ဝိညာဉ်သစ်မှ တစ်စုံတစ်ယောက်ကို အရမ်းကျေးဇူးတင်ပါတယ်... စာအုပ်လေးကိုတော့ အောက်ဘက်မှာ download ယူနိုင်ပါတယ်... :)

နေမင်းလမင်း သိန်းရာထောင် - ချစ်ဦးညို

စာပေများမှ တဒင်္ဂဖြစ်ဖြစ် ခံစားမှုတစ်ခုခုကို ပိုင်ဆိုင်နိုင်ကြပါစေ...


Created By: k2tmaung (15 October 2009 Thursday 02:38AM)

ဆက်လက်ဖတ်ရှုရန်...


အရိပ်ဆိုတာ...
အလင်းရှိမှ ကိုယ်ထင်ပြနိုင်တာမှန်း...
ငါ မေ့သွားတယ်...

တစ်ခါတစ်ခါလည်း ငါ အမေ့လွန်တယ်...
မကြာမကြာလည်း ငါ နေ့နဲ့ည မှားတယ်...
ဒီညလည်း ယောင်ဝါးဝါးနဲ့...
လူမသိ သူမသိ လမ်းထလျှောက်ပြန်တယ်...
လပြည့်ညရဲ့ ထွန်းအားကြောင့်...
ဘေးနားက ငါ့အရိပ်က ငါ့ကို ပြုံးပြတယ်...
ခပ်တုံးတုံးငါက ကြယ်တစ်ချို့ကို ငေးရင်း...
လမ်းဆက်လျှောက်တယ်...
ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတော့ ငါမသိဘူး...
ငါ့နောက်က အရိပ်ကတော့...
အမည်မဖော်ဘဲ အကြောက်တရားမဲ့ အဖော်လိုက်ပေးတယ်...

မဟောင်းသေးတဲ့ တေးသွားတစ်ပုဒ်...
ယုတ်လျော့နေတဲ့အားတွေနဲ့အတူ...
အကြောင်းသင့်လို့ ငါ ညည်းဖြစ်တော့...
စည်းချက်မညီမှန်းသိရဲ့နဲ့ ငါ့အရိပ်က ဩဘာပေးတယ်...

အတွေးဆူးတွေနဲ့ ငါ မူးမေ့တောင် လဲချင်တယ်...
တွဲထားရတဲ့ ငါ့စိတ်ခွန်အားတွေလည်း...
လျှော့လိုက်ရ တင်းလိုက်ရနဲ့...
ကြာရင်လည်း ငါ ရူးတော့မယ်...
ဟူး... သက်ပြင်းမောနဲ့ ငါ ဆိတ်ဆိတ်ငြိမ်တော့...
ငါ့အရိပ်က တိတ်တိတ်လေး ဘေးကနေပေးတယ်...

ငါက တစ်ကိုယ်ကောင်းဆန်တယ်...
ဘယ်သူ့အတွက်မှ မချန်ဘဲလည်း...
ငါ့ကိုယ်ငါ တန်ဖိုးတက်အောင် လုပ်တတ်တယ်...
ရုတ်တရက်တွေ ကြုံတဲ့အခါ...
ငါ့ သတ္တိတွေ ဆုတ်ပြေးကြတယ်...
ရေးတေးတေး အတွေးတွေကြား...
ငါ မိုက်ကနဲ လဲတော့...
ငါ့အရိပ်က ငါနဲ့အတူ လဲလျောင်းတယ်...

ငါ မေ့သွားတယ်...
အလင်းဆိုတဲ့ နားလည်မှုအရင်းအနှီးတွေကို...
ငါကိုယ်တိုင် ငါ့စိတ်မှာ ခိုင်မာစွာ ထင်ပြနိုင်ပါမှ...
အရိပ်ဆိုတဲ့ ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းကို ငါ တွေ့နိုင်မယ်မှန်း...

တကယ်တော့...
အရိပ်...
မင်းက ငါ့ဘေးမှာ တိတ်ဆိတ်စွာ...
နားလည်ပေးတတ်မှန်း...
ငါ တဒင်္ဂ မေ့လျော့သွားတာပါ...

Created By: k2tmaung (13 October 2009 Tuesday 04:33AM)

ဆက်လက်ဖတ်ရှုရန်...


ဒီအာရုံ တစ်မိုးသောက်...
ငါရော သူရော စိတ်ခြောက်ခံရတယ်...
ငါလေ တလွဲအတွေးနဲ့...
တစ်ပွဲတစ်လမ်း နွှဲပြန်တယ်...
မရည်ရွယ်မှန်း သူသိစွမ်းလေ...
ငါ ရင်ထဲ ပိုထိလေပါပဲ...
သူ့ခံစားချက်တွေကို ဖြေသိမ့်ဖို့အရေး...
ငါ့ဆွေးနွေးမှုက ဆိုးရွားစေလို့...
ငါ ကိုယ်ငါလည်း ထိတ်လန့်မိတယ်...

ငါ နှစ်သိမ့်နေတာလား...
နှစ်မြုပ်နေတာလား...
ငါ လက်တွဲခေါ်နေတာလား...
လက်တွဲဖြုတ်နေတာလား...
ငါ အားပေးနေတာလား...
အထာပေးနေတာလား...
သေချာတာက ငါ့ကိုယ်ငါဘာမှန်း...
ငါ မဆန်းစစ်ရဲသေးဘူး...

သူ ကြောက်တာကို...
ငါ ခြောက်မိနေသလို...
ဒီမီးတောက်ကလည်း...
မလောက်လေးမလောက်စားနဲ့...
ငါတို့စိတ်ကို ဆောက်တည်ရာမဲ့စေတယ်...
တကြော်ကြော်နဲ့ ငါမအော်ပါဘူး...
တမျှော်မျှော်နဲ့လည်း ငါမခေါ်ပါဘူး...
တကယ်ဆို ငါက သူ့ကို...
တော်ရာမှာ နေပြီး...
ပျော်စရာတွေနဲ့သာ ကြုံစေချင်တာ...

နားလည်မှုကို ကြားခံ...
ငါတို့ အပြန်အလှန်...
ရင်းနှီးမှုကို တံတားထိုးတယ်...
သူက ယုံကြည်မှုနဲ့ ရှေ့ကိုလှမ်း...
ငါက ကြမ်းတမ်းမယ့် လမ်းကိုတွေးကြောက်...
ခြောက်ခြားမှုနဲ့ ကမ်းလှမ်းချက်တွေကို
အကြိမ်ကြိမ် ခေါင်းရမ်းမိနေတယ်...
မျှော်လင့်ခြင်းတွေ ထုံကျဉ်လို့...
ဆုံဆည်းခြင်းကိုလည်း ငါ မက်မောတယ်...
အတွေးတစ်စနဲ့ ငါ့စိတ်တွေ ရှုပ်ထွေးရင်း...
နွေးထွေးတဲ့သူ့အသံမှာလည်း ငါ နစ်မြောတယ်...
မရေမရာ မသေမချာနဲ့ ငါ့စိတ်တွေထွေပြား...
ခါးခါးသီးသီး ငြင်းဖို့ရန်လည်း ငါ ရင်မောတယ်...

ငါ့စိတ်တွေက တိမ်တွေလို...
လေယူရာ ယိမ်းနွဲ့နေတယ်...
ထိန်းနေရင်းနဲ့လည်း ၂၃ ၁/၂ ဒီဂရီမက...
ဟိုဒီဘယ်ဝယ် တိမ်းစောင်းနေတယ်...
ငါ့အတွေးတွေလည်း ကန်ရေပြင်လို...
ကြည်လင်သယောင်ယောင်နဲ့...
ခဲတစ်လုံးကျ,လိုက်တိုင်း...
လှိုင်းဂယက်တွေ အဆက်မပြတ်...
ဖြာထွက်နေကြတယ်...

နယ်လွန်အတွေးနဲ့...
ငါ လှည့်မကြည့်ဘဲ...
ချဲ့ကားတွေးတယ်...
အတွေးကွန်ရက်မှာ...
အထပ်ထပ် ငေးရင်း...
အဖြေတွေလည်း နီးရက်နဲ့ဝေးတယ်...
နှစ်ဦးပိုင် အိပ်မက်တွေကိုလည်း...
ငါ အဆိပ်ကျွေးမိတယ်...
ဖြစ်နိုင်ရင် ငါ့အတွေးတွေကို စုပေါင်း...
အဟောင်းဆိုင်မှာ...
ငါ ချရောင်းပစ်ချင်ကြောင်း...
တောင်းပန်မှုကို မလိုလားတဲ့ သူ့ကို...
ကောင်းကောင်းသိစေချင်တယ်...

Created By: k2tmaung (12 October 2009 Monday 08:34AM)

ဆက်လက်ဖတ်ရှုရန်...


This movie makes me feel... makes me sad... makes me cry... :(
Whatever... I like it very much...
not only the tale but also the actor and actress who are my favourite ones.



Part-1


Part-2

Part-3

Part-4

Part-5

Part-6

Part-7

Part-8

Part-9

Hope to enjoy it... :)

k2tmaung (06 October 2009 Tuesday 01:10PM)

ဆက်လက်ဖတ်ရှုရန်...

This song made me strong at the moment I upset and wanted to give up all... 
In my life, I lost control in several times... and I loved to hear somebody told me "Try Again" 
But in real life nobody encouraged me like that... 
That's why I listened this song in the first time... I felt it's really really meaningful for me... 
In the other hand, I like to say it's memorable song for me... 
even though this song is about love and I was not in relationship... :)
The lyric I like most in this song is "When you fall down~~ just try again~~"
Ok... I'll stop here... and let you listen it and you'll find out what I really want to share... :)


Westlife ရဲ့ သီချင်းလေးကို ကြိုက်တယ်ဆိုရင်တော့ အောက်ဘက်မှာ Download ယူလို့ရအောင် Share ပေးထားပါတယ်နော်... Try Again က Westlife ရဲ့ ပထမဆုံးထွက်တဲ့ Westlife (1999) Album ထဲကပါ...

Westlife - Try Again

Hope to enjoy it... :)


k2tmaung (06 October 2009 Tuesday 12:04PM)

ဆက်လက်ဖတ်ရှုရန်...

This is one of my favourite song and I used to listen when I'm not feeling well since I was a girl... :)




I used to think
I had the answer to everything
But now I know
That life doesn't always go my away, yeah
Feels like I'm caught in the middle
That's what I realize
I'm not a girl not yet a woman
Chorus
All I need is time
A moment that is mine
While I'm in between
I'm not girl

There is no need to protect me
It's time that I learn to face up to this on my own
I've seen so much more than you know now
So don't tell me to shut my eyes
I'm not a girl not yet a woman
Chorus

But if you look at me closely
You will see it in my eyes
This girl will always find her way
(I'm not a girl)
I'm not a girl don't tell me what to believe
(Not a yet a woman)
I'm just trying to find the woman in me, yeah
(All I need is time)
All I need is time that's mine
While I'm in between
I'm not a girl not a yet a woman, not now
Chorus
Huh... not yet a woman

Britney Spears ရဲ့ သီချင်းလေးကို ကြိုက်တယ်ဆိုရင်တော့ အောက်ဘက်မှာ Download ယူလို့ရအောင် Share ပေးထားပါတယ်နော်... I'm Not A Girl, Not Yet A Woman သီချင်းလေးက Britney (2001) Album ထဲကပါ...


Britney Spears - I'm Not A Girl, Not Yet A Woman

Hope to enjoy it... :)

k2tmaung (06 October 2009 Tuesday 11:40AM)

ဆက်လက်ဖတ်ရှုရန်...



အမိုက်မှောင်မှန်းသိရဲ့နဲ့... 
ငါ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်တိုးမိသလား... 
ချောက်နက်မှန်းသိရဲ့နဲ့... 
ငါ အကြောက်အရွံ့မရှိ ခုန်ချမိသလား... 
ခရောင်းလမ်းမှန်းသိရဲ့နဲ့... 
ငါ အသိဉာဏ်ခေါင်းပါးစွာ လှမ်းလျှောက်မိသလား... 
ဖျားနာတတ်မှန်းသိရဲ့နဲ့... 
ဆေးခါးမကြောက် ငါ့စိတ်ငါ ခြောက်နေမိသလား...
 
ရှင်းလင်းနေတတ်တဲ့ ငါ့အသိတွေ... 
မူးမိုက်ခြင်းတွေနဲ့ ယိုယွင်းနေကြတယ်... 
ထိုင်းမှိုင်းခြင်းကင်းတဲ့ ငါ့စိတ်တွေ... 
ရူးမိုက်ခြင်းတွေနဲ့ မှိုင်းမိနေကြတယ်... 
တစ်ခါက ကြည်လင်တဲ့အပြုံးတွေနဲ့... 
ဆူးမှိုက်တွေ ရှင်းတဲ့ ငါ့ကိုယ်ငါ ပြန်ရချင်တယ်...  

ငါ မရည်ရွယ်ခဲ့တဲ့ အခြေအနေတစ်ခုအတွက်... 
တောင်းပန်တာမဟုတ်တဲ့... 
တောင်းဆိုခြင်း... 
အသနားခံခြင်းမဟုတ်တဲ့... 
ကားစေလိုခြင်းသက်သက်နဲ့ ပြောပါရစေ... 
ငါ ရာဇဝတ်သား မဟုတ်ဘူး... 
ငါ သူများ နှလုံးသားကို မသတ်ခဲ့ဘူး... 
ငါ ဘာအပြစ်မှလည်း မကျူးလွန်ခဲ့ဘူး...

ကျေးဇူးပြု၍... 
ငါ့ကို အပြစ်မဖို့ပါနဲ့... 
ငါ့ကို ဆဲရေးမဆိုပါနဲ့... 
ငါ့ကို မတောင်းပန်ခိုင်းပါနဲ့... 
ငါ့ကို မလှောင်ပြောင်ကြပါနဲ့... 
ငါ့ကို စောင်းမြောင်းမပြောကြပါနဲ့...  
ကျီစား လှည့်ဖျားတတ်တဲ့ ပညာတွေနဲ့... 
သူ့ဆီရောက်အောင် ငါဖောက်လို့ မလျှောက်လှမ်းခဲ့ပါဘူး...
ငါ့မှာလည်း ဒဏ်ရာအပ်ကြောင်းပေါင်းများစွာနဲ့.. 
ငါ့ရင် ငါချုပ် နာကျင်မှုတွေကို အထုပ်ထုပ်ထားရလို့ပါ... 
ဆိုးရွားဝေဒနာ ရင်တွင်းနာပေါင်းများစွာနဲ့... 
ငါ့စိတ် ငါခြောက် ငါကြောက်နေခဲ့လို့ပါ...  

အလိမ်အညာကင်းတဲ့...  
တိမ်ပြာပြာအလင်းရယ်... 
မာယာတွေကင်းတဲ့...
ကြယ်တာယာတစ်စင်းရယ်... 
ငါ့အမှားမဟုတ်တဲ့ အမှားတစ်ခုအတွက်... 
နာကျင်မှုနဲ့ရင်းမိတဲ့...  
ငါ့ စိတ်အမှောင်ထုကိုခွင်းဖို့... 
ငါ့ဘေးမှာ လင်းပေးလှည့်ပါ...

Created By: k2tmaung (06 October 2009 Tuesday 04:15AM)

ဆက်လက်ဖတ်ရှုရန်...


အိပ်ပျက်တဲ့ညရယ်... 
စိတ်ပျက်တဲ့နေ့ရယ်ပေါင်း... 
ပျော်ရွှင်ခြင်းဆိုတာကို နှုတ်... 
နာကျင်ခြင်းဆိုတာနဲ့ မြှောက်... 
ရယ်မောခြင်းဆိုတာနဲ့ စား... 
ကြွင်းကျန်နေတာ ငါဆိုတဲ့ လူသား...  

အချိန်မတန်ပဲ မာန်တွေ လျှော့ရတော့... 
အပြုံးစစ်တွေလည်း ဆုံး... 
ကျရှုံးခန်းတွေလည်း အတုံးအရုံး... 
အမုန်းတွေနဲ့ ဟန်လုပ်ပြီးလည်း ပြုံးတတ်ပြီ...  

အဆုံးစီရင်ခြင်းဆိုတာ... 
ကြားရတာ နားခါးကောင်းခါးမယ်... 
ါးလွှာတဲ့ သံယောဇဉ်တွေသာ... 
စည်းခြားခံရရင် သေချာတယ်... 
ရိုးသားစွာ ငါ ကြိုးစင်တက်မိမယ်...

တွေ့ဆုံရတဲ့ ဘဝဇာတ်ခုံ... 
ကြုံလေတိုင်း ငါ့ရင်ကို ဓားထက်ထက်နဲ့... 
မွှန်းခြင်းခံရတယ်... 
ငါလည်းလေ လူပဲမို့... 
အမှားတော့ မကင်းခဲ့ဘူးပေါ့... 
ဒါပေမယ့်...  
ငါ့စိတ်တွေ အကျဉ်းချခံရလောက်အောင်လည်း... 
ငါ့မှာ ခင်းပြစရာ နောင်တတွေ ရှင်းတယ် ထင်တာပဲ...  

လူတွေကလေ ထင်တစ်လုံးနဲ့ ငါ့ကို နာနာနှက်တယ်... 
ဆိတ်ဆိတ်နေလို့ ငါ ထိတ်လန့်နေတယ်ပေါ့... 
ငါ တိတ်နေတာ ငါ့စိတ် ငါ ဖြေသိမ့်ပေးရုံသက်သက်ပါ... 
တကယ်က ငါ့ရင်ထဲ အမှိုက်တွေ ထိုးသိပ်ထည့်ပြီး... 
အခွင့်ရှိရင် အဆိပ်ခပ်ချင်နေတာ သူတို့ မသိတတ်ကြဘူး... 
ကြုံရင်တော့ ခံစားချက်ခြင်း ဖလှယ်ကြည့်ချင်တယ်... 
သူတို့လည်း ငါ့လိုပဲ ကိုယ့်ကိုယ်ကိုယ် မြေမြှုပ်ခံကြည့်ချင်မလားလို့...
 
အနားသတ်တွေမညီတဲ့ ငါ့ ဘဝကာရန်တိုင်း... 
တန်ဆာဆင်လို့ ငါ ရေးထုတ်တတ်တယ်... 
ကြိုက်ချင်မှ ကြိုက်ပေါ့... 
ငါ့ စရိုက်က မမိုက်ခဲ့လို့...  
ထိုက်သင့်တဲ့ စာမူခတော့ လိုချင်တယ်...

Created By: k2tmaung (05 October 2009 Monday 07:57PM)

ဆက်လက်ဖတ်ရှုရန်...


မတွဲရသေးတဲ့ ငါတို့လက်တွေကို ဖြုတ်နိုင်ဖို့... 
ငါ အကြိမ်ကြိမ် အားထုတ်ဖူးတယ်... 
ချည်တုပ်ခြင်းခံထားရတဲ့ နွယ်တစ်ပင်ကြောင့်... 
အကျယ်ချုပ်နဲ့ ငါ နောက်ဆုတ်ဆုတ်သွားရမြဲပါပဲ...  

သူ့ကို ထားမသွားနိုင်ဖို့... 
တားထားခံရတဲ့ စည်းတွေကို... 
ငါ ဘယ်လောက် ခါးသီးစွာနဲ့... 
ဖြတ်လျှောက်နေရမှန်း သူမသိဘူး... 
လား...ပေါင်းများစွာရဲ့ အလယ်... 
သူ့နောက်ကွယ်မှာ... 
ငါ ဘယ်သူတွေနဲ့ စစ်ခင်းနေရမှန်း သူမသိဘူး... 
ဝါးတားတား အိပ်မက်တွေနဲ့... 
ငါ ဘယ်နှစ်ကြိမ်မြောက် သက်ပြင်းမောတွေ...  
မှုတ်ထုတ်ဖြစ်နေမှန်း သူမသိဘူး... 
သူကြားချင်တဲ့ စကားတစ်ခွန်းထက်... 
သူလိုချင်တဲ့ ဘဝမျိုး... 
ငါ ဘာတွေနဲ့ လဲလှယ်လို့ ကြိုးစားယူရမယ်မှန်း... 
သူမသိဘူး... 
ထမ်းထားရတဲ့ တာဝန်ကိုယ်စီတွေနဲ့မို့...  
သူရော ငါရော တကယ်တမ်းမှာ လက်တွဲနိုင်ဖို့ဆိုတာ... 
ငါ့အတွက် ဘယ်လောက် ကြမ်းတမ်းမယ်မှန်း... 
သူမသိဘူး...
ခြားနားမှု အများအပြားတွေကြား... 
ငါ ဖြစ်စေချင်တာတွေ သူဖြစ်လာဖို့... 
အသံတိတ်နဲ့ ငါ ကျိတ်ကျိတ်ဆုတောင်းနေမှန်း... 
သူမသိဘူး...  

ငါက တစ် သူကလည်း တစ်... 
တစ် နဲ့ တစ် ပေါင်းပြီး... 
နှုတ်လက္ခာတွေနဲ့ ဘဝတွေကိုလည်း... 
ငါ ဈေးဆစ်မခံချင်ဘူး...
ဒါပေမယ့် မပစ်ရက်တဲ့ မီး... 
ဆက်ကိုင်မိတော့... ငါ လောင်ကျွမ်းတယ်...

လူတွေရဲ့အမြင်ကိုပယ်... 
သူ့အပြစ်မှန်သမျှကိုလည်း ဖယ်...  
တကယ်က ငါ မိုက်မဲစွာ တွယ်တာမိတာကိုပဲ... 
အပြစ်ဖို့သင့်တာ... 
ငါ မှားလား ငါ မှန်လား... 
ပတ်သားတယ်လို့ ငါ ယုံကြည်တဲ့ ငါ... 
ထုံကျဉ်ကျဉ် ဝေဒနာတစ်ခုနဲ့... 
ဆေးတစ်ချို့ကို ငါ ခြယ်သ,လိုက်တော့... 
နုနယ်တဲ့ ငါ့အတွေးတွေက မောစေတယ်...

အချစ်ကိုအချစ်ခြင်းထပ်ဖို့ လွယ်ကူပေမယ့်... 
ဘဝကိုဘဝခြင်းထပ်ဖို့ ခက်ခဲလွန်းတယ်... 
ငါ လမ်းတိုမှာ ခဏ မနားချင်ဘူး... 
ဘဝလမ်းရှည်မှာ ငါ လျှောက်နိုင်ဖို့... 
ငါ ထုဆစ်ရမှာက...  
သူနဲ့သက်ဆိုင်တဲ့ နှလုံးသားတစ်စုံလား...  
ငါ့အသိုင်းအဝိုင်းနဲ့ပတ်သက်တဲ့ နှလုံးသားတစ်စုံလား... 
သေချာတာက ကျောက်ဆစ်မဟုတ်တဲ့...
ငါ့ရင်တစ်ခြမ်း မွမွကြေလိမ့်မယ်...

Created By: k2tmaung (05 October 2009 Monday 07:09PM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..