Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...


ပန်းတစ်ပွင့် နမ်းခွင့်သာရှိရင်  
ငါမခူးရလည်း ကျေနပ်တယ်...  
နှင်းတစ်စက် ဆင်းသက်သာလာခဲ့ရင်  
ငါ့ဘဝ ဆောင်းမကျလည်း ကျေနပ်တယ်...  
ကြယ်တစ်စင်း ထွန်းလင်းခွင့်သာရှိရင်  
ငါဆုမတောင်းရလည်း ကျေနပ်တယ်...  
တိမ်တွေညို မိုးသာပြိုခဲ့ရင်...  
ငါမငိုရလည်း ကျေနပ်တယ်...  
ဆန္ဒလမ်း ခဏလှမ်းခွင့်သာရှိခဲ့ရင်  
ငါမဆိုင်ရလည်း ကျေနပ်တယ်...

Created By: k2tmaung (24 Jul 2009 06:46PM)

ဆက်လက်ဖတ်ရှုရန်...


နာကျင်တဲ့ ရင်တစ်ခု... 
ဟင်းလင်းပြင်ဖြစ်သွားခိုက်... 
ငါ ခေါင်းငိုက်စိုက်ကျသွားတယ်...  

သူ့နံပါတ်စဉ်တွေထဲက နံပါတ်တစ်ခု... 
လူတစ်စု ငါ့ကို မသတ်မှတ်ခင်... 
လက်ဦးမှုကို ငါကြိုရှာယူနေရတယ်... 
ဗရမ်းဗတာနဲ့ ထုံကျဉ်နေတဲ့ ငါ့နှလုံး... 
ယဲ့တဲ့တဲ့အပြုံးနဲ့ ငါကိုယ်ငါ မီးပေါ်တင် ကျီစားမိခဲ့တယ်...  

"ချစ်တယ်"ဆိုတဲ့စကား ဖောဖောသီသီ သူသုံးခဲ့တာများတော့... ငါ ယုံကြည်ဖို့ရာ နက်နက်တွေး ရေးရေးမြင်နိုင်ဖို့ ငါ အားထုတ်ရတယ်... 
တောကျတယ်ဆိုချင်ဆို... ရိုးလှတယ်ပြောချင်ပြော... 
၂၁ရာစုမှာ ငါဟာ ရှားပါးတဲ့ မိန်းမသားလို့... 
ကိုယ့်ကိုယ်ကိုယ် တင်စားချင်တယ်...  

အကြိမ်တိုင်း သူစိတ်ဆိုးသမျှ... 
ငါ တိုးလျှစွာ အလျှော့ပေးခဲ့တာပေမယ့်... 
ဒါ ငါ့ပင်ကို စရိုက်တော့ မဟုတ်ခဲ့ဘူး... 
သူ့အကြောင်း ငါ မြေလှန်ရှာဖို့ ကြိုးစားချိန်... 
သူက ငါ့နာမည်တောင် ရေးတေးတေး... 
ငါ့အကြောင်းဆို ဝေလာဝေး...  

ပြောရင် လွန်တယ်ထင်မှာဆိုး... 
ငါ ထိုးကျိတ်ပြီး ထည့်ထားတဲ့... 
မပြေလည်တဲ့ ငါ့စိတ်အထုံး... 
ငါ အရှုံးမှန်းသိရဲ့နဲ့ မွေးမြူထားလိုက်သေး...  

ငါ့မှာ ကျစရာ မျက်ရည်အပိုထက်... 
အသွားထက်တဲ့ အပြုံးကို ဟန်လုပ်ထားရတယ်... 
ဘယ်သူနဲ့ ပြိုင်ပြိုင်... ငါ အမြဲအနိုင်ပေးထားတဲ့ ငါ့မာနလေး... 
သူနဲ့ကျမှ ခဝါချနေရတာ... ငါ စိတ်သက်သာရာ ရမယ်ထင်လား...  

သူ့အချစ်ကို ဖိတ်ခေါ်ဖို့... 
တစ်ဖက်မှာ ငါ့အသိုင်းအဝိုင်းကိုလည်း စိန်ခေါ်ရလိမ့်ဦးမယ်... 
မောပန်းတဲ့ငါ... နောက်ဆုံးမှာ လုံးပါးပါးလို့ ငါ့စိတ်အနာတရ ဖြစ်ရဦးမှာ... 
တွေးကြည့်ရုံနဲ့တင် ငါ နုံးချိလို့နေတယ်...  

တစ်နဲ့တစ်ပေါင်းရင် နှစ်ရ,ရမယ့်အစား... 
တစ်ပြန်ကျတဲ့ ဘဝမျိုး ငါ ရမှာကိုလည်း... 
စိုးကြောက်တယ်... 
မပြေလည်တဲ့ဘဝ ငါ နေသားကျခဲ့ရဖူးတော့... 
မပြည့်စုံတဲ့ဘဝ နောက်ထပ်ကြုံရမှာလည်း ငါ ကြောက်တယ်...  

ငါ့အတွက် သူက အစစအရာရာ ပထမ... 
သူ့အတွက် ငါက ခုတော့ နောက်ဆုံး... 
နောက်နှစ်အဆက်ဆက်မှာ ငါ့အမှတ်စဉ်က... 
ဘယ်လောက်ဖြစ်မလဲ ငါအတွေးမဆုံးနိုင်ခဲ့...  

တစ်ခုယူရင် တစ်ခုပြန်ပေးရမယ်ဆိုတဲ့ ငါ့မူထုံး... 
အကြိမ်ကြိမ် ငါ ကျရှုံးဖို့တော့ မတတ်နိုင်... 
ဘာပြန်ရမယ်မှန်းမသိတဲ့ ယုံကြည်မှုတစ်ဝက်တစ်ပျက်... 
ငါကျင့်သုံးတဲ့ နှလုံးမူထုံးအတိုင်း နားလည်ပေးဖို့ ငါ ကြိုးစားဆဲ... 
နားလည်ပေးဖို့ ကြိုးစားရင်းက... နာကျင်နေခဲ့တာကိုလည်း သတိထားမိနေဆဲ... 
သဘောထားကြီးနိုင်ဖို့ ဇွဲတင်းရင်းကလည်း... ငါ ဝန်တိုမိစ္ဆယစိတ်တွေ ဖြစ်ပေါ်လို့လာနေဆဲ...  

မောပန်းတယ်... လောကဓံရယ်... 
တောင်းပန်မယ်... လှည့်ပြန်ပေးပါလို့... 
ငါ ကျောခိုင်းဖို့ မတတ်နိုင်လို့... 
သူ ထားခဲ့ပေးဖို့ တောင်းဆိုကြည့်တာပါ... 
မမျှော်လင့်နဲ့လို့ ပြောဖို့ ငါ ကြိုးစားတိုင်း... 
ငါ့ အသက်ရှုသံတွေ ပြောင်းပြန်ဖြစ်နေတယ်... 
ငါ သက်ပြင်းတွေ လူမသိ သူမသိ အခါများစွာ ခိုးခိုးချမိတယ်... 
ငါ့ရင်ခုန်သံတွေ ပြောင်းလဲမယ့်အချိန် ငါကိုယ်တိုင်မသိလိုက်ခင်... 
ဇာတ်သိမ်းခန်းကို မြန်မြန်ဆက်လိုက်ကြပါစို့...

Created By: k2tmaung (27 July 2009 10:58AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..