Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ပြင်းရှရှ နေ့ရက်တွေထဲ...
မရဲတရဲနဲ့ အနာဂတ်ကို တွေးကြည့်...
ချိနဲ့နဲ့ အိပ်မက်တွေကြား...
ခါးသက်သက် သက်ပြင်းတွေ အခါခါချမိတယ်...

မတူညီတဲ့ ဦးတည်ချက်တွေနဲ့...
နဲ့တဲ့တဲ့ ကိုယ်ပိုင်စောင်းကြိုးတွေ ညှိရင်း...
တင်းထားသမျှ သဲရေကျရတဲ့အခါ...
ငါတို့တွဲလက်တွေ နာကျင်သွားမလား စိုးရိမ်တယ်...

ခံယူချက် စည်းဝါးတွေ သံစဉ်ခြား...
ပါးပါးလေးပေမယ့် မြင်ရခက်တဲ့ သံယောဇဉ်...
ရင်တစ်ခွင် နဲ့ ရပ်တည်ချက်...
ဘက်တစ်ခုခုမှာ ရပ်လို့ ငါ ဘယ်လမ်းကို ဆက်လျှောက်ရပါ့...

အကြိမ်များစွာ မာနစစ်တွေနွှဲ...
ပွဲကြမ်းတတ်ပေမယ့် အချိန်တန်တော့...
အလျှော့ပေးလို့ အလံဖြူပြတတ်တဲ့ ချစ်သူ...
တူတာချင်းက တို့ချင်း စိတ်မဆင်းရဲစေချင်တာ...

တစ်ခါတစ်ခါ စိတ်ပျက်ခြင်းများစွာထဲ...
ရဲတင်းစွာ ကျောခိုင်းကြည့်တတ်ပေမယ့်...
ငဲ့ကြည့်ရုံနဲ့ ငါတကယ် မပြတ်သားရဲသေးမှန်း...
တမ်းတတဲ့စိတ်နဲ့... ဆန်းစစ်ဖို့မလို အလိုလို ငါနားလည်ခဲ့တယ်...

ချစ်သူ... လက်တွေမြဲမြဲတွဲဖို့...
တို့တွေ အလျော့အတင်း နည်းနည်းချင်း...
နင်းထားကြတဲ့ ဦးတည်ရာလမ်း...
ကြမ်းတမ်းမဲ့စွာ... နှလုံးသားသက်သက်နဲ့ ညှိယူချင်တယ်...

နာလည်ခြင်းတွေ တံတားထိုး...
ရိုးသားမှုနဲ့ တည်ဆောက်...
ကောက်ကြောင်းတွေရှင်းတဲ့ သူလိုချင်တဲ့ ဘဝထဲမယ်...
ကြယ်တွေနဲ့အပြိုင် မငိုခိုင်းဘူးလို့... သူ့ကတိတစ်ခုကို ခုထိ ငါယုံနေတယ်...


ဦးတည်ချက်တွေ ခံယူချက်တွေ နည်းနည်း ကွဲလွဲနေလို့... စိတ်ကူးပေါက်တာနဲ့... :P
Created By: k2tmaung (23 February 2010 Tuesday 02:02AM)


ဆက်လက်ဖတ်ရှုရန်...

ရွက်ဝါညိုတွေ ဇရာအိုမှ...
မြေခရတာ သဘာဝမို့...
ဆောင်းဦးချိန်လား မြောက်လေငြိမ်လား...
ပြစ်တင်ဖွဲ့ကဲ မပိုနွဲ့စို့...

မာန်ပြိုင်ဇာတ်ဖွဲ့ တစ်ခန်းရပ်ဖို့
အတိတ်မေ့ကြေး အချိန်စေ့မှ...
သူ့အချစ်လား ကိုယ့်အပြစ်လား...
ညှိုးရန်ဖွဲ့လို့ ပြိုင်မရွဲ့စို့...

အနာနုချိန် ဆေးခါးကုမှ...
ဒဏ်ရာကြောင်းလည်း မှေးမှိန်ပြောင်းလဲ...
တိတ်ဟောင်းဆွေးဆွေး ဝမ်းတွင်းနွေးမယ်...
ကိုယ့်ပြစ်သူ့ပြစ် ဆက်မထုဆစ်...
မာနစောင်းကြိုး မယှဉ်ကောင်းလို့...
အပ်ကြောင်းထပ်ထပ် ငါမပတ်သက်...
တို့ချင်ကင်းရှင်း ဇာတ်သိမ်းခင်းစို့...
ကြွင်းကျန်ရစ်စေ အတိတ်စစ်တွေ...

ကျိုးကြောင်းညီညာ ဖြေရှာစီလို့...
ပွဲလည်းသိမ်းခိုက် ရွာမီးငြိမ်းမယ်...
ပိတ်ကားတိတ်ချိန် ရုံတွေအိပ်စေ...
ငါလည်းချိန်တန် အရောက်အိမ်ပြန်...
ပြီးဆုံးခြင်းဝယ် ခပ်သိမ်းရှင်းခဲ့...
ယိုးဖွဲ့နှောင်ကြိုး အတ္တရောင်ရှုံး...
မျက်မုန်းခြင်းများ အမှောင်ကင်းဝေး...
ဆန္ဒညီတူ ချင်းချင်းကြည်လို့...
မျက်ရည်လမ်းကြမ်း စဉ်ငြိမ်းချမ်းစေ...


ဒီလိုပဲ ခံစားကြည့်တာပါ...:P
Created By: k2tmaung (08 February 2010 Monday 05:20AM)


ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..