Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ငယ်စဉ်ခါကျောင်းသားဘ၀တုန်းက မှတ်မှတ်ရရ အပျော်ရဆုံးနေ့လေးတစ်နေ့နှင့် စိတ်ညစ်ညူးဖွယ်ရာ အကောင်းဆုံးနေ့လေးတစ်နေ့


အမှန်တော့ ဘဝတစ်လျှောက်မှာ stateကျောင်းသူဘဝက အပူအပင်အကင်းဆုံးနဲ့ အပျော်ရွှင်ရဆုံးအချိန်လေးတွေပါပဲ...
ဘယ်တော့မှ ပြန်မရတော့မယ့် အပူအပင်ကင်းတဲ့အချိန်လေးတွေကိုလည်းလွမ်းပါတယ်...

ငယ်စဉ်ခါကျောင်းသားဘ၀တုန်းက မှတ်မှတ်ရရ အပျော်ရဆုံးနေ့လေးတစ်နေ့ဆိုပေမယ့် ကျောင်းတက်ရတဲ့နေ့တိုင်း ပျော်ခဲ့ရတာပါပဲ...
လောလောဆယ်...အမှတ်အရဆုံးကတော့ ကျောင်းကနဲ့ ပထမဆုံးအကြိမ် ပဲခူးသွားခဲ့တဲ့နေ့လေးပဲ...
ကျောင်းမှာ နှစ်တိုင်း တစ်နှစ်တစ်ခါ အတန်းလိုက် ခရီးတိုထွက်လေ့ရှိတယ်...အများဆုံးသွားကြတာကတော့ ပြည်ပေါ့...
တစ်ခန်းလုံးနီးပါးသွားကြပေမယ့် k2တို့ညီအစ်မ ဘယ်တော့မှ မပါဘူး... မိဘတွေက လူကြီးမပါတော့ (ဆရာမနည်းနည်းပါပေမယ့်) စိတ်မချလို့ဘယ်တော့မှ မထည့်ဘူး...
ဘယ်ဆရာမက ပြောပေးပေး မထည့်ဘူးပဲ... :(
[အဲ... ရှင်းရလင်းရတာ မုန်းပါတယ်ဆိုမှ...တစ်ခု ရှင်းရဦးမယ်...မုန်းရတဲ့အကြောင်းရင်းက အဲဒီကစတယ်... :(
k2 နဲ့ k2 ညီမလေးက အမွှာမဟုတ်ပေမယ့် သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိ တစ်ကျောင်းထဲ တတ်ခဲ့ကြတာ...
အမွှာမဟုတ်ဘဲ တစ်တန်းတည်းဆိုလို့ k2တို့ ဘယ်နှစ်က စာမေးပွဲကျတာပါလိမ့်လို့ တွေးကြတော့မယ်မလား...:(
မဟုတ်ဘူး... '88 ကြောင့် ကျောင်းတွေ တစ်နှစ်နားလိုက်ရတော့ အတန်းတူသွားကြတာ...
ဒါကြောင့် ၁၀တန်းကို 2000မှာအောင်တဲ့ ကျောင်းသားဦးရေက အများဆုံးနဲ့ အချောအလှတွေ အများဆုံးနှစ်လို့ uniတိုင်းမှာ နာမည်ကြီးတယ်..:P (k2တို့ ပါတယ်လို့ မပြောဘူးနော်) ]
အဲ...ဆက်လိုက်ဦးမယ်... ၉တန်းနှစ်မှာ နောက်နှစ်၁၀တန်းဆိုတော့ မိဘတွေကလည်း သိပ်မချုပ်ချယ်ဘူး... ဆရာဆရာမတွေကလည်း ကျောင်းသားတွေကို လွှတ်ပေးထားတယ်...(အမှန်တော့ ၉တန်းကို အပျော်ဆုံးပဲ နေ့တိုင်းကိုပျော်တာ...:P ) ထူးထူးခြားခြား အဲဒီနှစ်က ခရီးတို၂ခါသွားဖြစ်တယ်... ပထမတစ်ခါ ပြည်သွားတုန်းက ညဘက်သွားတာမို့ မလိုက်ရဘူး... ဒုတိယတစ်ခေါက်ကျ မနက်အစောကြီးသွားမှာဆိုတော့... အဖေ့ကို ဒူးလေးထောက်ပြီး သနားစဖွယ် ပူဆာလိုက်တာ သွားရရော...:P ကျောင်းမှာလည်း တစ်ခါမှ မလိုက်ဖူးတဲ့ k2တို့ နာမည်ကို ကြီးရော... ဆရာဆရာမတိုင်း သူငယ်ချင်းတိုင်းကလည်း နေ့တိုင်းဒါပဲမေးပြီး ဟုတ်ရဲ့လားပေါ့... သွားတဲ့နေ့ကျ အဖေနဲ့အမေက ကားထွက်တဲ့အထိ စောင့်ပြီး ဟိုဟာမစားနဲ့နော်..ဒီဟာမလုပ်နဲ့နော်ပေါ့... သူငယ်ချင်းတွေနဲ့ သွားရတော့မှာဆိုတော့ ဝမ်းသာနေတာနဲ့..အင်း...အင်း...သာပြောလိုက်တာ.. ဘာတွေမှာလည်း မသိပါဘူး... တစ်ကားလုံး သီချင်းတွေ ပြိုင်တူဆိုလို့ နောက်ကြပြောင်ကြနဲ့ အရမ်းပျော်ဖို့ကောင်းတယ်... ဘယ်လောက်ဆိုးလဲဆိုတော့... ကားထွက်ဖို့ ကိုယ်တို့ အုပ်စုကိုပဲ စောင့်စောင့်နေရတယ်...ဟီး... (ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ကျောင်းနဲ့သွားခဲ့ရတဲ့ Tripလေး)


စိတ်ညစ်ညူးဖွယ်ရာ အကောင်းဆုံးနေ့လေးတစ်နေ့ကတော့ ၇တန်းနှစ် စာမေးပွဲနောက်ဆုံးနေ့ပေါ့... ကျောင်းမှာ ညီမလေးအပါအဝင် အခန်းထဲကပဲ နောက်ထပ် ယောက်ျားလေး၂ယောက် အပြင်းဖျားကြတယ်... ယောက်ျားလေး၂ယောက်ကတော့ နောက်ပိုင်းရက်တွေ ဆေးရုံကဖြေကြတယ်လို့ ကြားပေမယ့် ညီမလေးကတော့ အဖျား102ကို ကျောင်းကို လမ်းလျှောက်ပြီး သွားဖြေခဲ့တယ် (ကျောင်းနဲ့အိမ်ကနီးတော့)
နောက်ဆုံးနေ့မှာ... ခုံနံပါတ် ရှေ့ဆင့်နောက်ဆင့်ဆိုတော့ ရှေ့မှာထိုင်နေတဲ့ သူ့ကို မြင်နေရတယ်... ဖြေနေရင်းနဲ့ ငါစာတွေ မေ့ကုန်ပြီလို့ပြောတော့ အရမ်းစိတ်ပူသွားတယ်... နောက်ကျ အတန်းရှေ့ဆုံးမှာထိုင်ရတဲ့ ညီမလေးကို နေကလည်းမကောင်း နေကလည်း ပူနေတယ်ဆိုပြီး ဆရာမက နေရာရွှေ့ပေးလိုက်တယ်... ဖြေနေရင်းနဲ့ သူ့ကိုပဲ တစ်ချိန်လုံးလှည့်ကြည့်နေမိတယ်... ကိုယ်ဖြေထားတာတောင် ပြန်မစစ်နိုင်ဘဲ အချိန်ပြည့်တော့ ဆရာမစာရွက်လာသိမ်းတာ မစောင့်ဘဲ ဖြေလို့မပြီးသေးတဲ့ညီမလေးဆီပြေးသွားမိတယ်... သူရေးနေတာကို ဘေးကရပ်ပြီး အရမ်းစိတ်လှုပ်ရှားနေရတာပေါ့... ပြီးလည်းပြီးခါနီးတော့မှာဆိုတော့...ဘေးကနေ ခုန်ဆွခုန်ဆွနဲ့ပေါ့...နောက် တစ်ခြားသူငယ်ချင်းတွေကလည်း စိတ်ပူပြီး ဘေးနားရောက်လာကြရော... ဆရာမက အတင်းအပြင် ထွက်ခိုင်းတော့မှ သူငယ်ချင်းတွေလည်း လည်တပြန်ပြန်နဲ့ ထွက်သွားကြတယ်... ဆရာမ စာရွက်လာသိမ်းတော့လည်း ဆရာမကို တောင်းပန်မိတယ်... ခင်နေတဲ့ ဆရာမဆိုတော့ ချော့မော့ပြီးစာရွက်အတင်းသိမ်းသွားတာပေါ့... ညီမလေးက Aခန်းမဝင်တော့ပါဘူးလို့ ပြောပြီးမျက်ရည်လည်းကျရော ကိုယ်ကပါ ရောငိုမိရော... သူငိုတာလူမသိပေမယ့် မျက်နှာကြီးနီနေ့တဲ့ကိုယ့်ကို ဆရာဆရာမတွေ သူငယ်ချင်းတွေက ဟဲ့...ဘာဖြစ်လို့တုန်းလို့ မေးကြရော...ဟီး...ရှက်တော့လည်းရှက်စရာကြီး...နောက် ကျောင်းမှာလူကုန်တဲ့အထိစောင့်... ပြီးမှ ကျောင်းအောက်မှာစောင့်နေတဲ့အဖေနဲ့အမေဆီ ဆင်းလာကြတော့...ဟဲ့...ဘာလို့လဲ...သမီးကော မဖြေနိုင်ဘူးလားလို့မေးတော့...ဘယ်လို ဝမ်းနည်းမှန်းမသိ ဝမ်းနည်းလာရော... မျက်ရည်မကျအောင် မျက်တောင်ပုပ်ခတ်ပုတ်ခတ်နဲ့ အိမ်ပြန်လာတော့... လူတွေက ကွက်ကြည့်ကွပ်ကြည့်နဲ့...:P ကျောင်းတစ်လျှောက် အဲဒီနေ့က တော်တော်စိတ်မကောင်းလည်းဖြစ် ဝမ်းလည်းအရမ်းနည်းခဲ့ရတယ်... (အဲ...စာမေးပွဲဖြေပြီး စာမေးပွဲအခန်းထဲက ငိုပြီးထွက်လာတဲ့နေ့လည်းဖြစ်တယ်...ဟီး...)

ကဲ...စိတ်ညစ်ညစ်နဲ့ပဲ အရှည်ကြီးရေးလိုက်တယ်... tag လိုက်ဦးမယ်နော်...
၁. အပျိုကြီး၊ လူပျိုကြီး ဇာတ်လမ်းကို အစ,ဖော်တဲ့ ကိုမောင်မင်း
၂. Pageကို အမျိုးမျိုး မရိုးရအောင် designလုပ်နေတတ်တဲ့ ညီမလေး ဖြူ
၃. ကြိုက်တာပြော ချက်ကျွေးမယ်... ချက်နည်းစာအုပ်ပဲလိုတယ်ဆိုတဲ့ ကိုD'Leh
အမှန်တော့ အားလုံးကို tag ချင်တာ...:P သို့ပေသိ memberအသစ်လေးတွေကိုပဲ အရင်အလုပ်ပေးလိုက်ပါဦးမယ်...:)

လူသားတိုင်း ပူပန်ခြင်းမှ ကင်းဝေးကြပါစေ...
k2tmaung


23 June 2009 ရွှေမြန်မာတွင် မောင်လေး ကိုကို Tag ခဲ့သည်ကို ရေးခဲ့ခြင်းဖြစ်ပါသည်။

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..