ဆိုင်ထဲ လူတွေများနေလို့ နေရာလွတ်များရှိဦးမလားလို့ ဝေ့ဝဲကြည့်လိုက်သေးတယ်... ကောင်တာမှာ ကိုယ်စားချင်တာမှာပြီး ကောင်တာနဲ့ အနီးဆုံးလည်းဖြစ် အမျိုးသမီးတစ်ယောက်တည်း ထိုင်နေတာလည်းဖြစ်တော့ အဲ့ဒီစားပွဲမှာပဲ ခွင့်တောင်းထိုင်လိုက်တယ်... ဖုန်းသုံးမယ်လုပ်ပြီး ဖုန်းဖွင့်လိုက်တဲ့အချိန် ဘေးနားလူရိပ်မြင်လို့ မော့ကြည့်လိုက်တယ်...
"ဟင်" အံ့အားသင့်ခြင်းက ဇဝေဇဝါဖြစ်ခြင်းကိုပါ ကူးစက်စေသလား...
"နင် ဆိုင်ထဲဝင်လာကတည်းက ဟဲ့ ဟဲ့ ဟဲ့ နဲ့ ခေါ်နေတာ"
ဘေးပတ်ဝန်းကျင်ကို သိပ်ဂရုမပြုတတ်မှန်း ကိုယ့်ဘာသာ သိပေမယ့် ဟဲ့ဟဲ့ဟဲ့လို့ လှမ်းခေါ်တာတောင် မမြင်ဘူးဆိုတော့ ကျမမျက်စိ တော်တော်သေတယ် ပြောရမယ်...
သူနဲ့လား...
စလုံးရောက်ပြီးကတည်းက မချိန်းဘဲ city hall မှာ အမြဲတမ်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်ကြလို့ ပြောစမှတ်ကို ဖြစ်နေခဲ့တာ...
"ငါ့ညီလေး ညီမလေးနဲ့ လာတာ"တဲ့...
အဲ့ဒီ သူ့ညီလေးညီမလေးကိုလည်း ဝေ့ပြီး ရှာလိုက်သေးတယ်... မတွေ့... ကျမနှယ် မျက်စိ မရှင်ပုံများ...
အမှန်က ဒီနေ့ ဒီဆိုင်လာဖို့ အစီအစဉ် မရှိပါဘူး... သူဌေးက "နေ့လည်စာ စောစောသွားစား... ဘယ်အချိန် warehouse သွားဖြစ်မလဲမသိဘူး"လို့ ပြောတာတောင် ထမင်းထွက်စားချိန်က နေ့လည် နှစ်နာရီကျော်နေပြီ...
အရင်နေ့တွေက ဒီအချိန်ဆို စားနေကျဆိုင်ကနေ ပါဆယ်ထုပ်ပြီး ရုံးမှာ ပြန်စားနေကျပါ...
ဒီနေ့ ဒီအချိန် ဒီနေရာကို မလာဖြစ်ခဲ့ရင်... ဒါမှမဟုတ် သူတို့လည်း တစ်ခြားဆိုင်မှာ သွားစားဖို့ စိတ်ကူးရခဲ့ရင်...
ကျမတို့ ဆုံဖြစ်ကြပါ့မလား... ဒါဟာ တိုက်ဆိုင်မှုသက်သက်ဆို ဘယ်လိုအရာတွေက တိုက်ဆိုင်မှုဖြစ်ဖို့ ပံ့ပိုးနေခဲ့သလဲ...
(ဘာသာရေးမဟုတ်တဲ့ စိတ်ကူးယဉ်မှုမှုသက်သက်ဖြင့်သာ တွေးပါတယ်)