Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

မဆန့်မပြဲဖြစ်နေတဲ့ ခံစားချက်တစ်ချို့ ရင်ဘတ်ထဲထည့် သိမ်းမထားချင်တော့လို့ စာမျက်နှာပေါ် ရေးချခွင့်ပြုပါ... တစ်နေ့တာဖြစ်ပျက်မှုတွေကို လွယ်ကူစွာ မေ့တတ်နေခဲ့လို့ မရေးဖြစ်တာ ကြာခဲ့ပြီဖြစ်တဲ့ ဗလာဗလာ စာမျက်နှာ ပေါင်းများစွာနဲ့ ဒိုင်ယာရီစာအုပ်လေးကို အခါခါ ကိုင်ကြည့်ခဲ့မိတယ်... ရေးမယ်လို့ စဉ်းစားလိုက်တော့ တစ်နေ့တာခံစားချက်မဟုတ်တော့တဲ့ ရက်ရှည်ဝေဒနာတစ်ခုက စာတစ်မျက်နှာနဲ့ မဆန့်တော့ဘူးလေ... ************************************** 

အဖေ နောက်နောက်ပြီး ပြောတတ်တဲ့ စကားတစ်ခွန်းကို အမှတ်ရမိတယ်... "ငါ့သမီး မျက်နှာကျောလေး နည်းနည်းလျှော့လိုက်ရင် ပိုချောသွားမှာ"တဲ့... ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်... ဒါပေမယ့် လျှော့ဖို့ကြိုးစားရင်းနဲ့ ပိုပိုခက်ထန်လာတဲ့စိတ်တွေက မျက်နှာမှာ ပုံရိပ် လာထင်နေကြတယ် ထင်ပါတယ်... သူငယ်ချင်းတွေက "ငါနားလည်ပါတယ်"လို့ ပြောကြတဲ့အခါတိုင်း ငါခေါင်းကိုမော့ပြီး အစွမ်းကုန် အော်ရယ်ပစ်ချင်မိတယ်... မပြောကြပါနဲ့... မင်းတို့ နားမလည်တဲ့ မခံစားဖူးတဲ့ ဒဏ်ရာတွေ ငါ့မှာ ရင်ဘတ်တစ်ခုနဲ့ အပြည့်ရှိတယ်... ကိုယ်မခံစားဖူးတဲ့ ဝေဒနာတစ်ခုကို စကားတစ်ခွန်းနဲ့ နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့... မင်းတို့ကို ပြောပြတယ်ဆိုတာ အားပေးမှုကို တောင့်တခဲ့လို့တော့ မဟုတ်ဘူး... ရင်ထဲမှာ ပြည့်ကျပ်လေးလံနေတဲ့ ခံစားချက်တစ်ချို့ကို ရှင်းထုတ်ပစ်ရုံသက်သက်ပါ... မင်းတို့ရှေ့မှာ ပျော်ပျော်နေတတ်သော ပြုံးပြုံးရွှင်ရွှင်နေတတ်သော ငါ့ရဲ့နောက်ကြောင်းက မင်းတို့ ထင်သလို မလှပတဲ့အပြင် အကျည်းတန် ရုပ်ဆိုးလွန်းတယ်... အဲဒါတွေကို ငါ့စိတ်ထဲက ထုတ်နိုင်ဖို့ ငါပိုပြုံးမိသလား... ငါပိုပျော်နေမိသလား... သေချာတာက ငါကိုယ်တိုင် အကြောင်းမဲ့ ပျော်ပျော်နေတတ်သူမို့ ဖြစ်မယ်ထင်ပါတယ်... အမေပေးခဲ့တဲ့ နာမည်တစ်ခုနဲ့ လိုက်ဖက်အောင် ငါစိတ်ကောင်းကင်ကို ကြည်လင်နေဖို့ ငါကြိုးစားနေပါတယ်... ငါ့ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်နေစေဖို့ ငါကြိုးစားပါတယ်... ဒါပေမယ့် တခါတလေ ငါ ပြန်ရနေတာတွေက ဘာလို့နာကျည်းမှုတွေ ဖြစ်နေရတာလဲဆိုတာ ငါ မစဉ်းစားတတ်အောင်ပဲ... နာကျည်းရတာကို ငါမုန်းတယ်... မုန်းရတာကို ငါမုန်းတယ်... အဲဒီအမုန်းတွေ ရင်ထဲ ရောက်နေတာကို ငါမုန်းတယ်... ငါမမုန်းချင်ပါဘူး... ဒါဆို... ငါ အပျော်စစ်ကိုကော ရရှိခဲ့ဖူးသလား... အင်း...အသေအချာပေါ့... ငါရခဲ့ဖူးပါတယ်... လွန်လေပြီးသောအခါတုန်းကပေါ့... အဲဒီတုန်းက ငါပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းက ငါ့ကိုယ်ငါ နိမိတ်ဖတ်ခဲ့လေသလား... ပင်လယ်က လှိုင်းတွေငြိမ်သက်လွန်းရင် သဘာဝမဆန်သလို လူ့ဘဝကလည်း အပြောင်းအလဲမရှိရင် ဘဝမဆန်ဘူး... စိတ်ကူးယဉ်စကားတစ်ခွန်း လက်တွေ့မှာတော့ ရင်ဘတ်တစ်ခုကို ဓားနဲ့အကြိမ်ကြိမ် မွှန်းနေတာပါလား... 
၀၁.၀၆.၂၀၀၉ 
သေချာကြည့်မိခဲ့ရင်တော့ မြင်ရပါလိမ့်မယ်... ငါ့မျက်ဝန်းတွေထဲက စိတ်ပျက်မှုတွေ၊ ဒေါသမပါတဲ့ နာကျည်းမှုတွေကို... 
ရဲတင်းတယ်ဆိုချင်ဆို... သေချာတာတစ်ခုကတော့ ငါ့အကြည့်တွေ တစ်ချက်မှ မသိမ်းခဲ့တဲ့အတွက် အနည်းဆုံးတော့ အားတုံ့အားနာဆိုတဲ့အဖြစ်၊ ပြောနေတဲ့ စကားလုံးတွေအတွက် စိတ်မသက်မသာဆိုတဲ့အဖြစ်တော့... ရှိနေခဲ့လိမ့်မယ်ဆိုတာ ငါ ကောင်းကောင်း အကဲခတ်နိုင်ခဲ့ပါတယ်... ပြောခဲ့ဖူးတဲ့ Family Type ဆိုတာ ဒါလား... အရေးကြုံတော့ ကိုယ့်အသားကိုယ် ဓားနဲ့လှီးဖို့ ကြိုးစားတာ တရားသောနည်းလို့ တစ်ခြားသူတွေ လက်ခံရင် ငါကတော့ အားလုံးရဲ့သဘောထားနဲ့ ကွဲလွဲနေတဲ့ စုံးပြူးတစ်ကောင်ပဲ ဖြစ်လိမ့်မယ်... လက်ခံနေနိုင်တဲ့ လူအားလုံး ပြုံးနေနိုင်တာကိုလည်း ငါ အံ့ဩတယ်... ငါတစ်ယောက်တည်းကပဲ မှားယွင်းနေတာလား ငါစဉ်းစားမရဘူး... နာကျင်မှုက နှုတ်ခမ်းတစ်ချက် အမဲ့မှာ စိတ်ပျက်စွာ လွင့်ထွက်သွားတယ်... ငါပြုံးမိလိုက်တယ်... ထားလိုက်ပါတော့... ခေါင်းပုံဖြတ်တယ်ဆိုတာ ဘာကိုခေါ်သလဲ ငါ မသိလို့ နာမ်စားမထိုးတော့ပါဘူး... မြို့ကြီးသားဆိုတာ အပေါ်ယံ ဟန်ဆောင်ကောင်းပြနေကြပြီး အတွင်းစိတ်မှာကျ ခွဲခြားဆက်ဆံနေကြတဲ့ သူတွေကိုခေါ်တာလား... သူတို့ကို ဘယ်လိုနာမည်တပ်ရမလဲ ငါတကယ် မသိဘူး... ဘာပဲဖြစ်ဖြစ် သူတို့နဲ့ စရိုက်သဘာဝ မတူသူတွေကို ခေတ်နောက်ကျသူတွေလို့ လွယ်ကူစွာ အထင်သေးတတ်ကြတယ်... ဆန်းတော့လည်း မဆန်းပါဘူး... ဒါတွေကို ငါ အကဲခတ်နိုင်ခဲ့တာ ကြာပြီပဲ... ငါ မသိချင်ယောင်ဆောင်တယ်ဆိုတာ အိပ်နေတာတော့မဟုတ်ခဲ့ဘူး... ကိုယ့်ထက် အသက် အများကြီး ငယ်တယ်ဆိုပြီး ကလေးတစ်ယောက်လို တုံးအအလို့တော့ မမြင်ပါနဲ့... ငါ အမှန်တကယ် ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး... ပေးတိုင်းယူ ကျွေးတိုင်းစား... ကျေးဇူးအလွယ်တကူ ယူတတ်တဲ့ ငါ မဟုတ်မှန်းသိပါရဲ့နဲ့ ငါ့မာနကို ချိုးနှိမ်ဖို့ မကြိုးစားပါနဲ့... မင်းတို့မှာ ရှိတဲ့ငွေကြေးတွေနဲ့ ငါ့မှာရှိတဲ့ ပညာကိုလည်း မနှိုင်းယှဉ်ပါနဲ့... မင်းတို့ လွယ်ပါတယ်လို့ ထင်နေတဲ့ ဒီပညာတွေကို ဉာဏ်မတုံးတဲ့ ငါ နှစ်နဲ့ချီ သင်ယူခဲ့ရတာပါ... ခုထိလည်း သင်ယူနေရဆဲ... နောက်ထပ်လည်း အဆုံးမရှိ ငါ သင်ယူနေရဦးမှာပဲ... လူတိုင်းမှာ မတူညီတဲ့ Telent တွေရှိကြပါတယ်... ကောင်းတဲ့အချက်တွေ ရှိကြသလို အားနည်းချက်ဆိုတာလည်း လူတိုင်းမှာရှိကြပါတယ်... ကိုယ်မသိနိုင်သေးဘဲ ငါမှငါ၊ ငါ့အသိုင်းအဝိုင်းမှ ငါ့အသိုင်းအဝိုင်းဆိုတဲ့ အတ္တတွေနဲ့ လူတစ်ဖက်သားကို အလွယ်တကူ အထင်မသေးချင်ကြစမ်းပါနဲ့... အခြေမတူဘူးလို့ ခံယူထားရင် ကိုယ်နဲ့ တန်းတူထား ပေါင်းသင်းဖို့အတွက် ခက်ခဲမယ်မှန်း ငါနားလည်ထားပါတယ်... ငါကိုယ်တိုင်လည်း လူတိုင်းကို လူတစ်ယောက်အနေနဲ့ ဆက်ဆံနိုင်ဖို့ အမြဲကြိုးစားနေဆဲမို့ပါ... သို့ပေမယ့် မေ့လျော့နေတယ်ဆိုရင်တော့ သတိပေးချင်တယ်... ငါ အောက်ခြေလူတန်းစား မဟုတ်ဘူး... 

ငါ့ကို နေရာတစ်နေရာ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီနေ့အထိလည်း ငါ့ရပ်တည်မှုအတွက် ငါကျေးဇူးတင်နေဆဲပါ... သို့ပေမယ့် ငါတို့ဟာ ကျေးဇူးခံကျေးဇူးစားတော့ မဟုတ်ဘူး... ကောင်းခဲ့တာတွေ အပြန်အလှန်ရှိကြတယ်ဆိုပေမယ့်... ငါကောင်းခဲ့တာတွေက ပိုအလေးသာမယ် ထင်ပါတယ်... ငါနဲ့မဆိုင်တဲ့အလုပ်တွေကို ကူညီပေးနေတာ စေတနာ သက်သက်နဲ့ပါ... ရမယ်ထင်လို့ စကားချိုချိုသုံးပြီး အသုံးချချင်တယ်ဆိုရင်တော့ မောသွားပါလိမ့်မယ်... လောကကြီးထဲကနေ သင်ယူခဲ့သမျှထဲမှာ "ပြန်မပြော နားမထောင်" ဆိုတဲ့ ဘာသာရပ်ကို တစ်ဘက်ကမ်းခတ်အောင် ငါ တတ်မြောက်ထားတယ်... ငါ့စေတနာတွေအတွက် ကျေးဇူးမတင်ချင်နေပါ... နောက်ထပ် စေတနာတွေ ဆိတ်သုန်းအောင်တော့ မလုပ်ပါနဲ့... ငါလည်း အတ္တမကင်းတဲ့ လူတွေထဲက လူတစ်ယောက်မို့ အတ္ထဆန်ဆန်ပဲ တွေးတတ်တယ်... မပြောသာလို့ ပြောမထွက်ခဲ့တာဟာ အားနာတာတော့ မဟုတ်ဘူး... သည်းခံမှု အတိုင်းအတာကို လွန်သွားလို့ ငါ့ဒေါသလေး ရှေ့ထွက်လာပြီဆိုရင်တော့ အားနာမှုတာရိုး အလွယ်တကူ ကျိုးတတ်သူပါ... ခုချိန်မှာတော့ "ရောင်ပြန်ဟပ်တယ်" ဆိုတဲ့စကားက ငါ့အတွက်တော့ ယုံတမ်းစကားပဲ... ငါ ပေးခဲ့တာတွေက ရေထဲသွန်ချ ခံနေရသလိုပဲ... အမှတ်သည်းခြေသာ ငါကြီးတတ်ရင် နောက်ထပ် ကူညီမှုဆိုတာ ရှိဦးမယ်မထင်တော့ပါဘူး... 

ငါ gentle ဖြစ်တာ မင်းတို့ စွပ်စွဲသလို ကြောက်တာတော့ မဟုတ်ခဲ့ဘူး... ယဉ်ကျေးမှုဆိုတာ အဆင့်အတန်း တစ်ခုရဲ့ ပြယုဂ်လို့ ငါသတ်မှတ်ထားလို့ ငါ့စိတ်တွေကို ချွန်းအုပ်နေတာပါ... မယုံရင် ပုံပြင်တစ်ခုလို့သာ မှတ်ပါ... ငါ အမှားမလုပ်သ၍ ငါ့မှာ ကြောက်ရွံ့ခြင်းဆိုတာ ကင်းတယ်... ငါလည်း လူထဲကလူမို့ ရိုင်းစိုင်းတတ်ပါတယ်... မင်းတို့ ထင်သလို ငါဟာ မခုတ်တတ်တဲ့ ကြောင်တစ်ကောင်လည်းမဟုတ်ဘူး၊ အပြစ်ကင်းတဲ့ သိုးငယ်တစ်ကောင်လည်း မဟုတ်ဘူး... အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို မကျေနပ်ရင် ကိုယ့်အဆိပ်နဲ့ တမြည့်မြည့် ခံစားသေစေတတ်သူမျိုးပါ... 

ငါ လိပ်ပြာသန့်ချင်တယ်... ငါ ဟန်မဆောင်ချင်ဘူး... ငါ မညာချင်ဘူး... ငါ မလိမ်ချင်ဘူး... ငါ့ကိုယ်ငါ မမုန်းချင်ဘူး... ခုတော့... နေ့တိုင်း မုသားတွေ သုံးနေရတာကို မုန်းတယ်... ကိုယ်လိုချင်တာကို ရ,ဖို့ ချိုသာတဲ့ စကားတွေ ပြောနေရတာကို မုန်းတယ်... တစ်လောကလုံး အထင်လွဲနေရင်တောင် ရှင်းပြဖို့စိတ်မဝင်စားတဲ့ ငါ ခုတော့ လူပေါက်စေ့ကို ရှင်းပြနေရတယ်... စိတ်မပါရင် မျက်နှာချင်းဆိုင်တွေ့တောင် ပြုံးမပြတတ်တဲ့ ငါ ခု လူတွေနဲ့ ဟန်ဆောင်ပြုံးပြီး ဆက်ဆံနေရတယ်... အဲဒါတွေကို ငါမုန်းတယ်...
ငါပျော်ရွှင်နေတယ်လို့ မင်းတို့ မြင်ကောင်းမြင်နေလိမ့်မယ်... ငါကိုယ်တိုင်လည်း ပျော်နေသလား... စိတ်ညစ်နေတာလား... မသိတော့ဘူး... စိတ်တွေက နာကျင်ရလွန်းလို့ ထုံကျဉ်သွားကြတာပဲဖြစ်မယ်... ရင်ထဲမှာ မိုးကြိုးတွေ အကြိမ်ကြိမ်ပစ်နေပေမယ့် မျက်ဝန်းတွေက မိုးမရွာနိုင်ကြဘူး... သူတို့မှာ မျက်ရည်ထုတ်ဖို့ ခွန်အားတွေတောင် မရှိကြတော့လို့ပဲ ဖြစ်မယ်... 
ဆုတောင်းတစ်ခုသာ ပြည့်မယ်ဆို ခုချိန်မှာ တစ်ခုပဲ တောင်းချင်တယ်... "နောက်ဘဝဆက်တိုင်း သူများစိတ်နဲ့ ကိုယ့်ကိုယ် အလုပ်လုပ်ရသောသူ မဖြစ်ရပါစေလို၏"လို့... 
ကျေးဇူးပြု၍ သင်တို့မှာရှိတဲ့ နှလုံးသားတစ်စုံနဲ့ ခံစားပေးပါ... စာစုတစ်ခုအနေနဲ့ အကဲဖြတ်ပေးပါ... သို့ပေမယ့် အားပေးမှုတော့ မပြုပါနဲ့... ယိုင်နဲ့နဲ့ဖြစ်နေတဲ့ စိတ်အိမ်လေးက လေပြေရဲ့တိုက်ခတ်မှုကိုတောင်မှ ကြံ့ကြံ့ခံနိုင်စွမ်းမရှိလို့ပါ... ကိုယ့်မာနတစ်ခု အလံထူဖို့ ဆေးခါး နောက်တစ်ခွက်မသောက်ပါရစေနဲ့တော့... ကျေးဇူးတင်ပါသည်...

Created By: k2tmaung (03 Jun 2009 Wednesday 04:32PM) 
မှတ်ချက် - 01.06.2009 Monday 09:35AM Meeting အတွင်းမှ အဖြစ်အပျက်တစ်ခုအပေါ် ပေါက်ကွဲရင်း အရင်ကတည်းက ရှိနှင့်နေပြီးသော စိတ်ခံစားမှုများအား ပေါင်းစည်းရေးသားပါသည်...

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..