Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...















12 May 2014
ရုံးမှာ admin department ကလွဲပြီး ကျန်တဲ့သူတွေက ၉ခွဲမှ ရုံးတက်တာ... admin တစ်ခန်းလုံးမှာကလည်း ဒီနေ့ ကိုယ်တစ်ယောက်တည်း...
ရုံးထွက်သွားတဲ့သူ စားပွဲသွားကြည့်ပြီး အမြင်မတော်ရင် မနေနိုင်လွန်းတာမို့ ရှုပ်နေတာလေး သပ်သပ်ရပ်ရပ်လုပ်ပေးရင်း မသုံးတော့တဲ့ စာရေးကိရိယာအချို့ကို stationery တွေ ထည့်ထားတဲ့ ဘီဒိုထဲထည့်ဖို့ လုပ်မိတယ်... အောက်ဆုံးအံဆွဲကို ဖွင့်ဖို့ ဆောင့်ကြောင့်ထိုင်လိုက်ရုံရှိသေး ဘီဒိုဘေးနားက လိုက်ကာနားမှာ ဘယ်သူ ကပ်ခွါချသွားတယ်မသိ... ကြွက်လေးက တလှုပ်လှုပ်နဲ့... သူက ကိုယ့်လန့်မလန့်တော့ မသိဘူး... ကိုယ်ကတော့ တော်တော်လန့်သွားတယ်... ခုနက အဲ့ဒီနား ခေါက်တုန့်ခေါက်ပြန် လျှောက်နေသေးတာ... အဲ့တုန်းက သတိမထားမိဘူ... ခုလို နီးနီးကပ်ကပ်မြင်လိုက်ရတော့ လိပ်ပြာတွေ ဘာတွေတောင် လွင့်သွားသလားထင်ရတယ်... သန့်ရှင်းရေးအမျိုးသမီးကလည်း မကိုင်ရဲ... သူကလည်း ကပ်ခွါပေါ်ကနေ ကြိုးစားပမ်းစား ရုန်းနေတာသနားစရာ... နည်းနည်းတော့ ကြိုးစားကြည့်ဦးမယ်ဆိုပြီး လိုက်ကာကို မ,ကြည့်လိုက်တယ်... လိုက်ကာမှာပါ ဘယ်လိုလုပ် ကပ်ခွါတွေ ကပ်နေလဲမသိ... သူ့အမွှေးတွေရော လိုက်ကာရော ကော်တွေကပ်နေလေရဲ့... လိုက်ကာအောက်နားတွေလည်း ရုန်းကန်ဖို့ အားဆွဲယူရင်း ကိုက်ထားတာနဲ့တူတယ် ဆုတ်ပြဲနေတယ်... မြင်ရတာ စိတ်လည်းမချမ်းသာ... ကိုယ်ကလည်း မကိုင်ရဲ... ဘယ်သတ္တဝါမဆို ကိုယ့်ဝမ်းစာကိုယ်ရှာပြီး ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထားကြတာပါပဲ... သေချာကြည့်ရင် ကြွက်လေးတွေကလည်း ချစ်စရာကောင်းပါတယ်... ကြွက်ဖြူတို့ hamster တို့တောင် မွေးကြသေးတာပဲဟာ... ဒီကြွက်လေးတွေကျမှ ဘာလို့ မုန်းကြတာပါလိမ့်... သတ်ချင်လည်း တစ်ခါတည်း သေစေနိုင်တဲ့ နည်းမျိုးနဲ့ သတ်ပေါ့... မသေမရှင်နဲ့ မြင်ရတာ တော်တော်စိတ်ဆင်းရဲဖို့ကောင်းပါတယ်... ကိုယ်သာ သူ့နေရာမှာဆိုပြီး နည်းနည်းလေးခံစားကြပြီး ကပ်ခွါတွေ မသုံးကြရင် သိပ်ကောင်းမှာပဲ...

ဆက်လက်ဖတ်ရှုရန်...




















မိဖြူ
"ဒါ ဘာလဲ"
အမေ့လက်ထဲက ကျမ ဒိုင်ယာရီ... ကျူရှင်မှ ပြန်လာတဲ့ကျမ အမောတောင် မဖြေနိုင်ခင် မေးခံလိုက်ရတဲ့ မေးခွန်းကြောင့် သူခိုးလူမိသလို မလှုပ်မယှက် ဒိုင်ယာရီစာအုပ်ကို စူးစိုက်လို့ ရင်ထဲမှာတော့ "အပြစ်"ဆိုတဲ့ လှံက လာစိုက်နေခဲ့တယ်... ဘာပဲဖြစ်ဖြစ် အမေဆိုတဲ့ နာမတစ်ခုကို ကြောက်လန့်မိတာကတော့ သားသမီးတစ်ယောက်မို့ မဟန့်တားနိုင်ပါ... ရင်ထဲမှာ မြင်းတွေ ဒုန်းစိုင်း ရိုင်းစိုင်းစွာ ပြေးနေကြတယ်ထင်ပါရဲ့... သို့ပေမယ့် အပြင်ပန်းမှာတော့ မတုန်မလှုပ် ကြောက်ရွံ့တဲ့ရုပ်ကို ဟန်လုပ် အမေ့ဒေါသကို အန်တုဖို့ အင်အားတွေ စုမိတယ်...
"ကြည့်စမ်း စာအုပ်ထဲမှာ ရေးထားလိုက်တာတွေ... နင် ငါ့သမီးမဟုတ်ဘူး..."
အမေက မျက်ရည်တွေနဲ့ နာနာကျင်ကျင် အော်ပြောလိုက်တာကို ခေါင်းမော့ခံလိုက်ပေမယ့် အဲ့လိုရဲဆေးတင်နိုင်ဖို့ သက်ပြင်းတစ်ချက်ကို တိုးတိုးတိတ်တိတ် လက်သိပ်ထိုး ချ,လိုက်မိတယ်... အမေဆူတဲ့ နေ့တွေတိုင်း မကျေနပ်တာတွေ တစ်လုံးမကျန် အာခံလို့ ရေးမှတ်ခဲ့တဲ့ ကျမရဲ့ သက်သေခံစာအုပ်... လက်ပူးလက်ကြပ် ချုပ်ပြီးနှောင်ပြီး မျက်စိရှေ့ရောက်နေတာမို့ "ကိုယ်လုပ်ကိုယ်ခံ" ဆိုတဲ့ မဖြစ်ညစ်ကြယ် အရွယ်ငယ်ငယ်နဲ့ သူရဲကောင်းစိတ် မွေးချင်မိတယ်...


ဆက်လက်ဖတ်ရှုရန်...



















အချစ်ဆိုတာ ရယူခြင်းလား... ပေးဆပ်ခြင်းလား... ကျမ ခုထိ နားမလည်သေးဘူး...
ကျမကကော ပေးဆပ်ပြီးချစ်ခဲ့သလား ရယူခြင်းမျိုးနဲ့ ချစ်ခဲ့သလား...
လူတိုင်းကတော့ ကိုယ့်မျက်ချေး ကိုယ် ဘယ်မြင်မလဲနော်...

ဘာလိုလိုနဲ့ ကျမတို့ လမ်းခွဲခဲ့ကြတာ ရှစ်လကျော်ခဲ့ပြီ...
အချစ်ဆိုတာ ပြောင်းလဲလွယ်တာလား... လူတွေက အချစ်အပေါ် သစ္စာမရှိကြတာလား... ချစ်ခြင်းကပဲ ထပ်တူမကျခဲ့တာလား...
အချစ်ဆိုတာ စာမေးပွဲတစ်ခုဆို ကျမအတွက် "ရှုံး"ဆိုတဲ့ အဖြေပဲထွက်မယ်ထင်တယ်...

မလွမ်းလောက်ပါဘူး... ဟင့်အင်း... မလွမ်းပါဘူး... မဟုတ်ဘူး... မလွမ်းသင့်ပါဘူး...
သူ့ဘက်ကကြည့် လက်ဖဝါး ကိုယ့်ဘက်ကကြည့် လက်ဖမိုး...
အပြစ်တင်သံတွေ ရန်ဖြစ်ခဲ့ကြတာတွေ ဒေါသနဲ့ပေါက်ကွဲခဲ့ကြတာတွေ အားလုံး ရပ်တန့်သွားကြပြီ...
နှစ်ယောက်လုံး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ရွေးကြချိန် နောက်ပြန်လှည့်နေတဲ့ စိတ်တွေကို တားဖို့ "အမုန်း နဲ့ နာကြည်းမှု"တွေကို စစ်ကူခေါ်ရတယ်...
နားလည်ပေးနေနိုင်သေးတယ်ဆိုတဲ့ စိတ်တွေကို ဖြတ်တောက်ဖို့ သူ့စကားအခွန်းတိုင်းက ဓားသွားတစ်ခုလို ပြတ်ရှစေခဲ့တယ်...
အချိန်တွေ အကြာကြီး စောင့်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ကျမက အပြစ်ရှိသူ မဟုတ်ဘူးလေ...
ဘာကြောင့် ထိုးနှက်မှုတွေနဲ့ လှောင်ပြောင်တဲ့ စကားလုံးတွေကို သူ ရွေးရွေးပြီး သုံးသလဲ ကျမ သိသလိုလို မသိသလိုလို... ကိုယ့်ကိုယ်ကိုယ် ငဲ့ညှာပြီး မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်...
သူ ရွေးတဲ့လမ်းမှာ သူ ပျော်တယ်ဆို ကိုယ် ဆက်လျှောက်ရတဲ့လမ်းမှာ ငိုကြွေးပြီး ရပ်တန့်မနေချင်ဘူး...
ကျမက ပြိုလဲလွယ်သူ...
ရှေ့ဆက်လျှောက်ဖို့ ကျမ သူ့ကို ဆက်ပြီး နားလည်မပေးမှ နောက်လှည့်မကြည့်ဖြစ်မှာ...
ကျမ ရွေ့ဖို့ 'အမုန်း နဲ့ နာကြည်းမှု'တွေကမှ ဆက်ရွှေ့နိုင်တာ...
ကျမ သူ့ကို မုန်းတယ်... ရှေ့ကို တိုးတိုးလျှောက်ဖို့ ကျမ သူ့ကို အမျိုးမျိုး မုန်းတယ်...

ဆက်လက်ဖတ်ရှုရန်...














အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျမ အိမ်ထောင်ပြုဖို့ အမျိုးသားတစ်ယောက်ကို လက်ထပ်တယ်ဆိုတာကို ဒီလို လက်ခံထားတယ်...
အိမ်ထောင်ပြုတယ်ဆိုတာ အမျိုးသမီးတွေအတွက် ချစ်တာအပြင် အားကိုးချင်တာလည်း ပါပါတယ်... အားကိုးမရဘဲ ချစ်ရုံနဲ့ လက်မထပ်သင့်ဘူး မှန်ပါတယ်... ဒါပေမယ့် မချစ်ဘဲ အားကိုးဖို့သက်သက် ဘာအတွက် လက်ထပ်မှာလဲ... အချိန်တန် ယောက်ျားတစ်ယောက် ယူကိုယူရမယ်ဆိုတာမျိုးကို ကျမ ဘယ်တုန်းကမှ လက်မခံခဲ့ဘူး... အိမ်ထောင်ပြုမှ ဖြစ်မယ်ဆိုတဲ့သူတွေကို ကျမ မေးလေ့ရှိတဲ့ မေးခွန်းက "ကိုယ့်ဘာသာ ရပ်တည်လို့မရလို့လား"လို့...

လောကမှာ ငွေက အဓိကအကျဆုံး အရာတော့ မဟုတ်ပါဘူး... ဒါပေမယ့် ငွေမရှိဘဲတော့လည်း ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပါဘူး...
ကိုယ်က မှီဖို့ မလိုအပ်သလို ကိုယ့်ကို မှီမယ့် ယောက်ျားမျိုးလည်း သေလောက်အောင်ချစ်ဦးတော့ စဉ်းစားဖို့တော့ လိုသေးတယ်... ကိုယ် ဘယ်လောက်ထိ အမှီခံနိုင်မှာလဲလို့... ယောက်ျားမိန်းမမှ မဟုတ်ပါဘူး... နှစ်ယောက်လုံး ကိုယ့်အခြေအနေနဲ့ကိုယ် တန်းတူညီမျှ ရုန်းကန်နိုင်ဖို့ လိုအပ်တယ်လို့ထင်တာပဲ... ဒီခေတ်ကြီးမှာ သာမာန်လူတန်းစားတွေအတွက် တစ်ယောက်ယောက်ကချည်း အမြဲမှီနေဖို့ရာ မဖြစ်နိုင်ပါဘူး...

ဆက်လက်ဖတ်ရှုရန်...




ဘဝရဲ့အစက သိပ်လှ
အမိနဲ့အဖရဲ့ အနားနား
ပူပင်စရာတွေ ဘာမှခေါင်းထဲမထည့်
အဖြူရောင်နှလုံးသားလေး ကျွန်တော်ထွေးပွေ့ရင်း
ရိုးသားမှုတွေ ထမ်းပိုး ပညာရှာဖို့ ထွက်ခွာလာ
လူတွေအလယ်ကို စရောက်တော့
ကျွန်တော်လေ အားလုံး အကောင်းမြင်သူပါ

အပေါင်းအသင်းများဆိုလည်း တွယ်တာမိတဲ့စိတ် လွန်ကဲ
ကျွန်တော်ဟာ သာတယ် နာတယ် မစဉ်းစား
အရာရာ ကိုယ့်ဘက်ကသာ ပေးဆပ်လို့လာ
သိပ်ချစ်ရသူလေးနဲ့ ဆုံလာခဲ့တဲ့အချိန်မှာလည်း
သူမရဲ့ကွက်လပ်များစွာ ဒိုင်ခံဖြည့်ခဲ့ဖူးပါတယ်

လူတွေကိုအကောင်း ကျွန်တော်မြင်ချင်ပေမယ့်
ကိုယ်ကကောင်းတိုင်းလည်း သူတို့ပြန်ကောင်းနိုင်ပါ့မလား
ဆိုးတဲ့သူအတွက် ကျွန်တော် ပြန်လည်းမဆိုးချင်ဘူး
အဖြူရောင်နဲ့နှလုံးသား အခုတော့ ပျက်စီးပြီလား

အဖေနဲ့အမေလည်းမရှိမှ
တကိုယ်ရည် လောကကြီးပေါ်လျှောက်ရ
သင်ယူစရာတွေ များလွန်းတော့
လူတွေ ညစ်ပတ်သမျှ ကျွန်တော် စိတ်သိပ်ညစ်
ခွင့်လွှတ်တတ်တဲ့ နှလုံးသား
ဒီအချိန် ဒေါသကြီးလာတယ်
ဟိုအတိတ်က နူးညံ့မှုတွေ
တခါပြန်မရတော့တဲ့အခါဝယ်

လူတွေကိုအကောင်း ကျွန်တော်မြင်ချင်ပေမယ့်
ကိုယ်ကကောင်းတိုင်းလည်း သူတို့ပြန်ကောင်းနိုင်ပါ့မလား
ဆိုးတဲ့သူအတွက် ကျွန်တော် ပြန်လည်းမဆိုးချင်ဘူး
အဖြူရောင်နဲ့နှလုံးသား အခုတော့ ပျက်စီးပြီလား


ဆက်လက်ဖတ်ရှုရန်...




















အပျိုကြီး၊ လူပျိုကြီး ဖြစ်တာ ရယ်စရာလား လှောင်စရာလား သနားစရာလား ကျမ နားမလည်ဘူး...
သူတို့ဘာသာသူတို့ မရလို့ဘဲဖြစ်ဖြစ် မလိုချင်လို့ဘဲဖြစ်ဖြစ် သူတို့ဘာသာ သူတို့ မယူတာ၊ မရတာ ဘယ်သူ့ထိခိုက်လို့ပါလိမ့်...
သူတို့မှာ သူတို့ အကြောင်းပြချက်နဲ့သူတို့ရှိနိုင်ပါတယ်... အားနည်းချက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်... ဒဏ်ရာဒဏ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်... အဲ့ဒါကို လိုက်ပြောတာ လှောင်တာ ရယ်စရာလုပ်နေတာတွေကို နားမလည်ဘူး... အပျိုကြီး လူပျိုကြီးမို့ ဂွကျတယ် ဘာညာနဲ့လည်း သိပ်မမြင်ပါနဲ့... လူတိုင်းလူတိုင်းမှာ အားနည်းချက် အားသာချက်ကိုယ်စီ ရှိကြတာချည်းပါပဲ... ကိုယ့်မျက်ချေး ကိုယ်မမြင်တတ်တာ သိပ်တော့လည်း မဆန်းပါဘူး... အိမ်ထောင်ရေးအဆင်ပြေသူတွေက အိမ်ထောင်ပြုတာ ကောင်းတယ် ပြောမှာပါပဲ... အိမ်ထောင်ရေးအဆင်မပြေသူတွေက အိမ်ထောင်ပြုတာ မကောင်းဘူး ပြောမှာပါပဲ... အဲ့လိုပဲ လူပျိုကြီး အပျိုကြီးတွေမှာလည်း သူတို့အမြင်နဲ့ သူတို့ ရှိကြမှာ ဒါသဘာဝပါပဲ...

အပျိုကြီး၊ လူပျိုကြီးတွေကလည်း ယောက်ျား၊ မိန်းမ မရလို့ ဘာအားငယ်စရာရှိပါလိမ့်... အိမ်ထောင်ရေးကံမကောင်းလို့ သားသမီးကံမကောင်းလို့ မျက်ရည်ကျရတဲ့ ဒုက္ခတွေထက် အများကြီးသာပါတယ်... 'အရင်း'အတိုင်းပဲလေ မရှုံးပါဘူး... ဘိုးဘွားရိပ်သာမရောက်ဘဲ လမ်းဘေးအပစ်ခံရတဲ့ အဘိုးအိုအဘွားအိုတွေ၊ ယောက်ျားမိန်းမ ဖောက်ပြန်လို့ ပူလောင်ရတဲ့ ဆင်းရဲဒုက္ခတွေ၊ သားဆိုးသမီးဆိုးတွေကြောင့် စိတ်ဆင်းရဲသောက ရောက်ရတာတွေထက် အများကြီးသာပါသေးတယ်... လူဆိုတာ လာတုန်းကလည်း တစ်ယောက်တည်း ပြန်သွားတော့လည်း တစ်ယောက်တည်း... လင်ယူသားမွေး မိန်းမရှာကျွေးဖို့သက်သက် လောကကြီးထဲ လာကြတာမှမဟုတ်တာ... လုပ်ချင်ရင် လုပ်စရာတွေမှ အများကြီးရယ်ပါ... အရာရာတိုင်းမှာ အားသာချက် အားနည်းချက်တွေ ဒွန်တွဲရှိစမြဲပဲ... အားနည်းချက်တွေချည်း ထိုင်တွေးနေရင် depression ရတယ်... အားသာချက်တွေချည်း ထိုင်တွေးနေရင်လည်း ဘဝင်မြင့်ရောဂါရဖိုပဲရှိတယ်... ယောက်ျားယူခြင်းမယူခြင်း မိန်းမယူခြင်းမယူခြင်းက ကိုယ့် personal ကိစ္စ... ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှုနေတာ... ဘယ်သူ့အမြင်နဲ့မှ အသက်ရှင်ဖို့ မလိုပါဘူး...

ဆက်လက်ဖတ်ရှုရန်...




















ဆိုင်ထဲ လူတွေများနေလို့ နေရာလွတ်များရှိဦးမလားလို့ ဝေ့ဝဲကြည့်လိုက်သေးတယ်... ကောင်တာမှာ ကိုယ်စားချင်တာမှာပြီး ကောင်တာနဲ့ အနီးဆုံးလည်းဖြစ် အမျိုးသမီးတစ်ယောက်တည်း ထိုင်နေတာလည်းဖြစ်တော့ အဲ့ဒီစားပွဲမှာပဲ ခွင့်တောင်းထိုင်လိုက်တယ်... ဖုန်းသုံးမယ်လုပ်ပြီး ဖုန်းဖွင့်လိုက်တဲ့အချိန် ဘေးနားလူရိပ်မြင်လို့ မော့ကြည့်လိုက်တယ်...
"ဟင်" အံ့အားသင့်ခြင်းက ဇဝေဇဝါဖြစ်ခြင်းကိုပါ ကူးစက်စေသလား...
"နင် ဆိုင်ထဲဝင်လာကတည်းက ဟဲ့ ဟဲ့ ဟဲ့ နဲ့ ခေါ်နေတာ"
ဘေးပတ်ဝန်းကျင်ကို သိပ်ဂရုမပြုတတ်မှန်း ကိုယ့်ဘာသာ သိပေမယ့် ဟဲ့ဟဲ့ဟဲ့လို့ လှမ်းခေါ်တာတောင် မမြင်ဘူးဆိုတော့ ကျမမျက်စိ တော်တော်သေတယ် ပြောရမယ်...
သူနဲ့လား...
စလုံးရောက်ပြီးကတည်းက မချိန်းဘဲ city hall မှာ အမြဲတမ်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်ကြလို့ ပြောစမှတ်ကို ဖြစ်နေခဲ့တာ...
"ငါ့ညီလေး ညီမလေးနဲ့ လာတာ"တဲ့...
အဲ့ဒီ သူ့ညီလေးညီမလေးကိုလည်း ဝေ့ပြီး ရှာလိုက်သေးတယ်... မတွေ့... ကျမနှယ် မျက်စိ မရှင်ပုံများ...
အမှန်က ဒီနေ့ ဒီဆိုင်လာဖို့ အစီအစဉ် မရှိပါဘူး... သူဌေးက "နေ့လည်စာ စောစောသွားစား... ဘယ်အချိန် warehouse သွားဖြစ်မလဲမသိဘူး"လို့ ပြောတာတောင် ထမင်းထွက်စားချိန်က နေ့လည် နှစ်နာရီကျော်နေပြီ...
အရင်နေ့တွေက ဒီအချိန်ဆို စားနေကျဆိုင်ကနေ ပါဆယ်ထုပ်ပြီး ရုံးမှာ ပြန်စားနေကျပါ...
ဒီနေ့ ဒီအချိန် ဒီနေရာကို မလာဖြစ်ခဲ့ရင်... ဒါမှမဟုတ် သူတို့လည်း တစ်ခြားဆိုင်မှာ သွားစားဖို့ စိတ်ကူးရခဲ့ရင်...
ကျမတို့ ဆုံဖြစ်ကြပါ့မလား... ဒါဟာ တိုက်ဆိုင်မှုသက်သက်ဆို ဘယ်လိုအရာတွေက တိုက်ဆိုင်မှုဖြစ်ဖို့ ပံ့ပိုးနေခဲ့သလဲ...
(ဘာသာရေးမဟုတ်တဲ့ စိတ်ကူးယဉ်မှုမှုသက်သက်ဖြင့်သာ တွေးပါတယ်)

ဆက်လက်ဖတ်ရှုရန်...













ငါလား...
တစ်နှစ်တစ်ခါ လှန်နေကျ စာမျက်နှာမှာ
မှင်နီလေးတွေ ခပ်ကျဲကျဲ
တစ်ချို့နေရာတွေမှာ ခပ်မဲမဲ
ဘဝဆိုတာ ရသစုံပါမှ တစ်ပါးအပေါ်ညီမျှမျှ
ခံစားပေးဖို့ နာယူခံခက် သတိချပ်တယ် မှတ်ပါတယ်

ငါလား...
ရှေ့တိုးဖို့ဆုံးဖြတ်ပြီးရင် နောက်ပြန်မလှည့်ချင်သူ
မူယာလား မာယာလား
ကိုယ်တိုင် စွပ်မထားတဲ့ မျက်နှာဖုံး
အရှုံးလား အဆုံးလား မသိချိန်ကျမှ အတုအစစ်ကို ခွဲတတ်စမြဲ

ငါလား...
ခေါင်းမာတယ် စိတ်မာတယ် အသဲမာတယ်
ကိုယ့်ကိုယ်ကိုယ် မှန်ထိုးကြည့်မှ
ခေါင်းမာဖို့ စိတ်မာဖို့ အသဲမာဖို့
ကိုယ့်ဒူးကိုယ် မကွေးဖို့ကို ခပ်ကျယ်ကျယ် အော်နေရတာ

ငါလား...
အညှိုးအတေးနဲ့ ငါ့ရင်တွေ အမြဲစေးကပ်နေသူ
မျိုချထားတယ်ဆိုတာ အမုန်းတွေ ပြိုကျသွားတာမှ မဟုတ်တာ
နင်... မငိုမိပါစေနဲ့...
အဲ့နေ့ဟာ အချိုမြိန်ဆုံးမို့ အမုန်းတွေ တစ်ခါ မနိုးကြွချင်ဘူး

ငါလား...
လူကောင်းမဟုတ်ဘူး
ဒါပေမယ့် လူကောင်းဖြစ်ဖို့ ကြိုးစားနေတဲ့သူ
ငါ့မျက်ရည် ငါ တစ်ခါသုတ်တိုင်း
အဲ့ဒီမိုးမျိုး ငါကြောင့် မရွာဖြိုးဖို့ သစ္စာဆိုမြဲ

ငါလား
လိမ်ညာခြင်းကို သေအောင်မုန်းတယ်
ငါ့အရှုံးကြောင့် ပြုံးသွားတဲ့ မျက်နှာတွေထက်
ငါ့အမုန်းကြောင့် ငိုသွားမယ့် မျက်နှာတွေအတွက်
အခါခါ ထိရှရင်း ငါ့စိတ်ငါ အထပ်ထပ်မွှန်းနေဆဲ

ငါလား...
နာကြည်းစရာတွေတစ်ဝက် အပြုံးတစ်ဖက်နဲ့
အဆိုးမြင်စိတ်တွေထဲ အကောင်းမြင်စိတ်တွေ ရောမွှေရင်း
လောကကြီးကို ချစ်တတ်လာသလိုလို
ကံကြမ္မာကြီးကို နှစ်သက်လာသလိုလို

ငါလား...
လှည့်ကြည့်လိုက်တိုင်း ငါ့အရိပ်မှာ တိမ်မဲတွေမိုးနေမြဲ
ဒါပေမယ့် ငါ့ရှေ့တစ်ခြမ်း အမြဲ နေသာနေဆဲ
ပဲ့ကြွေသွားတဲ့ မာနနဲ့သိက္ခာတွေအတွက် အခါခါမဲ့ဖူးတယ်
ထားလိုက်စမ်းပါ...
လိပ်ပြာသန့်ရဲ့လားဆိုတဲ့ မေးခွန်း ရိုးသားစွာ ဖြေနိုင်ပြီဆို... တော်ပါပြီ...

Created By: k2tmaung (18 August 2014 Monday 02:25PM)

ဆက်လက်ဖတ်ရှုရန်...




















ကံမကုန်
ပြန်ဆုံမယ်ဆိုရင်တောင်...
ကြွေချင်တိုင်းကြွေ
ဝေချင်တိုင်းဝေပြီးမှ...
ခေါင်းပေါ်ပြန်စိုက်
နမ်းရှိုက်ဖို့ မထိုက်ဘူးလေ...

Created By: k2tmaung (15 June 2014 Sunday 03:19AM)

ဆက်လက်ဖတ်ရှုရန်...



ဒီ"ပန်းကမ္ဘာမျှော်စင်"သီချင်းလေးတွေ့ပြီး တုန်းက ကျောင်းကပွဲလေးကို သတိရမိသွားတယ်... :)

လူတွေရွေးပြီး အကတိုက်နေတော့မှ တစ်ယောက်က ထွက်သွားလို့ထင်တယ်... ကိုယ်က ထွက်သွားတဲ့သူနေရာမှာ ဝင်ပါဖြစ်သွားတာ... အတန်းပိုင်ဆရာမက သမီး က,မလား... တစ်ခါတည်းဆုံးဖြတ်ပြီး ပြောရမှာဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်မလုပ်ရဲဘူးလေ... ဘာလုပ်လုပ် မိဘကို မေးရသေးတာကိုး... အဲ့တုန်းက အိမ်မှာ ဖုန်းမရှိတော့ ဦးလေးကို ဖုန်းဆက်တယ်... လုပ်ချင်လုပ်တဲ့... တစ်ခါမှ မလုပ်ဖူးတော့ အထူးအဆန်းနဲ့ ပါချင်တာကိုး... အတန်းထဲကပဲ ကိုယ့်သူငယ်ချင်းတစ်ယောက်ကလည်း ပါတော့ ကိုယ်လည်း ပါချင်တယ်... သူကလည်း ခေါ်တော့ ပိုပါချင်တာပေါ့... အဲ့တော့ ပါမယ် ကမယ်ပေါ့... အိမ်လည်း ရောက်ရော အဖေက ရှုပ်ရှုပ်ယှက်ယှက် မကရဘူးတဲ့...နောက်နေ့ မနက်ကျ သူငယ်ချင်းက အကတိုက်ဖို့ အကသင်တဲ့ဆရာမဆီသွားမယ်ဆိုပြီး လာခေါ်တယ်... အဖေက လုံးဝမသွားရဘူးတဲ့... သူငယ်ချင်းကို မလိုက်တော့ဘူးဆိုပြီး အိမ်အောက်ဆင်းပြောပြီး ငိုဖြစ်တယ်ထင်တယ်... :D အမေက ချော့မော့ပြီး ဈေးသွားမယ်ဆိုပြီး အတင်းခေါ်တယ်... အမေက ဈေးခေါ်သွားတယ်ဆိုပြီး အကတိုက်တဲ့ ဆရာမအိမ်ကို လိုက်ပို့ပြီး ဆရာမကိုပါ လိုက်ရှင်းပြပေးတယ်...

ဆက်လက်ဖတ်ရှုရန်...














ဟန်ကလည်း မပြနိုင်...
မာန်ကလည်း မချနိုင်တဲ့...
နန်းကျဘုရင်...
ဆင်ခြင်လိုက်စမ်းပါ...
နောက်တစ်လှမ်းဆုတ်တယ်ဆိုတာ...
"အား"ရုတ်လိုက်တာမှ မဟုတ်တာ...

အားမတန် မာန်လျှော့...
စိတ်ဓာတ်တော့ မပျော့လေနဲ့...
ဟော ရှေ့မှာ...
ပါပါရာဇီတွေ...
ပျော်ရာမှာမနေ တော်ရာမှာနေဖို့...
ငါတို့ စိတ်တွေ ကြိုးတုတ်ရဦးမယ်...

ခေါင်းငြိမ့်တိုင်း မမှန်...
ခေါင်းခါတိုင်း မတန်တဲ့...
ဟန်ဆောင်သူတို့...
ဗျို့ ဒီမှာ...
ဘယ်ဖော်မြူလာနဲ့ တွက်တွက်...
အဖြေမှန်ထွက်ဖို့ပဲ လိုတာပါ...

တွေးလိုက်စမ်းပါ....
ထပ်ထပ်ပြီး တွေးလိုက်စမ်းပါ....
သူတို့ဟာ ငါမဟုတ်ဘူးလို့...

Created By: k2tmaung (02 May 2014 Friday 12:27PM)

ဆက်လက်ဖတ်ရှုရန်...
















ကျမနှင့် ကျမစိတ် - ရုန်းကန်ရခြင်းများ
ညညဆို ခေါင်းရင်းဘက် ပြူတင်းပေါက်ကနေ ကြယ်တွေများ ရှိမလားလို့ အမြဲလှမ်းကြည့်မိတယ်... ကြယ်လေးတွေကို တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ တူညီသောမေးခွန်း တူညီသောဆုတောင်းနဲ့ ကျမမျက်ဝန်းတို့ မျက်ရည်ကြည်တစ်ချို့နဲ့ တဖျတ်ဖျတ်လက်နေဆဲ...

မနက်မိုးလင်းလို့ နိုးလာတိုင်းလည်း ဘယ်ဘက်ရင်အုံပေါ် လက်တင်ရင်း ဒီအိပ်မက်တွေ ထပ်မမက်ပါစေနဲ့လို့ ဆုတောင်းမြဲ... ပျော်တစ်ခါ ငိုတစ်လှည့် အိပ်မက်တွေဟာ ခြောက်လှန့်မှုတစ်ခုဆို ကျမ တစ်ခုခုကို ကြောက်လန့်သွားတာများလား... ဟင့်အင်း... ဘဝဟာ အချိုးအကွေ့တွေ များခဲ့ပြီ... ကျမ ခံနိုင်ရည်ရှိပါတယ်...

တိတ်တိတ်လေး နေချင်တဲ့အခါ လူတွေက သိပ်စကားများတာပဲလို့ ကျမ အပြစ်တင်မိတယ်... ဘယ်လိုစကားသံမျိုးမှ ကျမ မကြားချင်သလို စိတ်ရှည်သီးခံခြင်းက ကျမနဲ့ အစီးမကပ်ပြန်ဘူး... တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့အခါ ကျမအတွက် နေရာလေးတစ်ခုတောင် မပိုင်၊ အကျယ်ကြီး အော်ချင်တဲ့အခါ ပင်လယ်ပြင်ဟာ ကျမနဲ့ ဝေးနေဆဲ၊ ငိုကြွေးပေါက်ကွဲဖို့ရာ လူတွေက ကျမနားမှာ ရစ်သီရစ်သီနဲ့... လွတ်လပ်ခြင်းဆိုတာ ကျမအတွက် မရှိပါလားလို့ ဝမ်းနည်းချင်မိတယ်... ဒါပေမယ့် ဘဝက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မှ လူရာဝင်မှာမို့ အလုပ်နဲ့လက်တော့ မပြတ်ခဲ့ပါဘူး...

ဆက်လက်ဖတ်ရှုရန်...














နိုးလာပြန်တဲ့ ဒီမနက်မှာလည်း...
မနေ့က တစ်ရက်လိုပဲ...
စေ့ထားတဲ့ မျက်တောင်တွေကြား...
စိုစစ ရေစက်တွေ တေ့လို့...
အိပ်မက်နဲ့ လက်တွေ့ ဘဝခြားရပြန်တယ်...

မလင်းသေးတဲ့အခန်းထဲ...
မောနင်းပါ ပြောဖို့...
ပျင်းရိစွာ အိပ်ယာကအထ...
မျက်တောင်တွေကြားက ရေလေးတစ်စက်...
ဖတ်ကနဲ ပါးပြင်ပေါ် ပြုတ်ကျတယ်...

အို... နေရောင်တွေ ရင့်တော့မယ်ကွယ့်...
ရင်ဘတ်ထဲက အပူတွေ ပင့်အရှိုက်...
မျက်တောင်တွေ ပုတ်ခတ် ပုတ်ခတ်နဲ့...
မျက်ဝန်းထဲ ရေလှိုင်းတွေ ဂယက်ရိုက်ကုန်ကြတယ်...

ငါ့ မျက်တောင်တွေ မရှည်ပေမယ့်...
တစ်နေ့ခင်းအတွက်တော့ တာဝန်ကျေပါစေ...
နေမဝင်ခင်အထိ ရေကာတာမကျိုးဖို့...
မျက်တောင်တွေရေ ပံ့ပိုးလို့ ကူပါလေ...

Created By: k2tmaung (25 March 2014 Tuesday 10:40AM)

ဆက်လက်ဖတ်ရှုရန်...













ဒီနေ့ညလည်း ဟိုနေ့ညကလိုပဲ...
ဒီမြို့ပြရဲ့ မြစ်ကမ်းတစ်ဖက်မှာ...
မီးတွေ ထိန်ထိန်လင်းလို့...
လေပြေတွေလည်း ဆံစတွေကို ဆော့ကစားလို့...
ရေလှိုင်းတွေလည်း ငွေရောင်တလက်လက်ထလို့...
ကြယ်တွေကလည်း ဟိုတပွင့်ဒီတပွင့်နဲ့...
ဒီနေ့ကလည်း ဟိုနေ့ကလိုပဲ...
တိတ်ဆိတ်ငြိမ်သက်ခြင်း ကြီစိုးနေဆဲ...
အော်... လမင်းကတော့ တခြမ်းပဲ့နေလေရဲ့...

Created By: k2tmaung (14 March 2014 Friday 09:11PM)

ဆက်လက်ဖတ်ရှုရန်...



ရုန်းကန်နေရတဲ့ မြို့ပေါ်က ဘဝတွေမှာ ရှုပ်ထွေးမှုတွေ ပိုများနေရော့သလား... ရေရာဖို့ကို ကြိုးစားရင်း မရေရာမှုတွေနဲ့ လမ်းတွေ ပျောက်ပျောက်သွားတယ်... ဘဝဆိုတာ ဒီလိုပဲ ခဏခဏ မီးပြတ်တတ်သလား... တစ်ခါတစ်ခါတော့ စိတ်ကူးယဉ်ထားတဲ့ အိပ်မက်တွေ ကျကွဲသွားတိုင်း ဘာဆက်လုပ်ရမလဲဆိုတဲ့ မေးခွန်းတွေကို သိပ်ခါးသီးမိတယ်...

လူတိုင်းမှာ အမှားတော့ ဘယ်ကင်းမလဲလေလို့ ဖြေသိမ့်ဖြစ်တယ်ဆိုပေမယ့် အပ်ကြောင်းထပ်နေတဲ့ ဒီဓာတ်ပြားဟောင်းက ဆေးမတိုးချင်တော့ဘူး... ကိုယ်က မင်းသမီးမဟုတ်တဲ့ ဇာတ်ဆောင်ဆိုတော့ စင်ဒရဲလားလို ဖိနပ်လေးတစ်ဖက်ကိုင်ပြီး လာရှာမယ့် မင်းသားတော့ ဘယ်ရှိမလဲ... ကျရာနေရာက သရုပ်ဆောင်ရမယ်ဆိုပေမယ့် ဒီအပြုံးပိုင်ရှင်က ငိုရတဲ့အခန်းမှာ ပီပြင်ရဲ့လားလို့ မေးချင်တယ် ကံဇာတ်ဆရာ... ကံကိုချည်း ပုံပုံချနေရတာ တစ်ခါတစ်လေတော့ ရှက်မိတယ်... အတိတ်ဘဝက ငါဟာ လူဆိုးမကြီးပါလားလို့... ပြက်လုံးမဟုတ်တဲ့ တကယ့်အမှန်တရားတွေဟာ ဒီလိုပဲ ရယ်စရာကောင်းတတ်ပါတယ်လေ... အမုန်းတရားတွေ ကြီးစိုးတဲ့အခါ တစ်ဆစ်ဆစ်နဲ့ ဆူးစူးနေတဲ့ ရင်ဘတ်ထဲ ဘယ်သူနဲ့ဘယ်သူ တိုက်မှန်းမသိတဲ့ စစ်ပွဲတွေ ပြည့်ကျပ်ဆူညံလို့နေတယ်... အားမတန် မာန်တွေကို လျှော့ရတဲ့အခါ ဘာကိုလှမ်းဆွဲလို့ ဆွဲရမှန်းမသိ ရေနစ်သလို မွန်းကျပ်မှုမျိုးနဲ့ အနာဂတ်က ကာလာဘလိုင်းနဲ့ ဝေဝါးဝါးရယ်... စိတ်တွေကို ပြန်တင်းရတဲ့အခါကျပြန်တော့ တစ်ယောက်တည်း စတိတ်ပေါ် cat walk လျှောက်နေရသလိုမျိုး မြောက်ကြွမြောက်ကြွနဲ့ ဒါပေမယ့် ချော်လဲသွားမလားတော့ ပူရသေးတာပဲလေ...

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..