Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...





















ဒီည ဖုန်းမဆက်တော့ဘူးလို့တော့ ပြောထားသား...

ဒါပေမယ့် ကျမမွေးနေ့ဆိုတော့ "စိတ်လေးများ ပြောင်းပြီးတော့..." ဆိုတဲ့ မျှော်လင့်ချက်လေးကတစ်ဖက် မဆက်လည်းနေပေါ့ဆိုတဲ့ အရွဲ့တိုက်ချင်တဲ့စိတ်လေးကတစ်ဖက်... နောက်ဆုံးတော့ အိပ်ယာစောစောမဝင်တတ်တဲ့ ကျမ စောစောစီးစီး အိပ်ယာထဲ သွားလှဲနေလိုက်တော့တယ်...

အိမ်ရှေ့ခန်းက ဖုန်းသံကြားလိုက်တော့ ပထမဆုံး နိုးလာသူက ကျမ... အဖေနဲ့အမေကြားမှာ အိပ်နေတဲ့ကျမ မိဘတွေ မနိုးအောင် အညင်သာဆုံး ကုတင်ပေါ်ကဆင်းဖို့ ကြိုးစားပေမယ့် ကျမလှုပ်ရှားမှုတွေ သိပ်မြန်ဆန်လွန်းသွားလို့ ထင်ပါရဲ့... မိဘတွေ နိုးသွားကြတယ်... နိုးသွားပြီဆိုတော့ မထူးတော့ပါဘူးဆိုပြီး ဟန်မဆောင်နိုင်ဘဲ အိမ်ရှေ့ခန်းကို အပြေးတပိုင်း ပြေးထွက်လာခဲ့တော့ နောက်ဘက်မှာ မိဘနှစ်ပါးရဲ့ ဒီအချိန်ကြီး ဘယ်ကဖုန်းလာတာလဲ... ဘာလဲ ညာလဲနဲ့... စကားသံတွေ ကျန်ခဲ့လေရဲ့...



ကျမ အိပ်ရှေ့ခန်းကိုရောက်တော့ အိမ်ရှေ့ခန်းနဲ့ အနီးဆုံးမှာ အိပ်တဲ့ မောင်လေးက ဖုန်းကိုင်ပြီး ဖြစ်နေပြီ... ကျမဖုန်းပဲဆိုတာ အတတ်သိနေတဲ့ ကျမက မျှော်လင့်ချက်လေးပိုက်လို့ ဘေးမှာ အသာရပ်နေလိုက်တယ်... မောင်လေးဖုန်းထိုးပေးတော့... ဖုန်းထဲက အသံကို ကြားလိုက်ရချိန် ရင်ဘတ်ထဲမှာ ဖန်ခွက်တစ်လုံး ကျကွဲသွားတယ်ထင်ပါရဲ့... ကြမ်းပြင်မှာပဲ ထိုင်ချလိုက်ပြီး ဖုန်းလက်ခံပြောရင်း လူက အလိုလို ပြန်အိပ်ချင်သွားပြန်တာ တော်တော်ထူးဆန်းပါရဲ့... အင်းလေ... သူက ဖုန်းမဆက်ဘူးလို့ ပြောထားသားပဲ... မျှော်လင့်မိတဲ့ ကျမသာ အပြစ်ရှိ လူသားပေါ့...

ဖုန်းချပြီးတော့ ခပ်တွေတွေနဲ့ အိပ်ခန်းဘက် လမ်းပြန်လျှောက်လာခဲ့တယ်... မှေးကနဲလို့ ထင်လိုက်ပေမယ့် ကျမ အိပ်ပျော်သွားတာ တော်တော်တောင် ကြာသွားပါရောလား... အပြင်ဘက်မှာ အမှောင်ဆုံးအချိန်ကိုရောက်လို့ ကျမမွေးနေ့လေးကို တဖြည်းဖြည်း ချည်းနှင်းလို့ဝင်ရောက်လာနေပြီလေ... အိပ်ယာပေါ် ပြန်ရောက်တော့ မိဘတွေက ဘယ်သူလဲ ဒီအချိန်ကြီး ဘာညာနဲ့ မေးခွန်းတွေ ထုတ်နေပေမယ့် စကားလုံးတွေက ရင်ဘတ်ထဲကနေ တက်မလာတော့...

ဒီနေ့ ကျမမွေးနေ့... နေ့ကောရက်ကော တိုက်တဲ့ ထူးခြားတဲ့မွေးနေ့လေးတစ်နေ့ပေါ့... အရင်ငယ်ငယ်တုန်းကတော့ မွေးနေ့ရောက်တော့မယ်ဆိုရင် အဝတ်အစားအသစ် ဖိနပ်အသစ်နဲ့ ကျမမွေးနေ့ဆိုတဲ့ အသိလေးနဲ့ ပျော်ရွှင်တက်ကြွပြီး ပျော်အောင်နေဖို့ အမြဲကြိုးစားတတ်တယ်... တစ်ခုခု စိတ်အနှောက်အယှက်ဖြစ်စရာနဲ့ ကြုံခဲ့ရင်လည်း ကျမ သိပ်စိတ်ဆိုးတတ်တယ်... ဘာလို့ဆို ကျမက ကျမမွေးနေ့ကိုသာ ဘဝရဲ့ တန်ဖိုးအထားဆုံးနေ့ရက်ကလေးအဖြစ် သတ်မှတ်ထားလို့ပါပဲ... ခုတော့ အသက်ကြီးလာလို့ ထင်ပါရဲ့... နှစ်စဉ်နှစ်တိုင်း တစ်ခုမဟုတ်တစ်ခု လုပ်လေ့လုပ်ထရှိတဲ့ ကျမကို မိဘတွေက မွေးနေ့မရောက်ခင်ကတည်းက ဘာလုပ်ချင်လဲလို့ မေးခဲ့ပေမယ့် ဘာမှထူးထူးခြားခြား လုပ်ချင်စိတ်မရှိ... အကြီးဆုံးသမီးမို့ပဲလား၊ မွေးနေ့ပြီးနောက်တစ်ရက်က အများပြည်သူရုံးပိတ်ရက်ဖြစ်လို့ပဲလားတော့မသိ မောင်နှမတွေထဲမှာ နှစ်တိုင်းလိုလို မွေးနေ့အတွက် တစ်ခုခုလုပ်ဖြစ်တတ်တာ၊ လုပ်ရမှလည်း ကျေနပ်တတ်တဲ့ ကျမကို ကျမမိဘတွေက အမြဲ အလိုလိုက်တတ်ကြတယ်... ဒီနှစ်တော့ ကျမမွေးနေ့အတွက် အရင်လို တက်တက်ကြွကြွမရှိလို့ထင်ပါရဲ့... မိဘတွေက မွေးနေ့မှာ ဝတ်ဖို့ အင်္ကျီသစ်လေး နှစ်ထည် အတင်းလိုက်ဝယ်ပေးခဲ့တယ်...

မွေးနေ့မှာ စိတ်ထဲ လုပ်ချင်တာ တစ်ခုပဲ ရှိခဲ့တယ်... အဲ့ဒါကတော့ ဘုရားသွားချင်တာ... အိပ်ယာကနိုးနိုးချင်း မောင်လေးကို အတင်းသွားနှိုးလိုက်တယ်... သူကတော့ တစ်နေ့က ဆေးရုံးမှာ ညဘက် ဟောက်စ်ဆင်းထားရလို့ မနေ့ညနေကတည်းကနေ ဒီနေ့မနက်ထိ အိပ်ကောင်းတုန်းပေါ့... အားလုံးပြင်ဆင်ပြီးတော့ အိမ်ကမထွက်ခင် အဖွား၊ မိဘနဲ့ အလည်ရောက်နေတဲ့ အဒေါ်ကို ဦးဆုံး ကန်တော့လိုက်တော့ မွေးနေ့အတွက် မင်္ဂလာရှိသော ဆုတောင်းစကားတွေကို ပထမဆုံး ရလိုက်တဲ့အခါ ဝမ်းသာမှုတွေ ဖြစ်ထွန်းရတယ်... အဖွားက ခဏနေတော့ စက္ကူအနီလေးနဲ့ ထုပ်ထားတဲ့ အမ်ပေါင်းလေး လက်ထဲလာထိုးထည့်ပေးတယ်... ကျမပြုံးလိုက်မိတယ်... ဒါ မွေးနေ့မှာ ပထမဆုံးရတဲ့ လက်ဆောင်ပါလားလို့ပေါ့...

နှစ်တိုင်းလိုလိုကတော့ ပထမဆုံး မွေးနေ့လက်ဆောင်အဖြစ် ညီမလေးဆီက တစ်ခုခုရနေကျ... ဒီနှစ်လည်း မနှစ်ကလို မွေးနေ့မှာ ညီမလေးက အဝေးမှာ...

ဘုရားမသွားခင် Lucky Seven မှာ မနက်စာဝင်စားလိုက်သေးတယ်... နောက်တော့ ဘုရားသွား... ရေသပ္ပါယ် လက်ယာရစ် သုံးပတ်ပတ်ပြီး ဆင်းခါနီး ဓာတ်ပုံလေးဘာလေးရိုက်လိုက်သေးတယ်... နောက် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ သွားလှူဖြစ်တယ်... နေ့လည်ရောက်တော့ ပျင်းပျင်းရှိတာနဲ့ ဒီအတိုင်းကြီး မပြီးဆုံးလိုက်ချင်တာနဲ့ အရင်ရုံးမှာတုန်းက အလုပ်အတူလုပ်ခဲ့တဲ့ အစ်မတစ်ယောက်ဆီ နေပူရှိန်မသေးချိန် ထီးလေးစောင်းပြီး တစ်ယောက်တည်း လျှောက်လာခဲ့တယ်... မရောက်တာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ သွားနေကျဖြစ်ခဲ့ဖူးတဲ့ လမ်းတွေက တစ်ချို့နေရာမှာ အပြောင်းအလဲတွေ ဖြစ်လို့နေပါလား... သူငယ်ချင်းအိမ်ရောက်တော့ ခေါင်းလောင်းကြိုးမမှတ်မိတာနဲ့ အောက်ထပ်ကနေပဲ ဖုန်းလှမ်းဆက်ရင်း ရပ်စောင့်နေလိုက်တော့တယ်...

အဲ့ဒီအချိန်မှာ တစ်ချိန်လုံး မျှော်လင့်နေခဲ့တဲ့ ဖုန်းက မြည်လာခဲ့တော့တယ်... တကယ်တော့ Birthday Wish လုပ်တာမျိုးဖြစ်ဖြစ် မွေးနေ့လက်ဆောင်ပေးတာမျိုးပဲဖြစ်ဖြစ် တစ်ခုခုမှာ သူ့ကို ဦးဆုံးဖြစ်နေစေချင်ခဲ့ပေမယ့်....... အရမ်းမျှော်လင့်ခဲ့လို့ထင်ပါရဲ့... ဖုန်းသံကြားရချိန်မှာ ကျမအတွက် ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေခဲ့တယ်... ခဏလေးပါပဲ... ဖုန်းအချပြီး နည်းနည်းကြာမှ သူငယ်ချင်းက အောက်ထက်ရောက်လာခဲ့တယ်... သူဝယ်ကျွေးတဲ့ ပဲကြာဇံသုပ်ဆိုတာကို စားပြီး ကျမတို့အကြောင်းသိတဲ့ လူအနည်းစုထဲက တစ်ယောက်မို့ ရင်ဖွင့်ခွင့်မရတာကြာတော့ ပြောပြချင်တာတစ်ချို့ ပြောပြရင်း ပြောရတာကို အားမရှိသလို ခံစားလာရပြန်တယ်...

နောက်တော့ အင်တာနက် ခဏသွားသုံးရင်း သူနဲ့ စကားခဏပြောဖြစ်လိုက်တယ်... Facebook ပေါ်က မွေးနေ့ဆုတောင်းလေးတွေ လိုက်ဖတ် reply လေးတွေ ပြန်ရင်း... သူငယ်ချင်းကိုလည်း သူသိချင်တာတွေ ပြောပြရင်း အချိန်က ကုန်မှန်းမသိ ကုန်လာခဲ့တယ်... ထွက်လာတာ ကြာပြီမို့ အိမ်ကလည်း ဖုန်းဆက်ခေါ်တော့တယ်... မှောင်လာတဲ့အချိန်မို့ ကျမဖခင်ကိုပဲ လာကြိုခိုင်းလိုက်တော့တယ်... ပြီးခဲ့တဲ့နှစ်ကလည်း ဒီလို မှောင်လာတဲ့အချိန်မှာ ကျမမိဘတွေ ဖုန်းဆက်ခေါ်ခဲ့ဖူးတယ်... ဒါပေမယ့် ခုလို စောစောစီးစီးတော့ ကျမ အိမ်မပြန်ဖြစ်ခဲ့ပါဘူး... လမ်းလျှောက်ပြီး လမ်းမှာ ပထမဆုံးအကြိမ် ဝက်သားထုတ်ထိုးတောင် ဝယ်စားလိုက်သေးတယ်... နောက်ကျမှ Taxi နဲ့ ပြန်လာတဲ့ ကျမကို ကျမဖခင်က ဝရံတာမှာ ထွက်မျှော်နေခဲ့တယ်... သူနဲ့ သွားမှန်းသိပေမယ့် ကျမမွေးနေ့မို့ထင်ပါရဲ့... ကျမပေးတဲ့ အစီအစဉ်မကျတဲ့ ဆင်ခြေတွေကို ထပ်ပြီး မမေးခဲ့တော့ဘူးလေ...

ညမိုးချုပ်လာလေ... မွေးနေ့က ဘာမှလည်း အဓိပ္ပာယ်မရှိဘူးလို့ ခံစားလာရရင်း ဝမ်းနည်းမိသလိုလို... နောက်တော့ မိသားစုတွေ အမှတ်တရဓာတ်ပုံသွားရိုက်ရင်း အဝေးရောက်နေတဲ့ ညီမလေးဆီ ဖုန်းဆက်ပြီး ချက်ချင်းခေါ်မရတော့ internet ခဏသုံးဖြစ်ပြန်တယ်... နောက် ညီမလေးကို ဖုန်းခေါ်ရတော့ မနက်ကဘုရားသွားတာ အလှူလုပ်တာတွေ ပြောပြဖြစ်တယ်... ခဏနေတော့ အိမ်ပြန်လာခဲ့တယ်... စောစောပဲ အိပ်ယာဝင်ဖို့ ကြိုးစားရင်း ကျမမိခင်ကို "ဒီနှစ် ဘာမွေးနေ့လက်ဆောင်မှလည်း မရဘူးနော်"လို့ ပြောလိုက်တော့ "အင်္ကျီအသစ်ဝယ်ပေးတယ်လေ..."လို့ ပြန်ပြောခဲ့တယ်... ဟုတ်တော့လည်း ဟုတ်သား... ဒါပေမယ့် ကျမကလည်း မွေးနေ့မှာ ပါကင်လေးနဲ့ ရတဲ့ လက်ဆောင်ကိုမှ ဘာလေးလဲလို့ ရင်ခုန်ကြည်နူးရတဲ့ လက်ဆောင်မျိုးကိုမှ မွေးနေ့လက်ဆောင်အဖြစ် သတ်မှတ်တတ်တာ အကျင့်တစ်ခုလို ဖြစ်နေတာပါလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖြစ်တယ်...

ဒီနှစ်တော့ ထူးထူးခြားခြား မွေးနေ့မှာ ထူးထူးခြားခြား ဘာမှမလုပ်ဘဲ ထူးထူးခြားခြား အိပ်ယာစောစောဝင်ခဲ့တယ်...


Created By: k2tmaung (12 January 2011 Wednesday 05:27AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..