Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

စံပယ်တစ်ဆုပ်...
လက်ခုပ်ထဲ ထည့်ပြရုံနဲ့...
ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေကြတယ်...

ခရေကြွေကောက်...
ကြိုးသီဖောက်ရုံနဲ့...
ညှာတာထောက်ထား အကြွားပိုချင်ကြတယ်...

အစာဝ,လို့...
အသက်ရန်မရှာတဲ့ ကျား...
သက်သတ်လွတ်မစားတာ လူတိုင်းသိတယ်...

အလှအပနဲ့ ရုပ်ပြ...
စကားလှတွေနဲ့ တံတားထိုး...
ခပ်တိုးတိုးရယ်ပြတတ်ရုံနဲ့...
ရိုးသားတဲ့ ဖိုးသခွါး မဖြစ်နိုင်သေးဘူး...

ဟိုလိုလို ဒီလိုလိုနဲ့...
စိတ်ထား အပို အလိုရှိသူများ...
တို့နယ်နိမိတ်မှာ...
နယ်ခြား စည်းသားထားတယ်...

စိတ်ဓာတ်တွေ ညစ်ထေးနေရင် ဆေးခဲ့ပါ...
တန်ဆာတွေ များရင် ထားခဲ့ပါ...
တို့နယ်ပယ်က...
အညစ်အကြေးကင်းလို့...
ပလွှားမှုတွေ ရှင်းတယ်...
ဖြူစင်သူနဲ့…
ရိုးသားပွင့်လင်းသူများသာနေထိုင်တယ်...

မူယာတွဲလွဲ...
မာယာတွဲလောင်း...
အဟောင်းဆိုင်ထဲက...
ဟန်ဆောင် မာန်ထောင်...
သူတော်ယောင်တို့...
သတိ...
သင်တို့ မဟူရောင် မနော...
ဆေးကြောသန့်စင်ပြီးမှ...
စည်းကျော်ပါ...


Created By: k2tmaung (29 July 2010 Thursday 11:30PM)

ဆက်လက်ဖတ်ရှုရန်...

ဒီလို မှိုင်းပြပြ ညတစ်ညမှာပေါ့...
အရာရာကို ဘွာခတ်...
သံယောဇဉ်တွေကို သူ ကြက်ခြေခတ်ဖူးတယ်...

ဒီလို နှင်းမကျတဲ့ ညတစ်ညမှာပေါ့...
ငိုကြွေးခြင်းမဲ့ မျက်ရည်တစ်စက်နဲ့...
ခပ်ငိုင်ငိုင်ထိုင်ရင်း နေထွက်ခဲ့ဖူးတယ်...

ဒီလို နွမ်းလျလျတဲ့ ညတစ်ညမှာပေါ့...
ရင်ထဲမွန်းကျပ် ရင့်ကျက်ခြင်းတွေ စုံးစုံးမြုပ်လို့...
အေးစက်စက် ကဗျာတစ်ပုဒ်…
တစ်ကိုယ်တော် မျက်ရည်သုတ်ဖို့...
ငါ တိတ်တိတ်လေး မွေးထုတ်ခဲ့ဖူးတယ်...

ကံကြမ္မာရဲ့…
အလှည့်အပြောင်းလား..
အပြောင်းအလဲလား...
မပီဝိုးတဝါးပါပဲ...
ငါ ဖွက်ထားတဲ့...
မျက်ရည်တစ်စက်...
သူ ရှာဖွေတွေ့ရှိသွားတဲ့အခါ...
ဟန်ဆောင်မှုတွေကို ခွာလိုက်ကြတယ်...

ခပ်ရိုးရိုး အဆင်လေးပါပဲ...
ဘဝတွေက ခပ်ညှိုးညှိုးမို့...
ငါတို့တွေ ခပ်တိုးတိုးပဲ ချစ်ခဲ့ကြတယ်...
ဘယ်သူကိုမှ မယိုးစွတ်ပဲပေါ့...
ဒါပေမယ့် ရွေးခဲ့ကြတဲ့ လမ်းချိုးက...
ဝိုးတိုးဝါးတားတော့ မဟုတ်ခဲ့ပါဘူး...

မုန်တိုင်းတွေ စဲလို့...
ပွဲပြီးပြီထင်ခဲ့တာ...
လေနီကြမ်းတွေက...
နောက်ဆက်တွဲ အကဲစမ်းနေကြတုန်းပါပဲ...

အပြန်အလှန်တွေ...
တန်ပြန်ခြင်းတွေ သိပ်များလွန်းနေတဲ့...
ငါတို့ နှစ်ယောက်ကြား...
အားလုံးကို ဘုံထုတ်ရရင်...
"သစ္စာ"တစ်ခုပဲ အနှုတ်မပြစေချင်ဘူး...

အချစ်တစ်ခုအတွက်...
ဘဝကို တည်ဆောက်ချင်သူနဲ့...
ဘဝတစ်ခုအတွက်...
အချစ်ကို ဖန်တီးချင်သူ...
ဓားသွားပေါ် လမ်းများရတဲ့ သူ...
ခရောင်းတောထဲ ဝင်ရောနေရတဲ့ ငါ...
အခြေအနေချင်းက...
အဆိပ်ပြင်းသူတွေချည်းပါပဲ...

ဘာတွေပဲ ဖြစ်လာလာပါ...
နိဂုံးမှာတော့ အဆုံးသတ်လှချင်တယ်...
နိဒါန်းမှာကတည်းက ဇာတ်နာလာခဲ့တာ...
စာကိုယ်မှာလည်း အပျော်တွေ ချွေတာခဲ့ရတယ်...
ဘဝပြဇာတ်ထဲက ပြကွက်တစ်ခု...
တစ်ခန်းအရပ်မှာ...
အမှောင်ကျခဲ့ရတဲ့ ဒီလိုညမျိုး...
ငါ နောက်ထပ် ဖြတ်မတိုးချင်တော့ဘူး...


Created By: k2tmaung (29 July 2010 Thursday 04:45PM)

ဆက်လက်ဖတ်ရှုရန်...

















26 July 2010 မှာ ကျမ ရဲ့ k2tmaung Blog လေး တစ်နှစ်ပြည့်သွားပါပြီရှင်... တကယ်တမ်း Blog အတွက် စာစရေးဖြစ်တာကတော့ 27 July 2009 မှပါ... ကျမ Blog လေး ဖြစ်လာပုံကို ပြောပြရရင် နည်းနည်းတော့ အူကြောင်ကြောင်နိုင်မလားပါပဲ... :P ကျမနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ချို့က Blog လေးတစ်ခုလုပ်ပြီး စာရေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်... တစ်စိုက်မတ်မတ်လုပ်နိုင်မှာ မဟုတ်တဲ့အတွက်၊ နောက် သူတစ်ပါး အကျိုးဖြစ်ထွန်းစေတဲ့ စာမျိုးရေးသားနိုင်ဖို့ အသိပညာ၊ အတတ်ပညာ မကြွယ်ဝတဲ့အတွက် ကျမ အကြိမ်ကြိမ် ခေါင်းခါဖြစ်ခဲ့ပါတယ်... ဒီလိုအချိန် အရင်နှစ်တုန်းကတော့ Blog လောကနဲ့ Ning Site တော်တော်များများမှာ ကျမ ကျင်လည်ခဲ့ဖူးပါတယ်... အားလပ်တဲ့အချိန်တိုင်း Blog တစ်ခုခု သို့မဟုတ် Ning Site တစ်ခုခု သို့မဟုတ် Forward Mail က ရတဲ့ Blog Post တော်တော်များများကို အချိန်ပေးပြီး ဖတ်ခဲ့ဖူးပါတယ်... တစ်နေ့မှာ Blog တစ်ခုကို သွားလည်ပြီး စာသွားဖတ်ရင်း comment တစ်ခု ပေးဖြစ်ပါတယ်... အဲ့ဒီမှာ ဘယ်လိုကဘယ်လို Blog Name ကို သုံးမိသွားတယ်မသိ... သုံးဖြစ်သွားခဲ့ပါတယ်... (Blog ကို 2008 September ကတည်းက create လုပ်ခဲ့ပေမယ့် ကိုယ့်ဘာသာ create လုပ်ခဲ့ဖူးမှန်းတောင် မသိခဲ့ပါဘူး...) အဲ့တာနဲ့ အဲ့လိုနဲ့ပေါ့လေ... comment မှာ ပေါ်နေတဲ့ ကိုယ့် link ကနေတဆင့် ကိုယ့် Blog ကို ဝင်ကြည့်မိတော့ ဘာမှမရှိတာနဲ့ ငယ်ငယ်က ရေးခဲ့ဖူးတဲ့ ကဗျာတစ်ချို့ကို Blog ထဲ ဒီလိုပဲ ထည့်ဖြစ်လိုက်တယ်ဆိုပါစို့... ဘာမှလည်းမသိ ဘာမှလည်းမတတ်တော့ Blog မှာ ကဗျာတွေရှိနေတာကလွဲရင် ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ နေရာလေးတစ်ခုပေါ့လေ... 27 July 2009 မှာတော့ ခံစားချက်တစ်ခုကြောင့် ပထမဆုံးအကြိမ် ကျမ Blog အတွက် ကဗျာတစ်ပုဒ် ပြန်လည် စ,ရေးဖြစ်ခဲ့ပါတယ်... (စာတိုစာစလေးတွေကတော့ Blog မလုပ်ဖြစ်ခင်ကတည်းက နည်းနည်းပါးပါးရေးခဲ့ဖူးပါတယ်...) ဒီ Blog လေး ရှိနေခဲ့တာကိုလည်း ကျမကလွဲလို့ ဘယ်သူမှ မသိခဲ့ကြပါဘူး... 27 July 2009 မှာ ရေးဖြစ်ခဲ့လိုက်တဲ့ ကဗျာတစ်ပုဒ်ကို အရင်းပြုပြီး ကျမမှာ Blog တစ်ခုရှိကြောင်း သူငယ်ချင်းတစ်ချို့ စ,သိသွားကြတယ်ဆိုပါစို့... အဲ့ဒီအချိန်ကစ,လို့ ကျမ Blog အတွက် အပြင်အဆင်နဲ့ စာရေးတဲ့အလုပ်ကို ကျမ အချိန်ပေးဖြစ်ခဲ့ပါတယ်... ဒီလိုနဲ့ပဲ k2tmaung Blog စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်... :)

ဒီ Blog နဲ့ ပတ်သက်ပြီး Blog စာမျက်နှာပေါ်မှာ ကျမ သေသေချာချာ တစ်ခါမှ ကျေးဇူးတင်စကား မဆိုဖြစ်ခဲ့ပါဘူး... ကျေးဇူးတင်ထိုက်သူတွေကတော့ အများကြီးပေါ့လေ...
ပထမဆုံး ကျေးဇူးတင်ချင်တာကတော့ Print Media တစ်ခုမှ Journalist တစ်ယောက်ဖြစ်တဲ့ ကိုလင်းလက်ပါ... စာရေးခြင်းကို ကျမ ပြန်လည် စိတ်လည်လာအောင် ကျမရေးသမျှ တိုတိုထွာထွာတိုင်းကို ကောင်းကောင်းမကောင်းကောင်း ရှာကျန်ပြီး ချီးကျူးစကားပြောပေးခဲ့တာမို့လည်း စာပိုရေးချင်စိတ် ဖြစ်ခဲ့မိတာ ဝန်ခံပါတယ်... ဒီ Blog ရဲ့ နောက်ခံ Background နဲ့ တစ်ချို့ Layout တွေက ကိုလင်းလက် ဖန်တီးပေးခဲ့တာပါ... Background ကို သူရော ကိုယ်ရော စိတ်ကြိုက်ရှာတာတင် အချိန်တော်တော်လေး ကြာခဲ့သလို အဲ့ဒီညက ကျမ Blog ကို ပြင်ဆင်ပေးရလို့ အိပ်ရေးလည်း တော်တော်ပျက်ခဲ့ပါတယ်... ကျေးဇူးတင်ပါတယ် ကိုလင်းလက်... စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူ ပြင်ဆင်ပေးတဲ့အတွက်ရော ဘာရေးရေး "ကောင်းပါတယ်..."လို့ ပြောပေးခဲ့တဲ့အတွက်ရောပေါ့... :P
ဒုတိယအနေနဲ့ ကျေးဇူးတင်ထိုက်သူကတော့ "နိုင်ဇော်ထွန်းမှကြိုဆိုပါတယ်" ဆိုတဲ့ Blog ပိုင်ရှင် (အခုတော့ သူ့ Blog ကို ဖျက်လိုက်ပါပြီတဲ့...) သူရပါ... Blog နဲ့ ပတ်သက်ပြီး တော်တော်များများ သူရဆီက သင်ယူခဲ့ရပါတယ်... "k2 ရေ... template အဟောင်းကို save ပြီး ကလိသာ ကလိ... တတ်ရင်တတ် မတတ်ရင်ပျက်မှာပဲ..." လို့ အားပေးခဲ့ဖူးပါတယ်... :P ကျေးဇူးပါ သူရရေ... သင်ပေးခဲ့၊ လမ်းညွှန်ပေးခဲ့တာတွေအတွက်ရော... Blog ကို လာလာလည်ပြီး comment မချန်သွားတာပါလို့ အမြဲပြောတဲ့အတွက်ရော... k2 ရေ စာမရေးဘူးလား...လို့ အမြဲ မေးဖော်ရတဲ့အတွက်ရော (မေးတဲ့သူရှိမှ ပိုစာရေးဖြစ်လို့ပါ... :P) ကျေးဇူးပါ သယ်ရင်းရေ...
နောက် ကျေးဇူးတင်ထိုက်သူတစ်ဦးက ကိုမိုးစဲ ကိုချစ်ဖေ၏မှတ်တမ်းကြီး (http://kochitphay64.blogspot.com)ပါ... Blog ရေးစ,မှာ အားတစ်ခုဖြစ်စေခဲ့တဲ့ Cbox နဲ့ Post က comment တွေတိုင်းအတွက် ကျေးဇူးတင်ပါတယ်...
နောက်ထပ် ကျေးဇူးတင်ချင်တာကတော့ IT Blogger တွေပါ... ကျမ IT နဲ့ပတ်သက်လို့ အထူးသဖြင့် Template ထဲက ကွိစိကွစ code လေးတွေနဲ့ ပတ်သက်လို့ပေါ့လေ မသင်ကြားမလေ့လာခဲ့ဖူးပါဘူး... မအားလပ်တဲ့ ကျမ သူငယ်ချင်းတွေကို နားပူနားဆာလုပ်ရတာ အားနာလာတာနဲ့ ကိုယ့်ဘာသာ ကြိုးစားကြည့်မယ်ဟာဆိုပြီး ကြားရသမျှ IT Site တိုင်း ကျမ ရောက်ဖြစ်ခဲ့ပါတယ်... IT Blog Site တော်တော်များများမှာ သွားရောက် လေ့လာဖတ်ရှုတတ်ပြီး Post တွေဖတ်လိုက် ကိုယ်တိုင် Template တွေ ပြင်လိုက်နဲ့ ခုမြင်တွေ့ရသလို အပြင်အဆင်မျိုးနဲ့ (တစ်ချို့ကလည်းလှတယ်... တစ်ချို့ကလည်း ရှုပ်ရှက်ခတ်တယ်ပေါ့လေ... :P) k2tmaung Blog ရယ်လို့ ဖြစ်လာတာပါ... ကျမ အများဆုံး ရောက်ဖြစ်ခဲ့တဲ့ IT Blog Site တွေကတော့ Myanmar Bloggers Helpdesk (http://mmbloggershelpdesk.blogspot.com)မောင်ကျော်စွာငြိမ်း (http://www.kyawswarnyein.com)ညီနေမင်း (http://www.nyinaymin.com)သံလုံငယ် (http://thanlonnge.net) နဲ့ အခြားအခြားသော IT Site များစွာလည်းရှိပါသေးတယ်... ကျမရဲ့ မြင်ဆရာအားလုံးကို ကျေးဇူးအထူးတင်ပါတယ်...
ပြီးတော့ ကျမအစ်ကိုရင်းလို ခင်မင်ရတဲ့  အိမ်လွမ်းသူ (http://eainlwanthu.ning.com) ပိုင်ရှင် ကိုD'Leh ပါပဲ... "ညီမ Blog မှာ သုံးလို့ရတယ်"ဆိုပြီး သတိတရနဲ့ code တွေ ရှာရှာပေးတဲ့ အစ်ကို... "k2 ကဗျာအသစ်တင်ထားတယ်"ဆိုပြီး offline နဲ့ စာပို့ပို့ပြီး Blog မှာ စာလာဖတ်ဖို့ ပြောတိုင်း (သူ့ site မှာလည်း ကဗျာတွေ တင်တတ်တာမို့ပါ...) မညည်းမညူ လာလာဖတ်ပေးပြီး comment တွေနဲ့ ချီးကျူးစကား အမြဲပြောပေးတတ်ပါတယ်... ကျေးဇူးပါ အစ်ကိုတော်... အစ်ကို့ဆီကလည်း အများကြီး သင်ယူတတ်မြောက်ခဲ့ပါတယ်... :P
နောက်ဆုံးမှာတော့ ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်းမောင်နှမမိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်... သတိတရနဲ့ပဲ လာလည်လည်... လမ်းကြုံလို့ပဲ လာလည်လည်... အမှတ်မထင်ပဲ ရောက်လာလာ... အားလုံးကို ကျေးဇူးတင်ပါတယ်... comment ထားခဲ့သည်ဖြစ်စေ၊ မထားခဲ့သည်ဖြစ်စေ ကျမ Blog ကို လာရောက်လည်ပတ်တဲ့အတွက် ဝမ်းသာပျော်ရွှင်စွာနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်... အထူးသဖြင့် comment ထားခဲ့တာကို ပိုလိုလားတောင့်တတဲ့ ကျမအတွက် ချစ်သူငယ်ချင်းတို့ရဲ့ comment က ကျမအတွက် စားရေးနိုင်ဖို့ "အား"တစ်ခုပါ...
ဪ... ချွင်းချက်တွေအနေနဲ့ ကျမ ရောက်ရှိခဲ့တဲ့ Blog တိုင်းက Blogger တွေကိုလည်း ကျေးဇူးတင်ပါတယ်... တစ်ယောက်ဆီကနေ ရေးနည်းရေးဟန်၊ အတွေးအခေါ်အသိအမြင်တွေ တိုးပွါးစေခဲ့တဲ့အတွက် မြင်ဆရာတွေအဖြစ် ကျေးဇူးတင်ပါတယ်... ကျမ အလည်ရောက်ရှိဖူးပြီး လေးစားခင်မင်အားကျနှစ်သက်မိတဲ့ Blogger တွေကို ညာဘက်ဘေးမှာ List တွေနဲ့ Link လုပ်ထားပါတယ်... အမှန်တော့ ကျမလေးစားနှစ်သက်ရတဲ့ Blogger တွေ အများကြီး ကျန်ပါသေးတယ်... ဒီနောက်ပိုင်း စာဖတ်အားနည်းသွားသလို အရင်လို Blog တွေဘက် သိပ်မရောက်ဖြစ်တဲ့အတွက် Update မလုပ်ဖြစ်တာလည်း အများကြီးပါ... ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ရာ ပေးစွမ်းနိုင်သူတွေမို့ ကျေးဇူးတင်ပါတယ်လို့ပဲ ပြောပါရစေ...

ဘာလိုလိုနဲ့ပေါ့လေ တစ်နှစ်ဆိုတဲ့ ကာလကို ဖြတ်အပြီးမှာ နောက်ပြန်လှည့်ကြည့်မိတဲ့အခါ ကျမ သင်ယူတတ်မြောက်ခဲ့တာတွေ အများကြီးပါ... နောက် ကျမအတွက် online ပေါ်မှာ ခင်ခဲ့ရတယ်ဆိုပေမယ့် တကယ့်ငယ်ပေါင်းတွေလို ခင်မင်စရာကောင်းတဲ့၊ ရိုင်းပင်းကူညီတတ်တဲ့၊ ရိုးသားဖြူစင်တဲ့၊ စိတ်ညစ်စရာတွေရှိရင် အားပေးဖြေသိမ့်ပေးတတ်တဲ့၊ ပျော်စရာရှိရင် မျှဝေဝမ်းသာပေးတဲ့ သူငယ်ချင်းကောင်းများစွာ ကျမ ရရှိခဲ့တာကိုလည်း ကျေနပ်ပျော်ရွှင်မိပါတယ်... နာမည်တွေမတပ်တော့ပေမယ့် ဘယ်သူဘယ်ဝါတွေဆိုတာကို သိကြမှာပါ... ကျေးဇူးတကယ်တင်ပါတယ် သူငယ်ချင်းတို့ရေ...

ဟိုးအရင်ကတည်းက ပြောခဲ့ဖူးသလိုပါပဲ...
ဒီblogလေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်ရာ ရေးထားခဲ့တာလေးတွေကို တစ်စုတစ်ဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
စာဖတ်သူတွေအတွက် ဖတ်ကောင်းချင်မှ ဖတ်ကောင်းမှာပါ... စိတ်ဝင်စားဖို့လည်း ကောင်းချင်မှကောင်းမှာပါ... ဒါပေမယ့် ကျမ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

အမှားအယွင်း အထောင်အသောင်း အဆိုးအပြစ် အသိန်းအသန်းရှိခဲ့သော် ကျမ တစ်ယောက်တည်း၏ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်ရှင်...

အားလုံးကို ကျေးဇူးတင် ခင်မင်လျှက်ပါ...
k2tmaung


Created By: k2tmaung (26 July 2010 Monday 01:53PM)

ဆက်လက်ဖတ်ရှုရန်...

ဓူဝံ...
တစ်စင်းတည်းလင်း...
တစ်မင်းတည်းဝင်းလို့...
ဂုဏ်သတင်းတွေ...
ဆောင်ကျဉ်းနေတယ်...

ကြယ်ကြွေတွေကောက်...
ဆုတောင်းတွေနဲ့ အိမ်ဆောက်...
ခပ်ခြောက်ခြောက် ဘဝက...
ရေကြည်နောက်တဲ့ ရေတွင်းနက်နက်ပေါ့...

ဘယ်ကြယ်တစ်စင်းမှ...
ကြွေမဆင်းသေးတဲ့ ဒီရေတွင်းမှာ...
ဓူဝံ... မင်းကတော့...
ဟိုးတွင်းနက်ထိ ဝင်ပြုံး..
အဆုံးမသတ်နိုင်တဲ့ ပဲ့တင်သံတွေနဲ့...
ကာရံတွေကို နိုးစေတယ်...

ဓူဝံ...
တစ်စင်းတည်း ထွန်းလင်းရလို့...
မင်း အထီးကျန်တယ် ထင်မိမယ်...
ခပ်ကုပ်ကုပ် ကြယ်တစ်အုပ်နဲ့...
ပြိုးပြိုးပြပြ ကြယ်တွေကြား...
မင်းက ထင်ရှားလွန်းနေတာကိုး...
မငိုပါနဲ့ ဓူဝံ...
မင်းလည်း ကြယ်တစ်စင်း...
သူတို့လည်း ကြယ်တစ်စင်း...
အလင်းခြင်း မတူပေမယ့်...
ကမ္ဘာတစ်ခုစီမှာ မင်းတို့က နေမင်းပါ...

လူတွေအတွက်...
လင်းရောင်ခြည် ပေးနေရတဲ့ မင်း...
ရှေ့ဆောင်နေရတဲ့ မင်း...
ခေါင်းငုံ့ မျက်ရည်သုတ်မနေပါနဲ့...
အားတွေ ယုတ်လို့...
မင်း စိတ်ရှုပ်ရင်...
တစ်ချက်တော့ ငဲ့ကြည့်လိုက်ပါ...
ရေတွင်းနက်ထိတောင်...
မင်းအပြုံးက အမြဲ လင်းလက်နေပါတယ်..

ကြယ်ပဲလေ...
မှိတ်တုတ်မှိတ်တုတ် ဘဝမို့...
မှောင်ရတဲ့အခိုက် မင်း ငိုပြီးရင်...
လင်းရတဲ့အခိုက် မင်း အားသစ်တွေတင်းလိုက်ပါ...
ဓူဝံ...


Created By: k2tmaung (25 July 2010 Sunday 05:08PM)

ဆက်လက်ဖတ်ရှုရန်...

ချစ်ခင်သူတွေကြား အမုန်းတွေ လက်ညှိုးထောင်...
ဟန်ဆောင်ထားရတဲ့ အပြုံး...
ရှုံးထွက်ပွဲမှာ အလွဲတွေနဲ့ သရေကျ,နေတယ်...။

အပျော်တွေများလို့ ငိုရတာ ခဏနား...
အင်အားချိကုန် ဟင်းမစုံတဲ့ညတွေများမှ...
အစားနည်းခဲ့တဲ့ငါ မကြာမကြာ ဗိုက်ဆာနေပြန်တယ်...။

ညတုန်းကတော့ လသာပါရဲ့...
အာရုံမိုးသောက် တစ်ခေါက်ရောက်ဖို့ ကောင်းကင်ညိုတို့ မဲ့ပြရပြီဆို...
ဝစီကြမ်းတဲ့ ငှက်ဆိုး...
အမျိုးမျိုးအကဲစမ်းတော့ ငါ တိုးတိုးလည်းဆဲတတ်လာပြီ...။

ဟော... မိုးခြိမ်းသံကြားတယ်...
ထီးစုတ်တစ်ချောင်း တစ်ဖြောင်းဖြောင်းဖွင့်...
မပွင့်ခဲ့တာ တစ်နွေဟောင်းခဲ့မှန်း...
ငါ ခုမှ နောင်တရတယ်...
ရှိပါစေတော့...
အနည်းဆုံးတော့ ဒေဝါမိုးနဲ့ ရေချိုးပြီး...
မျက်ရည်မိုးနဲ့ တစ်ရေးနိုးခဲ့ရတာ သင်ခန်းစာပေါ့...။


Created By: k2tmaung (09 July 2010 Friday 03:01AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..