Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...












ဆွေးနွေးချက်လေးက လေးနက်လို့ ရေးဖို့ တော်တော်အချိန်ယူစဉ်းစားနေမိတယ်... မြတ်နိုးရေ...
k2 ရဲ့ ခံယူချက်လို့ဆိုရမလား၊ k2 ကျင့်သုံးတယ်လို့ ဆိုရမလားပေါ့နော်... လူတစ်ယောက်က အမှားဖြစ်စေ၊ အပြစ်ဖြစ်စေ ကိုယ့်အပေါ်သော်လည်းကောင်း တစ်ခြားသူအပေါ်သော်လည်းကောင်း လုပ်မိရင် k2 သတိထားအမြဲစဉ်းစားတယ်... ငါဆိုရင်ရောလို့... ကိုယ်လည်း လုပ်မိလိမ့်မှာဖြစ်တဲ့ အမှား၊အပြစ်တစ်ခုဆိုရင်တော့ ဘယ်လောက်ကြီးတဲ့ အမှား or အပြစ်ဖြစ်ပါစေ... k2 ချက်ချင်း ခွင့်လွှတ်တတ်တယ်... အဲ ကိုယ်မလုပ်မှာသေချာရင်တော့ သေးသေးလေးပဲဖြစ်စေဦး လှည့်ကိုမကြည့်တတ်ဘူး... ဥပေက္ခာပြုထားလိုက်တယ်... မုန်းတာမဟုတ်ဘူးနော်... မုန်းတယ်ဆိုတာ ကိုယ့်ကို ပူလောင်စေလို့ မမုန်းတတ်အောင်တော့ လေ့ကျင့်နေပါတယ်... ဥပေက္ခာပြုတဲ့အတွက် အဲ့ဒီအပေါ် ခံစားချက်တွေ အနည်းငယ်တော့ပျောက်သွားတတ်ပါတယ်...


လူတွေက လူတစ်ယောက်အမှား or အပြစ်တစ်ခု လုပ်မိပြီဆို ဝိုင်းအပြစ်တင်တတ်ကြတယ်၊ ဝိုင်းကျဉ်တတ်ကြတယ်... သူဘာကြောင့်လုပ်ရသလဲဆိုတာကို တွေးဖို့တခါတလေမေ့နေတတ်ကြတယ်... ဥပမာ လူတစ်ယောက် ပစ္စည်းခိုးတယ်ဆိုကြပါစို့... လူတွေက သူခိုးဆိုပြီး ဝိုင်းရိုက်ဝိုင်းကန်ကြတယ်... ဖမ်းမိလို့ တောင်းပန်နေရင်တောင် ရိုက်နှက်နေကြသေးတယ်... စဉ်းစားကြည့်ပါ... သူဘာလို့ခိုးတာလဲဆိုတာ... ခိုးတယ်ဆိုမှတော့ အများစုက ဝမ်းရေးအဆင်မပြေဆင်းရဲကြလို့သာပေါ့... သမာအာဇီဝနဲ့ရှာပေါ့ဆိုပြီးတော့ အဆိုးမမြင်ပါနဲ့... ကိုယ့်ဝမ်းနာကိုယ်သာသိကြတာပါ... ခိုးတဲ့သူမှာ ခိုးလို့ အပြစ်ရှိပေမယ့် သူ့မှာသွေးထွက်သံယိုဖြစ်အောင် ရိုက်ဖို့ အပြစ်မရှိပါဘူး... ဒါပေမယ့် တစ်ချို့လူတွေက ကိုယ့်အသား ကိုယ့်အမျိုးမဟုတ်တိုင်း ဝိုင်းလုပ်တတ်ကြတယ်... k2 ကတော့ ခိုးတဲ့လူကို ကိုယ်ချင်းစာပေးလို့ရပေမယ့် ဝိုင်းရိုက်ကြတဲ့သူတွေကိုတော့ ကိုယ်ချင်းစာပေးလို့မရပါဘူး... ခိုးတာကို ဘာလို့လဲလို့တွေးပေးလို့ရပေမယ့် ဝိုင်းရိုက်တာကိုတော့ ဘာလို့လဲလို့ စဉ်းစားကြည့်လို့ကိုမရပါဘူး... ဒါ k2တို့ ရပ်ကွက်ထဲ(တိုက်ရှေ့)မှာ ဖြစ်ခဲ့တဲ့ မျက်မြင် ဖြစ်ရပ်လေးတစ်ခုပါ... လက်အုပ်ချီနေတာတောင် ကန်တဲ့လူတွေ၊ တုတ်နဲ့ရိုက်တဲ့လူတွေ... သူတို့ကို မေးကြည့်ချင်ပါတယ်... ဘာလို့လဲလို့။ နောက် ဥပမာတစ်ခု လူတွေက လူလူချင်းကို ကိုယ်ချင်းစာတတ်ကြတယ်ထား... တိရိစ္ဆာန်တွေကိုကျ ကိုယ်ချင်းစာဖို့မေ့နေတတ်ကြတယ်... k2 ကြုံဖူးတာလေး ပြောပါရစေ... k2တို့ တိုက်ရှေ့မှာ ခွေးလေခွေးလွင့်တွေအများကြီးရှိခဲ့ဖူးပါတယ်... k2 တို့ တိုက်ရှေ့မှာ k2တို့ကားကလွဲရင် ကျန်တဲ့ကားတွေက အကောင်းစားကြီးပါပဲ... ညစောင့်ငှားစရာ မလိုအောင်ကို စိတ်ချရတာပါ... အဲ...ဒီတော့ လူဆိုးသူခိုး တေလေဂျပိုးတွေက သူတို့ တိုက်ရှေ့ကဖြတ်တိုင်း ဝိုင်းဟောင်တတ်တဲ့ ခွေးတွေကို အဆိပ်ကျွေးသတ်ပစ်ကြတယ်... အုပ်စုနဲ့ ရိုက်သတ်ကြတယ်... အဲလို သတ်ကြတာနဲ့ စည်ပင်က ခွေးလေခွေးလွင့်ပပျောက်ရေးဆိုပြီး အဆိပ်ကျွေးတာနဲ့ ခုတော့ ခွေးတွေလည်းကုန် ကားတွေက ပစ္စည်းတွေလည်း ကုန်ပါရောလား... လူတွေက သူတို့ ပစ္ခည်းလေးတစ်ခု ခိုးရဖို့အရေး၊ တစ်ချို့က ငါ့ကို အကြောင်းမဲ့ ဟောင်ကြတယ်ဆိုပြီး အညှိုးထား မုန်းတီးလို့ အသက်တစ်ချောင်းကို မချိမဆန့်သေရအောင်ညှင်းဆဲသတ်ဖြတ်တတ်ကြတယ်... လူတိုင်းသေရမှာ ကြောက်ကြပါတယ်... သူများသတ်တာခံရရင် လူတွေက သနားတတ်ကြတယ်... ခွေးတစ်ကောင်ကို သတ်တာကျ သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို။ အဆိပ်ကျွေးသတ်တာ ဘယ်လောက်ခံစားရတယ်ထင်ပါသလဲ... ရင်ပူလို့ တွေ့တဲ့ ရေမြောင်းမှာ သွားလူးလှိမ့်ရင်း မချိမဆန့်ခံစားရပြီးမှ သေကြရတာ...


တုတ်နဲ့ရိုက်ခံရတဲ့ခွေးတွေကလည်း မစားနိုင်မသောက်နိုင် တအန်အန်နဲ့ တစ်ချို့ဆို မျက်လုံးတစ်ဖက်ပြူးထွက်လာတာတို့ဘာတို့နဲ့သေကြရတာ... ကိုယ်သာအဲ့လိုသေရမယ့်ဆို သူတို့ကို အဲ့လိုနည်းမျိုးနဲ့ သတ်ရဲကြပါ့မလားနော်... စဉ်းစားကြည့်စေချင်ပါတယ်... နောက် တစ်ချို့က ကြွက်တွေကို ကပ်ခွာကော်တွေသုံးပြီးဖမ်း နောက်မသေမရှင်နဲ့ လမ်းမပေါ်ပစ်... ကြွက်တွေခမျာ ကော်ကပ်နေတဲ့သူတို့အသားကို ခွာဖို့သွေးအလိမ်းလိမ်းနဲ့ကြိုးစားနေရချိန်မှာ ဘယ်တော့ ကားတက်ကြိတ်မလဲလို့ ရင်တထိတ်ထိတ်နဲ့ သေမှာကို တွေးကြောက်နေတဲ့သူတို့အဖြစ်လေးကလည်း သနားစရာမကောင်းဘူးလားနော်... အဲ့လိုလုပ်မယ့်အစား တစ်ခါတည်းသေအောင်သတ်လိုက်တာကမှ ကောင်းပါတယ်လေ... ကိုယ်ချင်းစာစိတ်လေးနဲ့ လူတိုင်းကို တွေးကြည့်စေချင်ပါတယ်... တိရိစ္ဆာန်တွေက မကောက်ကျစ်တတ်ပါဘူး... လူဆိုးကို ရန်မူတတ်ပေမယ့် လူကောင်းကို ရန်မပြုတတ်ကြပါဘူး... သေချာကြည့်တတ်ရင်လည်း တိရိစ္ဆာန်တိုင်းမှာ လူတွေထက် အပြစ်ကင်းတဲ့စိတ်ကလေးတွေရှိလို့ ချစ်စရာကောင်းကြပါတယ်...


အဲ...နောက်တစ်ခုဆိုးတာက ဥစ္စာ၊ ပညာ၊ ရုပ်ရည် စတဲ့ တစ်ခုခုမှာ မာန်မာနဂုဏ်လေးကြီးနေတတ်သူတွေက တဖက်သားနိမ့်ပါးသူတွေကို ကိုယ်ချင်းမစာ မောက်မာတတ်ကြပါတယ်... အဲဒါကတော့ တော်တော်ဆိုးပါတယ်... စဉ်းစားကြည့်ပါနော်... ကိုယ့်ကို အဆင့်မတူလို့ စကားမပြောဘူးဆိုရင် ကိုယ်ခံနိုင်ပါ့မလား... ဒီလိုပဲပေါ့... ကိုယ်လည်း တစ်ခြားသူတွေအပေါ် အဲ့လိုကိုယ်ချင်းစာအမြင်လေးထားကြည့်ဖို့လိုမယ်ထင်ပါတယ်နော်... ကိုယ့်မှာရှိတဲ့အရာတိုင်း သူ့မှာမရှိနိုင်သလို သူ့မှာရှိတဲ့အရာတိုင်း ကိုယ့်မှာလည်း ဘယ်ရှိနိုင်ပါ့မလဲ... မတူနိုင်တာတွေကို ချိန်ခွင်တစ်ခုတည်း ထည့်ချိန်ပြီး တူဖို့ကြိုးစားတာကတော့ ကိုယ့်လောဘကိုယ် ကြီးထွားအောင်လုပ်နေတယ်လို့ပဲ မြင်မိပါတယ်...

နောက်ဆုံးတစ်ခုက ကိုယ်ချင်းစာစိတ်ရဲ့ဆန့်ကျင်မှုတစ်ခုသည် တစ်ကိုယ်ကောင်းဆန်တာလို့လည်း k2 မြင်တယ်... တစ်ကိုယ်ကောင်းသိပ်ဆန်လွန်းရင်လည်း ကိုယ်ချင်းစာစိတ်တွေ အမှောင်ပိတ်ကားချထားခြင်း ခံနေရတတ်ပါတယ်... တစ်ချို့လူတွေ မြင်ဖူး၊ ကြုံဖူးပါတယ်... ငါမှငါဆိုပြီး အရမ်းတကိုယ်ကောင်းဆန်၊ ကိုယ်ရဖို့ ကိုယ်ကြည့်ပြီး သူများအတွက်သိပ်မတွေးပေးတတ်ကြဘူး... ပြီးတော့ ကိုယ်ချင်းစာစိတ်မရှိတာ၊ တကိုယ်ကောင်းဆန်လွန်းတာက လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ထိခိုက်မှုတွေ ရှိတယ်လို့ထင်ပါတယ်... ပြီးတော့ စကားပုံလေးတစ်ခုလည်းရှိတယ်မို့လား "ရွှေအကြောင်း ဖယောင်းမှသိ၊ လူအကြောင်းပေါင်းမှသိ"တဲ့... ဒီလူမကောင်းဘူးလို့ ပြောကြရုံနဲ့လည်း လူတစ်ယောက်ကို အဆိုးမမြင်သင့်ဘူးထင်ပါတယ်... လူတိုင်းမှာ weak points လေးတွေတော့ ရှိကြမှာပေါ့လေ... အဲဒါလေးတွေကို နည်းနည်းလေး အကောင်းမြင်ဝါဒီလေးနဲ့ ဖြည့်ကြည့်လိုက်ရင် တခါတလေမှာ အားနည်းချက်အချိုင့်လေးတွေက အကောင်းအမြင်လေးတွေကြောင့် ပြည့်သွားတတ်ကြပါတယ်... k2ကတော့ လူတစ်ယောက်ကို မကောင်းဘူးလို့ပြောတိုင်း လွယ်လွယ်တော့ မယုံတတ်ပါဘူး... တခါတလေ လူအများစုနဲ့သဘောမတိုက်ဆိုင်လို့၊ တကိုယ်ကောင်းဆန်လို့ မကောင်းဘူးလို့ သတ်မှတ်ခံထားကြပေမယ့် ကိုယ်နဲ့ပေါင်းကြည့်ပြီး ကိုယ့်အပေါ်ကောင်းရင် ပြီးတာပဲလေ...နော့... k2မှာ အဲ့လို မိတ်ဆွေသူငယ်ချင်းတွေ ကြုံခဲ့ဖူးလို့ပါ... တတ်နိုင်သမျှတော့ ငါသာဆိုရင်ကော... ဆိုပြီး နားလည်ပေးကြည့်ဖို့ ကြိုးစားနေပါတယ်... သို့ပေမယ့် လူပဲလေ... တခါတလေတော့လည်း ကိုယ်ချင်းစာစိတ်လေးက လွတ်လွတ်သွားတတ်ပါသေးတယ်... 


ခေါင်းစဉ်လေးနဲ့ လွဲသွားတယ်ဆိုရင်တော့ တောင်းပန်ပါတယ်နော်... တတ်နိုင်သလောက်တော့ topicလေးစောင်းမသွားအောင် ကြိုးစားရေးခဲ့ပါတယ်...
ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်ဖို့ ကြိုးစားလျှက်...
k2tmaung


30 June 2009 ရွှေမြန်မာတွင် ဝင်ဆွေးနွေးခဲ့ပါသည်။

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..