Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...


မိုး...

ငယ်ငယ်က လွတ်လပ်ပေါ့ပါး...
ငါစော့ကစားဖို့...
နင့်ရင်ခွင်အောက်...
ငါ အခေါက်ခေါက် တိုးဝင်ခဲ့ဖူးတယ်...

မိုး...
တကယ်တော့ နင့်ကို ငါမုန်းတယ်...
အရှုံးမရှိဘဲ နင် မျက်ရည်တွေ ရွာသွန်းတိုင်း...
ငါ့မျက်ဝန်းတွေပိတ် တိတ်ဆိတ်စွာ...
အိမ်ထဲအောင်းနေခဲ့ရလို့...

မိုး...
တစ်ခါတစ်လေတော့ နင့်ကို ငါ သနားတယ်...
နင်မနားတမ်းငိုတိုင်း ဒါ ကျိန်စာလားလို့...
ငါ အကြိမ်ကြိမ်တွေးရင်း...
ကိုယ်ချင်းစာမိခဲ့လို့...

မိုး...
မကြာမကြာလည်း ငါ နင့်ကို မနာလိုဝန်တိုမိတယ်...
နင့်မှာ လိုအပ်သလို ဝမ်းနည်းတဲ့အချိန်တိုင်း...
သည်းသည်းမည်းမည်း ရင်ဖွင့်ခွင့်ရှိနေလို့...

မိုး...
နာကျင်တဲ့ရင်နဲ့ အကြင်နာကင်းတဲ့...
ဒီတစ်မိုးအောက် ငါလွတ်မြောက်ချင်တယ်...
အလွမ်းပိုတွေနဲ့ ငါ မနွမ်းခင်...
ငါ့ရင်မှာ မျက်ရည်တွေ တွဲလွဲခို...
ငါငိုလိုလို့...
နင့်ရင်ခွင်အောက်...
တစ်ခေါက်လောက်တော့ ဝင်ခွင့်ပြုကွယ်...

Created By: k2tmaung (16 August 2009 Sunday 5:57PM)

ဆက်လက်ဖတ်ရှုရန်...

"ဘဝမှာ အပြောဖြစ်ဆုံးနဲ့အပြောအများဆုံး စကား နှစ်ခွန်းရှိပါတယ်... ၁. ကျေးဇူးတင်ပါတယ် (နှုတ်ကထုတ်ပြောခြင်းဖြင့် ကိုယ့်စိတ်ကို အမြဲသန့်ရှင်းနေပါစေ) ၂. Sorry (မှားတာကိုဝန်ခံရဲတဲ့ သတ္တိ အမြဲရှိနေပါစေ)" အဲ့ဒါလေးက ကျမကိုယ်တိုင် ဖန်တီးကိုးကွယ်တဲ့ ဆောင်ပုဒ်လေးတစ်ခုပါပဲ...

ဒီနေ့ ကျေးဇူးတင်ထိုက်သူတစ်ယောက်တွေ့ခဲ့တယ်... ဒါပေမယ့် ဖွင့်ပြောဖို့အခွင့် မရလိုက်ဘူး... ဒါကြောင့် ဒီစာလေးနဲ့ပဲ မှတ်တမ်းတင်ထားလိုက်ပါတယ်...

သူမနာမည်က Kelly... အရပ်ပုပု လူကောင်သေးသေးနဲ့ အားနာတတ်သော အပြုံးကို ပိုင်ဆိုင်ပါတယ်... အင်မတန် နူးညံ့ညင်သာသော အသံနဲ့ ကြားရသူကို နားလှစေတယ်... ဖြူဆွတ်သောအသားအရည်ကို ပိုင်ဆိုင်တဲ့ Malaysian နိုင်ငံသူ Chinese အမျိုးသမီးတစ်ယောက်... ကျမအသက်ထက် ၁၀စုနှစ်ကျော်ကျော်ကြီးပြီး... ကျမကို သူမထက်အသက်အများကြီးငယ်သော ညီမငယ်အဖြစ် ဆက်ဆံတတ်တယ်...

ကျမက သူမနေရာကို အစားထိုးဝင်ရောက်လုပ်ကိုင်ရသူ... အတိအကျပြောရရင် ဒီအလုပ်ကို 11 June 2008 မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်... သူမက ကျမအထင် ကျမအလုပ်ဝင်တဲ့အချိန်ထက် နှစ်လလောက်စောပြီး အလုပ်ထွက်သွားတာပါ... သူမအလုပ်မထွက်ခင် ကျမအလုပ်မဝင်မီ ဒီနိုင်ငံသူ အမျိုးသမီးတစ်ယောက်ကို သူမရဲ့အလုပ်အားလုံးကို စာရင်းအတိအကျနဲ့ Hand Over လုပ်ခဲ့ပါတယ်... သို့ပေမယ့် ထိုအမျိုးသမီးက probation အစမ်းကာလမှာပဲ one day notice နဲ့အလုပ်ထွက်သွားခဲ့တယ်... ကံကောင်းချင်တော့ ကျမလက်ရှိအလုပ်ကထွက်ထားဆဲ အလုပ်နောက်တစ်ခုကို နှစ်ပတ်အတွင်း အပူအပြင်းရှာနေတဲ့အချိန်... တစ်ပတ်တိတိပြည့်တဲ့နေ့မှာ ဒီအလုပ် interview ကို ရခဲ့ပါတယ်... ကံဆိုးချင်တော့ ကျမအရမ်းမျှော်လင့်ထားတဲ့ company ကြီး တစ်ခုက အလုပ်ကို စွန့်လွှတ်ရမယ်ဆိုတာ ကြိုမသိခဲ့ရဘူး... ကျမအရမ်းလိုချင်တဲ့ အဲ့ဒီအလုပ်ကလေးသာ နှစ်ရက်လောက်စောပြီး ကျမကိုအလုပ်ခန့်ကြောင်း သိခဲ့ရရင် သို့မဟုတ် ကျမမှာသာ အလုပ်ရှာဖို့အချိန်ပိုသာရှိခဲ့ရင် ကျမ ဒီအလုပ်ကို လက်ခံမိမှာမဟုတ်ပါဘူး... သူမအပါအဝင် လက်ရှိလုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမဆုံဖို့ရန်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး... ကျမ interview သွားခဲ့တဲ့နေ့က 7 June 2008 စနေနေ့... interview ပြီးပြီးချင်း အလုပ်တန်းခန့်လို့ ကျမ မပြန်ဖြစ်ဘဲ သူမနဲ့ကျမ အလုပ်အကြောင်းအနည်းငယ် ပြောဖြစ်ကြတယ်... ကျမအတွက် Spass ဆိုတဲ့ ဒီနိုင်ငံမှာ နေထိုင်ခွင့်တစ်ခုကိုလည်း သူမကိုယ်တိုင် လျှောက်ပေးခဲ့တယ်... ပြီးတော့ ဒီနိုင်ငံမှာ ပထမဆုံး ကျမရဲ့ nick name တစ်ခုဖြစ်တဲ့ christine ဆိုတဲ့နာမည်ကို စသုံးဖြစ်ခဲ့တဲ့နေ့လည်းဖြစ်တယ်... သို့ပေမယ့် ကာလအတော်ကြာတဲ့အထိ သူမတစ်ယောက်သာ ကျမရဲ့ chinese name ကို တွင်တွင် ခေါ်ဝေါ်ခဲ့တယ်... Company ကြီး တစ်ခုမှာ အလုပ်ရသွားတဲ့၊ အဲ့ဒီအလုပ်မှာလည်း အလုပ်ဝင်စမို့ အလုပ်အရမ်းရှုပ်နေတဲ့ သူမက ဒီဘက်က ကျမတို့ Company မှာလည်း Part Time အဖြစ် တစ်ပတ်ခြားတစ်ခါ ကျမတို့ နေ့တစ်ဝက် အလုပ်ဆင်းတိုင်း အလုပ်လာတက်တတ်တယ်... နှစ်ပတ်မှာ တစ်ရက်... တစ်လမှာ နှစ်ခါသာ ဆုံကြတဲ့ သူမနဲ့ ကျမ ရင်းနှီးမှုက တံတိုင်းတစ်ခု ခံနေခဲ့တယ်... ကျမ စကားနည်းတာလည်း ပါကောင်းပါမှာပေါ့လေ... အလုပ်စဝင်ဝင်ခြင်းမှာပဲ Hand Over မရှိတာရယ်... construction နဲ့ ပတ်သက်ပြီး လုံးဝ အတွေ့အကြုံ မရှိတာရယ်ကြောင့် ကျမ အရမ်းစိတ်ညစ်သွားတယ်... ပိုဆိုးတာက company ရဲ့ Software ထဲမှာမဟုတ်တဲ့ တစ်ခြား Data File တွေ မရှိတာပဲ... သက်တမ်းတစ်ခုထိရှိနေတဲ့ company တစ်ခုမှာ Data Transaction မရှိဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ... မရှိခဲ့ရင် နောက်လူအတွက် အလုပ်ဘယ်လိုမှ မတွင်နိုင်ဘူး... ကျမလိုချင်တဲ့ စာရင်းဇယားတွေ ချရေး၊ မသိနားမလည်တာတွေများသော အလုပ်အကြောင်းတွေလည်း မေးတန်မေး၊ ကိုယ့်ဘာသာလေ့လာနိုင်သလောက်လေ့လာ၊ သူမကို မေးရမှာတွေ ချမှတ်နဲ့ သူမနဲ့တွေ့ရမယ့် Saturday တိုင်းကို ကြားထဲက နေ့ရက်တွေကို ခုန်ကူးပြီး ရောက်ချင်မိတယ်... တွေ့ဖြစ်ကျတော့လည်း သူမအလုပ်တွေကိုသာ အပြီးဖြတ် လုပ်နေတတ်တာမို့ ကျမမေးတာတွေ သူမ အသေးစိတ်မဖြေနိုင်ပြန်... Data File တွေက IT သမားကြောင့် အကုန် lost ဖြစ်သွားတယ်ဆိုတာရယ်... ကျမရှေ့မှာ အလုပ်ဝင်သွားတဲ့ အမျိုးသမီးကြောင့် Data တွေဘယ်ရောက်သွားလဲ မသိဘူးဆိုတဲ့ အဖြေစကားကြောင့် ကျမ သူမကို တော်တော်လေးစိတ်ကွက်မိတယ်... တစ်ချို့တွေက ကိုယ်လုပ်ထားတဲ့၊ တတ်ထားတဲ့ ပညာကို လျှိုထားတတ်ကြတယ်လေ... ကျမကတော့ ကိုယ့်စိတ်နဲ့ကိုယ်နှိုင်းပြီး ကာလအတော်ကြာတဲ့အထိ သူမကို စိတ်အစာမကြေခဲ့ပါဘူး... ကျမ ရန်ကုန်မှာတုန်းက ကျမအလုပ်ထွက်တော့ ကျမရဲ့ဂျူနီယာ သို့ပေမယ့် ကျမထက်အသက်နှစ်နှစ်လောက်ကြီးသော အစ်မကို အလုပ်ထွက်စာမတင်ခင် တိတ်တိတ်လေး တစ်လတိတိ ကျမတတ်သမျှ၊ ကျမကိုယ်တိုင်ရှာဖွေဖန်တီးထားသမျှ ပညာအားလုံးပေးခဲ့တာပါ... ကိုယ်ထွက်မှတော့ ကိုယ့်ပညာ လျှိုစရာဘာရှိတော့မလဲ... ဆက်ရှိနေဦးမယ်ဆိုရင်တော့ လျှိုသင့်လျှိုထားရမှာပဲလေ... အဲ့လို မခြွင်းမချန် သင်ပေးခဲ့တဲ့ ကျမစေတနာကြောင့် လူပေါင်းများစွာရဲ့ အပြစ်တင်စကားကို ကျမ ခေါင်းမော့ရင်ကော့ပြီး အောင်မြင်ခဲ့ဖူးတယ်... နောက်ပြီး ကျမအလုပ်နဲ့ ပတ်သက်သမျှ File တွေကိုလည်း ကိုယ်ပိုင် Password နဲ့ ပိတ်ထားတတ်တယ်... ညစ်တာတော့ မဟုတ်ပေမယ့် ဒါ ကိုယ့်ပညာတွေလေ... IT သမားတွေမဟုတ်တဲ့အတွတ် Password ဖော်ရအောင်လည်း ဘယ်သူမှ ကြိုးစားမှာမဟုတ်ဘူးလေ... အဲ့လို ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်းပြီး တော်တော်လေးအမြင်မကြည်ခဲ့ပါဘူး... ဒါပေမယ့် ကျမ သူမဆီက ပညာတွေ အမြောက်အမြား သင်ယူတတ်မြောက်ခဲ့ပါသေးတယ်... HR ပိုင်းဆိုင်ရာတွေ Bank နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ... စသဖြင့် ကျမမေးသမျှ စိတ်အားထက်သန်စွာ ပြောပြလို့ ကျမနားလည်ခဲ့ရတဲ့အတွက် ကျမ သူမကို ဆရာတစ်ယောက်အဖြစ် ကျေးဇူးတော့ အမြဲတင်ခဲ့ပါတယ်... ကျမနဲ့ သူမ ပိုရင်းနှီးသွားစေတဲ့ အချက်ကတော့ ကျမစေတနာ ရောင်ပြန်ဟပ်ခဲ့တယ်လို့ပဲ ထင်ပါတယ်... 2008 Financial Year အတွက် နှစ်ချုပ်ရှင်းတမ်း စာရင်းဇယားတွေ စာရင်းပိတ် report ထုတ်တဲ့အချိန် ကျမရော သူမပါ အရမ်းပင်ပန်းခဲ့ပါတယ်... အထူးသဖြင့် Full Time အလုပ် တစ်ခုနဲ့ Part Time အလုပ် နှစ်ခုလုပ်နေသော သူမကို ကျမ ကိုယ်ချင်းစာပါတယ်... နောက်တစ်ခုက 2008 Financial Report မို့ အဓိက သူမ စာရင်းပိတ်ရတာပါ... ကျမက 2008 June မှ အလုပ်ထဲ ဝင်ခဲ့တာမို့ ရှေ့ပိုင်းအကြောင်းအရာတွေ ကျမ မသိ၊ နားမလည်ပါ... ဖြစ်ချင်တော့ ကျမ မရှိခိုက် Report လုပ်ဖို့ သူမ စာရင်းပိတ်လိုက်တာကို ကျမ တကယ်မသိလိုက်ခဲ့ဘူး... Data Transaction တွေကို 2008 နဲ့ပဲ ကျမ ဆက်သွင်းလိုက်တဲ့အတွက် Accounting Firm က ထုတ်ပေးလိုက်တဲ့ Stat Account က ကျမရဲ့ Software က ထွက်တဲ့ Report နဲ့ အကွာကြီးကွာနေတော့တယ်... ကျမကိုမပြောဘဲ သူပိတ်ခဲ့တဲ့အတွက် သူမ အမှားဖြစ်ပေမယ့် ကျမ ကွာဟမှုတွေ ရဲ့ 90%လောက်ကို OTဆင်းပေးပြီး အစအဆုံး ရှာပေးခဲ့တယ်... ကျမအတွက် ပညာတစ်ခုရသလို၊ အလုပ်များတဲ့ သူမကို ကိုယ်ချင်းစာတာလည်း ပါတာပေါ့လေ... နောက်တစ်ချက်က ကျမကိုယ်တိုင် နေ့စဉ် ကိုင်တွယ်နေရတဲ့ စာရင်းဇယားတွေမို့ သူမထက် ကျမရှာရတာက ပိုအဆင်ပြေတယ်လေ... ဒါကြောင့် အပင်ပန်းခံ ညစာတောင်မစား ညဥ့်နက်တဲ့အထိ ရုံးမှာ စာရင်းစာရွက်ပုံကြား ခေါင်းနှစ်ပြီး လုပ်ပေးခဲ့တယ်... ကျမ မှတ်မိတယ်... အဲဒီနေ့က စနေနေ့... နောက်ဆုံး Bus မီဖို့ မနည်းကြိုးစားပြန်ခဲ့ရတယ်... နောက်ရုံးဖွင့်ရက် တနင်္လာနေ့ ကျမ Time Card ရိုက်တော့ တနင်္ဂနွေနေ့မှာ သူမ OT ဆင်းမယ်မှန်းသိထားတဲ့ ကျမ သူမ Time Card ကို ယူကြည့်မိတယ်... နေ့တစ်ဝက်နဲ့ ပြန်သွားမှန်းတွေ့လိုက်ရတော့ ကျမ ပြုံးလိုက်မိတယ်... နောက်နှစ်ပတ်အကြာ သူမ ရုံးလာတော့ ပျော်ရွှင်စွာနဲ့ ကျမကို ကျေးဇူးတင်စကားလာပြောခဲ့တယ်... Target Date အမီ သူဌေးကို သူမ Report အပ်နိုင်ခဲ့တဲ့အတွက် မျက်နှာရခဲ့တာက သူမလေ... ကျမလုပ်ပေးတာ ဘယ်သူသိသိ မသိသိ... ကျမသိတယ်... ဘုရားသိတယ်... ပြီးတော့ သူမသိတယ်လေ... နောက်တစ်ခု... ကျမကို သူမ နှုတ်က ထုတ်ပြီး ကျေးဇူးတင်ခဲ့တဲ့အတွက် သူမကို ပိုလေးစားချစ်ခင်မိသွားတယ်... အဲ့ဒီအချိန်ကစပြီး သူမနဲ့ ကျမ ဆက်ဆံရေးက ပိုနွေးထွေးခဲ့တယ်... ပိုစည်းလုံးခဲ့တယ်... ကျမတို့ နှစ်ယောက်တည်းရှိတဲ့အချိန်တွေဆို သူမရဲ့ အတွေ့အကြုံတွေ၊ ကျမရှေ့အနာဂါတ်အတွက် ဖြစ်သင့်တာတွေ၊ တစ်ခြားတစ်ခြားသော personal အကြောင်းတွေကို သူမက ဒိုင်ခံပြောပြီး ကျမက တပည့်တစ်ယောက်လို၊ ညီမတစ်ယောက်လို၊ တစ်ခါတစ်လေလည်း ကလေးတစ်ယောက်လို နားထောင်ခဲ့ရတယ်... တွေ့တိုင်း Permanent Resistant (PR) လို့ခေါ်တဲ့ ဒီနိုင်ငံမှာ နေထိုင်ခွင့်လျှောက်ဖို့၊ ဒီထက်ကောင်းတဲ့အလုပ်တစ်ခုမှာ ပညာရှာဖို့ စသဖြင့် ကျမကောင်းကျိုးအတွက် ပြောတတ်တယ်... နောက်ထက် ကျမ လေးစားရခြင်းတစ်ခုက သူမရဲ့ အလုပ်အပေါ် စေ့စပ်တိကျမှု... ကျမလောက် အလုပ်ကို သပ်သပ်ရပ်ရပ်နဲ့ Detail မလုပ်တတ်ပေမယ့် သူမ အရမ်းစေ့စပ်သေချာပါတယ်... Detail လုပ်နိုင်လွန်းတဲ့ကျမကိုလည်း သူမက အမြဲချီးကျူးတတ်ပြန်တယ်... တစ်ခါတစ်လေ အပင်ပန်းခံ Detail မလုပ်ဖို့ ပြောပေမယ့် ကျမက ပြုံးပြီးသာ အသာနားထောင်ပေးခြင်းဖြင့် သူမ စကားတွေကို ငြင်းပယ်တတ်ခဲ့တယ်... ဒါပေမယ့် သူမကတော့ ဖြစ်သင့်ဖြစ်ထိုက်တာကို မမောမပန်း ဆက်ပြောတတ်ပြန်ပါတယ်...

ဒီနေ့ Medical Leave နဲ့ ခွင့်နှစ်ရက်ဆက်တိုက်ယူပြီး နေ့တစ်ဝက် (စနေမို့) ရုံးပြန်စတက်တယ်... မနေ့က အလုပ်ကိစ္စအတွက် ကျမ Mobile ကို ခေါ်ပြီးမေးမြန်းတုန်းက ကျန်းမာရေးအခြေအနေကို ပြောပြထားမိလို့ပဲလား... တမင် အလုပ်များတဲ့အချိန် ခွင့်နှစ်ရက် ဆက်တိုက်ယူလိုက်တယ်လို့ထင်ကြလို့ပဲလားတော့မသိ... အားလုံးက ဖာသိဖာသာရယ်... နေပေါ့... ကျမ တကယ်နေမကောင်းတာမို့ သိပ်တော့ ဂရုမစိုက်ပါ... ရှင်းပြဖို့လည်း စိတ်မပါပါ... ခုထိတောင် လူက မောပြီး နေလို့ကောင်းသေးတာမဟုတ်... ကျမစားပွဲ ကျမလာထိုင်ပြီး စားပွဲပေါ်က မြောက်မြားစွာသော စာရွက်စာတမ်းတွေကိုကြည့်ရင်း သက်ပြင်းခပ်ဖွဖွချကာ လုပ်စရာရှိတာဆက်လုပ်နေလိုက်ပါတယ်... သူမ ရောက်လာတော့ အနွေးထည်နဲ့ ကျမကို တအံ့တဩ မေးပါရောလား... ကျမလည်း ကျမ ဖြစ်တာတွေကို အကုန်ပြောလိုက်ရော မျက်လုံးပြူးပြီး ဂရုစိုက်ဖို့၊ ဘာဖို့တို့ မှာတော့တာပဲ... နောက်တော့ သူမလည်း လုပ်စရာရှိတာလုပ်၊ နေသိပ်မကောင်းသေးတဲ့ ကျမလည်း နှစ်ရက်စာ အလုပ်အကြွေးတွေကိုကြည့်ပြီး တော်တော် စိတ်လေသွားတယ်... လုပ်ချင်စိတ်လည်း သိပ်မရှိတာရယ်၊ ခေါင်းလည်းမူးနေသေးတာမို့ အလုပ်ကို အာရုံမစိုက်ချင်တာရယ်ကြောင့် ဖြေးဖြေးနှေးနှေးနဲ့ အရေးကြီးတာလေးတွေ ရွေးလုပ်ပြီး သက်သာသလိုသာ နေလိုက်ပါတယ်... တစ်နာရီ ရုံးဆင်းတော့ ကျမရယ်၊ ရုံးက ကျမနဲ့အရင်းနှီးဆုံး Admin အစ်မရယ် (ကျမထက် ၇နှစ်လောက်ကြီးလို့ အစ်မသာ သုံးစွဲရတာ သူမကိုယ်တိုင် ကျမနဲ့သက်တူရွယ်တူလို သက်မှတ်ပြီး ဆက်ဆံတတ်သလို ကျမလည်း တစ်ခါတစ်လေ စိတ်အလိုမကျရင် အသက်အရွယ်တွေမေ့ပြီး ဘုပြောလိုပြော၊ ငြင်းလိုငြင်းနဲ့ပေါ့)၊ နောက်သူမရယ် နေ့လည်စာ အတူသွားစားဖို့ ပြင်ကြတယ်... သွားခါနီး ကျမနားကပ်ပြီး သူမက တိုးသက်ညင်သာသောအသံဖြင့် အစွမ်းကုန်ပြုံးပြပြီး "take it easy" လို့ ခပ်တိုးတိုးပြောပါတယ်... အစပထမ တိုးလျလွန်းတဲ့သူ့အသံကြောင့် ကျမ နားမလည်စွာ "ဟင်"လို့ မျက်ခုံးပင့်ကြည့်မိတော့ သူမက နောက်တစ်ကြိမ် "whatever... take it easy" လို့ ထပ်ပြောပါတယ်... ဘာအတွက်ကြောင့်၊ ဘာကိုရည်ရွယ်လို့ပြောလည်း ကျမ မသိပေမယ့် အမည်ဖော်မရတဲ့ ခံစားမှုတစ်မျိုးနဲ့ သူမကို ပြုံးပြမိတယ်... ဘာအတွက်ပဲဖြစ်ဖြစ် ကျမကို ဂရုတစိုက်ရှိပေးတဲ့ ကျမ စီနီယာကို ကျေးဇူးတင်မိသွားပေမယ့် ကျမဖွင့်တော့ မပြောဖြစ်ခဲ့ပါဘူး... ထုံးစံအတိုင်း စားနေကျဆိုင်မှာ (သူတို့အားလုံး သဘောတူ လက်ခံထားတာက christine က အဲဒီဆိုင်မှာ စားရတာ သဘောကျ နှစ်သက်ပါတယ်တဲ့... ကျမကတော့ တစ်ခါမှ အဲ့လို မပြောမိဘူးထင်ပါတယ်... သို့ပေမယ့် ကျမအကျင့်အတိုင်း ပြုံးလို့သာနေလိုက်ပြီး ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါခဲ့ပါဘူး) သူမတို့ နှစ်ယောက်က ခေါက်ဆွဲ... ကျမက ထမင်းနဲ့ဟင်း... မှာစားဖြစ်ကြတယ်... စားနေကျဆိုင်မို့ ကျမတို့ကို ရင်းနှီးပြီး အမြဲလည်း နောက်ပြောင်တတ်ကြတယ်... ကျမလာရင်လည်း curry နဲ့ ကြက်ဥပေါင်း သို့မဟုတ် curry နဲ့ တို့ဟူး စားနေကျမို့ အမြဲ စနောက်တတ်ကြပါသေးတယ်... ဒီနေ့ကတော့ နေလည်းသိပ်မကောင်းတာမို့ အချိုဟင်းတွေသာမှာစားဖြစ်သလို သောက်နေကျ grass power လို့ခေါ်တဲ့ အအေးလည်း မှာမသောက်ဖြစ်တော့ပါဘူး... အစ်မနှစ်ယောက် အလုအယက် ပြောနေကြတာတွေကိုသာ တစ်လုံးမှ ဝင်မပြောဘဲ ကိုယ့်ထမင်းကိုယ်စား... ပါလာတဲ့ကိုယ့်ရေကိုယ်ထုတ်သောက် လုပ်နေလိုက်ပါတယ်... ထမင်းစားတာနည်းနည်းများသွားလို့လားမသိ လူက ပိုနေလို့မကောင်းတော့... သို့ပေမယ့် စကားပြောကောင်းနေတဲ့သူမတို့ နှစ်ယောက်ကို နှုတ်ဆက်ပြီးပြန်ရမှာလည်း မကောင်းတတ်တာမို့ နားသာထောင်နေရတာ ဘာတွေပြောနေကြမှန်းမသိ... အိပ်မငိုက်ကျသွားအောင်တောင် မနည်းဂရုစိုက်နေရတယ်... စကားဝင်မပြောတဲ့ကျမကို သူမကတော့ နေမကောင်းလို့ ငြိမ်နေတယ်မှတ်ပြီး chinese လို "သနားပါတယ်"တဲ့... ကလေးလို ကျမကို အမြဲမြင်ပြီး ဆုံးမတတ်တဲ့သူမက ခုတစ်ခါလည်း ကလေးလိုမြင်ပြီး "သနားပါတယ်"လို့ ပြောတာ ကျမသိပါတယ်... အပြန်လမ်းခွဲကျတော့ သူမတို့နှစ်ယောက်က စားသောက်ဆိုင်ရှေ့က Bus Stop ကို ဦးတည်ပြီး ကျမက တစ်ဖက်ကားလမ်းက သူတို့ Bus Stop နဲ့ မျက်စောင်းထိုးမှာရှိတဲ့ Bus Stop ကို ခြေဦးလှည့်ရပါတယ်... လုပ်နေကျအတိုင်း နားကြပ်လေးထုတ် phone နဲ့ ချိတ်ပြီး သီချင်းနားထောင်... အတွေးတွေက ပြောင်းဆန်လို့... Bus စောင့်ရင်း တစ်ဖက်ကားလမ်းကို လှမ်းကြည့်မိတော့ သူမတစ်ယောက်တည်း... message ပို့နေလား၊ ဘာလားတော့မသိ phone ကို သည်းကြီးမည်းကြီးကြည့်နေတာကို တွေ့လိုက်ရတယ်... နောက်တော့ Busလည်း လာပြီမို့ အိမ်ပြန်ဖို့ကိုပဲ အာရုံရတော့တယ်... Bus ပေါ်ထိုင်ရင်း မျက်လုံးမှိတ်ပြီး အသာမှေးနေတုန်း message ဝင်လာလို့ ကြည့်လိုက်တော့ သူမဆီမှ...

တစ်ခါတစ်လေ... လောကမှာ အထင်နဲ့အမြင်ဆိုတာတွေက ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေတတ်ကြပြန်တယ်... ကျမ မထင်မှတ်ထားတဲ့သူက မထင်မှတ်ထားတဲ့အချိန်မှာ ကောင်းနေတတ်ပါလားလို့ ကျမအတွေးဝင်မိသလို... အရင်က ကျမ သူမအပေါ်ထားခဲ့ဖူးတဲ့ သံသယအမဲစက်လေးတွေလည်း ကျမမှုတ်ထုတ်လိုက်တဲ့ သက်ပြင်းလေတိုးတိုးလေးနဲ့အတူ အဝေးကို လွင့်ထွက်သွားပါတယ်... ကျမ တကယ် ခံစားလိုက်ရတာက မိတ်ဆွေဆိုတဲ့ ဝေါဟာရလေးရဲ့ အဓိပ္ပါယ်ပါ... ကျမ နေ့စဉ်နဲ့အမျှ စေတနာထားလုပ်ပေးနေတဲ့၊ နီးကပ်စွာရှိနေကြတဲ့သူတွေဆီက နေကောင်းပြီလား... သက်သာရဲ့လားဆိုတဲ့ လွယ်ကူရိုးဆင်းပြီး အပန်းမကြီးတဲ့ စကားတစ်ခွန်းတောင် မကြားရ... ပြောတဲ့သူရှိပေမယ့် ဟန်လုပ်အပြောနဲ့ အပေါ်ယံကြောတွေ... စိတ်ထဲပါလို့မဟုတ်... လူ့စိတ်ဆိုတာမှန်းရတော့ ခက်သားလို့ ကျမ အပြုံးလျော့လျော့နဲ့ တွေးမိတယ်... ပြီးတော့... ပထမဆုံးအကြိမ် သူစိမ်းတစ်ယောက်ဆီက မျှော်လင့်မထားတဲ့ ဂရုစိုက်မှုတစ်ခုက ကျမရင်ကို အပ်စိုက်ခဲ့တယ်... ကျမ အတော်ကြာတဲ့အထိ တစ်ကိုယ်တည်း ပြုံးမိရင်း... ပြူတင်းပေါက်ကိုကျော်ပြီး မမြင်သော အကြည့်နဲ့ သူမကို တွေးမြင်လို့ ကျေးဇူးတင်စကား အထပ်ထပ်ဆိုလိုက်မိပါတယ်... မလိုအပ်ပေမယ့် ပေးတဲ့သူရှိရင်တော့ ကျမ ရင်ဘက်တစ်ခုနဲ့ ခံစားတတ်ပါတယ်...

ကျေးဇူးတင်ပါတယ်... Kelly... တကယ် ကျေးဇူးတင်ပါတယ်...


Created By: k2tmaung (16 August 2009 Sunday 5:09PM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..