Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...





















'Happy Birthday' တဲ့

စက္ကန့်ပိုင်းလောက် ဖုန်းကို ကိုင်ရင်း ရပ်တန့်သွားမိတယ်ထင်တယ်...

ဘယ်အရာကများ ကိုယ့်မွေးနေ့ကို သတိထားမိစေတာပါလိမ့်... လို့

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခုလိုပဲ မွေးနေ့ဆုတောင်းပေးလို့ ကိုယ့်မွေးနေ့ကို မှတ်မိနေသေးတာလားလို့ မေးမိတယ်... မမှတ်မိပါဘူးတဲ့... ကိုယ့် gmail ရဲ့ calendar က သူ့ gmail မှာ share လုပ်ထားတာ မဖြုတ်ရသေးလို့ reminder တွေ လာပေါ်နေလို့ သိတာပါတဲ့... "ဪ"လို့ တခွန်းပဲ ကိုယ့်စိတ်ထဲကိုယ် ရေရွတ်မိတယ်ထင်တယ်... အဲ့တုန်းက အဲ့ share ထားတဲ့ calendar ကို သူ့ရည်းစားတွေ့မှာစိုးလို့ဆိုပြီး အတင်းပြန်ဖြုတ်ခိုင်းတာ မှတ်မိနေသေးတယ်... အရေးတကြီး အလောသုံးဆယ်မို့ စိတ်တိုလို့ "သမီးရည်းစားအဖြစ်က ပြတ်လို့ ၃/၄နှစ်လားရှိနေပြီ ခုမှ ပြောရလား"လို့တောင် စိတ်တိုတိုနဲ့ ပြောမိသေးတာကိုလည်း မှတ်မိသေးတယ်... ဒါဆို ကိုယ်နဲ့သူနဲ့ ဘယ်လို link မျိုး ရှိနေသေးလို့ ကိုယ့်မွေးနေ့ကို သတိထားမိပြီး bday wish လာလုပ်တာပါလိမ့်လို့ တွေးရင်း ငါ ဘာတွေများ မပိတ်၊ မဖြုတ်၊ မသိမ်းမိတာပါလိမ့်လို့ အထပ်ထပ်စဥ်းစားပေမယ့် စဥ်းစားလို့ အဖြေမရခဲ့...
ပြီးတော့ ဘယ်လိုတုန့်ပြန်မှုမျိုး ပေးရမလဲလို့ ကိုယ် တနေကုန် တွေးမိခဲ့တယ်...

နောက်ဆုံး...
ဘာမှမတုန့်ပြန်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ထိရှနာကျင်ခြင်းမှ အကာကွယ်နိုင်ဆုံးဖြစ်မယ်လို့ပဲ ဆုံးဖြတ်မိတယ်...

တော်ပြီလေ...
ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်းဆိုတာ အတိုင်းအတာ ရှိသင့်တယ် မဟုတ်လား...

သမီးရည်းစားဘဝမှာ လူတိုင်း မလုပ်နိုင်၊ မပေးနိုင်တဲ့ ခွင့်လွှတ်ခြင်းမျိုးကို ပေးခဲ့ပြီးပြီ...
သမီးရည်းစားအဖြစ်က ပြတ်စဲပြီးလို့ သူငယ်ချင်းတွေတဖြစ်လည်း အတတ်နိုင်ဆုံး နားလည်မှုတွေ ပေးခဲ့ပြီးပြီ...
ဒါပေမယ့် သူက ဘယ်တုန်းကများ ကိုယ့်အပေါ် ကိုယ်ချင်းစာပေးခဲ့ဖူးလို့လဲ?

တကယ်လို့ သူက ကိုယ့်အပေါ် စာနာတယ်ဆိုရင်တောင် ဒါဟာ သူ့လုပ်ရပ်တွေ၊ သူ့တကိုယ်ကောင်းဆန်မှုတွေအတွက် သူ့ကိုယ်သူ ဖြေသိမ့်ခြင်းတစ်မျိုးသာ ဖြစ်ပါလိမ့်မယ်... ကိုယ့်အတွက် မဟုတ်တာ သေချာခဲ့လို့ သမီးရည်းစားဘဝမှာကော၊ သူငယ်ချင်းတွေအဖြစ်နဲ့တုန်းကရော ကိုယ့်အပေါ် ငဲ့ညှာမှု မရှိခဲ့တာ မဟုတ်လား...
ဒါတွေကိုမှ သင်ခန်းစာမယူ၊ အမှတ်မရှိသေးရင် နာကျင်သူဟာ ကိုယ်ပဲ ဖြစ်ရဦးမှာ မဟုတ်လားလေ...

ကိုယ်က သူထိခိုက်အောင် ဘယ်တုန်းကမှ မလုပ်ဖူးဘူး၊ မလုပ်ခဲ့ဘူး၊ နောင်လည်းလုပ်မှာ မဟုတ်ဘူးလို့ သူငယ်ချင်းတွေအဖြစ် ပြန်အဆက်အဆံလုပ်ခဲ့ကြတုန်းက သူ ပြောခဲ့တယ်... အဲ့တုန်းက ဪ ကိုယ်ကောင်းတာတွေ သူ သိတတ်သေးသားပဲလို့ တွေးမိခဲ့တယ်... ဒါပေမယ့် သူ့အတွက် ကိုယ်ဟာ ဘယ်လိုဆူးညှောင့်ခလုတ်မျိုး ဖြစ်လာနိုင်တယ်ထင်လို့ သူငယ်ချင်းခန်းကပါ ဖြတ်မှဖြစ်မယ်လို့ သူတွေးခဲ့လဲ မသိပေမယ့် တလောကလုံးသိအောင် ကိုယ်ပြောချင်တာကတော့ 'ကိုယ့်ဘဝမှာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုက ကိုယ့်အတွက် နံပါတ်တစ်ဦးစားပေးပဲ၊ ကိုယ့်ရဲ့စိတ်ချမ်းသာမှု နဲ့ ရိုးရှင်းစွာ၊ ရိုးသားစွာ ရှင်သန်နေထိုင်ခြင်းကို ဘယ်လိုရူးသွပ်မှု၊ မိုက်မဲမှုမျိုးနဲ့မှ အလောင်းအစား ထပ်လုပ်မှာ မဟုတ်သလို ကိုယ့်ကိုယ်ကိုယ်သာလျှင် အချစ်ဆုံးပဲ' ဆိုတာ...

enough is enough လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတဲ့ အဲ့နေ့တုန်းက ဘုရားစင်ရှေ့ လက်အုပ်ချီပြီး "ဒီတစ်ခါ နောက်ကြောင်းပြန်လှည့်မိရင် ဒီတသက် ဘယ်တော့မှ မငြိမ်းချမ်းရပါစေနဲ့သား"လို့ ကိုယ့်ကိုယ်ကိုယ် ကျိမ်ဆိုလောက်ရတဲ့အထိ နာကျင်မှုက အစွန်းရောက်ခဲ့တယ်ဆိုတာ အပိုပြောခြင်း မဟုတ်ခဲ့ဘူး... အဲ့နာကျင်မှုတွေကို အချိန်အတန်ကြာကုစားရင်း ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်နိုင်လာတဲ့အခါ ကိုယ့်ဟာ သူငယ်ချင်းတဖြစ်လည်း အရာရာကို ခဝါချ နားလည်ပေးနိုင်အောင်ကြိုးစားရင်း စိတ်ရင်းအမှန်နဲ့ မိတ်ဆွေတွေအဖြစ် ဆက်ဆံခဲ့တယ်... ယုံချင်ယုံ မယုံချင်နေ... ကိုယ့်ဟာ ကိုယ့်ရဲ့ မှန်ကန်ရိုးဖြောင့်ခြင်းကို ဆုပ်ကိုင်ခဲ့ဖူးတယ်ဆိုတာ ဘုရားသိတယ်၊ အမေသိတယ်၊ ကိုယ်သိတယ်...

ကိုယ်ဟာ သူရော၊ သူနဲ့ပတ်သက်သူတွေရော တချိန်က စွပ်စွဲခဲ့သလို သူတို့အတွေး၊ သူတို့ပြုမူကြသလိုတွေနဲ့ တန်းညှိနေထိုင်သူမဟုတ်ကြောင်း သက်သေပြရင်း ကိုယ့်ကိုယ်ကိုယ်သာ ချစ်ခဲ့တာလည်း ဒီနေ့ထိတိုင်... အရင်တုန်းကရော၊ ခုရော၊ နောင်ရော ကိုယ်ဟာ သစ္စာမဲ့သော၊ သိက္ခာမဲ့သော အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုမျိုး ပြောသူ၊ ပြောမယ့်သူ / လုပ်သူ၊ လုပ်မယ့်သူ မဟုတ်... ဒါပေမယ့် ကိုယ် မပြော၊ မလုပ်ရုံနဲ့ မပြီးဘဲ ကိုယ့်ကို ပြောမယ့်၊ လုပ်မယ့်သူတွေနဲ့ မနီးစပ်အပ်ဘူးလို့ ကိုယ် ခံယူလာမိတယ်... စကားလုံးနဲ့ဖြစ်စေ၊ အပြုအမူနဲ့ဖြစ်စေ စော်ကားခံရတဲ့အခါ စော်ကားခံရဖို့ အခွင့်အရေးပေးမိသူဟာလည်း သင်ခန်းစာယူသင့်တယ် မဟုတ်လား... ကိုယ်ဟာ မွေးရာပါ အကြင်နာတရား၊ မေတ္တာတရား ထွန်းကားသူ မဟုတ်သော်ငြား ကိုယ်ဟာ ကိုယ့်ခံစားမှုကို အရင်းပြုပြီး သူတပါးအပေါ် ကိုယ်ချင်းစာတတ်သူလို့ပဲ ကိုယ်မြင်တယ်... ကိုယ်ရခဲ့တဲ့ ဒဏ်ရာ ကိုယ့်ကြောင့် ဘယ်သူကိုမှ မရစေရ...

ကိုယ်က စိတ်တိုဒေါသဖြစ်တဲ့အခါ စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ပေမယ့် ဘယ်လိုနာကျည်းမုန်းတီးမှုမျိုးကိုမှ အလေးခံသယ်ယူလိုခြင်း မရှိသူ... အထူးသဖြင့် ကိုယ်ချစ်ခင်ဖူးတဲ့သူတွေကို မမုန်းချင်ပါ... နာကျည်းမုန်းတီးတယ်ဆိုတဲ့နေရာမှာလည်း တစိမ်းတစ်ယောက်ထက် ကိုယ်ချစ်ခင်ရတဲ့သူကို မုန်းတီးရတာဟာ ပိုပင်ပမ်းတယ်... ချစ်ခြင်းမုန်းခြင်းကင်းတဲ့အစက သုညဆို အမုန်းဟာ အနှုတ် (-) ဘက်ကို သွားပြီး ချစ်ခြင်းက အပေါင်း (+) ဘက်ကို သွားတယ်... တစိမ်းပြင်ပြင်လူတစ်ယောက်ကို အစွမ်းကုန်မုန်းတာ -100 ဆို 0 ကနေ -100 သွားရတဲ့ နာကျင်ပင်ပမ်းမှုက 100... +100 ထိ အရမ်းချစ်ရတဲ့သူတစ်ယောက်ကို အစွမ်းကုန်မုန်းတဲ့အခါ +100 ကနေ -100... နာကျင်ပင်ပမ်းမှုဟာ နှစ်ဆ... တစိမ်းတယောက်ကို မုန်းရတာဟာ ရံဖန်ရံခါ အခွင့်အခါကြုံမှသာ နာကျင်ရတာ... ကိုယ်ချစ်ခင်ရတဲ့သူတွေကို မုန်းရတဲ့အခါ ကိုယ်တွေရှိခဲ့ကြတဲ့ သံယောဇဥ်၊ အမှတ်တရ၊ မှတ်ဉာဏ်ကောင်းရင်ကောင်းသလောက် တိုက်ဆိုင်မှုတွေ ကြုံတိုင်း သတိရတိုင်း နာကျင်ရတာ... အဲ့ဒါကြောင့် ကိုယ်ကတော့ ကိုယ်ချစ်ခင်ရတဲ့သူတွေအပေါ် အကြောင်းအရာတစုံတခုရှာပြီး နားလည်နိုင်ဖို့ ကြိုးစားရင်း အဲ့ဒီလေးလံမှုတွေကို မသယ်ပိုးဖို့ ကြိုးစားတယ်... ဒါဟာ သဘောထားကြီးတာ မဟုတ်သလို ဘယ်သူ့အပေါ်မှာမှ ကိုယ်ချင်းစာတရားတွေ၊ မေတ္တာတရားတွေ ပွားနေတာလည်း မဟုတ်ပါ... ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းဖြင့် ကိုယ့်နာကျင်ပမ်းပင်မှုတွေလျော့နည်းအောင် တကိုယ်ကောင်းဆန်ခြင်းတစ်မျိုးသာဖြစ်တယ်လို့ မြင်မိတယ်... ဘာလို့ဆို ကိုယ်က တစိမ်းတွေအပေါ် နားလည်မှု၊ ခွင့်လွှတ်မှုတွေမှ မပေးတတ်တာ... နားရှုပ်သွားပြီလား? လူဆိုတာ 'ငါ' ဆိုတဲ့ အတ္တကြောင့် ငါ့မိဘ၊ ငါ့မောင်နှမ၊ ငါ့ချစ်သူ၊ ငါ့သူငယ်ချင်းဆိုပြီး သံယောဇဥ်တွေများကြတာ မဟုတ်လား... 'ငါ' ဆိုတဲ့ အတ္တလေး မပါရင် ဘယ်အရာကိုမှ စွဲလမ်းကြမှာမှ မဟုတ်တာ... အဲ့တော့ အဲ့ 'ငါ' ဆိုတာလေး ပျောက်ဖို့ 'ငါ့ကိုမို့ ဒီလိုလုပ်တာ မဟုတ်ပါဘူးလေ၊ ဒီလို ဒီလိုတွေကြောင့် သူက ဒီလိုလုပ်တာဖြစ်မှာပါလေ'လို့ အကြောင်းအရာတခုရှာရင်း မုန်းရခြင်းတွေဖယ်လို့ ကိုယ့်အတ္တကို အရောင်တင်ခြင်းတစ်မျိုးပါပဲ... ချစ်လည်းမချစ်ချင်၊ မုန်းလည်းမမုန်းချင်တဲ့အခါ 0 မှတ်ကို ပြန်ရောက်ဖို့ဆို 'ငါ'ဆိုတဲ့ အတ္တလေး ပြုတ်ဖို့ လိုအပ်တယ်... အဲ့တော့ နားလည်မှု၊ ခွင့်လွှတ်မှုတွေဟာ အရှိန်လွန်ပြီး အပေါင်း (+) ဘက် ပြန်မရောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့တော့ လိုမယ်... ကိုယ့်ကို နာကျင်ခံစားရအောင် နောက်ထပ်လုပ်နိုင်ဖို့ အခွင့်အရေး မပေးတတ်ဖို့လည်း လိုအပ်တယ်...

'ငါ' မပါတော့တဲ့ သူသာလျှင် ကိုယ့်ကို နာကျင်ပင်ပမ်းခြင်းတွေ မပေးနိုင်မှာ မဟုတ်လား...

I dun deserve to be hurt again & again...


Created By: k2tmaung (14 February 2022 Monday 03:42PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..