ဘဝက တစ်နဲ့တစ်ပေါင်းရင် နှစ်ရတယ်ဆိုတဲ့ ပုံသေနည်းလို မဟုတ်ဘူး...
ကြိုးစားတဲ့သူတိုင်းက မအောင်မြင်နိုင်သလို သူတို့လိုရာပန်းတိုင်ကိုလည်း မရောက်နိုင်ကြပါဘူး...
အဲ့ဒီလိုပြောလိုက်ရင် အောင်မြင်နေတဲ့သူတွေက သူတို့ဖြတ်သန်းခဲ့ရတဲ့ ကြမ်းတမ်းမှုတစ်ချို့ကို ထုတ်နှုတ်ပြကြလိမ့်မယ်ထင်တယ်...
ဒါပေမယ့် ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်သူတွေ၊ ကိုယ့်အိပ်မက်တွေကို အရောက်သွားနိုင်သူတွေနဲ့ ကြိုးစားနေရဆဲ၊ ရုန်းကန်နေရဆဲသူတွေ... လက်တွေ့မှာ ဘယ်သူတွေက ပိုများလဲ?
ကြိုးစားကြသူတွေချင်းတူပေမယ့် မမြင်ရတဲ့ကံကြမ္မာချင်းက မတူကြဘူးလေ...
ကိုယ်လှော်ခတ်နေတဲ့ ရေမျက်နှာပြင်ကို မမြင်ရသော်ငြား လူတိုင်းက လှော်ခတ်နေကြရတာပါပဲ...
တချို့က ရေစုန်မှာ... တချို့က ရေသေမှာ... တချို့ကတော့ ရေဆန်မှာ...
ရေစုန် နဲ့ ရေသေမှာ လှော်ခတ်ရသူတွေအတွက် လိုရာပန်းတိုင်ကို ရောက်နိုင်ကြပေမယ့် ရေဆန်မှာ လှော်ခတ်ကြရသူတွေအတွက် ကြိုးစားမှုရလဒ်ကတော့ ရှိနေတဲ့နေရာကနေ နောက်ဆုတ်မသွားတာပါပဲ...
လူတိုင်းက အိပ်မက် ကိုယ်စီရှိကြတာပါပဲ... ရှိခဲ့ကြတာပါပဲ...
ကိုယ်လည်း အတိတ်တခုမှာ အိပ်မက်တွေ တပွေ့တပိုက်နဲ့ အနာဂတ်ကို ပုံဖော်ခဲ့ဖူးတယ်...
ခလုတ်တိုက်လဲလို့ ပြန်ထဖို့ကြိုးစားရတာနဲ့ ကိုယ့်အိပ်မက်တွေအားလုံးကို ပြန်မကောက်နိုင်ခဲ့ပါဘူး...
အဲ့ဒီအတိတ်ကကိုယ့်ရဲ့အနာဂတ်က အခုကိုယ့်ရဲ့ပစ္စုပ္ပန်... အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်လို... မတူပါဘူး...
အဲ့ဒီအတိတ်ကကိုယ်က သူမျှော်မှန်းထားတဲ့ အနာဂတ်မျိုး မဖြစ်လာလို့ ခေါင်းငုံ့မျက်ရည်သုတ်တယ်...
ဒါပေမယ့် ပစ္စုပ္ပန်ကကိုယ်ကတော့ အတိတ်ကကိုယ့်ကို ပွေ့ဖက်နှစ်သိမ့် ပြုံးပြနိုင်တယ်...
အတိတ်ကကိုယ်က မျှော်လင့်ချက်တွေ အများကြီးကို သယ်ဆောင်ထားတဲ့ တက်ကြွတဲ့လူငယ်...
ပစ္စုပ္ပန်ကကိုယ်က ရင့်ကျက်မှုတချို့ကို သယ်ဆောင်ထားတဲ့ လူလတ်ပိုင်း...
အတိတ်ကကိုယ်က အနာဂတ်ထဲ ပြေးဝင်ဖို့ ကြိုးစားခဲ့တယ်...
ပစ္စုပ္ပန်ကကိုယ်က အတိတ်ကို ငဲ့ရင်း ပစ္စုပ္ပန်ကို ပိုကြည့်တယ်...
အတိတ်ကကိုယ်က ပြေးနိုင်တဲ့အားရှိပေမယ့် ပစ္စုပ္ပန်ကကိုယ်က ပြေးနိုင်တဲ့အားလျော့နည်းလာတာလည်း ဖြစ်နိုင်ပါတယ်...
သေချာတာတစ်ခုက အတိတ်ကကိုယ်က ဒဏ်ရာမဲ့မို့ ပိုကျန်းမာတယ်...
ပစ္စုပ္ပန်ကကိုယ်က ရိုက်ခတ်မှုတွေကြောင့် ပိုသန်စွမ်းတယ်...
ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်ရတဲ့သူတွေ၊ လုပ်ချင်တာကိုလုပ်ခွင့်ရတဲ့သူတွေက ကံကောင်းကြပါတယ်...
ဖြစ်သင့်တာတွေကို ဦးစားပေးရင်း ဖြစ်ချင်တာတွေကို စတေးရတဲ့သူတွေကတော့ ကံဆိုးတယ်လို့ မဆိုနိုင်သော်ငြား ကံတော့မကောင်းကြဘူးပေါ့...
ကိုယ်တို့ရဲ့ မွေးရာပါ ရုပ်ရည်တွေလိုပါပဲ... ချောမောလှပကြတဲ့သူတွေရှိတယ်... အကျည်းတန်ကြတဲ့သူတွေရှိတယ်...
မလှပခြင်းဟာလည်း လှပတဲ့အနုပညာတခုပါပဲ...
အဲ့ဒီတော့ မလှပခြင်းတွေကိုလည်း နှစ်သက်တတ်ဖို့ ကြိုးစားနေတယ်...
ပင်လယ်ဟာ လှိုင်းအနိမ့်အမြင့်တွေရှိမှ ပိုလှပသလို... ဘဝဆိုတာ အနိမ့်အမြင့်ရှိမှ အလှတရားတွေကို ပိုရှာဖို့လွယ်ကူပါတယ်...
လူတိုင်း လူတိုင်းမှာ သူ့ခံယူချက်နဲ့သူရှိသလို ခံယူချက်တိုင်းမှာလည်း သူ့အဓိပ္ပါယ်နဲ့သူ...
သူများတွေရေးတဲ့ စာအုပ်တွေကို ဖတ်ရတာ ဗဟုသုတတိုးပါတယ်... သင်ယူလေ့လာစရာတွေ ရပါတယ်... အသိအမြင်တွေ ကျယ်စေပါတယ်...
ဒါပေမယ့် ကိုယ့်ရဲ့အမြင်မှာတော့ ကိုယ့်စာအုပ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ကြည့်ဖို့လည်း လိုအပ်တယ်...
အရေးအသားကောင်းဖို့မလိုပါဘူး...
ကိုယ်ဖတ်မယ့်ကိုယ့်စာအုပ်ကို ကိုယ်နားလည်ဖို့ပဲ လိုပါတယ်...
Created By: k2tmaung (12 January 2021 Tuesday 07:17PM)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...