Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...
















ကျမနှင့် ကျမစိတ် - ရုန်းကန်ရခြင်းများ
ညညဆို ခေါင်းရင်းဘက် ပြူတင်းပေါက်ကနေ ကြယ်တွေများ ရှိမလားလို့ အမြဲလှမ်းကြည့်မိတယ်... ကြယ်လေးတွေကို တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ တူညီသောမေးခွန်း တူညီသောဆုတောင်းနဲ့ ကျမမျက်ဝန်းတို့ မျက်ရည်ကြည်တစ်ချို့နဲ့ တဖျတ်ဖျတ်လက်နေဆဲ...

မနက်မိုးလင်းလို့ နိုးလာတိုင်းလည်း ဘယ်ဘက်ရင်အုံပေါ် လက်တင်ရင်း ဒီအိပ်မက်တွေ ထပ်မမက်ပါစေနဲ့လို့ ဆုတောင်းမြဲ... ပျော်တစ်ခါ ငိုတစ်လှည့် အိပ်မက်တွေဟာ ခြောက်လှန့်မှုတစ်ခုဆို ကျမ တစ်ခုခုကို ကြောက်လန့်သွားတာများလား... ဟင့်အင်း... ဘဝဟာ အချိုးအကွေ့တွေ များခဲ့ပြီ... ကျမ ခံနိုင်ရည်ရှိပါတယ်...

တိတ်တိတ်လေး နေချင်တဲ့အခါ လူတွေက သိပ်စကားများတာပဲလို့ ကျမ အပြစ်တင်မိတယ်... ဘယ်လိုစကားသံမျိုးမှ ကျမ မကြားချင်သလို စိတ်ရှည်သီးခံခြင်းက ကျမနဲ့ အစီးမကပ်ပြန်ဘူး... တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့အခါ ကျမအတွက် နေရာလေးတစ်ခုတောင် မပိုင်၊ အကျယ်ကြီး အော်ချင်တဲ့အခါ ပင်လယ်ပြင်ဟာ ကျမနဲ့ ဝေးနေဆဲ၊ ငိုကြွေးပေါက်ကွဲဖို့ရာ လူတွေက ကျမနားမှာ ရစ်သီရစ်သီနဲ့... လွတ်လပ်ခြင်းဆိုတာ ကျမအတွက် မရှိပါလားလို့ ဝမ်းနည်းချင်မိတယ်... ဒါပေမယ့် ဘဝက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မှ လူရာဝင်မှာမို့ အလုပ်နဲ့လက်တော့ မပြတ်ခဲ့ပါဘူး...


အမြဲတမ်း ပြုံးရွှင်ရယ်မောနေတတ်တဲ့ နောက်ပြောင်နေတတ်တဲ့ မျက်နှာတစ်ခုက ရုတ်ချည်း မိုးအုံ့သွားတာများလား... လူတွေက မေးကြတယ်... ကျမ မညာချင်ပေမယ့် ဆိတ်ဆိတ်နေခြင်းနဲ့ မေးခွန်းတွေ ရှောင်လွှဲနေမိတယ်... ကျမ မဖြေချင်ဘူး... ရင်မဆိုင်ချင်ဘူး... ကျမ သိပ်လိုချင်တဲ့ အရုပ်လေးတစ်ရုပ်ကို ရဖို့ ကြိုးကြိုးစားစား ပိုက်ဆံစုနေတုန်း သူများက ဝယ်ပြီးလို့ ကိုယ့်ရှေ့ နင်းခြေဆုတ်ဖြဲနေတဲ့ ပြကွက်လေးတစ်ခုလို တသိမ့်သိမ့် ခံစားဆဲ တစိမ့်စိမ့် နာကျင်ဆဲ... အစွဲအလမ်းတိုင်းက လူကို ဥပါဒ်ဖြစ်စေတတ်တယ်ဆို ကျမ ရင်ဘတ်နဲ့ အစာအိမ် မနားတမ်း နာနေတာဟာ ကျမကို ဆိုးရွားစွာ ထိခိုက်နေစေတယ်... ကျမ လဲကျသွားလို့မဖြစ်သေးဘူး... ဆေးခန်းခဏခဏပြပါများတော့ ဆရာဝန်က ကျမကို ခြောက်တယ် ... ဒီထက်ဆိုးလာရင် ဆေးရုံတက်ရမယ်တဲ့လေ... ကျမမှာ အကုန်ကျခံနိုင်ရလောက်တဲ့ ချမ်းသာမှုမျိုးမရှိဘူး... ကျမ ကျန်းမာမှဖြစ်မယ်...

အချိန်တစ်ခုပါ... အချိန်တစ်ခုရောက်ရင် အရာရာ အနည်ထိုင်သွားမြဲဆိုတာ ဘဝက ပေးတဲ့ သင်ခန်းစာတွေကြောင့် သိတတ်ခဲ့ပြီ... ကျမဟာ စိတ်တည်ငြိမ်မှု မရင့်သန်သေးတဲ့ ပုထုစဉ်မို့ ခံစားတတ်တာမဟုတ်လား... ခံစားလိုက်ပါလေ... ခံစားရတာဟာ အပြစ်တစ်ခုမဟုတ်သလို အမှားတစ်ခုမဟုတ်ဘူးလို့လည်း ကျမ မြင်တယ်... ဒါပေမယ့် အဲ့ဒီပူလောင်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေအတွက် ကျမ ကိုယ့်ကိုယ်ကိုယ် ဖြေဆေးရှာမှ ဖြစ်မယ်လို့လည်း တွေးမိပြန်တယ်...

အစဦးစွာ ငါ ဘာတွေ ခံစားနေရတာလဲလို့ မေးကြည့်မိတယ်... စိတ်နာတယ်... မုန်းတယ်... ကိုယ့်ကိုယ်ကိုယ်သနားသလို ထပ်ခါထပ်ခါ အပြစ်တင်တယ်... တစ်ပြိုင်နက်တည်းမှာ မျှော်လင့်ချက်ပါးပါးလေးက အထိအရှ မခံပြန်ဘူး... စိတ်ကောင်းထားလိုက်ပါမယ်လေဆိုတဲ့ လူကောင်းဖြစ်ချင်တဲ့စိတ်ကလည်း တဝဲလည်လည်... ဟုတ်တယ်... အဲ့ဒီအသံတွေဟာ ကျမနားထဲမှာမဟုတ်ဘူး ရင်ဘတ်ထဲမှာ နေ့နေ့ညည ရန်ဖြစ်နေကြတယ်...

ကျမနှင့် ကျမစိတ် - ခံစားချက်တိုက်ပွဲများ
လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်သူတွေပဲမို့ ကိုယ့်မျက်ချေးတော့ ကိုယ် ဘယ်မြင်မလဲ... လူတိုင်းမှာ ကိုယ့်အပြစ် ကိုယ့်အမှားတွေကို ကာကွယ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်ကောင်းတွေ ရှိကြမှာပါ... ကိုယ့်ကို တစ်ချက်ချရင် နှစ်ချက် ပြန်ချရမှ ကျေနပ်ချင်တဲ့ အညှိုးအတေးကြီးမှုက တခါတရံ အမောက်ထောင်လာတတ်တယ်... ကိုယ်က ချဖို့ စဉ်းစားတဲ့အခါ ကိုယ့်ကိုလည်း သူများက ပြန်ချဖို့ စဉ်းစားမှာပါပဲ... ဒါဆို ကျမတို့ နာကျင်ခြင်းတွေနဲ့ ဘယ်တော့ အဆုံးသတ်နိုင်မလဲ... နဂါးပဲဆိုပြီး မီးမှုတ်နေရင် ကိုယ့်ဝမ်းတွေ နှုတ်ခမ်းတွေပဲ ပူနေတော့မှာပေါ့... နဂါးဆိုတာ မီးမှုတ်တတ်ရုံမှမဟုတ်တာ ပျံသန်းနိုင်တယ်ဆိုတာ ဘာလို့ မေ့နေမှာလဲ... ကျမ အပူလောင်ရမှာ ကြောက်တယ်... အဲ့ဒီအတွက် ကလဲ့စားချေဖို့ လက်တုန့်ပြန်ဖို့ထက် ကျမ တစ်ယောက်တည်း ပျံနိုင်သလောက် ပျံနေချင်တယ်...

မေတ္တာတွေ ပြည့်ပြည့်ဝဝမထားနိုင်သေးတဲ့အခါ အတိတ်ကို ပြန်တွေးကြည့်မိတယ်... ကိုယ် ပေးတုန်းက ပြန်ရဖို့ မျှော်လင့်ချက်နဲ့ပေးခဲ့တာလား...? ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် စေတနာတွေနဲ့ ရက်ရောစွာပေးခဲ့ပြီးရင် ပေးပြီးတဲ့အတိုင်း ကျေကျေနပ်နပ် ထားနိုင်ရမှာပေါ့... ဘာအတွက် မျှော်လင့်ချက်က ပြန်ရှင်သန်လာရတာလဲ...
လူတစ်ယောက်ကို မုန်းခြင်းဟာ မီးတောက်တစ်ခုကို ရင်ဘတ်ထဲ ထည့်ထားရတာနဲ့ တူတယ်... သူများကြောင့်လည်းပူ ကိုယ့်ကြောင့်လည်းပူနဲ့ ပူပြီးရင်းပူလို့ ဘယ်မှာ အေးချမ်းမှုကို ရနိုင်မှာလဲ... ကိုယ်က အေးချမ်းစွာ နေလိုရင် အေးချမ်းအောင် နေနိုင်အောင် ကြိုးစားရမှာပေါ့... စေတနာဆိုတာ ကောင်းကောင်းဆိုးဆိုး တုန့်ပြန်မှုက ရှိပြီးသားပါ... ကိုယ်က မုန်းနေရုံနဲ့ သူ့မှာ ဘာမှမဖြစ်ပေမယ့် ကိုယ့်မှာသာ လောင်ကျွမ်းနေရမှာ... သူများကောင်းတာမကောင်းတာထက် ကိုယ့်ဘာသာမှန်ကြည့် လက်ညှိုးတည့်တည့်ထိုးပြီး ကိုယ်ကောင်းအောင်နေမလား မနေဘူးလား ခဏခဏ မေးကြည့်မိတယ်...

သူဟာ ကိုယ်မဟုတ်သလို ကိုယ်ဟာ သူမဟုတ်ဘူးလေ... လူဆိုတာ ကိုယ့်အလှည့်မရောက်သေးသ၍ သူများနာကျင်မှုအပေါ် ကိုယ်ချင်းမစာပေးတတ်ကြဘူး... ကိုယ့်အလှည့်ရောက်သည့်တိုင် ကိုယ် သူများအပေါ် နာကျင်စေခဲ့ဖူးတာကိုလည်း အတိတ်မေ့တတ်ကြတယ်... ထားလိုက်ပါ... ကျမ မှတ်ဉာဏ်သိပ်ကောင်းတာ ကျမ သိတယ်... ကျမကြောင့် လူတစ်ယောက် တစ်ချိန်တုန်းက ဒီလိုပဲ ခံစားခဲ့ရဖူးမှာပါ... ကျမ မရည်ရွယ်ခဲ့သလို ဘယ်တုန်းကမှလည်း မနာကျင်စေချင်ခဲ့ပါဘူး... ဒါပေမယ့် ကျမရဲ့ မပြတ်သားမှုကြောင့်လို့ပဲ ကျမ နာမည်တပ်ပါရစေ... ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဝဋ်လည်ခဲ့တယ်... ကျမ လူတွေအပေါ် ထားရှိခဲ့သော မေတ္တာ၊ စေတနာ၊ လက်တုန့်မပြန်မှု စတဲ့စေတနာကောင်းတွေကြောင့် မရည်ရွယ်ခဲ့တဲ့ ကျမရဲ့ အမှားတစ်ခု ဒီတင် နိဂုံးချုပ်နိုင်ပါစေလို့ ဆုတောင်းတယ်... ကိုယ့်ကိုယ်ကိုယ် သနားတဲ့စိတ် ဖြစ်လာခဲ့ရင် "အလှည့်ကျ မနွဲ့စတမ်း"ပေါ့လို့ ကိုယ့်အဖြစ်ကို ကိုယ် လှောင်ပြောင်ပစ်လိုက်တယ်... ဟုတ်တယ်... လုပ်ရဲရင် ခံရဲရမှာပေါ့...

ကျမ သူ့ကို သနားတယ်... ဟုတ်တယ်... ကျမထက် ရုန်းကန်ရတဲ့ဘဝမှာ တကိုယ်ကောင်းဆန်စိတ်များတဲ့၊ ကိုယ်ချင်းမစာတတ်တဲ့၊ တခါတလေ အားငယ်စိတ်ကို သာယာမှုနဲ့ ရောထွေးပစ်တတ်တဲ့ သူ့ကို ကျမ သနားတယ်... ကျမက မိခင်စိတ်များတာလား... ဟင့်အင်း... ကျမက သံယောဇဉ်မဖြစ်တတ်တဲ့သူမျိုးပါ... သံယောဇဉ်နည်းသူတွေက စုံလုံးကန်းအောင် မှီခိုအားပြုတတ်သူတွေလည်း ဖြစ်တတ်ကြတယ်... နားလည်ဖို့ ကြိုးစားရင်းက ကျမ နားမလည်ပေးနိုင်လောက်အောင် ဖြစ်သွားတယ်ထင်ပါတယ်... တခါတလေ ကိုယ့်စိတ်ခံယူချက်ကို ဆန့်ကျင်ရလွန်းတဲ့အခါ ကြိုးက တင်းလွန်းပြီး ပြတ်ထွက်သွားတာမျိုးထင်တယ်... သူ့ဘက်ကကြည့်ရင် သူလည်း မှန်နေမှာပါပဲ... ဒါပေမယ့် ကိုယ့်ဘက်ကကြည့်တဲ့အခါ သူက မမှန်ပြန်ဘူး... ကျမ သူ့ကို ဟိုးထိပ်ဆုံးမှာ အမြဲရှိနေစေချင်တာ... ကျမက ဘာမှမဟုတ်ရင်တောင် လူတွေက သူ့ကို မော်ကြည့်နေတဲ့ ဘဝမျိုးမှာ သူ့ကို ရှိနေစေချင်တာ... ကျမရဲ့ မျှော်လင့်ချက်နဲ့ တိုက်တွန်းစေ့ဆော်မှုတွေက သူ့အတွက် မွန်းကျပ်မှုတွေ ဖြစ်စေခဲ့သလား... သူ မှားနေတုန်းပဲလို့ ကျမ တွေးမိတိုင်း၊ မြင်နေရတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရတယ်... ကျမ စီးပွါးစီမံနဲ့ ကျောင်းပြီးသလို စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုကိုလည်း သိပ်သဘောကျသူပါ... ဒါပေမယ့် ကျမဘဝကိုရော အနာဂတ်ကိုရော ကျမ ကောင်းမွန်စွာ မစီမံနိုင်ခဲ့ဘူး... ကိုယ်ပိုင်ဘဝလေး၊ relationship လေး တစ်ခုတောင် ကျမ အောင်မြင်အောင် မစီမံမအုပ်ချုပ်နိုင်ခဲ့တာ လူတွေရဲ့အထက်မှာ ကျမ ဘယ်လိုစီမံအုပ်ချုပ်မလဲ... ကျမအတွက် ရှေ့ဆက်လျှောက်ရမယ့် လမ်းတွေမှာ ကျမရဲ့ ချော်လဲမှုတွေက အထောက်အကူဖြစ်လာမှာပါလို့ ဖြေတွေးရင်း သူလည်း တစ်နေ့မှာ ရင့်ကျက်တည်ငြိမ်ပြီး ကတိသစ္စာကို တန်ဖိုးထားနိုင်ပါစေလို့ ဆုတောင်းမိပြန်တယ်...

ကျမနှင့် ကျမစိတ် - ဖြေသိမ့်ခြင်းများ
လူတိုင်းက ပထမဆုံးအတွေ့အကြုံမှာ အရူးတစ်ယောက်လို ခံစားချက်မျိုးနဲ့ ဖြတ်သန်းကြဖူးမှာပါ... ဟုတ်တယ်... ပထမဆုံးလေ... ကျမ ဖြေသိမ့်လိုက်တယ်... အတွေ့အကြုံရှိခဲ့ရင် ကျမ ဒီလောက်ဘယ်ရူးမိုက်ပါ့မလဲ... ကိုယ့်အသက်ကို ကိုယ်ရန်ရှာဖို့အထိတောင် မိုက်စရာ ရယ်စရာကောင်းတဲ့ ပြက်လုံးတွေ ဘယ်ထွက်ကျလာခဲ့မလဲ ချော်လဲလို့ နာကျင်တာ သဘာဝပါ... ဒါပေမယ့် ထူမယ့်သူမရှိလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထနိုင်ဖို့ ကြိုးစားရမှာပေါ့... ဒီလိုနဲ့ တဖြည်းဖြည်း လေ့လာသင်ယူရင်း ဒီထက် ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ ကျမ အိပ်မက်တစ်ခု ထပ်မွေးမိတယ်... ကျမ ကိုယ်ချင်းစာတတ်၊ လူကိုလူလိုမြင်တတ်ပြီး အမှန်တရားဘက်မှာ မြဲမြဲရပ်မယ်လို့ပေါ့...

ကွဲစရာ အသဲ တစ်စတောင် မကျန်သလို... ပျက်စရာ မျက်နှာ တစ်ရှက်တောင် မရှိတော့ဘူးထင်ပါတယ်... အဖြူရောင်ဆိုတာ စွန်းထင်းလွယ်ပါတယ်... ဒါပေမယ့် လှပတဲ့ ရောင်စုံပန်းချီကားတစ်ချပ်က အဖြူရောင်စစ်စစ်ပေါ်မှာ ဆွဲကြတာမဟုတ်လား... အစွန်းအထင်းတိုင်းအတွက် တန်ရာတန်ကြေးဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ဈေးဖြတ်ပုံခြင်း ဘယ်တူမလဲလေ... ကျမက ကိုယ့်ကိုယ်ကိုယ် အမြဲတန်ဖိုးထားခဲ့တဲ့ သူတစ်ယောက်ပါ... အရာရာဟာ လွဲချော်မှု တစ်ခုဖြစ်ခဲ့တယ်ဆိုရင် အရှက်ပြေအောင် အချိန်တစ်ခုလောက်အထိတော့ ပုန်းနေချင်သေးတယ်... အားတင်းထားပါတယ်... ကျမက အယောင်ဆောင်ခဲ့တဲ့ ကျီးမှမဟုတ်တာ... ဒေါင်းစစ်စစ်တစ်ကောင်မို့ တစ်နေ့တော့ အငိုတွေရပ်ပြီး အတောင်တွေဖြန့် က,နိုင်တဲ့ နေ့တစ်နေ့တော့ ရှိလာရဦးမှာပါ...

Created By: k2tmaung (02 April 2014 Wednesday 07:47PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..