Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...




















ဆိုင်ထဲ လူတွေများနေလို့ နေရာလွတ်များရှိဦးမလားလို့ ဝေ့ဝဲကြည့်လိုက်သေးတယ်... ကောင်တာမှာ ကိုယ်စားချင်တာမှာပြီး ကောင်တာနဲ့ အနီးဆုံးလည်းဖြစ် အမျိုးသမီးတစ်ယောက်တည်း ထိုင်နေတာလည်းဖြစ်တော့ အဲ့ဒီစားပွဲမှာပဲ ခွင့်တောင်းထိုင်လိုက်တယ်... ဖုန်းသုံးမယ်လုပ်ပြီး ဖုန်းဖွင့်လိုက်တဲ့အချိန် ဘေးနားလူရိပ်မြင်လို့ မော့ကြည့်လိုက်တယ်...
"ဟင်" အံ့အားသင့်ခြင်းက ဇဝေဇဝါဖြစ်ခြင်းကိုပါ ကူးစက်စေသလား...
"နင် ဆိုင်ထဲဝင်လာကတည်းက ဟဲ့ ဟဲ့ ဟဲ့ နဲ့ ခေါ်နေတာ"
ဘေးပတ်ဝန်းကျင်ကို သိပ်ဂရုမပြုတတ်မှန်း ကိုယ့်ဘာသာ သိပေမယ့် ဟဲ့ဟဲ့ဟဲ့လို့ လှမ်းခေါ်တာတောင် မမြင်ဘူးဆိုတော့ ကျမမျက်စိ တော်တော်သေတယ် ပြောရမယ်...
သူနဲ့လား...
စလုံးရောက်ပြီးကတည်းက မချိန်းဘဲ city hall မှာ အမြဲတမ်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်ကြလို့ ပြောစမှတ်ကို ဖြစ်နေခဲ့တာ...
"ငါ့ညီလေး ညီမလေးနဲ့ လာတာ"တဲ့...
အဲ့ဒီ သူ့ညီလေးညီမလေးကိုလည်း ဝေ့ပြီး ရှာလိုက်သေးတယ်... မတွေ့... ကျမနှယ် မျက်စိ မရှင်ပုံများ...
အမှန်က ဒီနေ့ ဒီဆိုင်လာဖို့ အစီအစဉ် မရှိပါဘူး... သူဌေးက "နေ့လည်စာ စောစောသွားစား... ဘယ်အချိန် warehouse သွားဖြစ်မလဲမသိဘူး"လို့ ပြောတာတောင် ထမင်းထွက်စားချိန်က နေ့လည် နှစ်နာရီကျော်နေပြီ...
အရင်နေ့တွေက ဒီအချိန်ဆို စားနေကျဆိုင်ကနေ ပါဆယ်ထုပ်ပြီး ရုံးမှာ ပြန်စားနေကျပါ...
ဒီနေ့ ဒီအချိန် ဒီနေရာကို မလာဖြစ်ခဲ့ရင်... ဒါမှမဟုတ် သူတို့လည်း တစ်ခြားဆိုင်မှာ သွားစားဖို့ စိတ်ကူးရခဲ့ရင်...
ကျမတို့ ဆုံဖြစ်ကြပါ့မလား... ဒါဟာ တိုက်ဆိုင်မှုသက်သက်ဆို ဘယ်လိုအရာတွေက တိုက်ဆိုင်မှုဖြစ်ဖို့ ပံ့ပိုးနေခဲ့သလဲ...
(ဘာသာရေးမဟုတ်တဲ့ စိတ်ကူးယဉ်မှုမှုသက်သက်ဖြင့်သာ တွေးပါတယ်)


တစပ်တည်းမှာပဲ ကျမခေါင်းထဲ တိုက်ဆိုင်မှု ဆိုတဲ့ခေါင်းစဉ်အောက် အတွေးပေါင်းများစွာ နယ်ချဲ့မိတော့တယ်...
ဘယ်လိုတိုက်ဆိုင်မှုမျိုးတွေနဲ့ ဒီလူ ဒီလူတွေကိုမှ သိခဲ့ ဆုံခဲ့ကြရပါသလဲ...
A ကနေ Z အထိ လူတွေ ရပ်ကွက်ထဲ ရှိကြတယ်ဆိုပါစို့...
A နဲ့ B သိချင်မှ သိမယ် ဒါပေမယ့် A နဲ့ Z က သူငယ်ချင်း... Z က G ကို မသိပေမယ့် K နဲ့ကတော့ မျက်မှန်းတန်းမိရုံသိတယ်... K က Z ကို မမှတ်မိပေမယ့် Y နဲ့က ကျောင်းနေဖက်တွေ...
စသဖြင့် စသဖြင့် ဘယ်သူက ဘယ်သူနဲ့ ဘယ်လို ဘယ်လောက် ဘယ်အချိန်ထိ တွေ့ဆုံခင်မင်ရင်းနှီးဖို့ ဘာတွေက ဘယ်လိုဖန်တီးထားသလဲ...
ကမ္ဘာပေါ်မှာ လူပေါင်းများစွာ မျက်နှာပေါင်းများစွာ...
ကျမတို့ဘဝမှာ တွေ့ခဲ့ဆုံခဲ့ဖူးတဲ့သူတိုင်းကို မှတ်မိနေကြပါသလား... ဒါမှမဟုတ် တစ်ကြိမ်တစ်ခါဆုံပြီး နောက်ထပ် ဘယ်နှစ်ကြိမ် ပြန်ဆုံဦးမလဲ... ပြန်ကော ဆုံပါဦးမလား... လူတွေက ဘယ်အချိန် ဘယ်ကာလမှာ ဆက်သွယ်မှုတွေ ပြတ်တောက်သွားမလဲ ဘယ်သူသိနိုင်မှာလဲ...

တစ်ခါက သူငယ်ချင်းတစ်ယောက်ဆို စသိတဲ့နေ့မှာပဲ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး မြင်ဖူးတယ်ဆိုပြီး သူရယ် ကိုယ်ရယ် တက်ခဲ့ဖူးတဲ့ ကျောင်းတွေ ကျူရှင်တွေ ထိုင်ရွတ်ကြတာ တစ်ခုမှ မတူဘူးရယ်... ခေါင်းထဲ question mark ကိုယ်စီနဲ့ ခုထိ ဘယ်မှာတွေ့ဖူးဆုံဖူးခဲ့လဲလို့ စဉ်းစားမရဘူး...

ကျမမူလတန်းကျောင်းသူအရွယ်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာနဲ့ နာမည်တွေကို မကြာခဏ ပုံဖော်ကြည့်ဖူးတယ်... ဝေဝေဝါးဝါးရယ်... ခုနေ ကျမတို့ မျက်နှာချင်းဆိုင် လမ်းမှာဆုံမိရင်တောင် မှတ်မိကြမယ်မထင်ဘူး... နောက်တစ်ကြိမ် ပြန်ဆုံတွေ့ဖို့ဆိုတာကော ရှိနိုင်ပါ့မလား...
ဒီလိုပဲ လမ်းပေါ်မှာ သွားလာနေကြသူတွေ အများကြီးထဲ... ကိုယ်နဲ့ ဆုံခဲ့ဖူးသူ ဘယ်နှစ်ယောက်ရှိမလဲ... ကိုယ်နဲ့ ဆုံဖို့ ဘယ်နှစ်ယောက်ရှိမလဲ...

ကျောင်းတွေ တက္ကသိုလ်တွေမှာ ကျောင်းသားကျောင်းသူပေါင်းများစွာ ရှိပါတယ်... ကိုယ့်အတန်းထဲက ကျောင်းသားကျောင်းသူတိုင်းနဲ့တောင် ရင်းနှီးခင်မင်ခွင့်ရခဲ့ကြရဲ့လား... တစ်နှစ်တာ အတူတူစာသင်ခဲ့ကြဖူးပေမယ့် ကိုယ်က တစ်ယောက်ကို မှတ်မိနေပြီး အဲ့တစ်ယောက်က ကိုယ့်ကို သိချင်မှသိတာ... အဲ့လိုပဲ တစ်ယောက်က ကိုယ့်ကို သိနေပေမယ့် ကိုယ်က အဲ့တစ်ယောက်ကို မှတ်မိချင်မှ မှတ်မိမှာ... တိုက်ဆိုင်မှုရှိခဲ့ရင် ကိုယ်နဲ့သူနဲ့ မျက်မှန်းတန်းမိရုံထက် ပိုတဲ့ ဆက်ဆံရေးတွေ ဖြစ်လာနိုင်တာပေါ့... အဲ့လို ဆက်ဆံရေးမျိုး ဖြစ်လာဖို့ တိုက်ဆိုင်မှုဆိုတာ ကိုယ်နဲ့သူနဲ့ကျမှ ရတဲ့ အခွင့်အရေးမျိုးလား... ဒါကို ရှေးရေစက်လို့ အများက ခေါ်ကြတယ်... အဲ့ဒီရေစက် ဘယ်လိုဘယ်ပုံစခဲ့လဲ အစ ရှာကြည့်ချင်စမ်းပါဘိ...

နောက်တစ်ခုက စာတွေထဲမှာလည်း ဖတ်ဖူးပါတယ်... လူတွေက ကိုယ့်အတိတ်တွေကိုချည်း အိပ်မက်မက်တတ်ကြတာမဟုတ်ဘဲ အနာဂတ်မှာ ဖြစ်လာမှာတာတွေကိုလည်း မက်တတ်ကြပါတယ်တဲ့... တစ်ခါတစ်လေမှာ အိပ်မက်တွေထဲ လူစိမ်းတွေနဲ့လည်း တွေ့ဖူးကြမှာပေါ့... အဲ့ဒီလူစိမ်းတွေက ဘယ်သူတွေလဲ... ဘယ်လိုဆက်စပ်ပြီး သူတို့က ကိုယ့်အိပ်မက်ထဲ ရောက်လာတာလဲ... အနာဂတ်ဆိုတာ ကြိုတင်ရှိနေပြီးသား ဇာတ်လမ်းတစ်ပုဒ်လား... ဒါမှမဟုတ် ကိုယ်ရေးသလို အရုပ်ထင်မယ့် ကမ်းဘတ်ဖြူဖြူကြီးတစ်ခုလား... အများအားဖြင့်တော့ အချိန်အတိုင်းအတာတစ်ခုထိပဲ မှတ်မိနေတတ်ပြီး ကြာတော့လည်း အဲ့ဒီမျက်နှာတွေက မသဲကွဲတော့ဘဲ မေ့သွားတာပါပဲ... အဲ့ဒီအိပ်မက်ထဲက လူစိမ်းတွေနဲ့ကော အပြင်မှာ တကယ် ကြုံသလား၊ ကြုံရင်ကော မှတ်မိမှာလား... ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ မှတ်ဉာဏ်အတိမ်အနက်ပေါ် မူတည်ပြီး မှတ်မိခြင်း မမှတ်မိခြင်းက ကွဲပြားသွားတယ်ထင်ပါတယ်... ဘယ်သို့ပင်ဆိုပါစေ မှတ်မိခဲ့သည်ရှိသော် ဒါဟာ တိုက်ဆိုင်မှုလား... ဒါမှမဟုတ် ဘယ်လိုအကြောင်းအရာတွေက ဒီလို ကြုံရဖို့ ဆုံရဖို့ကို ဖန်တီးနေသလဲ...

ဘာသာရေးအရ တွေးရင်တော့ ဒါတွေမှာ အဖြေက ရှိပြီးသားပေါ့လေ... သို့ပါသော်ငြား စိတ်ကူးယဉ် အစဆွဲထုတ်ကြည့်ရင်တော့ သင်္ချာတွက်ရသလို x တွေ y တွေ မသိကိန်းတွေနဲ့ ကျမ မမြင်နိုင်စွမ်းတဲ့၊ တွေးမကုန်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ...

(တွေးမိတွေးရာ စိတ်ကူးယဉ်ပြီး စာစီစာကုံးရေးကြည့်ပါသည်)

Created By: k2tmaung (02 September 2014 Tuesday 05:54PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..