Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...




















မိျဖဴ
"ဒါ ဘာလဲ"
အမေ့လက်ထဲက ကျမ ဒိုင်ယာရီ... ကျူရှင်မှ ပြန်လာတဲ့ကျမ အမောတောင် မဖြေနိုင်ခင် မေးခံလိုက်ရတဲ့ မေးခွန်းကြောင့် သူခိုးလူမိသလို မလှုပ်မယှက် ဒိုင်ယာရီစာအုပ်ကို စူးစိုက်လို့ ရင်ထဲမှာတော့ "အပြစ်"ဆိုတဲ့ လှံက လာစိုက်နေခဲ့တယ်... ဘာပဲဖြစ်ဖြစ် အမေဆိုတဲ့ နာမတစ်ခုကို ကြောက်လန့်မိတာကတော့ သားသမီးတစ်ယောက်မို့ မဟန့်တားနိုင်ပါ... ရင်ထဲမှာ မြင်းတွေ ဒုန်းစိုင်း ရိုင်းစိုင်းစွာ ပြေးနေကြတယ်ထင်ပါရဲ့... သို့ပေမယ့် အပြင်ပန်းမှာတော့ မတုန်မလှုပ် ကြောက်ရွံ့တဲ့ရုပ်ကို ဟန်လုပ် အမေ့ဒေါသကို အန်တုဖို့ အင်အားတွေ စုမိတယ်...
"ကြည့်စမ်း စာအုပ်ထဲမှာ ရေးထားလိုက်တာတွေ... နင် ငါ့သမီးမဟုတ်ဘူး..."
အမေက မျက်ရည်တွေနဲ့ နာနာကျင်ကျင် အော်ပြောလိုက်တာကို ခေါင်းမော့ခံလိုက်ပေမယ့် အဲ့လိုရဲဆေးတင်နိုင်ဖို့ သက်ပြင်းတစ်ချက်ကို တိုးတိုးတိတ်တိတ် လက်သိပ်ထိုး ချ,လိုက်မိတယ်... အမေဆူတဲ့ နေ့တွေတိုင်း မကျေနပ်တာတွေ တစ်လုံးမကျန် အာခံလို့ ရေးမှတ်ခဲ့တဲ့ ကျမရဲ့ သက်သေခံစာအုပ်... လက်ပူးလက်ကြပ် ချုပ်ပြီးနှောင်ပြီး မျက်စိရှေ့ရောက်နေတာမို့ "ကိုယ်လုပ်ကိုယ်ခံ" ဆိုတဲ့ မဖြစ်ညစ်ကြယ် အရွယ်ငယ်ငယ်နဲ့ သူရဲကောင်းစိတ် မွေးချင်မိတယ်...


အဖေက ကျမလက်ကို လာဆွဲ ပွဲသိမ်းဖို့ ကြိုးစားပေမယ့် ကျမ ပေပြီး ဆက်ရပ်နေလိုက်မိတယ်... ငိုပြီး စိတ်ရှိလက်ရှိပြောနေတဲ့ အမေ့ကိုတော့ အဖေက စကားတစ်ခွန်းမှ မဆို... တားမြစ်ခြင်းလည်း အလျင်းမရှိခဲ့... စိတ်ပျက်လက်ပျက်နဲ့ပဲ အဖေက ကျမကို ကြည့်ရင်း "ဘာလို့အဲ့လိုတွေ ရေးရတာလဲ... မိဘဆိုတာ ကောင်းစေချင်လို့ ဆုံးမတာ... နာစေချင်လို့ မုန်းလို့မှ မဟုတ်ဘဲ သမီးရယ်... အခု နင့်အမေ ဘယ်လောက် စိတ်မကောင်းဖြစ်မလဲ..." အဖေ့စကားသံတိုးတိုးက ကျမစိတ်ကို အနည်းငယ်တော့ သက်တောင့်သက်သာဖြစ်စေပါတယ်... သားသမီးတစ်ယောက်အတွက် မိဘဆီက ကြားရသင့်တဲ့ ဆုံးမစကားလို့ ကျမထင်မိတယ်လေ... သို့ပေမယ့် ကျမ မှားတယ်လို့တော့ ဝန်မခံချင်ပါ... အမေက ကျမကို မချစ်ဘူးလေ... စာမတော်တဲ့ ကျမကို အမေက အကောင်းဘယ်တော့မှလည်ှး မမြင်ပေးတတ်ဘူး... အရိုက်ခံရမှာကို အရမ်းကြောက်တတ်တဲ့... တုတ်ရွယ်ရုံနဲ့ အသားမနာသေးဘဲ စူးစူးဝါးဝါး အော်တတ်တဲ့ ကျမကို အမေက ရိုက်တာထက် ပိုနာကျင်စေတဲ့ စကားလုံးတွေနဲ့ ကျမစိတ်ကို အမြဲ ထိခိုက်ရှနာစေတတ်ခဲ့တယ်... အမေစိတ်တိုရင် ကျမရဲ့ အမှားတွေကို တစ်ကွက်ချင်းထောက်ပြတတ်တာကို ကျမ မုန်းတယ်... အငယ်တွေနဲ့ ယှဉ်လိုက်တိုင်း မှားမှားမှန်မှန် အမေ ကျမကိုသာ အပြစ်မြင်တတ်တာကိုလည်း မုန်းတယ်... ကျမ အမေ့ကို ဘယ်လိုပဲ ကောင်းအောင်လုပ်ပေးပေး အမေ ကျမကို အမြင်မကြည်တတ်ဘူးလေ... ကျမကို မချစ်တဲ့ အမေ့ကို ကျမကလည်း ဘာပဲလုပ်ပေးပေး ဘာပဲပြောပြော အမုန်းတွေနဲ့ကြည့်ပြီး မုန်းဖို့ပဲ ကျမ ကြိုးစားခဲ့တယ်... တကယ်တော့ အမေ့ကို မချစ်တာတော့ မဟုတ်ပါဘူး... အမေ ကျမအပေါ်... ကျမလုပ်ပေးနိုင်သမျှအပေါ်ကို အကောင်းမြင်စေချင်ခဲ့တာပါ... ကျမ အမေ့ကို ချစ်သလောက် ကျမကို ပြန်ချစ်စေချင်ခဲ့တာပါ... အမေ့ဆီက လိုချင်တာနဲ့ ရလာတာ တစ်ထပ်တည်းမကျတော့ ကျမရဲ့စိတ်တွေ အစွန်းတစ်ဖက်ကပ်သွားတာ ကျမသာလျှင် အသိဆုံးပေါ့...
အမေကတော့ စကားတွေကို ဆက်ပြောနေခဲ့တယ်... ကျမကတော့ ကြားတစ်ဝက်မကြားတစ်ဝက်... နေဝင်ချိန်ရောက် အနောက်ဘက်မှာ တိမ်တွေတောင် တောက်နေခဲ့ပြီမို့ အမေ အချိန်အတော်ကြာအောင် စကားတွေကို ခရားရေလွှတ် တတွတ်တွတ် ပြောနေခဲ့တာပါလား... ကျမလည်း ဒဏ်ပေးခံရတဲ့သူလို မတ်တပ်အနေအထားကနေ မလှုပ်မယှက် ဆက်လက်ရပ်နေဆဲမို့ မသိစိတ်နဲ့တင် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးနေခဲ့တာများလားလို့ အတွေးဝင်မိတယ်... အမေက မွေးစကနေ ခုချိန်ထိ ပင်ပင်ပန်းပန်းပြုစုပျိုးထောင်ခဲ့ရပုံတွေ ဆက်လို့ ပြောနေတုန်းပါပဲ... ငယ်ငယ်ကအကြောင်းတွေ အမေစိတ်ပါ,ရင် ပြောပြတတ်ပေမယ့် အဲ့လောက်အသေးစိတ်တော့ မသိခဲ့ဖူးပါ... အမေဆီက ငိုသံတစ်ဝက်တစ်ပျက်နဲ့ ဒေါသမပါသော နာကျင်စွာ ပြောနေတဲ့စကားတွေက မတ်တပ်ရပ်နေဆဲ ကျမ ခြေနှစ်ချောင်းကို တစ်ဖြည်းဖြည်း အားအင်တွေ ဆုတ်ယုတ်လာစေခဲ့တာတော့ အမှန်ပါပဲလေ...
"နင့်ကိုလေ ငါ အသက်နဲ့ ရင်းပြီး မွေးခဲ့ရတာ... နင် ငယ်ငယ်ကလေ... " အစချီပြီး ကျမကို ခက်ခဲစွာ မွေးခဲ့ရပုံ... ကျမ ငယ်ငယ်က မကျန်းမမာဖြစ်ခဲ့စဉ်က အကြောင်းတွေ ကျမ ကျောင်းနေစကနေ ခုထိ အပင်ပန်းခံ ကျွေးမွေး ပြုစုစောင့်ရှောက်ခဲ့တာတွေ... စသည် စသည်ဖြင့်ပေါ့...
"မိဘဆိုတာ သားသမီးကို ကောင်းစေချင်တဲ့ စိတ်နဲ့ပဲ ပြောတာပါ... အမေ့အသက်နဲ့ရင်းပြီး မွေးထားရတဲ့ သမီး အမေမချစ်ဘဲ နေမလား... တော်စေချင်... တတ်စေချင်လို့ နာအောင် ပြောခဲ့တာ မုန်းလို့မှမဟုတ်ဘဲ... အဲ့ဒါကို အညှိုးထားထားတာလား... ဟင်..."
ကျမ အမေ့စကားလုံးအောက်မှာ သေးငယ်ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်... တကယ်ဆို ကျမ အမေ့ကို သိပ်ချစ်တာပါ... ကျမချစ်သလို အမေလည်း ကျမအပေါ် ပြန်ချစ်စေချင်ခဲ့တာပါ... ကိုယ့်ကိုယ်ကိုယ် သတိမထားမိလိုက်ချိန်မှာပဲ ကျမ အမေ့ပေါင်ပေါ် မျက်နှာအပ်ပြီး အားရပါးရ ရှိုက်ခြင်းတွေ ဆက်လို့ ငိုကြွေးလိုက်မိတယ်... အမေ့ကို ငါ ကာယကံ၊ မနောကံနဲ့ ပြစ်မှားမိခဲ့ပါပေါ့လား... ကာယကံနဲ့ မတောင်းပန်ပေမယ့် ဒီမျက်ရည်တွေက တောင်းပန်စကားတွေကို ကိုယ်စားပြုကြောင်း အမေ သိခဲ့မှာပါ... အမေက ကျောပြင်ကို ဖွဖွပွတ်ရင်း ညနေစာ ပြင်ဆင်ပေးမြဲ ပြင်ဆင်ပေးခဲ့တယ်...


အရွယ်ငယ်ငယ် ဆင်ခြင်ဉာဏ်နည်းချိန်မှာ ကလေးတိုင်း အမှားလုပ်တတ်မြဲမို့ မိဘတိုင်း ခွင့်လွှတ်တတ်ကြမှာပါလေ...



မိနီ
"လူကြားလို့မှမကောင်း ဂုဏ်ထူးတစ်ခုတဲ့..."
"နင့်သူငယ်ချင်းတွေအားလုံး အနည်းဆုံး ဂုဏ်ထူးသုံးခုတော့ ပါ,ကြတယ်..."
"ဒါတွေကို ကြိုမြင်လို့ စာကျက်ပါလို့ ပြောတုန်းက အရွဲ့တိုက်တယ်..."
"ကြည့်စမ်း... အမှတ်တွေကလည်း... ဟမ်... နင့်ဆရာမတွေ မေးရင် ဘယ်လိုဖြေမလဲ... တော်လှတော်လှနဲ့... ငါကတော့ အဟုတ်ကြီးမှတ်လို့... သူများတွေက နင့်သမီးလေးတွေ စာတော်တယ်ဆို... ဂုဏ်ထူးဘယ်နှစ်ခုထွက်လဲ မေးရင် ငါ ဘယ်လိုမျက်နှာနဲ့ ဖြေရမလဲ... နင့်သူငယ်ချင်းတွေ မေးရင်ကော နင်ဘယ်လို ဖြေမလဲ..."

ဒါက ဘဝတစ်ဆစ်ချိုး အဆုံးအဖြတ်ပေးတဲ့ ဆယ်တန်းစာမေးပွဲအပြီး ကြားခဲ့ရတဲ့ မချိတင်ကဲ ပြစ်တင်ဖွဲ့ခဲ့တဲ့ အမေနဲ့အဖေရဲ့စကားသံတွေ...
မိဘတွေရဲ့ အမှန်တရား စကားများကြားမှာ မျက်ရည်မကျမိဖို့ ကြိုးစားရင်း ကိုယ့်ရဲ့အရွဲ့တိုက်မှုတွေအတွက် မျက်ရည်နဲ့ ပြန်မပေးဆပ်ချင်တာမို့ လောကကြီးကို စိန်ခေါ် ခပ်ပျော်ပျော်နေပြတတ်ခဲ့ပေမယ့် ရင်ထဲမှာ ဓားတစ်ချောင်းစိုက်ခဲ့တာကိုတော့ ထိုက်တန်တဲ့ အပြစ်တစ်ခုလို့ပဲ မှတ်ယူခဲ့ပါတယ်...
အဲ့ဒီလို အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်နိုင်ဖို့ ကျောင်းပတ်ဝန်းကျင်ကို ရှောင်ရင်း သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်အောင် ကြိုးစားရင်း နေရာသစ်တစ်ခုမှာ ဘဝသစ်တစ်ခုကို စ,ကြည့်တယ်... ဖြစ်ချင်ခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်လာရတာတွေကြား ဘဝက နည်းနည်းတော့ ခါးတယ်... ကြိုးစားရင်းကနေ ခြေချော်ကျ,ပြီးရင်း ကျ,နေတုန်း နောက်ထပ် မိသားစု စီးပွါးရေး ပြဿနာတွေ... လူမှုရေး ပြဿနာတွေ... အလုပ်ထဲဝင်စ အလုပ်ရဲ့ ဖိအားပေးမှုတစ်ချို့တွေ... တစ်ချိန်တည်း အလုံးအရင်း ထိုးစစ်ဆင်ခံရတော့ မေးခွန်းများစွာ ရင်ထဲမှာ ဖြာကျ,လာခဲ့တယ်... ဘဝဆိုတာ ဘာလဲ... ငါ့အတွက် ဘာအဓိပ္ပာယ်လဲ... ငါ ဘာအတွက် အသက်ရှင်နေရတာပါလိမ့်... ငါ ဖြစ်ချင်ခဲ့တာတွေနဲ့ ငါ လုပ်နေရတာတွေ... ဘာအတွက်လဲ... မေးခွန်းတွေ မဆုံးခင် "ဘုန်း"ကနဲ မြည်သံကြားလိုက်တယ်... ကျပြန်ပြီ အရမ်းမျှော်လင့်ခဲ့တဲ့ စာမေးပွဲတစ်ခု... ကျမ ပြုံးလိုက်မိတယ်...
"သမီးရယ်..."
အမေ့အသံကို ကျမ စ,ကြားလိုက်ရတယ်... အမြင်တွေက ဝေဝါးလို့ အကြားအာရုံကလွဲရင် ဘာမှကို သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ဘူး... လူက လှုပ်ရှားမရခဲ့ပေမယ့် အဖေ့ရဲ့ မနားတမ်း ဖုန်းဆက်သံတွေကိုတော့ အဆက်မပြတ် ကြားနေရတယ်... နောက် အဖေ ကျမကို ထူမ,ပြီး ရေလာတိုက်တယ်... တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းဘေးက ရေတွေ စီးကျ,သွားတယ်... အမေက "သမီး... အမေသေသွားတာကို မြင်ချင်လို့လား... ဟင်... မိဘတွေကို စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ ထားခဲ့ချင်တာလား... ဟင်..." မှိတ်ထားတဲ့ ကျမမျက်လွှာတွေကြားက မျက်ရည်များစွာ မျက်ရည်ချောင်းလေးအဖြစ် စီးဆင်းသွားကြတယ်... အဖေတိုက်တဲ့ ရေကို မောပန်းစွာ သောက်ဖြစ်လိုက်တယ်... ပြီးတော့ အဖေ့ဆီက နာနာကျင်ကျင် စကားတစ်ခွန်း မွန်းကျပ်စွာ ထွက်ကျလာပုံရတယ်... "ဘာလို့ အဲ့လောက် မိုက်ရတာလဲ"တဲ့...

"ဘယ်သားသမီးက ဘယ်လောက်တော်တော် အမေက အမေ့သမီးကြီးကို အားကိုးတာ..."
"စာမတော်ပေမယ့် လိမ္မာတဲ့ သိတတ်တဲ့ အမေ့သမီးကြီးအကြောင်း အမေသိတာပေါ့... ငါ့သမီးကြီးကမှ အမေ့ကို သိတတ်တာ... အမေသိတာပေါ့... ဘယ်သားသမီးက ဘယ်လိုလိမ္မာလဲ အမေသိတာပေါ့..."
"ဒီအရွယ်ထိ ကျွေးမွေးကြီးပြင်းလာအောင် ထိန်းကျောင်းခဲ့ရတဲ့ မိဘတွေမှာ သားသမီးကို မချစ်ဘူးဆိုတာ မရှိပါဘူး သမီးရယ်... ကျိုးကန်းနေဦးတော့ ချစ်ကြတာပါပဲ..."

အမေ့အသံတွေ ကြားတစ်ချက်မကြားတစ်ချက်... ကျမ မရှိတော့တဲ့အချိန်မှာ ဖတ်ဖို့ ရေးထားဖြစ်ခဲ့တဲ့ စာတွေကို အမေက ဖတ်ဖတ်ပြီး ငိုလိုက် ပြောလိုက်နဲ့... ကျမ မျက်လုံးတွေ ဖွင့်မရခဲ့ဘူး... ဒါပေမယ့် အမေ ကျမဘေးမှာ တစ်နေ့လုံး တစ်ညလုံး ငိုနေခဲ့တယ်... စကားလုံးတွေ အများကြီးထဲက တစ်ခွန်းတည်းပါပဲ... အဲ့ဒီတစ်ခွန်းတည်းသော စကားကြောင့် ကျမ လူ့လောကထဲက ပြန်ထွက်မသွားဖို့ ဘဝရဲ့ မျှော်လင်းခြင်း အလင်းရောင်တစ်စ ရေးတေးတေးလေး မြင်လိုက်ရတယ်... အမေ....
"အမေက ငါ့သမီးကြီးကို အားကိုးတာ..."
အမေ ဘယ်တော့မှ ကျမအတွက် မျက်ရည် မကျ,စေရတော့ဘူးလို့ ကတိပေးပါတယ်...

တစ်ခါမှား တစ်ခါမိုက် အထောင်အသောင်းမှားလို့ အထောင်အသောင်းမိုက်နေစေဦးတော့ မိဘဆိုတာ သားသမီးကို ပစ်ပယ်ရိုးမရှိခဲ့ပါဘူး...



မိပြာ
"ဖြစ်ချင်တာတွေ ဘာမှမဖြစ်ရဘူး... ဒီဘဝကြီးကို တအားမုန်းတယ်... သူများတွေ ကျူရှင်ယူနိုင်တယ် အတန်းကောင်းတွေ ရတယ်... ဘယ်မှာလဲကျူရှင် စာမလိုက်နိုင်တာတောင် သူများဆီမှာ လိုက်မေးသင်ယူရတယ်... သူများတွေ ဝတ်နိုင်စားနိုင် သုံးနိုင်ဖြုန်းနိုင်တယ်... ဘယ်မှာလဲ ဖိနပ်ကောင်းကောင်းလေးတစ်ရံ... သူများတွေ ဘွဲ့အသီးသီးယူနိုင်တယ်... ဘယ်မှာလဲ စင်ပေါ်တက် ယူနိုင်တဲ့ ငွေကြေး... သူများတွေ မိသားစုလိုက် ပျော်ရွှင်နေရတယ်... ဘယ်မှာလဲ မိသားစုဘဝ... မိဘရဲ့အမှားတိုင်းဟာ သားသမီးတွေအတွက် ထောက်ပြစရာ အပြစ်တစ်ခုလား... ဘာအမှားလုပ်ထားလို့ ဒီလို ခံစားနေရတာလဲ... လောကကြီးက မတရားဘူး... ဘာပြစ်မှုကျူးလွန်ထားလို့ နောက်ကွယ်မှာ မေးငေါ့မျက်စောင်းထိုးခံရတာလဲ... အဖေကကော သမီးမိန်းကလေးတွေ မွေးထားပြီး ဒီလို လုပ်ရက်တာလား... အဖေ့ကို မုန်းတယ်... လူ သတ်ချင်တယ်"
တဟီးဟီးနဲ့ ငိုကြွေးရင်း သိမ်းထားရသမျှ ပေါက်ကွဲ ရှိရှိသမျှ အမှတ်တရလေးတွေ ရိုက်ခွဲရင်း တိုင်နဲ့ခေါင်း အကြိမ်ကြိမ် ပြေးစောင့်မိတယ်... ဘဝဆိုတာကြီးကို နာကြည်းမိတယ်... အရင်ကတော့ လိုတိုင်းတ, ရခဲ့တဲ့ ဘဝ... နွမ်းပါးချိန်မှာ အနှိမ်ခံဘဝမှာ ကျင့်သားရဖို့ ကျမ မကြိုးစားနိုင်ခဲ့... အမေက ကျမခေါင်းကို ညင်ညင်သာသာ လာပွတ်ရင်း သူ့ရင်ခွင်မှာ ကျမဦးခေါင်းကို စောင်းငဲ့စေလိုက်ရင်း မျက်ရည်ရစ်ဝဲ အားမငယ်ဖို့ စကားတွေကို တစ်လုံးချင်း ပီပီသသ ရွတ်ဆိုပြခဲ့တယ်... နာကျင်မှုဝေဒနာတွေကို ရင်ဘတ်ထဲက ဆွဲထုတ် အပူရုပ်ကို ချုပ်ငြိမ်းစေခဲ့တယ်...
"ငါ့သမီးစိတ်တွေ ကြမ်းလာလိုက်တာ... အရင်က ဒီလိုမဟုတ်ပါဘူး... သမီးရယ်... ဒီခံစားမှု၊ ဒီအခြေအနေမျိုးတွေက မိဘအရိပ်အောက်မှာ နေရတဲ့ မိဘတွေရဲ့ ဘဝပါ... သမီးတို့ရဲ့ ဘဝအမှန် မဟုတ်ပါဘူး... ကိုယ့်ဘဝကိုယ် လက်မထောင်နိုင်ဖို့ ဒါတွေကို နမူနာပုံဆောင်ယူပြီး ကြိုးစားပါ... ပြီးတော့ အဖေဆိုတာ ဘာပဲဖြစ်နေဖြစ်နေ ဘုရားနဲ့တစ်ဂိုဏ်းတည်းထားရတာမို့ မပြစ်မှားကောင်းပါဘူး... အဖေက ဘာပဲဖြစ်နေဖြစ်နေ အဖေကအဖေပါပဲ... သမီးငယ်ငယ်က သမီးအဖေ ဘယ်လိုဆင်းရဲ ပင်ပန်းစွာ ရှာဖွေကျွေးမွေးခဲ့လဲ ပြန်တွေးကြည့်ပါ"တဲ့...

အမေဆိုတာ ဘဝရဲ့ဆီမီး ထိန်ထိန်ညီးဖို့ အားပေးတတ်တဲ့သူ...


မိဝါ
internet ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးတဲ့ အဖေက အလုပ်အဆင်မပြေလို့ ပြန်လာရတော့မယ့် ဝေးတစ်မြေမှ သမီးကို အားပေးဖို့ gtalk ဆိုတာကို မသုံးတတ်သုံးတတ်နဲ့ လာသုံးရှာတယ်... gtalk မှာ တင်ထားတဲ့ သေးသေးကွေးကွေး ဓာတ်ပုံလေးကို ကြည့်လိုက် "မျက်ရည်ဆိုတာ...ဖြေရှင်းဖို့ နည်းလမ်းတစ်ခုမဟုတ်သလို ထွက်ပေါက်တစ်ခုလည်း မဟုတ်ဘူး... " ဆိုတဲ့ custom message လေးကို ဖတ်လိုက် မချိတင်ကဲဖြစ်ပုံနဲ့ အမေ့ကို ပြောလိုက်တယ်...
အဖေ: "ကြည့်စမ်း... ငါ့သမီး မျက်နှာလေး... သနားပါတယ်..."
အမေ: "ဟင်... ဘာလဲ..."
အဖေ: "အော်... မျက်ရည်ဆိုတာ...တဲ့"...

Gtalk ကို ဖွင့်ထားမှန်းမသိဘဲ ပြောနေတဲ့စကားသံတွေ ကျမ ရင်ဘတ်နဲ့ ခံစားလိုက်ရတယ်... အဖေ့စကားသံတွေ နောက်ထပ် ထပ်ထွက်မလာတော့ပါ... ခံစားမှုကြောင့် ထင်ပါရဲ့... အသံတွေ ပျောက်ရှလို့ မျက်ရည်စတွေအဖြစ် ပြောင်းလဲသွားရှာကြတယ်...

အမိမြေကို ပြန်ရောက်လာတဲ့ သမီးအတွက် သူတို့ ပေးနိုင်ခဲ့တာ အားပေးအပြုံးတွေသာ... အဲ့ဒီအပြုံးတွေက ရှုံးခဲ့ရတာတွေအတွက် အဆုံးမဲ့ အင်အားတစ်စုံတစ်ရာပါပဲ...

အဝေးတစ်နေရာကနေ မောမောပန်းပန်းနဲ့ ပြန်လာတဲ့ ကျမ... အိပ်ပျော်လုလုအချိန် ကျမ လက်ကို အသာဆွဲလို့ ပြောလိုက်တဲ့ စကားတစ်စွန်းတစ်စကို ကြားလိုက်ရတယ်...
အဖေ: "နင့်သမီးလက်လေးတွေ ကြည့်စမ်း... ပိန်လိုက်တာ"
အမေ: "ဪ... အရင်ကတည်းကလည်း နင့်သမီးက ပိန်တာကိုး"
အဖေ: "အရင်က အဲ့လောက် မပိန်ပါဘူး... အခု အရိုးချည်းပဲ"

ကျမ အိပ်ချင်ယောင်ဆောင်ရင်း အတွေးထဲမှာ နောင်တမဲ့စွာ ပြုံးလိုက်တယ်... မိဘဆိုတာ သားသမီးတွေ ဘယ်အရွယ်ရောက်ရောက် သူတို့အတွက် ဂရုစိုက်နေရဦးမယ့် အရွယ်လို့သာ မြင်နေတတ်ကြတာပါလားနော်...

အတန်းပညာ... ဘဝသင်ခန်းစာတွေ အတော်များများ သင်ယူတတ်မြောက်နေတဲ့ သမီးတစ်ယောက်အတွက် ငယ်ငယ်ကလို လမ်းညွှန်မှုတွေပြုဖို့ စကားလုံးတွေ စုဆောင်းနေရတယ်ထင်ပါရဲ့... အချိန်အတော်ကြာမှ အဖေက စကားတစ်ခွန်းဆိုခဲ့တယ်... "ဘဝဆိုတာ အမြဲတမ်း ဒီလိုချည်းပဲ မနေပါဘူး"တဲ့...


သားသမီးဆိုတာ မိဘတွေအတွက် ဆိုးဆိုးကောင်းကောင်း အောင်မြင်မြင် ကျရှုံးရှုံး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မပစ်ပယ်ရက်နိုင်သော သူတို့အတွက် "ရင်တွင်းဖြစ် လူသား" တွေပါပဲ...



ဟိုပေါင်းဒီစပ် တောင်တွေး မြောက်တွေးနဲ့ ၂၀၁၀ တုန်းက ရေးဖြစ်ခဲ့တဲ့ စာလေး... :P


Created By: k2tmaung (05 May 2010 Sunday 07:42PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..