Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...






















ညနေက မိတ်ဆွေတစ်ယောက် မြန်မာပြည်က ဒလမြို့နယ်မှာ ဒီနှစ်နွေရာသီရဲ့ ပြင်းထန်လွန်းသော အပူချိန်ကြောင့် ရေအခက်အခဲနှင့် ကြုံတွေ့နေရတယ်တဲ့... တတ်နိုင်သလောက် ကူညီပေးပါဦးလို့ဆိုတာနဲ့ မရှိမဲ့ရှိမဲ့ မိတ်ဆွေလေးတွေကို email ပို့ message ပို့နဲ့ တကယ်လိုအပ်နေတဲ့ ရေပြဿနာအတွက် အလှူငွေကောက်ပေးဖို့ ကြိုးစားဖြစ်ပါတယ်... နောက်ပြီး ကျမမိခင် ပြောပြောနေတတ်တဲ့ "သူတစ်ပါးအလှူဖြစ်မြောက်အောင်၊ ကုသိုလ်ရအောင် တိုက်တွန်းနှိုးဆော်တာလည်း ကုသိုလ်တစ်မျိုးပဲ" ဆိုတဲ့ စကားလေး ကြားယောင်ပြီး ကိုယ့်ဘာသာ ပီတိတွေလည်း ဖြစ်နေလိုက်ပါသေးတယ်... :P

ရေကုသိုလ်နဲ့ ပတ်သက်ပြီး ကျမအသိဝိညာဉ်ထဲမှာ အမှတ်တရလေးတစ်ခုရှိနေခဲ့ပါတယ်... :) ငယ်ငယ်ကတည်းကပေါ့ ကိုယ်စားတဲ့ ပန်းကန်လေး ကိုယ်ဆေး၊ ကိုယ့်အဝတ်လေး ကိုယ်လျှော်ပြီး ကိုယ့်တာဝန်ကိုယ် ကျေလှချည်ရဲ့လို့ တွေးတတ်ခဲ့တယ်... မိဘကများ အိမ်အလုပ်လေး နည်းနည်းပိုခိုင်းမိရင် စိတ်လေးက ကောက်ချင်ချင်... ငယ်ငယ်တုန်းက ပြောတာပါ... ဟဲဟဲ... အဲ့တော့ မိဘတွေက တစ်ခုခု ခိုင်းချင်ပြီဆို "သမီးက လိမ္မာတယ်" တို့ "ကုသိုလ်ရတယ်" တို့နဲ့ ချိုချိုသာသာ ခိုင်းရတာပေါ့လေ... :P အဲ့ဒီလိုများ ချော့မော့ခိုင်းလို့ကတော့ နှုတ်ခမ်းစူသလိုလို စိတ်ဆိုးချင်သလိုလိုနဲ့ ဘာခိုင်းခိုင်း အကုန်လုပ်တာပါပဲ... ဟိ... အကြီးဆုံးဆိုတော့ မိဘတွေကလည်း ပိုခိုင်းတာပေါ့... :P အဲ... အဲ့လို ချော့မော့ခိုင်းတဲ့အထဲမှာ နေ့တိုင်းလိုလို လုပ်ပေးဖြစ်ပြီး ကုသိုလ်ရမှန်းမသိ ရနေတဲ့ အလှူတစ်ခု ရှိပါတယ်... အဲ့ဒါကတော့ ရေကုသိုလ်ပါ... အိမ်မှာ နေ့စဉ် ရေကို ကျိုချက်ပြီး သောက်သုံးကြပါတယ်... ရေနွေးအိုကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ်လောက်တည်ရပါတယ်... ပြီးရင် နောက်ထပ်အိုးကြီးတစ်လုံးနဲ့ အအေးခံ... အေးသွားပြီဆိုရင် သောက်ရေစတီးအိုးကြီးထဲ ရေစစ်နဲ့တစ်ခါပြောင်းထည့်... နောက် ရေသန့်ဗူးလေးတွေနဲ့ ပြန်ခွဲထည့်ပြီး ရေခဲသေတ္တာထဲထည့်... စသဖြင့်ပေါ့လေ... ကျမမိခင်ကတော့ "ရေအကျိုး (၁၀) ပါး ဆုမတောင်းဘဲ ပြည့်တယ်... နောက်ဘဝကျရင် ငါ့သမီးက ဒီထပ်ချောဦးမှာ... ဒီထပ်ဉာဏ်ကောင်းဦးမှာ..." နဲ့ အမြဲ ချော့မော့ ခိုင်းတတ်တာပေါ့... တစ်ခါတစ်လေများ ပျင်းကြောဆွဲပြီး မလုပ်ချင်လုပ်ချင်နဲ့ လုပ်ပေးမိရင် "ကုသိုလ်လုပ်တာ စိတ်ထားကောင်းကောင်းထားရတယ်နော်... ရမယ့်ဆုတွေ လျော့ကုန်မယ်"လို့ ပြောတတ်ခဲ့ဖူးတယ်... ကုသိုလ်ရမလားမရဘူးလား ဆိုပြီးတော့တော့ စိတ်ထဲသိပ်မရှိခဲ့ပါဘူး... မိဘက ချော့ခိုင်းလို့ မြှောက်ခိုင်းလို့ လုပ်ပေးမိတာကတော့ ခပ်များများပေါ့... ငယ်ငယ်တုန်းကတော့ ပိုချောမှာ... ပိုလှမှာဆိုပြီး လောဘဇောလေးကလည်း ပါတတ်သေးသကိုး... :P ကျမဖခင်ကတော့ ရေသန့်ဗူးတွေထဲ ဗူးဝထိ ရေဖြည့်တတ်တဲ့ ကျမကို အမြင်ကတ်နေကျပေါ့... ဗူးဝထိ ရေထည့်ထားတော့ ဗူးကို အလယ်က ညှစ်ကိုင်လိုက်ရင် ရေတွေက အပြင် လျှံကြသွားတယ်လေ... :P ကျမကလည်း အမှတ်မရှိပေါင်... ပြည့်ပြည့်ဝဝဖြစ်အောင် အမြဲ ပြည့်နေအောင် ထည့်ရမှာ ကျေနပ်တတ်တယ်... ဟီးဟီး...

အဲ... အဲ့ဒီရေကုသိုလ်အလှူလေးကို ဘယ်အချိန်မှစပြီး လှူပြီးတိုင်း ပီတိဖြစ်ရလဲဆိုတော့ မြန်မာ့အသံကနေ အရင်က ခဏခဏ ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေး တစ်ပုဒ်ကြောင့်ပါပဲ... လူတော်တော်များများလည်း သိကြမှာပါလေ... :P ဒီဇာတ်လမ်းလေးကြောင့်ပဲ ရေလှူပြီးတိုင်း စိတ်ထဲမှာ အမြဲ ကြည်လင်အေးချမ်းခဲ့ဖူးပါတယ်... ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်မှုတစ်စုံတစ်ရာနဲ့ ကြည်နူးမိတတ်ပါတယ်... :)

ဇာတ်လမ်းလေးကတော့ ဒီလိုပါတဲ့ကွယ်... :)

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်... ဦးဇင်းတစ်ပါး ဆွမ်းခံကြွသွားရင်း မိုးရွာလာတော့ ဇရပ်လေးတစ်ခုမှာ မိုးဝင်ခိုသတဲ့... အဲ့ဒီအချိန်မှာပဲ ခရီးသွားတစ်ယောက်က အဲ့ဒီ ဇရပ်မှာ မိုးဝင်ခိုပါသတဲ့... ဆွမ်းစားချိန် ရောက်သည့်တိုင် မိုးက မစဲတော့ ဦးဇင်းလည်း အဲ့ဒီဇရပ်မှာပဲ ဆွမ်းဘုန်းပေးရတော့သတဲ့... ခရီးသွားကလည်း သူပါလာတဲ့ ထမင်းထုပ်လေးကို ဦးဇင်းကို လှူလိုက်ပါသတဲ့ကွယ်... ခရီးသွားကပ်လိုက်တဲ့ ဆွမ်းကို ဘုန်းပေးတဲ့ ဦးဇင်းကလည်း ခရီးသွားကို တရားဟောပြချီးမြှင့်တာပေါ့ကွယ်... အဲ့ဒီဦးဇင်း ဟောတဲ့ တရားတွေထဲက တရားတစ်ပုဒ်မှာပေါ့ကွယ်... "တစ်ခါတုန်းက ရွာတစ်ရွာမှာ ဒကာမကြီးတစ်ယောက် ရှိပါသတဲ့... အဲ့ဒီ ဒကာမကြီးက ရွာဦးဘုန်းကြီးကျောင်းကို ဆွမ်းပို့လေ့ရှိသတဲ့... တစ်နေ့မှာတော့... ဟင်းတွေချက်ပြုတ်စီမံပြီး ဆွမ်းချိုင့်ကြီး ကိုယ်တိုင်ဆွဲလို့ ရွာဦးဘုန်းကြီးကျောင်းကို လာခဲ့ပါသတဲ့... လမ်းမှာ အများသုံး ရေတွင်းတစ်တွင်းကနေ ရေငင်နေတဲ့ ဒကာမကြီးနဲ့ အသက်မတမ်းမယိမ်း အမျိုးသမီးကြီးတစ်ယောက် သူ့အပေါင်းအဖော်တွေနဲ့ စကားပြောနေတာကို သတိပြုမိသွားပါသတဲ့... ဘုန်းကြီးကျောင်းကို ရောက်တော့ ကျောင်းထိုင်ဦးဇင်းကြီးကို ဆွမ်းကပ်... ဦးဇင်းလည်း ဆွမ်းစားပြီးတော့ ဒကာမကြီးကို "အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားဗလကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့ ဆွမ်းအကျိုး(၅)ပါး ပြည့်ပါစေ"လို့ ဆုပေးသတဲ့... ဒကာမကြီးလည်း ပျော်ရွှင်စွာနဲ့ "ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘုရား"လို့ လျှောက်တာပေါ့... အဲ့ဒီအချိန်မှာ လမ်းမှာ တွေ့ခဲ့တဲ့ အမျိုးသမီးကြီးက ကျောင်းတွင်း သောက်သုံးရေတွေ ဖြည့်ပြီးကြောင်း ဦးဇင်းကို လာလျှောက်သတဲ့... ဦးဇင်းက "သာဓု... သာဓု... သာဓု..." လို့ မိန့်ပြီး... "လျင်မြန်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ကျော်ကြားလူသိများခြင်း၊ ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊ အခြွေအရံများခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့ ရေအကျိုး(၁၀)ပါး ပြည့်ပါစေ"လို့ ဆုပေးသတဲ့... အဲ့ဒီအမျိုးသမီးကြီးလည်း ဝမ်းမြောက်စွာနဲ့ "ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘုရား"လို့ လျှောက်ပြီး ပြန်သွားသတဲ့... အဲ့ဒီအချိန်မှာ ဒကာမကြီးက ဦးဇင်းကို မကျေမနပ်နဲ့ "အရှင်ဘုရားက မတရားဘူး"လို့ ဆိုသတဲ့... ဦးဇင်းလည်း ကြောင်အအဖြစ်သွားခိုက် ဒကာမကြီးက ဒီလိုစကားဆက်လိုက်ပါသတဲ့... "အရှင်ဘုရားက ပင်ပင်ပန်းပန်းနဲ့ ဆွမ်းဟင်းချက်ပို့ပေးရတဲ့ တပည့်တော်မကိုကျတော့ ဆု(၅)ပါးပဲ ပေးပြီး အလကားရတဲ့ ရေကို လှူတဲ့ ဟိုအမျိုးသမီးကိုကျတော့ ဆု(၁၀)ပါးတောင် ပေးတယ်" အဲ့ဒီတော့မှ ကျောင်းထိုင်ဦးဇင်းလည်း သဘောပေါက်သွားပြီး ပြုံးမြမြ ဖြစ်သွားတော့သတဲ့... "ဒကာမကြီး ဆွမ်းချက်တော့ ရေမပါဘူးလား... ဒကာမကြီးရဲ့..." "ပါတာပေါ့ ဘုရား" "ဒါဆို ဒကာမကြီးလည်း ရေအကျိုး(၁၀)ပါးဆုကို ရပြီပေါ့"လို့ ဆိုမှ ဒကာမကြီးလည်း ကျေနပ်သွားတော့သတဲ့... ဒီတရားပုံပြင်လေးလည်းဆုံး မိုးလည်းတိတ်စပြုပြီမို့ မိုးခိုနေတဲ့ ဦးဇင်းလည်း ခရီးသွားကို နှုတ်ဆက်လို့ လိုရာခရီးကို ဆက်သွားပါတော့တယ်တဲ့ကွယ်....

ဇာတ်လမ်းလေးကို အစအဆုံးတော့ သေသေချာချာမမှတ်မိတော့ပါဘူး... ဆီလျော်သလို နည်းနည်းရွှီးလိုက်ပါတယ်... ဟဲဟဲ... အဲ့ဒီ ဇာတ်လမ်းလေးထဲက ဒကာမကြီး ပြောသွားတဲ့ "အလကားရတဲ့ ရေကို လှူတာ ဆု(၁၀)ပါးတောင် ပေးတယ်" ဆိုတဲ့ စကားလေးကိုတော့ မှတ်မိလို့ နေပါတယ်... :) အဲ့ဒီအချိန်ကစလို့ပေါ့... ကျမလည်း ဘယ်နေရာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရေကုသိုလ်ယူရတဲ့အခိုက် ဘယ်ကဘယ်လိုရတဲ့ ပီတိအဟုန်ကြောင့်မှန်းမသိ ကြည်နူးလို့ နေမိပါတယ်... နောက် အသက်ကလေးကလည်း ရလာလို့ထင်ပါ့... အလှူတစ်ခုလုပ်ပြီးတိုင်း ဘာဖြစ်ရပါလို၏... ညာဖြစ်ရပါလို၏ဆိုပြီး လောဘနဲ့ ဆုမတောင်းတတ်တော့တာလည်း ကြာခဲ့ပါပြီ... :) သို့ပေမယ့် ရေကုသိုလ်ယူပြီးတိုင်းတော့ ဆုတစ်ခုကို အမြဲတမ်း မပျက်မကွက် တောင်းလေ့ရှိပါတယ်...

"ဤကဲ့သို့ ရေလှူရခြင်းအကျိုးကျေးဇူးကြောင့် တပည့်တော်မ၏ စိတ်သည်လည်း ရေအစဉ်ကဲ့သို့ ကြည်လင်အေးမြရပါစေသား" ဆိုပြီးတော့ပေါ့... :P


စကားချပ်... ရန်ကုန်တဘက်ကမ်းက ဒလမှာ သောက်သုံးရေအခက်အခဲဖြစ်နေပါတယ်။ ရေလှူဖို့ရန် အခွင့်အရေးကြုံတဲ့အတွက် ပူးပေါင်းပါဝင် လှူဒါန်းကြဖို့ တိုင်တွန်းနှိုးဆော် ဖိတ်ခေါ်ပါတယ်။ ကျမအား ယုံကြည်သော သူငယ်ချင်းများထံမှ phone call, message, email များ မျှော်လင့်မိပါကြောင်း... :)


Created By: k2tmaung (15 May 2010 Saturday 01:56AM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..