ငါလား...
စာမျက်နှာ နှစ်ဆယ့်ခုနှစ် (၂၇) မျက်နှာပါတဲ့...
ခပ်နုပ်နုပ် ဝတ္ထုတိုတစ်အုပ်ပေါ့...
ရှေ့မာတိကာမှာ ကြိုက်တာရှာ...
မပါတဲ့ သင်ခန်းစာတွေ ရှားပါးမယ်ထင်ပါရဲ့...
ပြုံး၊ ရယ်၊ ငို၊ မုန်း၊ အရှုံးနဲ့ အဆုံး...
ရုန်းကန်ခြင်းတွေ ဗြောင်းဆန်ရင်းနဲ့ပေါ့...
ငါလား...
ပန်းခင်းထဲက လက်ရာမမြောက်လှတဲ့ လိပ်ပြာတစ်ကောင်ပေါ့...
ဆောင်ရန်ရှောင်ရန်များတဲ့ နှင်းဆီတွေကြားမှာ...
မကြာမကြာ ဆူးစူးရင်းနဲ့ပဲ...
မူးရစ်မေ့မြော တစ်ကျော့ပြန်တတ်သူပေါ့...
ငါလား...
တိမ်ဖြူဖြူအောက်က လှိုင်းခြောက်တဲ့ ပင်လယ်ပြာပေါ့...
နာကျင်ခြင်းနဲ့ ကြင်နာခြင်းရသ...
လှိုင်းတို့အလိုကျ ထိုးကွင်းထ,တတ်ပေမယ့်...
လပြည့်ညတိုင်း ရေမျက်နှာပြင်ထက်...
မှိုင်းတွဲ့တွဲ့နဲ့ လသာတတ်သူပေါ့...
ငါလား...
နွမ်းလျရင်းနဲ့ပဲ လမ်းလျှောက်များတဲ့...
သာမာန်လူသားတစ်ယောက်ပေါ့...
စမ်းတဝါးဝါး လှမ်းရတဲ့လမ်းမှာ...
ကြမ်းတမ်းစွာ ခြေထိုးခံသူများတယ်...
ဆန္ဒတွေလား သက်ပြင်းမောနဲ့မျှော...
အမောသက်သက်ကို နေပူခံထားတယ်...
ကံကြမ္မာက ထားရာနေ သတ်ရင်သေရတဲ့ဘဝမို့...
အနုအရွတွေ မခံစားတတ်တာ အပြစ်မှ မဟုတ်ဘဲ...
ငါလား...
"ရေ"တော့ "ရေ"ပေါ့...
သဲထဲသွန်ရင်တော့...
"မြေ"ပေါ်မတင် အရာမထင်တာ
အထူးအဆန်းမှ မဟုတ်ဘဲ..
ငါလား...
အဖြူသက်သက် ပိတ်ကားတစ်ချက် မဟုတ်ပေမယ့်...
စုတ်ချက်တိုင်းတော့ မရိုင်းခဲ့တာ အသေအချာပေါ့...
ငါလား...
ဆေးခါးသောက်တာများပေမယ့်...
ဘေးထွက်ဆိုးကျိုးတော့ မများလှပါဘူး...
တစ်ခါတစ်ခါ နှာခေါင်းသွေးလျှံတတ်တာက လွဲရင်ပေါ့...
ဘဝက...
"က"ကြီးရေ မ"က"ခင်...
"အ"မှာ အဆုံးသတ်တာများတော့...
လားရာတွေလည်း ပျောက်...
ညနက်နက်မှာ အတွေးတွေလည်း...
မှောက်လျက်လဲတာ ဝမ်းသာစရာမှ မဟုတ်ဘဲ...
ဝဲဘက်ရင်တစ်ခြမ်း သွေးသံရဲရဲပေမယ့်...
အထဲဘက်က နှလုံးသားဖြူစွတ်စွတ်ကို...
ငါအမြဲ ဦးညွတ်သူပါ...
ငါဟာ...
တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာအတွက်...
ဗလာသုည ဖြစ်နေဦးတော့...
အရှုံးသန့်တဲ့ ငါ့ ဘဝမှတ်တမ်း...
ရယ်သွမ်းဖွဲ့နွဲ့ တန်ဖိုးမဲ့စွာ မကြွင်းကျန်ချင်သူပါ...။
စိတ်လေလေနဲ့ ရေးပါတယ်... :P
Created By: k2tmaung (07 June 2010 Monday 10:05AM)
အရှိတရား နဲ့ အကျိုးဆက်
1 month ago
1 comments:
တီလေးကဗျာတွေထဲက ခု ငါ...ဆိုတာကို
အခိုက်ဆုံးပဲ...အဲလိုလေး ကိုယ့်အကြောင်းကို ကိုယ်ပြန်ရေးတတ်ချင်လိုက်တာ
ကဗျာဟန်လေးနဲ့ ပြောသွားတာ တကယ် လေးစားတယ်...
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...