Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...



အဲ့ဒီနေ့က ၁၄ရက် နိုဝင်ဘာ ၂၀၀၉ စနေနေ့...
ကျမတို့ ချိန်းထားတာက ၉နာရီပေမယ့် ကျမအိမ်က အထွက် နောက်ကျခဲ့တယ်... ချိန်းထားတဲ့ နေရာကိုရောက်ဖို့ မီးပွိုင့်ကနေ အများနည်းတူ ကားလမ်းကူးလာခဲ့တယ်... လမ်းတစ်ဖက်ကနေ ပြုံးပြီးစောင့်ကြည့်နေတဲ့သူ့ပုံစံကို ဒီနေ့အထိ ကျမမျက်စိထဲမှာ မြင်ယောင်နေမိတုန်းပါပဲ... အဲ့ဒီနေ့က ရွှေတိဂုံဘုရားကို အတူသွားခဲ့ကြတယ်...



ဘုရားပေါ်က ဆင်းခါနီး သူ ရည်းစားစကားပြောပြီး အဖြေအတင်းတောင်းခဲ့တယ်... (ငရဲများကြီးမလားပဲ)... ပေးရတော့မယ့် အဖြေတစ်ခုအတွက် ကျမတွေဝေနေဆဲ သူ ရှာဖွေတွေ့သွားခဲ့တယ်... ကျမနှုတ်က ထုတ်ပြောခဲ့တာမဟုတ်ပေမယ့် သူ သိသွားခဲ့တယ်... ကျမကပဲ ဟန်ဆောင်မကောင်းခဲ့တာလား... သူကပဲ ကျမအမူအယာတွေကို ဖတ်တတ်လွန်းခဲ့တာလား...

အဲ့ဒီနေ့က ကျမသတိထားမိသလောက် သူ 'ရယ်'တာများတယ်... ကျမအတွက်တော့ ပြောစရာစကားတွေက အရမ်းကို ရှားပါးနေခဲ့တယ်... ပြီးတော့ ဘယ်လိုခံစားချက်မှန်းရယ်လို့ ပြောပြလို့မတတ်တဲ့ ခံစားမှုမျိုးကြီးနဲ့ပေါ့... အဲ့ဒီနေ့က.. အဖြစ်အပျက်တွေ သိပ်မြန်ဆန်လွန်းနေသလိုလို.. ဖြစ်လာတာတွေက အစီအစဉ်မကျသလိုလို.. အိပ်မက်ထဲ ဇဝေဇဝါနဲ့ လမ်းလျှောက်နေခဲ့ရသလိုလိုနဲ့ပေါ့... အခုထိ စွဲစွဲမြဲမြဲ မှတ်မိနေတာလေး တစ်ခုတော့ ရှိခဲ့တယ်... လိုင်းကားပေါ်က ဆင်းခါနီး သူ ကျမလက်ကို ဆုပ်ကိုင်ပြီး ရှေ့ကသွားတယ်... ဖြစ်ချင်တော့ ကျမဒေါက်ဖိနပ်ခွာက ကားကြမ်းခင်းနဲ့ငြိပြီး တုန့်ဆွဲခံလိုက်ရသလို လူက ဟန်ချက်ပျက်သွားခဲ့တယ်... တွဲထားတဲ့လက်တစ်စုံ ပိုတင်းကျပ်သွားခဲ့ပြီး ယိုင်လဲသွားမယ့် အခြေအနေတစ်ခုက လွတ်မြောက်ခဲ့တယ်... အဲ့ဒီအခိုက်အတန့်လေးမှာပဲ... အဲ့ဒီတဒင်္ဂလေးအတွင်းမှာပါပဲ... ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမယ်လို့ အမြဲတွေးတတ်ခဲ့တဲ့ ကျမ သူ့လက်ကို အားကိုးတကြီးနဲ့ အမြဲတွဲထားချင်မိခဲ့တယ်... အဲ့ဒီအချိန်ကစ,လို့ သူ့လက်ကို တွဲထားရတိုင်း ကျမမှာ တန်ခိုးရှိတဲ့အရာတစ်ခု လက်ထဲဆုပ်ကိုင်ထားရသလို ကြည်နူးခဲ့ရတယ်...

အပြန် ကန်ပေါင်ပေါ်က ဖြတ်လျှောက်တော့ ပူပြင်းလွန်းတဲ့နေရောင်အောက် သစ်ပင်တစ်ပင်ရဲ့အရိပ်မှာ ခဏရပ်စေပြီး ကျမပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လို့ အတင်းအကျပ် "အဖြေ"ပေးခိုင်းခဲ့တယ်... ရှက်တာရော၊ ကြောက်တာရော၊ ဘာမှန်းမသိတဲ့ခံစားချက်ပေါင်းစုံတွေနဲ့ ငိုချင်နေခဲ့တာတွေရော စုပြုံခံစားနေရတဲ့ကျမ "ကျမတို့ရဲ့နေ့လေး"ကို ခေါင်းငြိမ့်သက်သေပြုပေးခဲ့တယ်... အဲ့ဒီလိုနဲ့ ကျမတို့ရဲ့ နေ့ရက်တွေကို ရှင်သန်မွေးဖွားခဲ့ကြတယ်...

----------

သူက သာမာန်ကောင်လေးတစ်ယောက်ပါပဲ... ဒါပေမယ့် ခပ်ဆိုးဆိုး ခပ်ပေပေ ခပ်ရှုပ်ရှုပ်ကောင်လေးလည်း ဟုတ်နေပြန်တယ်... ဒါပေမယ့် သူ့မှာ ကျမ လေးစားရတဲ့ စိတ်ထားလေးတွေ၊ စိတ်ဓာတ်လေးတွေ၊ အတွေးအခေါ်အယူအဆလေးတွေ၊ ခံယူချက်လေးတွေ အများကြီး ရှိပါတယ်... ဥပမာပြောရရင် သူက ကိုယ်ချစ်တဲ့ခင်တဲ့သူကိုမှ ကြင်နာတတ်သူမဟုတ်ပါဘူး လူသားတိုင်းကို သက်ရှိတိုင်းကို ချစ်ခင်ကြင်နာတတ်သူ... တစ်ခြားသူရဲ့လှို့ဝှက်ချက်ကို ချစ်သူဖြစ်တဲ့ကျမ မေးရင်တောင် ပြောမပြတတ်သူ... ကွယ်ရာမှာ အတင်းအဖျင်း အပုပ်ချမပြောတတ်သူ မပြောလိုသူ... သူ မဖြေချင်တဲ့ မေးခွန်းမျိုးကိုမေးရင် "ကိုယ်မဖြေချင်ဘူး"လို့ အတည်အလင်းငြင်းပြီး လိမ်ညာမပြောတတ်သူ မပြောလိုသူ...

သူက လူဆိုးတစ်ယောက်ပါ ဒါပေမယ့် ကျမ 'စံ'ထားထားတဲ့ စိတ်ဓာတ်တစ်ချို့ သူ့မှာ ရှိတယ်... ကျမထင်ပါတယ်... ကျမရဲ့ သံယောဇဉ်တွေက အဲ့ဒီလေးစားမှုတွေကို အစပြုခဲ့တာပဲဖြစ်မယ်လို့...

ကျမတို့အတူရှိခဲ့ချိန်လေးက သိပ်ကို နည်းပါးခဲ့ပါတယ်... သူ အစပ်ကြိုက်မှန်းတော့သိတယ်... ဒါပေမယ့် ဘယ်လိုအစားအစာကို အကြိုက်ဆုံးလဲ ကျမမသိဘူး... အနက်ရောင်ကို ကြိုက်တယ်လို့ ပြောဖူးပေမယ့် သူ ဘယ်အရောင်တွေကို ထပ်ကြိုက်သေးလဲ ကျမမသိဘူး... သူ့နောက်ဆုံးရည်းစားနှစ်ယောက်နဲ့ သူ့ပထမဆုံးချစ်သူအကြောင်းသိပေမယ့် သူ ရည်းစားဘယ်နှစ်ယောက်ရှိခဲ့ဖူးလဲ ကျမမသိဘူး... သူ့အလုပ်အကိုင်အကြောင်း ကျမသိပေမယ့် သူ လစာဘယ်လောက်ရလဲ ကျမမသိဘူး မမေးခဲ့ဖူးဘူး... သူ ကျမထက် တစ်တန်းကြီးမှန်းသိပေမယ့် အထက်တန်းကျောင်းကို ဘယ်ကျောင်းကအောင်ခဲ့လဲ ကျမမသိဘူး... သူနဲ့ပတ်သက်ပြီး ကျမ မသိတာတွေ အများကြီးရှိနေသေးတယ်... သူ့အကြောင်း "က" ကနေ "အ" အထိ မသိဘဲနဲ့ ချစ်သူတွေ ဖြစ်သွားကြသလားလို့ မေးရင်...??? အင်း... ဟုတ်တယ်... ကျမ ရင်ခုန်မှုသက်သက်ကိုပဲ ဦးစားပေးခဲ့တာလို့ ဖြေမိလိမ့်မယ်... ဒါပေမယ့် သူ့စိတ်ဓာတ်ကို ကျမသိတယ်... သူ့ခံယူချက်ကို ကျမသိတယ်... သူ့ရည်ရွယ်ချက်တွေကို ကျမသိတယ်... သူ့ကို လေးစားတယ်... ရိုသေမှုပေးတယ်... လူဆိုးတစ်ယောက်လိုနေပေမယ့် တကယ်တော့ သူဟာ လူကောင်းတစ်ယောက် စိတ်ထားရိုးဖြောင့် တည်ကြည်သူတစ်ယောက်ဆိုတာ ကျမစိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်း ယုံကြည်တယ်...

အရပ်ရှည်တဲ့ သူက လမ်းလျှောက်ရင် ကိုင်းကိုင်း ကိုင်းကိုင်းနဲ့ လျှောက်တတ်တယ်... လမ်းသွားတိုင်း ရေဗူးတစ်ဗူးတော့ ဝယ်လေ့ရှိပြီး "ကိုယ်က ရေအရမ်းကြိုက်တယ်"လို့ ပြောတတ်တယ်... စကားပြောရင် ဆုံးမချင်ရင် လက်ညှိုးလေးတစ်ချောင်းထောင်ထောင်ပြီး သူ ပြောတတ်တယ်... အစားစားရင် အရမ်းမြန်တယ်... ကော်ဖီကြိုက်သလို ကျမ ကော်ဖီနဲ့ မတည့်တာကိုမေ့ပြီး ကော်ဖီသောက်မလားလို့ ခဏခဏမေးဖူးလို့ ကျမစိတ်ကောက်ဖူးတယ်... ကျမကို ဘေးမှာထားပြီး game ကို နှစ်နာရီကြာအောင် ကစားလို့ ကျမ သူ့ကို စိတ်အရမ်းဆိုးဖူးတယ်... ကျမ မွေးနေ့အတွက် မွေးနေ့လက်ဆောင်ဖိနပ်လေးကို သူတစ်ယောက်တည်း မိန်းကလေးတွေကြားမှာ သွားဝယ်ပေးခဲ့သလို လက်ဆောင်ပေးဖို့ စဉ်းစားတိုင်း ဖိနပ်ဝယ်ပေးမယ်လို့ပဲ ပြောတတ်တယ်... သူ့စကားနားမထောင်ရင်ဖြစ်ဖြစ် သူ့ကို against လုပ်ရင်ဖြစ်ဖြစ် ဟောက်လိုက်ရ၊ ငေါက်လိုက်ရမှ ကျေနပ်တတ်တယ်... သူ့ခံယူချက်နဲ့ပတ်သက်ရင် စိတ်မာသလောက် ခံစားချက်နဲ့ပတ်သက်ရင် ထိရှလွယ်တယ်...

ဒီလောက်ဆို ကျမ သူ့ကို ဘာလို့ ချစ်လဲဆိုတဲ့ အမေးနဲ့ ဘယ်လောက် ချစ်လဲဆိုတဲ့ အမေးအတွက် မေးခွန်းထုတ်ဖို့ မလိုအပ်တော့ဘူး ထင်ပါရဲ့...

တခါတလေတော့ သူက အရွဲ့တိုက်တတ်တယ်... စိတ်ကောက်တတ်တယ်... ကလေးဆိုးတစ်ယောက်လို ဂျစ်ကန်ကန်လုပ်တတ်တယ်...
တခါတလေ စိတ်ကြီးလွန်းတယ်... မာနကြီးလွန်းတယ်... ခေါင်းမာလွန်းတယ်...
တခါတလေ စကားပြောကြမ်းတတ်တယ်... ခက်ထန်တတ်တယ်... လူမုန်းအောင် အမြင်ကတ်အောင် ပြောတတ်တယ်...
တခါတလေတော့လည်း ကျမကို ချစ်တာမဟုတ်ဘဲ ကျမရဲ့နားလည်မှု၊ ဂရုစိုက်မှုတွေကို ချစ်တာလို့ ထင်မြင်မိတယ်...

ကျမ သူ့ကို နားလည်သလိုလိုရှိပေမယ့် တခါတလေတော့ နားမလည်ပြန်ပါဘူး...

------

ဒီနေ့ ၁၄ရက် နိုဝင်ဘာ ၂၀၁၀ တနင်္ဂနွေနေ့...
ကျမတို့နှစ်ယောက် မျိုးစေ့ချခဲ့တဲ့နေ့လေး တစ်နှစ်ပြည့်ခဲ့ပြီ...

ဒီနေ့လေးမရောက်ခင် တစ်လအလိုလောက်ကတည်းက ပြက္ခဒိန်လေး တကြည့်ကြည့်နဲ့ ကျမရဲ့အားလပ်ချိန်တွေကို ဒီတစ်နေ့ထဲမှာ စုထားခဲ့တယ်... စိတ်ကူးနဲ့ သူ့ကို ဘုရားသွားစေခဲ့တယ်... သူနဲ့ အကြာကြီး စကားတွေ ပြောနေလိုက်တယ်... အမှတ်တရအဖြစ် ဆင်တူပစ္စည်းလေးတစ်ခု ဝယ်ဖို့ အားထုတ်နေခဲ့တယ်... ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့.....

ကျမ မနက်မိုးလင်းကတည်းက သူ့ဆီက ဆက်သွယ်မှုတစ်ခုခုကို မျှော်နေခဲ့တယ်... ပြီးခဲ့တဲ့ နှစ်တုန်းက ဘုရားကို အတူသွားခဲ့ချိန်လောက်မှာ သူ ကြည့်ဖြစ်မှာ မဟုတ်မှန်းသိရက်နဲ့ gtalk ကနေ offline message ပို့လိုက်သေးတယ်... အိပ်ယာပေါ်မှာလှဲရင်း ဘယ်အချိန်များ ဆက်သွယ်လာမလဲလို့ပေါ့... ဆက်သွယ်ဖို့ မလွယ်ကူမှန်းသိနေပေမယ့် မျှော်လင့်နေခဲ့မိတယ်... ညနေစောင်းလာတော့ စိတ်လျှော့လိုက်ပါတယ်... သူ ဆက်သွယ်ဖို့ အဆင်မပြေသလို ကိုယ့်ဘက်ကလည်း ဆက်သွယ်လို့မရဘူးလေ... သက်ပြင်းလေး ခပ်တိုးတိုးချပြီး သူ့ကို gtalk ကနေ offline message နဲ့ "ဖုန်းလေးတောင် မပြောရဘူး"ရယ်လို့ ညည်းညူလိုက်သေးတယ်...

အိမ်နဲ့ဖုန်းပြောအပြီး ဖုန်းအချမှ miss call ၄ call တွေ့လိုက်တယ်... "သူ"များလားလို့ ဇဝေဇဝါနဲ့ ဝမ်းသာသလိုလို ဖြစ်သွားပေမယ့် phone call က သူ့ဖုန်းနံပါတ် မဟုတ်ဘူးလေ... ညနေစာ ကြာဇံပြုတ်ပြုတ်သောက်နေတုန်း အဲ့ဒီ ဖုန်းနံပါတ်နဲ့ပဲ phone call တွေ တရစပ် ဝင်လာတယ်... ကိုင်လိုက် ကျ,သွားလိုက်... ကိုင်လိုက် ကျ,သွားလိုက်ဆိုတော့ စိတ်ကတိုလာရော... တစ်ချက်မှာ စကားသံကြားလိုက်ရတယ်... မြန်မာစကားပြောတာမဟုတ်မှန်းသိလိုက်တော့ ဖုန်းမှားနေတယ်လို့ ပြောလိုက်သေးတယ်... နောက်တော့ call တော်တော်များများကို ကျမ မကိုင်တော့ဘူး... စိတ်ကူးပေါက်လို့ ကိုင်လိုက်ပြန်ရင်လည်း ဘာသံမှမကြားရဘဲ လိုင်းက ကျ,ကျသွားပြန်တယ်... နောက်တော့ ဖုန်းခေါ်သံတွေ ရပ်သွားတယ်...

စာကျက်ဖို့ စာကြည့်စားပွဲထိုင်နေတုန်း သူ့သူငယ်ချင်းဆီက message ဝင်လာတယ်... phone ကို message ပို့တာ ရလားဆိုပြီး... မရဘူးပေါ့... ဘာလို့လဲလို့ မေးတော့ အရင်နေ့တွေက သူ့ဖုန်းကို ကျမ ခေါ်ထားတာတွေ miss call ရကြောင်း၊ message တွေ သူ ရကြောင်း ပြောပြတယ်... ဒီနေ့ ထပ်ပြီး ကြိုးစားခေါ်ကြည့်ပါဆိုတော့ ကျမ ဝမ်းသာအားရနဲ့ တိုက်ရိုက် call နဲ့ ခေါ်လိုက်တယ်... တော်တော်ကြာကြာ ခေါ်နေပြီးမှ လိုင်းဝင်သွားတယ်... အစမှာတော့ မကြားတစ်ချက်ကြားတစ်ချက်နဲ့ ဝမ်းသာတာလေးတွေတောင် ပျောက်လုလုဖြစ်ကုန်တော့တယ်... နောက်တော့ သူနဲ့ သေသေချာချာ စကားပြောလိုက်ရတယ်... ကျမက "ဒီနေ့ ဖုန်းမပြောရဘူးလို့တောင် ထင်နေတာ"လို့ သူ့ကို ပြောပြတော့ "ညနေက ဖုန်းအကြာကြီး ခေါ်တာ k2 မကိုင်တာ"တဲ့... ကျမ ဝမ်းသာသွားသလို စိတ်ရှည်မပေးခဲ့တာအတွက် ဝမ်းနည်းမိသွားတယ်... "သိဘူးလေ နံပါတ်က မဟုတ်တော့ ဖုန်းမှားနေတယ်ထင်နေတာ" "ဟုတ်တယ်... ဒီမှာက ဖုန်းခေါ်ရခက်လို့ တစ်ဆင့်ခေါ်ခိုင်းရတာ... ကိုယ့်သူငယ်ချင်းကိုတောင် ပြောနေတာ... ဒီနေ့ တစ်နှစ်ပြည့်ပြီလို့... ငါ ဖုန်းခေါ်လိုက်ရင် ငါ့ရည်းစား အရမ်းပျော်သွားမှာလို့ ပြောနေတာ"တဲ့... ကျမ သူ့ဖုန်းကို လက်မခံလိုက်ရပေမယ့် ကျမ ပျော်သွားခဲ့တယ်... ဘာပဲဖြစ်ဖြစ် သူလည်း ကျမလိုပဲ ဒီနေ့လေးကို တန်ဖိုးထားတယ်လေ...

ဒီနေ့လေးကတော့ ဒီလိုဖုန်းပြောရုံလေးနဲ့ ပြီးသွားခဲ့တယ်... နောက်နှစ်နောက်နှစ်တွေမှာကော...??? ကျမ သူနဲ့အတူ "ကျမတို့နေ့လေး"ကို ပျော်ရွှင်စွာ နှစ်ပေါင်းများစွာတိုင်အောင် ဖြတ်သန်းခွင့်ရချင်ပါတယ်...


Created By: k2tmaung (15 November 2010 Sunday 4:56AM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..