Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...













လွန်ခဲ့တဲ့ နှစ်လ ဒီလိုအချိန်တုန်းက ကျမ အရမ်းပျော်ရွှင်ကြည်နူးခဲ့ရတယ်...

အဲ့ဒီနေ့မနက်က မိုးဖွားတွေကျနေခဲ့တယ်... July လ တတိယပတ် ရောက်တဲ့အထိ ရန်ကုန်မှာ မိုးက သေသေချာချာ မရွာသေးတော့ မိုးရာသီ မကြိုက်တဲ့ ကျမ ရန်ကုန် ပြန်လာလို့ မိုးမရွာတာဆိုပြီး နောက်ပြောင်ဖြစ်သေးတယ်... ဒါပေမယ့် အဲ့ဒီနေ့မနက် အိမ်ကထွက်လာတော့ မိုးဖွားလေးတွေ ကျနေတယ်... 




ကျမ သူ့အိမ်ရောက်လို့ တံခါးခေါက်တော့ သူ့ညီမလေး တံခါး လာဖွင့်ပေးတယ်... ကျမကို တွေ့တာနဲ့ သူ့ညီမလေးက "အစ်မရောက်လာလို့ ခုပဲ အိပ်ယာထတာ"လို့ တိုင်တန်းသလို ပြောတယ်... မျက်နှာသုတ်ပဝါကြီး တကားကားနဲ့ အိမ်ရှေ့ထွက်လာတော့ ဧည့်ခန်းဆက်တီမှာ ထိုင်နေတဲ့ ကျမ သူ့ကို မျက်စောင်းလှမ်းထိုးပစ်လိုက်တယ်... "ဟာ... တွေ့တာနဲ့ မျက်စောင်းထိုးတော့တာပဲ..."ဆိုပြီး ကျမပါးကို လာလိမ်ဆွဲတယ်... မျက်စောင်းထပ်ထိုးပြီး ပွစိပွစိ လုပ်ပစ်လိုက်တယ်... ဟုတ်တယ်လေ... သူ့မွေးနေ့ ဘုရားသွားဖို့ ချိန်းထားလို့ ကျမ အိမ်ကထွက်ကတည်းက ဖုန်းဆက် အိပ်ယာနှိုးထားတာ... အိမ်ကနေ ဆေးရုံတက်နေတဲ့ အဖွားဆီ ဝင်ပြီးမှ သူ့ဆီ လာတာတောင် သူက ခုမှ အိပ်ယာထတယ်... ဆေးရုံမှာတုန်းက နောက်ကျနေပြီဆိုပြီး စိတ်လောနေခဲ့သမျှ သူက... ကြည့်... ခုမှ အိပ်ယာထတယ်... ကျမ ပွစိပွစိ လုပ်တာ လွန်လား... အမြဲတမ်းလိုလို ကျမ လာမှ သူက အိပ်ယာထတယ်... 

အိမ်မှာ အဲ့ဒီနေ့က အန်တီတစ်ယောက် ဧည့်သည်ရောက်နေတော့ ကိုယ်က မျက်နှာစူပုပ်ပြီး စိတ်ကောက်နေတော့ မကောင်းဘူးလေဆိုပြီး စိတ်လျှော့လိုက်ရပေမယ့် သူ့ကိုတော့ မျက်စောင်းထိုးပစ်လိုက်တာ ဘယ်နှစ်ကြိမ်မှန်းမသိ... သူကတော့ ရယ်ကျဲကျဲနဲ့ အိမ်ရှေ့နဲ့အိမ်နောက်ဖေး ခေါက်တုံ့ခေါက်ပြန်လျှောက်လို့... ဘယ်အင်္ကျီဝတ်ရင် ကောင်းမလဲဆိုတာလည်း ရွေးတုန်း... အင်္ကျီ မီးပူမတိုက်ရသေးဘူး ဘာဘူး...လုပ်နေတော့ ရေကလည်း မချိုးရသေး မီးပူတိုက်မှာနဲ့ သူပြင်တာဆင်တာနဲ့ ကြာမှာစိုးလို့ တိုက်ပေးရမလားဆိုတော့ "တိုက်ပေးမလား"တဲ့... ပြောပြီး "ကိုယ့်ဘာသာပဲ တိုက်တော့မယ်"ဆိုပြီး အထဲဝင်သွားပြန်ရော... ကျမလည်း သူ့ laptop ဖွင့်ပြီး internet သုံးနေလိုက်တယ်... ခဏနေတော့ "လာဦး..."ဆိုပြီး သူက လာခေါ်တယ်... ဘုမသိ ဘမသိ သူ့နောက်ကနေ အိမ်ခန်းထဲထိ လိုက်ဝင်သွားလိုက်တယ်... ပြီးတော့မှ "မီးပူတိုက်ပေးနော်... လိမ်မာတယ်..."တဲ့... ရယ်ကျဲကျဲနဲ့ ပြောနေတဲ့ သူ့ကို မျက်စောင်းထိုးပြီး ရေမြန်မြန် သွားချိုးခိုင်းရတယ်... အမှန်တော့ ကျမ မီးပူသိပ်မတိုက်တတ်ပါဘူး... ကိုယ်တိုင်လည်း မီးပူမတိုက်ရတဲ့ အဝတ်အစားမျိုး ဝယ်ဝတ်တာများတော့ မီးပူတိုက်လေ့မရှိဘူးလေ... မီးပူတိုက်ပေးရင်းနဲ့ အတွေးတစ်ချို့ဝင်လာတယ်... "အိမ်ထောင်ကျသွားရင်..." ဆိုတဲ့အတွေးနဲ့ နည်းနည်းတော့ မောသွားတာ အမှန်ပါပဲ... မိဘအိမ်မှာတုန်းကလည်း ဘာမှမလုပ်ရဘူး... စလုံးရောက်သွားပြန်တော့လည်း အပြင်မှာ ဝယ်စားကြတယ်... ပြီးတော့ ကိုယ်နေတဲ့ အခန်းလေးပဲ ရှင်းရတာ... မြန်မာပြည်မှာလို ဖုန်သိပ်မရှိတာရယ် အခန်းကလည်း အိပ်ခန်းတစ်ခန်းတည်းရယ်ဆိုတော့ သိပ်ရှင်းစရာမလို... ကိုယ်ဝတ်တဲ့ အင်္ကျီလောက်သာ မပျက်စီးရအောင် လက်နဲ့လျှော်တာကလွဲရင် အိမ်မှုကိစ္စဆိုတာ ဘာမှ လုပ်စရာမရှိဘူးလေ... ကိုယ့်အိမ်နဲ့ကိုယ်ဖြစ်လာတဲ့အခါ အိမ်မှုကိစ္စအားလုံး ကိုယ်တစ်ယောက်တည်း လုပ်ရတော့မှာ... ဆိုတဲ့ အတွေးက ကျမကို စိတ်ဖိစီးမှုတွေ ဖြစ်စေတာတော့ အမှန်ပဲ... တစ်ခြားမိန်းကလေးတွေကော ကျမတွေးသလို တွေးမိကြမလား...? အလုပ်လည်း လုပ်ရဦးမယ်... အိမ်မှုကိစ္စတွေလည်း လုပ်ရဦးမယ်လို့ တွေးမိတော့ သက်ပြင်းဖြည်းဖြည်းချမိတယ်... ကျမ မကျွမ်းကျင်တဲ့အရာ ကျမ ဝါသနာမပါ,ဆုံးသော ထမင်းဟင်းချက်တာကအစ တစ်အိမ်လုံးရဲ့ ဝေယျာဝိစ္စ.... အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်က တကယ်တော့ အများသား... သူ့ညီမလေး အနားရောက်လာတော့မှ ကျမအတွေးတွေ လွင့်သွားတယ်... "ဟယ်... အစ်မကို သူက ခိုင်းထားတာလား... အားနာစရာကြီး... သမီးတိုက်လိုက်မယ်"တဲ့... "ရပါတယ်..."ဆိုပြီး ဆက်တိုက်နေပေမယ့် မီးပူတိုက်ရတဲ့အလုပ်က တယ်မသက်သာ... ချွေးတွေကိုရွှဲရောပဲ... သူ ရေချိုးပြီးတဲ့အထိ ကျမက မီးပူတိုက်တုန်း... သူက လာကြည့်ပြီး ပြုံးစိစိ လုပ်သွားသေးတယ်... မီးပူတိုက်ပြီးသွားတော့ အင်္ကျီကို ထောင်ကြည့်လိုက်တယ်... အင်း... ငါမဆိုးဘူးလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲက ချီးကျူးရင်း အိမ်မှာ သူ့အင်္ကျီသူ စိတ်ရှည်လက်ရှည်နဲ့ မီးပူတိုက်တတ်တဲ့ မောင်လေးကို သတိရမိတယ်... မောင်လေး ရှပ်အင်္ကျီလေးတွေဆို သူ့ဘာသာ မီးပူတိုက်ထားတာ ကော့နေတာပဲ... အမေကတောင် အမြဲချီးကျူးတတ်တော့ ငါ့မောင်လေး တော်တော်စိတ်ရှည်တာပဲလို့တောင် တွေးမိသွားပြန်တယ်... နောက်တစ်ခေါက် သူ အနားရောက်လာတော့ မီးပူတိုက်ပြီးသား အင်္ကျီကို လှမ်းပေးလိုက်တယ်... သူက စွတ်ကနဲ ကောက်ဝတ်လိုက်တယ်.. "ခုမှ မီးပူတိုက်ပြီးတာ မပူဘူးလား"လို့ စိုးရိမ်စိတ်နဲ့ မေးမိတော့ သူက "ရပါတယ်..."ဆိုပြီး ဝတ်ပြီးနေပြီ... ကျမပေးတဲ့ မွေးနေ့လက်ဆောင် လက်ပတ်နာရီလေးကို ထုတ်ကြည့်ရင်း "ဘာလို့ ဝယ်လာတာလဲ... မဝယ်လာနဲ့လို့ သေချာမှာလိုက်တယ် မဟုတ်ဘူးလား..."ဆိုပြီး ကျမကို ဆူတော့ "ဟဲဟဲ.." ဆိုပြီး ဆင်ခြေဆင်လက်တွေ ပေးရတာပေါ့... ပေးရင်း ချော့ရသေးတယ်... သူက အကြီးပီပီ လုပ်သင့်တယ်၊မလုပ်သင့်ဘူးဆိုတာတွေ အမြဲ ပြောတတ်သလို... နားမထောင်ဘဲ ကျမ လုပ်ချင်တာလုပ်တဲ့အခါ စိတ်တိုတတ်တယ်... အဲ့ဒါနဲ့ အဲ့လိုနဲ့ သူ ပြင်ဆင်ပြီးတော့ အိမ်ကထွက်ခါနီး အိပ်ယာထဲက သူ့မေမေကို သူ ရှိခိုးတယ်... သူ မေမေက မျက်ရည်စ,တွေနဲ့ ဆုတွေ အရှည်ကြီးပေးလို့... ကျမ ပျော်နေမိတယ်... 

ကျမတို့နှစ်ယောက် လသာလမ်းထိ လမ်းလျှောက်ကြပြီး ဘုရားကို လိုင်းကားစီးသွားကြတယ်... ကျမတို့ ချစ်သူ စ,ဖြစ်တဲ့ နေ့လေးလည်း အဲ့လိုပဲ ကျမတို့ ဘုရားကို လိုင်းကားစီးသွားကြတာကို ပြန်သတိရမိတယ်... ဘုရားရောက်တော့ သူက အောင်သပြေဝယ်တယ်... သူ့မွေးနံထောင့်ရယ်... ကျမမွေးနံထောင့်ရယ်... သူ့ဖေဖေနဲ့မေမေအတွက်ရယ်... ဘုရားပေါ်မှာ လမ်းလျှောက်ရင်း ကျမတို့ ပထမဆုံး ဘုရားလာတုန်းက ခဏထိုင်ဖြစ်ကြတဲ့နေရာလေးမှာ သွားထိုင်ဖြစ်ရင်း အတွေးကိုယ်စီနဲ့ အတိတ်ကို ပြန်သတိရဖြစ်ကြတယ်... ဘုရားပေါ်ကဆင်းတော့ သူ သွားတဲ့နောက် လမ်းဆက်လျှောက်ကြပြန်တယ်... 

ဘယ်ကိုလျှောက်ပြီး ဘယ်လိုသွားလဲ ကျမကတော့ သိလည်းမသိ မှတ်လည်းမမှတ်မိ... သူသွားတဲ့အတိုင်း သူ့နောက်က လိုက်ဖြစ်တယ်... တစ်နေရာရောက်တော့ "k2 ခဏနေဦး"တဲ့... သူက လှမ်းပြောရင်း လက်ထဲက ကင်မရာနဲ့ တစ်နေရာရာကို လှမ်းချိန်လိုက်တယ်... ကျမထင်လိုက်တာက ကျမတို့ လမ်းလျှောက်နေတဲ့ ဘယ်ဘက်ခြမ်းက ပန်းခြံလားဘာလားမသိ အဲ့ဒီထဲက ရေကန်ကြီးဘက်က တစ်ခုခုကို လှမ်းပြီး ဓာတ်ပုံရိုက်တာလို့ထင်တော့ ကျမက သူ့ကို မစောင့်ဘဲ သုံးလေးလှမ်းလောက် လျှောက်ပစ်လိုက်တယ်... နောက်မှ "k2 ကို ပြောတယ်... ခဏနေဦးလို့... xxxx..." သူ ဘာတွေပြောနေလဲ ကျမ နားမလည်... ကင်မရာကြီး ကြည့်ပြီး ပွစိပွစိ လုပ်နေတဲ့ စိတ်တိုနေတဲ့ သူ့ကို "ဘာလို့လဲ"လို့ ပြန်မေးမိတယ်... အမှန်က ကျမတို့ ရှေ့တည့်တည့်က လျှောက်လာတဲ့ ပလပ်စတစ်ကောက်တဲ့ ၁၀နှစ်လောက်တောင် ရှိဟန်မတူသေးတဲ့ ကလေးကို သူက ဓာတ်ပုံရိုက်တာ... ကျမက မသိဘဲ လမ်းဆက်လျှောက်တော့ သူ့ရိုက်ကွင်းထဲ ကျမ ဝင်သွားတာပေါ့... သူက ပွစိပွစိလုပ်နေတော့ ကျမလည်း စိတ်ပြန်ကောက်ပစ်လိုက်တယ်... ဟုတ်တယ်လေ သိမှမသိတဲ့ဟာကို ရှင်းရှင်လင်းလင်းမှ မပြောဘဲ... အဲ့တော့ သူက ချော့နေကြအတိုင်း "k2 ကို ကိုယ်က ဆူတာ မဟုတ်ဘူးနော်၊ ဟောက်တာလည်း မဟုတ်ဘူး။ အဲ့လိုကြီး မျက်နှာကြီး စူပုပ်ထားရင် မလှဘူး..." ဘာညာနဲ့ ပြန်ချော့ရကော... ဟဲဟဲ... တစ်ခါတစ်လေတော့ ကျမ သူ့အပေါ် အဲ့လို ခဏခဏ ဆိုးဖူးတယ်... အမှန်တော့လည်း သူ့စကားနားမထောင်ဘဲ လမ်းဆက်လျှောက်သွားတာကိုက ကျမ စ,မှားတာ မဟုတ်လား... ဒါပေမယ့် သူ ဆူရင် ကျမလည်း စိတ်မကောင်းဖြစ်ရတာပေါ့... အဲ့ဒီအခါကျ ကျမ စိတ်မကောင်းဖြစ်တာကို ဆူလို့ စိတ်ကောက်တာနဲ့ ရောပစ်လိုက်တယ်... သူက ကျမထက် လပိုင်းလောက်ပဲ ကြီးတာပေမယ့် ကျမက သူ့ထက်စာရင် အများကြီး ကလေးဆန်ပြီး သူက ကျမထက် လူကြီးဆန်တယ်... ကျမ ခဏခဏ စိတ်ကောက်လို့လည်း သူစိတ်တိုတာတွေ ရှိဖူးတယ်... အဲ့ဒီအခါကျ ကျမက သူ့ကို ပြန်ချော့ရပြန်တယ်... များသောအားဖြင့် ကျမက စိတ်ကောက်လွယ်သလို စိတ်ဆိုးလည်း ပြေလွယ်သူပါ... တစ်ခွန်းနှစ်ခွန်းချော့ရုံနဲ့ စိတ်ပြေလွယ်သူပါ... ခုလည်း သူ သိပ်မချော့လိုက်ရပါဘူး... သူ့ကို မျက်စောင်းထိုးရင်း ကျမ စိတ်ကောက်ပြေသွားတာပဲလေ... အဲ့နောက် ကျမတို့ စကားတပြောပြောနဲ့ လမ်းဆက်လျှောက်လာကြပြန်တယ်... 

လမ်းကျဉ်းလေးတစ်ခုကို ဖြတ်တော့ ဒီလမ်းဆုံးရင် မြို့ထဲသွားတဲ့ ကားမှတ်တိုင်ကို ရောက်တယ်လို့ သူ ပြောတာမှတ်မိပေမယ့် ကျမတို့ ဘယ်နားရောက်နေလဲ ကျမ တကယ်မသိဘူး... မိုးဖွားလေးတွေ ကျ,လာတော့ ထီးတစ်ချောင်း နှစ်ယောက်တူတူ ဆောင်းရင်း လမ်းက ချိုင့်တွေခွက်တွေကို ကွေ့ရှောင်ပြီး သွားရတယ်... သူကတော့ ဘာတွေ ပျော်နေလဲမသိ သီချင်းတွေ ဆိုလို့... အစကတော့ ဘာမှမပြောဘဲ သူဆိုတဲ့ သီချင်းတွေ နားထောင်နေတာပေါ့... တစ်ချို့ သူဆိုတဲ့ သီချင်းတွေက ကျမ မသိတဲ့ လွှမ်းမိုးသီချင်းတို့ ဘာတို့... ကျမက သူ့ကို အဘိုးကြီးလို့ ပြောတော့... သူက ကျမကို အဖွားကြီးလို့ ပြန်ပြောတယ်... ပြီးတော့ မောင်တို့ မမတို့ ကျမနာမည်မဟုတ်တဲ့ နာမည်တွေ ပါ,တဲ့သီချင်းတွေလည်း ဆိုသေးတယ်... "k2 နဲ့ တူတူ လမ်းလျှောက်နေတာတောင် ဘယ်ရည်းစားဟောင်းကို သတိရနေလဲ မသိဘူး..."လို့ ကျမကပြောတော့ သူက အရယ်မပျက်၊ အဆိုမပျက်... နောက်တော့ သူဆိုသမျှ ဘေးကနေ သီချင်းတွေ လိုက်ဖျက်ပစ်တယ်... ကျမက သီချင်းတွေဖျက်လေ သူက အလွမ်းသီချင်းတွေ ပိုဆိုလေ... အမြင်ကတ်တာနဲ့ ကျမပုခုံးပေါ် တင်ထားတဲ့ သူ့လက်ကို ဆွဲဖြုတ်ချပြီး စိတ်ကောက်ပစ်လိုက်တော့မှ ဆက်မဆိုဘဲ တဟားဟားရယ်ပြီး ကျမကို ပြန်ချော့တယ်... တစ်ခါတစ်လေ သူက အရမ်း အစ,သန်တယ်... ကျမ စိတ်မဆိုးမချင်း၊ ကျမ စိတ်မကောက်မချင်းလည်း စ,တတ်တယ်... အဲ့ဒီမှာ မိုးက ဗြုန်းဆိုပြီး ရွာချတော့ သိပ်စိတ်မကောက်လိုက်ရဘူး... ထီးတစ်ချောင်းကို နှစ်ယောက်ဆောင်းတော့ သိပ်လည်း မလုံဘူးလေ... တော်သေးတာက မှတ်တိုင်မြန်မြန်ရောက်သွားလို့... မိုးကလည်း တော်တော်ရွာတော့ တော်တော်လေးလည်း ချမ်းတယ်... သူ့ကိုကွယ်ပြီး ရပ်နေတာတောင် လူက တုန်ချင်ချင်... ဒါနဲ့ ဘယ်မှမသွားဘဲ အိမ်ပြန်ကြဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်... 

ကျမက ရန်ကုန်မှာ မွေးတာပေမယ့် လမ်းတွေကိုမသိဘူး ဘတ်စ်ကားတွေ သိပ်မစီးဖူးဘူး... သူက တက်ဆို တက်ပြီး ဆင်းဆို ဆင်းလိုက်တာပဲ... ဘယ်ရောက်လို့ ရောက်မှန်းလည်း မသိဘူး... ဘယ်မှတ်တိုင်မှာ ဆင်းရမှန်းလဲမသိတော့ သူ ဟိုကြည့်ဒီကြည့်လုပ်နေရင် ဆင်းရတော့မှာလို့ ခဏခဏ မေးဖြစ်တယ်... ကျမအိမ် ပြန်ဖို့ ကားပြောင်းစီးမလို့ လုပ်တဲ့အချိန်မှာ မိုးတွေက ပြန်သည်းလာပြန်ရော... အဲ့ဒါနဲ့ Taxi နဲ့ပဲ ပြန်လာဖြစ်ကြတယ်... အဝတ်အစားလဲချင်လို့သက်သက်သာ ကျမအိမ် ပြန်လာတာပေမယ့် ဒီအချိန် အိမ်မှာ လူရှိ၊မရှိ မသေချာဘူးလေ... သူ့ကို အောက်ထပ်မှာစောင့်ခိုင်းပြီး ကျမအဝတ်တက်လဲဖို့ကျတော့လည်း အားနာတယ်... သူ့အပေါ် စိတ်ဆိုးစိတ်ကောက်ပြီး အနိုင်ယူဖို့လောက်သာ သိတဲ့ ကျမအပေါ် သူက အမြဲတွေးပေးတတ်တယ်... ကျမအပေါ် အမြဲဖြူစင်ခဲ့တဲ့ သူက မိဘတွေ မရှိတဲ့အချိန် ကျမတို့ အိမ်ပြန်ရင် မသင့်တော်မှန်း ကျမအတွက် သူ တွေးပေးတတ်တယ်... ကျမကို အပေါ်တက်... အဝတ်လဲ... ခေါင်းသေချာမှုတ်ပြီး မိုးစဲမှ ပြန်ဆင်းလာဖို့ သေသေချာချာ အထပ်ထပ်မှာပြီး သူက ကျမတို့ အိမ်နား ခပ်လှမ်းလှမ်းက လက်ဖက်ရည်ဆိုင်မှာ နေခဲ့တယ်... 

အိမ်ရောက်တော့ ကျမအဖေ အိမ်မှာရှိနေတယ်... မိုးကလည်း တအားရွာနေတာနဲ့ ရေချိုးခေါင်းလျှော်ပြီး မနက်က ဝတ်သွားတဲ့ အဝတ်တွေပါ လျှော်ပစ်လိုက်တယ်... (အဲ့ဒါကြောင့် နောက်နေ့လည်းကျ ဖျားပါလေရော) အားလုံးပြီးတာတောင် မိုးကရွာတုန်း... ခုနတုန်းကလောက် မရွာတော့တာနဲ့ ပြန်ထွက်မယ်လုပ်တော့ "မိုးအရမ်းရွာနေတယ်... မသွားပါနဲ့တော့လား..."လို့ ကျမအဖေက တားတယ်... "ဒီနေ့ သူ့မွေးနေ့..."လို့ ပြောပြပြီး ကျမ အောက်ထပ်ပြန်ဆင်းလာခဲ့တယ်... သူက လက်ဖက်ရည်ဆိုင်မှာ စာစောင်တစ်စောင်ကို စိတ်ဝင်တစားဖတ်လို့... သူ့ရှေ့မှာ ဘာခွက်မှမတွေ့လို့ ဘာမှမစားဘူးလားလို့ မေးတော့ ပြန်သိမ်းသွားတာတဲ့... ကျမ အိမ်မှာ တော်တော်ကြာသွားပြီး သူတော်တော်စောင့်လိုက်ရတာပဲဆိုပြီး အားနာမိသွားတယ်... အဲ့ဒါနဲ့ မိုးစဲတဲ့ထိ ကျမတို့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြတယ်... ပြီးမှ သူ့အိမ်ကို လိုင်းကားစီးပြန်ကြတယ်... 

ကားမှတ်တိုင်ကိုအသွား ကျမတို့လမ်းထိပ်မှာ ကြက်သားသုပ် တွေ့တော့ သူက စားချင်တယ်ဆိုတာနဲ့ သူနဲ့ကျမအတွက် နှစ်ပွဲဝယ်ကြတယ်... ဘေးဆိုင်က မုန့်အိုးလေးကို တွေ့တော့... "ဟာ... မုန့်အိုးလေးတွေ... စားမလား..."တဲ့ သူက မေးတယ်... ကျမ ခေါင်းညိမ့်ပြတော့ သူက သူ့ဘာသာ ဈေးမေးဈေးဆစ်ပြီး ဝယ်ပေးတယ်... အဲ့ဒီတော့ အတွေးတစ်ခု ခေါင်းထဲ ရောက်လာပြန်တယ်... ကျမက ဈေးမဝယ်တတ်ဘူး... ဈေးလည်းမဆစ်တတ်ဘူး... ဘယ်လောက်လဲမေးပြီး ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်တဲ့ လူစားမျိုး... သူနဲ့ သွားတိုင်း သူကဝယ်ရင် ကျမက အမြဲဘေးနားရပ်ကြည့်နေကြ... သူနဲ့ကျမ ပြောင်းပြန်ဖြစ်နေသလိုပဲ... မိန်းမကြီးလို ဈေးဆစ်ဈေးဝယ်နေတယ်လို့ တွေးမိပြီး ကျမ အမြဲ ပြုံးမိတယ်... သူကတော့ ကျမအတွေးကို မသိဘူးပေါ့... "ဒီတစ်ခါ အများကြီး ဝယ်လိုက်တယ်... အဝ,သာ စားတော့... ယောက္ခမကို နောက်ပြန်မတိုင်နဲ့နော်..."လို့ သူက ပြောတော့ ကျမ တဟီးဟီးနဲ့ သဘောကျပြီး ရယ်မိတယ်... တစ်နေ့က လမ်းမှာ မုန့်အိုးလေး စားချင်တယ်ဆိုလို့ သူက ဝယ်ပေးတယ်... ရုပ်ရှင်သွားကြည့်ကြမယ်ဆိုတော့ ဟိုရောက်မှ စားမယ်ပေါ့ဆိုပြီး အထုပ်လေးကိုင်ပြီး လျှောက်လာတာပေါ့... ရွှေဘုံသာလမ်းက ပစ္စည်းအဟောင်းတွေရောင်းတဲ့ နေရာတွေ နှစ်ယောက်သားတိုးကြည့်ရင်း သူ့သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ပြီး သူ့သူငယ်ချင်းက J-Donut ဆိုင်မှာ အအေးတိုက်တာနဲ့ သွားထိုင်ကြတယ်... မထူးပါဘူးဆိုပြီး မုန့်အိုးလေးပါ ထိုင်စားကြတာပေါ့... သူ့သူငယ်ချင်းက မစားတော့ သူနဲ့ကျမ နှစ်ယောက်တည်း စားတာ... သူက အစားအသောက်စားရင် အရမ်းမြန်သလောက် ကျမက တို့ကနန်ဆိတ်ကနန်းနဲ့ ဖြည်းဖြည်းနဲ့နှေးနှေးစားတတ်သူ... သူက စကားတပြောပြောနဲ့ စားလိုက်တာ အိတ်ထဲမှာ မုန့်က တစ်ခုပဲ ကျန်တယ်... သူ့သူငယ်ချင်းရှေ့ဆိုတော့ ပြောရတာ အားနာတယ်လေ... ကျမက မုန့်တစ်ခုကို သုံးလေးကိုက်လောက် ပြီးမှ မုန့်တစ်ခုကုန်တာ... သူက တစ်ခုကို တစ်လုတ်... ကျမက လက်ထဲက ကိုက်လက်စကို ပါးစပ်ထဲ ထည့်ဝါးရင်း အိတ်ထဲက တစ်ခုက ငါ့အတွက်ပေါ့လေ..လို့ တွေးတုန်းရှိသေး သူက စွတ်ဆိုယူပြီး တစ်ခုလုံး သူ့ပါးစပ်ထဲ ထည့်ပစ်လိုက်တယ်... အိတ်ထဲကနေ သူစားပစ်လိုက်တဲ့အထိ အနှေးပြကွက်ပြသလို ကျမ စိတ်ထဲ သူ့လက် ရှားမှုတွေကို ကြည့်နေရသလိုပဲ... ဆိုင်ထဲကထွက် သူ့သူငယ်ချင်းလည်း လက်ပြနှုတ်ဆက်သွားတော့မှ "မုန့်အိုးလေးက k2 အတွက်ဝယ်တာလား... ဘယ်သူ့အတွက် ဝယ်တာလဲ"လို့ သူနဲ့လက်တွဲလျှောက်ရင်း သူ့လက်ကို ကိုင်လှုပ်ပြီး မေးလိုက်တော့... "ဟင်... ဘာလို့လဲ..."တဲ့... "k2 ၃ခုပဲ စားလိုက်ရတယ်..."လို့ မျက်စောင်းထိုးတော့ "ဟင်... ဟုတ်လား" ဆိုပြီး သူက ရယ်တယ်... အိမ်ရောက်တော့ ကျမအမေကို ပြန်တိုင်ပြောလိုက်တယ်လို့ သူ့ကို ပြောပြလိုက်တယ်... အဲ့ဒါကြောင့် ခု မုန့်အိုးလေး ဝယ်တော့ အဲ့ဒါကို ရည်ရွယ်ပြီး ကျမအမေကို နောက်တစ်ခါ မတိုင်တော့ဖို့ သူက ပြောလိုက်တာ... 

မုန့်တွေဝယ်ပြီး သူ့အိမ်ကို ပြန်ကြတယ်... အိမ်ရောက်တော့ စားဖို့ ပြင်ဆင်ကြတယ်... မုန့်အိုးလေးကိုတော့ သူ့မေမေနဲ့ နပ်စ်မလေးအတွက် တစ်ဝက်ခွဲပြီး ပန်းကန်လေးနဲ့ ထည့်ပေးလိုက်တယ်... ပြီးမှ အိမ်ရှေ့ သူ့ laptop နားမှာပဲ စားပွဲလေးခင်းပြီး နှစ်ယောက်သား ကြက်သားသုပ်စားကြတယ်... ကျမက ဒီအတိုင်းစားပြီး သူက ထမင်းနဲ့စားတာ... သူက စာစောင်တစ်ခုဖတ်ရင်း စားနေတာ... ကျမက ကြက်သားသုပ်တွေ စားမကုန်တော့ သူ့ပန်းကန်ထဲ အသားလေး ခိုးခိုးထည့်တာ သူကတော့ ဘယ်သိမလဲ... စားပြီးတော့ သူက ပြောသေးတယ်... အများကြီးပဲနော်တဲ့... တော်တော်ဝ,သွားတယ်တဲ့... သူက စားပြီး internet သွားသုံးနေတယ်... ကျမကတော့ ခိုးပြီး ရယ်တာ သူ ဘယ်သိမလဲ... ကြက်သားသုပ်တွေ စားလိုက်တော့ မုန့်အိုးလေးတွေ သိပ်မစားနိုင်တော့ဘူး... အဲ့ဒါနဲ့ သူ့ကို သွားခွံ့ကျွေးတော့ သူက မစားဘူးတဲ့... ယောက္ခမနဲ့တိုင်လို့ ဆိုပြီး သူက စိတ်ပြန်ကောက်တယ်... တစ်ခါတစ်ခါလည်း သူက ကလေးဆိုးကြီးနဲ့တူတယ်... သူ့ကို ပြန်ချော့ပြီး မုန့်ကျွေးရတယ်... အမှန်တော့ ကျမတစ်ယောက်တည်း စားလို့မှ မကုန်တာ... သူက internet လေး သုံးလိုက်... ကျမကျွေးတာ စားလိုက်နဲ့ တစ်ဝက်ကျော်လောက် သူ စားနေတာ သူမသိလိုက်ဘူးလေ... စားပြီးသောက်ပြီး အိမ်နောက်ဖေးမှာ ပန်းကန်တွေ သွားဆေးတော့ ကျမက ဆေးတာ တာဝန်ယူလိုက်ပါတယ်... ဒါက အိမ်မှာ လုပ်နေကျဆိုတော့ ကျွမ်းတယ်လေ... 

မိုးကလည်း တိတ်မလားနဲ့ စောင့်လိုက်တာ ညနေသာ စောင်းသွားတယ် မတိတ်ဘူးလေ... မိုးတိတ်ရင် ဓာတ်ပုံလေးဘာလေးသွားရိုက်မယ်လို့ ကြံထားတာ... ညသာရောက်သွားတယ် မိုးက မတိတ်တော့ နှစ်ယောက်သား internet သုံးပြီး ပျင်းနေရတာပေါ့... 

မှောင်တော့မှ နှစ်ယောက်သား တရုတ်တန်းဘက်မှာ တစ်ခုခုစားဖို့ ထွက်လာဖြစ်ကြတယ်... မိုးကတော့ ရွာတုန်း... ဘာစားချင်လဲမေးတော့... ကျမလည်း စိတ်ကူးထဲရှိတဲ့ ထောပတ်သီးဖျော်ရည်သောက်ချင်တယ်လို့ ပြောလိုက်တယ်... မိုးရွာလို့လားမသိ... အအေးဆိုင်တွေက ပိတ်... ဖွင့်တဲ့ ဆိုင်ကျ ထောပတ်သီးက မ,ရ... မရဘူးဆိုလို့လားမသိ ကျမလည်း ထောပတ်သီးဖျော်ရည် ပိုသောက်ချင်လာတယ်... တစ်လမ်းလုံး သူ့ကို "ထောပတ်သီးဖျော်ရည်သောက်ချင်တယ်" ဆိုပြီး ဂျီကျလာတော့ သူလည်း တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ထောပတ်သီးဖျော်ရည် ရှာပုံတော်ဖွင့်ပေးရရှာတယ်... တစ်ခါတစ်လေတော့လည်း သူက ကျမအပေါ် အရမ်းကို စိတ်ရှည်သီးခံတတ်တယ်... ကံကောင်းချင်တော့ ရွှေတောင်တန်းလမ်းက အအေးဆိုင်မှာ ထောပတ်သီးတွေရှိနေတယ်... ဒါနဲ့ ကြေးအိုး အရင်သွားသောက်ကြတယ်... ပြီးမှ ထောပတ်သီးဖျော်ရည် သွားသောက်ကြတယ်... သူကတော့ မသောက်ပါဘူး... ကျမဆီက တစ်ဇွန်းနှစ်ဇွန်းပဲ သောက်ပြီး ကျန်တာ တစ်ယောက်တည်းသောက်တာ... မနက်က မိုးမိထားတာရော မိုးကအေးတာရောနဲ့ ပေါင်းပြီး လူက တော်တော်ပင်ပန်းပြီး အိပ်ချင်နေတယ်... ဒါပေမယ့် သူသွားတဲ့နောက် လျှောက်လိုက်ဖြစ်တုန်းပဲ... နောက် ၉လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ သူ့အသိကောင်လေးတွေနဲ့ တွေ့တော့ သူက အဲ့ဆိုင်က ခုံပုလေးတွေမှာ ဝင်ထိုင်ပြီး စကားပြောတယ်... ခဏနေတော့ ဖုန်းထုတ်ပြီး ကြေးအိုးဆိုင်မှာကတည်းက ကြည့်နေကြတဲ့ movie ကို နှစ်ယောက် ဆက်ကြည့်ကြတယ်... သူ့ပခုံးပေါ် မှီပြီး ရုပ်ရှင်ကြည့်နေရာက မျက်ခွံတွေက ဘယ်လို လေးလံပြီး ပိတ်ကျ,သွားတယ်မသိ... အိပ်ပျော်သွားတယ်... သူ လှည့်ကြည့်ပြီး "k2 အိပ်ပျော်နေတယ်"ဆိုတဲ့ အသံကြားမှ ပြန်သတိဝင်လာတော့တယ်... 

အဲ့ဒါနဲ့ နှစ်ယောက်သား လိုင်းကားစီးပြီးပဲ ကျမကို သူ အိမ်ပြန်လိုက်ပို့တယ်... အပြန် မိုးဖွားဖွားရွာနေတာကို ထီးမယူဘူးလုပ်နေလို့ စိတ်ကောက်လိုက်သေးတယ်... အဲ့တော့မှ ထီးယူပြီး ပြန်သွားတော့တယ်... 

သူ့မွေးနေ့အတွက် ကျမ ဘာမှ ထူးထူးခြားခြား မလုပ်ပေးဖြစ်ပါဘူး... ဒါပေမယ့် သူမွေးနေ့အတွက် ကျမ ရန်ကုန်ကို ရောက်အောင်တော့ ပြန်လာဖြစ်ခဲ့တယ်... 

Created By: k2tmaung (24 September 2012 Monday 03:00AM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..