Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

























"လူတစ်ယောက်ရဲ့ အားနည်းချက်၊ ပြစ်ချက်ကို တကယ်လက်ခံပေးဖို့ဆိုတာ ခွင့်လွှတ်နားလည်ရုံနဲ့ မလုံလောက်ပါဘူး... အဲ့ဒီအားနည်းချက်၊ ပြစ်ချက်တွေကို မီးမောင်းထိုးပြထားသလိုဖြစ်နေတဲ့ အရာတွေအားလုံးကိုလည်း မီးမှိတ်ပေးသင့်ပါတယ်..."

လူတိုင်း ကိုယ့်အယူအဆနဲ့ကိုယ်.. ကိုယ့်အတွေးအခေါ် ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်... တိုးတက်မှုကို ရှာကြတယ်... ကံအကြောင်းတရား အတိမ်းအစောင်းတစ်ခုကြောင့် ဘဝမှာ အပြစ်တွေ၊ အမှားတွေ လုပ်မိတတ်ကြတယ်... လူတစ်ယောက်က Perfect ဖြစ်နေတယ်ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ကျမ ထင်တယ်... အရှုံး၊ အမှား၊ အပြစ် တစ်ခုခုတော့ ဘဝမှာ အမည်းစက်အစွန်းအထင်းတစ်စုံတစ်ရာ ရှိကိုရှိကြမယ်လို့ ကျမ ယုံကြည်တယ်... 


စနေနေ့က ပျင်းပျင်းရှိတာနဲ့ ကိုရီးယားကားဇာတ်လမ်းရှည်တစ်ခုကို ကြည့်ဖြစ်တယ်... ဇာတ်လမ်းနာမည်က  Miss Ripley တဲ့... မင်းသမီး Lee Da Hae ခေါင်းဆောင်ပါဝင်တဲ့ ဇာတ်လမ်းလေးပါ... အဲ့ဒီဇာတ်လမ်းလေးမှာ Jang MiRi (Lee Da Hae) က တစ်ခြားဇာတ်လမ်းတွေထဲက မင်းသမီးလို သနားစရာအပြစ်ကင်းတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့...

ဇာတ်လမ်းလေးက ဒီလိုပါ.......... သူမ ကလေးဘဝမှာ သူမမိခင်က ဆွဲကြိုးလေးတစ်ကုံးပေးပြီး သူမနဲ့သူမဖခင်ကို စွန့်ခွါသွားခဲ့တယ်... သူမက သူမမိခင်ကို နောက်ကနေ အပြေးလိုက်ပြီး ထွက်မသွားဖို့ သူမကိုပါ ခေါ်သွားဖို့ တောင်းပန်ခဲ့ပေမယ့် သူမမိခင်က သူမဘဝထဲက အပြီးအပိုင်ထွက်သွားခဲ့တယ်... သိပ်မကြာခင်မှာဘဲ သူမဖခင် ဆုံးပါးသွားခဲ့ပြီး သူမကို မိဘမဲ့ဂေဟာကို ပို့လိုက်ကြတယ်... ငယ်ရွယ်နုနယ်တဲ့ အရွယ်မှာ ပြင်းထန်တဲ့ ကံကြမ္မာရဲ့ထိုးနှက်မှုကြောင့် ထင်ပါတယ်... သူမက နည်းနည်းတော့ အရိုင်းဆန်တယ်... သူမကို မိဘမဲ့ဂေဟာ ပို့တဲ့နေ့မှာ သီလရှင်ကြီးက သူမကို "ဒီမှာ မင်းလိုပဲ မိဘမရှိတဲ့ ကလေးတွေ နေကြတယ်..."လို့ ပြောတဲ့အခါ သူမပြန်ပြောလိုက်တာက "ကျမက သူတို့နဲ့ မတူဘူး... ကျမမှာ ကျမမေမေရှိတယ်"တဲ့... နောက်တော့ သူမကို ဂျပန်ကနေ ခေါပြီး မွေးစားသွားကြတယ်... မွေးစားတဲ့သူတွေက ချစ်လို့မဟုတ်ဘဲခိုင်းဖို့ ခေါ်သွားကြတာ... သူမကြီးလာတော့ အရက်ဆိုင်တစ်ခုမှာ သူမမွေးစားဖခင်ရဲ့ အရက်ကြွေးတွေကို ဆပ်ဖို့ သူမမလုပ်ချင်တဲ့အလုပ်တွေကို သူမကိုယ်နဲ့ရင်းပြီး လုပ်ရရှာတယ်... ဒီဘဝက လွတ်မြောက်အောင် သူမ ကြိုးစားပြီး ကိုရီးယားမှာရှိနေမယ့် သူမမိခင်ကို ရှာဖို့ ထွက်လာခဲ့တယ်... အဲ့ဒီထိ သူမဘဝကံအကြောင်း မလှခဲ့တာဘဲရှိပြီး မှားခဲ့တာမရှိခဲ့ပါဘူး... ပြဿနာက ကိုရီးယားရောက်လာတဲ့အချိန် ဂျပန်နိုင်ငံသားဖြစ်နေတဲ့ သူမ အလုပ်ရဖို့ ခက်နေခဲ့တယ်... ပညာလည်းမတတ် လုပ်ငန်းအတွေ့အကြုံလည်းမရှိဆိုတော့ သူမအတွက် အကြပ်အတည်းဖြစ်နေခဲ့တယ်... အဲ့ဒီမှာ သူမ စ,မှားခဲ့တယ်... တိုကျိုတက္ဏသိုလ်က ကျောင်းပြီးတယ်ဆိုပြီး ညာခဲ့တယ်... ငယ်ငယ်က မိဘမဲ့ဂေဟာမှာတုန်းက ခင်ခဲ့တဲ့ သူမ သူငယ်ချင်းရဲ့ ဘွဲ့လက်မှတ်ကို အတုလုပ်... သူငယ်ချင်းရဲ့ ဒီဇိုင်းတွေကို ခိုးနဲ့ သူမ ရပ်တည်နိုင်ဖို့အတွက် မှားပြီးရင်း မှားခဲ့တယ်...

သူမ အပြစ်ချည်းဘဲလားဆိုတော့ မဟုတ်ခဲ့ဘူးလို့ ကျမ မြင်မိတယ်... အရင်ဘဝဟောင်း ဂျပန်နိုင်ငံကိုလည်း သူမ ပြန်မသွားချင်ဘူး... ကိုရီးယားမှာ နေဖို့ကလည်း အဆင်မပြေတော့ သူမ ကြံဖန်ခဲ့တယ်... အဲ့ဒီအကြံအဖန်ကို မပေါ်ရအောင် သူမ ခိုးတယ်... အတုလုပ်တယ်... အဲ့ဒီအတုဆိုတာ ပေါ်မှာစိုးလို့ သူမ လိမ်ညာခဲ့ရတယ်... ဂျပန်ပြည်က သူမဘဝဟောင်းအကြောင်းလည်း ပေါ်မှာ ကြောက်ရ... လက်ရှိ သူမ လိမ်ထားတာတွေအတွက် အလိမ်ပေါ်မှာလည်း ကြောက်ရနဲ့... သူမ ဘဝ အောင်မြင်မှုရသည့်တိုင် မအေးချမ်းခဲ့ပါဘူး... အလိမ်မပေါ်ရအောင် လိမ်ရင်းလိမ်ရင်းနဲ့ နောက်ဆုံးတော့ လိမ်ညာမှုနဲ့ သူမ နာမည်ပျက်ပြီး ထောင်ကျရပြန်တယ်...

ဇာတ်လမ်းတစ်ပုဒ်လုံးကို ပြောပြတာမဟုတ်တဲ့အတွက် ဒီဇာတ်လမ်းကပေးတဲ့ ရသနဲ့ ကျမ ရဲ့ အမြင်က ကွာခြားနေမှာပါ... ဇာတ်လမ်းကိုမှီပြီး Jang MiRi ဆိုတဲ့ ကောင်မလေးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ထုတ်ကြည့်ခြင်းသက်သက်ပါ... လောကမှာ လူတိုင်း အရှုံးတွေရှိခဲ့ကြမယ်... လိမ်ခဲ့ ညာခဲ့ မသမာခဲ့တာတွေ ရှိကြမယ်... အဲ့ဒီလူတွေကိုယ်တိုင်လည်း အဲ့ဒီအရှုံးတွေ၊ အပြစ်တွေ၊ အမှားတွေကို ပြည်ဖုံးကားချချင်ပါပြီဆိုရင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက အဲ့ဒီလူတွေ ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ ဘယ်လိုပေးသင့်သလဲ... ဒါ ကျမ အဓိက တွေးကြည့်မိတဲ့အစိတ်အပိုင်းပါ...

နောက်ထပ်ဇာတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်... အဓိကဇာတ်ဆောင်ကို "သူမ"လို့ပဲ ဆိုကြပါစို့... သူမက ငယ်ငယ်က စာတော်ခဲ့တယ်... မိဘတွေကလည်း စာမှစာဖြစ်နေပြီး တစ်ခြားဘာဆိုဘာမှ မခိုင်းရက်၊ မပြောရက်၊ မဆိုရက်နဲ့ စာပဲဖတ်ခိုင်းခဲ့တယ်... ကလေးသဘာဝ စာကို ငြီးငွေ့လာပြီး စိတ်လေလာတာမျိုးတွေ ဖြစ်လာခဲ့မယ်... အစပထမမှာတော့ စာမကျက်ရဘဲ လုပ်ချင်တာတွေ လုပ်နေရလို့ သူမ ပျော်နေခဲ့တယ်... အရေးကြီးဆုံး ၁၀တန်း စာမေးပွဲအောင်စာရင်းတွေ ထွက်တော့ သူမ ဖြစ်ချင်ခဲ့တာတွေ နဲ့ သူမဖြစ်လာတာတွေ အကွာကြီး ကွာသွားခဲ့တယ်... တောက်လျှောက်စာတော်လာခဲ့တဲ့ ကျောင်းသူတစ်ယောက်ရဲ့ တစ်နှစ်တာမိုက်မဲမှုကြောင့် သူမရလဒ်အတွက် သူမ တင်းတိမ်နိုင်ပါ့မလား... အသေအချာပေါ့... သူမ အကြီးအကျယ်နောင်တရပြီး အရှုံးဆိုတာကို လက်မခံချင်ဘဲ လက်ခံရပြီလေ... အဲ့ဒီမှာ သူမအတွက် ရွေးခြယ်ခွင့်တွေဟာလည်း နည်းပါးသွားခဲ့တယ်...သူမမိဘတွေ ရွေးချယ်ပေးတဲ့ တက္ကသိုလ်မှာ သူမ တက်ရပြီ...မိဘကလည်း အရင်က အမှားတွေ အရှုံးတွေကို ထပ်ခါတလဲလဲ ထောက်ပြရင်း သူမကို အားမလိုအားမရတွေ ဖြစ်ပြီး ဆူပူကြိမ်းမောင်းခဲ့တယ်... စိတ်ဓာတ်ကျတဲ့အချိန်မှာ စိတ်လေတာနဲ့ပေါင်းပြီး စိတ်မဝင်စားတာတွေ သင်ယူနေရတဲ့အတွက် သူမ စိတ်ပျက်လာတယ်... နောက်ဆုံးမှာ သူမ မကျက်ချင်တဲ့ စာတွေကို ကူးချပြီး ဖြေလိုက်တယ်... ကံဆိုးချင်တော့ သူမ ကူးချတာ ဆရာမ မိသွားတယ်... သူမ ဘာလုပ်မလဲ... တစ်သက်လုံး စာတော်လာခဲ့တဲ့ ဒီကျောင်းသူ သူမ ဘယ်လိုခံစားရမလဲ... အရှုံးပေါ်အမှားဆင့်ခဲ့ပြီ... နာမည်ပျက်ရပြီ... သူမရဲ့ မိဘတွေဆီ တိုင်စာရောက်လာရင် သူမ ဘယ်လို ရင်ဆိုင်မလဲ... သူငယ်ချင်းတွေ ဆရာမတွေ မိသားစုအသိုင်းအဝိုင်းတွေ... ဒီမျက်နှာတွေအတွက် သူမရဲ့ ထွက်ပေါက်က ဘာလဲ... သူမ မဖြစ်ချင်ခဲ့တာတွေအတွက် သူမ ဘယ်လိုရင်ဆိုင်မလဲ... နောက်ဆုံး အိပ်ဆေးတွေ တစ်ပုလင်းပြီးတစ်ပုလင်းမော့ရင်း သူမကိုယ် သူမ ကိုယ်ယောင်ဖျောက်ဖို့ ကြိုးစားလိုက်တယ်... တကယ်လို့များ ဒီဇာတ်လမ်းလေးထဲက ကျောင်းသူလေးအသက်မပျောက်ခဲ့ဘူးဆိုရင် နောက်ထပ်တစ်ကြိမ် သူမ ပြန်လည်ရှင်သန်နိုင်ဖို့အတွက် ပတ်ဝန်းကျင်က ဘယ်လိုအခွင့်အရေး ဘာလိုပံ့ပိုးမှုတွေ ပေးဖို့ လိုအပ်ပါသလဲ...

ခွင့်လွှတ်နားလည်ပေးခြင်းဖြင့် သူတို့ရဲ့ အပြစ်ကို ပေါ့တိမ်ပစ်လိုက်နိုင်ပါတယ်... ဒီလိုမှမဟုတ် ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးပြီး သူတို့ အပြစ်၊ သူတို့ အမှားကို သင်ပုန်းခြေပစ်လိုက်လို့ရပါတယ်... ဒီလို ခွင့်လွှတ်နားလည်ပေးရုံ၊ ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးရုံနဲ့ သူတို့ ဘဝသစ် ပြန်စ,နိုင်မလား... ဘဝသစ်ပြန်စကြပြီ ထားပါတော့... လူတွေက အဲ့ဒီအတိတ်က အရှုံးတွေ၊ အပြစ်တွေ၊ အမှားတွေကို မီးမောင်းထိုးပြပြီး ဝေဖန်နေကြဦးမယ်ဆိုရင် သူတို့ဘယ်လိုနေမလဲ... ချောင်ပိတ်ရိုက်ခံရတဲ့ ဘယ်သတ္တဝါမဆို အဆုံးစွန်သော တုံ့ပြန်မှုတွေနဲ့ ရန်ပြန်ပြုတတ်ကြမယ် သို့တည်းမဟုတ် ခုခံကာကွယ်ကြလိမ့်မယ်... ဘဝဆိုတဲ့ စာမျက်နှာပေါ် ပြုခဲ့သမျှအကြောင်းအရာတွေဟာ ခဲတံနဲ့ ရေးသားထားတာမဟုတ်လို့ ခဲဖျက်နဲ့ ဖျက်လို့မရပါဘူး... စာမေးပွဲဖြေဆိုသူက မှားသွားလို့ခြစ်ပြီး အသစ်ပြန်ရေးထားတဲ့ စာတစ်ကြောင်းရှိမယ်... စာစစ်သူက ခြစ်ထားတဲ့ စာအမှားကို ကျော်ပြီးအမှတ်ပေးမလား... ဒါမှမဟုတ် အဲ့ဒီစာကြောင်းအမှားတွေကိုပါ ထည့်သွင်းအမှတ်ပေးသလား...

ကျမရဲ့ အမြင်ကတော့ လူတိုင်း အမှားတွေ၊ အပြစ်တွေ လုပ်တတ်ကြပါတယ်... လုပ်ခဲ့ကြပါတယ်... တကယ်လို့ အဲ့ဒီလူတွေ အမှားပြင်ပြီး အမှန်ရေးနေကြတဲ့အခါ အတိတ်က အမှားတွေကို ထပ်ခါတလဲလဲ လက်ညှိုးထိုးနေတာမျိုး မဖြစ်သင့်ဘူးလို့ပဲ မြင်ပါတယ်... အမှားကို ထောက်ပြတာမျိုး နှိုင်းယှဉ်သုံးသပ်တာမျိုး ရှိသင့်ပါတယ်... ဒါပေမယ့် အပြစ်ကိုအပြစ် အမှားကိုအမှား တစ်ချိန်လုံး ဓာတ်တို့သလို သတိပေးနေတာမျိုး၊ သတိပေးထားတာမျိုးက ဒဏ်ရာကို အနာကျက်အောင် ကုတာနဲ့မတူဘဲ ဒဏ်ရာပျောက်မသွားအောင် အနာကို ပြန်ပြန်ဆွပေးနေတာနဲ့ပဲ တူပါတယ်...

နောက်တစ်ခုက အရိပ်... သူ့အဖေက အရက်သမား... သူ့အမေက လိုက်လိမ်နေတာ... ဒါနဲ့ပဲ သူတို့သားသမီးလေးတွေက သူခိုးရဲ့သား၊ လူလိမ်မရဲ့သမီးဆိုပြီး တစ်သက်လုံး အမည်ပေးကင်ပွန်းတပ်ကြမလား... မိဘရဲ့အမှားက သားသမီးတွေအတွက် ပြစ်ချက်တစ်ခုအဖြစ် အရိပ်လို လိုက်မနေသင့်ပါဘူး... လူတိုင်းမှာ အားနည်းချက်တွေ ပြစ်ချက်တွေ ရှိကြပါတယ်... နည်းတာများတာပဲ ကွာမှာပါ... လူတိုင်း အမှားတစ်ခုခုကို အကြိမ်ကြိမ်ကျူးလွန်သူရှိသလို တစ်ကြိမ်တစ်ခါမှားပြီး နောက်ထပ်ဆက်မမှားကြသူတွေလည်း အများကြီးပါ...

လူတွေက ကိုယ့်အရှုံးကို "ဟုတ်ပါတယ်... ငါရှုံးပါတယ်..." လို့... ဝန်ခံပြီး လက်ခံနိုင်ဖို့ကြိုးစားနိုင်သည့်တိုင် "ဟုတ်တယ်... နင်ရှုံးတယ်... နင်ရှုံးတယ်..."လို့ ဝိုင်းဝန်း ထိုးနှက်တာမျိုးကိုတော့ ခံနိုင်ရည်ရှိလိမ့်ကြမှာ မဟုတ်ပါဘူး... အဲ့လိုပါပဲ လူတစ်ယောက်ကို "နင် မှားတယ်... နင့်အပြစ် နင့်အပြစ်..."လို့ ဖိနှိပ်ကြမယ်ဆိုရင်လည်း သံမဏိမဟုတ်တဲ့ လူသားတွေမို့ တောင့်ခံနိုင်ကြမှာ မဟုတ်ပါဘူး... အရည်ပြားပေါ်မှာ ဖြစ်တဲ့ ဒဏ်ရာက မြင်နိုင် ကုသပျောက်ကင်းနိုင်ပေမယ့် စိတ်နှလုံးမှာ ဖြစ်တည်တဲ့ ဒဏ်ရာက ဘယ်လိုဆရာဝန်မျိုးက အတိအကျ မြင်နိုင် ကုသနိုင်မှာမို့လဲ...

ဒါကြောင့် ကျမရဲ့ အမြင်ကတော့... "လူတစ်ယောက်ရဲ့ အားနည်းချက်၊ ပြစ်ချက်ကို တကယ်လက်ခံပေးဖို့ဆိုတာ ခွင့်လွှတ်နားလည်ရုံနဲ့ မလုံလောက်ပါဘူး... အဲ့ဒီအားနည်းချက်၊ ပြစ်ချက်တွေကို မီးမောင်းထိုးပြထားသလိုဖြစ်နေတဲ့ အရာတွေအားလုံးကိုလည်း မီးမှိတ်ပေးသင့်ပါတယ်..."
 

Created By: k2tmaung (24 September 2012 Monday 06:14PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..