Internet လေးသုံးပြီး တစ်ဖက်က Nuggets နဂတ်လို့ ခေါ်တဲ့ McDonald က ကြက်ကြော်အသေးစားလေးတွေ စားနဲ့ ဟုတ်နေတာပေါ့... အဲ့ဒီမှာ ပုရွက်ဆိတ်မဲမဲတစ်ကောင်က Nuggets နဲ့ တွဲစားရတဲ့ ကျမသိပ်ကြိုက်တဲ့ Curry Sauce ဗူး နှုတ်ခမ်းပေါ်ကို လာပြီး ရစ်သီရစ်သီ လုပ်တာပေါ့... အမြင်ကတ်ကတ်နဲ့ ဖူးဆိုပြီး လေနဲ့ မှုတ်လိုက်တာ အဲ့ Sauce ဗူးထဲ ပြုတ်ကျသွားပါလေရော... ဘာနဲ့တူလဲဆိုတော့ ရုပ်ရှင်တွေထဲကလို မင်းသား နွံထဲ နစ်နေတာပေါ့... ဟိုကတော့ မင်းသားဆိုတော့ ပရိသတ်တွေက ရင်တမမ အသည်းတယားယား ဖြစ်နေကြမှာပေါ့နော်... သူကတော့ ပုရွက်ဆိတ်မဲမဲကြီးဆိုတော့ အစားအသောက်နားလာတာနဲ့ လူတွေက အမြင်ကတ်ကြမှာပေါ့... အဲ့ဒါနဲ့ ပုရွက်ဆိတ် Sauce ထဲ နစ်ပြီး ယက်ကန် ယက်ကန် ဖြစ်နေတာပေါ့လေ... ကျမလည်း စိတ်ပျက်လက်ပျက်နဲ့ လက်ညှိုးလေးနဲ့ အသာလေး ကလော်လိုက်တာ... အိ... အဲ့တော့မှာ နွံထဲ နှစ်ချလိုက်သလိုဖြစ်ပြီး သူ့တကိုယ်လုံး Sauce တွေထဲ ဝင်သွားတော့တာပေါ့... သေသွားပြီလားမသိဘူးဆိုပြီး ကျမလည်း သနားသွားတာပေါ့... ကိုယ့်ကြောင့် သေသွားရတယ်ဆိုတော့ ဘယ်စိတ်ကောင်းပါ့မလဲ...

ဒီနေ့ စနေရုံးပိတ်ရက်ဆိုတော့ အိမ်မှာ လှိမ့်ပိန့်နေအောင် တော်တော်ပျင်းနေမိတယ်... ဒါနဲ့ game စော့လိုက်... အိပ်လိုက်... သီချင်းလေးနားထောင်လိုက်နဲ့ ကြာတော့ စာဖတ်ချင်လာတယ်... စာမဖတ်ဖြစ်တာလည်း ကြာပြီဆိုတော့ ဘာစာအုပ်ဖတ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားရင်း ဟို blog ဒီ blog လျှောက်ကြည့်ဖြစ်တယ်... အရင်ကတည်းကလည်း စာတွေ လိုက်ဖတ်ပြီး တွေးရတာကို သဘောကျသလို သူများတွေရဲ့ ရေးနည်းရေးဟန်တွေကိုလည်း အတုယူမှတ်သားဖြစ်ပါတယ်... အဲ့ဒါနဲ့ ကဗျာလှလှလေးတွေ ဖန်တီးတတ်တဲ့ ကို ကောင်းကင်ကို ရဲ့ blog ကို ပထမဆုံး ရောက်သွားခဲ့တယ်... သွားရတဲ့ ရည်ရွယ်ချက်က သူ့အတွေးအခေါ်တွေကို ဖတ်ရင်း အတွေးနယ်ချဲ့ဖို့ နဲ့ လှလှပပ သီဖွဲ့တတ်တဲ့ သူ့ကဗျာတွေ ခံစားဖို့ သွားတာပါ... အဲ့ဒီမှာ Chinese Poem ဆိုတဲ့ Post ကို ဖတ်ပြီး လက်တည့် စမ်းချင်တာရယ်... သူ့စာကိုဖတ်ပြီး ကဗျာရေးနည်းတစ်ခု မှတ်သားမိသွားတာမို့ comment ပေးချင်လာတာနဲ့ သူ့ Post မှာပဲ comment ပေးဖို့ ကဗျာတစ်ပုဒ် ဖန်တီးဖြစ်လိုက်တယ်...