မယုံကြည်ခြင်း နဲ့ အထင်သေးခြင်း
သံတူကြောင်းကွဲ
အဓိပ္ပါယ်တော့ လွဲပါတယ်
ဖြစ်ချင်ရာကို ဦးတည်ခဲ့ရင်
ဘယ်သူတွေ မျက်ရည်စီခဲ့မစီခဲ့
ဘယ်သူတွေ အမုန်းချည်ခဲ့မချည်ခဲ့
ဘယ်သူတွေ အပြုံးညီခဲ့မညီခဲ့
ရည်ရွယ်ရာကို သွေဖီရိုးမရှိခဲ့
ကိုယ်ဆိုတာ အဲ့လို တကိုယ်ကောင်းစိတ်နဲ့
အရည်ထူခဲ့တဲ့ လူ
သို့သော်
မှားမှန်းသိလို့ ဆုတ်ခဲ့တဲ့
ကိုယ်ကိုယ်တိုင်ရဲ့ ခြေလှမ်း
စိတ်မှန်းနဲ့တောင် မရုတ်ခဲ့
ကိုယ်ဆိုတာ အဲ့လို ကိုယ့်ကတိကိုယ်
ကလူမပြုခဲ့တဲ့ လူ
အချိန်တွေလည်း လွန်ခဲ့ပြီ
အမှားကိုကောက် မျက်ထောက်နဲ့ကြည့်သ၍တော့
အပြစ်တွေလည်း နစ်သထက်နစ်နေဦးမှာပါပဲ...
နွေတွေလည်း ဟောင်းခဲ့ပြီ
ကာယကံရှင်ထက်
ဘယ်သူ့ ဒဏ်ရာက
ပိုနက်နိုင်ဦးမှာလဲ
အနာဂတ်ထဲ ငါ့အမှားတွေ ထုတ်ဖို့
ငါ့ခြေလှမ်းတွေချုပ်
ငါ့လက်တွေကိုတုပ်
မျက်စိရှေ့ထား
နားတွေစွင့်ကား
ငါ နဲ့ ငါကို ခွဲခြားဖို့
လိုကို လိုအပ်ခဲ့လား
အဲ့ဒီလိုဆို...
မေတ္တာတရားအပေါ်
အတ္တ ပွါးတဲ့
စေတနာအမှားလို့
မှင်နီ ပြန်တားပေးပါရစေ
ငါ ကွေ့ထွက်ခဲ့တဲ့ လမ်းခွဲမှာ
ငါသာ သိတဲ့ အကွဲအပြဲ
သတိတွဲပေးဖို့ မလိုအောင်
ငါ အမြဲ အမှတ်ရနေပါတယ်
အခွင့်အရေးဆိုတာ မပေးသ၍
ယုံကြည်ဖို့ရာ ဝေးနေဦးမှာပါပဲ...
အပေးအယူဆိုတာ မကူသ၍
စိုးရိမ်ခြင်းဆိုတာ တာဆူနေဦးမှာပါပဲ...
အမာရွတ်အတွက်
နေရာလွတ်သာ အလိုအပ်ဆုံးပါ...