ငေးနေတိုင်းလည်း ဆွေးနေတာမဟုတ်သလို
တွေးနေတိုင်းလည်း အမေးတွေ အဖြေမရဘူး
အစေးကပ်တိုင်း အပေးအယူတည့်တာမဟုတ်သလို
ဖေးမတိုင်းလည်း အရေးပေးတာမဟုတ်ဘူး
ကံကြမ္မာဆိုတာ အထအနကောက်တတ်တဲ့
အချော့အမော့ကြိုက်တဲ့ အထာကျကျ ဇာတ်ဆရာ
လူအများစုက မင်းသားမင်းသမီးဖြစ်ချင်တဲ့
အချယ်အသမကင်းတဲ့ အရေခြုံ မယုံရတဲ့အလွှာ
တဝင်းဝင်းတောက်နေတဲ့ အဆီအောက်
တရှပ်ရှပ်ကျဲနေတဲ့ သဲတစ်ဖွဲ
အယောင်အဆောင်တွေနဲ့ ပါးပြောင်
ကိုယ်တိုင်က ဥတစ်လုံးမို့
ခဲတွေကိုလည်း မနှိုင်းသာ
ကိုယ်တိုင်က ဖက်တစ်ရွက်မို့
ဆူးတွေကိုလည်း မယှဉ်သာ
ဘဝဆိုတာ ရတာမလို လိုတာမရ
စလုံးရေစကတည်းက အကျပ်အတည်းနဲ့ စည်းချခံရ
နာကျည်းခြင်း နဲ့ နာကျင်ခြင်းကို ခွဲခြားနိုင်တဲ့အခါ
ထုံကျဉ်ခြင်းနဲ့ ကျင့်သားရလာတာလား
ခံနိုင်ရည်အားနဲ့ ဘဝကို ဖတ်ရှုတတ်လာတာလား
ဖြစ်ပျက်တိုင်းသာ စာတစ်အုပ်လို အတိုချုပ်ရရင်
ရသစုံနဲ့ ထုံမွှန်းမယ့် အစွန်းကင်းတဲ့ အရှုပ်တော်ပုံ...
ပြန်ဖျက်မရတဲ့ မှင်နီရာနဲ့ ခဲခြစ်ရာ
စာတစ်ရွက်လှန်ဖို့ နေရာလွတ်မကျန်
တစ်မျက်နှာပြည့်အောင် ဖြည့်ခဲ့တယ်...
ဝါးကူဖို့ခက်တဲ့ ရေနစ်သူ
အသစ်တစ်ဖန် ပြန်ရှင်သန်ဖို့
စုံးစုံးမြုပ်အောင် ငါ့ကိုယ်ငါ နှစ်ခဲ့တယ်
မလိမ်ခဲ့ဘူး...
မညာခဲ့ဘူး...
အနံ့အသက်ဆိုးကို အမွှေးအကြိုင်နဲ့မချိုးနှိမ်ခဲ့ဘူး
အကျည်းတန်ခြင်းအတွက် မျက်နှာဖုံးတစ်ခု မဖန်တီးခဲ့ဘူး
မာနတွေ အပိုင်းပိုင်းကျိုး
စိတ်ဓာတ်တွေ တစစချိုး
ဖိနှိပ်ခြင်းတွေ အမျိုးမျိုးတိုးတဲ့ စမ်းသပ်မှုတိုင်းမှာ
ငါ ပျိုးခဲ့တာက 'သတ္တိ' တစ်ခုတည်းရယ်...
အရှုံးတွေကြား အပြုံးမသုံးဘဲ အချိန်မဖြုန်းခဲ့သူမို့
ငါ့ကိုယ်ငါတော့ မဆုံးခဲ့ဘူးထင်ပါရဲ့
အမုန်းတွေကြား ချုံးချုံးမချဘဲ ရုန်းထွက်နိုင်ခဲ့သူမို့
ငါ့ကိုယ်ငါတော့ မရှုံးခဲ့ဘူးထင်ပါရဲ့
ငါ နဲ့ ငါသာ တိုက်ရတဲ့ ပွဲ
ငါ နဲ့ ငါသာ လွန်ဆွဲ
ငါ နဲ့ ငါသာ နွှဲရင်း
ငါ နဲ့ ငါသာ.......
စည်းတစ်ကြောင်းရဲ့ တစ်ဖက်တစ်ခြမ်း
ခြေတစ်လှမ်းရဲ့ ရာဇဝင်ကျမ်း...
ငါ့လမ်း ငါ မှန်းပြီးရင်တော့
ရိုးသားမှုတွေခင်း သိက္ခာတွေဆောင်ကျင်း
ငါနင်းမယ့် ငါ့သမိုင်းမှာ
နောက်ပြန်လှည့်ခြင်း အလျဉ်း ကင်းလေရဲ့...