ခဏကို တဘဝထင်ပြီး
ထိုးစိုက်ခဲ့တဲ့ ခပ်မိုက်မိုက်ဆေးရုပ်တွေ
ကိုယ့်ကိုယ်မှာ အဖြူစစ်စစ်တွေ ရှာမတွေ့မှ
ရူးချင်ယောင်ဆောင် သွေးမကြောင်ချင်ဘူး
ဘယ်လိုဖျက်ဖျက် မပျက်နိုင်တဲ့
အမှားတွေ ခိုးစားထားခဲ့တဲ့ ည
အတိတ်တွေ အရိပ်မထင်ဖို့
ပစ္စုပ္ပန်မှာ ဘယ်ဆေးနဲ့ သွေးတိတ်ရပါ့
ကန့်လန့်ကာရှေ့ အတိတ်မေ့ဖို့
ရိုးသားမှုတွေ ချိုးနှိမ်မထားချင်ဘူး
တခါတလေမှာ...
ပွင့်လင်းတယ်ဆိုတာ
ရင်ဖွင့်ထားရတဲ့ မြှားပစ်ကွင်းလို
လက်တည့်သူပစ်တိုင်း တဆစ်ဆစ် နာဆဲ
ကံကိုယုံ ဆူးပုံနင်းခဲ့တာ မှန်ပေမယ့်
ကိုယ့်အပြစ်ကိုယ်ပိုက် ငါ မိုက်ခဲ့တယ်လို့
ဝန်ခံခြင်းမဟုတ်တဲ့ တောင်းပန်ခြင်းနဲ့
ခေါင်းငုံ့မျက်နှာချ မာနတွေ မြေခဖို့
ဘယ်သူ့မှ ထိရှခဲ့တာ မရှိဘူးလေ
အမှား...
အပြစ်ကင်းသူအတွက် အပြစ်မကင်း ဖြစ်စေတဲ့ အား
ငါ့အတွက်တော့ တသက်တာ ခါးနေမယ့် ဓား
သူ့ခြေလှမ်းတွေကို တားမယ့် တံခါး
မတော်တဆမဟုတ်တဲ့ ဆင်ခြင်မဲ့နောင်တ
ကိုယ်တိုင်ရော
ကိုယ်ချစ်တဲ့သူကိုရော
ဆေးစွန်းစေတယ်........
"တစ်ခါမှား ခွင့်လွှတ်ပေးလို့ရတယ်...
နှစ်ခါမှား နားလည်ပေးလို့ရတယ်...
အကြိမ်ကြိမ်မှားနေပြီဆိုရင်တော့ သိပ်အထင်သေးစရာကောင်းသွားပြီ..."
အမှားမကင်းတဲ့ ကိုယ့်ကိုယ်ကိုယ် ပြောပြောနေဖြစ်တဲ့စကား... လူတိုင်းအမှားမကင်းပါဘူး... အမှားတစ်ခုကို ထပ်ခါထပ်ခါ မကျူးလွန်ဖို့ပဲလိုပါတယ်...
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သူပီပီ အမှားတွေကို လွယ်လွယ်မေ့ပစ်တတ်ပေမယ့် အိပ်မက်ထဲ အကြိမ်ကြိမ် ခြောက်လှန့်နေပြီဆို သေချာတယ် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လို့ မရသေးတဲ့ နောင်တတွေ ဟိုးအတွင်းကျကျ တစ်နေရာမှာ သိမ်းဆည်းထားနေတုန်းပဲ...
အာ... ဘဝတထောက်မှာ တွေ့ခဲ့တဲ့ နာကျင်စေတဲ့သူတွေလား... မှတ်ထားလေ့မရှိပါဘူး... ကိုယ့်နောင်တနဲ့ကိုယ် ပူလောင်ကောင်းပူလောင်နေပါလိမ့်မယ်... ဒါပေမယ့် အဲ့ဒီအမှိုက်တွေ ရင်ထဲထည့် အမုန်းတွေနဲ့ မီးရှို့တတ်တဲ့ လူမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်တာပဲ... အဓိကက သူများအမှားထက် ကိုယ့်ညံ့ကိုယ်ခံရတာကိုပဲ သင်ခန်းစာယူဖို့ စဉ်းစားတယ်... :)