ကျမနှင့် ကျမစိတ် - ရုန်းကန်ရခြင်းများ
ညညဆို ခေါင်းရင်းဘက် ပြူတင်းပေါက်ကနေ ကြယ်တွေများ ရှိမလားလို့ အမြဲလှမ်းကြည့်မိတယ်... ကြယ်လေးတွေကို တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ တူညီသောမေးခွန်း တူညီသောဆုတောင်းနဲ့ ကျမမျက်ဝန်းတို့ မျက်ရည်ကြည်တစ်ချို့နဲ့ တဖျတ်ဖျတ်လက်နေဆဲ...
မနက်မိုးလင်းလို့ နိုးလာတိုင်းလည်း ဘယ်ဘက်ရင်အုံပေါ် လက်တင်ရင်း ဒီအိပ်မက်တွေ ထပ်မမက်ပါစေနဲ့လို့ ဆုတောင်းမြဲ... ပျော်တစ်ခါ ငိုတစ်လှည့် အိပ်မက်တွေဟာ ခြောက်လှန့်မှုတစ်ခုဆို ကျမ တစ်ခုခုကို ကြောက်လန့်သွားတာများလား... ဟင့်အင်း... ဘဝဟာ အချိုးအကွေ့တွေ များခဲ့ပြီ... ကျမ ခံနိုင်ရည်ရှိပါတယ်...
တိတ်တိတ်လေး နေချင်တဲ့အခါ လူတွေက သိပ်စကားများတာပဲလို့ ကျမ အပြစ်တင်မိတယ်... ဘယ်လိုစကားသံမျိုးမှ ကျမ မကြားချင်သလို စိတ်ရှည်သီးခံခြင်းက ကျမနဲ့ အစီးမကပ်ပြန်ဘူး... တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့အခါ ကျမအတွက် နေရာလေးတစ်ခုတောင် မပိုင်၊ အကျယ်ကြီး အော်ချင်တဲ့အခါ ပင်လယ်ပြင်ဟာ ကျမနဲ့ ဝေးနေဆဲ၊ ငိုကြွေးပေါက်ကွဲဖို့ရာ လူတွေက ကျမနားမှာ ရစ်သီရစ်သီနဲ့... လွတ်လပ်ခြင်းဆိုတာ ကျမအတွက် မရှိပါလားလို့ ဝမ်းနည်းချင်မိတယ်... ဒါပေမယ့် ဘဝက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မှ လူရာဝင်မှာမို့ အလုပ်နဲ့လက်တော့ မပြတ်ခဲ့ပါဘူး...