Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...





















ဒီည ဖုန်းမဆက်တော့ဘူးလို့တော့ ပြောထားသား...

ဒါပေမယ့် ကျမမွေးနေ့ဆိုတော့ "စိတ်လေးများ ပြောင်းပြီးတော့..." ဆိုတဲ့ မျှော်လင့်ချက်လေးကတစ်ဖက် မဆက်လည်းနေပေါ့ဆိုတဲ့ အရွဲ့တိုက်ချင်တဲ့စိတ်လေးကတစ်ဖက်... နောက်ဆုံးတော့ အိပ်ယာစောစောမဝင်တတ်တဲ့ ကျမ စောစောစီးစီး အိပ်ယာထဲ သွားလှဲနေလိုက်တော့တယ်...

အိမ်ရှေ့ခန်းက ဖုန်းသံကြားလိုက်တော့ ပထမဆုံး နိုးလာသူက ကျမ... အဖေနဲ့အမေကြားမှာ အိပ်နေတဲ့ကျမ မိဘတွေ မနိုးအောင် အညင်သာဆုံး ကုတင်ပေါ်ကဆင်းဖို့ ကြိုးစားပေမယ့် ကျမလှုပ်ရှားမှုတွေ သိပ်မြန်ဆန်လွန်းသွားလို့ ထင်ပါရဲ့... မိဘတွေ နိုးသွားကြတယ်... နိုးသွားပြီဆိုတော့ မထူးတော့ပါဘူးဆိုပြီး ဟန်မဆောင်နိုင်ဘဲ အိမ်ရှေ့ခန်းကို အပြေးတပိုင်း ပြေးထွက်လာခဲ့တော့ နောက်ဘက်မှာ မိဘနှစ်ပါးရဲ့ ဒီအချိန်ကြီး ဘယ်ကဖုန်းလာတာလဲ... ဘာလဲ ညာလဲနဲ့... စကားသံတွေ ကျန်ခဲ့လေရဲ့...



ကျမ အိပ်ရှေ့ခန်းကိုရောက်တော့ အိမ်ရှေ့ခန်းနဲ့ အနီးဆုံးမှာ အိပ်တဲ့ မောင်လေးက ဖုန်းကိုင်ပြီး ဖြစ်နေပြီ... ကျမဖုန်းပဲဆိုတာ အတတ်သိနေတဲ့ ကျမက မျှော်လင့်ချက်လေးပိုက်လို့ ဘေးမှာ အသာရပ်နေလိုက်တယ်... မောင်လေးဖုန်းထိုးပေးတော့... ဖုန်းထဲက အသံကို ကြားလိုက်ရချိန် ရင်ဘတ်ထဲမှာ ဖန်ခွက်တစ်လုံး ကျကွဲသွားတယ်ထင်ပါရဲ့... ကြမ်းပြင်မှာပဲ ထိုင်ချလိုက်ပြီး ဖုန်းလက်ခံပြောရင်း လူက အလိုလို ပြန်အိပ်ချင်သွားပြန်တာ တော်တော်ထူးဆန်းပါရဲ့... အင်းလေ... သူက ဖုန်းမဆက်ဘူးလို့ ပြောထားသားပဲ... မျှော်လင့်မိတဲ့ ကျမသာ အပြစ်ရှိ လူသားပေါ့...

ဖုန်းချပြီးတော့ ခပ်တွေတွေနဲ့ အိပ်ခန်းဘက် လမ်းပြန်လျှောက်လာခဲ့တယ်... မှေးကနဲလို့ ထင်လိုက်ပေမယ့် ကျမ အိပ်ပျော်သွားတာ တော်တော်တောင် ကြာသွားပါရောလား... အပြင်ဘက်မှာ အမှောင်ဆုံးအချိန်ကိုရောက်လို့ ကျမမွေးနေ့လေးကို တဖြည်းဖြည်း ချည်းနှင်းလို့ဝင်ရောက်လာနေပြီလေ... အိပ်ယာပေါ် ပြန်ရောက်တော့ မိဘတွေက ဘယ်သူလဲ ဒီအချိန်ကြီး ဘာညာနဲ့ မေးခွန်းတွေ ထုတ်နေပေမယ့် စကားလုံးတွေက ရင်ဘတ်ထဲကနေ တက်မလာတော့...

ဒီနေ့ ကျမမွေးနေ့... နေ့ကောရက်ကော တိုက်တဲ့ ထူးခြားတဲ့မွေးနေ့လေးတစ်နေ့ပေါ့... အရင်ငယ်ငယ်တုန်းကတော့ မွေးနေ့ရောက်တော့မယ်ဆိုရင် အဝတ်အစားအသစ် ဖိနပ်အသစ်နဲ့ ကျမမွေးနေ့ဆိုတဲ့ အသိလေးနဲ့ ပျော်ရွှင်တက်ကြွပြီး ပျော်အောင်နေဖို့ အမြဲကြိုးစားတတ်တယ်... တစ်ခုခု စိတ်အနှောက်အယှက်ဖြစ်စရာနဲ့ ကြုံခဲ့ရင်လည်း ကျမ သိပ်စိတ်ဆိုးတတ်တယ်... ဘာလို့ဆို ကျမက ကျမမွေးနေ့ကိုသာ ဘဝရဲ့ တန်ဖိုးအထားဆုံးနေ့ရက်ကလေးအဖြစ် သတ်မှတ်ထားလို့ပါပဲ... ခုတော့ အသက်ကြီးလာလို့ ထင်ပါရဲ့... နှစ်စဉ်နှစ်တိုင်း တစ်ခုမဟုတ်တစ်ခု လုပ်လေ့လုပ်ထရှိတဲ့ ကျမကို မိဘတွေက မွေးနေ့မရောက်ခင်ကတည်းက ဘာလုပ်ချင်လဲလို့ မေးခဲ့ပေမယ့် ဘာမှထူးထူးခြားခြား လုပ်ချင်စိတ်မရှိ... အကြီးဆုံးသမီးမို့ပဲလား၊ မွေးနေ့ပြီးနောက်တစ်ရက်က အများပြည်သူရုံးပိတ်ရက်ဖြစ်လို့ပဲလားတော့မသိ မောင်နှမတွေထဲမှာ နှစ်တိုင်းလိုလို မွေးနေ့အတွက် တစ်ခုခုလုပ်ဖြစ်တတ်တာ၊ လုပ်ရမှလည်း ကျေနပ်တတ်တဲ့ ကျမကို ကျမမိဘတွေက အမြဲ အလိုလိုက်တတ်ကြတယ်... ဒီနှစ်တော့ ကျမမွေးနေ့အတွက် အရင်လို တက်တက်ကြွကြွမရှိလို့ထင်ပါရဲ့... မိဘတွေက မွေးနေ့မှာ ဝတ်ဖို့ အင်္ကျီသစ်လေး နှစ်ထည် အတင်းလိုက်ဝယ်ပေးခဲ့တယ်...

မွေးနေ့မှာ စိတ်ထဲ လုပ်ချင်တာ တစ်ခုပဲ ရှိခဲ့တယ်... အဲ့ဒါကတော့ ဘုရားသွားချင်တာ... အိပ်ယာကနိုးနိုးချင်း မောင်လေးကို အတင်းသွားနှိုးလိုက်တယ်... သူကတော့ တစ်နေ့က ဆေးရုံးမှာ ညဘက် ဟောက်စ်ဆင်းထားရလို့ မနေ့ညနေကတည်းကနေ ဒီနေ့မနက်ထိ အိပ်ကောင်းတုန်းပေါ့... အားလုံးပြင်ဆင်ပြီးတော့ အိမ်ကမထွက်ခင် အဖွား၊ မိဘနဲ့ အလည်ရောက်နေတဲ့ အဒေါ်ကို ဦးဆုံး ကန်တော့လိုက်တော့ မွေးနေ့အတွက် မင်္ဂလာရှိသော ဆုတောင်းစကားတွေကို ပထမဆုံး ရလိုက်တဲ့အခါ ဝမ်းသာမှုတွေ ဖြစ်ထွန်းရတယ်... အဖွားက ခဏနေတော့ စက္ကူအနီလေးနဲ့ ထုပ်ထားတဲ့ အမ်ပေါင်းလေး လက်ထဲလာထိုးထည့်ပေးတယ်... ကျမပြုံးလိုက်မိတယ်... ဒါ မွေးနေ့မှာ ပထမဆုံးရတဲ့ လက်ဆောင်ပါလားလို့ပေါ့...

နှစ်တိုင်းလိုလိုကတော့ ပထမဆုံး မွေးနေ့လက်ဆောင်အဖြစ် ညီမလေးဆီက တစ်ခုခုရနေကျ... ဒီနှစ်လည်း မနှစ်ကလို မွေးနေ့မှာ ညီမလေးက အဝေးမှာ...

ဘုရားမသွားခင် Lucky Seven မှာ မနက်စာဝင်စားလိုက်သေးတယ်... နောက်တော့ ဘုရားသွား... ရေသပ္ပါယ် လက်ယာရစ် သုံးပတ်ပတ်ပြီး ဆင်းခါနီး ဓာတ်ပုံလေးဘာလေးရိုက်လိုက်သေးတယ်... နောက် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ သွားလှူဖြစ်တယ်... နေ့လည်ရောက်တော့ ပျင်းပျင်းရှိတာနဲ့ ဒီအတိုင်းကြီး မပြီးဆုံးလိုက်ချင်တာနဲ့ အရင်ရုံးမှာတုန်းက အလုပ်အတူလုပ်ခဲ့တဲ့ အစ်မတစ်ယောက်ဆီ နေပူရှိန်မသေးချိန် ထီးလေးစောင်းပြီး တစ်ယောက်တည်း လျှောက်လာခဲ့တယ်... မရောက်တာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ သွားနေကျဖြစ်ခဲ့ဖူးတဲ့ လမ်းတွေက တစ်ချို့နေရာမှာ အပြောင်းအလဲတွေ ဖြစ်လို့နေပါလား... သူငယ်ချင်းအိမ်ရောက်တော့ ခေါင်းလောင်းကြိုးမမှတ်မိတာနဲ့ အောက်ထပ်ကနေပဲ ဖုန်းလှမ်းဆက်ရင်း ရပ်စောင့်နေလိုက်တော့တယ်...

အဲ့ဒီအချိန်မှာ တစ်ချိန်လုံး မျှော်လင့်နေခဲ့တဲ့ ဖုန်းက မြည်လာခဲ့တော့တယ်... တကယ်တော့ Birthday Wish လုပ်တာမျိုးဖြစ်ဖြစ် မွေးနေ့လက်ဆောင်ပေးတာမျိုးပဲဖြစ်ဖြစ် တစ်ခုခုမှာ သူ့ကို ဦးဆုံးဖြစ်နေစေချင်ခဲ့ပေမယ့်....... အရမ်းမျှော်လင့်ခဲ့လို့ထင်ပါရဲ့... ဖုန်းသံကြားရချိန်မှာ ကျမအတွက် ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေခဲ့တယ်... ခဏလေးပါပဲ... ဖုန်းအချပြီး နည်းနည်းကြာမှ သူငယ်ချင်းက အောက်ထက်ရောက်လာခဲ့တယ်... သူဝယ်ကျွေးတဲ့ ပဲကြာဇံသုပ်ဆိုတာကို စားပြီး ကျမတို့အကြောင်းသိတဲ့ လူအနည်းစုထဲက တစ်ယောက်မို့ ရင်ဖွင့်ခွင့်မရတာကြာတော့ ပြောပြချင်တာတစ်ချို့ ပြောပြရင်း ပြောရတာကို အားမရှိသလို ခံစားလာရပြန်တယ်...

နောက်တော့ အင်တာနက် ခဏသွားသုံးရင်း သူနဲ့ စကားခဏပြောဖြစ်လိုက်တယ်... Facebook ပေါ်က မွေးနေ့ဆုတောင်းလေးတွေ လိုက်ဖတ် reply လေးတွေ ပြန်ရင်း... သူငယ်ချင်းကိုလည်း သူသိချင်တာတွေ ပြောပြရင်း အချိန်က ကုန်မှန်းမသိ ကုန်လာခဲ့တယ်... ထွက်လာတာ ကြာပြီမို့ အိမ်ကလည်း ဖုန်းဆက်ခေါ်တော့တယ်... မှောင်လာတဲ့အချိန်မို့ ကျမဖခင်ကိုပဲ လာကြိုခိုင်းလိုက်တော့တယ်... ပြီးခဲ့တဲ့နှစ်ကလည်း ဒီလို မှောင်လာတဲ့အချိန်မှာ ကျမမိဘတွေ ဖုန်းဆက်ခေါ်ခဲ့ဖူးတယ်... ဒါပေမယ့် ခုလို စောစောစီးစီးတော့ ကျမ အိမ်မပြန်ဖြစ်ခဲ့ပါဘူး... လမ်းလျှောက်ပြီး လမ်းမှာ ပထမဆုံးအကြိမ် ဝက်သားထုတ်ထိုးတောင် ဝယ်စားလိုက်သေးတယ်... နောက်ကျမှ Taxi နဲ့ ပြန်လာတဲ့ ကျမကို ကျမဖခင်က ဝရံတာမှာ ထွက်မျှော်နေခဲ့တယ်... သူနဲ့ သွားမှန်းသိပေမယ့် ကျမမွေးနေ့မို့ထင်ပါရဲ့... ကျမပေးတဲ့ အစီအစဉ်မကျတဲ့ ဆင်ခြေတွေကို ထပ်ပြီး မမေးခဲ့တော့ဘူးလေ...

ညမိုးချုပ်လာလေ... မွေးနေ့က ဘာမှလည်း အဓိပ္ပာယ်မရှိဘူးလို့ ခံစားလာရရင်း ဝမ်းနည်းမိသလိုလို... နောက်တော့ မိသားစုတွေ အမှတ်တရဓာတ်ပုံသွားရိုက်ရင်း အဝေးရောက်နေတဲ့ ညီမလေးဆီ ဖုန်းဆက်ပြီး ချက်ချင်းခေါ်မရတော့ internet ခဏသုံးဖြစ်ပြန်တယ်... နောက် ညီမလေးကို ဖုန်းခေါ်ရတော့ မနက်ကဘုရားသွားတာ အလှူလုပ်တာတွေ ပြောပြဖြစ်တယ်... ခဏနေတော့ အိမ်ပြန်လာခဲ့တယ်... စောစောပဲ အိပ်ယာဝင်ဖို့ ကြိုးစားရင်း ကျမမိခင်ကို "ဒီနှစ် ဘာမွေးနေ့လက်ဆောင်မှလည်း မရဘူးနော်"လို့ ပြောလိုက်တော့ "အင်္ကျီအသစ်ဝယ်ပေးတယ်လေ..."လို့ ပြန်ပြောခဲ့တယ်... ဟုတ်တော့လည်း ဟုတ်သား... ဒါပေမယ့် ကျမကလည်း မွေးနေ့မှာ ပါကင်လေးနဲ့ ရတဲ့ လက်ဆောင်ကိုမှ ဘာလေးလဲလို့ ရင်ခုန်ကြည်နူးရတဲ့ လက်ဆောင်မျိုးကိုမှ မွေးနေ့လက်ဆောင်အဖြစ် သတ်မှတ်တတ်တာ အကျင့်တစ်ခုလို ဖြစ်နေတာပါလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖြစ်တယ်...

ဒီနှစ်တော့ ထူးထူးခြားခြား မွေးနေ့မှာ ထူးထူးခြားခြား ဘာမှမလုပ်ဘဲ ထူးထူးခြားခြား အိပ်ယာစောစောဝင်ခဲ့တယ်...


Created By: k2tmaung (12 January 2011 Wednesday 05:27AM)

ဆက်လက်ဖတ်ရှုရန်...

လောဘတစ်ခုနဲ့...
တော်လှန်ခဲ့တယ်...
ချော်ကျမှ...
တော်ရာကို မတွေးမိတဲ့ ငါ...
ဒေါသက ပြန်စော်ကားတာ ခံလိုက်ရတယ်...

မျှော်ရမယ့်အစား...
ကွက်ကျော်သွားတဲ့ ငါ...
အစားခံလိုက်ရမှ...
ထိခိုက်ပြနေပြန်တယ်...

အလွမ်းတွေလည်း ကျွမ်းခဲ့ပြီးပြီ...
စွမ်းရည်တွေလည်း နွမ်းခဲ့ပြီးပြီ...
တိုက်ပွဲဆိုတာ...
နွှဲတိုင်းမှမနိုင်တာ...
စိတ်မခိုင်ခဲ့တဲ့ ငါ...
တစ်ခါ ခဲမှန်ရုံနဲ့...
အကြိမ်ကြိမ် လဲကျနေပြန်ပါပြီ...

ဓားသွားက တစ်ဆုံးပေမယ့်...
အမုန်းကိုတော့ စိန်မခေါ်တော့ပါဘူး...
အထိနာတဲ့ မိုး...
တစ်ညနဲ့ တစ်ရက် ရွာချအပြီး...
နေသာမလိုလိုနဲ့...
အတိတ်စိမ်းတွေ ပေးပြန်တယ်...
ပန်းတွေလည်း ညှိုးခဲ့ပြီးပြီ...
စကားအလှတွေနဲ့ သွေးထိုးမနေပါနဲ့တော့...
ငါ့အနာက ဆေးမတိုးတော့ဘူး...။


Created By: k2tmaung (11 December 2010 Saturday 06:09PM)

ဆက်လက်ဖတ်ရှုရန်...

မျှော်လင့်ချက်တွေ ကျကွဲပြီးကတည်းက...
အပြန်လမ်းဟာလည်း...
ပျော်ရွှင်ခြင်းတွေ ပျောက်ရှခဲ့တယ်...

နာကျင်ခြင်းတွေ စွန်းထင်းပြီးကတည်းက...
ရင်ခွင်နွမ်းဟာလည်း...
သာယာခြင်းတွေ မီးကျွမ်းခဲ့တယ်...

မင်း ငါ့ကို 'ပို'ကြိုက်တာ ဖြစ်ကောင်းဖြစ်မှာပါ...
ဒါပေမယ့်...
ငါ မင်းထက် ပိုမိုက်ခဲ့တယ်...။


Created By: k2tmaung (09 December 2010 Friday 02:33AM)

ဆက်လက်ဖတ်ရှုရန်...

မျှော်လင့်ချက်တွေ ထမ်းပိုး...
ရောင်နီသစ်တို့ ပျိုးလုပျိုးခင်...
လမ်းတစ်ဝက်မှာ မိုးပြိုခဲ့တော့...
ဒေဝါတာရိုး အပိုင်းပိုင်း ကျိုးပေါ့...

တာရိုးပျက်ထဲ ပေါလောမျော...
နှင်းဆီဆူးက တောမီးရှို့တယ်...
ဗျို့... ကမ္ဘာငယ် ခံနိုင်ရိုးလား...

တေး...ဆိုတာလား...
ဆဲ...ဆိုတာလား...
ခပ်ဝါးဝါးပါပဲ...
ဒါပေမယ့် နားတွေကတော့ သွေးထွက်တယ်...

တာရိုးပျက်ခိုက် နှင်းဆီ ဆူးမိုက်...
ဒီချုံကို ဘယ်ယုန်မြင်လို့ ထွင်ပါလိမ့်...
လက်မတင် အသက်မငင်ခင်...
တိတ်... တိတ်... တိတ်...
ကမ္ဘာငယ်လေး (ထပ်)မထိတ်လန့်ဖို့...
တံခါးလေးပိတ်လို့...
မီးမှိတ် နှုတ်ဆိတ်စို့...။


Created By: k2tmaung (06 December 2010 Friday 01:28PM)

ဆက်လက်ဖတ်ရှုရန်...



အဲ့ဒီနေ့က ၁၄ရက် နိုဝင်ဘာ ၂၀၀၉ စနေနေ့...
ကျမတို့ ချိန်းထားတာက ၉နာရီပေမယ့် ကျမအိမ်က အထွက် နောက်ကျခဲ့တယ်... ချိန်းထားတဲ့ နေရာကိုရောက်ဖို့ မီးပွိုင့်ကနေ အများနည်းတူ ကားလမ်းကူးလာခဲ့တယ်... လမ်းတစ်ဖက်ကနေ ပြုံးပြီးစောင့်ကြည့်နေတဲ့သူ့ပုံစံကို ဒီနေ့အထိ ကျမမျက်စိထဲမှာ မြင်ယောင်နေမိတုန်းပါပဲ... အဲ့ဒီနေ့က ရွှေတိဂုံဘုရားကို အတူသွားခဲ့ကြတယ်...



ဘုရားပေါ်က ဆင်းခါနီး သူ ရည်းစားစကားပြောပြီး အဖြေအတင်းတောင်းခဲ့တယ်... (ငရဲများကြီးမလားပဲ)... ပေးရတော့မယ့် အဖြေတစ်ခုအတွက် ကျမတွေဝေနေဆဲ သူ ရှာဖွေတွေ့သွားခဲ့တယ်... ကျမနှုတ်က ထုတ်ပြောခဲ့တာမဟုတ်ပေမယ့် သူ သိသွားခဲ့တယ်... ကျမကပဲ ဟန်ဆောင်မကောင်းခဲ့တာလား... သူကပဲ ကျမအမူအယာတွေကို ဖတ်တတ်လွန်းခဲ့တာလား...

အဲ့ဒီနေ့က ကျမသတိထားမိသလောက် သူ 'ရယ်'တာများတယ်... ကျမအတွက်တော့ ပြောစရာစကားတွေက အရမ်းကို ရှားပါးနေခဲ့တယ်... ပြီးတော့ ဘယ်လိုခံစားချက်မှန်းရယ်လို့ ပြောပြလို့မတတ်တဲ့ ခံစားမှုမျိုးကြီးနဲ့ပေါ့... အဲ့ဒီနေ့က.. အဖြစ်အပျက်တွေ သိပ်မြန်ဆန်လွန်းနေသလိုလို.. ဖြစ်လာတာတွေက အစီအစဉ်မကျသလိုလို.. အိပ်မက်ထဲ ဇဝေဇဝါနဲ့ လမ်းလျှောက်နေခဲ့ရသလိုလိုနဲ့ပေါ့... အခုထိ စွဲစွဲမြဲမြဲ မှတ်မိနေတာလေး တစ်ခုတော့ ရှိခဲ့တယ်... လိုင်းကားပေါ်က ဆင်းခါနီး သူ ကျမလက်ကို ဆုပ်ကိုင်ပြီး ရှေ့ကသွားတယ်... ဖြစ်ချင်တော့ ကျမဒေါက်ဖိနပ်ခွာက ကားကြမ်းခင်းနဲ့ငြိပြီး တုန့်ဆွဲခံလိုက်ရသလို လူက ဟန်ချက်ပျက်သွားခဲ့တယ်... တွဲထားတဲ့လက်တစ်စုံ ပိုတင်းကျပ်သွားခဲ့ပြီး ယိုင်လဲသွားမယ့် အခြေအနေတစ်ခုက လွတ်မြောက်ခဲ့တယ်... အဲ့ဒီအခိုက်အတန့်လေးမှာပဲ... အဲ့ဒီတဒင်္ဂလေးအတွင်းမှာပါပဲ... ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမယ်လို့ အမြဲတွေးတတ်ခဲ့တဲ့ ကျမ သူ့လက်ကို အားကိုးတကြီးနဲ့ အမြဲတွဲထားချင်မိခဲ့တယ်... အဲ့ဒီအချိန်ကစ,လို့ သူ့လက်ကို တွဲထားရတိုင်း ကျမမှာ တန်ခိုးရှိတဲ့အရာတစ်ခု လက်ထဲဆုပ်ကိုင်ထားရသလို ကြည်နူးခဲ့ရတယ်...

အပြန် ကန်ပေါင်ပေါ်က ဖြတ်လျှောက်တော့ ပူပြင်းလွန်းတဲ့နေရောင်အောက် သစ်ပင်တစ်ပင်ရဲ့အရိပ်မှာ ခဏရပ်စေပြီး ကျမပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လို့ အတင်းအကျပ် "အဖြေ"ပေးခိုင်းခဲ့တယ်... ရှက်တာရော၊ ကြောက်တာရော၊ ဘာမှန်းမသိတဲ့ခံစားချက်ပေါင်းစုံတွေနဲ့ ငိုချင်နေခဲ့တာတွေရော စုပြုံခံစားနေရတဲ့ကျမ "ကျမတို့ရဲ့နေ့လေး"ကို ခေါင်းငြိမ့်သက်သေပြုပေးခဲ့တယ်... အဲ့ဒီလိုနဲ့ ကျမတို့ရဲ့ နေ့ရက်တွေကို ရှင်သန်မွေးဖွားခဲ့ကြတယ်...

----------

သူက သာမာန်ကောင်လေးတစ်ယောက်ပါပဲ... ဒါပေမယ့် ခပ်ဆိုးဆိုး ခပ်ပေပေ ခပ်ရှုပ်ရှုပ်ကောင်လေးလည်း ဟုတ်နေပြန်တယ်... ဒါပေမယ့် သူ့မှာ ကျမ လေးစားရတဲ့ စိတ်ထားလေးတွေ၊ စိတ်ဓာတ်လေးတွေ၊ အတွေးအခေါ်အယူအဆလေးတွေ၊ ခံယူချက်လေးတွေ အများကြီး ရှိပါတယ်... ဥပမာပြောရရင် သူက ကိုယ်ချစ်တဲ့ခင်တဲ့သူကိုမှ ကြင်နာတတ်သူမဟုတ်ပါဘူး လူသားတိုင်းကို သက်ရှိတိုင်းကို ချစ်ခင်ကြင်နာတတ်သူ... တစ်ခြားသူရဲ့လှို့ဝှက်ချက်ကို ချစ်သူဖြစ်တဲ့ကျမ မေးရင်တောင် ပြောမပြတတ်သူ... ကွယ်ရာမှာ အတင်းအဖျင်း အပုပ်ချမပြောတတ်သူ မပြောလိုသူ... သူ မဖြေချင်တဲ့ မေးခွန်းမျိုးကိုမေးရင် "ကိုယ်မဖြေချင်ဘူး"လို့ အတည်အလင်းငြင်းပြီး လိမ်ညာမပြောတတ်သူ မပြောလိုသူ...

သူက လူဆိုးတစ်ယောက်ပါ ဒါပေမယ့် ကျမ 'စံ'ထားထားတဲ့ စိတ်ဓာတ်တစ်ချို့ သူ့မှာ ရှိတယ်... ကျမထင်ပါတယ်... ကျမရဲ့ သံယောဇဉ်တွေက အဲ့ဒီလေးစားမှုတွေကို အစပြုခဲ့တာပဲဖြစ်မယ်လို့...

ကျမတို့အတူရှိခဲ့ချိန်လေးက သိပ်ကို နည်းပါးခဲ့ပါတယ်... သူ အစပ်ကြိုက်မှန်းတော့သိတယ်... ဒါပေမယ့် ဘယ်လိုအစားအစာကို အကြိုက်ဆုံးလဲ ကျမမသိဘူး... အနက်ရောင်ကို ကြိုက်တယ်လို့ ပြောဖူးပေမယ့် သူ ဘယ်အရောင်တွေကို ထပ်ကြိုက်သေးလဲ ကျမမသိဘူး... သူ့နောက်ဆုံးရည်းစားနှစ်ယောက်နဲ့ သူ့ပထမဆုံးချစ်သူအကြောင်းသိပေမယ့် သူ ရည်းစားဘယ်နှစ်ယောက်ရှိခဲ့ဖူးလဲ ကျမမသိဘူး... သူ့အလုပ်အကိုင်အကြောင်း ကျမသိပေမယ့် သူ လစာဘယ်လောက်ရလဲ ကျမမသိဘူး မမေးခဲ့ဖူးဘူး... သူ ကျမထက် တစ်တန်းကြီးမှန်းသိပေမယ့် အထက်တန်းကျောင်းကို ဘယ်ကျောင်းကအောင်ခဲ့လဲ ကျမမသိဘူး... သူနဲ့ပတ်သက်ပြီး ကျမ မသိတာတွေ အများကြီးရှိနေသေးတယ်... သူ့အကြောင်း "က" ကနေ "အ" အထိ မသိဘဲနဲ့ ချစ်သူတွေ ဖြစ်သွားကြသလားလို့ မေးရင်...??? အင်း... ဟုတ်တယ်... ကျမ ရင်ခုန်မှုသက်သက်ကိုပဲ ဦးစားပေးခဲ့တာလို့ ဖြေမိလိမ့်မယ်... ဒါပေမယ့် သူ့စိတ်ဓာတ်ကို ကျမသိတယ်... သူ့ခံယူချက်ကို ကျမသိတယ်... သူ့ရည်ရွယ်ချက်တွေကို ကျမသိတယ်... သူ့ကို လေးစားတယ်... ရိုသေမှုပေးတယ်... လူဆိုးတစ်ယောက်လိုနေပေမယ့် တကယ်တော့ သူဟာ လူကောင်းတစ်ယောက် စိတ်ထားရိုးဖြောင့် တည်ကြည်သူတစ်ယောက်ဆိုတာ ကျမစိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်း ယုံကြည်တယ်...

အရပ်ရှည်တဲ့ သူက လမ်းလျှောက်ရင် ကိုင်းကိုင်း ကိုင်းကိုင်းနဲ့ လျှောက်တတ်တယ်... လမ်းသွားတိုင်း ရေဗူးတစ်ဗူးတော့ ဝယ်လေ့ရှိပြီး "ကိုယ်က ရေအရမ်းကြိုက်တယ်"လို့ ပြောတတ်တယ်... စကားပြောရင် ဆုံးမချင်ရင် လက်ညှိုးလေးတစ်ချောင်းထောင်ထောင်ပြီး သူ ပြောတတ်တယ်... အစားစားရင် အရမ်းမြန်တယ်... ကော်ဖီကြိုက်သလို ကျမ ကော်ဖီနဲ့ မတည့်တာကိုမေ့ပြီး ကော်ဖီသောက်မလားလို့ ခဏခဏမေးဖူးလို့ ကျမစိတ်ကောက်ဖူးတယ်... ကျမကို ဘေးမှာထားပြီး game ကို နှစ်နာရီကြာအောင် ကစားလို့ ကျမ သူ့ကို စိတ်အရမ်းဆိုးဖူးတယ်... ကျမ မွေးနေ့အတွက် မွေးနေ့လက်ဆောင်ဖိနပ်လေးကို သူတစ်ယောက်တည်း မိန်းကလေးတွေကြားမှာ သွားဝယ်ပေးခဲ့သလို လက်ဆောင်ပေးဖို့ စဉ်းစားတိုင်း ဖိနပ်ဝယ်ပေးမယ်လို့ပဲ ပြောတတ်တယ်... သူ့စကားနားမထောင်ရင်ဖြစ်ဖြစ် သူ့ကို against လုပ်ရင်ဖြစ်ဖြစ် ဟောက်လိုက်ရ၊ ငေါက်လိုက်ရမှ ကျေနပ်တတ်တယ်... သူ့ခံယူချက်နဲ့ပတ်သက်ရင် စိတ်မာသလောက် ခံစားချက်နဲ့ပတ်သက်ရင် ထိရှလွယ်တယ်...

ဒီလောက်ဆို ကျမ သူ့ကို ဘာလို့ ချစ်လဲဆိုတဲ့ အမေးနဲ့ ဘယ်လောက် ချစ်လဲဆိုတဲ့ အမေးအတွက် မေးခွန်းထုတ်ဖို့ မလိုအပ်တော့ဘူး ထင်ပါရဲ့...

တခါတလေတော့ သူက အရွဲ့တိုက်တတ်တယ်... စိတ်ကောက်တတ်တယ်... ကလေးဆိုးတစ်ယောက်လို ဂျစ်ကန်ကန်လုပ်တတ်တယ်...
တခါတလေ စိတ်ကြီးလွန်းတယ်... မာနကြီးလွန်းတယ်... ခေါင်းမာလွန်းတယ်...
တခါတလေ စကားပြောကြမ်းတတ်တယ်... ခက်ထန်တတ်တယ်... လူမုန်းအောင် အမြင်ကတ်အောင် ပြောတတ်တယ်...
တခါတလေတော့လည်း ကျမကို ချစ်တာမဟုတ်ဘဲ ကျမရဲ့နားလည်မှု၊ ဂရုစိုက်မှုတွေကို ချစ်တာလို့ ထင်မြင်မိတယ်...

ကျမ သူ့ကို နားလည်သလိုလိုရှိပေမယ့် တခါတလေတော့ နားမလည်ပြန်ပါဘူး...

------

ဒီနေ့ ၁၄ရက် နိုဝင်ဘာ ၂၀၁၀ တနင်္ဂနွေနေ့...
ကျမတို့နှစ်ယောက် မျိုးစေ့ချခဲ့တဲ့နေ့လေး တစ်နှစ်ပြည့်ခဲ့ပြီ...

ဒီနေ့လေးမရောက်ခင် တစ်လအလိုလောက်ကတည်းက ပြက္ခဒိန်လေး တကြည့်ကြည့်နဲ့ ကျမရဲ့အားလပ်ချိန်တွေကို ဒီတစ်နေ့ထဲမှာ စုထားခဲ့တယ်... စိတ်ကူးနဲ့ သူ့ကို ဘုရားသွားစေခဲ့တယ်... သူနဲ့ အကြာကြီး စကားတွေ ပြောနေလိုက်တယ်... အမှတ်တရအဖြစ် ဆင်တူပစ္စည်းလေးတစ်ခု ဝယ်ဖို့ အားထုတ်နေခဲ့တယ်... ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့.....

ကျမ မနက်မိုးလင်းကတည်းက သူ့ဆီက ဆက်သွယ်မှုတစ်ခုခုကို မျှော်နေခဲ့တယ်... ပြီးခဲ့တဲ့ နှစ်တုန်းက ဘုရားကို အတူသွားခဲ့ချိန်လောက်မှာ သူ ကြည့်ဖြစ်မှာ မဟုတ်မှန်းသိရက်နဲ့ gtalk ကနေ offline message ပို့လိုက်သေးတယ်... အိပ်ယာပေါ်မှာလှဲရင်း ဘယ်အချိန်များ ဆက်သွယ်လာမလဲလို့ပေါ့... ဆက်သွယ်ဖို့ မလွယ်ကူမှန်းသိနေပေမယ့် မျှော်လင့်နေခဲ့မိတယ်... ညနေစောင်းလာတော့ စိတ်လျှော့လိုက်ပါတယ်... သူ ဆက်သွယ်ဖို့ အဆင်မပြေသလို ကိုယ့်ဘက်ကလည်း ဆက်သွယ်လို့မရဘူးလေ... သက်ပြင်းလေး ခပ်တိုးတိုးချပြီး သူ့ကို gtalk ကနေ offline message နဲ့ "ဖုန်းလေးတောင် မပြောရဘူး"ရယ်လို့ ညည်းညူလိုက်သေးတယ်...

အိမ်နဲ့ဖုန်းပြောအပြီး ဖုန်းအချမှ miss call ၄ call တွေ့လိုက်တယ်... "သူ"များလားလို့ ဇဝေဇဝါနဲ့ ဝမ်းသာသလိုလို ဖြစ်သွားပေမယ့် phone call က သူ့ဖုန်းနံပါတ် မဟုတ်ဘူးလေ... ညနေစာ ကြာဇံပြုတ်ပြုတ်သောက်နေတုန်း အဲ့ဒီ ဖုန်းနံပါတ်နဲ့ပဲ phone call တွေ တရစပ် ဝင်လာတယ်... ကိုင်လိုက် ကျ,သွားလိုက်... ကိုင်လိုက် ကျ,သွားလိုက်ဆိုတော့ စိတ်ကတိုလာရော... တစ်ချက်မှာ စကားသံကြားလိုက်ရတယ်... မြန်မာစကားပြောတာမဟုတ်မှန်းသိလိုက်တော့ ဖုန်းမှားနေတယ်လို့ ပြောလိုက်သေးတယ်... နောက်တော့ call တော်တော်များများကို ကျမ မကိုင်တော့ဘူး... စိတ်ကူးပေါက်လို့ ကိုင်လိုက်ပြန်ရင်လည်း ဘာသံမှမကြားရဘဲ လိုင်းက ကျ,ကျသွားပြန်တယ်... နောက်တော့ ဖုန်းခေါ်သံတွေ ရပ်သွားတယ်...

စာကျက်ဖို့ စာကြည့်စားပွဲထိုင်နေတုန်း သူ့သူငယ်ချင်းဆီက message ဝင်လာတယ်... phone ကို message ပို့တာ ရလားဆိုပြီး... မရဘူးပေါ့... ဘာလို့လဲလို့ မေးတော့ အရင်နေ့တွေက သူ့ဖုန်းကို ကျမ ခေါ်ထားတာတွေ miss call ရကြောင်း၊ message တွေ သူ ရကြောင်း ပြောပြတယ်... ဒီနေ့ ထပ်ပြီး ကြိုးစားခေါ်ကြည့်ပါဆိုတော့ ကျမ ဝမ်းသာအားရနဲ့ တိုက်ရိုက် call နဲ့ ခေါ်လိုက်တယ်... တော်တော်ကြာကြာ ခေါ်နေပြီးမှ လိုင်းဝင်သွားတယ်... အစမှာတော့ မကြားတစ်ချက်ကြားတစ်ချက်နဲ့ ဝမ်းသာတာလေးတွေတောင် ပျောက်လုလုဖြစ်ကုန်တော့တယ်... နောက်တော့ သူနဲ့ သေသေချာချာ စကားပြောလိုက်ရတယ်... ကျမက "ဒီနေ့ ဖုန်းမပြောရဘူးလို့တောင် ထင်နေတာ"လို့ သူ့ကို ပြောပြတော့ "ညနေက ဖုန်းအကြာကြီး ခေါ်တာ k2 မကိုင်တာ"တဲ့... ကျမ ဝမ်းသာသွားသလို စိတ်ရှည်မပေးခဲ့တာအတွက် ဝမ်းနည်းမိသွားတယ်... "သိဘူးလေ နံပါတ်က မဟုတ်တော့ ဖုန်းမှားနေတယ်ထင်နေတာ" "ဟုတ်တယ်... ဒီမှာက ဖုန်းခေါ်ရခက်လို့ တစ်ဆင့်ခေါ်ခိုင်းရတာ... ကိုယ့်သူငယ်ချင်းကိုတောင် ပြောနေတာ... ဒီနေ့ တစ်နှစ်ပြည့်ပြီလို့... ငါ ဖုန်းခေါ်လိုက်ရင် ငါ့ရည်းစား အရမ်းပျော်သွားမှာလို့ ပြောနေတာ"တဲ့... ကျမ သူ့ဖုန်းကို လက်မခံလိုက်ရပေမယ့် ကျမ ပျော်သွားခဲ့တယ်... ဘာပဲဖြစ်ဖြစ် သူလည်း ကျမလိုပဲ ဒီနေ့လေးကို တန်ဖိုးထားတယ်လေ...

ဒီနေ့လေးကတော့ ဒီလိုဖုန်းပြောရုံလေးနဲ့ ပြီးသွားခဲ့တယ်... နောက်နှစ်နောက်နှစ်တွေမှာကော...??? ကျမ သူနဲ့အတူ "ကျမတို့နေ့လေး"ကို ပျော်ရွှင်စွာ နှစ်ပေါင်းများစွာတိုင်အောင် ဖြတ်သန်းခွင့်ရချင်ပါတယ်...


Created By: k2tmaung (15 November 2010 Sunday 4:56AM)

ဆက်လက်ဖတ်ရှုရန်...





















18 October 2010 Monday

မနက် ၈နာရီ သံပတ်ပေးထားပေမယ့် ညက အိပ်ရေးပျက်ထားတာကြောင့် မျက်လုံးတွေက ဖွင့်မရဘဲ ပြန်အိပ်ပျော်သွားခဲ့တယ်... ပြန်နိုးလာလို့ နာရီကြည့်လိုက်မိတော့ ၉နာရီ... "ဟိုက်... ထမှပဲ..." ဆိုပြီး မူးနောက်နောက်နဲ့ပဲ ရေချိုးခန်းထဲ တန်းဝင်ခဲ့တယ်... ခေါင်းလျှော်ရေမိုးချိုးပြီး ပြန်ထွက်လာတော့ ၉နာရီခွဲဖို့ ငါးမိနစ်အလို... "သွားပြီ... နောက်ကျပြန်ပြီ"ပေါ့... ဒါနဲ့ ကမန်းကတန်း အလှပြင်ပြီး လွယ်နေကျ အိတ်လေးလေးကြီးကိုထားပြီး တစောင်းအိတ်ပါးပါးပေါ့ပေါ့ကို ကောက်လွယ်... ဖုန်းကို ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး iPod Touch နဲ့ ear phone ကို တစောင်းအိတ်ထဲ အမြန်ထိုးသိပ်ထည့်... ခြေအိတ်ကို ကမန်းကတန်းဝတ်ရင်း ဘုရားကို စိတ်မှန်းနဲ့ ကန်တော့... အိမ်သော့သော့ဆွဲပြီး ထွက်လာ... လှေခါးမှာ ဖိနပ်ကြိုးချည်ပြီး "တစ်နေ့တစ်နေ့ ဒီဖိနပ်ကြိုးချည်ရတာ အလုပ်တစ်ခု"ရယ်လို့ စိတ်တိုမိတယ်... မခြောက်သေးတဲ့ ဆံပင်ကို လက်တစ်ဖက်နဲ့ ဆွဲဆွဲဖွရင်း သီချင်းနားထောင်ဖို့ iPod Touch ကို အိတ်ထဲက ဆွဲအထုတ်... အိတ်ထဲ တစ်ခုခုလိုနေတယ်လို့ ခံစားမိတော့ မေ့တတ်တဲ့ ဦးနှောက်ကို အပြေးအလွှား အလုပ်ပေးရတော့တာပေါ့... ဘာကျန်ခဲ့ပါလိမ့်... ဘာကျန်ခဲ့ပါလိမ့်...??? ခပ်လှမ်းလှမ်းရောက်မှ "ဟိုက်..." ပိုက်ဆံအိတ် ပါ,မလာမှန်း သတိရတော့တယ်... ပိုက်ဆံအိတ်က ပြန်မယူလို့မဖြစ်... MRT ကဒ်က အိတ်ထဲမှာလေ... ဒါ မပါ,ရင် မဖြစ်တော့ အိမ်ပေါ်ပြေးတက်... အိမ်ဝမှာ ဖိနပ်ကို အမြန်ချွတ်... အိမ်တံခါးမကြီးကို သော့တစ်ခါဖွင့် နောက် ကိုယ့်အခန်းတံခါးကို သော့တစ်ခါဖွင့် ဝင်... ပိုက်ဆံအိတ်ကို အမြန်ဆွဲယူရင်း မေ့တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အထပ်ထပ် ကျိန်ဆဲမိတယ်... အိမ်ပြင်ပြန်ရောက်တော့ ဖိနပ်ကြိုးက တစ်ခါ တပ်ရပြန်ရော... နာရီကြည့်လိုက်တော့ ၉နာရီ ၄၅မိနစ်... ဒီနေ့လည်း နောက်ကျပြန်ပြီလေ... MRT ကို အပြေးတစ်ပိုင်း လမ်းလျှောက်လာရင်း သီချင်းနားထောင်လိုက်သေးတယ်... လမ်းမှာ စာရက်ငှက်လေး တစ်ကောင်တည်း တွေ့တော့ မျက်စောင်းထိုးမိတယ်... "ဟွန်း... ကံမကောင်းအောင် တစ်ကောင်တည်း လာပြရလား"ပေါ့... မီးပွိုင့်နှစ်ခုကို အပြေးအလွှား ဖြတ်ပြီး MRT Station ရောက်တော့ ရထားက ခုပဲ ထွက်သွားပြန်တယ်... နောက်တစ်စီးက နောက် ၅မိနစ်မှ... "သေချင်တာပဲ..."လို့ စိတ်ထဲက ရေရွတ်ရင်း သက်ပြင်းချရင်း နာရီကြည့်လိုက်တော့ ၁၀နာရီထိုးဖို့ ၅မိနစ်အလို... "ဒီလိုမှန်းသိ ဖြည်းဖြည်းပဲ လမ်းလျှောက်ပါတယ်... မောလိုက်တာ... ရေလေးတောင် မသောက်လာရဘူး"လို့ တွေးရင်း သက်ပြင်းမောတွေ ခဏခဏ ချမိတယ်... စာရက်လေး နှစ်ကောင် ရှေ့က ပြန်သွားတာထပ်တွေ့ရတော့ တစ်ချက် ပြုံးလိုက်မိသေးတယ်...



အလျင်အမြန်လမ်းလျှောက်ထားရတဲ့ အရှိန်တွေကြောင့် အမောစို့နေတယ်လို့ပဲ ပြောရမလား... တော်တော်လေးကို မောဟိုက်နေတော့တယ်... ရုတ်တရက် ရင်ဘက်အလယ်ဘက်က စ,အောင့်လာပြီး အသက်ရှုကျပ်လာတယ်... ဖြစ်နေကျ အခြေအနေ တစ်ခုမို့ တစ်နေရာရာမှာ ထိုင်ချလိုက်ချင်ပေမယ့် ရထားက ကိုယ့်ရှေ့ကို ဆိုက်နေပြီလေ... ရင်ဘတ်ထဲကလိုလို ဗိုက်ထဲကလိုလိုနဲ့ အဆက်မပြတ် အောင့်နေရင်း လူက တော်တော်လေး မူးလာပြီ... ကိုယ့်အခြေအနေ ကိုယ်သိတော့ ထိုင်စရာလေး၊ မှီစရာလေးများရှိမလားရှာတော့ ရထားထဲမှာ လူက အပြည့်အကျပ်... ပုံမှန်ဆို ရထားပေါ် ဒီအတိုင်း ဘာမှမကိုင်ဘဲ မတ်တပ်ရပ်စီးနေကျပေမယ့် အခြေအနေမဟန်တာ ကိုယ့်ဘာသာပဲသိတော့ လက်ကိုင်ကွင်းတစ်ခုကို အပြေးလုကိုင်ရတယ်... ရင်ဘတ်အောင့်အသက်ရှုကျပ်ပြီး မူးလာတာအပြင် အန်ချင်စိတ်တွေပါ ဖြစ်လာတော့တယ်... ပါးစပ်ကို လက်တစ်ဖက်နဲ့ပိတ်ထားရင်းက တစ်ချက်တစ်ချက် ပျို့ပျို့တက်လာတာက တကယ်အန်တော့မယ့်အတိုင်း... ဘေးလူတွေ မြင်ရင် ငါ့တော့ တစ်မျိုးထင်တော့မှာပဲလို့ တွေးမိပြီး ရှက်လည်းရှက်ချင်... လူတွေ ပြည့်ကျပ်နေတော့ ကိုယ့်တစ်ယောက်ကိုမှ ရွေးပြီး ဘယ်သူမှ သတိပြုမိမှာ မဟုတ်ပါဘူးလေလို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သေးတယ်... ချွေးစေးတွေက အဆက်အပြတ်ထွက်လာပြီး လူက ဆက်ရပ်နေဖို့တောင် အားက မရှိချင်... လက်ကိုင်ကွင်းကို လက်နှစ်ဖက်လုံး အားပြုပြီး ခေါင်းကို လက်တွေပေါ် မှေးတင်ထားလိုက်တယ်... ရုတ်တရက် လူတွေ အားလုံး စိမ်းတိန်းတိန်းပြာတာတာတွေ ဖြစ်လာတယ်... "ဘုရား... ဘုရား... ငါ လဲကျသွားလို့ မဖြစ်ဘူး... ငါ လဲကျသွားလို့ မဖြစ်ဘူး..."လို့ အဆက်မပြတ် စိတ်ထဲက အော်ပြောရင်း ကိုယ့်ကိုယ်ကိုယ် သတိထားနေမိတယ်... မျက်လုံးစုံမှိတ်ပြီး လက်ကိုင်ကွင်းကိုင်ထားတဲ့ လက်တွေပေါ် ခေါင်းကို မှောက်ချထားလိုက်တယ်... စီးရမှာက ၄ဂိတ်ထဲ... ကိုယ့်ဝေဒနာနဲ့ ကိုယ်မို့ ဘယ်ရောက်လို့ရောက်မှန်းမသိ... ဒုတိယအကြိမ် မျက်စိဖွင့်ကြည့်တော့ အားလုံးက အမှောင်ထုထဲမှာ... ကိုယ့်ကိုယ်ကိုယ်တောင့်ထားဖို့ အားပေးရင် လဲကျသွားမှာကို ရှက်နေမိတယ်... "လဲလို့မဖြစ်ဘူး"လို့ စိတ်ကိုတင်းရင်း အတွေးထဲ အစ်မတစ်ယောက်ပြောဖူးတဲ့ စကားတစ်ခွန်းဝင်လာတယ်... "ငါ့ညီမ ခဏခဏမူးတတ်တော့ သကြားလုံးလေးဘာလေးဆောင်ထားလေ..."တဲ့... အိတ်ထဲ အမြဲ ဆောင်ထားလေ့ရှိတဲ့ Tic Tac Mints လေးကို သတိရသွားတယ်... လက်တစ်ဖက်နဲ့ အိတ်ထဲ စမ်းနှိုက်ရှာဖွေပြီး ခိုးကြောင်ခိုးဝှက် ပါးစပ်ထဲ ထည့်လိုက်တယ်... (ရထားပေါ်မှာ အစားမစားရဘူးလေ...) အဲ့ဒီ ချဉ်ပြုံးပြုံး လိမ္မော်သီးအရသာလေးကြောင့်ပဲလားတော့မသိ ဘေးပတ်ဝန်းကျင်ကို ခဏအကြာမှာ ပြန်မြင်လာရတယ်... နားစွင့်လိုက်တော့ ဆင်းရမယ့် မှတ်တိုင်တောင် ရောက်နေပြီလေ... ရထားအရပ်မှာ လူတွေနဲ့ တိုးထွက်ရင်း အံကြိတ်ပြီး လမ်းဆက်လျှောက်လာခဲ့တယ်... တစ်နေရာရာမှာ ပစ်လဲထိုင်ချလိုက်ချင်ပေမယ့် နောက်ကျနေတာက တစ်ကြောင်း လူတွေ သို့လောသို့လော ကြည့်မှာကို မခံနိုင်တာက တစ်ကြောင်းမို့ ဖြည်းဖြည်းနဲ့ အားတင်းဟန်လုပ်ပြီး ဆက်လျှောက်လာခဲ့တယ်... လူကောင်းတစ်ယောက်လို တည့်တည့်မတ်မတ် လျှောက်နေတာ မဟုတ်မှန်းသိပေမယ့် အားတင်းပြီး လျှောက်လာလိုက်တာ ကိုယ်ဦးတည်ရာကိုတော့ ရောက်သွားခဲ့တယ်...

မနက်စာ ငုံ့စားနေတဲ့ ရှောင်ချောင်ကို လှမ်းတွေ့လိုက်ရတယ်... သူ့ဘေးက ဆိုဖာမှာ ဝင်ထိုင်ရင်း လူက မှောက်သွားတယ်... "ရှောင်မဲ့... ရှောင်မဲ့... (ညီမလေး)" လို့ ခေါ်ရင်း "နေမကောင်းဘူးလား... ဘာဖြစ်လာတာလဲ..."လို့ ပူပူပင်ပင် မေးရှာတယ်... "အင်း... အရမ်းခေါင်းမူးနေတယ်"ဆိုတော့ ဘာဆိုလား သွားယူပေးမယ် သောက်လိုက်တဲ့... သေချာမကြားလိုက်ပေမယ့် ခေါင်းငြိမ့်လိုက်တော့ ရှောင်ချောင် အနားက ထ,သွားတယ်... "ရှောင်မဲ့... ရှောင်မဲ့..." ဆိုတဲ့ နစ်ကိုးလ်အသံကို ကြားပေမယ့် လှည့်ကြည့်ဖို့ အားမရှိ... ရှောင်ချောင် နဲ့ နစ်ကိုးလ် စားပွဲမှာ လာထိုင်ရင်း တစ်ယောက်တစ်ပေါက် မေးနေကြတယ်... နစ်ကိုးလ်က လက်ထောက်ပြီး ကိုယ့်ခေါင်းကိုယ် အားပြုထားတဲ့ လက်ဖျံကို လာကိုင်တယ်... ရုတ်တရက် သူလန့်သွားပုံရတယ်... "လက်တွေက အေးလှချည်လား"လို့ သူ အံ့ဩတကြီး ပြောတယ်... "ဆေးခန်းသွားပြမလား"တဲ့... ခေါင်းခါလိုက်တယ်... ဒီလောက်ကြီး ဆိုးဆိုးရွားရွားမဟုတ်ပေမယ့် ဒီလိုမျိုးမူးတတ်တာက ခဏခဏ ဖြစ်နေကျမို့ ဆေးခန်းလည်း သွားမပြချင်ပါဘူး... ရှောင်ချောင် ပေးတဲ့ ဖန်ခွက်ကို မော့သောက်လိုက်ပြီးမှ ကြည့်လိုက်တော့ ကော်ဖီနွေးနွေးတွေ... ခွက်ကို အသာပြန်ချရင်း သန့်စင်ခန်းသွားဦးမယ်ဆိုပြီး ဒရီးဒယိုင်နဲ့ ထွက်လာခဲ့တယ်... သန့်စင်ခန်းရဲ့ auto တံခါးအပွင့် မှန်မှာ မြင်ရတဲ့ ကိုယ့်ပုံက နဂိုဖြူတဲ့အသားအရည်ထက် သွေးတွေဆုတ်နေသလိုလို... သန့်စင်ခန်းမှာ ကြာလို့ ထင်ပါရဲ့... ရှောင်ချောင် လိုက်လာတယ်... လူက ခုနကလောက် မဟုတ်တော့ပေမယ့် အနည်းငယ်တော့ မူးနေသေးတယ်... သန့်စင်ခန်းက ပြန်လာတော့ ရေနွေးတစ်ခွက် သွားထည့်ပြီး ဆိုဖာမှာ ပြန်လာထိုင်လိုက်တယ်... ရှောချောင်က သူ ယူလာပေးတဲ့ ကော်ဖီတွေ သောက်ဖို့ ပြောတယ်... အားနာနာနဲ့ပဲ ကော်ဖီနဲ့ မတည့်တဲ့အကြောင်း ရှင်းပြလိုက်ရတယ်... ကော်ဖီမှမဟုတ်ပါဘူး... ကဖင်းပါတဲ့ အစားအစာတွေ စားမရတာမို့ ညက အိပ်ရာဝင်နောက်ကျတဲ့အပြင် coke တွေ သောက်ပြီး အိပ်ယာထဲ တော်တော်နဲ့ အိပ်မပျော်တာ သတိရမိသွားတယ်... နောက်တော့ တဖြည်းဖြည်းနဲ့ နည်းနည်းမူးတာကလွဲပြီး အခြေအနေ ပြန်ကောင်းလာခဲ့တယ်... ရှောင်ချောင်ချက်ပေးတဲ့ ဖက်ထုပ်ကြာဆံပြုတ်တွေ သောက်လိုက်ပြီးတော့ ပိုကောင်းသွားသလို ခံစားရတယ်...

အခြေအနေပြန်ကောင်းလာမှ ပြန်ပြုံးလာနိုင်တော့တယ်... သူတို့လည်း ကျမ အပြုံးတွေ မြင်မှ စိတ်သက်သာပုံ ရသွားကြတော့တယ်... ရှောင်ချောင်ကတော့ သူ့ကို လန့်အောင် လုပ်တယ်ဆိုပြီး မျက်စောင်းတထိုးထိုးနဲ့... နစ်ကိုးလ်ကတော့ "အခြေအနေကောင်းပြီလား... မူးလဲမသွားနဲ့နော်..."လို့ လာလာနောက်နေတယ်... နစ်ကိုးလ် ဖုန်းလှမ်းဆက်လိုက်လို့လားတော့မသိ ဖလောရန့်စ် ရောက်လာတယ်... "ငါသိတယ်... ငါသိတယ်... အိုက်ချင်ပင့်..."လို့ သူကလည်း လာနောက်ပြန်တယ်... အဲ့ဒါနဲ့ အဲ့လိုနဲ့ ကိုယ့်တာဝန်တွေ မပျက်ကွက်ချင်တာနဲ့ပဲ ညနေမှ အိမ်ပြန်နားဖြစ်တော့တယ်...

လူက အနားရသွားတော့ တောင်တောင်အီအီတွေ လျှောက်တွေးဖြစ်ပြန်တယ်... ငါသာ အခုနေ တစ်ခုခုဖြစ်သွားရင် ဒါမှမဟုတ် ငါချစ်တဲ့ အဝေးမှာရှိနေတဲ့သူတွေ တစ်ခုခုဖြစ်သွားရင်ဆိုပြီးတော့ပေါ့... :P လောကမှာ ကိုယ်ကစိတ်ရင်းအမှန်နဲ့ တကယ်ချစ်ခင်ရတဲ့သူ ကိုယ့်ကို စိတ်ရင်းအမှန်နဲ့ ချစ်ခင်ကြတဲ့သူတွေကို တန်ဖိုးထားတတ်ဖို့တော့ လိုမယ်ထင်ပါတယ်... ဘဝမှာ ကံကောင်းတာလေးတစ်ခုက ကျမအပေါ် စိတ်ရင်းမှန်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်းများစွာ ရရှိခဲ့တာကိုပါပဲ...

(ဒီစာစုနှင့်အတူ ကျမအပေါ် ခံစားနားလည်၊ ကြင်နာဂရုစိုက်တတ်တဲ့ ကျမမိဘ၊ ကျမချစ်သူ၊ ကျမမောင်နှမ၊ ကျမသူငယ်ချင်းမိတ်ဆွေတွေ အားလုံး တစ်ယောက်ချင်းစီရဲ့ ကောင်းကွက်လေးတွေကို သတိရမိသလို ကျေးဇူးလည်းတင်မိပါတယ်... နောက် "မူးတတ်ရင် သကြားလုံး ဆောင်ထားနော်"လို့ အမြဲ သတိတရ ပြောတတ်တဲ့ မစံပယ်ကို အထူးသတိရပြီး ကျေးဇူးတင်မိပါတယ်... :P နောက် ရှောင်ချောင်၊ နစ်ကိုးလ် နဲ့ ဖလောရန့်စ် ကိုလည်း ကျေးဇူးတင်ပါ၏...)


Created By: k2tmaung (20 October 2010 Wednesday 08:18PM)

ဆက်လက်ဖတ်ရှုရန်...





















မြန်မာပြည်ကို ပြန်သွားပါတယ်... ကြိုတင်စီစဉ်ထားခဲ့သလိုပါပဲ... မိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင် လျှောက်လည်ရ... ချစ်သူနဲ့ ပြန်တွေ့ရလို့ ဝမ်းသာရ... လျှောက်သွားကြပေါ့ကွယ်... အဲ... ဒီလိုနဲ့ နှစ်ပတ်ပြည့်တော့ SG ပြန်ရပြီပေါကွယ့်... မပြန်ချင်ဘဲ ပြန်ရတာဆိုတော့ လူက စိတ်နဲ့လူနဲ့ သိပ်မကပ်ချင်...

ကိုဖြိုးက လေဆိပ်ကို လိုက်ပို့တယ်... မေစုက ဖုန်းလှမ်းဆက်တယ်... ကားထွက်တော့ လမ်းထိပ်က အကွေ့လေးမှာ မေစုက လက်လေးတောင်ပြလို့... အမ်မယ်... မေစုက ပိန်သွားပါလား... ဟိုးအရင်တုန်းကလိုပဲ... ချစ်စရာကောင်းလိုက်တာလေ... ကားပေါ်ကနေ ဓာတ်ပုံလှမ်းရိုက်မလို့ပါပဲ... Phone Camera က သိပ်မကောင်းတော့ Zoom ဆွဲမရတာနဲ့ မရိုက်လိုက်ရဘူး... ဟင့်... ဪ... ရန်ကုန်ရောက်တုန်း မေစုတို့နဲ့တောင် မတွေ့လိုက်ရပါလား... ရန်ကုန်မှာ အားလုံးပြန်ဆုံဖို့က မလွယ်ဘူးလေ... ကိုယ်တောင် ပြန်လာရဖို့ မလွယ်တာ သူလည်း UK က ပြန်လာရဖို့ ဘယ်လွယ်ပါ့မလဲ...


အဲ့ဒါနဲ့ အဲ့လိုနဲ့ပေါ့လေ... ကားပေါ်မှာ စကားတွေ တပြောပြောနဲ့... လေဆိပ်ကို ထွက်လာကြတာပေါ့... သူငယ်ချင်းအသစ်တွေကို မမြင်ဖူးတဲ့ ကျွန်ုပ်မိခင်က ကိုဖြိုးကို "သားကကော မပြန်ဘူးလား" ဘာလားပေါ့... စပ်စုနေပြန်ရော... "ကိုဖြိုးက အလုပ်ကနေ ခွင့်နှစ်လတောင် ရလာတာလေ... မပြန်ရလို့ ပျော်နေတာ... မေစုလည်း ရောက်ပြီဆိုတော့ ပိုပျော်နေပြီပေါ့..." လို့ ကိုဖြိုးအစား ဝင်ဖြေရင်း ကိုယ့်ကျ နှစ်ပတ်ပဲ ပြန်လာလို့ရတဲ့အဖြစ်ကို ဝမ်းနည်းလိုက်မိတယ်...

လမ်းမှာလည်း ကားကျပ်တာနဲ့ ဘာနဲ့ဆိုတော့ လေဆိပ်ရောက်တော့ နောက်ကျနေပြီလေ... 9:00am ထွက်မယ့် Flight ကို 8:50am မှ Check In ကောင်တာ ရောက်တယ်... အမောတကောနဲ့ပေါ့... ပါ,သမျှ အထုပ်တွေ (ဘာတွေလဲတော့ မသိဘူး... တိုးလို့တွဲလောင်းတွေလည်း ပါရဲ့...:P) Check In ဝင်တော့... "ဟိုက်... SG က အခန်းသော့ အိမ်မှာ ကျန်ခဲ့ပြီ..." ဖခင်က စိတ်တွေတိုပြီး ထုံးစံအတိုင်း "အလုပ်လုပ်ရင် ဘယ်တော့မှ မသေချာဘူး..." ဘာဘူး ညာဘူးနဲ့ ဆူပါလေရော... မိခင်ကလည်း ထုံးစံအတိုင်း သမီး အဆူခံရပြီး မျက်နှာမကောင်းတော့ သူလည်း ဆူချင်ပေမယ့် မဆူရက်တော့... "ညည်းကလည်းအေ... ညည်းအဖေ စိတ်ဆိုးလည်း ဆိုးချင်စရာ... အမြဲ ပေါ့ရွှတ်ရွှတ်နဲ့..."လို့ ရယ်သံစွက်ပြီး ပြောပါတယ်... ထုံးစံအတိုင်း "ဟီး..."လို့ သွားဖြီးပြရတာပေါ့... ဟုတ်တော့လည်း ဟုတ်နေတာကိုး... နောက် ပါ,သမျှ အထုပ်တွေ အပ်ပြီးတော့မှ "အမ်... အင်္ကျီလက်ပြတ်ကြီးနဲ့ လေယာဉ်ပေါ်မှာ အေးတော့မှာပဲ..." ဆိုတော့ ကျွန်ုပ်ဖခင်က မျက်စောင်းလှည့်ထိုးပါတယ်... ကိုယ့်အမှားနဲ့ကိုယ်ဆိုတော့ ခပ်ကုတ်ကုတ်နဲ့ ဘာမှ ပြန်မပြောရဲဘူးလေ... နှုတ်ခမ်းအသာဆူလို့ ရှုံ့မဲ့မဲ့နဲ့ပေါ့... ဘယ်တတ်နိုင်မလဲ... အေးလည်း အေးတော့ပေါ့... မိခင်ကတော့ စိတ်ပူပြီး "ဟဲ့... ဖြစ်ရဲ့လား..." ပေါ့... "အင်း... အင်း..." လို့ ခေါင်းပဲ အသာငြိမ့်ပြရတော့တယ်... ဘာမှမှ လုပ်လို့ရတော့ဘဲ... Luggage က ခုလောက်ဆို လေယာဉ်ဆီ သယ်သွားနေလောက်ပြီလေ... "အဲ့... ခုမှ သတိရတယ်... လူက ခြေကျွတ်လက်ကျွတ် ဖြစ်နေပါလား မှတ်တယ်... လွယ်နေကျ Elle အိတ်လေးလေးကြီးက အိမ်မှာ ကျန်ခဲ့ပါလား... ဪ... ကျန်တော့လည်း ကျန်ပေါ့... ဟိုရောက်မှ နောက်တစ်လုံး... နောက်တစ်လုံး..." ဖခင်က ဘုကြည့်လှည့်ကြည့်တော့ ပြောင်စပ်စပ် သိပ်မလုပ်ရဲတော့ဘူးလေ... မျက်နှာပိုးသတ်ပြီး မိခင်နား ကပ်နေရတော့တာပေါ့...

Air Ticket တွေ ဘာတွေ ပြမယ်လည်းဆိုရော... "ဟိုက်... Passport က အိမ်မှာ ကျန်ခဲ့တဲ့ အိတ်ထဲမှာ..." ဖခင်က မျက်နှာကြီး မဲနေပြီလေ... လူကြားသူကြား ဒီအရွယ်ကြီး ရောက်နေလို့သာ ဖြစ်မယ်... ရိုက်တော့ တော်တော်ရိုက်ချင်နေလောက်မှာပဲ... "တွားပြီ~~~ မရှိမဲ့ရှိမဲ့ စုပြီး ပြန်လာတာ လေယာဉ်လက်မှတ် ထပ်ဝယ်ရရင်~~~ အီး~~~ ကုန်ပါပြီ~~~ ကုန်ပါပြီ~~~" အတွေးနဲ့တင် ချွေးတွေပြန်လာတယ်... ဖခင်ကတော့ သိတဲ့အတိုင်း မြန်မာပြည်ဆိုတော့ ကြံကြံဖန်ဖန်များရမလားပေါ့... ကြိုးပမ်းနေလေရဲ့... လေယာဉ်လက်မှတ် ထပ်ဝယ်ရရင် ပိုက်ဆံပိုကုန်လို့ ဗျစ်တောက်ဗျစ်တောက် အဆူခံရတော့မှာပဲလို့ တွေးပြီး စိတ်ညစ်လာတယ်... သေချာတယ်... ကိုယ့်ဘာသာ ဘယ်လိုမှ မဝယ်နိုင်ဘူးလေ... အမ်မယ်... ကြည့်လိုက်တော့ ဘေးမှာ ညီမလေးက စိတ်ပျက်လက်ပျက်နဲ့ ကျွန်ုပ်ကို မျက်စောင်းထိုးနေပါလား... ဟွန်း... အမြင်ကတ်လိုက်တာ... ပြန်လာတာချင်းတူတူ သူကျ မပြန်ရသေးဘူး... ငါက ပြန်ရတယ်... စိတ်ထဲ မျက်စောင်း အကြိမ်တစ်ရာလောက် ထိုးပစ်လိုက်တယ်... မိခင်ကတော့ ထုံးစံအတိုင်း ခေါင်းတခါခါ ဖြစ်နေပြီလေ... (မပြောချင်လို့လေ... အမှန်က စိတ်ပျက်နေလို့ ခေါင်းခါနေတာပေါ့... :P )

ဘယ်လိုမှ ကြံလို့ ဖန်လို့မရတော့ ဖခင်က စတင်ပြီး ရေနွေးအိုးတည်ပြီလေ... "အဲ့ဒါ ဘယ်လိုလုပ်မလဲ... ကျောင်းလည်း နောက်ကျပြီ..." အဆူခံရတော့ ဝမ်းနည်းလာပြီလေ... ငိုမဲ့မဲ့နဲ့ "အဲ့ဒါက ကိစ္စမရှိပါဘူး... ပြီးခဲ့တဲ့အခေါက်က အတန်းတွေ ကြိုတတ်ထားတော့ notes တွေ ရှိပါတယ်..." ဆင်ခြေက တက်လိုက်သေးတယ်... "အတန်းမတက်လို့ကော ရမှာလား... ပြဿနာက လာဦးမယ်..." "အဲ့ဒါလည်း ကိစ္စမရှိပါဘူး... သူငယ်ချင်းကောင်မလေးတစ်ယောက်ကို  Access Card ပေးထားတယ်... သူလုပ်ပေးပါလိမ့်မယ်..." ဖခင်က ခါးထောက်လာပြီ... "လေယာဉ်လက်မှတ်က ထပ်ဝယ်ရတော့မယ်..." အာ... ဒီပြဿနာက အကြီးဆုံး... ဘယ်လိုမှ ကျွန်ုပ် မတတ်နိုင်သောအရာ... "အီး..." နောက်ဆုံးလက်နက်လေ... ဟီး... ငိုပြီပေါ့... အဲ့ဒီမှာ ကောင်တာက အန်တီကြီးက သနားသွားတယ်ထင်ပါရဲ့... အသာ လက်တို့ပြီး Silk Air ကို ဖုန်းဆက်ပြီး Date ချိန်းလိုက်... တဲ့... "ဟင်... ရပါ့မလား အန်တီရဲ့... ခုပဲ ၉နာရီ ထိုးနေပြီလေ"... ရပါတယ်... ဘာညာသာရကာ... (မမှတ်မိတော့ဘူး) ဆိုပြီး ရှင်းပြတယ်... ဖုန်းဆက်ပြီး နောက်အပတ်မှ ပြန်ပေါ့တဲ့... "ဟာဟ~~ ငါ့လောက် ပျော်မယ့်သူ ရှိမှာမဟုတ်တော့ဘူး~~ မပြန်ချင်နေတာနဲ့ အတော်ပဲလေ~~" စိတ်င်္ထဲမှာ ပျော်နေပေမယ့် ငိုမဲ့မဲ့တော့ ဟန်ဆောင်ရသေးတယ်... ဖခင်က မျက်ထောက်နီကြီးနဲ့ ကြည့်နေတာကိုး... အတွေးထဲမှာတော့ မျက်နှာပျက်ပြီး နှုတ်ဆက်ကျန်ခဲ့တဲ့ တစ်စုံတစ်ယောက်ကို ပြေးမြင်ယောင်မိရင်း... ဟာဟ... ပျော်လိုက်လေခြင်း... "အဲ့... ငါ့ Luggage ကြီး ဘယ်လိုလုပ်မလဲ..." ဥစ္စာခြောက်ဆိုတော့ ဝမ်းသာနေတဲ့ကြားက ပစ္စည်းတွေကို လှမ်းပူလိုက်သေးတယ်... ဖခင်ကတော့ မျက်စောင်းထိုးပြီးရင်း ထိုးနေပြီလေ... မိခင်ကတော့ တစ်ပတ် ထပ်နေရဦးမှာဆိုတော့ ပျော်နေတာပေါ့... အဲ... အိမ်ပြန်ရောက်ရင် ဘယ်လို အပြင်ပြန်ထွက်ရပါ့... အမှားက လုပ်ထားတာဆိုတော့ ဖခင်က သိပ်ကြည်မှာ မဟုတ်ဘူး... သူကတော့ တော်တော်ဝမ်းသာသွားမှာပဲ... ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက် မဲ့လိုက်နဲ့ပေါ့... အင်း... အင်း... အင်း... စဉ်းစားခန်းဖွင့်ဦးမှ...?????

မျက်လုံးဖွင့်လိုက်တော့... ဪ... ဪ... ဘာတွေမှန်းမသိဘူးမှတ်ပါတယ်... အိပ်မက်ကိုး... ဟီးဟီး... အသံထွက်ပြီး ရယ်လိုက်မိတယ်... ငါ့နှယ်... တော်တော် SG မှာ နေချင်ရှာတာကိုး... အိပ်မက်ထဲမှာတောင် ပြန်မလာရလို့ ပျော်နေလိုက်တာများ... နာရီကြည့်လိုက်တော့ 5:25am... ဘေးမှာ ညီမလေးကတော့ အိပ်မောကျ,လို့... ဒီအချိန်ကြီးဆိုတော့ ပြောပြစရာလူကလည်း မရှိဘူးလေ... ဒါနဲ့ပဲ... စာတစ်ပုဒ်ဖြစ်သွားလေရဲ့... ဟီး......


Created By: k2tmaung (22 Aug 2010 Sunday 06:53AM)

ဆက်လက်ဖတ်ရှုရန်...

အတိတ်ဟောင်းတွေ ပြန်မတူးချင်ပါဘူး...
ဒါပေမယ့်...
တစ်ခါတစ်ခါ စိတ်မကောင်းဘူး...
ဟိုတုန်းက ကောင်းခဲ့တာလေးတွေ...
ခုတော့ ပြောင်းလဲသွားပြီမို့လေ...
အင်းပေါ့...
ဆောင်းကို ဖြတ်ခဲ့ပြီးပြီဆိုတော့...
တစ်နွေ ထပ်လောင်း...
ဝမ်းနည်းခြင်းတွေ ခိုအောင်းရမှာပေါ့...။

အရင်ချိန်တွေ ပြန်မတွေးချင်ပါဘူး...
ဒါပေမယ့်...
တစ်ခါတစ်ခါ စိတ်ပိန်တယ်...
ဟိုတုန်းက ချိုမြိန်ခဲ့တာလေးတွေ...
ခုတော့ တိမ်မြုပ်သွားခဲ့ပြီမို့လေ...
အင်းပေါ့...
ကြိမ်ကြိမ်ဖန်ဖန် လေထန်ပြီးပြီဆိုတော့...
ဒီနွေမှာ လေငြိမ်...
အတိတ်တွေ ခပ်မှိန်မှိန်ဖြစ်ရပြီပေါ့...။


Created By: k2tmaung (12 August 2010 Thursday 02:21AM)

ဆက်လက်ဖတ်ရှုရန်...

တိမ်တောက်ချိန်မှာ...
ငါ ကြယ်ကြွေတွေ ကောက်နေတယ်...
မှောက်လျက်လဲဖူးတဲ့ နေရာ...
နောက်တစ်ခေါက် ထပ်ရောက်တယ်...
တောက်... အမှတ်မရှိတဲ့ ငါ...
ငေါက်ငမ်းစရာ စကားလုံးတွေတောင် ပျောက်တယ်...။

အရင်က မြင်ခဲ့ရတဲ့ ပုံရိပ်...
ခုတော့ အတိတ်ဖြစ်ပြီပေါ့...
ချိတ်ပိတ်ထားခဲ့တဲ့နေရာ...
အိပ်မက်တွေ ဖိတ်ခံရတော့ ဒိတ်တပ်မိတယ်...
တိတ်... ကျမိတဲ့ မျက်ရည်...
ကျိတ်ဆုတောင်းဖို့ ဆန္ဒတွေ မီးမှိတ်သင့်ပြီ...။

အမောတကောပေမယ့်...
အကြောပေးဖို့တော့ ရက်ရောတယ်...
နှမြောတွန့်တိုခဲ့တဲ့ နေရာ...
လောကွတ်တွေနဲ့ ပုံအောလိုက်မိတယ်...
တော်... စိတ်တွေလွင့်တယ်...
အားလုံးနဲ့ ရောခံထားရတဲ့...
ဒီဇာတ်မျောမှာ...
ငါ နင်နဲ့ မပျော်တော့ဘူး...။


Created By: k2tmaung (08 August 2010 Sunday 05:11AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..