ဆုတောင်းတွေ ပြည့်စေလို
အို ကြွေပါလေတော့ ကြယ်လေးရယ်တဲ့...
ကောင်းကင်ကိုမော်
အသက်ရယ် ဆယ်ကျော်
အဖြူထည်အရွယ် ငယ်ငယ်ကပေါ့...
မမြင်ရတဲ့ ဆူးတစ်ချောင်း...
ဘဝတစ်ခုလုံး ဗြောင်းဆန်အောင်
အတိတ်မှာ အရိပ်တွေ စွေစောင်း
ဆယ်ကျော်သက်ကို အဲ့လောင်းရိပ်က
အမုန်းတရားဆီမှာ ရောင်းစားခဲ့တယ်...
အမှတ်မရှိတာလား...
အမှတ်တမဲ့လား...
သိပ်တော့ မသေချာဘူး...
ကမ်းနေတဲ့လက်က
ခြေချော်ကျတဲ့ လမ်းတစ်ဝက်မှာ
သွေးတိုးစမ်းတဲ့ အနာကျက်ဆေး
ခပ်ရေးရေး အနာဂတ်ကို တွယ်ဖက်
ရက်သတ္တပတ်တွေ အခါခါဖြတ်ပြီးမှ
အတ္တနဲ့ အပွန်းအပဲ့ခံ တွဲခဲ့တဲ့ အဲ့ဒီလက်
မငဲ့မကွက် ရိုက်ထည့်ခဲ့တာ
စိုက်ဝင်နေတဲ့ဆူးတစ်ချောင်း အဆုံး
ရောင်မပြန်တဲ့ မေတ္တာ နဲ့ စေတနာ
ခွင့်လွှတ်တတ်တဲ့ အကြင်နာ နဲ့ ဂရုဏာ
ကျေးဇူးတစ်ခွန်းနဲ့ မညီမျှခဲ့သလား
ဆော်ရီးတစ်ခွန်းနဲ့ မထိုက်တန်ခဲ့သလား
မမြင်ရတဲ့ ဆူးတစ်ချောင်း...
တစ်ဘဝလုံး နှုတ်မရအောင်
အနာဂတ်မှာ အရိပ်တွေ ခြေချုပ်
ဘဝနိဂုံးကို အဲ့ရက်စွဲတွေက
အကျဉ်းစံတံဆိပ် ခတ်နှိပ်ခဲ့တယ်
ဆုတောင်းတွေ ပြည့်စေလို
အို ကြွေပါလေတော့ ကြယ်လေးရယ်တဲ့...
ရက်စက်လိုက်တဲ့ ဆန္ဒ
မာနတွေ ခဝါကျ
ကိုယ်ချင်းစာ နာကျင်တတ်မှ
ခခယယ စကားလေးတစ်ခွန်း ဆိုပါရစေ
တောင်းပန်ပါတယ်...လို့
ကြယ်လေး...သို့