ရုန်းကန်နေရတဲ့ မြို့ပေါ်က ဘဝတွေမှာ ရှုပ်ထွေးမှုတွေ ပိုများနေရော့သလား... ရေရာဖို့ကို ကြိုးစားရင်း မရေရာမှုတွေနဲ့ လမ်းတွေ ပျောက်ပျောက်သွားတယ်... ဘဝဆိုတာ ဒီလိုပဲ ခဏခဏ မီးပြတ်တတ်သလား... တစ်ခါတစ်ခါတော့ စိတ်ကူးယဉ်ထားတဲ့ အိပ်မက်တွေ ကျကွဲသွားတိုင်း ဘာဆက်လုပ်ရမလဲဆိုတဲ့ မေးခွန်းတွေကို သိပ်ခါးသီးမိတယ်...
လူတိုင်းမှာ အမှားတော့ ဘယ်ကင်းမလဲလေလို့ ဖြေသိမ့်ဖြစ်တယ်ဆိုပေမယ့် အပ်ကြောင်းထပ်နေတဲ့ ဒီဓာတ်ပြားဟောင်းက ဆေးမတိုးချင်တော့ဘူး... ကိုယ်က မင်းသမီးမဟုတ်တဲ့ ဇာတ်ဆောင်ဆိုတော့ စင်ဒရဲလားလို ဖိနပ်လေးတစ်ဖက်ကိုင်ပြီး လာရှာမယ့် မင်းသားတော့ ဘယ်ရှိမလဲ... ကျရာနေရာက သရုပ်ဆောင်ရမယ်ဆိုပေမယ့် ဒီအပြုံးပိုင်ရှင်က ငိုရတဲ့အခန်းမှာ ပီပြင်ရဲ့လားလို့ မေးချင်တယ် ကံဇာတ်ဆရာ... ကံကိုချည်း ပုံပုံချနေရတာ တစ်ခါတစ်လေတော့ ရှက်မိတယ်... အတိတ်ဘဝက ငါဟာ လူဆိုးမကြီးပါလားလို့... ပြက်လုံးမဟုတ်တဲ့ တကယ့်အမှန်တရားတွေဟာ ဒီလိုပဲ ရယ်စရာကောင်းတတ်ပါတယ်လေ... အမုန်းတရားတွေ ကြီးစိုးတဲ့အခါ တစ်ဆစ်ဆစ်နဲ့ ဆူးစူးနေတဲ့ ရင်ဘတ်ထဲ ဘယ်သူနဲ့ဘယ်သူ တိုက်မှန်းမသိတဲ့ စစ်ပွဲတွေ ပြည့်ကျပ်ဆူညံလို့နေတယ်... အားမတန် မာန်တွေကို လျှော့ရတဲ့အခါ ဘာကိုလှမ်းဆွဲလို့ ဆွဲရမှန်းမသိ ရေနစ်သလို မွန်းကျပ်မှုမျိုးနဲ့ အနာဂတ်က ကာလာဘလိုင်းနဲ့ ဝေဝါးဝါးရယ်... စိတ်တွေကို ပြန်တင်းရတဲ့အခါကျပြန်တော့ တစ်ယောက်တည်း စတိတ်ပေါ် cat walk လျှောက်နေရသလိုမျိုး မြောက်ကြွမြောက်ကြွနဲ့ ဒါပေမယ့် ချော်လဲသွားမလားတော့ ပူရသေးတာပဲလေ...