Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...






































အဖေက အမြဲပြောတယ်...
"လုပ်ချင်တာကို ဇွတ်လုပ်တတ်တဲ့ နင့်အတွက် ရင်လေးတယ်"တဲ့......

အင်း...
၁၀တန်းတုန်းကလည်း လုပ်ချင်တာလုပ်လို့ ဂုဏ်ထူးတစ်ခုပဲ ထွက်တာလည်း မဆန်းပါဘူး...
တက္ကသိုလ်တက်တော့လည်း ယူချင်တာယူလို့ ခုချိန်မှာ မအောင်မြင်တာလည်း မဆန်းပါဘူး...
အဲ... စလုံးကို ကိုယ့်စိတ်ကိုယ့်သဘောနဲ့ ရောက်လာပြီး စိတ်ညစ်စရာတွေ ကြုံရတာလည်း မဆန်းပါဘူး...

အဲ့ဒီလို လုပ်ချင်ရာ လုပ်နေတဲ့အချိန်တွေထဲကမှ လွန်ခဲ့တဲ့ ၅နှစ်လောက်က လူတစ်ယောက်ကို ပြင်းပြင်းပြပြ သတိရမိတယ်... အဲ့ဒီလွန်ခဲ့တဲ့ ၅နှစ် ကျမ စိတ်လေတေတေဖြစ်နေတဲ့အချိန် online မှာ ဟိုအီအီ ဒီအီအီပေါ့... အီတယ်ဆိုတာ ဟိုကောင်လေးက ခင်ချင်တယ်ဆိုလည်း ခင်လိုက်တာပဲ... ဒီကောင်လေးက ခင်ချင်တယ်ဆိုလည်း ခင်လိုက်တာပဲ... အဲ့... ရည်းစားစကားလာပြောရင်တော့ ဒေါသက ငယ်ထိပ်ရောက်သွားရော... ဟီးဟီး... အဲ့ဒီလိုပါ... ဟိုဆိုက်ဒ်မှာ စပ်စပ် စပ်စပ်ပါ,လိုက်၊ ဒီဆိုက်ဒ်မှာ ရွှီးလိုက်နဲ့ ရှုပ်နေရောပဲ... အဲ့ဒီအချိန်မှာ MOS လို့ ကျမတို့ အတိုကောက်ခေါ်တဲ့ site လေးမှာတော့ ကျမ အတည်တကျ ခင်မင်ရတဲ့ သူငယ်ချင်းမောင်နှမတွေ ရှိခဲ့တယ်... ဘယ်လိုကဘယ်လို အဲ့ဒီဆိုက်ဒ်ကို ရောက်သွားလည်း ကျမ မမှတ်မိတော့ပေမယ့် အဲ့ဒီဆိုက်ဒ်မှာတော့ အပြင်မှာ မသိကြပါဘဲ တစ်ယောက်နဲ့တစ်ယောက် တကယ့်မောင်နှမတွေလို ခင်မင်ခဲ့ကြတယ်... ရှေးရေစက်ပဲ ထင်ပါရဲ့... အဲ့ဒီလူတွေနဲ့ပဲ အပြင်မှာဆုံဖြစ်ဖူးသလို ခုထိလည်း အဆက်အသွယ်ရှိပြီး မောင်နှမတွေလို ခင်မင်နေကြတုန်းပါပဲ... ကျမ စိတ်လေနေခဲ့တဲ့ အချိန်ကာလတစ်လျှောက်လုံး online မှာ လုပ်ချင်တာ လုပ်နေပေမယ့် MOS မှာတော့ အရိုးသားဆုံးနဲ့ ကိုယ့်ပင်ကိုစိတ်ရင်းအတိုင်း နေထိုင်ဆက်ဆံခဲ့ပါတယ်... လူလည်းနည်းသလို မောင်နှမတွေလို အပြိုင်ငြင်းကြ၊ ရန်ဖြစ်ကြနဲ့ နောက်တော့ တစ်ခြားဆိုက်ဒ်တွေဘက် သိပ်မရောက်ဖြစ်တော့သလောက်ပဲ...

အဲ့လိုစိတ်လေနေတဲ့အချိန် အဲ့ဒီဆိုက်ဒ်မှာ လူတစ်ယောက်နဲ့ ဆုံခဲ့တယ်... စ,စချင်းတော့ ဂျစ်တစ်တစ်နဲ့ သူ့profile ပုံကို ကြည့်ပြီး သူ့ကို မခင်ပါဘူး... တစ်ခြားသူတွေလောက်လည်း စိတ်ဝင်တစား မရှိခဲ့ပါဘူး... ဒါပေမယ့် သူနဲ့ ခင်မင်လာတဲ့အခါ၊ သူ့အကြောင်းတွေ သိလာရတဲ့အခါ၊ သူ့အလုပ်တွေအကြောင်း မြင်ရကြားရတဲ့အခါ၊ ကျမကို ဆုံးမစကားတွေနဲ့ ထိန်းကျောင်းပေးတတ်တဲ့အခါ သူ့အပေါ် တော်တော်လေး သံယောဇဉ်ဖြစ်မိတယ်... ကျမက လုပ်ချင်ရာလုပ်ပြီး ရှေ့ရေးနောင်ရေး သိပ်မစဉ်းစားတတ်တဲ့သူဆိုတော့ ကျမနဲ့ ဆန့်ကျင်ဘက်လူတစ်ယောက်ကို တွေ့လို့ စိတ်ဝင်စားတာလည်း ဖြစ်နိုင်ပါတယ်... အမြဲတမ်း သွေးအေးအေးနဲ့ ချက်ကျလက်ကျ တွေးတတ်၊ ပြောတတ်၊ လုပ်တတ်ပြီး လူကြီးလည်းဆန်တယ်... ကျမ စိတ်လေလေရှိတိုင်း၊ အလိုမကျရှိတိုင်း၊ စိတ်မကောင်းဖြစ်တိုင်း ကဗျာရေးတာပဲဖြစ်ဖြစ် status ရေးတာပဲဖြစ်ဖြစ် ကျမစိတ်ကို ပထမဆုံး သိနိုင်စွမ်းရှိတာ အဲ့ဒီအစ်ကိုပဲ... ကျမအိမ်တွင်းရေးတွေ ပြောပြမိသလို အလုပ်ထဲ အဆင်မပြေတာတွေလည်း ပြောပြမိတယ်... သူက နားထောင်ပေးတယ်... ဆုံးမတယ်... ဘယ်ဟာက ကောင်း၏၊ ဘယ်လိုက ဖြစ်သင့်၏နဲ့ ပိုင်းခြားဝေဖန်ပေးတယ်... ကျမကို တော်တော်လေးလည်း အနွံတာခံတဲ့ အစ်ကို ဖြစ်သလို ကျမ ကလေးဆန်သမျှလည်း နားလည်ကြည်ဖြူ ခွင့်လွှတ်ပေးတတ်တယ်... ဒါပေမယ့် ကျမ နိုဝင်ဘာ 2010 မှာ အလုပ်ထွက်ပြီး အလုပ်ပြန်ရှာမရလို့ မြန်မာပြည် ပြန်သွားတဲ့အချိန်ကစပြီး အဲ့ဒီအစ်ကိုကို ကျမ ပြန်မတွေ့ရတော့ဘူး...

ကျမ ငယ်ငယ်ကတည်းက အစ်ကိုအစ်မလိုချင်သူပီပီ သူ့ကို အစ်ကိုရင်းလို အရမ်းခင်မင်မိသလို ကျမအပေါ်မှာလည်း ညီမငယ်တစ်ယောက်နဲ့မခြား အမြဲသွန်သင်ဆုံးမတတ်ပြီး ခွင့်လွှတ်နားလည်ပေးတတ်တယ်... ကျမ စိတ်လေတိုင်း၊ တစ်ယောက်တည်းဖြစ်တိုင်း၊ အလုပ်ထဲ စိတ်ညစ်စရာတွေရှိတိုင်း ကျမ သူ့ကို အရမ်းတမ်းတမိတယ်... အရင်လို ကျမ ဖွင့်မပြောပါဘဲ ကျမစိတ်ကို သိနိုင်လွန်းတဲ့ အဲ့ဒီအစ်ကိုကို ကျမ အရမ်းသတိရမိတယ်... ဒါပေမယ့် ကျမ သူ့ကို ဘယ်လိုမှ ရှာလို့မရတော့ဘူး... တကယ်လို့ တကယ်လို့သာ အချိန်တွေကို နောက်ပြန်လှည့်လို့ရရင် ကျမ မြန်မာပြည်မပြန်ဘဲ သူပြောသလို ရရာအလုပ်ကိုဝင်လုပ် ပြီးမှ ကြိုက်တဲ့အလုပ်ကို တဖြည်းဖြည်းပြန်ရှာပြီး သူနဲ့ ဆက်လက်ခင်မင်ခွင့်ရချင်တယ်... သူ့ဆီက ဆုံးမစကားတွေ၊ သွန်သင်လမ်းပြမှုတွေနဲ့ ကျမအပေါ် နားလည်ခွင့်လွှတ်တတ်တဲ့ သူတစ်ယောက်ကို online မှာ ဆက်ရှိနေစေချင်တယ်... သူရှိနေခဲ့တဲ့ အဲ့ဒီအချိန်ကာလတစ်လျှောက်လုံးမှာ ကျမ ဘယ်တုန်းကမှ အထီးကျန်မဆန်ခဲ့ဘူး... ဘဝမှာ အလဲလဲအပြိုပြိုဖြစ်ခဲ့တုန်းကလည်း ကျမ မျက်ရည်မကျခဲ့ဘူး... အဲ့ဒီလောက် သူရဲ့ ဆုံးမစကား၊ အားပေးစကားက ကျမအပေါ် အစွမ်းထက်ခဲ့တယ်...

ကျမက စိတ်စိုးလို့ ပြန်စိတ်စိုးတဲ့သူ၊ ကျမက စိတ်ကောက်လို့ ပြန်စိတ်ကောက်တဲ့သူ၊ ကျမ ကလေးဆန်သလို လိုက်ကလေးဆန်တဲ့သူ၊ ကျမ ရွဲ့တိုင်း လိုက်ရွဲ့တတ်တဲ့သူ၊ ကျမစိတ်ကို သိပါရက်နဲ့ မသိချင်ဆောင်ပြီး ကျမ မကြိုက်တာတွေ လုပ်ပြီး ကျမကို ခံစားရအောင်လုပ်တဲ့သူ မဟုတ်ဘဲ စိတ်ရင်းအတိုင်း နားလည်ခွင့်လွှတ်ပြီး လူကြီးဆန်ဆန် ပြောတတ်ဆိုတတ် ဆုံးမတတ်သော၊ မှန်၏မှား၏ လုပ်သင့်မသင့် အမြဲချင့်ချိန်စဉ်းစားပြီး ကျမကို ထိန်းကျောင်းပဲ့ပြင်နိုင်တဲ့ အစ်ကိုလင်းလက်... ကျမ အပြစ်လုပ်မိတာတွေ ရှိရင်၊ အမှားပြုမိခဲ့တာရှိရင် အရင်လို ခွင့်လွှတ်ပြီး ကျမအပေါ် ဟိုးအရင်ကလို ပြန်အဆက်အသွယ်လုပ်နိုင်ပါစေလို့ မျှော်လင့်လျှက်...
Created By: k2tmaung (05 August 2013 Monday 04:39PM)

2 comments:

အကိုကို သူက အပိုင်သိမ်းလိုက်တာကျတော့ မပြောဘူး...
ဟွန်း...

ကျမ ရင်ဘတ်ထဲမှာ အခိုင်အမာနေရာယူခဲ့တဲ့ ကျမအပေါ် ငဲ့ညှာ၊ ဆုံးမလမ်းညွှန်၊ ဂရုစိုက်ကာကွယ်ပေးခဲ့တဲ့ ကိုလင်းလက် ခုတော့ ဆုံးသွားပြီ...

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..