Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...



















ဒီနေ့... ကျမ တစ်ယောက်တည်း ဆုံးဖြတ်ချက်ချတယ်... ကျမ နေရာကို တစ်ခြားတစ်ယောက်ကို လွှဲပြောင်းပေးလိုက်တော့ဖို့အတွက်... အဲ့ဒီအတွက် အလွှဲအပြောင်း ရှင်းတမ်းလေးတစ်ခုတော့ ရှိသင့်တာပေါ့...

ချစ်သူရဲ့ချစ်သူ...

ဘယ်တုန်းကမှ သင့်အပေါ် မေတ္တာမပျက်၊ မမုန်းခဲ့ပါ... ငါ ချစ်သလို သင်လည်း သူ့ကို ချစ်မှာပါပဲ...
အဲ့ဒီနေရာ ငါ လည်း နေခဲ့ဖူးလို့ ငါ လည်း နားလည်တယ်... ခံစားပေးလို့ ရတယ်...
တစ်ခုတော့ ရှိတယ်... ငါက ငါ့ကိုယ်ငါ သူငယ်ချင်းလို့ ခေါင်းစဉ်တပ်ပြီး ရှေ့က တစ်ယောက်ဆီ ငါ ပြန်တွန်းပို့ပေးဖို့ ကြိုးစားခဲ့တာ...
သင့်ကို ငါ မသိဘူး... ရှေ့က တစ်ယောက်ကိုလည်း ငါ မသိခဲ့ဘူး... (ရှေ့တစ်ယောက်ကို မသိဘူးဆိုတာထက် ငါ အမှတ်မထားမိလိုက်မိဘူးဆို ပိုမှန်မယ်...)
ဒါပေမယ့် ဇာတ်သိမ်းခန်း ရောက်ကာနီးမှ သိလိုက်ရတာချင်းကတော့ တူတူပါပဲ...
ရှေ့တစ်ယောက်ဆီက ငါ မလုခဲ့သလို ငါ့နေရာကိုလည်း ငါ အလုမခံနိုင်တာ သဘာဝတော့ ကျ,မယ်ထင်ပါရဲ့...
နှစ်ယောက် တစ်ယောက်မို့ ငါ ဒီပွဲက တရားဝင် ထွက်ပါတယ်... ဘက်မညီတဲ့ ငါတို့ ပွဲမှာ ငါ့ကိုယ်ငါ ထပ်မရှုံးချင်ဘူး...
ငါ မကြားဖူးတဲ့ စကားလုံးတွေ... သူ့ဆီက ထွက်လာကတည်းက ငါ ရိပ်မိခဲ့ပါတယ်... ဒါပေမယ့် ငါတို့က ဝေးကွာနေဆဲလေ...
ငါ... ဒီဇင်ဘာနှင်းထုကို အရမ်းမျှော်လင့်ခဲ့တာ... ငါတို့နှစ်ယောက် ရန်ပွဲတွေ မျက်နှာချင်းဆိုင် ဆွေးနွေးဖြေရှင်းပြီး ချစ်ကြည်ရေးရဖို့ကို...
ထင်မထားလိုက်မိဘူး... သင် က လက်ဦးသွားလိမ့်မယ်လို့..


ငါ သင့်ကို ဆက်သွယ်ဖူးတာ သူငယ်ချင်းတစ်ယောက်အနေနဲ့ အနူးညံ့ဆုံး တောင်းပန်ခြင်းသင်္ကေတတစ်ခုအဖြစ်ပါ...
ငါ သင့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် အရိုးသားဆုံး ပြောဆိုခဲ့တာကလွဲလို့ သူ၊ သင်၊ ငါဆိုတဲ့ အရိပ်အယောင်တောင် မပါ,ခဲ့ပါဘူး...
ငါ ချစ်သူအကြောင်း... သူငယ်ချင်းတစ်ယောက်ကို ပြောပြတယ်ဆိုရုံကလွဲလို့ ငါ ဒီ့ထက်ပိုပြီး သင့်ကို စစ်ဆေးမေးမြန်းပြောဆိုခြင်း မလုပ်ခဲ့ဖူးဆိုတာ ငါ လိပ်ပြာ ငါ လုံတယ်...
သင့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် ဘုံထုတ်ဖို့ ကြိုးစားကြည့်လိုက်ရုံပါ...
သင် ဘယ်လိုနားလည်ပြီး ဘယ်လို သူ့ကို အကြောင်းပြန်ခဲ့လဲ ငါ မသိလိုက်ခင်မှာ ငါက ဒဿနေရာ ရောက်သွားခဲ့တယ်...

တစ်ကြိမ်မဟုတ်တဲ့ အကြိမ်အရေအတွက်တွေကို ငါ့မျက်စိနဲ့ အတိအကျ ဖတ်လိုက်မိတာတောင် အနားမှာ မနေပေးနိုင်တဲ့ ငါ့ကိုယ်ငါ အပြစ်ဖို့ရင်း စိတ်ထွက်ပေါက်တစ်ခုအဖြစ် ငါ နားလည်ပေးထားခဲ့တာပေမယ့် ငါလည်း ခံစားတတ်တဲ့သူ... မနာကျင်ဘဲ ရှိပါ့မလား... သိပေမယ့် မသိချင်ဆောင်ပေးထားတာ ငါ သိပ်အ,လို့တော့ မဟုတ်ပါဘူး... chatting လောက်ပါပဲလို့ ငါ အယုံကြည်လွန်ခဲ့မိလိုက်တာ ငါ့တစ်ယောက်တည်း အမှားပါပဲ...
ကြွေးဟောင်းရှိခဲ့လို့ ဆပ်တယ်လို့ပဲ ငါ သဘောထားလိုက်ပါ့မယ်...
ကြွေးသစ် သင် ယူတာဆိုလည်း ငါ သင်တို့ကို ထပ်မတွေ့လိုလို့ ဘယ်တော့မှ အဲ့ဒီကြွေးသစ်ကို ပြန်မတောင်းပါဘူး...

ငါ့အရင်းနှီးဆုံး မိသားစု၊မိတ်ဆွေတွေနဲ့ ဆန့်ကျင်ခဲ့ပြီး သူ့ကို ချစ်ခဲ့တာ ခုချိန်မှာ မအိပ်နိုင်၊ မစားနိုင်၊ ဘယ်အရာမှ အာရုံမရပါဘူးဆို ဆန့်ကျင်ခဲ့တဲ့ ငါ မှားပါတယ်လို့ ဝန်ခံရာ ရောက်သွားမှာပေါ့...
ငါ ငိုပါတယ်... ဒါပေမယ့် လူတွေရှေ့ ငါ ဟန်ဆောင်ပြုံးတယ်... ဘယ်သူ့မှ ရင်ဖွင့်စရာမရှိတဲ့နေရာ ဒီငါ့စာမျက်နှာသာ ငါ့ကိုလက်ခံတယ်လေ...
မုန်းလား?... မုန်းတာပေါ့... အချစ်နဲ့အမုန်း လွန်ဆွဲပွဲမှာ ငါ့စိတ်တွေ ဒဏ်ရာအကြီးအကျယ်ရခဲ့တယ်... ငါ သူ့ကို ပြောခဲ့ဖူးပါတယ်... ငါ့ဘဝမှာ အဖြူရောင်သန့်သန့်နဲ့ ပျော်စရာနေရာလေး တစ်ခုပဲ ရှိခဲ့ပါတယ်လို့... ဒါပေမယ့် လောကကြီးက ဘက်လိုက်လွန်းပါတယ်...
ခုတော့ ငါ... အားလုံးကို အလျှော့ပေးပါတယ်... ငါ ချစ်ခဲ့တာလည်း ငါ့အပေါ် နူးညံ့နားလည်ပြီး အပြစ်မမြင်၊ ဒေါသမတင်တတ်တဲ့ ဟိုးအရင်က သူ့ကိုပါ... နားလည်းမလည်၊ ရင့်သီးစိတ်တိုပြီး လွယ်လွယ်လေးလမ်းခွဲတတ်တဲ့ လက်ရှိ သူ့ကိုမှ မဟုတ်တာ...

တစ်ခုပါပဲ... ငါ နားလည်ပေးခဲ့တာထက် သူ့ကို သင် ပိုနားလည်ပါ... ငါ ကောင်းခဲ့တာထက် သူ့ကို သင် ပိုကောင်းပါ... ငါ ချစ်ခဲ့တာထက် သူ့ကို သင် ပိုချစ်ပါ...
ဒါမှ ငါ့ကို ပြိုင်တဲ့ သင်... ငါ အလျှော့ပေးရတာ ကျေနပ်နိုင်လိမ့်မယ်...

သင် သိချင်လည်း သိမယ်... သိချင်မှလည်း သိလိမ့်မယ်... ဒါပေမယ့် ငါ့ချစ်သူရဲ့ချစ်သူမို့ ငါ ပြောပြချင်ပါသေးတယ်...

- ထမင်းစားရင် tissue လေးဆောင်ထားပါ... သူက အစပ်ကြိုက်တော့ ထမင်းစားတိုင်း ချွေးထွက်များတယ်...
- လမ်းသွားရင် ရေဗူးလေးတစ်ဗူး ဆောင်သွားပါ... သူက 'ရေ'ကို အရမ်းနှစ်သက်တယ်...
- မိုးရွာတဲ့အချိန် သူ့ကို ဖုန်းဆက်ပါ... သူက ဖျားနာလွယ်တယ်...
- ပင်ပန်းတယ်လို့ သူ ပြောရင် ဂရုစိုက်ပါ... သူက သွေးပေါင်ကျ,တတ်တယ်...
- လမ်းအတူ တွဲလျှောက်ရင် သတိထားပြီး သတိပေးပါ... အရပ်ရှည်လို့ ကိုယ်ကိုကိုင်းပြီး သူ လျှောက်တတ်တယ်...
- သူ့အတွက် စားစရာတစ်ခုခု ချက်ကျွေးမယ်စဉ်းစားရင်... ထမင်း နဲ့ ဟင်းသာ ဦးစားပေးပါ... သူက ထမင်း ကြိုက်တယ်...
- ကြေးအိုးသောက်ရင် soup သာ မှာ,ပေးပါ... သူက ကြာဇံမပါဘဲ soup ချည်းသောက်ရတာ နှစ်သက်တယ်...
- အအေးဆိုင် ထိုင်ရင် ကော်ဖီရမယ့် ဆိုင်ကို ရွေးပါ... သူက ကော်ဖီ ကြိုက်တယ်...
- ညဘက်တွေ သူ အလုပ်လုပ်ရင် သတိထားပေးပါ... သူက အလုပ်လုပ်ရင်း ကွန်ပြူတာရှေ့မှာ အိပ်ပျော်တတ်လို့...
- သူ့မိတ်ဆွေ၊ သူ့သူငယ်ချင်းတွေရဲ့ ဖုန်းနံပါတ်တွေ၊ email တွေ ပြောရင် မှတ်ထားပေးပါ... သူ မေ့သွားရင် သင့်ကို သတိတရနဲ့ 'မှတ်ထားမိလား'လို့.. မေးလိမ့်မယ်...
- သူ့ အလုပ်ကြောင်း နားမလည်တောင် သူ ပြောပြရင် လေးလေးနက်နက် နားထောင်ပေးပါ... သူက သူ့အလုပ်ကို အရမ်းမြတ်နိုးတွယ်တာသူမို့ပါ...
- သူ့မိသားစုနဲ့ အဆင်မပြေတဲ့အခါ သူ့ကို နွေးနွေးထွေးထွေးဆက်ဆံပါ... သူ့ရင်ထဲက နှစ်ချို့နေတဲ့ ဒဏ်ရာတွေအတွက် သူ ငိုရင်လည်း အားပေးဖို့ သင် ပြုံးနေပေးပါ...
- တစ်နေ့ မိသားစု တစ်စုအဖြစ် ပေါင်းစပ်တဲ့အခါ သူ့မိသားစုကို သူ့အစား ဂရုစိုက်ပေးပါ... သူ့မိသားစုကို သူ စိတ်နာတယ် ဘယ်လောက်ပြောပြော သူ့မိသားစုကို သူသိပ်ချစ်ပါတယ်...
- အိမ်နဲ့ အဆင်မပြေတဲ့သူ့ကို နားလည်ပေးပြီး သူ့မိသားစုနဲ့ အဆင်ပြေအောင် နေပေးပါ... သင်နဲ့ သူ့မိသားစုအဆင်ပြေရင် သူလိုချင်တဲ့ မိသားစုဘဝဆိုတာကို သူ အလိုလို ရရှိသွားမှာပါ...
- သူ ကောင်မလေးတွေအကြောင်း ပြောပြီး စ,နောက်တဲ့အခါ စိတ်အရမ်းမဆိုးပါနဲ့... သူ ပျော်နေလို့ နောက်တာပါ...
- ဘတ်စ်ကားစီးတဲ့အခါ သူ့လက်ကို တွဲထားပါ... သူက အဲ့လို တွဲထားတာကို သဘောကျတယ်...
- သူနဲ့ အပြင်သွားတဲ့အခါ သူ့ပစ္စည်းတွေကို သတိထားပေးပါ... ယောက်ျားလေးဖြစ်လို့ နည်းနည်းတော့ သတိမေ့တတ်တယ်...
- သင်ဝယ်ပေးတဲ့ လက်ဆောင်တွေ သူ ပျောက်သွားရင် အပြစ်မတင်ပါနဲ့... မိန်းကလေးမို့ ဝမ်းနည်းမယ်ဆိုတာ သိပေမယ့် သူ့ကို အပြစ်တင်ရင် စိတ်မကောင်းဖြစ်ပြီး စိတ်ညစ်သွားလိမ့်မယ်...
- သူ စိတ်တိုနေချိန် ငြိမ်ငြိမ်လေး နေပေးလိုက်ပါ...
- သူနဲ့ စိတ်ဆိုးရန်ဖြစ်တဲ့အခါ မပြိုင်ပါနဲ့... မအော်ပါနဲ့...
- သူ မကြိုက်ဘူးလို့ ပြောထားတဲ့ ကိစ္စ ကို ရှောင်ပေးပါ...
- သူ့ကို ဘာလုပ်လုပ် တိုင်ပင်အသိပေးပါ...
- သူ့ဘက်မှာ အမြဲ ရှိနေပေးပါ...
- သူ့ကို အမြဲယုံကြည်နားလည်ပေးပါ... (တကယ်လို့ တကယ်လို့ပေါ့လေ သူ သင့်ထက် ပိုဂရုစိုက်ရမယ့်သူ တွေ့ခဲ့ရင်တောင်ပေါ့...)

ချစ်သူ...

အမြဲကံကောင်းလို့ အေးချမ်းပါစေ...
တောင့်တတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်လို့ ပျော်ရွှင်နေပါစေ...
~~~ချစ်မဝသေးခင်မှာ~~~ မင်းတို့ ခဏခွဲလိုက်ရတော့ မင်း ငါ့အပေါ် စိတ်မရှည်နိုင်တာ ငါ နားလည်ပါတယ်...
မင်းနဲ့ အဝေးဆုံးမှာ နေတဲ့ချစ်သူလို့ မင်း ပြောခဲ့ပေမယ့် မင်း ငါ့အနားနားမှာ အမြဲရှိခဲ့ပါတယ်... မင်းအနားမှာသာ မင်းက ငါ့ကို မထားခဲ့တာပါ...
မင်း အမြဲပြောဖူးခဲ့တယ်... မင်းအတွက် အသစ်ဆိုတာ မရှားဘူး...လို့... ငါ ယုံပါတယ်... အသစ်ဆိုတာ အချစ်ကို ဖြစ်ပွါးလာနိုင်စေတယ်ဆိုတာကိုပဲ ငါ မေ့သွားတာပါ...
ငါလည်း မရှားတော့မရှားဘူးပေါ့... ဒါပေမယ့် မင်း နဲ့ ငါ ကွာနေတာက.အသစ်လို့ ဘယ်တုန်းကမှ ငါ မြင်ကြည့်လို့မရခဲ့တာ..
ငါ ပေးခဲ့ဖူးတဲ့ မေတ္တာ၊ သစ္စာနဲ့ နားလည်မှု တစ်နေ့နေ့မှာ နားလည် ကိုယ်ချင်းစာနိုင်ပါစေ... (နားလည် ကိုယ်ချင်းစာတတ်ရုံပါ)
ငါ့အပေါ် ကောင်းခဲ့တဲ့ အချိန်ကာလတစ်ခုအတွက် ကျေးဇူးတင်ပါတယ်...
ငါ့ကြောင့် မပျော်ရွှင်ခဲ့ရ၊ စိတ်ပင်ပန်းခဲ့ရသမျှ ငါ့နားလည်ပေးမှုတွေနဲ့ သင်ပုန်းချေလို့ ငါ့ကို ဘယ်တော့မှ အမှတ်မရ၊ သတိမရပါစေနဲ့...

မင်း သိပ်ကြိုက်တဲ့ စကားလေးတစ်ခုရှိတယ်...
"ယန်းပေါဆတ်စကားတစ်ခုရှိတယ် (အတိအကျကြီးတော့ မဟုတ်ဘူးပေါ့)-- လူက မိမိဖြစ်လိုတာကို လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဆန္ဒအလျောက် လုပ်ခဲ့ပြီး ဖြစ်လာတာကတော့ ကိုယ်တိုင်ပဲ တာဝန်အရှိဆုံး"တဲ့။
ဖိနပ်နှစ်ရံ လက်ဆောင်ပေးခဲ့ဖူးတဲ့ ချစ်သူ... ငါ လျှောက်တဲ့လမ်း ပိုကြမ်းသွားအောင် မင်းဖိနပ်တွေက နူးညံ့မှုတွေ အစုလိုက်အပြုံလိုက် ပေးလိုက်တယ်... ခု... မင်းဆန္ဒနဲ့မင်း လုပ်ခဲ့တာတွေအတွက် မင်း အမြဲပျော်ရွှင်ပါ... ငါလည်း ငါ့ဆန္ဒနဲ့ငါ မင်းဖိနပ်တွေစီးခဲ့ပြီးပြီ... ခုတော့ ကိုယ်ပိုင် ဖိနပ်စီးရဖို့ အချိန်ရောက်လာပြီလေ...

"တခြားတစ်ယောက်ကို ထပ်ပြီးချစ်ဖို့ထက် ကိုယ်မင်းနဲ့ပဲ ရန်ဖြစ်ရင်း နေလိုက်တော့မယ်။"ဆို... "ကိုယ်မင်းအပေါ် မကောင်းလဲ ပစ်ထားခဲ့နိုင်တယ်။ (အဲ့ဒီလိုလည်း သေသည့်တိုင်အောင် မဖြစ်စေရဘူးနော်။ ကတိပေးတယ်။)"ဆို...
ငါတို့ ဇာတ်လမ်းကို မင်း စ,ခဲ့တယ်... ဇာတ်သိမ်းကိုလည်း မင်းပဲ ရေးခဲ့တယ်...
ငါ့ကို ပြောခဲ့တဲ့ အချစ်ဆိုတာ အဲ့လိုပဲ လွယ်လွယ်လေး ဘွာခတ်လို့ရလားဟင်...?

"ဘွာခတ်တာကို...
အထာမညက်သေးပေမယ့်...
ကြာရင်တော့ ...
ငါသက်သာသွားမှာပါ....။"



Created By: k2tmaung (09 November 2011 Tuesday 12:35PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..