Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...



သင်္ကြန်ဆိုတဲ့အသံကြားတာနဲ့ ရင်ခုန်ဖို့ မရိုးနိုင်သေးတာ ခုထိပဲပေါ့... မြန်မာပြည်မှာ ရှိစဉ်ကဆို... သင်္ကြန်နီးလာလို့ ရုပ်မြင်သံကြားက သင်္ကြန်သီချင်းနဲ့ အဆိုအကတွေ ကြားရရုံနဲ့တင် လူက မြောက်ကြွကြွဖြစ်ချင်နေမိတာ ဘာရယ်ကြောင့်မှန်းကို မသိတော့ပါဘူးလေ... ဆယ်ကျော်သက်မို့ ရင်ခုန်တတ်လွန်းတာပဲဖြစ်မယ်... :P (နှစ်ဆယ်ကျော်လည်း ဆယ်ကျော်သက်ပဲလေ... ရာမှမကျော်တာ... :P )ငယ်ငယ်ကတော့ ကလေးပီပီ ရေခွက်နှင့် ရေပက်ခဲ့ဖူးတာပေါ့... ဟိုးအရင်ငယ်ငယ်က ကလေးဆိုတော့ မဏ္ဍပ်လည်း သွားမရလို့ ကလေးပီပီ အိမ်ရှေ့ရေပုံးချပြီး ရေခွက်နဲ့ လမ်းထဲလာတဲ့သူမှန်သမျှ မနားတမ်း ပြေးလွှားရေလောင်းခဲ့ရတာလေ... တစ်ခါတစ်လေ လူကိုရေလှမ်းပက်လိုက်တာပါပဲ... ဒါပေမယ့် ရေတွေက လမ်းပေါ်ကျ,သွားတာများတော့ လူကြီးတွေက လူကို ရေလောင်းတာလား... လမ်းကိုရေဖြန်းနေတာလားလို့ နောက်ပြောင်ခဲ့ကြဖူးတာကို မှတ်မိနေပါသေးတယ်... :P အဲ့... လေးငါးတန်းလောက်မှ အထပ်မြင့်တဲ့ လမ်းမတော် (၆)လမ်းက တိုက်ခန်းကို ပြောင်းသွားကြတုန်းကပေါ့... သင်္ကြန်ဆို ဝရန်တာကနေ အောက်ဘက်ကို ငေးနေခဲ့ရဖူးတယ်... ရေအရမ်းပက်ချင်တော့ တိုက်ပေါ်ကနေ ရေလောင်းလောင်းချတာပေါ့... :P အောက်ကလူတွေကတော့ ၁၀ယောက်မှာ ၁ယောက်တောင်မစိုပေါင်... :P ကလေးပီပီ အဲ့ဒီအချိန်တုန်းကတော့ ရေကစားချင်တာပေါ့လေ... လူကြီးတွေကလည်း အိမ်အောက်ဆင်းကစားတာကို တစ်ချိန်လုံးစောင့်မကြည့်နိုင်တော့ အိမ်ပေါ်မှာပဲ မုန့်တွေ တစ်မျိုးပြီးတစ်မျိုး လုပ်ကျွေး... ကစားနည်းတွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ဝိုင်းကစားပေးခဲ့ကြတယ်လေ... အစပိုင်းကတော့ ဟုတ်သလိုလိုပဲပေါ့... ကြာလာတော့ ဘယ်မှာပျော်ပါတော့မလဲ... ဝရန်တာကမျှော်လိုက်... ပြူတင်းပေါက်က မျှော်လိုက်... လူကြီးတွေကို ပူဆာလိုက်... စိတ်ဆိုးလိုက်... စိတ်ကောက်လိုက်နဲ့ပေါ့... :P အဲ့လို သင်္ကြန်အကျနေမှာ ဆန္ဒကောင်းကောင်းပြလိုက်တော့ နောက်ရက်လည်းကျရော... မြို့နယ်ချင်းတူပြီး လမ်းလျှောက်သွားရင် လွယ်လွယ်ကူကူရောက်နိုင်တဲ့ မြေညီထပ်မှာနေတဲ့ ဦးလေးတွေ၊ အဒေါ်တွေအိမ်မှာ အိမ်ရှေ့ရေပုံးချပြီး တစ်နေကုန် ရေပက်လို့ ရရောပေါ့... ဟဲဟဲ... ပြောမယ့်သာပြောရ... အိမ်ကမောင်လေးတွေ ညီမလေးတွေက ကျမပူဆာလို့သာ သူတို့က ရောယောင်ပြီး လိုက်ပူဆာတာ... တကယ်က အကြီးဆုံးကျမ အဆုံးဆုံးပေါ့လေ... :P

ခုနှစ်တန်းနှစ်လောက်မှာ ထင်ပါတယ်... (၅)လမ်း လမ်းထိပ်မှာ လုပ်တဲ့ မဏ္ဍပ်မှာ စာရင်းပေးပြီး သင်္ကြန်ဝတ်စုံလေး ချုပ်လို့ မဏ္ဍပ်မှာ ပထမဆုံး ရေစ,ပက်ခွင့်ရခဲ့တာပေါ့... ပက်ခွင့်ရမှာပေါ့... ကျမအစ်မဝမ်းကွဲရဲ့ အမျိုးသားက အဲ့ဒီမှာ ဦးဆောင်ပါဝင်လုပ်ကိုင်ပေးနေတာကိုး... နောက်ပြီး လမ်းမတော် (၅)လမ်းဆိုတာ ကျမတို့ မွေးဖွားကြီးပြင်းခဲ့တဲ့ လူနေအသိုင်းအဝိုင်းမို့ ကျမတို့မိသားစုကို သိတဲ့ အပေါင်းအသင်းမိတ်ဆွေတွေက နည်းမှမနည်းပဲကိုး... ကျမမှတ်မိပါသေးတယ်... ကျမတို့ ညီအစ်မ ဒါမှမဟုတ် မောင်နှမသုံးယောက် စင်ပေါ်မှာ နေရာရလို့ ရေပက်နေရင် ကျမဖခင်က သူ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ မဏ္ဍပ်နားက အအေးဆိုင်လေးမှာ ဘီယာသောက်ပြီး စောင့်ပေးတတ်တယ်... တစ်ခါတစ်လေလည်း ကားတွေကို တားပေး၊ လမ်းညွှန်လုပ်ပေးနေတတ်သေးတယ်... ကျမမိခင်ကတော့ တစ်ခါတစ်လေမှသာ လိုက်လာတတ်ပြီး ပျင်းစရာကောင်းတယ်ဆိုပြီး အိမ်ပြန်ပြန်သွားတာများပါတယ်... ကျမတို့ မောင်နှမတွေကတော့ ချမ်းလာတော့မှ ကျမဖခင်နဲ့တူတူ အိမ်ပြန်ခဲ့ကြတာပေါ့... ကျမတို့ငယ်ငယ်က ကျမဖခင်က အရမ်းအရွယ်တင်တော့ မောင်နှမတွေကို ဖြစ်လို့ပေါ့လေ... ကျမဖခင်က ဂျင်းဘောင်းဘီ၊ ဦးထုပ်နဲ့ နေကာမျက်မှန်တွေ ဘာတွေတပ်ပေါ့... လူငယ်လေး လုပ်နေတတ်တာကိုလည်း မှတ်မိနေပါသေးတယ်... (ခုထိလည်း သမီးတွေနဲ့အပြိုင် ဂျင်းဘောင်းဘီဝတ်တုန်းပါပဲ... :P ) ကျမတို့နဲ့ ရင်းနှီးတဲ့ အန်တီတစ်ချို့ကတော့ ဒီမောင်နှမတွေ ရေလာကစားတာလားလို့ ခဏခဏနောက်ပြောင်ပြောကြတာကိုလည်း မှတ်မှတ်ရရရှိနေလေရဲ့... :P

အဲ့... တကယ်အမှတ်တရဖြစ်ခဲ့ရတာက ကိုးတန်းနှစ်မှာပေါ့လေ... တစ်မိသားစုလုံး ဘာအတွက်ကြောင့်ရယ်မသိ နယ်မှာနေတဲ့ ကျမမိခင်ဘက်က အဘိုးတို့ဆီသွားတော့ ကျမအဒေါ်အကြီးနဲ့ ညောင်ပင်လေးဈေးမှာ ဆိုင်ထိုင်ပေးတတ်တဲ့ကျမ (ကျမကလည်း ကျမအဒေါ်ရဲ့ လက်စွဲတော်ကိုး... :P ) ရန်ကုန်မှာ ကျန်ခဲ့လေရဲ့... သင်္ကြန်နဲ့ကြုံတော့ မောင်နှမတွေလည်းမရှိ ဒီအရွယ်ကြီး အိမ်ရှေ့ရေပုံးချ ရေပက်ရတာလည်း ကြည့်မကောင်းတော့ အိမ်ထဲမှာပဲ စာအုပ်လေးဖတ်၊ လမ်းထိပ်နဲ့နီးတဲ့ အိမ်မို့ လမ်းမဘက် တံခါးရှေ့လေး သွားသွားငေးနဲ့ပေါ့လေ... ကြာတော့ ဦးလေးက သနားသွားတယ်ထင်ပါရဲ့... :P ကျမဖခင်ဘက်က အဒေါ်အကြီးဆုံးနဲ့ ဘကြီးတို့က မဏ္ဍပ်တစ်ခုစီ ဦးစီးလုပ်ကြတာဆိုတော့ သွားမလားပေါ့... မေးရုံရှိသေး လူက ခုန်ဆွခုန်ဆွဖြစ်ချင်နေခဲ့တယ်လေ... :P နောက်တော့ ရိပ်သာသွားမယ့် ဦးလေးက ကျမဖခင်ရဲ့အစ်မ အဒေါ်အငယ်ဆုံးရှိနေတဲ့ ကျမဘကြီးအိမ်ကို အဝတ်ထုပ်တစ်ထုပ်နဲ့ ချပေးခဲ့တယ်လေ... ညနေကျ ဦးလေးက ရိပ်သာဝင်မှာမို့ ကားပါယူသွားတာဆိုတော့ ကျမအဒေါ်အငယ်ကို ပြန်ပို့ခိုင်းလို့ မှာသွားတာပေါ့လေ... :P သူများတွေက တီရှပ်ဆင်တူလေးတွေနဲ့ ရေပက်ကြတဲ့အထဲ ကျမကလည်း ရောယောင်ပြီး ရေပက်နေခဲ့ရတာပေါ့... :P ညဘက်ရောက်တော့ အဒေါ်အငယ်ကလည်း ဖုန်းဆက်မလာ... လူလည်း ပေါ်မလာ... နဲ့ဆိုတော့ ဘကြီးအိမ်မှာ သောင်တင်နေခဲ့တာပေါ့... :P မှတ်မှတ်ရရ ကျမမကြိုက်တဲ့ ကန်းစွန်းရွက်နဲ့ငါးကိုချဉ်ရည်ဟင်းချက်ထားတာရယ်... ငါးကြော်ရယ်... နဲ့ ညစာစားခဲ့ရတယ်... :P အားနာနာနဲ့ ထမင်းတစ်လုပ် ရေတစ်ငုံနဲ့ မျှောချခဲ့ရတာ အမှတ်တရပါပဲ... :P နောက်နေ့ အတက်နေ့မနက်မှာမှ အဒေါ်အငယ်က ရောက်လာပြီး မပြန်ရသေးမှန်း သိသွားပြီး လာခေါ်သွားတာနဲ့ သူတို့အိမ်မှာ ထမင်းစား... နောက် အဒေါ့်သမီး ကျမအစ်မဝမ်းကွဲက ညနေပိုင်း လျှောက်ကြည့်ကြမယ်ဆိုလို့ ကားအလုံပိတ်ပြီး လျှောက်ပတ်ကြည့်ကြတာပေါ့... အစ်ကိုရေသွားကစားတဲ့ မဏ္ဍပ်မှာ အစ်ကို့ကို သွားခေါ်... နောက် လသာမှာ ကြေးအိုးသွားသောက်ကြတာ အမှတ်တရပါပဲ... :P မိသားစု မပါပဲ သင်္ကြန်ကျခဲ့ရတဲ့အချိန်လေးပေါ့လေ... :)

အဲ့... နောက် ရန်ကုန်မှာ မဟုတ်တဲ့ သင်္ကြန်အချိန်လေးတွေကိုလည်း မှတ်မိလို့ နေသေးရဲ့... ကလေးဘဝတုန်းကပေါ့ နွေကျောင်းပိတ်ရက်ဆို အဘိုးအဘွားတွေ ရှိတဲ့ နယ်ကို သွားလေ့ရှိတတ်တဲ့ကျမ သင်္ကြန်နဲ့ဆုံခဲ့ရဖူးတယ်လေ... ဘေးအိမ်က ကလေးတွေနဲ့တူတူ ရေခွက်လေး ကိုင်ပြီး ရေပက်ခဲ့ဖူးတာပေါ့... အဲ့... တစ်ချို့ ခပ်ဆိုးဆိုး လူကြီးတွေက အော်ဟောက်တတ်သလို အဒေါ်ကြီးတစ်ယောက်က သူ့ကို ရေပက်ရမလားဆိုပြီး ခေါင်းကို ရေပုံးနားတေ့ပြီး မျက်နှာကို ရေအဆက်မပြက်ပက်လို့ ရေမွန်းဖူးတယ်... ကလေးဆိုတော့ ပြန်မခုခံတတ်ဘူးလေ... ကျမအဒေါ်အိမ်ထဲက ထွက်လာမှ နောက်သလို ပြောင်သလိုနဲ့ ထွက်သွားခဲ့တာ... ဘေးအိမ်က ကလေးတွေကတော့ စွာမှစွာ အနားကပ်တာနဲ့ အော်တာပဲ တွေ့ရာနဲ့ ကောက်ပေါက်ကြတော့ လုပ်လို့မရဘူးလေ... အဲ့ဒါနဲ့ လန့်သွားပြီး အဒေါ်ရှိရင် ရေပက်ပြီး အဒေါ်မရှိရင် ရေခွက်လေးကိုင်ပြီး ရပ်နေခဲ့ဖူးတယ်... အဲ့ဒီတုန်းက အရမ်းငယ်သေးတော့ သိပ်တော့မမှတ်မိတော့ပါဘူး... ရန်ကုန်မှာလောက် ပျော်စရာမကောင်းမှန်းတော့ မှတ်မိတယ်... နောက် ပထမတန်းထင်တယ်... သင်္ကြန်ကို မန္တလေးသွားကြတာ... အဲ့ဒီတုန်းက ကျမဖခင် မြန်မာပြည်မှာမရှိခဲ့ဘူး... ကျမမိဘနှစ်ပါးဘက်က အဒေါ်တွေနဲ့ မန္တလေးကို ရထားစီးသွားကြတာ... ရထားနားပြီဆို ၁၄၊ ၁၅နှစ် ကလေးလေးတွေ (အဲ့ဒီတုန်းကတော့ သူတို့က အစ်ကိုကြီး၊ အစ်မကြီးတွေပေါ့... :P ) ရေလာရောင်းကြတယ်... ကျမတို့က ရေဝယ်ကြတယ်... ရထားထွက်ပြီဆို အဲ့ဒီကျန်တဲ့ ရေတွေနဲ့ ရထားပေါ်ကခရီးသည်တွေကို ရေပက်ကြတယ်... မှတ်မိသလောက် မန္တလေးက တအားပူပါတယ်... ပူတော့ ရေပက်ခံထွက်ရတာ အဆင်ပြေတာပေါ့... ဟီး... ညဘက်ဆို အလှယာဉ်တွေ သွားနေကြတယ်... သီချင်းဆိုသံတွေလည်း ကြားနေရတယ်... တစ်ညလုံးပါပဲ... ခုချိန်မှာ အဲ့ဒါလေး ပြန်တွေးကြည့်တော့ သင်္ကြန်ဟာ သင်္ကြန်ပီသလွန်းနေတယ်လို့ ခံစားရတယ်... ဒီဘက်ခေတ်မှာ အလှပြယာဉ်တို့... သံချပ်ထိုးတာတို့... သီချင်းဆိုပြိုင်တာတို့... အကပြိုင်တာတို့စတဲ့ မြန်မာဆန်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ မရှိတော့ဘူးလေ... တစ်ခေါတစ်လေ အဲ့လိုမြန်မာဆန်တာလေးတွေ ပြန်ကြုံချင်သေးတယ်... :) အဲ့... ပြန်ဆက်ရရင် မန္တလေးက ပူသလောက် ပြင်ဦးလွင်က အေးမှအေးပဲ... ရေကိုကအေးနေတာလေ... ရန်ကုန်သူ၊ ရန်ကုန်သားတွေက ရေခဲရေနဲ့ပက်တယ်ဆိုပြီး အော်ကြတာပေါ့... ဟီး... အဲ့ဒီတုန်းက ရေခဲထုပ်တွေ ခေတ်စားတယ်လေ... မန္တလေးကနေ ပြင်ဦးလွင်အတက် လမ်းမှာ ရေပက်ခံဖို့ ကားကရပ်ရပ်ပေးရတယ်... ကားထွက်ပြီဆိုလို့ ကြည့်လိုက်ရင် ကားပေါ်မှာ ရေခဲထုပ်အခွံတွေမှ ဖွေးနေတာပါပဲ... ဪ... လူတွေများ တစ်ဖက်သားကို အလကားနေ နာကျင်စေချင်ကြတယ်နော်... (အဟဲ... ငယ်ငယ်က ကျမလည်း သင်္ကြန်ကားလာရင် ရေပူပေါင်းနဲ့ ထုတာပြန်တွေးကြည့်မိတော့ ရှက်စရာ... ဟိ...) ပြင်ဦးလွင်မှာကတော့ ချမ်းတုံချမ်းတုံချမ်းပဲ... သွားကိုခတ်နေတာပဲ အေးလွန်းလို့... :P

အဲ့... နောက်ထပ်အမှတ်ရစရာတစ်ခုက ကလေးဘဝတုန်းက လျှောက်လည်တုန်းကပေါ့... အစ်ကိုဝမ်းကွဲရဲ့ သူငယ်ချင်းက တစ်ခြားကားပေါ်က သူတွေကို မနားတမ်းလိုက်နောက်တာ ရီလိုက်ရတာဆိုတာလေ... မပျင်းရဘူး တကယ်... တက္ကသိုလ်ရိပ်သာလမ်းလို ကားတန်းအရှည်ကြီး စောင့်နေရတာတောင် သူ ရယ်စရာတွေ ပြောလွန်းလို့၊ နောက်တတ်လွန်းလို့ ကိုယ့်ကားပေါ်က လူတွေရော ဘေးကကားပေါ်က လူတွေကပါ မပျင်းရတော့ဘူးလေ... ငယ်ငယ်က အမျိုးတွေနဲ့ အဲ့လို လျှောက်လည်ခဲ့ဖူးပေမယ့် အဲ့ဒီတစ်ခေါက်ကိုပဲ မှတ်မှတ်ရရရှိနေခဲ့တယ်...

ဘယ်သွားသွား ဘာလုပ်လုပ် စိတ်မချတဲ့ ကျမဖခင်ကြောင့် သူများတွေလို သူငယ်ချင်းတွေနဲ့လည်း တူတူရေမပက်ရ၊ လျှောက်မလည်ခဲ့ရဖူးတော့ သင်္ကြန်ဆိုတာ ရင်ခုန်ဖို့ ကောင်းပေမယ့် တကယ့်တကယ်ကျ ပျင်းဖို့တော့ နည်းနည်းကောင်းပါတယ်... :P ဒါပေမယ့် ကျမတို့ညီအစ်မက အသက်မတိမ်းမယိမ်းဖြစ်နေတာကိုပဲ ကျေးဇူးတင်ရမှာပေါ့လေ... အဖော်ရှိသွားခဲ့တာကိုး... နောက်ပိုင်းတော့ ကျမဖခင်ရဲ့အစ်မအကြီးဆုံးက ဗိုလ်အောင်ကျော်လမ်းမှာ နှစ်စဉ်မဏ္ဍပ်လုပ်တော့ သင်္ကြန်ဆို အဲ့ဒီမှာပဲ ကျောက်ချနေဖြစ်တာ များပါတယ်... တစ်ခါတစ်လေ ကျမတစ်ယောက်ပဲ တက်ကြွနေပြီး ကျန်တဲ့သူတွေက မသွားချင်ကြဘူးလေ... အဲ့ဒီတော့ ကောက်တေးကျမက ကောက်တတ်တော့ လူကြီးတွေလည်း အိမ်မှာ မနေရဘဲ မဏ္ဍပ်လိုက်ပေးကြရတာပေါ့... ဟီး... အဲ့ဒီမှာ စတုဒီသာလည်း နေ့တိုင်းရှိတော့ စည်တယ်ပြောရမလားပဲ... ဒီနောက်ပိုင်းတော့ အကတွေဘာတွေ ပါလာတော့ နည်းနည်း ပိုစည်လာတာပေါ့လေ... ပျော်လှရယ်တော့ မဟုတ်ပေမယ့် သင်္ကြန်ဆိုတာကို အိမ်ထဲအောင်းပြီး အချိန်မကုန်လိုက်ချင်တာ ဘာကြောင့်မှန်းကိုမသိ... :P တစ်ခါတစ်လေ ရေစိုမှာကြောက်လို့ မဏ္ဍပ်နားတောင်မသွားဘဲ အိမ်ပေါ်ကနေ ကားတွေ သွားတာလာတာ... တစ်စီးနဲ့တစ်စီး နောက်တာပြောင်တာ ကြည့်ပြီး ရယ်နေတတ်တာ... ပြီးရင် အချင်းချင်း ရေခဲရေနဲ့ လိုက်လောင်း စနောက်နေတတ်ရုံပါပဲ...

အဲ့... တစ်ခါကတော့ အဒေါ်အငယ်က ရေပတ်ခံသွားမယ်ဆိုတော့ သဝန်တိုတတ်တဲ့ ကျမဖခင်မသိအောင် ကျမမိခင်က ကျမတို့ညီအစ်မနှစ်ယောက်ကို အဒေါ်တွေလည်း ပါတော့ ထည့်လိုက်တာပေါ့... အဟဲ... အဲ့ဒီမှာပေါ့... လူကြီးမပါဘဲ သွားရတဲ့ ခရီး ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလဲဆိုတာ ကိုယ်တွေ့တွေ့တော့တာပါပဲ... ကားပေါ်မှာ မိန်းကလေးတွေကလည်း များသလို ကျမတို့ ညီအစ်မက ဘေးဘောင်မှာပဲ ကလေးတွေကြား ထိုင်ရဖို့ နေရာရတယ်လေ... ရဆို ကောင်မလေးတွေကလည်း အသွက်လေးတွေလေ... နေရာကောင်းကို ရွေးတတ်ကြသကိုး... အဲ့ဒီတော့ ရတဲ့နေရာလေးထိုင်ရတာပေါ့... ဪ... ဒါတောင် ကျမအဒေါ် ငှါးတဲ့ကားပေမို့နော်... :P အဲ့ဒီမှာပေါ့... သင်္ကြန်လည်ရတာကို တော်တော်စိတ်ပျက်သွားခဲ့ဖူးပါတယ်... လမ်းပေါ်က ရွှံ့ရေကို ခပ်လောင်းလိုလောင်း... လက်သရမ်းသူသရမ်းနဲ့ တော်တော်ကို စိတ်တိုမိခဲ့တာပေါ့... မဟုတ်မခံ ဇတ်ဇတ်ကျဲကျမ ပါလာတဲ့ ရေသန့်ဗူးကို ဗူးအပေါက်ဝဘက်ကနေ တင်းတင်းကိုင်ပြီး ဒီတစ်ခါ လာကြည့် "အပီကိုဆော်ပြီသာမှတ်"ဆိုပြီး ဒေါသတွေ မီးမွှေးထားတာပေါ့... ဖြစ်ချင်တော့ ရေပက်ခံဖို့ မဏ္ဍပ်တွေမှာ ကားတွေ တန်းစီရချိန် ဟိုဘက်ကားနဲ့ ဒီဘက်ကား ကျမအပေါ်အင်္ကျီမှာ တွဲလျက်ပါတဲ့ ဦးထုပ်ကို လာလှမ်းဆွဲတာမို့ နောက်လှည့်ဆော်ထည့်လိုက်ဖို့ ကြိုးစားပေမယ့် ကားချင်းက နည်းနည်း ပြန်ကွာသွားတာမို့ အဲ့ဒီကောင်ကို ရေဗူးထောင်ပြပြီး "မလုပ်ရဲဘူးထင်နေလား"လို့ လှမ်းပြောလိုက်မိတယ်... ဒေါသက မွှန်လွန်းနေတော့ တစ်ယောက်ယောက်ကို တကယ် ဆော်ထည့်ပစ်လိုက်ချင်စိတ်က များနေတယ်လေ... အဟဲ... အဲ့ဒီတုန်းက ငယ်လည်းငယ်သေးသကိုး... :P လုပ်တဲ့သူက သူ့ဘာသာသူလုပ်ပြီး ပြန်ငြိမ်သွားပေမယ့် ကားပေါ်မှာပါတဲ့နောက်တစ်ယောက်က ယောက်ျားကြီးတန်မဲ့ နှုတ်လှန်ထိုးပါလေရော... ယောက်ျားတစ်ယောက် ရန်တွေ့တာမျိုး ပထမဆုံး ကြုံဖူးတာရယ်... ဒေါသကအစွန်းဆုံရောက်နေတာရယ်ကြောင့်... တစ်ယောက်တစ်ခွန်း စကားများကြတာပေါ့... ဪ... အဲ့ဒီတော့မှ ကျမဖခင်ကို အကြီးအကျယ်တ,လိုက်မိပါတယ်... ကားပေါ်မှာ ယောက်ျားလေးတွေရော... မိန်းကလေးတွေရော ပါ,ပါရက်နဲ့ ငါလည်း မှန်နေပါရဲ့နဲ့ တစ်ယောက်မှ စကားတစ်လုံးမှ ဝိုင်းကူမပြောပေးဘဲ ကျမကိုပဲ တော်လိုက်ဖို့ စိတ်လျှော့လိုက်ဖို့ ပြောနေတာကို တော်တော်လေး ခံပြင်းမိပါတယ်... အဲ့ဒီကားပေါ်မှာ ကျမမောင်လေးဝမ်းကွဲ ကလေးလေးတစ်ယောက်ပဲ ကျမဘက်က ဝိုင်းရန်ဖြစ်ပေးတာမို့ ကားပေါ်မှာ ပါလာသူအားလုံးကို တော်တော်လေး စိတ်ပျက်မိသွားခဲ့တယ်... လျှောက်လည်ရတာကိုလည်း တော်တော်လေး စိတ်ကုန်သွားမိတော့တယ်... နောက်များမှာတော့ ကျမမိဘတွေ မပါဘဲ ကျမ ဘယ်တော့မှ မလည်တော့ဖို့ တစ်ထိုင်တည်း စိတ်ဆုံးဖြတ်လိုက်ပါတော့တယ်... အဲ့ဒီအချိန်ကစလို့ ခုထိ မိဘမပါဘဲ သင်္ကြန်ဆို လျှောက်ကိုမလည်ဖြစ်တော့ပါဘူး... :P

အသက်ပဲ ကြီးလာလို့လားမသိ သင်္ကြန်မှာ ပျော်စရာရှားပါးနေသလိုပါပဲ... သီချင်းသံတွေကြားတိုင်း ဒါသင်္ကြန်ပဲဆိုပြီး ပျော်ရွှင်ရင်ခုန်ရပေမယ့် သင်္ကြန်မှာ ဘာလုပ်ရမှန်းမသိ ပျင်းခြောက်ခြောက်ဖြစ်ရတာတော့ အမှန်ပါပဲ... မဏ္ဍပ်မှာ သူငယ်ချင်းကလည်းမရှိ ပိုက်ကြီးကိုင်ပြီး ရပ်နေရတာလည်း ပျော်စရာမကောင်းတော့တာအမှန်ပါပဲ... လျှောက်လည်ပြန်တော့လည်း လည်တုန်းခဏ ပြီးရင် ပင်ပန်းနေပြန်ရောလေ... နောက်ဆုံး မြန်မာပြည်မှာ ကျခဲ့တဲ့ သင်္ကြန်ကတော့ ထူးထူးထွေထွေတော့ မရှိခဲ့ပါဘူး... အကြတ်န့တစ်ရက်ပဲ အစ်မဝမ်းကွဲက သူ့ရုံးက မဏ္ဍပ်လုပ်လို့ လိုက်သွားဖြစ်တယ်... သူများနည်းတူတူ ပိုက်ကလေးကိုင်ပြီး သီချင်းတီးလုံးတွေအတိုင်း နည်းနည်းယိမ်းဖြစ်တယ်... (ချမ်းတာကိုး...:P) နောက် ဟိုငေးဒီငေးလိုက်ကြည့်တယ်... ကြည့်မရတဲ့သူဆို ပိုက်ကို မျက်နှာတည့်တည့်ထိုးပစ်တယ်... ဟိုတစ်ယောက်က ဘယ်လိုဝတ်တယ်... ဒီတစ်ယောက်ကဘယ်လိုမူးတယ်နဲ့ တစ်ယောက်တည်း စိတ်ထဲကနေ မှတ်ချက်တွေ လိုက်ပေးနေခဲ့တယ်... အဲ့... ရေပိုက်ကိုင်ရတာ ပျင်းလာတော့ အိမ်ကိုဖုန်းဆက်ပြီး လျှောက်လည်ဖို့ ဂျီကျ,ပါတယ်... ကျမဖခင်က မလည်ဘူးဆိုတော့ စိတ်ကောက်ပါတယ်... :P နောက်ဆုံးတော့ ကျမဖခင်ရယ်၊ ကျမမိခင်ရယ်၊ ကျမညီမလေး၊ မောင်လေးတွေ မဏ္ဍပ်ရောက်လာပြီး ကျမနဲ့ ကျမဝမ်းကွဲအစ်မနဲ့ သူသူ့ငယ်ချင်းတစ်ချို့ကို လာခေါ်ပြီး လျှောက်လည်ဖြစ်ပါတယ်... :P

နောက်ပြီး မြန်မာပြည်ရဲ့ သင်္ကြန်ရုံးပိတ်ရက်ရှည်ကိုလည်း သတိရမိပါတယ်... ဒီမှာများ အလုပ်ပိတ်ရက်တစ်ခါ ရောက်ဖို့ မျှော်လိုက်ရတာ... (အခုတော့ မဟုတ်ဘူးပေါ့... ကျောင်းမတက်ခင် အလုပ်လုပ်တုန်းက ပြောတာပါ... :P) ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ နှစ်တိုင်း သင်္ကြန်ရေမထိတဲ့နှစ်တော့ မရှိခဲ့ပါဘူး... အနည်းဆုံး တစ်ရက်လောက်တော့ ထွက်ဖြစ်တာပါပဲ... ခုတော့ သင်္ကြန်ရေမစိုခဲ့တာ သုံးနှစ်ကြီးများတောင် ရှိပါပေါ့လားနော်... လွမ်းလိုက်တာ သင်္ကြန်ရေ... ပိတောက်တွေကို မြင်လိုက်ရတိုင်း... ပိတောက်ရနံ့တို့ သင်းပျံ့လာတိုင်း ဒီအချိန်ဆိုရင်ဆိုတဲ့အတွေးနဲ့ အပြေးပြန်လာချင်မိခဲ့တာ အကြိမ်ကြိမ်ပါပဲ... ပြီးခဲ့တဲ့နှစ်တုန်းကဆို လမ်းမမှာ ဝါဝါကျဲနေတဲ့ ပိတောက်ပွင့်လေးတွေကိုမြင်လိုက်ရတာနဲ့ ရင်ခုန်သံတွေ မြန်လို့ အပျော်တွေ အတောသတ်မရခဲ့ဘူး... ပိတောက်ပွင့်တွေ ကြွေလို့ပိတောက်ပန်းတောင် မရှိတော့တဲ့ သစ်ပင်ကြီးကို အခါခါ ဓာတ်ပုံရိုက်မိသေးတယ်... ဖုန်းကင်မရာနဲ့ရိုက်တာမို့ (ကျမဖုန်းကင်မရာကလည်း သိပ်မကောင်းတာမို့) ပိတောက်ပင်က ကြည်ကြည်လင်လင်ရှိမနေခဲ့... မနေနိုင်တဲ့အဆုံး အတူပါလာတဲ့ ရုံးကဧည့်သည်တစ်ယောက်က သူ့ဖုန်းကင်မရာနဲ့ ရိုက်ပေးပြီး email ပို့ပေးခဲ့ရတဲ့အထိ ကျမရဲ့ သင်္ကြန်ပိုးတွေ အဲ့လို ရောဂါသည်းခဲ့ဖူးပါတယ်... ခုလည်း လမ်းမှာ ပိတောက်ပင်၊ ငုဝါပင်တွေတွေ့တိုင်း လက်ညှိုးတစ်ထိုးထိုးနဲ့ ပျော်ရွှင်ရင်ခုန်နေခဲ့တာပါပဲလေ... သင်္ကြန်သီချင်းတွေနားထောင်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်း သင်္ကြန်ကျနေရတာလည်း အလွမ်းတွေကို ပိုတိုးနေစေသလိုပါပဲ... နောက်နှစ်တော့... ပြန်ဆုံချင်တယ် သင်္ကြန်ရေ... ပြန်ဆုံနိုင်အောင် ကြိုးစားပါဦးမယ် သင်္ကြန်ရေ...

Created By: k2tmaung (12 April 2010 Monday 06:20PM)


0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..