Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

မိဘအုပ်ချုပ် မင်းလုပ်တဲ့တိုင်းပြည်မှာ...
ငါက အိမ်ရှေ့စံ...
အခြံအရံနဲ့ အာဏာစက်...
လိုတိုင်းရ တ,တိုင်းအသင့်ဖြစ်တဲ့ ဘဝနဲ့...
ငြိမ်းအေးခဲ့တယ်...

နုရွယ်ငယ်စဉ် အသင်တတ်ဖို့...
မြတ်ဆရာတို့ထံပါး...
ဆယ့်လေးနှစ်ကြာ ပညာရှာ...
ဆည်းပူးလေ့လာခဲ့တယ်...
သင်ယူတတ်မြောက် အရွယ်ရောက်တော့...
ငါ့မနောပြည်လှ အစိုးရတဲ့...
ဘုရင်ငယ်တစ်ပါးဘဝ အပိုင်စားရခဲ့တယ်...

ကိုယ်တိုင်ပလင်ပေါ်ထက်...
နန်းတက်ရတဲ့အခါ...
တစ်ခြားသောမင်းတို့ ရန်ပြု...
ပြည်လုဖို့ကြိုးစား...
ငါ့အားလုပ်ကြံ အလံသိမ်းဖို့...
သွေးအလိမ်းလိမ်းနဲ့ စစ်ခင်းကြတယ်...

ကိုယ်တိုင်ဒူးမထောက်...
"
ဒါငါ့သမိုင်း ငါရေးဖို့...
ငါကိုယ်တိုင်တေးစပ်တဲ့ ဆောင်ပုဒ်...
ငါ့ခေါင်းထက်မှာ သံမှိုစိုက်...
ရင်ထဲရိုက်ထည့်ခဲ့တယ်...

ငါနဲ့မဆိုင် ငါမပိုင်တဲ့ ထီးနန်း...
ငါလွှမ်းမိုးဖို့မကြိုးစားသလို...
ငါ့ပိုင်နက်လည်း တစ်လက်မမှ...
အထိမခံ မာနထန်သူမို့...
လှေခွက်ကြီးပဲ ကျန်ပါစေ...
ငါ့အလံမလဲစေရဘူးလို့ ငါကြွေးကြော်တယ်...

စာရိတ္တဓားရေး အလေးပေး...
ငါ့ရဲသွေး နွေးလှတယ်...
ဦးဆောင်ချွန်းဖွင့် ရဲရင့်လက်ရုံး...
ငါ့နှလုံးမှာကိန်းဝပ်လို့...
မင်းကျင့်အမှန်တရား လက်ကိုင်ထားဆဲ...
တစ်ဦးချင်းလည်း စစ်ထိုးရဲတယ်...

သို့သော်ငြားလည်း...
ပုရောဟိတ်အတတ် ငါ.. မဖတ်တတ်ဘူး...
နက္ခတ္တဗေဒသဘော ငါ.. မဟောတတ်ဘူး...
ဗျူဟာပရိယာယ် ငါ.. မလည်ဝယ်လို့...
ယုံစားရတဲ့အမတ် တစ်သက်စာအတွက်တော့ လိုအပ်တယ်...


Created By: k2tmaung (26 March 2010 Friday 04:25AM)

ဆက်လက်ဖတ်ရှုရန်...

အနာဂတ် အိပ်မက်တွေကို ပိုက်...
ငါတို့တွေ တော်ရာမှာ အခြေစိုက်လို့...
ကြိုက်ကြိုက် မကြိုက်ကြိုက်...
ထိုက်လို့ရတဲ့ အခြေအနေတစ်ခု...
ကိုယ့်အားကိုယ် အရင်းပြုလို့...
ကြမ္မာကို အံတု...
ဘဝတွေကို ထုဆစ်ကြတယ်...

တစ်နယ်တစ်ကျေး...
မျက်နှာရွေးခံရတဲ့ နယ်ပယ်...
ခံစားချက်တွေ ဖလှယ်ဖို့...
တူရာလူမျိုး တို့အချင်းချင်းစုတယ်...
"အနာဂတ် အိပ်မက်"တစ်ခု...
စိတ်ဝိညာဉ်တွေ အရင်းပြုလို့...
အဆင်းမဲ့ မောင်နှမတွေတိုး...
သံယောဇဉ်တွေနဲ့ ရိုးသား...
ဝိုးတိုးဝါးတား လက်တွေ့ဘဝတွေကြား...
ညည်းချင်းတေးအထာတွေ...
"အနာဂတ် အိပ်မက်"ထဲမှာ အဆိုရပ်ကြတယ်..

သက္ကရာဇ်တွေ တိုက်စား...
ရက်ပေါင်းများစွာ အခါခါမွေးဖွားလို့...
"အနာဂတ် အိပ်မက်"ကား တစ်နှစ်ပြည့်ခဲ့ပြီ...
လက်ရှိအချိန်ကို ရပ်ဆိုင်း...
အာရုံအတိုင်းနဲ့ အတိတ်က အနာဂတ်ကို...
အိပ်မက် ပြန်မက်ကြည့်တယ်...

မပီဝိုးတဝါးပေမယ့် အထင်းသားမြင်နေရတဲ့...
အတိတ်က အနာဂတ် အိပ်မက်ရှည်...

ဒီလိုအချိန် ဒီလိုအခါမှာပါပဲ...
ကမ္ဘာက နားမလည်တဲ့ တို့ဘာသာစကား...
ခုံမင်စွာ တို့များ လက်ကိုင်ထားလို့...
အားလပ်ချိန်တိုင်း အလုအယက်...
online ပေါ်တက် ရင်ချင်းဆက်ဖို့ ကြိုးစားခဲ့ကြတယ်...

အနေဝေးပေမယ့်...
အတွေးနဲ့ ပုံဖော်...
တစ်နေ့သော်လို့ မျှော်တွေး...
မမြင်ဖူးပေမယ့် နွေးထွေးမှုတွေ ဆင့်ပွါး...
ဖွားဖက်တော်တွေမဟုတ်ပေမယ့်...
တစ်မြေတည်းက တူတူ မွေးခဲ့ကြတဲ့...
သွေးချင်း မောင်နှမတွေ များစွာ ရခဲ့ဖူးတယ်...

စာပေနဲ့ ယှက်သွယ်...
အခွင့်လွယ်ရင် အကြားချင်းဖလှယ်...
ရေစက်ရယ်ကြုံ လူချင်းဆုံလို့...
ယုံတမ်းမဟုတ်တဲ့ ဇာတ်ခုံ...
တို့များ internet ပေါ်...
အဖြူရောင် ကြိုးစများနဲ့ ချည်နှောင်ထားကြတယ်...

online သူငယ်ချင်း...
စိတ်ချင်းစတင်ရင်းလို့...
ပျော်ရွှင်ခြင်း...
ဝမ်းနည်းခြင်း...
ခံစားချက်ချင်း အပြန်အလှန် အပ်နှင်းလို့...
သဘောဖြူနဲ့ ရိုင်းပင်းကြတယ်...
မင်္ဂလာအမှုတို့ နေ့စဉ် ဆောင်ကြဉ်းကြတယ်...
ဒီခြံဝင်းနဲ့ ဒီအိမ်မြေအတွင်း...
စည်းလုံးခြင်းရနံ့တွေ ပျံ့သင်းလှတယ်...

ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်...
နွေဦးအိပ်မက် ခြောက်ကပ်ကပ်...
မိုးထဲအိပ်မက် အေးစက်စက်...
အနာဂတ်အိပ်မက်မှာတော့ ရယ်သံတွေ တစွက်စွက်...

ဆောင်းနွေမိုးကူး ရာသီအလူးလူးမှာ...
မြူးတူးခြင်း သံစဉ် ရင်မှဖွဲ့တွင်...
အကြင်လူများ အနာဂတ်အား...
ဆထက်တိုးလို့ ရယ်မောပျော်ရွှင်သံတွေကြား...
အစဉ် နိုးကြား သက်ဝင်လှပပါစေ...
အိပ်မက်ရှည်ရေ... ။


အနာဂတ်အိပ်မက် (http://futuredream.ning.com) မှာ တစ်နှစ်ပြည့် (29 Mar 2010) အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ ကဗျာပြိုင်ပွဲလေးအတွက် ရေးသားခဲ့တာလေးပါ...
Created By: k2tmaung (20 March 2010 Saturday 06:20PM)


ဆက်လက်ဖတ်ရှုရန်...

နေ့နေ့ညည ပြင်းပြစွာ သတိရပေမယ့်...
ငါ့အတွက် အချိန်ပို ရှားပါး...
အလုပ်ခေါင်းစင်အောက်မှာ ဗျာများပြသူ...
တူညီတဲ့ ခံစားချက်တစ်ခု...
ငါ ရင်နဲ့ရင်းလို့ သူ ရရှိစေဖို့...
ကိုယ့်စိတ်ကို ကိုယ်စတေး...
နောင်တတေးနဲ့ ငါ ဆို,က...
တ,မိတဲ့စိတ် ငါ တိတ်တိတ်ပဲ သော့ခတ်လိုက်ပြီ...

ချိန်ခါမရွေး ငါ နားလည်မှုတွေပေးတတ်ပေမယ့်...
ကျက်မှတ်နေတဲ့ သူ့လုပ်ရိုးလုပ်စဉ်...
ငါ ကျေညက်လို့ နာကျင်နေခဲ့...
ရွဲ့တိုက်လို့ ဒီတစ်ကြိမ် ငါမစောင်း...
ခေါင်းထဲမှာ သူ့အကြောင်း ဟောင်းနိုင်ဖို့...
ကိုယ့်စိတ်ကို ကိုယ်ချုပ်...
နှုတ်ဆိတ်လို့ ငါ မငို...
ညိုနေတဲ့ မျက်ရည်မိုးများ တိမ်ကင်းစင်ဖို့ ငါ ကြိုးစားပြီ..

အရာအားလုံးကို လစ်လျူရှု...
ခံစားချက်တစ်ခုကို အရင်းပြုလို့...
ငါတို့ ဇာတ်လမ်း ရုံတင်ဖြစ်ခဲ့တယ်...
အတိတ်နဲ့ ပစ္စုပ္ပန်...
အတန်ငယ်တောင် မပြောင်းလဲတဲ့ငါ...
နာကျင်မှုတွေကို ဟိုအရင်ကလို အထုတ်ထုပ်တယ်...
ပြောပြမှ သိတတ်သူအတွက်...
ငါလိုလူ ဖွင့်မပြောတတ်တာ သူသိရက်နဲ့...
ငဲ့ကြည့်မှုတွေပျောက် ငါ့စိတ်တွေလည်း တပ်ခေါက်တော့မယ်...
ချစ်သူဆိုတဲ့ ဝေါဟာရရဲ့ before နဲ့ after...
အရာရာမှာ ကွဲလွဲချက်တွေ အသစ်သစ်နဲ့...
ဖြစ်နိုင်ရင် အားလုံးကို "တစ်"ကနေ ပြန်စ,ချင်တယ်...
ချစ်သူအတွက် "သီးသန့်"မရှိသူနဲ့...
ချစ်သူရဲ့ VIP ဖြစ်ချင်သူ...
တူရူမှာ လွဲချက်တွေနဲ့ စိတ်နောက်စွာ ထွက်ပေါက်ရှာချင်ခဲ့ပြီ...

စိတ်တွေလည်းကုန် အာရုံထုံလို့...
ငါ လှည့်ထွက်ခဲ့ရင်...
အရွဲ့တိုက်တယ်လို့ မမြင်ပါနဲ့...
နေ့စွဲများထဲ ငါတစ်ယောက်တည်း...
ဟာတာတာနဲ့ (သူ) သတိပြုမိနိုးနိုး...
မရိုးစွာ စောင့်နေခဲ့ဖူးတာ သတိရပါ...
ငြိုငြင်ခြင်းကင်း သံသယရှင်းရှင်းနဲ့...
ယုံကြည်ခြင်းတွေကို ဈေးဆစ်လို့...
ငါ နားလည်ပေးခဲ့တာ အမှတ်ရပါ...
သေချာစစ်တွေး (ကိုယ့်ကို) အခါခါထပ်မေး...
ကာရံမဲ့သံစဉ် ဘာကြောင့် ငါ ဆက်မသင်လဲ...
ရင်တစ်ခြမ်းနဲ့ပဲကြည့် သေချာသိလိမ့်မယ်...


စိတ်ဆိုးတုန်း ခံစားထားတာလေးပါ... :P
Created By: k2tmaung (06 March 2010 Saturday 01:39PM)


ဆက်လက်ဖတ်ရှုရန်...

မည်းညစ်ညစ်စိတ်တွေ ဘေးချိတ်...
တိတ်ဆိတ်တဲ့အခန်းထဲက သက်ပြင်းသံ...
တန်ပြန်ခြင်းတွေ အသာထား...
ဝါးတားတားအိပ်မက်တွေ ပီပြင်ဖို့...
ကြင်နာခြင်းမဲ့တဲ့ မနက်ဖြန်တိုင်း...
ရိုင်းစိုင်းခြင်းကင်းတဲ့ တစ်မနက်ခင်း...
လင်းသစ်စွာ တစ်ကြိမ်တစ်ခါပွင့်လန်းဖို့...
ကြမ်းတမ်းတဲ့ လမ်းပေါ်ကငါ...
မာယာကင်းကင်း တော်ရာနင်းဖို့...
ရှင်းသန့်စွာ ကြွေတဲ့ချွေး...
နွေးထွေးမှု မရှိတောင်...
ယောင်ဆောင်ခြင်းကင်း...
မေတ္တာပြူတင်း သစ္စာအလင်းနဲ့...
ရှင်းရှင်းသာ ငါဖွင့်ကြည့်တယ်...
အို... ဘယ်ဘယ့်... အဖိုးတန် အလင်းခွန်အားများ...


Created By: k2tmaung ( 06 March 2010 Saturday 05:32AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..