Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ငယ်ငယ်က ငါ့ပါးပြင်ထက်...
ရိုးသားခြင်းတွေ...
ပါးကွက် ကွက်လို့...
သနားခါး ဂုဏ်ရောင်နဲ့...
ငါ့ပါးမို့မို့မက ငါ့ဘဝက...
ပြောင်လက်ခဲ့ဖူးတယ်...

မျက်နှာထက်က အလျော့အတင်း...
အလိမ်အညာကင်းကင်းနဲ့...
ရိုးဆင်းမှုကို ခင်းကျင်းပြတတ်တယ်...
အခြယ်အသကင်းတဲ့ ငါ့မျက်ဝန်းတွေက
စွန်းထင်းခြင်းအလျင်းမရှိ...
အကြည့်စူးစူးတွေနဲ့ ရှင်းသန့်နေခဲ့ဖူးတယ်...
အရောင်တင်လေ့မရှိတဲ့ ငါ့နှုတ်ခမ်းတစ်စုံ...
မုသားပုံတွေ ကြုံလို့တောင်...
ဟန်ဆောင် မပြောတတ်ခဲ့...

အရွယ်လေးလည်း ရပြီ...
ပညာရည်လေးလည်း ဝပြီ...
ဘဝဇာတ်ခုံပေါ်လည်း တက်က,ရပြီမို့...
ငါ့မျက်နှာမှာ...
ရောင်စုံ မိတ်ကပ်တို့ ခြယ်သဖြစ်ခဲ့ပြီ...

မျက်ဝန်းတို့ကို ဆေးဆိုး...
ငါ့ရိုးသားခြင်းတွေလည်း သွေးတိုးစမ်းခံရတယ်...
နှုတ်ခမ်းနှစ်လွှာလည်း အရောင်တွေပြောင်းလို့...
အယောင်အဆောင်ကင်းတဲ့...
ငါ့စကားလုံးတွေလည်း ရောင်းစားခံခဲ့ရတယ်...

အကြောင်းကြောင်းတွေရှိလို့...
အကျိုးတွေလည်း ပြောင်းလဲ...
ငါအကောင်းဘက်က...
ဖျောင်းဖျောင်းဖျဖျနဲ့ တွေးဖြစ်တယ်...
သနပ်ခါးနဲ့ တစ်မျိုး...
မရိုးအောင် အပြစ်ကင်းကင်းနဲ့လှသလို...
မိတ်ကပ်အကူနဲ့...
ရူပကာလည်း...
ရင့်ကျက်ခြင်းတွေကို သရုပ်ဆောင်ပါတယ်...

တစ်ခါတစ်လေမှာ...
ဖြူစင်ခြင်းတွေနဲ့ အဖြူရောင်ဟာ...
ရိုးဖြောင့်ခြင်းတွေကို ဂုဏ်ထူးဆောင်သလို...
မိုးအစဲ နေအခမှာ တွေ့မြင်ရတဲ့...
သန့်တန့်ရောင်တွေဟာလည်း...
ဘဝတစ်ခုရဲ့ ရင့်ကျက်ခြင်းတွေကို ဖော်ဆောင်ပါတယ်...

သနပ်ခါးရနံ့လည်းပျယ်...
မိတ်ကပ်အလှလည်းကြွယ်လို့...
ရိုးသားခြင်းအဖြူရောင်တွေအစား...
သက်တန့်ရောင် အတုအပတွေ များလို့..
စိတ်ပျက်အားငယ် နွမ်းနယ်လို့ မနေချင်...
အချိန်တန် အိမ်ပြန်ရောက်ရင်...
မျက်နှာပြင်ထက် မိတ်ကပ်ဖျက်လို့...
သနားခါးရေကျဲ ငါခြယ်နိုင်ပါသေးတယ်...

လူတွေရှေ့မှောက် အရောက်သွားရတဲ့...
ဘဝဇာတ်ပွဲအလယ်က မင်းသမီးတစ်ယောက်မို့...
မလွှဲမရှောင်သာ မိတ်ကပ်တွေ အခါခါလိမ်း...
ငါ ယိမ်းနွဲ့လို့ က,နေရပေမယ့်...
တန်ဖိုးတွေ ဘယ်လောက်ကောင်းကောင်း...
မိတ်ကပ်တိုင်းမှာလည်း အဆိုးနဲ့အကောင်းတွေရှိစမြဲမို့...
ငါ့အသားအရည်တို့လည်း ဟောင်းနွမ်းတတ်ပါတယ်...
နှုန်းထားတွေ မများပြားသလို ဆေးခါးအသွင်နဲ့...
ငါ့စိတ်နှလုံးတို့ အရွယ်တင်စေဖို့...
သနပ်ခါးရေကျဲ မိတ်ကပ်မူကွဲကို...
ငါ လိုကို လိုအပ်နေပါသေးတယ်...


Created By: k2tmaung (30 October 2009 Friday 10:05PM)

7 comments:

အန်တီကလည်း မိတ်ကပ်လိမ်းရတာလဲ မရိုးသားဘူးထင်နေလို့လား သနပ်ခါးလိမ်းတာတမျိုး
မျက်နှာအေးသလို မိတ်ကပ်ကလည်း အင်တာနေရှင်ပဲ
လေ.လိမ်းရမှာပေါ့.ကမ္ဘာပေါ်မှာ လှပါ့ဆိုတဲ့ မိန်းကလေးတွေအကုန် မိတ်ကပ်လိမ်းရတာပဲဟာ.လေ
ဗျာ.ရှိရှိသမျှအလှမယ်တွေကော မယ်စင်္ကြာဝဠာတွေရော အများစု
သုံးတာက မိတ်ကပ်ပဲလေဗျာ ဒါမှလှမှာပေါ့ အန်တီတို့မြန်မာရုပ်ရှင်မင်းသမီးတွေလည်း သနပ်ခါးဆရာနဲ့ အလှပြင်လို့လား မိတ်ကပ်ဆရာနဲ့ပဲပြင်တာပဲဟာ..မိတ်ကပ်ကပိုပြီး
Sexy တောင်ဖြစ်သေးတာကို..

ဪ... ဒီဘကြီးနှယ်... ခက်ပြီ...
သနပ်ခါးဆိုတာ ရိုးသားခြင်းကို ဆိုလိုပြီး... မိတ်ကပ်ဆိုတာ ဟန်ဆောင်ရတာတွေကို ပြောတာပါ... အမှန်တော့ မိတ်ကပ်များများလိမ်းတာ မကောင်းပါဘူး... ဘယ်လောက်တန်ဖိုးကြီးကြီးပေးရပေးရ... ဓာတုပစ္စည်းတွေ ပါတဲ့အတွက် အသားအရည်ပျက်စီးလွယ်ပါတယ်... (မိတ်ကပ်လိမ်းတဲ့သူတွေက ပိုသိတာပေါ့...:P ) မိတ်ကပ်အမြဲလိမ်းသူတစ်ယောက်နဲ့ သနပ်ခါးလိမ်းသူတစ်ယောက်ကို ယှဉ်ကြည့်ပါ... သနားခါးအမြဲလိမ်းသူက အသားအရည် တင်းတင်းရင်းရင်းနဲ့ ပိုပြီး နုပျိုပါတယ်... ဟဲဟဲ... ကြုံတုန်း ပညာ ဖလှယ်တယ် သဘောထားပါကွယ်...
ကြည့်ရတာ k2 ဆိုလိုချင်တာကို သဘောမပေါက်ဘူးဆိုတော့ကာ အရေးအသား တော်တော်ညံ့သေးပုံရတယ်...:(

ကဗျာလေးကောင်းတယ် k2 ရေ...
ဘ၀ဆိုတဲ့ ဇာတ်ခုံပေါ်မှာ ဘယ်တွေနဲ့ချယ်သ
ဘယ်လိုပဲကပြရပေါ့....
နောက်ဆုံးတော့လဲ သနပ်ခါးရေကျဲလေးနဲ့ပဲ
ဆိုရင်တောင် သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့...
သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးနဲ့
စုပေါင်းစပ်ပေါင်း ရောသမ မွှေသွားတယ် ...
:)
ငယ်ငယ်က ငါ့ပါးပြင်ထက်...
ရိုးသားခြင်းတွေ...
ပါးကွက် ကွက်လို့...
သနားခါး ဂုဏ်ရောင်နဲ့...
ငါ့ပါးမို့မို့မက ငါ့ဘဝက...
ပြောင်လက်ခဲ့ဖူးတယ်...


ဘယ်သူ့ဖို့ ပြင်ဆင်နေမှန်းမသိတဲ့
မိတ်ကပ်ဖုံဖုံနဲ့ ကောင်မလေးတွေမြင်တိုင်းလဲ
အံကိုဖိကိုက် ခပ်ကျိတ်ကျိတ် ပြုံးမိတိုင်း
အကြောင်းသိ သူငယ်ချင်းတွေကပြောတယ်
နင် မိတ်ကပ်လိမ်းမယ့်နေ့ ငါတို့ ကြည့်ချင်လှရဲ့တဲ့။ ။

အရွယ်လေးလည်း ရပြီ...
ပညာရည်လေးလည်း ဝပြီ...
ဘဝဇာတ်ခုံပေါ်လည်း တက်က,ရပြီမို့...
ငါ့မျက်နှာမှာ...
ရောင်စုံ မိတ်ကပ်တို့ ခြယ်သဖြစ်ခဲ့ပြီ...


ခုတော့ ကိုယ့်လမ်းကိုယ်ထွင်း
ကိုယ့်အနာဂတ်ကို ကိုယ်ပြင်ရင်း
အိပ်မက်ကလန့်နိုးလဲ သွေးအေးစဲ.......
လူ့အကြောင်းသိလဲ အေးဆေးပဲ..........
မိတ်ကပ်မျက်နှာကိုတွေ့လဲ တွေငေးစဲ....

ခင်တဲ့.... သူရ

k2 အဲဒီကဗျာလေးကို သိတယ် သူရရေ... စုသဲဖြူ ရေးတာဟုတ်...:) k2 လည်း ကြိုက်လို့ မှတ်မိနေတာ...:)

ခိုင်ရေ...
အင်း.......ကဗျာလေးက လေးလေးနက်နက် ရေးထား တာမို့ ပေါ်လာတဲ့ နောက်ချင်စိတ်တွေကို မြိုသိပ်ထားလိုက် တယ်နော်။ ကွန်မန့်ရေးမယ် ရေးမယ်နဲ့ ဒီဘက်အကောင့် ကို sign in မဝင်ဖြစ်လို့ မပေးခဲ့ရဘူး။

(ထူးပါဘူး... ပြောချင်တာပြောခဲ့လိုက်တော့မယ်။ :P ) သနပ်ခါးနံ့လေးက နမ်းရင်မွှေးသလို.. မိတ်ကပ်လေးကလဲ နမ်းရင် ရင်ထဲမှာ နွေးနေမယ်ထင်ပါတယ်။ ဟီး... စိတ်လျှော့နော်... (ကြိမ်လုံးမပါကြေး။)

"သနပ်ခါးရေကျဲ မိတ်ကပ်မူကွဲ"
ကဗျာကိုခံစားသွားတယ်

ငါ့ညီမက တော်တော် ခံစားချက်ပြင်းတာပဲ...

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..