Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

အောင်မြင်မှုသာရှိရင် ပျော်ရွှင်မှုဆိုတာ သူ့အလိုလို နောက်က အရိပ်လို လိုက်ပါလာပါလိမ့်မယ်...
အောင်မြင်ခြင်းမရှိပါဘဲ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာလည်း မရှိနိုင်ပါဘူး...

ဥပမာ အစော့အရမ်းမက်တဲ့ကလေး စိတ်ပျော်ရွှင်မှုကိုအလိုလိုက်ပြီး စာမကျက်ရင် နောင်တစ်နေ့ သူ ပျော်ရွှင်နေနိုင်ပါဦးမလား... စာအရမ်းကြိုးစားတဲ့ကလေးတစ်ယောက်က ကလေးပီပီ ပျော်ရွှင်စွာ စော့ကစားနေဖို့ထက် စာမေးပွဲအောင်မြင်ဖို့ကိုပဲ သူကြိုးစားခဲ့ရင်ကော..... အောင်မြင်ပြီဆိုတာနဲ့ ပျော်ရွှင်မှုက လိုက်ရှာစရာမလို သူ့အလိုလို ရောက်လာပါလိမ့်မယ်...

နောက်တစ်ခု ဒီခေတ်မှာ သိပြီးကြတဲ့အတိုင်း လူတော်တော်များများ ကိုယ့်အိမ်ကိုယ့်ရွာကိုယ့်တိုင်းပြည်ကို စွန့်ခွါပြီး ပျော်ရွှင်မှုမပါတဲ့ ဘဝလမ်းကိုရွေး အတွေးနဲ့တင် အဖြေထွက်နေတဲ့အကြောင်းပါပဲ... လူတွေဘာကြောင့် ကိုယ်ပျော်ရွှင်တဲ့နေရာမှာ မနေကြပါဘဲ တိုင်းတစ်ပါးကို သွားကြတာပါလိမ့်... ဘဝရဲ့လမ်း အပင်ပန်းခံလျှောက်နေကြတာဟာ ကိုယ့်ဘဝ ကိုယ့်အခြေအနေ ကိုယ့်မိသားစုအတွက် အောင်မြင်ခိုင်မာမှုတစ်ခု တည်ဆောက်ချင်ကြလို့ပဲ မဟုတ်ပါလား... ပျော်ရွှင်မှုကိုရှာဖို့အတွက် တိုင်းတစ်ပါးသွား အလုပ်လုပ်နေကြတဲ့သူမျိုးကော တွေ့ဖူးကြပါသလား... ကိုယ့်နေရပ်မှာနေ လိုအပ်ချက်အထွေထွေနဲ့ ပေတေတေဒီစိတ်တွေ ဝေလေလေလုပ်နေတာကို ပျော်နေတယ်ထား... မအောင်မြင်တဲ့ဘဝ တစ်နေ့ကျ စိတ်ပျက်နွမ်းလျပြီး ဘဝကိုပါ စွန့်ချင်လာမှာမို့ ပျော်ရွှင်မှုဆိုတာ အောင်မြင်မှုနဲ့ယှဉ်ရင် ခပ်ဝါးဝါး ကြေးမုံတစ်ချပ်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်...

"ပျော်ရာမှာမနေရ တော်ရာမှာနေရ" ဆိုတဲ့ စကားပုံလေးလည်း ရှိသေးတယ်မဟုတ်လား... ဒါကိုကြည့်ခြင်းအားဖြင့် ပျော်ရွှင်မှုဆိုတာ အဓိကကျတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး... နောက် "ပညာရဲရင့် ပွဲလယ်တင့်"ဆိုတဲ့ စကားပုံလေး လူတိုင်းမေ့ကြမယ် မထင်ပါဘူး... ပညာရဲရင့်တယ်ဆိုကတည်းက အောင်မြင်မှုရှိလို့ပဲလေ... အောင်မြင်မှုရှိမှသာ နောက်ဆက်တွဲ အကျိုးခံစားခွင့်တွေကို ရရှိနိုင်မယ်လို့ ပြောရင် လူတိုင်း မလွဲမသွေ လက်ခံရမှာပါပဲ... Success can create not only happiness but also self-confidence and satisfaction!!!


နောက်ပြီး ကမ္ဘာမှာရော မြန်မာမှာပါ သမိုင်းတွင်တဲ့လူတွေဟာ အောင်မြင်တဲ့သူတွေသာ ဖြစ်ပါတယ်... အောင်မြင်တဲ့သူတွေဟာ သူ့တို့ရဲ့ အောင်မြင်မှုကြောင့် သူတို့ကိုယ်တိုင် (ပျော်ရွှင်မှုကို မရှာပါဘဲ) ပျော်ရွှင်ကြရသလို လူအထောင်အသောင်းအသိန်းအသန်းကိုလည်း အကျိုးပြုပါတယ်... ပျော်ရွှင်မှုဆိုတာ အောင်မြင်ခြင်းရဲ့ ကျောဘက်တစ်နေရာမှာသာ ရှိနေတာမို့... အောင်မြင်မှုကိုသာ ရရှိရင် ပျော်ရွှင်မှုဆိုတာ သူ့အလိုအလျောက်ပေါ်လာမှာဖြစ်တဲ့အတွက် အောင်မြင်မှုရှိနေဖို့ကသာ အရေးကြီးပါတယ်... ဒါကြောင့် ပျော်ရွှင်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်နဲ့ အောင်မြင်ဖို့ကြိုးစားနေတဲ့သူတစ်ယောက် ဘယ်သူက ပိုအရေးကြီးမလဲ တွေးကြည့်နိုင်မယ်ထင်ပါတယ်...

နောက်တစ်ခုအနေနဲ့ကတော့ "လူ့ဘ၀တစ်ခု အတွက် တစ်ကယ် လိုအပ်ချက်က ပျော်ရွှင်ရမှုပါပဲ.... စိတ်ချမ်းချမ်း သာသာ နေရရင်ပဲ ဘ၀အဓိပ္ပါယ် ပြည့်စုံပါတယ်...."လို့ပြောနေကြတာလေး... တကယ်တော့ စိတ်ချမ်းသာနိုင်ဖို့ဆိုတာ ဘဝရဲ့လိုအပ်ချက်တော်တော်များများကို ကွက်လပ်ဖြည့်နိုင်ပါမှ ရနိုင်မှာလေ... အဲဒီလို လိုအပ်ချက်တွေကို ကွက်လပ်ဖြည့်နိုင်ဖို့ တစ်နည်းအားဖြင့် ကိုယ်ရည်မှန်းထားတဲ့ targetလေးရောက်နိုင်ဖို့ အောင်မြင်အောင်တော့ အရင်ကြိုးစားရဦးမှာ မဟုတ်ပါလား... ဒါကြောင့် အောင်မြင်မှု(နည်းနည်းများများ)မရှိဘဲနဲ့ ဘယ်အရာမှ မဖန်တီးနိုင်တာမို့ အောင်မြင်မှုဆိုတာသာ အရေးအကြီးဆုံးပါပဲ...
ဒီနေရာမှာ ကလေးတစ်ယောက် မွေးဖွားလာကတည်းက အောင်မြင်မှုကို မသိလို့ ပျော်ရွှင်ခြင်းနဲ့သာ စ,ခဲ့တာမို့ ပျော်ရွှင်မှုကသာ ပိုအရေးပါအရာရောက်တယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ်... ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်ရင် ကလေးဆိုတဲ့အရွယ်ဟာ ဘဝကို မဖန်တီးနိုင်သေးလို့ သူ့အတွက် ဘဝမှာ ဘာအရေးကြီးလဲဆိုတာ ဝေဖန်ပိုင်းခြားနိုင်မှာမဟုတ်ပါဘူး... ခေါင်းစဉ်လေးနဲ့ချိန်စဉ်းစားရရင် ဘဝဆိုတာကို မမြင်တတ်သေးတဲ့ ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုဟာ ဘဝတစ်ခုလုံးနဲ့ နှိုင်းရင် သေးငယ်တဲ့အစိတ်အပိုင်းမျှသာ ဖြစ်ပါလိမ့်မယ်... နောက်တစ်ခုက ကလေးတစ်ယောက် လိုချင်တာရလို့ ပျော်ရွှင်တာ... သဘာဝအလှတရားကို ငေးမောရလို့ ပျော်ရွှင်ရတာတွေကကော တစ်ဘဝစာအတွက် အချိန်ဘယ်လောက်များရနိုင်မှာပါလဲ... ၁မိနစ်လား ၁နာရီလား ၁ရက်လား... ဘဝကို ကောင်းကင်ကြီးနဲ့နှိုင်းရင် အဲဒီပျော်ရွှင်မှုဆိုတာ တိမ်တစ်စလောက်ပဲ ရှိနိုင်တာပါ... အဲဒီလိုပျော်ရွှင်မှုတွေ ရှိတယ်ထား... အချိန်တန် အိမ်ပြန်ထမင်းစားနိုင်ဖို့အတွက်တော့ ပျော်ရွှင်မှုက ဟင်းတစ်ခွက် မဖြစ်နိုင်ဘူးလေ... အောင်မြင်မှုရှိနေမှသာ ဘဝမှာ ထမင်းမြိန်မြိန် ဟင်းမြိန်မြိန်စားနိုင်သလို ပျော်ရွှင်မှုဆိုတဲ့ လိုက်ပွဲလည်းပါတော့မပေါ့...

နောက်ပြီး "လူဟာ ပျော်ရွှင်နေတဲ့အချိန်တွေမှာသာ အကြံကောင်း ဥာဏ်ကောင်းတွေ ထွက်လာမှာပါ" "အောင်မြင်မှုရဲ့ အရင်းခံ အုတ်မြစ်ဟာ ပျော်ရွှင်မှုကနေပဲစတင်ရတယ်" ဆိုတာကတော့ မှန်တယ်လို့ လက်မခံပါဘူး... ဥပမာ company တစ်ခု bankrupt ဖြစ်ရတော့မယ့်အခြေအနေတစ်ခု ဒါမှမဟုတ် တစ်ခြား company အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ problem တစ်ခု... ဒီလိုအခြေအနေမျိုးမှာ problem solving လုပ်ဖို့ အကြံကောင်း ဉာဏ်ကောင်းထွက်အောင် ကိုယ့်စိတ် ပျော်ရွှင်တဲ့အထိ ထိုင်စောင့်နေမလား... မှန်ကန်တဲ့ decision ချနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ အတွေ့အကြုံ၊ စဉ်းစားတွေးခေါ်နိုင်မှု၊ တည်ငြိမ်ရင့်ကျက်မှုစတဲ့ အရည်အချင်းကောင်းတွေပဲ လိုအပ်ပါတယ်... အဲ့လို အရည်အချင်းကောင်းရှိနေဖို့ လူတစ်ယောက်ဟာ အနည်းနဲ့အများ လုပ်ငန်းခွင်မှာ အောင်မြင်မှုရှိနေတဲ့သူ ဖြစ်ကိုဖြစ်ရပါမယ်... စဉ်းစားကြည့်ကြပါစို့... ဒီလို ပြဿနာကြီးမျိုးနဲ့ ကြုံရချိန်မှာ လုပ်ငန်းမှာ အောင်မြင်တဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူ companyက ဘယ့်သူ့ကို အားကိုးမယ် ထင်ပါသလဲ... ဒါကြောင့် လူတစ်ယောက် အကြံဉာဏ်ကောင်းထွက်နိုင်ဖို့ ပျော်ရွှင်မှုကို အခြေခံရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး... ကိုယ်တိုင်အောင်မြင်ပြီး ကိုယ့်အောင်မြင်မှုနဲ့ ယုံကြည်မှုရှိနေဖို့သာ အဓိကကျ အရေးကြီးတာပါ... ထပ်စဉ်းစားကြည့်ကြရအောင်... လူတစ်ယောက်အောင်မြင်တယ်ဆိုတာကို သတ်မှတ်ပုံလေးပါ... အောင်မြင်တယ်လို့ပြောလိုက်ရင် လူတွေက "Bill Gate" ကို ပြေးမြင်မိကြတယ်... လောလောလတ်လတ် မရှိတော့တဲ့ "Michael Jackson" ကို တွေးမိသွားကြတယ်... တကယ်တော့ အောင်မြင်တယ်ဆိုတာ လုပ်ဆောင်မှုအကြီးကြီးတွေမှာ ဖြစ်နိုင်သလို နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေမှာလည်း ရှိနေတာပါပဲ... ဥပမာ အရက်သမားတစ်ယောက် နေ့တိုင်းအရက်သောက်ပြီး ပျော်ပါးနေတာထက် အရက်ပြတ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတာက ပိုအကျိုးရှိမယ်ဆိုတာ လူတိုင်း လက်ခံပြီးသားနေမှာပါ... ဒီနေရာမှာ အရက်သမား အရက်ပြတ်တာဟာလည်း အောင်မြင်ခြင်းပါပဲ... တကယ်တော့ အောင်မြင်ခြင်းဆိုတာ ကိုယ့်စိတ် ကိုယ့်ကိုယ်ထဲကနေ ဖြစ်ပေါ်လာခဲ့တာပါ... ကိုယ့်မှာရှိတဲ့အထဲက မြင်အောင်ရှာ၊ မြင်အောင်လုပ်ပြီးကြိုးစားအားထုတ်မှ... "အောင်"တာကိုလည်း "မြင်"နိုင်မှာလေ... စာမေးပွဲအောင်ဖို့ မှန်းထားတဲ့လူတစ်ယောက် စာမေးပွဲအောင်တာဟာလည်း အောင်မြင်ခြင်းတစ်မျိုးပါပဲ... ပျော်ရွှင်တဲ့အထိစောင့်ပြီးမှ စာကျက်မယ်ဆိုရင်တော့ ဒီလူတစ်ယောက် အောင်စာရင်းမှာ မပျော်ရွှင်နိုင်မှာ အသေအချာပဲလေ... ပျော်ရွှင်မှုတစ်ခုဟာ ကျရှုံးခြင်းတစ်ခုကိုလည်း ဖန်တီးပေးနိုင်သလို ဝမ်းနည်းစရာတွေကိုလည်း ဖြစ်ပွားစေတတ်တာ ဒုနဲ့ဒေးမို့ အကျယ်မချဲ့တော့ပါဘူးလေ... ဘာပဲဖြစ်ဖြစ် အသေးအမွှားလေးကစ အောင်မြင်နိုင်အောင်ကြိုးစားပါမှ ဘဝက ပိုပြည့်စုံမှာမို့အောင်မြင်နေဖို့သာ အဓိကကျ အရေးကြီးပါတယ်... နောက်ဆုံးတစ်ခုက "လူ့ဘ၀မှာ လူတိုင်းစတင်ပြီးရင်းနှီးခဲ့ရတာ ဟာ ပျော်ရွှင်မှုပါပဲ"... စ,ခဲ့တာ မှန်ပါတယ်... ဘဝကို ဆက်ဖို့ရန် ပျော်ရွှင်မှုက ဝမ်းမဝစေပါဘူး... "ပျော်ရွှင်မှုတွေ ဆိပ်သုန်းနေတဲ့သူတစ်ယောက်ဟာ ဘယ်လိုမှ အောင်မြင်မှုမရရှိနိုင်ပါဘူး"...လို့ဆိုတဲ့နေရာမှာလည်း... သာဓကလေးတစ်ခုနဲ့ ယှဉ်ပြောရရင်... အက်ဒီဆင်ဟာ ဆင်းဆင်းရဲရဲနဲ့ ပိုးစုန်းကျူးမီးအလင်းရောင်ကိုယူပြီး စာဖတ်ခဲ့ရတာမို့ သူဟာ ပျော်ရွှင်ခဲ့မယ် မထင်ပါဘူး... ဘာအတွက်ကြောင့် ပျော်ပျော်ရွှင်ရွှင်မနေဘဲ အပင်ပန်းခံစာဖတ်ခဲ့တာပါလိမ့်... သူ့ပန်းတိုင်ဆိုတဲ့ အောင်မြင်ခြင်းဆီသို့ ဦးတည်နေခဲ့လို့ဆိုတာ လူတိုင်း မြင်မိကြမယ်ထင်ပါတယ်...

ဘဝမှာ အရေးကြီးတာတွေကတော့ အများကြီးပါပဲ... လူတစ်ကိုယ်စိတ်တစ်မျိုးမို့ သူတို့ရဲ့အရေးကြီးတဲ့အချက်တွေကလည်း တူကြဖို့ရန် ခဲယဉ်းလှပါတယ်... ပျော်ရွှင်မှုဆိုတာလည်း အရေးကြီးသလို အောင်မြင်မှုဆိုတာလည်း ဘဝမှာ မရှိမဖြစ်လိုအပ်ပါသေးတယ်... ဘဝမှာ အခက်အခဲအနည်းအများ လူတိုင်းကြုံဖူးကြမှာမို့ ပြဿနာတွေကိုလည်း အောင်မြင်စွာမဖြေရှင်းဖူးတဲ့သူ မရှိဘူးလို့ ထင်ပါတယ်... ဘဝပြဿနာ မဖြေရှင်းနိုင်ဘဲ ပျော်ရွှင်နိုင်တဲ့သူ မရှိနိုင်တာမို့ ဘယ်အရာက ပိုအရေးကြီးလဲလို့ဆိုလဲဆိုရင်ဖြင့် အောင်မြင်မှုသာ ပိုအရေးကြီးပါတယ်လို့ပဲ ဆိုရမှာပါပဲ...

In summary... happiness is based on the success... that's why success is the most important thing in the life....

Created By: k2tmaung 30 July 2009 Thursday (02:00AM - SG Time) & 31 July 2009 (Friday)

မှတ်ချက် - 29 July 2009 Wednesday ရွှေမြန်မာ၏ Debate ၌ ပါဝင်ဆွေးနွေးခဲ့မှုနဲ့ 31 July 2009 ရွှေမြန်မာတွင် ကိုသားကြီး၏ ဆွေးနွေးမှုအလှည့်၌ ဝင်ရေးပေးခဲ့ခြင်းများကို စာဖတ်ရ အဆင်ပြေစေရန် ပြန်လည်စာစီထားပါသည်။

1 comments:

အောင်မြင်မှုဆိုတာထဲမှာက ပျော်ရွှင်မှုကပါပြီးသားမို့..
ဟိုတုန်းကလိုပဲ သဘောတူပါသည်ဗျို့..

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..