ငယ်ငယ်ကတည်းက ကိုယ့်ဘဝကို အမြဲမှတ်တမ်းတင်ခဲ့တယ်... အဲဒီမှတ်တမ်းလေးကို ဒိုင်ယာရီလို့ အများကခေါ်ကြတယ်... ကိုယ့်အတွက်တော့ "ဘဝဖြစ်စဉ်မှတ်တမ်း"ပေါ့... အဆိုးတွေလည်းရှိတယ် အကောင်းတွေလည်းရှိတယ်... ပျော်ရွှင်မှုတွေလည်းရှိတယ်. ဝမ်းနည်းမှုတွေလည်းရှိခဲ့တယ်...
တစ်နှစ်ကို မှတ်တမ်းတစ်အုပ်စီရှိခဲ့ဖူးပါတယ်...
ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ်စ,ကျောင်းရကတည်းက ကိုယ့်မှတ်တမ်းတွေ ပျောက်ဆုံးနေခဲ့တယ်... ဗလာဗလာဖြစ်နေတဲ့ ဆင်တူစာမျက်နှာတွေက သူတို့အတွက် မတူတဲ့ မှတ်တမ်းတွေရေးဖို့ ကိုယ့်ကိုစိန်ခေါ်နေကြတယ်...မျက်နှာလိုက်စွာ ကိုယ်ကလည်း စာမျက်နှာတစ်ချို့အတွက်သာ အကြောင်းအရာတွေကို မှတ်မိတော့တယ်... မရေးတာထက်စာရင် မှတ်မိသလောက်လေး ချရေးကြည့်တာက မှတ်တမ်းရေးခဲ့တဲ့ ကိုယ့်ရာဇဝင်ကို မရိုင်းစေဘူး ဖြစ်မယ်ထင်ပါရဲ့...
-------------------------------------------------
မိဘနဲ့ အတူရှိစဉ်အခါက ဘဝနဲ့ဆန္ဒ အထာ,မကျခဲ့ရင် အမေက စကားလေးတစ်ခွန်း အမြဲပြောပါတယ်... "ဒါ သားသမီးတွေရဲ့ဘဝမဟုတ်ဘူး...မိဘတွေရဲ့ဘဝ"တဲ့...
မိဘနဲ့ ကွာဝေးစဉ် ဘဝတိုက်ပွဲ ကိုယ်တစ်ပွေတည်း နွှဲရတော့ အမေက စကားလေးတစ်ခွန်း အမြဲပြောပြန်ပါတယ်... "ဘဝက ခုမှစ,တာ... အားတင်းထား"တဲ့...
-------------------------------------------------
28 Feb 2008
ဘဝသစ်တစ်ခုကို စ,ရတော့မယ်ဆိုတော့ ရင်ထဲမှာ ဘာတွေမှန်းမသိ ပြည့်ကျပ်နေခဲ့တယ်...
လက်ရာမြောက်တဲ့ အမေရဲ့ ကြက်သားအာလူးအစပ်ဟင်းက ပါးစပ်းထဲမှာပေါ့ရွှတ်ရွှတ်ဖြစ်နေခဲ့တယ်...
မျက်ရည်မကျအောင်ထိန်းထားပေမယ့် အဖေနဲ့အမေကို ကန်တော့ပြီးလို့ ခေါင်းပြန်အမော့မှာ အမေငိုနေခဲ့တယ်...
အဖေက သူ့မျက်ရည်တွေကို မျက်တောင်တွေ ပုတ်ခတ်ရင်းသိမ်းဖို့ကြိုးစားနေခဲ့တယ်...
သူတို့အတွက် နောက်ထပ်သမီးတစ်ယောက် ပထမဆုံးအကြိမ် နှစ်ရှည်လများခွဲရဦးမယ်လေ...
ပြီးခဲ့တဲ့အပတ်ကပဲ သမီးအငယ်က ခုလိုထိုင်ကန်တော့သွားခဲ့တာ... ခုတစ်ခါ သမီးကြီးအလှည့်...
သူတို့တွေ သမီးငယ်အတွက် လွမ်းဆွေးငိုကြွေးတတ်တာ ဒီနေ့နဲ့ဆို တစ်ပတ်တိတိရှိပြီ... နောက်ထပ် ဘယ်နှစ်ပတ်များ...
ကိုယ်ငိုမိတယ်...အိမ်နောက်ဖေးဘက် ပြေးဝင်ပြီး စားလက်စ ထမင်းကို အရသာမဲ့စွာ တစ်ပန်းကန်လုံးကုန်အောင် စားပစ်ခဲ့တယ်...
ဘယ်တော့မှ ပြန်ထပ်စားရမယ်မှန်း မသိတဲ့ အမေ့လက်ရာလေ...
ကိုယ့်တက်ကြွမှုတွေကို ခြေလှမ်းတန့်စေခဲ့တာက မနေ့ညနေမှ အဖေဝယ်ပေးတဲ့ ကိုယ့်အတွက် အသစ်စက်စက် Handsetလေး...
ဘာမှကို မလာတော့တဲ့ ကိုယ့် Handset အသစ်လေးကြောင့် ရင်ထဲ ရေခဲတောင်ပြိုကျသလို... ယိုင်နဲ့မှုက အေးစက်စက်နဲ့...
ဒါ "ငါ ရင်ဆိုင်ရမယ့် ငါ့ကံကြမ္မာရဲ့ အစ,လား..." ဆို့နစ်မှုက မိန်းကလေးတစ်ယောက်အတွက် မျက်ရည်တစ်စက်အဖြစ် ပြောင်းလဲသွားတယ်...
အဖေက ကားမောင်းနေရင်းနဲ့ သမီးရဲ့မျက်ရည်တစ်စက်အတွက် စကားတစ်ခွန်းဆိုခဲ့တယ် "သမီးက ဖေဖေ့သမီးပါ... အားလုံးအဆင်ပြေမှာ"တဲ့...
ဒီလိုနဲ့ပဲ စိတ်ခိုင်ပါတယ်ဆိုတဲ့ ကိုယ် အံကိုတင်းတင်းကျိတ်လို့ နောက်ထပ် အဆင်မပြေမှုများစွာနဲ့ သူတို့ရှေ့က ထွက်ခွာခဲ့တယ်...
ကိုယ့်မျက်ရည်အတွက် သူတို့မျက်ရည်တွေ သိမ်းပေးခဲ့ကြတယ်...
08 March 2008
ရုပ်ရှင်တွေထဲကလို လမ်းဘေးမှာ ငုတ်တုတ်ထိုင်ရင်း ဟမ်ဘာဂါတစ်လုံးစားလို့ Pepsi တစ်ခွက်ကိုင်ကာ အိမ်နဲ့ဖုန်းပြောတဲ့သူမျိုး တွေ့ဖူးကြပါသလား...
ရှက်တတ်ပါတယ်ဆိုတဲ့ ကိုယ် မြင်မြင်သမျှကို အံကျိတ်ကြည့်ရင်း အမေ အမြဲပြောဖူးခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိတယ် "နင် ဒီလို ကြီးကျယ်ပုံမျိုးနဲ့တော့ ဒုက္ခရောက်လိမ့်မယ်" တဲ့...
အမေက အကြားအမြင်ရ ပုဂ္ဂိုလ်တစ်ပါးအလား...
15 March 2008
အမေက လူကြုံနဲ့စာရေးပေးခဲ့တယ် "ငါ့သမီး နှစ်ယောက်လုံး ဘယ်သူ့အကူအညီမှ မယူဘဲ အဆင်ပြေသွားကြတာ အရမ်းဝမ်းသာတယ်"တဲ့
18 May 2008
အမေ operation လုပ်ပြီးပြီဆိုတာကို နောက်ဆုံးမှ သိခွင့်ရတာက အဖေအမေတွေရဲ့အချစ်ဆုံး သမီးနှစ်ယောက်...
စိတ်မပူရဘူးဆိုပေမယ့် လိုအပ်ချိန်မှာ မရှိပေးနိုင်ခဲ့လို့ ဝမ်းနည်းမဆုံးရှိခဲ့တယ်...
26 May 2008
ခြေလှမ်းတွေ မြေမထိဘဲ အိမ်ပြန်ခဲ့တယ် ထင်ပါတယ်...
သူတို့နိုင်ငံသားမဟုတ်ခဲ့တာ ငါ့အပြစ်လား... ငါ့အမှားလား...
29 May 2008
အမေ့ငိုသံက မျက်ရည်တွေကို တိတ်စေခဲ့တယ်...
အဖေအားပေးသံက သတ္တိတွေကို ဖြစ်စေခဲ့တယ်...
08 Jun 2008
အမေ့ဆုတောင်းတွေ ပြည့်ခဲ့တယ်..
တစ်ပတ်တိတိမှာ သေချာတဲ့အဖြေတစ်ခုရခဲ့တယ်...
ငါ ဒီကနေ နောက်ပြန်လှည့်ဖို့ မလိုအပ်တော့ဘူးဆိုတာ...
17 Jun 2008
ဘဝမှ ပထမဆုံးအကြိမ် သူစိမ်းမိန်းမတစ်ယောက်နဲ့ နပမ်းမသတ်ရုံတမယ် ပါးစပ်တိုက်ပွဲဝင်ခဲ့တယ်...
အဖေနဲ့အမေ့ကိုသာ မတ,မိလိုက်ရင် လူသတ်မှု ကျူးလွန်မိမယ်ထင်ပါတယ်...
ခုတော့ နောက်လှည့်ကြည့်လို့မှ ကိုယ့်အရိပ်ကလွဲလို့ ဘယ်သူမှ မရှိခဲ့...
မှောင်နဲ့မဲမဲဆို ကိုယ့်အရိပ်တောင် ကိုယ့်ဘေးနား အားမပေးတတ်တဲ့ အဖော်အဖြစ် ရှိမနေခဲ့ပါဘူး...
Aug 2008
ပတ်ဝန်းကျင်နဲ့ အံမဝင်နိုင်သေးတဲ့ ကိုယ် နေ့တိုင်း မျက်ရည်ကျ,တယ်ဆိုရင် ပိုတယ်ဆိုမလား...
မိဘရင်ခွင်ဆီ ပြန်ပြေးချင်တဲ့စိတ်ကို မိသားစုပြန်ဆုံနိုင်ဖို့ဆိုတဲ့စိတ်နဲ့ ထိန်းချုပ်နေရတယ်...
အမေနဲ့အဖေသာ သိရင် "ရင်ဖွင့်ကြိုဆိုနေမလား" "အားတင်းထားပါ သမီးရယ်"လို့ပြောမလား...
တကယ် နားနဲ့ကြားပြီး ရင်ဘတ်တစ်ခုနဲ့ခံစားလိုက်ရတာက "ငါ့သမီးတွေကို လွမ်းလိုက်တာ"တဲ့...
Oct 2008
ပြန်လာမယ်လို့ အသိပေးလိုက်တဲ့နေ့က အမေမေးခဲ့တယ် "ဘာစားချင်လဲ"တဲ့
20 Dec 2008
နံစော်နေတဲ့ ကိုယ့်စိတ်အညစ်အကြေးတွေနဲ့ပဲ မိဘတွေဆီ ပျံသန်းလာခဲ့တယ်...
ဘယ်တုန်းကမှ မမြင်ခဲ့ဘူးတဲ့ အဝါထိန်ထိန်တောက် Sport Shirt နဲ့အဖေက အပြုံးကို မျက်နှာပေါ်က မချနိုင်ဘဲ ရှိခဲ့တယ်...
အမေက လှမ်းလျှောက်လာတဲ့ သမီးနှစ်ယောက်ကို မျက်ရည်တွေနဲ့သိုင်းဖက်ရင်း စကားတစ်ခွန်းနဲ့ နှုတ်ဆက်လိုက်တယ် "မေမေ့သမီးတွေ..." တဲ့...
31 Dec 2008
2008ကို နှုတ်ဆက်ဖို့ အဖေကမေးတယ် "ဘယ်သွားချင်လဲ"တဲ့... အမေကမေးတယ် "ဘာစားချင်လဲ"တဲ့...
03 Jan 2009
နောက်နှစ် ငါ့ကိုမွေးဖွားပေးခဲ့တဲ့ ဒီနေ့မှာ ငါဒီလို မိဘတွေကို ကိုယ်တိုင်လာကန်တော့နိုင်ပါ့မလား...လို့ တွေးမိတော့...မျက်ရည်က သနားလို့တဲ့ မျက်ဝန်းမှာ လာခိုချော့ခဲ့တယ်...
04 Jan 2009
အဖေ့ရင်ခွင်မှာ ခိုနားလိုက်တဲ့ တစ်ခဏမှာ ဆုံးရှုံးနေတဲ့ "ခွန်အား"တွေ ရလိုက်သလို...အဖေ့ရဲ့အနမ်းတစ်ချက်ဟာ "သတ္တိ"တွေကို ဖြစ်စေခဲ့တယ်...
အမေ့ရင်ခွင်မှာ ခိုနားလိုက်တဲ့ တစ်ခဏမှာ ပျောက်ဆုံးနေတဲ့ "နူးညံ့မှု"တွေ ပြန်ရလိုက်သလို...အမေ့ရဲ့အနမ်းတစ်ချက်ဟာ "သည်းခံမှု"တွေ မွေးဖွားပေးခဲ့တယ်...
ဒီလိုနဲ့ မိဘတွေကို နောက်တစ်ကြိမ် ကျောခိုင်းခဲ့ရပြန်ပါတယ်...
10 May 2009
မနေ့က အဖေနဲ့အမေ Online တက်လာတုန်း မပြောဖြစ်ခဲ့တာလေး ဒီနေ့ပြောပြချင်ပါတယ်...
"သမီး အခု အားလုံးနဲ့ အဆင်ပြေအောင်နေတတ်နေပါပြီ... မဝေးတော့တဲ့ တစ်နေ့မှာ မိသားစုတွေ ပြန်ဆုံကြမယ်"လို့...
မှတ်ချက်-အမေများနေ့အတွက် အမှတ်တရ
Zawgyi
ပညာ
1 month ago
1 comments:
မိသားစုနဲ့ပြန်ဆုံကြတာဖတ်ရတာ ၀မ်းသာစရာဗျာ.ထပ်ဖတ်သွားပါတယ်.မကို
ကျနော်တော့ပြန်ဆုံပါ့ဦးမလား.တထိတ်ထိတ်ပါပဲဗျာ
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...