မင်းက ပန်းအကြောင်း နှံ့စပ်သူ...
ငါက ပန်းရိုင်းတစ်ကောင်...
"မင်း နဲ့ ငါ မိတ်ဆွေဖွဲ့ရအောင်"တဲ့ ...
ကန့်လန့်ကာဖွင့်စမှာတော့...
ရယ်သံတွေ ပျော်မြူး ပန်းတွေ ပွင့်ဖူးခဲ့ပါတယ်...
ဘယ်လိုပဲ မင်း သင်သင်...
ငါက ပန်းရိုင်းတစ်ကောင်ရဲ့ ဇာတိကို...
မဝှက်တတ်ခဲ့ဘူး...
ပတ်သက်မှုအပေါ် စိတ်ပျက်တာ...
တကယ်တော့ မင်းလည်း မမှားခဲ့ပါဘူး...
"ဝေးကွာမှု"က သွေးထိုး...
"နားလည်မှု"က မယဉ်ပါး...
ကြာတော့...
အတွေးကိုယ်စီနဲ့ ထင်ရာမြင်ရာ စစ်ခင်း...
ရင်းတည်ခဲ့တဲ့ "နာကျည်းမှု"တွေ...
နင်းခြေခဲ့တဲ့ "နှလုံးသား"တွေ...
ကြားတရားခံကတော့... "မာန်မာန"တွေပေါ့...
မကြေလည်မှုတွေကြား...
စကားလုံးတစ်စုနဲ့ မင်း စ,ပြီး စစ်ပြင်ခဲ့တယ်...
နောက်ဆက်တွဲ စစ်ထိုးသူကတော့ ငါ ပန်းရိုင်းပေါ့...
အရှုံးအနိုင် မကွဲပြားခင်...
ငါ့မာနကို နန်းချ...
နန်းကျ သံယောဇဉ်နဲ့...
ငါက စ,လို့ ချစ်ကြည်ရေး သံတမန်ခင်းခဲ့တယ်...
"အမုန်း"တံခါး မင်း တားထားပြီးမှတော့..
ငါတို့တွေ...
ကိုယ့်လမ်းကိုယ်လျှောက်...
တပ်မခေါက်ကြေးပေါ့...
နှစ်ယောက်လုံး စစ်ပန်းမှာ ကြောက်သူ...
နောက်လူကို ညှာတာကြသူတွေမို့...
တို့တွေ ခပ်တန်းတန်းနဲ့...
လမ်းတွေ့ရင်လည်း မခေါ်ကြေးပေါ့...
ကြိုးတွေ အထပ်ထပ်...
ရစ်ပတ်ခဲ့သူချင်းမို့...
အလွမ်းတွေ ထုတ်ပိုး...
မြတ်နိုးခဲ့ကြသူချင်းမို့...
မပြောမခေါ် မမြင်မတွေ့...
လက်တွေ့မှာ ကျင့်သားမကျတဲ့...
ရက်သတ္တပတ် များစွာအလယ်...
အထာညက်သေးမှာ မဟုတ်ပေမယ့်...
ကြာရင်တော့ သွေးအေးသွားမှာပါ...
မင်းအပေါ် ထားခဲ့တဲ့ သစ္စာ...
မင်း စွတ်စွဲသလို မဟုတ်ခဲ့တဲ့ ငါ့မေတ္တာ...
တကယ် မှန်ရိုးမှန်ရင်...
ဘဝမှာ ဘယ်"သူ"ကိုမှ ထပ်မကြုံပါရစေနဲ့သား...။
Created By: k2tmaung (25 April 2011 Monday 10:37AM)
Posted by
k2tmaung
comments (0)
Posted by
k2tmaung
comments (0)
ပန်းကလေးတွေဟာ...
အရှုစားခံလား...
အသုံးတော်ခံလား...
သို့မဟုတ်...
မြင်သူ ရင်အေး...
ရနံ့ချို ကျွေး...
တေးမဆိုဘဲ ချွေးသိမ့်တတ်သူလား...
ရနံ့သင်းတဲ့ ပန်း...
နမ်းရှိုက်လွယ်ကြတယ်...
အဆင်းလှနဲ့ ပွင့်ဖူး...
ခူးချိုးခံရတယ်...
ထုံသင်းအလှ မကြွယ်ဝတော့...
ပန်းချင်းတူမှာ ဂုဏ်ငယ်ရပြန်တယ်...
ပန်းကလေးတွေရဲ့ အလှ နဲ့ ဘဝ...
ခံစားခြင်း နဲ့ စံစားခြင်းဖြင့် မြေခကြတယ်...
နမ်းရှိုက်ပြီးတဲ့ ရနံ့...
သင်းပျံ့တန်ဖိုး မြတ်နိုးတတ်ရင်...
ခူးချိုးပြီးတဲ့ အဆင်း...
လှပခြင်းဂုဏ်အင် အသင် ချစ်တတ်ရင်...
အခြွေစောလည်း ကြွေရကျိုးနပ်ပါတယ်...။
Created By: k2tmaung (14 April 2011 Thursday 12:03PM)