ဒီတစ်ပတ် အရမ်းအရမ်းကို ကြိုက်နေတဲ့ သီချင်းလေးကတော့... စည်သူလွင်ရဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ဖြစ်တဲ့ "ဘယ်သူမှ"ဆိုတဲ့ သီချင်းလေးပါပဲ... အရမ်းကို ခံစားလို့ ကောင်းနေတယ်... ဟီး... Blog အတွက် စာရေးဖို့ စိတ်ကူးရင်း အဲဒီသီချင်းလေးကို ကြားရတာ တကယ်ကို ခံစားရစေတယ်... ဘာလို့လဲတော့ လာမမေးကြနဲ့နော်...ဟီး... မမေးခင်ကတည်းက ပြောချင်နေတာ...ဟာဟား... chorus အပုဒ်လေးက heart ထိစေတယ်လေ... :P
"ဘယ်သူမှ ကိုယ့်နှလုံးသားထဲမှာ မရှိသေးဘူး~~~ ငါအယုံကြည်ဆုံး မင်းပဲလေ~~~ ဘယ်သူမှ ရင်ထဲက အချစ်တွေ မယူသေးဘူး~~~ ငါရဲရဲကြိမ်မယ်~~~"
ဟီး... လူတိုင်း သဘောကျမယ်... ဟုတ်... ကောင်လေးကပဲ ကောင်မလေးကိုပြောပြော... ကောင်မလေးကပဲ ကောင်လေးကိုပြောပြော... ကြွေလောက်တယ်... ဟုတ်တယ်ဟုတ်... ဟားဟား...
သီချင်းလေးများနဲ့ ပျော်ရွှင်ကြပါစေ...
k2tmaung (21 September 2009 Monday 6:40AM)
ကျမ SG မှာ တွေ့ကြုံဆုံရဖူးတဲ့ အန်ကယ်လ်တွေ၊ အန်တီတွေအကြောင်း တစ်စေ့တစ်စောင်း ပြောပြချင်ပါရဲ့...
ကျမ ပထမဆုံးလုပ်တဲ့ ကုမ္ပဏီမှာ သန့်ရှင်းရေးလုပ်တဲ့ အန်တီက ကျမအထင် အသက်(၆၀)နီးနီး လောက်ရှိပါလိမ့်မယ်... အဲဒီ့ ကုမ္ပဏီက တော်တော်လေးကြီးပါတယ်... လေးထပ်တိုက် အဆောက်အဦးကြီး တစ်ခုလုံးကို သူမဘယ်လို သန့်ရှင်းရေးလုပ်ပါလိမ့်လို့ ကျမ အမြဲတွေးမိတယ်... တစ်ခါတစ်လေ သူမသန့်ရှင်းပြီးသား နေရာတွေ ပေပွနေရင် သူမတော်တော်လေး စိတ်ဆိုးမာန်ဆိုးရှိတတ်ပြီး ပွစိပွစိ ပြောတတ်ပါတယ်... နီးရာလူကိုလည်း ဒီလိုမလုပ်ဖို့၊ ဟိုလိုမလုပ်ဖို့ မာန်မဲတတ်ပါတယ်... အပြောခံရတဲ့သူတွေကတော့ သူတို့မဟုတ်ကြောင်း ကောင်းကောင်းမွန်မွန် ပြန်ပြောတဲ့သူရှိသလို တစ်ချို့ကလည်း မဲ့ကြ၊ ရွဲ့ကြနဲ့ပေါ့... အင်း... ကိုယ်ချင်းတော့ စာပေးလို့ရတာပေါ့နော်... ကိုယ်သာဆိုရင်လည်း စိတ်ဆိုးမိမှာပဲလေ... အသက်ကလည်း ငယ်တဲ့သူမဟုတ်တာရယ်၊ အလုပ်ကလည်း ပင်ပန်းတာရယ်ကြောင့် သူမလည်း စိတ်ဆိုးရှာမှာပေါ့လေ... ကျမကိုတွေ့ရင်တော့ စကားကောင်းကောင်းပြောတတ်သလို မြန်မာပြည်ကလာတဲ့သူမို့ စိတ်ဝင်တစားနဲ့ လာလာမေးတတ်ပါတယ်... chinese လို နည်းနည်းပါးပါးပြောတတ်တဲ့ ကျမက သူမနဲ့တော့ အဆင်ပြေပါတယ်... တစ်ခါတစ်လေ အပေါ်ထပ်နဲ့ အောက်ထပ်ကို တစ်ထစ်ချင်းဆီ တက်လိုက်ဆင်းလိုက်လုပ်နေတဲ့ သူမကို ကြည့်ပြီး သနားမိပါတယ်... မြန်မာပြည်မှာ ကျမလုပ်ခဲ့တဲ့ ကုမ္ပဏီက သန့်ရှင်းရေးလာလုပ်ပေးသူတွေကတော့ ကျမတို့ "အစ်မ"လို့ "ညီမ"လို့ ခေါ်ရတဲ့ အရွယ်တွေမို့ နှိုင်းယှဉ်စဉ်းစားကြည့်ရင်း စိတ်ထဲ မကောင်းလည်း ဖြစ်မိတယ်...
နောက် Food Court တွေမှာ စားပွဲထိုးလုပ်သူတော်တော်များများကလည်း အသက်ကြီးကြီးတွေ များပါတယ်... တစ်ချို့ဆို တုန်တုန်ရင်ရင်နဲ့ အလုပ်လုပ်နေကြရတယ်... တစ်ချို့ကတော့ ကျမတို့ အသက်အရွယ်နဲ့ အန်တီ၊ အန်ကယ်လ်ခေါ်ဖို့ အရွယ်ထက်တောင် အသက်အရွယ်ကြီးရင့်ကြပါသေးတယ်... ကျမ သူတို့အလုပ်လုပ်နေကြတာကိုကြည့်ရင်း အော်... တို့နိုင်ငံက အဘိုးအဘွားတွေထက် သူတို့ ကံဆိုးကြပါလားလို့ ခံစားစာနာမိပါတယ်... တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံမှာ လူဖြစ်ကြရပေမယ့် သူတို့ဘဝ မငြိမ်းချမ်းကြပါလားလို့လည်း တွေးမိပါတယ်... ဒါဟာလည်း တိုးတက်တဲ့ နိုင်ငံတွေရဲ့ အလုပ်ပြီးရင်းအလုပ် လုပ်နေကြတဲ့ လူငယ်လူရွယ်တွေများလာတာကြောင့် မိဘတွေကို ဂရုစိုက်ဖို့အချိန်မပေးနိုင်တာလား... တိုးတက်မှုတွေကြောင့် လူနေမှုစားဝတ်နေရေးတွေရဲ့ နောက်ဆက်တွဲတွေကြောင့်ပဲလား... မိဘမေတ္တာဆိုတာ စုံရေပဲရှိတယ်ဆိုတဲ့စကား မှန်များနေလို့လားနော်...
ကျမ ဒုတိယမြောက် ပြောင်းလုပ်တဲ့ ကုမ္ပဏီမှာလည်း သန့်ရှင်းလာလုပ်ပေးသူက အသက်ကြီးကြီးပါပဲ... ပိန်ပိန်ကပ်ကပ်နဲ့ လူလေးက သေးသေးကွေးကွေးပါ... သူမကို မြင်တော့ ကျမဖခင်ဘက်က အဖွားကို ပြေးမြင်မိပါတယ်... ကျမအဖွားလည်း သူမလို ပိန်ပိန်သေးသေး ပုလုကွေးပါပဲ... ငယ်ငယ်ကတည်းက ဈေးရောင်းဈေးဝယ် စီးပွားလုပ်ပြီး ဘဝကို ဖြတ်သန်းလာရသူမို့လားတော့ မသိဘူး... အလုပ်သိပ်လုပ်ချင်သူပါ... သို့ပေမယ့် အသက်အရွယ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ ဇရာကိုတော့ သူမ မကျော်နိုင်ရှာဘူးလေ... သားသမီးတွေ မြေးတွေက ဝိုင်းဝန်းနားချဖျောင်းဖျထားလို့ မနားချင်နားချင်နဲ့ နားနေရသူ... မတူကြတာက ကျမအဘွားက လုပ်စရာမလိုဘဲ အလုပ်လုပ်ချင်တာ... ကျမတို့ရုံးက အန်တီကတော့ လုပ်ဖို့လိုအပ်လို့ လုပ်နေရတာ... တစ်ပတ်ကို နှစ်ရက် အချိန်ပိုင်းလာလုပ်ပေးတဲ့ အန်တီက တစ်ခြားအိမ်တွေ၊ ရုံးတွေမှာလည်း လုပ်ရသေးတာမို့... ရုံးရောက်ရင် ခဏလေးတော့ ထိုင်နားတတ်ပြီးမှ အလုပ်စ,လုပ်ရှာပါတယ်... အဲ... မှတ်မှတ်ရရ ပြီးခဲ့တဲ့ ဩဂုတ်လက ကျမနဲ့ သူမနှစ်ယောက်တည်း ရုံးမှာ ရှိနေတဲ့ တစ်နေ့ကတော့ အပြင်ထွက် ထမင်းမစားတဲ့ ကျမကို ကြက်ဆီထမင်းဝယ်ကျွေးလို့... အားနာပါးနာ ဗိုက်ဆာဆာနဲ့ စားလိုက်ရပါသေးတယ်... ကျမ ဒီကုမ္ပဏီမှာ မလုပ်တော့တဲ့ တစ်နေ့ကျရင်တော့ တစ်ခုခုပြန်ကျွေးရဦးမယ်...လို့ ကျမတွေးထားမိပါတယ်...:P တကယ်က ပိန်ပိန်သေးသေး သူမပုံလေးကိုက မြင်ရတာ သနားစရာပါ... တစ်ခါတစ်လေ နောက်ဖေးဘက်မှာ ကော်ဖီတို့ဘာတို့ သောက်ထားပြီးသားခွက်တွေတွေ့ရင်၊ ရေနွေးအိုးတွေဘာတွေလည်း ကိုယ်ကတစ်ခါတစ်လေသုံးတတ်တော့... ကျမလည်း အချိန်ရခဲ့ရင်ပေါ့လေ... သူမကို သနားတာနဲ့ ဆေးပေးတတ်ပါတယ်... တစ်ခြားသူတော့မသိဘူး... ကျမအတွက်ကတော့ လူငယ်ဖြစ်တဲ့ ကိုယ့်ရဲ့စားသောက်ထားသမျှ အိုကြီးအိုမ အန်တီအရွယ်က ဆေးကြောပေးရတာ အားနာမိတယ်... ကျမ စားပွဲနဲ့ အခန်းကို သန့်ရှင်းရေး လာလုပ်ပေးရင်လည်း လုပ်စရာရှိတာ ဘေးချ... လုပ်လက်စ File တွေ save ပြီး အနောက်ဘက် ထွက်သွားလေ့ရှိပါတယ်... စိတ်ထဲ မသက်မသာဖြစ်မိလို့ပါ... ကျမတို့သာ အဲဒီအသက်အရွယ်အထိ အလုပ်လုပ်ခဲ့ရသည်ရှိသော်လို့ တွေးမိပြန်ရင်လည်း... ဟူး... မောလေစွ...
နောက်... အရင်က ကျမ အိမ်မပြောင်းခင်က ရုံးကိုလာရင် စီးနေကျ Bus ပေါ်ကို ကျမအဘွားထက်တောင် ပိုအသက်ကြီးမယ်ထင်ရတဲ့ အဘွားတစ်ယောက် ခရီးလမ်းတစ်ဝက်မှာရှိတဲ့ ရပ်ကွက်ဈေးလေးကနေ တက်လာတတ်ပါတယ်... အဲဒီဈေးလေးထဲကနေ အသီးအနှံတစ်ချို့ကို ဝယ်ပြီး ကျမဆင်းနေကျ Bus Stop မှာ ဆင်း... လမ်းဘေးလေးမှာ ဖြန့်ခင်းရောင်းချတတ်ပါတယ်... သူမ Bus ပေါ်ကို တက်လာပြီဆိုရင် တစ်ချို့သူတွေက သူမလက်နှစ်ဖက်နဲ့တောင် မနိုင်တဲ့ အထုပ်တွေအပိုးတွေကို ဝိုင်းသယ်ပေးကြသလို နေရာရလို့ ထိုင်နှင့်ပြီးသူတွေကလည်း သူမအတွက် နေရာပေးတတ်ကြပါတယ်... တစ်ခါတစ်လေ ဘယ်သူမှ သူမကို ဝိုင်းသယ်မ,ပေးတဲ့သူမရှိရင် Bus Driver ကြီးတွေကိုယ်တိုင် ကားပေါ်က ဆင်းပြီး ဝိုင်းသယ်ပေးတတ်ကြပါတယ်... ကျမနဲ့ ဆင်းမယ့်မှတ်တိုင်ချင်းတူတာမို့ Bus ပေါ်ကဆင်းတိုင်း သူမရဲ့အထုပ်အပိုးတွေကို သယ်ပေးမယ့်သူမရှိရင် ကျမ အမြဲလိုလို ဝိုင်းသယ်ပေးပါတယ်... သူမတော့မသိ ကျမအဖို့ကတော့ အထုပ်အပိုးတွေက တဆိတ် လေးလွန်းလှပါတယ်... ကျမစိတ်ထဲ ဪ... ငါ ဒါလေး တစ်ထုပ်နှစ်ထုပ် သယ်ရတာကို ဒီလောက် ချွေးဒီးဒီးကျ,နေရင် အထုပ်အများကြီးကို သူမဘယ်လို အင်အားနဲ့များ သယ်လာပါလိမ့်လို့တွေးရင်း ရင်ဘတ်ထဲ နာနာကျင်ကျင်နဲ့ ကြင်နာစိတ်များ ပွားများမိပါတော့တယ်... နောက်ပိုင်း ကျမလည်း အိမ်ပြောင်းသွားပြီမို့ သူမနဲ့ ကျမ စီးတဲ့ Bus ချင်းလည်းမတူတော့သလို သူမရဲ့ အထုပ်အပိုးတွေကိုလည်း သယ်မပေးဖြစ်တော့ပါ... ရုံးရဲ့ မျက်နှာချင်းဆိုင်လမ်းတစ်ဖက်မှာ ဈေးရောင်းနေတာမို့ တစ်ခါတစ်လေ သူမကို တွေ့တိုင်း သူမအထုပ်အပိုးတွေနဲ့ သွားလာနေတဲ့ပုံကိုပဲ ကျမမြင်နေမိပါတော့တယ်... ဘဝဆိုတာ ထင်သလောက် မလွယ်ကူလှပါလားနော်...
ခုနောက်ပိုင်း ကျမပြောင်းနေရတဲ့ အိမ်ကတော့ ရုံးသွားရင် under ground pass ကနေ ဖြတ်ပြီး Bus Interchange ကို သွားရလေ့ရှိပါတယ်... အဲဒီမှာလည်း ကျမအဘိုးအရွယ် အန်ကယ်လ်တစ်ယောက် ထီလက်မှတ်လေးတွေ ရောင်းလေ့ရှိပါတယ်... wheel chair ပေါ်မှာ ထိုင်နေရသလို လေဖြတ်ထားတာလား၊ ဘာလားတော့မသိ ဇက်တစ်ခြမ်းလိမ်နေပြီး လှုပ်ရှားရ မလွယ်ကူတာပါပဲ... မြန်မာပြည်မှာရှိတဲ့ ကျမ ဦးလေးကို လတိုင်း ထီလက်မှတ် သုံးစောင်ဝယ်ပေးနေကျ ကျမအဖို့ လဆန်းရက်ဆိုရင် ကျမ သူ့ဆီကနေ အမြဲဝယ်လေ့ရှိပါတယ်... တစ်စောင်ကိုသုံးကျပ် သုံးစောင်ကို ကိုးကျပ်ပေမယ့် ကျမ သုံးစောင်ကို တစ်ဆယ်နဲ့ အမြဲဝယ်လေ့ရှိပါတယ်... လတိုင်း ဝယ်ပါများတော့ သူ ကျမကို ကောင်းကောင်းသိနေပြီလေ... ကျမ သူ့အနားသွားရပ်လိုက်တာနဲ့ ကလေးတစ်ယောက်လို အင်မတန်မှ သနားစရာကြင်နာစဖွယ်ကောင်းတဲ့ ဖြူစင်တဲ့အပြုံးနဲ့ အားရပါးရပြုံးပြလေ့ရှိပါတယ်... လှုပ်ရှားမှုအရမ်းနှေးတဲ့ သူ့နားမှာ စောင့်ကြောင့်လေးထိုင်ပြီး ကြမ်းပြင်ပေါ်ချထားတတ်တဲ့ သူ့အိတ်ထဲက ထီလက်မှတ်တွေကို တစ်စောင်ချင်း တစ်၊ နှစ်၊ သုံး ဆိုပြီး ရေပြ ဝယ်ယူဖြစ်တာလည်း ခဏခဏပါပဲ... တစ်ခါတုန်းကတော့ ကျမကို သူ စကားပြောပါတယ်... အတော်လေးကို အားစိုက်နားထောင်မှ သူဘာကိုဆိုလိုချင်မှန်း သဘောပေါက်ပါတော့တယ်... သူပြောလိုက်တာက "တစ်စောင်ကို သုံးကျပ်ပါ"တဲ့... ကျမက သူ့ကို ပြုံးပြပြီး ကျမသိပါတယ်လို့ ပြန်ပြောရင်း သူ့ဆီက ထီလက်မှတ်တွေကိုဝယ်တော့ မျက်လုံးလေးတွေ ပိတ်ဆင်းသွားတဲ့အထိ ပြုံးပြရင်း ကျမကို ပြောလိုက်တဲ့ စကားလေးက "Thank You" ပါတဲ့... ကျမ ရင်ဘတ်ထဲ တိုးဝင်သွားတဲ့ ကြင်နာခြင်းရယ်... နာကျင်ခြင်းရယ်... ပြီးတော့ ဘယ်တော့မှ မေ့တော့မှာ မဟုတ်တဲ့ ဖြူစင်တဲ့အပြုံးရယ်... ဘဝဆိုတာတွ ဆက်ရှိဦးမှာမို့ အိုဇာတာမကောင်းတဲ့ ဘဝနဲ့ ဝေးပါစေလို့ပဲ ဆုတောင်းပေးနိုင်ပါတယ်လေ... (SG မှာ ရှိတဲ့ သူငယ်ချင်းတွေ Yishun MRT ကနေ North Point ကိုသွားတဲ့ under ground pass မှာ wheel chair တစ်လုံးနဲ့ ထီလက်မှတ်ရောင်းနေတဲ့ uncle တစ်ယောက်ကိုများတွေ့ရင် အားပေးလိုက်ကြပါဦးနော်...)
နောက်ထပ် မမေ့ဖြစ်တဲ့ အမှတ်တရလေးတစ်ခုရှိပါသေးတယ်... ကျမ ဒုတိယ အလုပ်လေးရပြီး သိပ်မကြာခင်မှာ ကျမတို့ ရုံးပေါ်သို့ ကျမဘကြီးအရွယ်ထက် နည်းနည်းလောက် ပိုကြီးမယ့်၊ ကြီးချင်မှလည်း ကြီးမယ့် ဦးလေးကြီးတစ်ယောက် တက်လာပါတယ်... ပုံမှန်အားဖြင့် ကျမအခန်းကို ရောက်ဖို့ admin စားပွဲကို အရင်ဖြတ်ရပါတယ်... အဲဒီနေ့က ဖြစ်ချင်တော့ admin က အနောက်ဘက်သွားတဲ့အချိန်... အပြင်ဘက်မှာ ရှိတဲ့ sales coordinator ရဲ့ စားပွဲကလည်း အဝင်ပေါက်ကို ကျောပေးထားတာမို့ သူမလည်း မသိလိုက်... ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း မရှိကြ... ကျမကလည်း စာရင်းတွေနဲ့ အလုပ်တွေရှုပ် ခေါင်းစားနေချိန်... အသံမကြား... ဘာမကြား... အခန်းထဲ လူတစ်ယောက် ဝင်လာတာ ဗြုန်းစားကြီး တွေ့လိုက်ရတာရယ်... သူ့ပုံစံကလည်း စုတ်စုတ်ပြတ်ပြတ်နဲ့ ညစ်ညစ်ပတ်ပတ်မို့ ကျမ အရမ်းလန့်သွားမိတယ်... သို့ပေမယ့် အလှန့်ခံရတိုင်း ကိုယ်လန့်သွားတာကို ထိန်းနိုင်စွမ်းရှိတဲ့ ကျမ သူ့ကို တည်တည်ငြိမ်ငြိမ် စကားပြောနိုင်ခဲ့ပါတယ်... ကျမတို့ စကားပြောသံကြားမှ အပြင်ဘက်က sales coordinator လည်း အပြေးတပိုင်းရောက်လာတယ်... သူကတော့ ကျမကိုပဲ တည့်တည့်ကြည့်ပြီး သူ့အကြောင်းကို အတိုချုံးပြောပြပါတယ်... ပြီးတော့ သူ့လက်နှစ်ဖက်ကို ကျမမြင်သာအောင် ပြပါတယ်... သူ့လက်ချောင်းတွေက တိုတိတုံးပြတ်နေပါတယ်... အဓိကကတော့ ပိုက်ဆံတောင်းတာပါ... အဓိကကတော့ ပိုက်ဆံတောင်းတာပါ... ကျမ မြန်မာပြည်မှာကတည်းက မသန်မစွမ်း ဒုက္ခသည်တွေကိုဆို လှူပါတယ်... သက်ကြီးရွယ်အိုတွေဆို လှူပါတယ်... လူအကောင်းအတိုင်း ရှိနေသူတွေ၊ အသက်အရွယ်ရ ကလေးတွေကိုတော့ ဘယ်တော့မှ လှူလေ့မရှိပါ... လုပ်ကိုင်စားသောက်နိုင်စွမ်းရှိပါရဲ့... အချောင်လိုချင်လို့ တောင်းတာမျိုးမို့ ကျမဘယ်တော့မှ မလှူပါဘူး... ကိုယ် လှူနေတဲ့ ပိုက်ဆံတွေကလည်း အလကားရခဲ့တာမှ မဟုတ်တာလေ... ဒီတော့ အဲဒီလို သူပြောပြပြီး မျက်ရည်ကျတဲ့အခါ... ကျမခေါင်းကို အလျင်အမြန်အလုပ်ပေးလိုက်တယ်... လိမ်ညာတာလား... တကယ်လားလို့... စက္ကန့်ဝက်လောက်အကြာမှာ ကျမအိတ်ထဲက ၁၀တန် နှစ်ရွက်ထင်ပါရဲ့ ကျမ ထုတ်ပေးလိုက်ပါတယ်... admin ရောက်လာပြီး သူ့ကို အတင်းနှင်ထုတ်ပါတယ်... သူကတော့ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းနဲ့... သူ နောက်ဘယ်တော့မှ မလာပါဘူးဆိုတဲ့အကြောင်း တစ်ဖွဖွပြောပြီး ပြန်သွားပါတယ်... admin က ကျမကို စိတ်ပျက်လက်ပျက်နဲ့ ပိုက်ဆံပေးလိုက်တဲ့အတွက် အပြစ်ပြောပါတယ်... ကျမကလည်း ကျမရဲ့ သဘောထားကို ပြောပြလိုက်တယ်... ဘယ်လိုပဲပြောပြော ကျမ မြင်လိုက်ရတာကိုပဲ ကျမ အတည်ယူပါတယ်... ထမင်းစားဖို့တောင် တူတွေ၊ ဇွန်းတွေ ကိုင်ဖို့ အခက်အခဲ အင်မတန်ရှိနိုင်တဲ့ သူ ဘယ်လိုအလုပ်အကိုင်မျိုးကို လုပ်ကိုင်နိုင်ပါ့မလဲ... မွေးရာပါ မဟုတ်ခဲ့ရင် ဒီလို အခြေအနေမျိုးနဲ့ ရှေ့ဆက်ဖို့ရန် စိတ်ဓာတ်အင်အား အတော်တည်ဆောက်ယူရမှာပါ... တစ်ခုတည်းကိုပဲ ကျမစဉ်းစားပြီး ကျမပိုက်ဆံထုတ်ပေးမိလိုက်တာပါ... ကျမစဉ်းစားလိုက်ပုံက "ငါဆိုရင်ကော..." ဆိုပြီးတော့ပါ... SG မှာ အစိုးရက ဒီလိုမသန်မစွမ်းရှိသူတွေ၊ အသက်အရွယ်ကြီးရင့်တဲ့သူတွေကို ထောက်ပံ့မှုပြုတယ်ဆိုလို့ ကျမ သူငယ်ချင်း ဒီနိုင်ငံမှာ နေထိုင်ခွင့်ရနေသူ တစ်ယောက်ကို မေးကြည့်ဖူးပါတယ်... ထောက်ပံ့တယ်ဆိုတာ လူတစ်ယောက် နေထိုင်စားသောက်စရိတ်အကုန်လုံးတော့ ဘယ်ပေးနိုင်မှာလဲတဲ့... တွေးကြည့်တော့လည်း ဟုတ်သည်လေ... မလိုအပ်တော့မှတော့ သူတို့လည်း အပင်ပန်းခံနေပါတော့မလားနော်... (မှတ်ချက်-SG မှာ ဒီအတိုင်းတော့ လက်ဝါးဖြန့် ပိုက်ဆံတောင်းတာမျိုးမမြင်ဖူးပါ... အဘိုးအို၊ အဘွားအိုများ Tissue ရောင်းခြင်း၊ ထီလက်မှတ်ရောင်းခြင်း... မျက်မမြင်များ သီချင်းဆို ဂစ်တာတီးခြင်း၊ Tissue ရောင်းခြင်းများကိုသာ တွေ့ဖူးပါသည်...)
မြန်မာပြည်မှာလည်း ဝမ်းရေးအဆင်မပြေလို့ အဘိုးအဘွားတွေ အလုပ်လုပ်နေကြရတာ ဒုနဲ့ဒေးပါ... သို့ပေမယ့် သာမာန်မိသားစု တစ်ခုမှာတော့ မိဘဆိုတဲ့ ရိုသေမှုလေးနဲ့ အိမ်ဦးခန်းမှာ ထားချင်သူတွေက များပါတယ်လေ... ဒီမှာကတော့ အသက်အရွယ်ရလာရင်ဖြစ်ဖြစ်၊ အချိန်မပေးနိုင်လို့ဖြစ်ဖြစ် လူအိုရုံကို ပို့ကြတာက များပါတယ်... ကျမညီမလေးရုံးက လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း သူမရဲ့အဘွားကို လူအိုရုံပို့ကြတော့ အဲဒီအဘွားက မသွားချင်ဘူးလို့ ငြင်းရှာတာပေမယ့် ပြုစုမယ့်သူ၊ ဂရုစိုက်မယ့်သူ မရှိဘူးဆိုပြီး အတင်းပို့ကြတယ်တဲ့... နောက်တော့ အဲဒီအဘွားလည်း လူအိုရုံမှာပဲ နေမကောင်းဖြစ်ပြီး ဆုံးသွားရှာသတဲ့လေ... ကျမတွေးကြည့်မိတယ်... ကျမတို့လို ငယ်ရွယ်သေးတဲ့... စိတ်သွားတိုင်း ကိုယ်ပါနိုင်သေးတဲ့... တက်ကြွတဲ့ အရွယ်တွေတောင် ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့ နေရာတစ်ခုမှာ အားတော့ငယ်တတ်ကြသေးတာပဲမဟုတ်လား... သူတို့လို အသက်အရွယ်ကြီးရင့်ပြီး အိုမင်းမစွမ်းရှိနေတဲ့ အဘိုး၊ အဘွားတွေမှာတော့ စိတ်အရင်းခံမှာကိုက အားငယ်စိတ်ရှိပြီးဖြစ်နေကြရုံမက သူစိမ်းတွေကြား နေရတဲ့အတွက် ပိုလို့တောင် သိမ်ငယ်နေကြရှာမှာပဲလို့... တကယ်ကို စုံရေပဲရှိပြီး ဆန်ရေမရှိဘူးလို့လည်း ကျမမြင်မိပါတယ်... ပြီးခဲ့တဲ့ August တုန်းက ကျမအဘိုး ဒီကိုလာပြီး ဆေးရုံလာတက်သွားပါသေးတယ်... နောက်တော့ cancer final stage မို့ ခဏပဲနေပြီး ပြန်သွားကြပါတယ်... ဒါကိုသိတဲ့ ကျမသူဌေးက အခြေအနေမေးပါတယ်... နောက် အသက်ဘယ်လောက်ရှိပြီလဲဆိုလို့ ၈၂နှစ်လို့ ပြောလိုက်တော့ နေပျော်ပါပြီ... သေပျော်ပါပြီတဲ့... သူ့အဘိုးတွေ အဘွားတွေလည်း ဒီလိုပဲတဲ့... သေသင့်တဲ့အချိန်မို့ သေကြတာပါတဲ့... အဲ... ကျမ တော်တော်လေး အံ့ဩသွားမိတယ်... စိတ်မကောင်းဖြစ်မှာဆိုးလို့ အားပေးတာဆိုရင်တော့ ကျမကို အားပေးပုံလေး အရာမထင်တဲ့အပြင် ဆေးခါးတစ်ခွက် မလိုအပ်ဘဲလာတိုက်တယ်လို့ပဲ ပြောချင်ပါတယ်... ပြီးတော့ သူတို့မှာ သံယောဇဉ်တွေ မေတ္တာတွေဆိုတာ မရှိကြဘူးလားလို့လည်း မြင်မိတယ်... ဘာသာရေးအမြင်အရဆိုရင်တော့ ဟုတ်တာပေါ့လေ... သေနှစ်စေ့လို့သေကြရတာပါပဲ... သို့ပေမယ့် ကျမတို့က ပုထုစဉ်လူသားတွေ... အရိယာတွေမှ မဟုတ်ကြတာပဲလေ... အဲဒီလိုပဲ ကျမညီမလေးရုံးက လုပ်ဖော်ကိုင်ဖက်တွေကလည်း သေသင့်တဲ့အရွယ်လို့ ပြောကြသတဲ့... သေသင့်တဲ့အရွယ်ဆိုတာမှန်ပေမယ့် ကိုယ်ချစ်ခင်တဲ့သူ၊ သံယောဇဉ်ရှိတဲ့ မည်သူကိုမဆို ခွဲခွါချင်ကြမယ်မထင်ပါဘူးလေ... မိသားစုဆိုတဲ့ သံယောဇဉ်နဲ့ စဉ်းစားကြည့်ရင် သေခွဲခွဲရတယ်ဆိုတာဟာ မီးတကာ့မီးထဲမှာ အပူလောင်ဆုံး ခံစားချက် မီးတစ်ခုဖြစ်မယ်ထင်ပါတယ်... အင်း... ကြီးပြင်းခဲ့ကြတဲ့ ယဉ်ကျေးမှု၊ ဓလေ့သဘာဝတွေ ကွဲပြားခြားနားလို့လည်း ဖြစ်ကောင်းဖြစ်မှာပေမယ့် ကျမကတော့ ကျမကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်ဓလေ့တွေအတိုင်းပဲ ခံစားနားလည်ကြည့်မိပါတယ်...
တစ်နေ့မှာ ကျမတို့လည်း အိုကြ၊ နာကြ၊ သေကြရဦးမှာပါ... အဲဒီလို နေ့မျိုးရောက်လာခဲ့ရင် သေချာတာကတော့ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းသွားချင်မှာပါပဲ... သူတို့သူတို့တွေရဲ့ ဘဝလေးတွေထဲ စိတ်ကူးနဲ့ ခဏဝင်ကြည့်ရုံနဲ့တင် ကျမ မောပန်းနာကျင်မိတယ်... လူအတော်များများက လူငယ်လူရွယ်တွေ အချိန်မတန်ဘဲ သေဆုံးသွားကြရင် နှမျောလွန်းတတ်ကြတယ်... လူကြီးသူမတွေ သေဆုံးကြရင်တော့ "ဪ... သေသင့်ပါပြီ"ဆိုတဲ့စကားလုံးနဲ့ ဖြေသိမ့်ကြတယ်... ဒါဟာ မတရားဘူးလို့တော့ ကျမထင်မိတယ်... အသက်ကြီးသူတွေက မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ ကမ္ဘာလောကအတွက် များစွာ အကျိုးပြုပေးပြီးခဲ့ကြတာလေ... အိုမင်းမစွမ်းရှိမှ "ရပြီ... အသုံးမလိုတော့ဘူး... သွားတော့"လို့ နှင်ထုတ်ခံရရင် ဒီလူတစ်ယောက် ရင်းနှီးမြှုပ်နှံခဲ့တာတွေအတွက် တန်ရာတန်ကြေးမရှိသလို ဖြစ်မနေဘူးလားနော်... ဘဝဆိုတာ ကြီးသည်... ငယ်သည်မဟူ... လူတိုင်းလူတိုင်း တန်ဖိုးထားသင့်ပါတယ်လေ...
Created By: k2tmaung (21 September 2009 Monday 1:30AM)