ကျမ မိဘတွေနဲ့ ခွဲရတာ တစ်နှစ်ခွဲကျော်ရှိပါပြီ... သို့ပေမယ့် ခုချိန်လောက် တစ်ခါမှ မလွမ်းဖူးဘူး... လူမှုရေး၊ စီးပွါးရေးတွေနဲ့ ရှုပ်နေရလို့လားတော့မသိ... သတိရပေမယ့် အားငယ်လွမ်းဆွတ်နေတာမျိုးတော့မဟုတ်ခဲ့... သားသမီးတွေ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် မိဘနဲ့ တွေ့ရင်တော့ ပီဘိ ကလေးငယ်တွေပါပဲလေ...
11/12 August 2009
မနက်အိပ်ယာထ,ကတည်းက လည်ချောင်းနာနေတာရယ်၊ ကိုယ်ပူချင်နေတာရယ်ကြောင့် ငါတော့ ဖျားတော့မလားမသိလို့ တွေးမိသွားပေမယ့် လုပ်ချင်တာကို ဦးစားပေးတတ်တဲ့ ညာဉ်ဆိုးအတိုင်း အင်္ကျီတွေကို စိမ်ပြေနပြေ လျှော်လိုက်သေးတယ်... အင်္ကျီနဲ့ ထမီအတူ ရောမလျှော်တတ်သော ကျမတို့မိသားစုရဲ့အကျင့်အတိုင်း၊ စင်္ကာပူရေက ဆေးကျွတ်လွန်းတာလည်း ပါတာပေါ့လေ... ကျမအဝတ်လေးတွေကို သေချာထိုင်လျှော်ရင်း ဖျားရင်တော့ ဒုက္ခလို့တော့ တွေးမိသား... ပြီးတော့ တစ်နေ့ ခေါင်းမလျှော်ရမနေနိုင်တာမို့ ခေါင်းကလည်းလျှော်လိုက်သေး... ကျမမိခင်သာသိရင် ကိုယ့်ကိုယ်ကိုယ်မှ ဂရုမစိုက်ဘဲ နည်းတောင်နည်းသေးလို့ ရယ်ပြီးများပြောမလား... အဲလို ကျမတစ်ခုခုကို အဆင်အခြင်မဲ့လုပ်ပြီးလို့သွားညည်းတိုင်း ကျမမိခင်က ဒေါသမပါသော၊ တစ်ခါတစ်လေလည်း ဂရုဏာဒေါမနဿဖြစ်စွာ "နည်းတောင်နည်းသေး"လို့ "မသနားဘူး"လို့ အမြဲပြောတတ်တယ်... ဒါပေမယ့် ပါးစပ်ကသာ ပြောတာပါ... ပြီးရင် ကလေးလေးတစ်ယောက်လို အသေးစိတ်ကအစ လိုက်လုပ်ပေးတတ်သူပါ... ကျမက သူများတွေထက်ပဲ ပိုပျော့သလား... မိခင်က ဂရုစိုက်လွန်းလို့လားတော့မသိ... အဖျားလေးနည်းနည်းရှိရုံနဲ့ ခေါင်းမထောင်နိုင်အောင် အိပ်ယာထဲခွေလဲနေတတ်တာ... ကျမမိခင်က အစားအသောက် အင်မတန်မှ ချေးများသော ကျမအတွက် မကြိုက်မချင်း တစ်မျိုးပြီးတစ်မျိုးလုပ်၊ မစားဘူးလို့ ပေကတ်ကတ်လုပ်တတ်တဲ့ကျမကို စိတ်ရှည်လက်ရှည် ချော့မော့ကျွေးတတ်သေးတယ်... တစ်ခါတစ်လေ ကျမဖခင်က စိတ်မရှည်တော့ဘဲ ဘာမှမစားလို့ကတော့ ပြန်ကိုထောင်လာမှာမဟုတ်ဘူး၊ ဘာဘူးနဲ့ကြိမ်းရတဲ့အထိ ကျမကလည်း ခေါင်းမာသူပါ... ကော်ဖီဆိုလည်း မတည့်လို့... ဆန်ပြုတ်ကလည်း မကြိုက်လို့... ကွေကာအုပ်ကလည်း ငယ်ငယ်က တစ်ခါ အရမ်းအဖျားကြီးတုန်းက ရက်ဆက်သောက်လိုက်ရလို့လားတော့မသိ နေမကောင်းတဲ့အချိန်လာတိုက်ရင် ဘယ်လိုမှ အနံ့မခံနိုင်ပါ... အဲလို အဲလို အကြောင်းပြချက်ပေါင်းများစွာနဲ့ ချေးများတတ်သော ကျမကို ကျမမိခင်က လွဲလို့ ဘယ်သူမှ စိတ်မရှည်... မိခင်မလို့ ဂျီကျလို့ရလို့လည်း ဂျီကျတာလည်း ပါတာပေါ့လေ... အဲလောက် ဂရုစိုက်တဲ့သူရှိနေခဲ့တော့... တစ်ခြားဘယ်သူ ဂရုစိုက်စိုက် မစိုက်စိုက် ကျမတစ်ခါမှ ယောင်လို့တောင် အတွေးထဲမရောက်ခဲ့ဖူးပါ...
ခုတော့ အနွေးထည်လေးဝတ်... မျက်မှန်အင်မတန်မှ တပ်ခဲသော ကျမ မျက်မှန်လေးတပ်၊ အလှပြင်ဖို့ စိတ်မပါတာမို့ ဖြစ်သလို (ခေါင်းကတော့ လျှော်လိုက်သေး) ရုံးလာတာတောင် ဘယ်သူမှ မေးဖော်မရ... ကိုယ်နေမကောင်းတာကို ထုတ်ပြောပြီး ညည်းမနေချင်တာမို့ ကောင်းချင်ယောင်ဆောင်ပြီး လုပ်စရာရှိတာ လုပ်နေရပေမယ့် နှေးကွေးလွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်တော့ဘယ်လိုမှ အားမရပါ... remote control ပျက်နေလို့ temperature အတိုးအလျှော့လုပ်မရသော ကျမတို့အခန်းထဲက air con ကလည်း အရင်နေ့တွေကလို အေးရုံအေးမနေဘဲ ဆောင်းတွင်းများရောက်သွားလားထင်ရအောင် ခိုက်ခိုက်တုန်အောင် ချမ်းမိရဲ့... နေ့လည် ထမင်းစားချိန် စားချင်စိတ်မရှိတာနဲ့ အသင့်ရှိနေတဲ့ ခေါက်ဆွဲပြုတ်ဗူးကိုပဲ အလွယ်တကူ ရေနွေးရောပြီး စားလိုက်တော့ အရင်နေ့တွေကလို ချွေးပြန်ရအောင် စပ်မနေဘဲ ပါးစပ်ထဲ ဆားဘယ်နှစ်ပိဿာလိုမှန်းမသိ ပေါ့ရွှတ်လို့နေခဲ့တယ်... ဒါနဲ့ ခပ်မြန်မြန်ပဲ လက်စသတ်ပြီး ရေနွေးပူပူလေး တစ်ခွက်ဆွဲ ကိုယ့်အလုပ်စားပွဲ ကိုယ်ပြန်ထိုင်လိုက်တော့ တော်တော်ကိုယ်ပူနေပြီမှန်း သတိထားလိုက်မိတယ်... ရေနွေးကလည်း ပူပူကြီးကို မော့လိုက်တာ လျှာကျက်သွားတာမို့ ခဏချထားလိုက်တာ သတိရလို့ ပြန်ကြည့်လိုက်တော့ ရေကျက်အေးဖြစ်နေရော... မနက်ကတော့ ဆေးသောက်မလို့ ကျမမိခင်ထည့်ပေးလိုက်တဲ့ ဆေးအမျိုးအစား တော်တော်များသော သို့ပေမယ့် ကျမတစ်ခုမှမသိသော ဆေးသေတ္တာလေးကို ဖွင့်တော့ ကြည့်လိုက်သေး... အိမ်မှာတုန်းကတော့ ဘာဖြစ်ဖြစ် ကျမမိခင် လက်ထဲလာထည့်ပေးတဲ့ဆေးကို ကောက်မော့လိုက်တာပဲ... ဘာဆေးလဲ ညာဆေးလဲ တစ်ခါမှ မမေးခဲ့... ကျမမိခင်ကတော့ ပြောသား... ဘာဆေးတိုက်လဲ နည်းနည်းပါးပါးကြည့်ထားဦးတဲ့... ခုကျမှ ဒုက္ခနဲ့ လှလှနဲ့တွေ့ပြီး ဘာဆေးသောက်ရမှန်းမသိ... နေမကောင်းတဲ့နေ့ကျမှ သူဌေးကလည်း အပြင်မသွား... သူအပြင်သွားရင် ခဏဖြစ်ဖြစ်တော့ မှောက်အိပ်လိုက်ချင်သေးတာ... နေမကောင်းပါဘူးဆိုမှ ရစ်ကြပုံကလည်း မျိုးစုံ... ထိုင်ငိုချင်လောက်အောင် လူက တော်တော်ကို အခြေအနေဆိုးနေပေမယ့် ဟန်ဆောင်နေရတာလည်း မုန်းဖို့ကောင်းလိုက်ပါဘိ... မနက်ဖြန် ခွင့်ယူမယ်ပြောလိုက်ရင် နောက်ထပ်နောက်ထပ် အလုပ်တွေက လာဦးမယ်... မတတ်နိုင်ဘူး... မသိချင်ယောင်ဆောင်... ရှိတဲ့အလုပ်အကုန်အပြီးဖြတ်... နှစ်ရက်လောက်ခွင့်ယူရမယ် မှန်းတော့ အာလာလား... အလုပ်ဆိုတာ တောင်ပုံယာပုံ... အရေးထဲ လူကနှေးကွေးကွေးဆိုတော့ အလုပ်ကလည်းမတွင်ပြန်... ဟူး...တော်ပြီကွာ... ကျန်တာ နောက်ကိစ္စနောက်မှ ကြည့်ရှင်းတာပေါ့လို့ စိတ်ဒုံးဒုံးချလိုက်တော့ နာရီလက်တံက ၁၀နာရီ ကို ပြနေပြီ... နေကောင်းတဲ့အချိန်ဆို အဲလောက်ကြာမှာ မဟုတ်ဘူးလို့ တွေးမိတော့ လူကတော်တော်မောဟိုက်နေပြီ... မြန်မြန်လှဲချလိုက်ချင်ပါပြီဆိုမှ... Bus က မလာ... စောင့်လိုက်ရတာ တစ်ရေးတောင်ရနိုင်တယ်... တော်ပါသေးရဲ့... Bus ပေါ်မှာ ထိုင်စရာနေရာလေးရလိုက်လို့... ပင်ပန်းတာရယ် နေမကောင်းတာရယ်ကြောင့် သတိလွတ်ပြီး အိပ်ပျော်သွားတာ ဆင်းရမယ့် ဂိတ်ဆုံးကို ရောက်ရောပဲ... ဗိုက်ထဲမှာလည်း စစ်ပွဲက အပြင်းအထန်... တတ်နိုင်ဘူး... ကိုယ့်ခြေထောက်တောင် ကိုယ်အနိုင်နိုင်သယ်နေရတာ... သူ့ကို ငဲ့မနေနိုင်... လမ်းလျှောက်ရင်းက ငိုချင်စိတ်တွေကို အသိတရားတွေနဲ့ ထိန်းချုပ်... အိမ်ပြန်ရောက်ဖို့ကိုပဲ အားတင်းရင်း...ခြေထောက်တွေကို အလုပ်ပေးလိုက်တယ်... အခန်းထဲရောက်တာနဲ့ ခြေလက်တောင်မဆေးနိုင် ကုတင်ပေါ် ထိုးအိပ်ဖြစ်တယ်... လူတစ်ကိုယ်လုံးကလည်း ခိုးသားငါးရာ ဝိုင်းရိုက်ထားသလား ထင်ရအောင် နာကျင်နေတယ်... ဖြစ်သေးပါဘူးဆိုပြီး ခြေလက်ဆေး မျက်နှာထ,သစ်... အခန်းထဲပြန်ဝင်လာတော့ ဖုန်းပြောနေတဲ့ ညီမလေးက ဖုန်းလေးချပြီး ဘယ်လိုလဲတဲ့... အားယူပြောတာတောင် အသံက မထွက်တစ်ဝက် ထွက်တစ်ဝက်... ဘယ်လိုလုပ် အသံကပါ ဝင်သွားတယ်မသိ... ဒါနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကျမအစာအိမ်လေးအတွက်... အစာလေးတစ်ခုခုတော့ ဗိုက်ထဲထည့်ဦးမှ... တော်ကြာ... ဗိုက်ကအောင့်ရင် တစ်ရောဂါကနေ နောက်တစ်ရောဂါ ဖြစ်ဦးမယ်ဆိုပြီး အတွေးရောက်လို့... ဘာစားရင်ကောင်းမလဲ ရှာလိုက်တော့ အမုန်းဆုံးသော ကွေကာအုပ်ပဲ မျက်စိထဲမြင်တယ်... ကော်ဖီ နဲ့ milo သောက်လို့ကတော့ ဒီညအိပ်ရမှာမဟုတ်... ပိုသာဆိုးမို့... သက်ပြင်းလေး ဖြေးဖြေးချ... ရေနွေးဓာတ်ဗူးလေး ပလပ်ထိုး... လက်က laptop ကို လှမ်းဖွင့်... ရေနွေးဆူတာ စောင့်ရဖို့ တစ်ခုခုလုပ်နေမှ ဖြစ်မှာကိုး... ရေနွေးဆူတော့ ကွေကာအုပ်လေးဖျော် အသက်အောင့်ပြီး ဇွတ်မျိုချနေရင်း စိတ်ထဲမှာတော့ ကျမမိခင်ကို ပြင်းပြင်းထန်ထန် သတိရမိရဲ့... အိမ်မှာဆိုရင်တော့...လို့တွေးမိတော့ မျက်ရည်က ဝဲချင်ချင်... မြန်မြန်လက်စသပ်ပြီး မရှိရှိတဲ့ အနွေးထည်လေး ကောက်ဆွဲဝတ်ပြီး အိပ်ယာထဲ ထိုးဝင်အိပ်လိုက်တာ... နောက်နေ့ မနက်နိုးနေကျအချိန်မှ နိုးတော့တယ်... မနေ့ညကလောက် အခြေအနေမဆိုးပေမယ့် ခေါင်းကထောင်မရအောင် ကိုက်နေတာ... နိုးနိုးချင်း... သူဌေးကို ရုံးမလာဘူးဆိုတာ message လှမ်းပို့ပေမယ့် ဘာ reply မှ ပြန်မလာ... အိပ်ယာ မထ,သေးတာ ဖြစ်မှာလို့ တွေးမိပေမယ့် ကိုယ်ကလည်း နိုးတဲ့အချိန်လေး ပို့မှ ဖြစ်မှာကိုး... တော်ကြာ အိပ်ပျော်သွားပြီး ဘယ်အချိန်မှ ပြန်နိုးမလဲမှ မသိတာလေ... ၉နာရီကျော်မှ သူဌေးဆီက ok ဆိုတဲ့ message တစ်ခုပြန်ရတယ်... ဒါနဲ့ ပြန်ဆက်အိပ်လိုက်တာ ၁၁နာရီထိုးတဲ့အထိပဲ... ဖြစ်သေးပါဘူး... ဆေးခန်းတော့ သွားဦးမှ... ဆရာဝန်ထောက်ခံချက်မပါရင် MC က ယူမရတော့... အင်း... မထချင်ထချင်နဲ့ ကုန်းရုံးထ... အိမ်နောက်ဘက် ရေချိုးခန်းဆီသွားတော့ မလေးရှားဘက်မှာ အနေများတဲ့ အိမ်ရှင်ရဲ့အမေက "ဒီနေ့ ရုံးမသွားဘူးလား"တဲ့... "ဖျားနေလို့"လို့ ပြန်ဖြေတော့ "အော်...ထင်တော့ထင်သား... ချောင်းဆိုးသံတွေ ကြားနေရလို့"တဲ့... အဲ...ကျမချောင်းဆိုးသံက တော်တော်များ ကျယ်သွားသလားလို့ ရှက်တော့ရှက်မိသေး... တတ်နိုင်ဘူးလေ... နေမှကောင်းဘဲဟာကို... မျက်နှာသစ်၊ သွားမြန်မြန်တိုက်ပြီး တွေ့ရာ ဂျင်းဘောင်းဘီတစ်ထည်၊ အင်္ကျီတစ်ထည်ဆွဲဝတ်... ကိုယ့်နဖူးကိုယ်စမ်းကြည့်တော့ အေးနေပေမယ့် အပြင်ထွက်မှာမို့ အနွေးထည်လေးတော့ သတိတရ ကောက်ဆွဲပြီး ဝတ်လိုက်သေးတယ်... နီးနိနားနားဆေးခန်းမှာ ပြလို့ရပေမယ့် မြန်မာဆေးခန်းမှာပဲ ပြချင်တာမို့ အပင်ပန်းခံပြီး MRT စီးသွားရသေးတယ်... MRT ပေါ်ရောက်တော့ ကိုယ်ကနေမကောင်းသူမို့ သူများတွေ အနှောက်အရှက်ဖြစ်မှာဆိုးပြီး စေတနာဗရပွနဲ့ မထိုင်ဘဲ မတ်တပ်ပဲရပ်နေလိုက်တယ်... သွားရတဲ့ ခရီးကလည်း မနီးတော့ လမ်းတစ်ဝက်မှာတင် အခြေကမခိုင်ချင်တော့... ချောင်းဆိုးချင်တာလည်း အောင့်ထားရတာ တစ်ဒုက္ခ... MRT ပေါ်က ဆင်းမှပဲ အားရပါးရ ချောင်းဆိုးဖြစ်တော့ ကိုယ့်အဖြစ်ကိုယ်တွေးပြီး ရယ်ချင်မိသေးတယ်... ပြီးတော့ ရန်ကုန်မှာသာဆို ဒီလောက် ဒုက္ခခံပြီး ဆေးခန်းလာပြရမှာ မဟုတ်ဘူးလို့ အတွေးရောက်တော့ သက်ပြင်းဖွဖွချမိတယ်... ဟုတ်တယ်လေ... ကားလေးနဲ့ စွတ်ကနဲ... အပင်ပန်းခံ မတ်တပ်ရပ်စရာမလို... ချောင်းဆိုးချင်တာလည်း အောင့်ထားစရာမလို... ဟင်း... တတ်နိုင်ဘူးလေ... ဒါ ငါ့ဘဝကိုး... ဆေးခန်းရောက်တော့ ဆရာဝန်က ၁၂နာရီကနေ ၂နာရီထိ ထမင်းစားချိန်ဆိုလို့ နာရိလေးကြည့်မိတယ်... အော်...ငါလာတာ ထမင်းစားချိန် တည့်တည့်ကြီးကိုး... သက်ပြင်းလေး သာသာချပြီး city hall က accounting firm တစ်ခု မှာပဲ အလုပ်လုပ်နေတဲ့ ညီမလေးကို ဖုန်းဆက်ခေါ် ထမင်းသွားစားရတယ်... ဘာမှစားချင်စိတ်မရှိပေမယ့် တစ်ခုခုစားမှ ဖြစ်မှာမို့ အာသီးတော်တော်ရောင်မှန်းသိပေမယ့် အလွယ်တကူ ခံတွင်းတွေ့နိုင်မယ်ထင်တဲ့ Tom Yam ခေါက်ဆွဲမှာစားလိုက်သေးတယ်... ကျမမိခင်သာသိရင် ဆူလိုက်မယ့်ဖြစ်ခြင်း... စားကောင်းမလားလို့ ဝယ်သာစားလိုက်ပါတယ်... အရည်လေးခပ်သောက် ခေါက်ဆွဲလေး လေးငါးဇွန်းခပ်စား... အသားလေးတွေ ရွေးစားပြီး ပန်းကန်ကို ဘေးတွန်းလိုက်တော့ အရည်သိပ်မရှိတော့တဲ့ပန်းကန်ထဲမှာ ခေါက်ဆွဲတွေက အရာမယွင်းသေး... ၁နာရီထိ ထိုင်စကားပြောပြီးမှ ညီမလေးလည်း ပြန်အလုပ်ဝင်ရမှာမို့ ဆေးခန်းဘက်ပြန်လာထိုင်စောင့်... ကောင်တာက အစ်မက ဆရာဝန် မလာသေးပေမယ့် ဘာဖြစ်တာလဲ ကြိုမေးတော့ ဖြေရတာ ကိုယ့်အသံကိုယ်အားမရ... တော်တော်အားယူပြောရတာတောင် အသံက သိပ်မထွက်... ဒီအသံနဲ့ သီချင်းဆိုလိုက်ရရင်လို့လည်း ပြောင်ချော်ချော်တွေးလိုက်မိသေး... တွေ့ရာစာအုပ်တစ်အုပ်ကို ဆွဲယူ ဖတ်နေရင်း တစ်ယောက်တည်း ငေါင်စင်းစင်းထိုင်ကာ ကျမမိခင်ကိုလည်း သတိရနေမိသေးတယ်... ကျမမိခင်သာ ဘေးနား ရှိရင်တော့ အင်္ကျီလက်ပြတ် အမြဲဝတ်တတ်တဲ့ မိခင်လက်မောင်းကို တင်းတင်းဖတ်ပြီးမှီနေမိမှာ... သို့မဟုတ် မိခင်ရဲ့ ဗိုက်ပူပူလေးပေါ် ခေါင်းနဲ့ထောက်ပြီး မှီထားမိမှာလို့... ကံကောင်းချင်တော့ ဆရာဝန်က ၁နာရီခွဲမှာ ပြန်လာတာမို့ သိပ်မစောင့်လိုက်ရ... မြန်မာဆရာဝန်မတစ်ယောက်မို့ ပြောရဆိုရတာတော့ အဆင်ပြေသား... နေမကောင်းတဲ့အချိန် ကိုယ်ခံစားရတာကို မြန်မာလိုပဲ ပြောချင်မိတယ်လေ... ကိုယ်ကကိုယ့်နဖူးကိုယ်စမ်းပြီး အဖျားမရှိဘူးလို့ထင်ပေမယ့် အဖျားကရှိနေသေးတယ်... အိမ်ကချာတူးလန် အလကား လက်ဆောင်ရထားတဲ့ အဖျားတိုင်းစက်က ကိုယ်တွေပူခြစ်နေတာတောင် 36.5'C ကနေမတက်လို့ စိတ်ထဲကျိတ်ပြီး မေတ္တာပို့မိလိုက်သေးတယ်... ဒါနဲ့ pressure တိုင်းမယ်ဆိုတော့ အဲ...ငါတော့ ခေါင်းဒီလောက်ကိုက်တာ သွေးများတိုးနေမလားလို့ တွေးနေဆဲ pressure တော်တော်ကျနေတယ်ဆိုလို့ အံ့ဩပြီး သံယောင်လိုက်မိလိုက်တယ်... နေမကောင်းလို့ ဆေးခန်းသွားပြတိုင်း pressure သိပ်မကျတတ်တာမို့ ခုတစ်ခေါက်ကတော့ တော်တော်အံ့ဩမိတယ်... အော်... ဒီလောက် pressure ကျတာတောင် သွားလာနိုင်သေးတာ ငါတော်တော်ဟုတ်နေပါလားလို့လဲ ကိုယ့်ဘာသာကျိတ်ချီးကျူးလိုက်သေး... အပြန် ဆေးခန်းကပေးလိုက်တဲ့ mask ကြီးတပ်ပြီး ပြန်လာတော့ လူတွေ ကြည့်နေမလားလို့ တွေးပြီး ရှက်မိသား... အင်းလေ... ကျမသာ H1N1 ဆိုရင် တစ်ခြားလူတွေ ရောဂါကူးကုန်ရင် မခက်လားလို့ တွေးပြီး ရှက်စိတ်လေး ဖျောက်ထားလိုက်ပါတယ်... အပြန်လည်း လူတွေနဲ့ ရောမထိုင်ချင်တာမို့ မတ်တပ်ပဲ ရပ်နေဖြစ်တယ်...ကံကောင်းချင်တော့ တံခါးဝဘက်မှာ မှီစရာနေရာလေးရတော့ မှေးနေဖို့ အဆင်တော့ နည်းနည်း ချောသွားတာပေါ့လေ... အတွေးတွေကတော့ ဗြောင်းဆန်နေတာပါပဲ... မနေ့ကလို အရမ်းနေမကောင်းလို့ အားငယ်နေတာမျိုး မဟုတ်ပေမယ့် ကျမအပေါ် ဂရုစိုက်လွန်းတဲ့ ကျမမိဘတွေနား နေမကောင်းချိန်လေးတော့ ရှိနေချင်သေးတာ... ဖျားတော့ ဖျားခဲပေမယ့် ခေါင်းမူးခေါင်းကိုက် နေမကောင်းတာလောက်ကတော့ အမြဲဖြစ်နေကျမို့ အထူးအဆန်း မဟုတ်ပေမယ့် ခုလို တကယ်ဖျားတော့ အိမ်ကိုပြင်းပြင်းထန်ထန် လွမ်းမိတယ်... ကျမဆင်းရမယ့် မှတ်တိုင်ရောက်တော့ mask လေးကို အသာဖြုတ်... (mask ကြီးတကားကားနဲ့ ကိုယ့်ရပ်ကွက်ထဲသွားလာရမှာ ရှက်တာနဲ့)... ဆေးသောက်ဖို့ ဗိုက်ထဲတစ်ခုခုထည့်မှဖြစ်မှာမို့ လျှောက်ကြည့်တော့ ဘာစားဖို့မှစိတ်မပါ... ဒါနဲ့ ကြက်ဥမကျက်တကျက်လုပ်သောက်ရ မဆိုးဘူးလို့ အတွေးရောက်တော့ ကြက်ဥတစ်ကဒ်ဝယ်... လိမ္မော်သီးနည်းနည်း... ပန်းသီးနည်းနည်းဝယ်ပြီး...အိမ်ပြန်... လုပ်စရာလည်းမရှိတာနဲ့ laptopလေးဖွင့် ရေနွေးအိုးလေးတည်... ဆေးကသောက်ရဦးမှာဆိုတော့ အစာအရင်ဝင်မှဖြစ်မှာဆိုပြီး စားစရာတွေကို တစ်ခုပြီးတစ်ခုကိုင်ကြည့်... နောက်ဆုံး တစ်နေ့က ဝယ်ထားတဲ့ စပျစ်သီးလေးကို အာရုံရောက်တာနဲ့ စားလိုက်တာ အမြစ်ပြတ်ရော... ရေနွေးလေးဆူတော့ သေးသေးကွေးကွေးကြက်ဥလေးနှစ်လုံးပြုတ်သောက်လိုက်တယ်... ဆေးသောက် ဗိုက်မှောက်ပြီး အိပ်လိုက်တော့ တော်တော် သက်သာသလိုတော့ရှိသား... ဒါတောင် ညနေ ဆေးသောက်တော့ အန်ချင်သလိုလိုနဲ့ သိပ်အဆင်မပြေချင်သေး... အိမ်မှာဆိုရင်တော့ စားဖို့သောက်ဖို့ ဆေးသောက်ဖို့ ဘာမှပူစရာမလို... အင်းလေ... တူဘူးပေါ့... ခုက ကိုယ့်ဘဝကိုယ် စ,နေရတာကိုး... အိမ်ရှင်ရဲ့ အမေကတော့ ဂရုတစိုက်နဲ့ မေးဖော်ရသား... စားဖို့တစ်ခုခုလုပ်ပေးမယ်ဆိုပေမယ့် ကိုယ့်အတွက်နဲ့ ဘယ်သူကိုမှ အလုပ်မပိုစေချင်... "အိမ်နဲ့ဝေးနေတော့ အားငယ်မှာပေါ့"လို့ ပြောတော့မှ ငိုချင်ရဲ့လက်တို့သလိုဖြစ်တော့တယ်... သူကတော့ စေတနာဆိုးနဲ့ပြောတာမှမဟုတ်ဘဲလေ... ဘယ်လောက် စိတ်မာတယ်ပြောပြော... အားမငယ်ဘူးပြောပြော... နေထိုင်မကောင်းဖြစ်ချိန်မှာတော့ အိမ်ကို လွမ်းတာကလွမ်းတာပဲလေ...
ဘယ်လိုပဲဖြစ်ဖြစ် "မိဘလောက်ကောင်းနိုင်တဲ့သူမျိုးမရှိနိုင်ဘူး"လို့ အမြဲပြောတဲ့ ကျမမိခင်ရဲ့စကားသံလေးကတော့ နားထဲမှာ တဝဲလည်လည်... အားငယ်တာမျိုးမဟုတ်ရင်တောင် လွမ်းတာလောက်တော့ ရှိနေသေးလို့ မျက်ရည်တော့ဝဲမိတယ်... လွမ်းလိုက်တာလို့လည်း... ဆွေးဆွေးမြေ့မြေ့နဲ့ စိတ်ထဲမှာ ညည်းတွားမိတယ်... အင်း... ခဏပါလေ... ခဏပါ... အချိန်တန်တော့လည်း ပုံမှန်အချိန်ဇယားတွေကြား ပြန်လည် လည်ပတ်ရဦးမှာပါ...
Created By: k2tmaung (14 August 2009 Friday 3:13AM)